တဲ့ မြေကျင်းကို ဘေးကနေ
ပိတ်စအနက်နဲ့ ကာလိုက်တယ်။
တောမှာက နဂိုကတည်းက ဝါးလုံးတိုင်တွေ စိုက်ထားတာဗျ။
ကန်တော့ပွဲတွေကလည်း သုံးပွဲလောက် ထိုးထား
တာဗျို့။ဖယောင်းတိုင်တွေကလည်း ကန်တော့ပွဲတွေမှာ
ထွန်းထားလိုက်တာ လင်းနေတော့တာပေါ့ဗျာ။
လူတွေဆိုတာ ဘာဖြစ်မလဲ သိချင်လို့ ဝိုင်းအုံတိုးပြီး
ကြည့်ကြတာဗျာ။အဲဒီမှာတင် ဆရာမစောနန်းနွယ်က
စကားတွေ ဝေဝေဆာဆာပြောပြီး ဆေးတွေဝါးတွေ
ရောင်းသေးတာဗျ။လူတွေကလည်း ဝယ်ကြတာပေါ့ဗျာ။
ပြီးတော့မှ သူရဲ့ဆေးကြိမ်လုံးနဲ့ ဟန်ပါပါ မန်းမှုတ်ပြီး
မြေကြီးကို ဖြန်းကနဲ ရိုက်လိုက်တာ။မြေကျင်းကို
ဖို့ထားတဲ့ သဲတွေ ဖွားကနဲ မြောက်တက်သွားပြီ
စောစောက ကောင်မလေးကို ထည့်ထားတဲ့
ကတ္တီပါအိတ်က သဲတွေနဲ့ ရောပြီး မြောက်တက်သွား
တာဗျို့။
“ဟာ ဟိုမှာ ဟိုမှာ ဟာ လူမပါဘူးကွ အိတ်ချည်းပဲ
လူဘယ်ရောက်သွားတုံး”
ဆိုတဲ့ အသံတွေ ဆူညံသွားတာပေါ့ဗျာ။တကယ်ကို
ရုတ်ရုတ်သည်းသည်း ဖြစ်စေတဲ့ ပြကွက်ပါဗျာ။
ဆရာမစောနန်းနွယ်က ဘေးက ကာထားတဲ့
အကာတွေကို ဖယ်လိုက်ပြီး မြေကျင်းကို ကြည့်ခိုင်းတယ်
ကျုပ်တို့ရွာသားတွေ တိုးဝှေ့ကြည့်တာပေါ့ဗျာ။
“ဟာ မရှိဘူးဟ မြေကျင်းထဲမှာ ဘာမှမရှိဘူး
ကောင်မလေး ဘယ်ရောက်သွားတုံး”
ဆိုပြီး ဆူဆူညံညံတွေ ဖြစ်ကုန်ကြတာပေါ့ဗျာ။
ဒီတော့မှ ဆရာမစောနန်းနွယ်က ပရိတ်သတ်ကို
ထိန်းတယ်ဗျ။
“အားလုံး ကိုယ့်နေရာတကျ ပြန်ရပ်ကြပါ
ကျမရဲ့ပြကွက်က မပြီးသေးပါဘူး ငြိမ်ကြပါ
ငြိမ်ကြပါ”
လူတွေ နေရာတကျပြန်နေပြီး ငြိမ်သွားတယ်ဗျ။
ဒီအချိန်မှာပဲ။ စောနန်းနွယ်က သူ့ကျောပေါ်မှာ
ဖြန့်ပြီးခြုံထားတဲ့ ဝတ်ရုံအစိမ်းရောင် ကတ္တီပါစကြီးကို
ဖြုတ်လိုက်ပြီး မျက်လှည့်ဝိုင်းအလယ်က မြက်ခင်း
ကလေးပေါ်မှာ ဖြန့်ထားလိုက်တယ်။
ပြီးတော့ အဲဒီကတ္တီပါစရဲ့ ဘေးမှာ ပတ်လျှောက်ပြီး
ပညာရယ်အကြောင်းတွေကို စိတ်ဝင်စားစရာ
ကောင်းအောင် ပြောပြတယ်ဗျ။သူစကားပြောတိုင်း
ဘင်တီးတဲ့လူက …
“ဒုံး ဒုံး ဒုံး ချမ်း”
ဆိုပြီး အချက်ကျကျ တီးပေးတာဗျ။လူတွေဆိုတာဗျာ။
ပျောက်သွားတဲ့ ကောင်မလေး ဘာဖြစ်သွားလဲဆိုတာ
သိချင်လွန်းလို့ အသက်တောင် မရှုနိုင်အောင်
ဖြစ်နေတာပေါ့ဗျာ။
ဒီမှာတင် နောက်ထပ် ဆေးတွေ အဆောင်ရုပ်တွေကို
ထပ်ရောင်းပြန်ရောဗျ။ကျုပ်တို့ ရွာသားတွေဆိုတာ
အလုအယက်ကို ဝယ်ကြတာဗျို့။ဆေးရောင်းလို့
ပြီးတော့မှ ကတ္တီပါစအစိမ်းကြီးဘေးမှာပတ်လျှောက်ပြီး
မကြာခင်မှာ တွေ့ကြရတော့မယ် သူရဲ့ပညာအကြောင်းကို
ပြောပြတယ်။
ဟော ပြပြီဗျို့။စောနန်းနွယ်က ပါးစပ်က ဂါတာလိုလို
မန္တန်လိုလို စာသားတွေကို ရွတ်ဖတ်ပြီး အမိန့်တွေ
ပေးလိုက်တဲ့အခါကျတော့ မြက်ခင်းပေါ်မှာ ဖြန့်ပြီး
ချထားတဲ့ ကတ္တီပါဝတ်ရုံအစိမ်းကြီးက အလယ်တည့်
တည့်မှာ ဖောင်းလာတယ်ဗျို့။
“ဟာ လှုပ်လာပြီဟေ့ ဒါဘာတုံး မြွေလားဟ
ဟိုကောင်တွေ နောက်နည်းနည်းဆုတ်ကြစမ်း
မြွေထွက်လာရင် နင်တို့ကို ပေါက်မှာပဲ”
ဆူဆူညံညံတွေ ဖြစ်ကုန်တာပေါ့ဗျာ။ကတ္တီပါအစိမ်းစ
ကြီးကလည်း တဖြည်းဖြည်း ဖောင်းဖောင်းပြီး
ကြွလာတာဗျို့။ဟော တော်တော်ကို ကြွလာတာဗျ။
ဟော ငြိမ်သွားပြီ။ငြိမ်သွားပြီ။ဒီတော့မှာ ဆရာမ
စောနန်းနွယ်က ကတ္တီပါအစိမ်းစကြီးအနားစပ်ကကိုင်ပြီး
ဖြည်းဖြည်းချင်း ဖွင့်ပြလိုက်တယ်။
“ဟာ”
ကျုပ်တို့ရွာသားတွေ ‘ဟာ” လို့ သံပြိုင်အော်လိုက်တဲ့
အသံကြီးက တော်တော်ကို ကျယ်တာဗျ။
လူတစ်ရာလောက် သံပြိုင်အော်လိုက်တာလေဗျာ။
အဲဒီအထဲမှာ ကျုပ်အသံရော အောင်ပိန့်အသံရော
ပါတာပေါ့ဗျာ။စောစောက မြေကျင်းထဲကို မြှုပ်လိုက်တဲ့
ကောင်မလေးဗျ။တင်ပလ္လင်ခွေထိုင်ပြီးတော့
လက်အုပ်ကလေးချီထားတာဗျ။
“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း”
ဘာပြောကောင်းမလဲဗျာ။ကျုပ်တို့ရွာသားတွေ
လက်ခုပ်တွေတီးလိုက်ကြတာ ဆူညံသွားတော့တာဗျို့။
အဲဒီအထဲမှာ ကျုပ်နဲ့ အောင်ပိန့်ရဲ့ လက်ခုတ်သံတွေလည်း
ပါတာပေါ့ဗျာ။
ဘုရားပွဲပြီးလို့ တစ်ပတ်လောက်ကြာတော့
အောင်ပိန်က ကျုပ်တို့ကို မျက်လှည့်ပြ,ပြတော့တာပေါ့ဗျာ
