အကြွေး

သည်။
ယင်းလည်းသူမကသိပ်ဂရုစိုက်လှသည်မဟုတ်ချေ။
‘ငွေရေးကြေးရေး နှင့်ပတ်သက်လျှင်မည်သူ့ကိုမှအားမနာနိုင်’ဟုအမြဲတွေးနေတတ်သူဖြစ်သည်။
အိမ်သို့ပြန်ရောက်တော့ဒေါ်နုယဉ်က
“ဘယ်လိုလဲသမီး..ရခဲ့ရဲ့လား”
“မရဘူးအမေ။ဒါပေမယ့် ညနေရောက်ရင်လာဆပ်မယ်လို့တော့ပြောတယ်”
“ဟုတ်လား. ဒါဆိုလည်းပြီးတာပဲအေ”
ဒေါ်နုယဉ်အိမ်ပေါ်သို့တက်သွားသည်။
ညနေအချိန်သို့ရောက်တော့ဒေါ်တုတ်သည်မြင်းလှည်းပေါ်၌ဝက်မဒန်းမ…တစ်ကောင်တင်ပြီးဒေါ်နုယဉ်၏အိမ်ရှေ့သို့ရောက်လာသည်။
ပြီးနောက်
“မနုရယ်..ကျွန်မမှာပိုက်ဆံမရှိသေးတာမို့ဒီဝက်မလေးပဲအကြွေးနဲ့နှိမ်ပြီးယူထားလိုက်ပါ.ကျန်တဲ့ပိုက်ဆံကိုတော့လ.ကုန်ရင်လာပေးပါ့မယ်”
ထိုအခါဒေါ်နုရီမှာထုံးစံအတိုင်းအားနာပြီးမျက်နှာမထားတတ်အောင်ဖြစ်သွားရသည်။
ယင်းအခြေအနေကိုရိပ်မိတော့သီသီစိုးကကြားဖြတ်ပြီးဝင်ပြောသည်။
“ကောင်းပြီလေ.ကျွန်မတို့ယူထားလိုက်ပါမယ်။အဒေါ်ပြောတဲ့အတိုင်းကျန်တဲ့ငွေကိုတော့လကုန်ရင်လာဆပ်ဖြစ်အောင်ဆပ်လှည့်ပါ”
“စိတ်ချပါ ကွယ်”ယင်းသို့ဆိုပြီးနောက် ဒေါ်တုတ်ကမြင်းလှည်းဆရာကိုအကူအညီလှမ်းတောင်းသည်။
“ငါ့တူ..အဲ့ဒီ ဝက်မလေးကိုအိမ်အောက်ပို့ပေးလိုက်ပါကွယ်”
“ဟုတ်ကဲ့အဒေါ်”
မြင်းလှည်းဆရာလည်းဝက်မဒန်းလေးကိုအောက်ချပြီးအိမ်အောက်သို့ဆွဲခေါ်လာခဲ့သည်။
ပြီးနောက်လည်ပင်းမှကြိုးဖြင့်တိုင်တစ်တိုင်တွင်ချည်ပေးထားလိုက်သည်။
ထို့နောက် ဒေါ်တုတ်က
“ကဲ.အိမ်မှာကလေးတွေချည်းကျန်ခဲ့လို့..ပြန်လိုက်ပါဦးမယ်”
“ဟုတ်ကဲ့”
ဒေါ်တုတ်နှင့်မြင်းလှည်းဆရာပြန်ထွက်သွားသည်။
ထိုအခါမှဒေါ်နုယဉ်ကသီသီစိုးကိုမေးလေသည်။
“သမီး..နေ့လည်တုန်းကဒေါ်တုတ်ကိုဘယ်လိုပြောပြီးအကြွေးတောင်းတာတုံး”
“ဒီညနေလာဆပ်ဖြစ်အောင်ဆပ်လို့..မဆပ်ရင်အဆိုးမဆိုနဲ့လို့.ပြောပြီးတောင်းလိုက်တာ”..