သူထုထားတဲ့ သစ်သားပန်းပုရုပ်ကလေးဗျ။
ကောင်မလေးပုံ။ဂါဝန်ကလေးနဲ့ဗျ။သေသေချာချာကို
ဆေးခြယ်ထားတာ။အောင်ပိန်က မြေကျင်းတစ်ကျင်း
တူးပြီး သစ်သားရုပ်ကလေးကို မြှုပ်တယ်ဗျ။
မမြှုပ်ခင်မှာ ပိတ်စအိတ်နဲ့ အရုပ်ပို့ထည့်လိုက်သေးတယ်ဗျ။
အရုပ်ကို မြေမြှုပ်ရင်း ပါးစပ်ကလည်း မျက်လှည့်
ဆရာမ စောနန်းနွယ် ပြောတာမျိုးတွေကို
ပြောသေးတာဗျ။ဒီကောင် အောင်ပိန်က ဥာဏ်တော့
ကောင်းသား။စောနန်းနွယ်ပြောတဲ့ စကားတွေကို
တော်တော်မှတ်မိတာဗျ။
ကျုပ်တို့လည်း အောင်ပိန့်ကို သဘောကျသွားကြ
တာပေါ့ဗျာ။အောင်ပိန်က သူတို့အိမ်ဝိုင်းထဲမှာ
မျက်လှည့်ပြတာဗျို့။ကျုပ်တို့က သွားကြည့်ကြရတာ။
ကျုပ်တို့ဆိုတာလည်း မနည်းဗျ။ထနောင်းကုန်းမှာရှိ
တဲ့ ကလေးအကုန်ပဲပေါ့။အားလုံး သုံးဆယ်လောက်တော့
ရှိမှာ။အောင်ပိန်ရဲ့ မျက်လှည့်ပွဲမှာ ရွာအနောက်ပိုင်းက
“အာကျယ်”လို့ခေါ်တဲ့ အကောင်က ဘင်တီးလို့ဗျ။
လေးထောင့်သံပုံးအလွတ်တစ်လုံးကို အာကျယ်က
တုတ်တံကလေးနဲ့ တီးလို့ဗျ။ပြီးတော့ သစ်သား
တုံးတစ်တုံးပေါ်မှာလည်း လင်ကွင်းကလေးတစ်ခု
ချထားပြီး တီးသေးတာဗျ။
“ဘုန်း ဘုန်း ချမ်း ချမ်း”
နဲ့ မျက်လှည့်ပွဲပုံစံ ဖမ်းထားတာပေါ့ဗျာ။
အောင်ပိန်ဆိုတဲ့ ကောင်ကလည်း စောနန်းနွယ်ပုံစံ
ဖမ်းထားတာဗျ။သူ့အဖေရဲ့ပုဆိုးတစ်ထည်ကို
လည်ပင်းမှာစည်းပြီး ကျောကုန်းမှာ ခြုံထားတာ
ဝတ်ရုံကြီး ခြုံသလိုပေါ့ဗျာ။
“အခု ကျုပ်တို့ ဒီခရေမရေးကို မြေကျင်းထဲ ညှပ်လိုက်ပြီဂျို့”
ပြောရဦးမယ်ဗျို့။အောင်ပိန်ဆိုတဲ့ကောင်က စကားလုံးဝ
မပီဘူးဗျ။စောစောက ကျုပ်ပြောဖို့မေ့နေတာ။
“ဒါပေမဲ့ ချမ်းဆရာကြီး အောင်ချိန့်လို့ခေါ်တဲ့ ကျုပ်က
အသက်မသေဘဲ အကောင်းပကတိ ပြန်ရောက်လာအောင်
ကျုပ်တတ်ထားတဲ့ ကျင်ညာနဲ့ ရုပ်လိုက်မှာပါ”
ကျုပ်တို့က သူစကားမပီတာကို ရယ်ချင်ပေမယ့်
ရှမ်းဆရာကြီးအောင်ပိန်စိတ်ဆိုးပြီး မျက်လှည့်မပြတော့
မှာကြောက်လို့ မရယ်ဘဲ အောင့်ထားရတာပေါ့ဗျာ။
“ဟဲ ဟဲ ဟဲ ခင်ညားတို့ ကြောက်နေကြပြီမို့လား
ဟဲ ဟဲ ဟဲ”
“မကြောက်ဘူး”
ရွာတောင်ပိုင်းမှာတဲ့ ဝိုင်းစိန်က ထအော်တယ်ဗျ။
အောင်ပိန်မျက်နှာကြီး ပျက်သွားပြီ
“တေနာမ ကြောက်ပါတယ်ရို့ ကျောတာ မဟုတ်ဘူး”
“အဲ ကြောက်ပါတယ် ဆရာကြီး”
ဝိုင်းစိန်မက စကားကို ချက်ချင်းပြင်ပြောလိုက်တော့မှ
အောင်ပိန်က ပြုံးပြုံးကြီး လုပ်နေတာဗျ။
“ကဲ ချမ်းစရာ အောင်ချိန် ကျင်ညာစွမ်းကျချိန်ရောက်ပြီ
ဟဲ့ကောင် အာကျယ် ဘင်နာနာတီးစမ်း”
“ဘုန်း ဘုန်း ဘုန်း ဘုန်း ချမ်း ချမ်း”
အာကျယ်က သံပုံးကိုခပ်ပြင်းပြင်းတီးပေးသဗျ။
ဒီတုန်းမှာပဲ ခပ်လှမ်းလှမ်းမှာချထားတဲ့ နွားနှင်တံကို
အောင်ပိန်က ပြေးကောက်တယ်။ပြီးတော့
ဟန်ပါပါနဲ့ ပါးစပ်က ရွတ်ဖတ်ပြောဆိုပြီး
မြေကြီးကို ရိုက်လိုက်တယ်ဗျ။
“ဖုန်း”
“ဟာ”
ကျုပ်တို့ကလေးသုံးဆယ်လောက်ပြိုင်တူအော်လိုက်တဲ့
“ဟာ”ဆိုတဲ့ အသံကြီးက တော်တော်ကို ကျယ်သွားတာဗျို့။
မြေကျင်းကို ဖို့ထားတဲ့ သဲမှုန့်တွေ ဖွားကနဲ
မြောက်တက်ပြီး အရုပ်ထည့်ထားတဲ့ အိတ်ကလေးက
လေထဲကို သုံးတောင်လောက် မြောက်တက်သွား
တာဗျ။ပြီတော့ အိတ်ထဲက သစ်သားအရုပ်မကလေးက
ပိတ်စအိတ်ထဲက ထွက်ကျလာတယ်။
“ဟဲ ဟဲ ဟဲ ဟဲ”
အောင်ပိန်က နွားနှင့်တံကြီးကိုင်လျက်သားကနေ
တဟဲဟဲ ရယ်နေတယ်ဗျ။
“ဟာ အောင်ပိန် ဘယ်လိုလုပ်လိုက်တာတုံး”
“အောင်ပိန် စောနန်းနွယ်ရဲ့ ပညာတွေ တက်နေတယ်
ထင်တယ်”
ဟုတ်တယ်ဗျ။အံ့သြမယ်ဆိုလည်း အံ့သြစရာပါပဲဗျာ။
ဒီကောင် အောင်ပိန် ရိုက်လိုက်တဲ့နေရာက မြေကျင်းကလေးနဲ့
နှစ်ပေလောက် ကွာတယ်ဗျ။ရိုက်တာက တစ်နေရာ
မြေကျင်းထဲက သဲတွေက ဖွားကနဲ လွင့်တက်ပြီး
မြှုပ်ထားတဲ့ အရုပ်ပါ ပေါ်လာတာဗျ။ကျုပ်လည်း
အံ့သြသွားတာပေါ့ဗျာ။
အောင်ပိန်ကိုအားလုံးက အထင်ကြီးသွားကြတာပေါ့ဗျာ
အောင်ပိန်ကလည်း သူ ဘယ်လိုလုပ်တယ်ဆိုတာ
ကျုပ်တို့ကိုပြောမပြဘူးဗျ။ကျုပ်က နောက်မှ ရှမ်းဆရာကြီး
အောင်ပိန်ရဲ့ဘင်တီးဆရာ အာကျယ်ကိုချော့မော့
မေးရတာဗျ။အောင်ပိန်ကနှစ်ပေလောက်ရှိတဲ့ ဝါးခြမ်း