ဒေါ်နုယဉ်သက်ပြင်းချမိသည်။
“ညည်းနှယ့်အေ..ကောင်းကောင်းမွန်မွန်ပြောပြီးတောင်းပါဆို.ခုတော့မျက်နှာပျက်စရာတွေဖြစ်ကုန်ပြီ”
ထိုအခါသီသီစိုးက
“လုပ်ပြန်ပြီ။အမေအဲ့ဒါကြောင့်အမေ့အကြွေးတွေဆုံးတာ။ရစရာရှိတာတော့ဒဲ့ပြောပြီးတောင်းရမှာပဲ”
ပြောပြီးသည့်နောက်သီသီစိုးသည်ဝက်ခြံရိုက်ရန်အတွက်ရပ်ကွက်ထဲမှဝါးဆိုင်သို့ထွက်သွားလေသည်။
တကယ်တေ့ာမရ..ရတာယူမည်ဆိုသည့်သဘောဖြင့်ဝက်မဒန်းမလေးကိုယူထားလိုက်သည်ဆိုပေမင့်သီသီစိုးအတွက်အလွန်အလုပ်ရှုပ်ရသည်။
မနက်ရောက်ပြီဆိုလျှင်ဝက်ခြံကိုသ့န်ရှင်းရေးလုပ်ရသလို၊ဝက်စာကိုလည်းကြိုချက်ရသည်။..
ဒီကြားထဲမိခင်ဖြစ်သူနေမကောင်းပြန်လျှင်လည်းခြေဆုပ်လက်နယ်ပြုစုပေးရပြန်သည်။
ဤသို့ဖြင့်ခြောက်လခန့်ကြာတော့ဝက်မဒန်းမလေးသည် သားငါးကောင်ပေါက်လေသည်။
ထို့နောက် ယင်းဝက်ပေါက်ငါးကောင်ကိုဝက်မကြီးနှ့င်အတူလေးဆယ့်ငါးရက်ခန့်အထိထားပြီး..ဝက်ဝယ်သူကိုခေါ်ပြီးရောင်းလေသည်။
ဒါကတော့ဤရပ်ကွက်သာမဟုတ်၊အနီးအနားရှိရပ်ကွက်တကာတို့၏ထုံးစံလိုလိုဖြစ်သည်။
ဝက်တွေအတွက်အလုပ်ရှုပ်မခံချင်တာလည်းပါမည်။
ဒေါ်နုယဉ်အိမ်မှဝက်ပေါက်ကလေးတွေကိုအသေအချာကြည့်ပြီးသည့်နောက်ဝယ်သူက
“လေးကောင်ကိုတော့သဘောကျတယ်ဗျာ။ဒီဝက်မလေးကတော့ညှက်လွန်းတယ်။အားမရဘူး”
ထိုအခါသီသီစိုးက..
“ဒါဆိုလည်းထားခဲ့လေ။ဝယ်ချင်တဲ့လူကိုပဲရောင်းတော့မယ်”
“ဟုတ်”
ထို့နောက် ဝယ်သူလည်းဝက်လေးကောင်အတွက်ငွေရှင်းပြီးမြင်းလှည်းဖြင့်တင်သွားလေသည်။
ထိုအခါမှဒေါ်နုယဉ်ကသီသီစိုးဘက်လှည့်ပြီး
“ကဲသမီး..ဒီဝက်မလေးကတော့အခြားလူတွေကိုရောင်းလည်းစျေးကောင်းရမှာမဟုတ်ဘူး။ဒီမှာ ပဲဆက်မွေးထားကြရအောင်”
“အမေးမွချင်တယ်ဆိုမွေးလေ”
ဤသဖြင့်ဝက်မလေးကိုမိခင်ဝက်မကြီးနှင့်အတူဆက်မွေးထားလိုက်သည။
ပြီးတော့ထိုဝက်မလေးကိုအကောင်ညှက်လွန်းသဖြင့်’မိညှက်’ဟုလည်းအမည်ပေးထားလိုက်သည်။
မိညှက်သုံးလသားအရွယ်ရောက်တော့မိခင်ဝက်မကြီးသည်အစာတရှောင်ရှောင်ဖြစ်လာသလို..မကြာခဏလည်းအဖျားဝင်လာတတ်လေသည်။..
ထိုအခါဒေါ်နုယဉ်နှင့်သီသီစိုးလည်းအချင်းချင်းတိုင်ပင်ပြီး
ထိုဝက်မကြီးကိုရောင်းပစ်လိုက်ကြတော့သည်။
ဒီတော့ မိညှက်တစ်ကောင်သာကျန်လေတော့သည်။
ယင်းမိညှက်ကိုတောဒေါ်နုယဉ်ရောသီသီစိုးကပါဂရုတစိုက်ကျွေးမွေးစောင့်ရှောက်ထားလေသည်။
မိညှက်ကလည်းအလွန်ထူးခြားသည့်ဝက်မလေးဖြစ်သည်။
မည်သည့်အချိန်တွင်မဆိုငြိမ်ကုပ်၍သာနေပြီး..ဆူညံစွာအသံပေးပြီးတော့လည်းအစာမတောင်းတတ်ချေ။
စားကျင်းထဲသို့အစာလာထည့်ပေးမှစားလေသည်။
ဤသို့ဖြင့် ရှစ်လခန့်ကြာသောအခါ၌မိညှက်သည်သားပေါက်လေသည်။
စုစုပေါင်း ခုနစ်ကောင်ဖြစ်သည်။
ဒေါ်နုယဉ်နှင့်သီသီစိုးလည်းယင်းဝက်ပေါက်ခုနှစ်ကောင်ကိုမိညှက်နှင့်အတူနှစ်လခန့်ထားလိုက်သေးသည်။
ပြီးနောက်..ခုနှစ်ကောင်စလုံးကိုဝယ်သူထံသို့ရောင်းပစ်လိုက်ပြန်သည်။
လက်ထဲသို့ငွေရောက်လာသည့်နောက်ဒေါ်နုယဉ်က
“ကဲ..သမီးရေ.. အခုရတဲ့ငွေတွေကိုတော့အမေတို့အကုန်သုံးပစ်လို့မသင့်ဘူး။အလှူအတန်းလေးတော့လုပ်ဦးမှ..ဒါမှဝက်ကလေးတွေလည်းကုသိုလ်ရမှာ”
ဟုတ်လည်းဟုတ်သည်။ဒေါ်နုယဉ်တို့ကအလုပ်ရှုပ်မခံလိုသဖြင့်ဝက်ပေါက်လေးတွေကိုရောင်းလိုက်သည်ဆိုပေမင့်ဝယ်သည့်လူကဝက်သားအရောင်းဆိုင်ကဖြစ်သည်မို့ထိုဝက်ပေါက်ကလေးများအားကျွေးမွေးစောင့်ရှောက်ပြီးအကောင်ထွားလာလျှင်ပေါ်ပစ်မှာတော့အမှန်ပင်ဖြစ်သည်။
ဒါတွေကိုဒေါ်နုယဉ်ကစိတ်မကောင်းခြင်းဖြစ်နေခြင်းပင်။
ထို့ကြောင့် ဝက်ပေါက်တွေရောင်းရသည့်ငွေဖြင့်တတ်စွမ်းသလောက်အလှူအတန်းပြုလုပ်နေလေတော့သည်။
ဤသို့ဖြင့်ခုနှစ်လခန့်ကြာမြင့်လာခဲ့ရာမိညှက်သည်ဒုတိယသုတ်အဖြစ်သားပေါက်ပြန်လေသည်။
ဒီတစ်ခါတော့ဆယ်ကောင်ဖြစ်သည်။
သို့သော်သားပေါက်ပြီးသုံးရက်ခန့်အကြာ၌ဝက်ပေါက်ကလေးတစ်ကောင်သည်မိညှက်၏ကိုယ်လုံးဖြင့်ဖိမိပြီးသေလေတော့သည်။
ထိုအခါဒေါ်နုယဥ်က မိညှက်ကိုအစာကျွေးရင်းပြောလိုက်သည်။