ပြားလေးတစ်ခုကို မြေကျင်းနဲ့ မြောင်းကလေးတူးပြီး
မြှုပ်ထားတာတဲ့ဗျ။ကုတ်သဘောပေါ့ဗျာ။အဲဒီဝါးခြမ်း
ပြားကိုလည်း အောက်က ကျောက်စရစ်တုံးကလေး
ခုပြီး အပေါ်က မြေကြီးတွေ ဖုံးထားတာဗျ။ဒါကို
ကျုပ်တို့က မမြင်ကြဘူးလေ။ဝါးခြမ်းပြားကို
ဒီဘက်ထိပ်ကို ရိုက်လိုက်တော့ ကုတ်ရဲ့သဘောအတိုင်း
ဟိုတစ်ဖက်က အရုပ်ကလေးကို ကော်ပြီးတင်ပေးလိုက်
တာပေါ့ဗျာ။
အောင်ပိန်ဆော့တယ်ဆိုတာက အဲဒီလိုမျိုး ဆော့တာဗျို့။
ပေါက်ပေါက်ရှာရှာတွေ။ကတ်သီးကတ်သတ်တွေပေါ့ဗျာ။
ဘာပဲပြောပြော ကျုပ်တို့ရွာက ကလေးတွေထဲမှာတော့
အောင်ပိန်က ဆရာကြီးပေါ့ဗျာ။တစ်ခါကလည်း
ညမိုးချုပ်ကြီးကျမှ ဒီကောင် ကျုပ်တို့ဝိုင်းထဲ ဝင်လာတယ်ဗျ။
“တာတေ တာတေ ဟေ့ကောင် တာတေ
ငါပါကွ အောင်ချိန်ပါ”
စကားကလည်း နည်းနည်းမှကို မပီဘူးဗျ။
သူ့ကိုယ်သူလည်း အောင်စိန်က အောင်ချိန်ပဲ ပြောတာ။
“ဟာ အောင်ပိန်လား ညကြီး ဘယ်ကလာတာတုံး”
“လာခဲ့ဦးကွ တာတေရ မင်းကိုပြစရာရှိလို့”
အောင်ပိန်က ပြစရာရှိလို့ဆိုတော့ ကျုပ်က စိတ်ဝင်စား
သွားတာပေါ့ဗျာ။ကျုပ်မှာကလည်း စပ်စုချင်တဲ့
ဗီဇက ပါနေတာကိုးဗျ။ကျုပ် ချက်ချင်းပဲ အိမ်ပေါ်က
ဆင်းလိုက်တယ်။
“ဟေ့ကောင် တာတေ မင်းစုန်းတောက်စားတာ
မြင်ဖူးသလား”
“ဟေ စုန်း ဟုတ်လား တောက်စားတယ်ဆိုတာ
ဘာလုပ်တာတုံးကွ အောင်ပိန်ရ”
ကျုပ်က သူပြောတာကို နားမလည်လို့ မေးရတာပေါ့ဗျာ
“ဟ တာတေရာ ဗဟုသုတက နည်းပါ့ကွာ စုန်းတောက်
စားတယ်ဆိုတာ ပညာတွေမြူးတာကွ ပညာတွေကိုနှိုးတာ
လာ ငါပြမယ်”
အောင်ပိန်က ရှေ့ကသုတ်သုတ်သွားတယ်။ကျုပ်ကလည်း
နောက်က သုတ်သုတ်လိုက်တယ်။ရွာကိုအရှေ့တံခါးက
ထွက်ကြတယ်။ကျုပ်လည်း လိုက်တာပေါ့ဗျာ။
“လာ တာတေ ဒီခြုံပုတ်ထဲက ပုန်းပြီးကြည့်ရမယ်”
အောင်ပိန်နဲ့ကျုပ်နဲ့ ဘိစပ်ခြုံကြီးထဲကို တိုးဝင်ခဲ့တယ်။
ကျုပ်က မှောင်ကြီးထဲမှာ ဟိုကြည့်သည်ကြည့်
လိုက်ကြည့်နေတာဗျ။ဘာမှမတွေ့ဘူး။
“ဟေ့ကောင် အောင်ပိန် ဘယ်မှာတုန်း မင်းစုန်းက”
“ဟာကွာ လာမှာပေါ့ တာတေရ”
“စုန်းမ လာတာကို မင်းက ဘယ်လိုသိတုံး”
“တာတေရာ မင်းတော်တော်အမေးအမြန်း ထူတာပဲကွာ
မင်းကြည့်ရရင် ပြီးရော့မို့လား”
(အောင်ပိန်က စကားမပီတဲ့အသံနဲ့ ကျုပ်ကိုဟောက်
လိုက်သေးတာဗျို့)
“ဟော ပြောရင်းဆိုရင်း လာပြီ အသံနည်းနည်းမှ မထွက်နဲ့နော်
စုန်းမကြီး ကြားသွားလို့ ငါတို့အူတွေကို ဆွဲထုတ်ပြီး
စားသွားလိမ့်မယ်”
ဟာ ဟုတ်တယ်ဗျို့ မိန်းမကြီးတစ်ယောက်
ဒီဘက်ကို လာနေတယ်။ကျုပ်လည်း အဲဒီမိန်းမကြီးကို
သေသေချာချာ ကြည့်တာပဲဗျ။ကျုပ်တို့ရွာကတော့
မဟုတ်ဘူးထင်တယ်။ကျုပ်မမြင်ဖူးဘူး။
ဟော ညောင်ပင်ကြီးအောက်မှာ ရပ်နေတယ်ဗျ။
ဟာ လက်ကြီးနှစ်ဖက် ရှေ့ကိုဆန့်ထုတ်လိုက်တယ်။
ပါးစပ်ကလည်း ဘာတွေ ရွတ်ဖတ်နေလည်း
မသိဘူးဗျ။ကျုပ်တို့နဲ့က နည်းနည်းတော့ လှမ်းပါတယ်။
ဟာ စုန်းမကြီးကိုယ်က မီးခိုးလို အခိုးတွေ ထွက်လာပြီဗျို့။
ဟော အရောင်တွေ ထွက်လာတယ်ဗျို့။အနီရောင်ကြီးဗျ
ဟာ အနီရောင်ကြီးထဲမှာ ပျောက်နေတယ်ဗျ။
ဟော ဟော အနီလုံးကြီးက မြေကြီးပေါ်က
ကြွလာတယ်ဗျို့။ဟာ အလုံးက သေးသေးလာပါလား
ဘောလုံးတစ်လုံးအရွယ်လောက် ဖြစ်သွားပြီဗျို့။
ဟာ အပေါ်ကို တက်သွားပြီ တက်သွားပြီ
“ဝီ ဝီ ဝီ ဝီ”
သစ်ပင်တွေပေါ် ကျော်တက်ပြီး ပျံနေတာဗျို့။
“ဝီ ဝီ ဝီ ဝီ”
ဟော နိမ့်ဆင်းလာပြီ။လူတစ်ရပ်လောက်အထိ
နိမ့်ဆင်းလာတာဗျို့။ဟော ကွင်းကြီးထဲမှာ လှည့်ပတ်ပြီး
ပျံနေတာ။မြင့်သွားလိုက် နိမ့်သွားလိုက်နဲ့ဗျ။
ဟော သွားပြီဗျို့။ပျံထွက်သွားပြီ။အနောက်ဘက်ကို
ပျံသွားတာဗျ၊
“ကဲ မြင်ပြီလား တာတေ”
“အေး မြင်ပြီ အဲဒီစုန်းမကြီးက ဘယ်ရွာကတုံးကွ
အောင်ပိန် မင်းသိလား”
“သိတာပေါ့ကွ တာတေရ အဲဒါ ဘန့်ဘွေးကုန်းက
ဘွားဆုံကြီးလေကွာ”
“ဟေ သူက သူ့ရွာမှာ မလုပ်ဘဲ ဘာဖြစ်လို့
ဒီမှာလာလုပ်တာတုံးကွ”
“ဒါတော့ မသိဘူးလေ တာတေရာ အကြောင်းရှိလို့နေမှာ
ပေါ့ကွာ”
“ဝီ ဝီ ဝီ ဝီ ”
“ဟာ တာတေရ ပြန်လာပြီဟေ့ ဟာ နောက်ထပ်မီးလုံး