“မိညှက်ရေ..ဒီတစ်ခါတော့နင်သားထိန်းတာညံ့သွားပြီ။.ပထမအသုတ်တုန်းကလို ကလေးတွေကိုလည်းဂရုမစိုက်တော့ဘူး။ဒီလကုန်ရင်..ကလေးတွေရောနင့်ကိုပါငါရောင်းပစ်တော့မှာ”
ယင်းသို့ပြောပြီးနောက်ဝက်စာပုံးကိုယူကာခြံထဲမှပြန်ထွက်သွားလေသည်။
+++++++++++++++++++++++++
‘ဒေါက်ဒေါက်’
တံခါးခေါက်သံကြောင့်ဒေါ်နုယဉ်လည်းအိပ်ပျော်နေရာမှနိုးလာခဲ့သည်။
“ဟဲ့.ဘယ်သူလဲ ”
“ကျွန်မလှရီပါ.မနုယဉ်”
“ဟဲ့.တစ်နာရီပဲထိုးနေပြီ.ဘာကိစ္စလဲ”
“ကျွန်မအရေးကြီးတဲ့ကိစ္စပြောစရာရှိလို့ပါ”
“အေးအေး.ခဏနေဦး ”
ဒေါ်နုယဉ်တံခါးကိုဖွင့်ပေးလိုက်သည်။
ပြီးနောက် ဒေါ်လှရီကိုမြင်တော့စိတ်ထဲဇဝေဇဝါဖြစ်သွားသည်။
‘ဟင်.မလှရီကကွယ်လွန်သွားပါပြီ.ဘယ်လိုလုပ်ရောက်လာတာပါလိမ့်”
ယင်းသို့တွေးနေခိုက်တွင်ဒေါ်လှရီက
“အစ်မ ကျွန်မကိုတော့မရောင်းလိုက်ပါနဲ့နော်။.ကျွန်မကအစ်မတို့ကိုအကြွေးလာဆပ်နေတာပါ”
ထိုစကားကြောင့်ဒေါ်နုယဉ်မျက်မှောင်ကြုတ်သွားမိသည်။
“ဟင်..မလှရီကကျွန်မကိုဘယ်မှာအကြွေးဆပ်နေလို့တုံး”
ယင်းသို့မေးတော့ဒေါ်လှရီက
“အစ်မအိမ်မှာမွေးထားတဲ့မိညှက်ဆိုတဲ့ဝက်မလေ..အဲဒါကျွန်မပါပဲအစ်မရယ်”
“ဟင်”
ဒေါ်နုယဉ်အံ့အားသင့်သွားသည်။
ပြီးနောက် မယုံနိုင်စွာဖြင့်ထပ်မေးသည်။
“ဟုတ်လို့လား မလှရီရယ်”
“ဟုတ်ပါတယ်အစ်မ…လူ့ဘဝတုန်းကအစ်မဆီကချေးထားတဲ့ငွေတွေကိုပြန်မဆပ်လိုက်ရဘဲဆုံးသွားတဲ့အတွက်ကြောင့်အခုဝက်ဘဝနဲ့အစ်မဆီမှာအကြွေးလာဆပ်နေရတာပါ၊တကယ်လို့အစ်မကသာကျွန်မကိုရောင်းပစ်မယ်ဆိုရင်အကြွေးမကျေသေးတဲ့အတွက်ကြောင့်အခြားဘဝတစ်မျိုးနဲ့လာဆပ်ရဦးမှာပါ။အဲဒီဒုက္ခတွေကိုကျွန်မမခံချင်တော့ပါဘူး။ဒါကြောင့်ကြုံတဲ့အခိုက်လေးမှာအစ်မရဲ့အကြွေးကိုတစ်ခါတည်းကျေအောင်ဆပ်သွားပါရစေ။ကျွန်မကိုမရောင်းလိုက်ပါနဲ့”
ဒေါ်လှရီကမျက်နှာညှိုးနွမ်းစွာဖြင့်တောင်းပန်လေတော့ဒေါ်နုယဉ်လည်းစိတ်မကောင်းစွာဖြင့်သက်ပြင်းချမိလေသည်။
ပြီးနောက်
“အေးပါဟယ်..ငါမရောင်းပါဘူး။နေ့လည်တုန်းကပြောမိတာကလည်းငါစိတ်တိုပြီးအမှတ်တမဲ့ပြောလိုက်မိတာပါ။စိတ်ချပါ။ငါမရောင်းပါဘူး”
“ဟုတ်ကဲ့၊ ကျေးဇူးပါ အစ်မရယ်’
ဒေါ်လှရီအိမ်ပေါ်မှဆင်းသွားသည်။
ယင်းအခိုက်မှာပင်ဒေါ်နုယဉ်လည်းအိပ်ပျော်နေရာမှဖျတ်ခနဲလန့်နိုးလာခဲ့သည်။
ပြီးနောက် သူမ မက်ခဲ့သည်အိပ်မက်ကိုပြန်တွေးပြီး.ဒေါ်လှရီအတွက်အလွန်အမင်းစိတ်မကောင်းဖြစ်မိလေတော့သည်။
မနက်ရောက်တော့ဒေါ်နုယဉ်သည်ညတုန်းကအိပ်မက်အား..သီသီစိုးပြန်ပြောပြလိုက်သည်။
ထိုအခါသီသီစိုးလည်းပါးစပ်အဟောင်းသားဖြင့်နားထောင်ရင်းသက်ပြင်းချလေသည်။
“လူ့ဘဝကယူထားတဲ့အကြွေးကိုဝက်ဘဝနဲ့ပြန်လာဆပ်ရတယ်လို့.ကြားရတာစိတ်မချမ်းသာလိုက်တာအမေရယ်”
“ဘယ်တတ်နိုင်မလဲသမီးရယ်။သူ့ကံနဲ့သူဖြစ်လာတာကိုး။ဒီတော့အမေတို့လုပ်ပေးနိုင်တာကတော့သူ့ကိုအရင်ကထက်ပိုပြီးဂရုတစိုက်နဲ့ကျွေးမွေးစောင့်ရှောက်ဖို့ပဲမဟုတ်လား-”
ယင်းသို့ဆိုပြီးနောက် ဒေါ်နုယဉ်သည်ဆွဲခြင်းနှင့်ပိုက်ဆံအိတ်ကိုယူပြီး.စျေးဝယ်ရန်အတွက်အိမ်ပေါ်မှဆင်းလာခဲ့လေသည်။
++++++++++++++++++++
ည။
နှင်းစက်တို့သည်ခေါင်မိုးပေါ်သို့တဖျောက်ဖျောက်နှင့်ကျလျက်ရှိနေသည်။
ခါတိုင်းရက်တွေထက်ပိုမိုချမ်းစိမ့်သည့်ညဖြစ်သည်မို့ဒေါ်နုယဉ်နှင့်သီသီစိုးသည်ခပ်စောစောပင်အိပ်ရာဝင်ဖြစ်ကြလေသည်။
“ဒေါက်ဒေါက်”
နှစ်ယောက်သားနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြခိုက်တံခါးခေါက်သံသည်နားထဲသို့တိုးဝင်လာသောကြောင့်အလွန်အအိပ်ဆတ်သည့်ဒေါ်နုယဉ်၏မျက်လုံးအစုံလည်းဖျတ်ခနဲပွင့်လာသည်။
“ဟဲ့.ဘယ်သူလဲ ”
“ကျွန်..ကျွန်မလှရီပါ ”
“ဟုတ်လား.ခဏစောင့်မလှရီ”
ဒေါ်နုယဉ်လည်းအိပ်ရာမှထပြီးတံခါးဖွင့်ပေးလိုက်လေရာအပေါက်ဝတွင်ရပ်နေသည့်ဒေါ်လှရီကိုတွေ့ရလေသည်။
“မလှရီ.ဘာပြောချင်လို့တုံး”