ကြီးနှစ်လုံး တိုးလာတယ်ကွ အားလုံး သုံးလုံးဖြစ်နေပြီ”
“အေးကွ သူလို့ပဲ စုန်းမကြီးတွေ ပါလာတာနေမှာပေါ့ကွ
ဟော ဆင်းလာပြီဟေ့ စကားပြောနဲ့နော် အောင်ပိန်”
ကျုပ်တို့နှစ်ယောက် ငြိမ်ပြီး ကြည့်နေရပြန်တာပေါ့ဗျာ
ဟော မီးလုံးကြီးတွေ မြေကြီးပေါ်ကို ဆင်းလာပြီဗျို့။
ဟာ မီးရောင်တွေ ပျောက်သွားပြီး မိန်းမသုံးယောက်
ညောင်ပင်အောက်မှာ ရပ်နေတာဗျ။
ဘာတွေပြောနေလဲတော့ မသိဘူးဗျို့။သူတို့ဆံပင်ကြီး
တွေ ဖားလျားကြီးတွေ ချလိုက်တယ်။ဟော လက်ကြီး
တွေ ရှေ့ကို ဆန့်ထုတ်ပြီး ကွေးကွေးကောက်ကောက်
ကြီးတွေ လုပ်နေတယ်။ ဟာ သူတို့ပါးစပ်ကြီးတွေကို
အကျယ်ကြီး ဟထားကြပါတယ်ဗျ။ဟော ပါးစပ်ထဲက
အရောင်တွေ တဝင်းဝင်းနဲ့ ထွက်လာပြီဗျို့။ဟာ
တစ်ယောက်က ဖြူဖြူအရောင်ဗျ။ဟိုနှစ်ယောက်က
စိမ်းစိမ်းပြာပြာအရောင်တွေက အပြင်ကို ထွက်လာပြီဗျို့
ဟော ဟော မိန်းမကြီးသုံးယောက်က ဖိုခနောက်ဆိုင်
မျက်နှာချင်းဆိုင် ရပ်လိုက်ကြတယ်။
ဟာ သူတို့ပါးစပ်ထဲက ထွက်လာတဲ့အရောင်တွေက
ရှေ့ကို တန်းထွက်လာပြီး အလင်းတန်းကြီးသုံးခု
ပေါင်းသွားတယ်ဗျ။ဟာ အလင်းတန်းကြီးသုံးခု
ပေါင်းပြီး စိမ်းစိမ်းဝါဝါအရောင်ကြီးဖြစ်သွားပြီဗျို့။
ဟာ အပေါ်ကိုထောင်တက်သွားပြီဗျ။
စုန်းမကြီးတွေက ခေါင်းကြီးတွေမော့ပြီး လက်ကြီးတွေက
ကွေးချည့်ဆန်ချည် လုပ်နေကြတာဗျ။
အလင်းတန်းကြီးက သစ်ပင်တွေကိုကျော်ပြီး အမြင့်ကြီး
တက်သွားတာဗျို့။ဟော ပြန်သိမ်းပြီ ပြန်သိမ်းပြီ
အလင်းကြီးတွေ ပြန်နိမ့်ဆင်းလာပြီ ဟာ ပါးစပ်တွေထဲ
ပြန်ဝင်ပြီး ပျောက်သွားပြီဗျ။
မိန်းမကြီးတွေက ထဘီကြီးတွေ ခြုံလိုက်ပြန်ပြီဗျို့။
ဟာ ပုသွားပြီ ပုသွားပြီး အရပ်ပုပုကလေးတွေ
ဖြစ်သွားပြီ ဟာ ဠင်းတကြီးတွေ ဖြစ်သွားပြီဗျာ။
ဟာ ပျံပြီ။
“ဝုန်း”
ဠင်းတကြီးသုံးကောင် တစ်ပြိုက်တည်း ပျံထွက်သွားပြီ
ဗျို့။ကျုပ်တို့ ပုန်းကြည့်နေတဲ့ ဘိစပ်ခြုံကြီးတောင်
လေဟပ်ပြီး ရမ်းခါသွားတာဗျ။
“လာ တာတေ ငါတို့ ပြန်ကြမယ်”
“ဟေ ဆက်မကြည့်တော့ဘူးလားကွ အောင်ပိန်ရ”
“ဟ အဲဒါပဲကွ သူတို့ ပျံသွားပြီ”
“ဟင် မင်းက သိလှချည်လား အရင်တုန်းက
ကြည့်ဖူးလို့လား”
“အေး ငါ့အဖေနဲ့ငါနဲ့ငွေတွင်းကုန်းက အပြန်မှာ
တစ်ခါမြင်ဖူးတယ် ငါက လနဲ့ရက်ကို သေသေချာချာ
မှတ်ထားတာ။ဒါကြောင့် မင်းကို လာခေါ်တာ
မင်းလည်း မှတ်ထားပေါ့ ဒီနေ့နတ်တော်လကွယ်နေ့လေ”
“သြော် ဒီလိုလား မင်းကတော့ ပေါက်ပေါက်ရှာရှာ
ဆော့ရမယ်ဆိုရင်တော့ နှစ်ယောက်မရှိတဲ့ကောင်ပဲ
အောင်ပိန်ရေ”
ကျုပ်အဲဒီညက အိမ်ပြန်ရောက်တော့ ကြောက်ပြီး
အိပ်လို့မပျော်တော့ဘူးဗျို့။ ဆောင်းတွင်ကြီးမှာကို
ချွေးတွေပြန်နေရောဗျာ။နောက်နေ့မနက်ကျတော့
ကျုပ်မှာ အိပ်ယာကတောင် တော်တော်နဲ့ မထနိုင်ဘူးဗျ
အမေကတောင်မှ
“တာတေ အိပ်လှချည်လား နေမကောင်းလို့လား”
ဆိုပြီး ကျုပ်ကို နဖူးလာစမ်းကြည့်တယ်ဗျ။
အောင်ပိန်ရဲ့ကျေးဇူးကြောင့် စုန်းတွေတောက်စားတာ
အဲ စုန်းတွေ ပညာနှိုးဆွကြတာကို ဒီတစ်ခါ ပထမဆုံး
မြင်ဖူးတာပေါ့ဗျာ။ကျုပ်တို့ဒေသတွေမှာ ပညာသည်တွေ
ရှိတယ်ဆိုတာ ဟိုတုန်းက ကြားဖူးရုံရှိတာ
ညကမှပဲ မျက်ဝါးထင်ထင် မြင်ဖူးတော့တာဗျ။
အောင်ပိန်ဆိုတဲ့ ကောင်ကတော့ အဲဒီလို ပေါက်ပေါက်ရှာ
ရှာတွေ ကတ်သီးကတ်သတ်တွေကို ဆော့ရမယ်ဆိုရင်
အင်မတန်တော်တဲ့ ကောင်ဗျ။
လူကောင်လေးကသာ သေးတာ ဇကတော့ မသေးဘူးဗျ။
မနေ့က နေ့ခင်းကလည်း အောင်ပိန် ကျုပ်အိမ်ကိုလာ
သွားတယ်။သူနဲ့အတူတူ အာကျယ်လည်း ပါတယ်ဗျ။
“ဟေ့ကောင် တာတေ အိမ်ထဲမှာကုတ်ပြီး ဘာလုပ်နေတာတုံးကွ”
နှစ်ယောက်သား မန်ကျည်းပင်အောက်ကနေ
ကျုပ်ကိုလှမ်းခေါ်တယ်။အဘက အိမ်ရှေ့ခန်းမှာ
ရေနွေးကြမ်းသောက်နေရာက အောင်ပိန်ကို
လှမ်းစတယ်ဗျ။
“ဟေ့ကောင် အောင်စိန် မင်းကတော့ မျက်လှည့်ပြတဲ့
နေရာမှာ နာမည်ကို ကျော်နေပါလားကွ
လာမယ်နွေကျရင် ဘုရားပွဲမှာ မင်းမျက်လှည့်ပြပါလား
အဘ ဘင်တွေဘာတွေ ရှာပေးမှာပေါ့”
အောင်ပိန်က အဘ စမှန်းသိလို့ ရယ်နေတယ်ဗျ။
“ကျုပ်က မျက်လှည့် မပြတတ်ပါဘူး ဘိုးဥာဏ်ရာ
ဆော့တာပါဗျာ”