“ကျွန်မလေ ကလေးတွေကြောင့်အခုထိမအိပ်ရသေးပါဘူး။ကလေးတွေကမတ်တပ်ရပ်ရင်းနို့စို့နေကြလို့ကျွန်မမှာသူတို့လေးတွေပိမှာစိုးရိမ်လို့ဒီအတိုင်းပဲမတ်တပ်ရပ်နေရပါတယ်။ဒါကြောင့်အောက်ကိုဆင်းပြီးကူညီပေးပါဦးအစ်မရယ်”
“သြော်.အေးအေး.ငါလာပြီးကူညီပေးပါမယ်”
ယင်းသို့ပြောပြီးခိုက်မှာပင်ဒေါ်နုယဉ်သည်အိပ်ပျော်နေရာမှလန့်နိုးလာခဲ့သည်။
ထို့နောက်
“သြော်.မလှရီ မှာ.ကလေးတွေကြောင့်အိပ်မရတာကိုအိပ်မက်လာပေးရှာတာပဲ”
ယင်းသို့တွေးပြီးနောက်.ဒေါ်နုယဉ်သည်လက်နှိပ်ဓာတ်မီးတစ်လက်ယူပြီးတံခါးကိုဖွင့်လိုက်သည်။
ပြီးနောက်အိမ်အောက်ရှိဝက်ခြံထဲသို့ဓာတ်မီးဖြင့်ထိုးကြည့်လိုက်ရာမတ်တပ်ရပ်ရင်းကလေးတွေကိုနို့တိုက်နေရသည့်မိညှက်ကိုတွေ့လေသည်။
ထို့နောက် ဒေါ်နုယဉ်လည်းဝက်ခြံ
ထဲသို့ဝင်ပြီးဝက်ကလေးတွေကိုဖယ်ပေးလိုက်သည်။
ဒီတော့မှမိညှက်လည်းမြေကြီးပေါ်လှဲချပြီးကောင်းစွာအိပ်စက်နိုင်လေတော့သည်။
ဒေါ်နုယဉ်လည်းဝက်ပေါက်ကလေးတွေကိုမိညှက်အနားသို့ပြန်ရွေ့ပေးပြီးအိမ်ပေါ်သို့ပြန်တက်လာခဲ့သည်။
ထို့နောက် မနက်မိုးလင်းသည့်အချိန်ထိမိညှက်သည်အိပ်မက်ထဲသို့ဝင်မလာပါတော့ချေ။
+++++++++++++++++++++++++++++
ဤသို့ဖြင့်ခြောက်နှစ်ခန့်ကြာလာခဲ့သည်။
ယင်းသို့ကြာလာသည်နှင့်အမျှမိညှက်သည်လည်းတဖြည်းဖြည်းအိုမင်းလာပြီးမကြာခဏဆိုသလို
အဖျားဝင်လေတော့သည်။
သာမန်အားဖြင့်ဆိုလျှင်ဤကဲ့သို့အိုမင်းဖျားနာသည့်ဝက်မျိုးကိုမည်သူမှဒုက္ခခံပြီးကျွေးမွေးစောင့်ရှောက်ခြင်းမပြုတော့ဘဲဝက်ပေါ်သည့်လူဆီကိုသာရောင်းပစ်တတ်ကြသည်။
သို့သော်ဒေါ်နုယဉ်နှင့်သီသီစိုးသည်မိညှက်ကိုဤသို့မပြုရက်ပါချေ။
ထို့အပြင်မိညှက်ကိုဆေးကုရန်အတွက်တိရစ္ဆာန်ဆေးကုဆရာဝန်အားသွားပင့်လေသည်။
ထိုအခါဆရာဝန်ကလည်းမနက်ဖြန်လာပါမည်ဟုပြောပြီးပြန်လွှတ်လိုက်သည်။
ဤသို့ဖြင့်ညအချိန်ရောက်လာခဲ့သ ည်။
ဒေါ်နုယဉ်သည်သီသီစိုးနှင့်အတူအိပ်ပျော်နေခိုက်တွင်အိပ်ခန်းထဲသို့အမျိုးသမီးကြီးတစ်ဦးရောက်လာလေသည်။
ထိုအမျိုးသမီးကြီးသည်ဒေါ်လှရီဖြစ်နေသည်။
ထိုအခါဒေါ်နုယဉ်က
“မလှရီ. အသံလည်းမပေး.ဘာမပေးနဲ့.ပြောပါဦး.ဘာကိစ္စ”
ယင်းသို့မေးတော့ဒေါ်လှရီက
“အစ်မ ကျွန်မလူ့ဘဝတုန်းကယူထားမိတဲ့အကြွေးကိုအခုဝက်ဘဝနဲ့ပြန်လာဆပ်တာကျေလောက်ပါပြီနော်”
ထိုအမေးကြောင့်ဒေါ်နုယဉ်လည်းအလွန်စိတ်မကောင်းဖြစ်သွားရလေသည်။
“သြော် ကျေပါပြီမလှရီရယ်။ကျေတဲ့အပြင်ပိုတောင်ပိုနေပါသေးတယ်”
“ဒါဆိုကျွန်မကိုခွင့်ပြုပါတော့နော်။ကျွန်မသွားတော့မယ်”
“ဟင် မလှရီကဘယ်ကိုသွားမှာမို့တုံး”
“နောက်ဘဝတစ်ခုကိုပါ။ကောင်းလားဆိုးလားတော့ကျွန်မလည်းမပြောတတ်သေးပါဘူး”
ပြောပြီးသည့်နောက်ဒေါ်လှရီ.အိပ်ခန်း ထဲမှထွက်သွားသည်။
ဒေါ်နုယဉ်လည်းဒေါ်လှရီ၏ကျောပြင်ကိုသာကြည့်ရင်းကျန်ခဲ့လေသည်။
“အမေ အမေ”
ရုတ်တရက် အတင်းလှုပ်နှိုးခံရသောကြောင့်ဒေါ်နုယဉ်လည်းအိပ်ပျော်နေရာမှလန့်နိုးလာခဲ့သည်။
“သမီး..ဘာဖြစ်လို့တုံး”
ယင်းသို့မေးရင်းဖြင့်ဒေါ်နုယဉ်သည်နေမြင့်နေပြီကိုသတိပြုမိလေသည်။
ထို့ကြောင့် အိပ်ရာမှ.ကမန်းကတန်းထခိုက်တွင် သီသီစိုးက
“အမေ မိညှက်တော့သေသွားပြီ”
“ဟင်”
ဒေါ်နုယဉ်အံ့အားသင့်ပြီးမျက်လုံးပါပြူးသွားသည်။
“ဟဲ့.ဟုတ်လို့လား ”
“ဟုတ်တယ်အမေရဲ့ မနက်ကသမီးအစာကျွေးဖို့ခြံထဲဝင်လိုက်တော့သူကသေနေပြီ”
“သြော်”
ဒေါ်နုယဉ်ဆက်မပြောတော့ချေ။ညတုန်းကမက်ခဲ့သည့်အိပ်မက်ကိုပြန်လည်သတိရမိလိုက်သောကြောင့်ဖြစ်သည်။
ထို့နောက်
“ကဲကဲ သမီး။မိညှက်ကိုမြေမြုပ်ဖို့စီစဉ်ရအောင်”ဟုသာပြောလိုက်လေတော့သည်။
++++++++++++++++++++++
မနက်အချိန်ခါဖြစ်သည်မို့ဈေးထဲတွင်ကြက်ပျံမကျစည်ကားလျက်ရှိနေသည်။
ဒေါ်နုယဉ်လည်းလိုအပ်တာတွေဝယ်ပြီးပြီမို့ဆွဲခြင်းကိုဆွဲကာဈေးထဲမှပြန်ထွက်မည်ပြုစဉ်
“ဟဲ့.ဈေးဦးတောင်မပေါက်သေးဘူး။ဘယ့်နှယ့်အကြွေးလာယူနေရတာတုံး”