“ဟား ဟား ဟား ဟား ”
အဘက အောင်ပိန် ပြောတာကို သဘောကျပြီး
ရယ်နေတယ်ဗျ။
“ဟေ့ကောင် အောင်ပိန် ဘာတွေပေါက်ပေါက်ရှာရှာ
ဆော့ဦးမလို့တုံးကွ”
“ပေါက်ပေါက်ရှာရှာတော့ မဟုတ်ဘူးပေါ့ တာတေရာ
စိတ်ဝင်စားစရာတွေတော့လုပ်ပြီး ဆော့ရမှာကွ”
“ပြောပါဦးကွ အခု ဘာများလုပ်မှာတုံး”
“အာကျယ် တာတေ့ကို မင်းပဲ ရှင်းပြလိုက်ကွာ”
သူဆရာအောင်ပိန်က အမိန့်ပေးလိုက်တော့မှ
အာကျယ်က သူရဲ့အသံပြဲကြီးနဲ့ကျုပ်ကို ပြောပြတယ်ဗျ
“ငါတို့ ဝိညာဉ်ခေါ်မလို့ကွ တာတေရ”
“ဘာကွ ဝိညာဉ်ခေါ်မလို့ ဟုတ်လား လုပ်ကြပြန်ပြီကွာ
ဘယ်လိုဝိညာဉ်ကို မင်းက ခေါ်မှာတုံး”
“အောင်ပိန် ပြောတယ်ကွ ဝိညာဉ်တွေက ငါတို့နားမှာပဲ
သွားလာနေကြတာတဲ့ကွ အဲဒီထဲက ငါ့တို့အရွယ်
ဝိညာဉ်ကိုခေါ်မှာပေါ့ကွ”
ကျုပ်မေးတာကို အာကျယ်ကပဲ ထပ်ရှင်းပြတယ်။
အောင်ပိန်ကတော့ ဆရာကြီးဂိုဏ်းဖမ်းပြီး မန်ကျည်းပင်
ကြီးကို ဟန်ပါပါမော့ကြည့်နေတယ်ဗျ။
“တော်စမ်းပါ အာကျယ်ရာ မင်းအကောင် အောင်ပိန်က
ကြားဖူးနားဝတွေ လျှောက်လုပ်မှာကွ။တော်တော်ကြာ
ငါတို့အရွယ် ရောက်မလာဘဲ အဘိုးကြီးဝိညာဉ်တွေ
ရောက်လာမှ ထွက်ပြေးနေရဦးမယ်”
“တာတေ မင်းသလို မဟုတ်ဘူး စခေါ်ကတည်းက
ဆော့ဖို့လို့ ပြောခေါ်မှာ ဘယ်လိုအဘိုးကြီး ဝိညာဉ်က
ဆော့မှာတုံးကွ”
အာကျယ်က အောင်ပိန် ပြောထားတာတွေ ကျုပ်ကို
ပြန်ပြောနေတာ ဖြစ်နေမှာပေါ့ဗျာ။
“နေပါဦးကွ အာကျယ်ရ မင်းကောင် အောင်ပိန်က
ဝိညာဉ်ကို ဘယ်လိုခေါ်မှာတုံး”
ဒီတော့မှ ဆရာကြီးဂိုက် ဖမ်းထားတဲ့ အောင်ပိန်က
ဝင်ပြောတယ်ဗျ။
“ဒီလိုကွ တာတေရဲ့ ငါတို့ သုံးယောက် သင်္ချိုင်းကုန်းကို
သွားမယ် မြေပုံတစ်ခုခုပေါ်က ရွှံ့ကိုတူးရမယ်
ပြီးရင် ငါအရုပ်ကောင်းကောင်းလေးတစ်ရုပ် လုပ်မယ်
အဲဒါပြီးရင် ဝိညာဉ်ခေါ်လို့ ရပြီပေါ့ကွ”
“သြော် ဒီလုပ်ရမှာလား နေဦး အောင်ပိန် အရုပ်လုပ်မှာ
ဆိုတော့ ရွှံ့ စေးစေးရမှ ကောင်းမှာပေါ့”
“အေး ဟုတ်တယ် တာတေ”
“တို့ ထနောင်းကုန်းသင်္ချိုင်းက ရွှံ့သိပ်မစေးဘူးကွ
ဟိုဘက်ရွာ ဘန့်ဘွေးကုန်းသင်္ချိုင်းက ရွှံ့သွားတူးမယ်လေကွာ”
ကျုပ်ရယ် အောင်ပိန်ရယ် အာကျယ်ရယ် ဘန့်ဘွေးကုန်း
သင်္ချိုင်းကို လာခဲ့တယ်။မြေပုံတွေကို လိုက်ကြည့်ပြီး
ရွှံ့စေးတွေ ကိုတူးယူကြသည်။ပြီးတော့ ငှက်ပျောဖက်နဲ့
ရွှံ့တွေထုပ်ပြီး ပြန်ခဲ့ကြတာပေါ့ဗျာ။
အောင်ပိန်တို့ အာကျယ်တို့နဲ့ မတွေ့တာတောင်
တစ်ပတ်လောက်ရှိသွားပြီဗျ။ဒီကောင်နှစ်ကောင်
အရုပ်လုပ်ပြီးပြီလားတောင်မသိဘူး။ကျုပ်လည်း
အမေခိုင်းတဲ့ မြေပဲ တောင့်တွေကို အဆံထွက်နေရတာနဲ့
ရွာထဲတောင် မသွားနိုင်ဘူးဗျ။
“ဘိုးဥာဏ် တာတေရောဗျ”
“ဟေ အောင်စိန်နဲ့ အာကျယ်ပါလား တာတေရှိတယ်
ဝိုင်းနောက်ဘက်မှာ ဆီဆုံနားမှာထိုင်ပြီး မြေပဲထွတ်
နေတယ်ကွ”
“ဟုတ်ကဲ့ ဟုတ်ကဲ့ ကျုပ်တို့ တာတေဆီကို သွားလိုက်မယ်ဘိုး”
“အေး အေး”
ဒီကောင်နှစ်ယောက် ကျုပ်ဆီကို ရောက်လာတယ်
ကျုပ်အလုပ် လုပ်နေတဲ့ ဘေးမှာ ဒီကောင်တွေ
ဝင်ထိုင်ကြတယ်။
“ဟေ့ကောင် တာတေ ဒီမှာကြည့်စမ်း”
အောင်ပိန်က သူ့လက်ထဲမှာ ကိုင်လာတဲ့ အဝတ်ထုပ်
ကလေးကို ဖြည်ပြတယ်ဗျ။
“ဟာ အရုပ်ပြီးသွားပြီ ဟုတ်လား အောင်ပိန်”
“အေး ရွှံ့ခြောက်အောင် စောင့်ရတာက တစ်ပတ်
လောက်ကြာတယ်”
“ဟင် မင်းအရုပ်က ကြောက်စရာကြီးပါလားကွ”
အောင်ပိန်လှမ်းပေးတဲ့ အရုပ်ကို ကျုပ်သေသေချာချာ
ယူကြည့်လိုက်တယ်။အရပ်က ခြောက်လက်မလောက်
ရှိတယ်။ယောင်္ကျားလေးပုံဗျ။အရွယ်ကတော့
ကျုပ်တို့အရွယ်လောက်ပဲ ။ဆယ်နှစ့် ကိုးနှစ်အရွယ်ပေါ့ဗျာ
ခေါင်းမှာတပ်ထားတဲ့ ဆံပင်က တကယ်လူဆံပင်ဗျ
အင်္ကျီတော့ မပါဘူး ပုဆိုးအကွက်ကလေးတော့
ဝတ်ထားတယ်။ပုဆိုးကလည်း တကယ်ပုဆိုးစကို
ချုပ်ထားတာဗျ။မျက်နှာနဲ့ ကိုယ်လုံးကို ဆေးရောင်
အပြာသုတ်ထားတယ်။မျက်လုံးကအမည်းရောင်
ခြယ်ထားတာ ပြူးပြူးကြီးဗျ။ဆံပင် ကိုတော့
ရွှံ့မခြောက်တပ်ပြီး ခြောက်တော့မှ ကတ်ကြေးနဲ့
ညှပ်ထားပုံရတယ်။
“အောင်ပိန် ဒီဆံပင်က ဘယ်ကရတုံး”
“အဲဒါ ရွာမြောက်ပိုင်းက အရက်သမားကိုဘမောင်
သေတော့ သူပုဆိုးစကို ကတ်ကြေးနဲ့ညှပ်ယူပြီး
ဆံပင်လည်း ညှပ်ယူထားလိုက်တာကွ”
“ဟေ ဒါ ကိုဘမောင်ရဲ့ဆံပင်တွေပေါ့ ဟုတ်လား”
“အေးလေကွာ အဲဒါ ဘာဖြစ်တုံး မင်းကြောက်လို့လား”
“မကြောက်ပါဘူးကွာ အံ့သြသွားလို့ပါ”
ဒီကောင်အောင်ပိန် အရုပ်ကို သေသေချာချာကို
လုပ်ထားတာဗျ။ဒီကောင် ပန်းပုကလည်းတတ်တော့
အရုပ်ကလေးက တကယ့်ကို အသက်ဝင်နေသလိုပဲဗျာ
ပုဆိုးကိုလည်း သေသေချာချာချုပ်ပြီး ဝတ်ပေးထားတာဗျ
မကြောက်ဘူးသာ ပြောတာဗျ။
ကျောထဲတော့ နှစ်ခါလောက် စိမ့်သွားတယ်။
အရုပ်မျက်နှာကို စိုက်ကြည့်ရင် အရုပ်က
ကျုပ်ကို ပြန်ကြည့်နေသလို ခံစားရတာဗျ။
ဒီကောင့်အရုပ်က နည်းနည်းတော့ ထူးနေတယ်
ထင်တာပဲ ။
“အေး အခု ဘာဆက်လုပ်မှာလား”
“အဲဒါ လာပြောတာကွ ညသန်းခေါင်ကျရင်
မင်းအိမ်က တိတ်တိတ်ထွက်ခဲ့လို့ ရမလား
ဒီကောင်အာကျယ်ကတော့ ငါတို့အိမ်မှာ အိပ်နေကျဆိုတော့
ကိစ္စမရှိဘူး မင်းရောက်အောင် လာနိုင်ဖို့ပဲလိုတာ”
“စိတ်ချ အောင်ပိန် ငါရောက်အောင် လာခဲ့မယ်”
“မင်း တကယ်နော် ငါနဲ့အာကျယ် စောင့်နေမှာ
မင်းလာမှ ဝိညာဉ်ခေါ်မှာ”
“အေးပါကွာ နို့ နေဦး မင်းတို့ဝိုင်းထဲမှာပဲ
လုပ်မလား လူကြီးသိသွားရင် ဘယ်လိုလုပ်မလဲ”
“ဟာ လူကြီးတွေက သန်းခေါင်ချိန်ကြီးမှာ
အိပ်နေပြီပေါ့ကွ ပြီးတော့ ငါတို့ဝိုင်းက
ကျယ်ပါတယ်ကွ လူကြီးတွေ မမြင်တဲ့နေရာကို
ငါရွေးထားတယ် တာတေ”
“အေး အေး ဟုတ်ပြီ ငါက စိုးရိမ်လို့ပြောတာပါ
မင်းတို့စောင့်နေ ငါလာခဲ့မယ်”
အဲဒီညက ကျုပ်မှာ အိပ်ပျော်မသွားအောင်
မနည်းကိုတောင့်ထားရတာဗျ။ညဆယ့်နာရီမှာ
သန်းခေါင်ကြက်တွန်တော့ ကျုပ်အိမ်ကတိတ်တိတ်
ထွက်ခဲ့တယ်။အောင်ပိန်တို့ဝိုင်းကိုရောက်တော့
ကျုပ် ဝိုင်းဝမှာရပ်ပြီး အခြေနေကို အကဲခတ်ရတာပေ့ါဗျာ
ညသန်းခေါင်ကြီးမှာ သူများဝိုင်းထဲကို
စွတ်ဝင်သွားလို့ ဘယ်ဖြစ်မှာတုံး။တစ်ရွာလုံးကတော့
တိတ်ဆိတ်နေတာပေါ့ဗျာ။ဒါက အိပ်မောကျတဲ့
အချိန်လေဗျာ။
“တာတေ လာ”
လေသံက ခပ်အုပ်အုပ်ဗျ။ဒါပေမဲ့ အောင်ပိန့်အသံမှန်း
ကျုပ်သိပါတယ်။
“အေး ငါပါ တာတေပါ”
ကျုပ်ကလည်း လေသံခပ်အုပ်အုပ်နဲ့ပြောတယ်ဗျ။
အောင်ပိန်က သူတို့ဝိုင်းတံခါးကို အသံမမြည်အောင်
ကြိတ်ပြီးဖွင့်ပေးတယ်။
“ဘယ်မှာလုပ်မှာတုံး”
“လာ လာ ငါ့နောက်ကို လိုက်ခဲ့ ဟိုမှာအာကျယ်
စောင့်နေတယ်”
အောင်ပိန်နောက်က ကျုပ်လာခဲ့တယ်
အောင်ပိန်က အိမ်ကြီးရဲ့နောက်ဘက်ကိုဝင်သွားတယ်
ဝိုင်းရဲ့ထောင့်မှာရှိတဲ့ ဂုံညင်းပင်ကြီးအောက်ကို
ရောက်တော့ ငုတ်တုတ်ကလေး ထိုင်နေတဲ့
အာကျယ်ကို တွေ့လိုက်တယ်။
“အာကျယ် ဖယောင်းတိုင် ထွန်းလိုက်”
ဖယောင်းတိုင်က သေးသေးဗျ။သိပ်မလင်းဘူး။
မီးထွန်းလိုက်မှ မြင်ရတာဗျ။
” ဟာ ဒါ ဘာတုံးကွ အောင်ပိန်”
” ဒါဂူလေကွာ သင်္ချိုင်းရွှံ့နဲ့ လုပ်ထားတဲ့ ဂူလေးကွာ”
ဟုတ်ပါဗျာ အောင်ပိန်က လက်ရာမြောက်တော့
ဂူက တကယ့်ကို ဂူသင်္ချိုင်းထဲက ဂူကြီးအတိုင်းပဲဗျ။
သေးသေးလေး ဖြစ်နေတာပဲရှိတယ်။
ဂူကို ထုံးဖြူတွေ သုတ်ထားသေးတယ်ဗျ။
“ဒါကို ဘယ်လိုလုပ်မှာတုံးကွ ”
“ဒီအရုပ်ကလေးကို ဂူသွင်းမှာလေကွာ ကဲ ပြောနေတာ
ကြာပါတယ်ကွာ အလုပ်စလိုက်ကြအောင်
ဒီကောင့်နာမည်က ဘိုထိန်တဲ့ ငါတိုနဲ့ အသက်အတူတူပဲလေ”
“ဟင် ဟုတ်လား”
ကျုပ်က ကြောင်တောင်တောင်နဲ့မေးတော့ အောင်ပိန်က
ကျုပ်ကိုဟောက်တယ်ဗျ။
“ဟေ့ကောင် တာတေ အဲဒီဝိညာဉ်ဆိုတာက
နာမည်မရှိဘူးကွ ငါတို့ပေးတဲ့ နာမည်အတိုင်း ဖြစ်ရတာ”
“သြော် ဒီလိုလားကွ ငါက မသိဘူးလေကွာ”
လုပ်ငန်းစပြီဗျို့ အောင်ပိန်ကအရုပ်ကလေးကို
ဂူပေါက်ထဲကို ထည့်လိုက်တယ်။ပြီးတော့ အပေါက်ကို
ရွှံ့နဲ့ပိတ်လိုက်တယ်။ပြီးတော့ ဝိညာဉ်ခေါ်တော့တာပေါ့ဗျာ
“အနီးအနားမှာ သွားလာနေတဲ့ ဝိညာဉ် ဆယ်နှစ်သား
ဘိုထိန်ရဲ့ဝိညာဉ် သင်အခုလာပါ သင်နဲ့ ကျုပ်တို့နဲ့
ကစားဖို့ အခုပဲ လာခဲ့ပါ ဘိုထိန်ရဲ့ဝိညာဉ် ဆယ်နှစ်သား
ဘိုထိန်ရဲ့ဝိညာဉ် ကျုပ်တို့နဲ့ ပျော်ပျော်ပါးပါး ကစားဖို့
အခုပဲ လာခဲ့ပါ”
“ဖြန်း ဖြန်း ဖြန်း”
သစ်ပင်ပေါ်က ငှက်ကြီးတစ်ကောင်ရဲ့ အတောင်ပံခတ်တဲ့