ထိုစကားသံကြောင့်ဒေါ်နုယဉ်၏ခြေလှမ်းတွေတုန့်ခနဲရပ်သွားပြီးအသံလာရာဘက်သို့လှည့်ကြည့်လိုက်ရာကြက်ဥသည်နှင့်ဈေးဝယ်သူတို့စကားပြောနေသည်ကိုတွေ့လိုက်ရလေသည်။
ဈေးဝယ်သူက
“အစ်မရယ် ဝယ်နေကျဖောက်သည်တွေပဲဥစ္စာ။ခါတိုင်းဈေးဝယ်ရင်ကျွန်တော်ပိုက်ဆံကိုလုံလုံလောက်လောက်ထည့်လာတာပဲ။ဒီနေ့ကျမှဝယ်တာများသွားလို့ကြက်ဥဝယ်ဖို့မကျန်ဘဲဖြစ်သွားတာပါ။မနက်ဖြန်ဒီကိုလာရင်ပေးပါ့မယ်ဗျာ”
ဒေါ်နုယဉ်ဆက်လက်နားမထောင်ဖြစ်တော့ဘဲလှည့်ထွက်လာခဲ့သည်။
ပြီးတာ့ ဈေးဝယ်သူပြောသည့်’မနက်ဖြန် ဒီကိုလာလျှင်ပေးပါမည်’ဆိုသည့်စကားကလည်းစိတ်ထဲတွင်စွဲထင်နေလျက်ရှိသည်။
မနက်ဖြန်…။လူတွေအများဆုံးသုံးသည့်စကားဖြစ်သည်။
မနက်ဖြန် လုပ်မည်။မနက်ဖြန်ပေးမည်။မနက်ဖြန်သုံးမည်စသည်စသည်ဖြင့်တကယ်တော့မနက်ဖြန်ဆိုတာယနေ့လောက်မသေချာချေ။
ယနေ့ဆိုတာကလည်းနောင်ဘဝနှင့်ကျောချင်းကပ်လျက်ရှိနေသည်။
ဤကဲ့သို့မရေရာလှသောလူ့ဘဝတွင်အကြွေးတွေဖြင့်သာလူတွေရှင်သန်ကြရသည်။
အကြွေး တွေဖြင့်သာဘဝကိုနိဂုံးချုပ်ကြရသည်။
အချို့ လုပ်လက်စအလုပ်တွေတန်းလန်းကြီးဖြင့်ကွယ်လွန်သွားကြသည်။
အချို့ လည်းသူတစ်ပါးဆီမှယူထားသည့်အကြွေးကိုပြန်မဆပ်နိုင်မီကွယ်လွန်သွားကြသည်။
ဒီတော့ တမလွန် ဘဝ၌မဖြစ်ဖြစ်သည့်နည်းဖြင့်ပြန်လာကာအကြွေးဆပ်ကြရသည်။
သို့သော်ဒါတွေကလည်းအထူးအဆန်းမဟုတ်တော့ချေ။
အကျိုးတရားဖြစ်ဖို့အတွက်အကြောင်းတရားတွေရှိခဲ့ကြသည်မဟုတ်လား။
မည်သို့ပင်ဆိုစေ။ယူထားသည့်အကြွေးကိုဆပ်ဖို့မကြုံခဲ့လျှင်တောင်.ကြုံသည့်အချိန်တွင်ပြန်ဆပ်ရမှာတော့ဧကန်မုချဖြစ်ပါတေ့ာသည်။
အားလုံးအေးချမ်းပါစေ.. ။
ဆရာဆွေ(တောင်တွင်း)
မှတ်ချက်။ ။၂၀၁၇တွင်ဤဝတ္ထုအား’လှိုင်ဦး’ကလောင်အမည်ဖြ့င်ဆဌမအာရုံမဂ္ဂဇင်းတွင်ဖော်ပြခံရပြီးဖြစ်ပါသည်။
ယခုဆရာဆွေ(တောင်တွင်း)ကလောင်အမည်ကိုပြောင်းလဲအသုံးပြုပြီးပြန်လည်ရေးသားတင်ပြခြင်းဖြစ်ပါသည်။