အသံကို ကြားလိုက်ရတယ်။
အောင်ပိန်က ပါးစပ်ကနေ တဖွဖွခေါ်တယ်
“ကဲ ခုနှစ်ခေါက် ပြည့်သွားပြီ ဝိညာဉ်ခေါ်တယ်ဆိုတာ
အသက်အောင့်ပြီး ခေါ်ရတာ ခုနှစ်ကြိမ် ခေါ်ရတာကွ
ဒါဆို လာရော”
“ဟင် ဘယ်မှာတုံး မင်းဝိညာဉ်”
ကျုပ်က ဘေးဘီကိုလှည့်ကြည့်ပြီး အောင်ပိန်ကို
မေးလိုက်တယ်
“ဟာ အခုချက်ချင်းတော့ ဘယ်တွေ့ဦးမှာတုံးကွ
နောက်တော့ မင်းတွေ့လာမှာပေါ့ တာတေရာ”
အောင်ပိန် ဂူလုပ်ထားတဲ့နေရာက နေရာကောင်းဗျ။
ဂုံညင်းပင်ကြီးအောက်မှာ။နဘူးခြုံတွေကလည်း
ပေါက်နေတော့ တွေ့ဖို့မလွယ်ဘူး။ဖယောင်းတိုင်
မီးမှုတ်ပြီး ကျုပ်တို့လူစုခွဲလိုက်တယ်။
ကျုပ်အိမ်ပြန်လာပြီး အိပ်တယ်။အတော်ကလေး
အိပ်ချင်နေတော့ ချက်ချင်းကို အိပ်ပျော်သွားတာဗျ။
ကျုပ်အိပ်မက် မက်တယ် ။အိပ်မက်ထဲမှာ ကောင်လေး
တစ်ယောက်ဗျ။ဆံပင်ရှည်ရှည်နဲ့အင်္ကျီတော့ မပါဘူး
ပုဆိုးအကွက်ကလေးဝတ်လို့ ရုပ်ကလည်း သနားကမားပဲ။
ကျုပ်ကို ပြုံးပြီး ကြည့်နေတယ်။
“မင်း ဘယ်သူတုံး”
ကျုပ်ကမေးတော့ ဒီကောင်က ရီတယ်ဗျ။
“တာတေ မင်းကလည်း မေ့တတ်လိုက်တာ
မင်းတို့ပဲ ခေါ်ထားလို့ ငါလာတာလေကွာ ငါ့နာမည်ဘိုထိန်လေ”
“ဟင် ဟုတ်လား မင်း မင်းအောင်ပိန်ခေါ်လို့လာတာလား”
“အေးလေကွာ မင်းက ဘာကြောင်နေပြန်တာလဲ”
“ဟာ မဟုတ်ပါဘူးကွ ဘိုထိန်ရ မင်းအခု အောင်ပိန်တို့
ဆီ ရောက်ခဲ့ပြီလား”
“အေး ရောက်ခဲ့ပြီ အောင်ပိန်တို့ အာကျယ်တို့နဲ့
စကားပြောခဲ့ပြီးပြီ မနက်ဖြန်ကျရင် မင်းတို့သုံးယောက်နဲ့
ငါနဲ့ ယင်းချောင်းကိုသွားပြီ ရေကူးကြမယ် မင်း
ဆက်ဆက်လာခဲ့နော် တာတေ”
“အေးပါကွ ဘိုထိန်ရဲ့”
ကျုပ်လန့်နိုးသွားတယ် ကျုပ်အံ့သြပြီး
ခြင်ထောင်ကိုတောင် ဖွင့်ကြည့်မိတယ်။
အပြင်မှာ ဘာမှမတွေ့ပါဘူး။
မနက်ကျတော့ အောင်ပိန်နဲ့အာကျယ် ရောက်လာတယ်
အောင်ပိန်က ပြုံးစိစိနဲ့ဗျ။
“တာတေ ထူးခြားလားကွ”
ကျုပ်က ညက အိပ်မက်ကို ပြန်ပြောလိုက်တယ်။
ဒီကောင် နှစ်ကောင်လည်း ကျုပ်လိုပဲ အိပ်မက်
မက်ကြတယ်တဲ့ဗျ။
ကျုပ်တို့သုံးယောက် ယင်းချောင်းကို လာခဲ့တယ်။
နွေဆိုတော့ယင်းချောင်းက ရေနည်းနေပါပြီ။
ကျုပ်တို့သုံးယောက် ချောင်းထဲမှာ ရေဆင်းကူးတယ်
ကျုပ်ဘေးမှာ ရိပ်ကနဲ ရိပ်ကနဲ မြင်လိုက်ရတယ်ဗျ။
အောင်ပိန်နဲ့အာကျယ်လည်း ကျုပ်လိုပဲ မြင်ကြရတယ်
ပြောတယ်။သူလည်းနေကူးနေတာဗျ။ဒါဘိုထိန်ပဲ
နေမှာပေါ့ဗျာ။ကျုပ်တို့ ရေချိုးပြီးတော့ ယင်းချောင်း
ကမ်းပါးက ဆီးချိုပင်ကြီးအောက်မှာ ထိုင်နေကြတယ်
“တာတေ ဟိုမှာ ဆီးသီးတွေ မှည့်နေပြီကွ ခူးရအောင်ကွာ”
အောင်ပိန်စကား ဆုံးရုံရှိသေးတယ်။ဆီးပင်ကြီးကို
တစ်ယောက်ယောက်က လှုပ်လိုက်တာဗျို့။
ဆီးသီးတွေ ဘုတ်ကနဲ ဘုတ်ကနဲ ကြွေကျလာတာ။
ကျုပ်တို့တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
ပြုံးနေကြတာပေါ့ဗျာ။ဆီးသီးတွေကောက်ပြီး
တစ်ဝစားကြတာပေါ့။
အဲဒီညကလည်း အိပ်မက်ထဲမှာ ဘိုထိန် ကျုပ်နဲ့လာပြီး
စကားပြောတယ်ဗျာ ပြောရင်းနဲ့ ဘိုထိန်က ကျုပ်ကို
မီးလောင်ကုန်းကကောင်တွေနဲ့ ဘောလုံးချိန်းကန်ခိုင်း
တယ်။သူအောင်ပိန့်ကိုလည်း ပြောလိုက်မယ်လို့
ပြောသွားတယ်။နောက်တနေ့ရောက်တော့
အောင်ပိန်နဲ့အာကျယ် ရောက်လာပြီး ဘိုထိန်ပြောတာကို
ပြောတယ်။အောင်ပိန်က မီးလောင်ကုန်းကကောင်တွေကို
ချိန်းပြီး ဘောကန်ဖို့ပြောတယ်။
“ဟေ့ကောင် အောင်ပိန် မီးလောင်ကုန်းကကောင်တွေက
ဘောကန်သိပ်ကောင်းတာ ငါတို့နိုင်ဖို့မလွယ်ဘူးကွ”
“ဟာ ကွ တာတေရာ ငါတို့မှာ ဘိုထိန် ရှိတယ်လေကွာ
မကြောက်ပါနဲ့ ကန်ကြရအောင်”
နောက်ဆုံးတော့ ကန်ဖြစ်ကြတယ်။မီးလောင်ကုန်းက
ဘောကန်ကောင်းတဲ့လူတွေကို ကျုပ်တို့ဆယ်ဂိုးသွင်း
နိုင်ခဲ့တယ်ဗျ။ဟိုကောင်တွေ ကျုပ်တို့ကို တစ်ဂိုးမှကို
မသွင်းနိုင်ခဲ့ဘူးဗျ။ဒီကောင်တွေ ကန်လိုက်တဲ့
ဘောလုံးတွေဟာ ကျုပ်တို့ ဂိုးပေါက်နားရောက်ရင်
ကွေ့သွားရောဗျ။
ကျုပ်တို့ကန်တဲ့ ဘောတွေကျတော့ ဂိုးပေါက်နဲ့ချော်သွား
တာတောင်မှ ဝေ့ပြီးဝင်သွားတာဗျ။အာကျယ်ရယ်
ကျုပ်ရယ် အောင်ပိန်ရယ် ရယ်လိုက်ကြရတာဗျာ။
ပျော်လိုက်တာလည်း မပြောနဲ့တော့ ။
ဒါပေမဲ့ ကျုပ်တို့အသင်းက ကျန်တဲ့ကောင်တွေကတော့
ဘယ်သိမှာတုံးဗျာ။
မီးလောင်ကုန်းအသင်းကတော့ ပွဲပြီးတော့ တော်တော်ကို
မကျေမနပ် ဖြစ်တာပေါ့ဗျာ။ဘောလုံးလောင်းတဲ့
ကျုပ်တို့ရွာသားတွေဆိုရင် နိုင်လို့ပျော်ကြတာပေါ့ဗျာ
အဲဒီညက ရွာထဲက အပိန့်အရက်ဆိုင်မှာ စားကြ
သောက်ကြနဲ့ ဆူညံနေတာပါပဲဗျာ။
ကျုပ်တို့သုံးယောက်လည်း အပိန့်ဆိုင်မှာ ခေါက်ဆွဲကြော်
လေးထုပ်ဝယ်ပြီး ဘိုထိန်ရယ် ကျုပ်တို့ရယ်အတူတူ
စားကြတာဗျ။ပျော်စရာကောင်းလိုက်တာ မပြောနဲ့တော့ဗျာ။
ဒီလိုနဲ့ ကျုပ်တို့သုံးယောက်နဲ့ဘိုထိန်နဲ့ သူငယ်ချင်းတွေ
ဖြစ်ကုန်တော့တာပေါ့ဗျာ။ဘိုထိန်က ညဆိုရင်ကျုပ်တို့နဲ့
အိပ်မက်ထဲမှာ တွေ့ကြတယ်။မနက်ရောက်ရင်
လျှောက်ဆော့ကြတယ်။တော်တော်ကိုပျော်စရာ
ကောင်းတာပါဗျာ။
ကျုပ်တို့ ပဲထွတ်ရင်လည်း ဒီကောင်ဘိုထိန်က ကူထွတ်
ပေးသေးတာဗျ။အမေကတောင် ပြောရတယ်
“ဟဲ့ တာတေ နင့်လက်ကလည်း စက်မျာူတပ်ထားသလား
မှတ်ရတယ် ပဲတစ်တောင်များ ခဏကလေးထွတ်ရပါလား
တဲ့ဗျ။ကျုပ်ဖြင့် ရယ်ချင်လိုက်တာဗျာ။တစ်ခါတစ်ခါကျတော့
အိပ်မက်ထဲမှာ ဘိုထိန်ကပြောတယ်ဗျ။သူကြက်သား
ဟင်းနဲ့ ထမင်းစားချင်တယ်တဲ့။ဒါဆိုရင် အာကျယ်က
ကြက်တစ်ကောင်ရှာပြီး သတ်တော့တာပဲဗျ။
ပြီးတော့ ညဘက်မှာ အောင်ပိန်တို့ဝိုင်းထဲက
ဂုံညင်းပင်ကြီးအောက်မှာ ကျုပ်တို့သုံးယောက်
တိတ်တိတ်ကလေးဘိုထိန်ကိုကျွေးကြတာပေါ့ဗျာ
ဘိုထိန်ကလည်း ကြိတ်သဗျ။
ရွာထဲမှာ ဘာပဲကစား ကစား ကျုပ်တို့သုံးယောက်ပဲ
နိုင်တာပေါ့ဗျာ။ကျုပ်တို့က ကလေးပဲ။ကစားလိုိ့ုနိုင်ရင်
ပျော်ပေါ့ဗျာ။
နောက်တော့ ကျုပ်အဘနဲ့အမေကလည်း အိမ်ထဲမှာ
ဘိုထိန်ကိုရိပ်ကနဲ ရိပ်ကနဲ တွေ့လိုက်ကြတာဗျ
အောင်ပိန့်အိမ်မှာလည်း ဒီလိုပဲ ဖြစ်ကုန်ရောဗျို့။
အောင်ပိန့်ညီမလေးဆိုရင် ဘိုထိန့်ကိုမြင်သွားပြီး
လန့်ငိုရောဗျို့။အဲဒီမှာတင် ပြသာနာက
စတော့တာပေါ့ဗျာ။အောင်ပိန့်ကိုသူ့အဖေက
ရိုက်မောင်းပုတ်မောင်းလုပ်ပြီးမေးတော့ ပေါ်တော့
တာပေါ့ဗျာ။
ဒီမှာတင် အောင်ပိန်က သူလုပ်ထားတဲ့ဂူလေးကို
ဖျက်ပစ်ပြီး ဘိုထိန်ကို နှင်ထုတ်တယ်။ဒါပေမဲ့
ဘိုထိန်က သူနှင်ထုတ်တော့ ကျုပ်နဲ့အာကျယ်ဆီမှာ
လာနေရောဗျို့။ဒီကောင်က ကျုပ်တို့နဲ့နေရတာ
ပျော်နေပြီလေဗျာ။လွယ်လွယ်နဲ့ နှင်ထုတ်လို့
ဘယ်ရတော့မလဲ။
အမေကလည်း ဘိုထိန်ကို ရိပ်ကနဲ ရိပ်ကနဲ မကြာခဏ
မြင်တော့ ကြောက်လာတော့ပေါ့ဗျာ။ဒါနဲ့ ကိစ္စက
တစ်စ တစ်စနဲ့ ပုဗ္ဗာရုံဆရာတော်ဆီ ရောက်သွားရောဗျို့။
ဆရာတော်ကကျုပ်တို့သုံးယောက်ကိုခေါ်ပြီးမေးတယ်
ကျုပ်တို့သုံးယောက်စလုံးက ဆရာတော်ဆီမှာ
ရှင်ပြုထားတဲ့ကောင်တွေဆိုတော့ ဆရာတော်ကိုတော့
ကျုပ်တို့မညာဝံ့ဘူးပေါ့ဗျာ။အားလုံးကိုအမှန်အတိုင်း
ပြောရတာပေါ့။ဆရာတော်က အောင်ပိန်လုပ်ထားတဲ့
အရုပ်ကိုယူခိုင်းပြီး ဘိုထိန်လို့ ကျုပ်တို့နာမည်
ပေးထားတဲ့ ဝိညာဉ်ကိုပြန်နှုတ်ပစ်ရတာပေါ့ဗျာ
ဆရာတော်က သေသေချာချာ တရားဟောပြတယ်
မေတ္တာပို့တယ် အဘနဲ့အမေကလည်း ဘိုထိန်အကြောင်း
ကိုကြားတော့ သူ့အတွက် ရည်းစူးပြီး ကောင်းမှုကုသိုလ်
လုပ်ပေးတယ်။ပြီးတော့ ဘိုထိန်ကိုအမျှဝေပေးကြတယ်
ကျုပ်စိတ်ထဲထင်တော့ ပုဗ္ဗာရုံဆရာတော်ရဲ့တရားဓမ္မ
ဟောပြောတာရော အမျှအတန်းဝေကြတာရောကြောင့်
ဘိုထိန်တစ်ယောက် ကျွတ်သွားပြီလို့ ထင်တယ်ဗျ
ကျုပ်တို့ကို အိပ်မက်လည်း မပေးတော့ဘူး
ရိပ်ကနဲ ရိပ်ကနဲလည်း မမြင်ရတော့ဘူးဗျ
ကျုပ်တို့လည်း ဘိုထိန်ကျွတ်သွားတာကို
ဝမ်းသာကြတာပေါ့ဗျာ
ဒါပေမဲ့ ကျုပ်ရယ် အာကျယ်ရယ် အောင်ပိန်ရယ်ကတော့
ကျောင်းတိုင်ကြီးတစ်တိုင်ဆီမှာ ဖက်ခိုင်းပြီး
ဆရာတော်ကိုယ်တိုင်ကျွေးတဲ့ ကြိမ်လုံးစာကို
ကောင်းကောင်းစားလိုက်ရတာပေ့ါဗျာ
အောင်ပိန်ရော ကျုပ်ရော အဲဒီနောက်ပိုင်း
ဝိညာဉ်ခေါ်တမ်း မကစားဝံ့တော့ပါဘူးဗျာ။
ပြီးပါပြီ။
စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ
ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေး
လုပ်ပေးပါအုံးဗျာ
Leave a Reply