ဖြစ်သွားတတ်တယ်။
ဒါကြောင့် ရှာဖွေသူတွေ လက်မှိုင်ချပြီး ပြန်ကြရတယ်။
မနက်လင်းတော့ ရွာထဲက လူတစ်ယောက်သေသွားတယ်။ ဒိတုန်းကတော့ သီချင်းသံနဲ့ ဆက်စပ်နေမယ်လို့ ဘယ်သူကမှ မတွေးမိခဲ့ဘူး။
နောက်ထပ်ရက်ပေါင်းနှစ်ဆယ်လောက်ကြာတော့ သီချင်းသံ ထပ်ပြီး ထွက်လာပြန်ရော။
ဒီတစ်ခါလည်း ရွာကလူတွေ လိုက်ရှာကြသေးပြန်တာပဲ။
ဒါပေမယ့်လည်း မတွေ့ရပြန်ပါဘူး။ မနက်လင်းတော့ ရွာထဲက လူတစ်ယောက်သေပြန်တယ်။
ဒီတစ်ခါ လူသေဆုံးတော့ ရွာသားတွေက သီချင်းသံကြောင့်လို့ သိမိကုန်ကြတယ်။ နောက်ရက်တွေမှာတော့ သီချင်းသံက ထွက်မလာတော့ပြန်ဘူး။
နောက်ထပ် ဆယ့်ငါးရက်အကြာမှာ သီချင်းသံက ထပ်မံထွက်ပေါ်လာပြီး လူတစ်ယောက်သေပြန်တယ်။
ဒီလိူနဲ့ ရက်ခြားဆိုသလို လူတွေသေဆုံးခဲ့တာ ငါးယောက်မြောက်ရှိခဲ့ပြီး အခုသီချင်းသံက ထပ်မံပြီး ထွက်ပေါ်လာပြန်ပါပြီ။
ရွာထဲက ဘယ်သူသေဦးမယ်ရယ်လို့ မသိတတ်ကြဘူး။
ဒီတော့က ရွာသူရွာသားအားလုံးခမျာ သူ့မျက်နှာကိုယ်ကြည့်၊ သူ့မျက်နှာ ကိုယ်ကြည့်ရင်း ခြောက်ခြားဖွယ်ရာ ညတစ်ညကို ခက်ခက်ခဲခဲ ဖြတ်သန်းကြရတယ်။
အဲ့ဒီ့ညဟာတော့ တကယ့်ကို ခြောက်ခြားစရာအတိနဲ့။
ကလေးတွေရဲ့ ငိုသံတွေတိတ်ပြီး တစ်ရွာလုံးဟာလည်း ခွေးအူသံတွေသာ ဖုံးလွှမ်းရစ်လို့ရယ်ပေါ့…။
******
‘ ညတုန်းက ရွာအလယ်ပိုင်းက တင်ဝင်းတို့အဖေ ဦးပါကြီးဆုံးတာတဲ့…’
မနက်မိုးမလင်းသေးဘူး။
ရွာထဲက စိတ်မချမ်းမြေ့ဖွယ်ရာ သတင်းက ရွာကို လွှမ်းလာခဲ့ပြီ။
‘ ဘယ်လိုဖြစ်တာလဲ…’
‘ ထုံးစံအတိုင်းပဲပေါ့။ မနက်လင်းမှ အသံနက်ကြီးနဲ့ ဝူးဝူးဝါးဝါး အော်ပြီး အသက်ထွက်သွားတာ…’
နာရေးအိမ်ဆီကို ရွာသူရွာသားတို့ အကူအညီလုပ်ပေးဖို့ သွားကြရတယ်။
ဒါပေမယ့် မျက်နှာတွေကတော့ ဘယ်သူကမှ မသာယာနိုင်ဘူး။ ဒီတစ်ခေါက်ပြီး နောက်တစ်ခေါက်ဟာ ဘယ်သူ့အလှည့်ဖြစ်မယ်ရယ်ဆိုတာ တွေးတောရင်း ပူပန်နေကြတယ်။
‘ ဒီကိစ္စ ဒိအတိုင်းထားလို့တော့ မရတော့ဘူးဗျာ…’
‘ ဟုတ်တယ်။ တစ်ခုခု လုပ်မှကို ဖြစ်တော့မယ်…’
ရွာထဲက ဦးရွှေမောင်နဲ့ ကိုဝင်းညွန့်တို့ အချင်းချင်း ပြောနေတဲ့ စကား။ ရပ်ရေးရွာလေး လူငယ်တစ်ယောက်ဖြစ်တဲ့ သာဖေက ရောက်လာတယ်။
‘ ဟုတ်တယ်ဗျာ။ ဒီကိစ္စကို ဒီအတိုင်းသာ ထားရစ်ရင် မကြာခင် တစ်ရွာလုံး ကုန်လိမ့်မယ်။ ကျုပ်တို့ သူကြီးဆီပြောပြီး အဖြေတစ်ခုရအောင်တော့ တိုင်ပင်ဖြေရှင်းမှ ဖြစ်မယ်ထင်တယ်…’
‘ အမှန်ပဲ…ငါတို့ သူကြီးဆီ သွားကြတာပေါ့…’
နာရေးကိစ္စကို တချို့တဝက် ကူညီပေးပြီးတာနဲ့ ဦးရွှေမောင်ဦးဆောင်တဲ့ လူစုဟာ သူကြီးဦးလှမြင့် အိမ်ဆီကို သွားလိုက်ကြတယ်။
‘ သူကြီး…ဗျို့…သူကြီး…’
‘ ဟေ…ကိုရွှေမောင်တို့ပါလား။ လာကြလေ…’
ဦးရွှေမောင်တို့ အသံကြောင့် သူကြီးဦးလှမြင့်က နွားစာကျွေးနေရင်းက ပြန်ထူးရင်း ဖိတ်ခေါ်လိုက်တယ်။
အားလုံး အိမ်အောက်ဆီက တန်းလျားဆီမှာ ထိုင်ကြပြီးချိန် သူကြီးဦးလှမြင့်လည်း နွားစာကျွေးတာကို လက်စသတ်ပြီး သူတို့ဆီကို ရောက်ရှိလာခဲ့လေရဲ့။
‘ သူကြီး…ရွာထဲမှာ ဖြစ်နေတဲ့ ကိစ္စတွေအတွက် ကျုပ်တို့ လာခဲ့တာ…’
‘ ဟုတ်တယ် သူကြီး။ ကျုပ်တို့ အဲ့ဒီ့ကိစ္စကိုတော့ အဖြေရှာပြီး ဖြေရှင်းမှရမယ်…’
‘ အင်း…’
သူကြီး ဦးလှမြင့် ဖြေရခက်စွာနဲ့ အင်းဆိုတဲ့ လေးတွဲ့တွဲ့စကားနဲ့ တုန့်ပြန်လိုက်တယ်။
‘ သူကြီး…ကျုပ်တို့ သွေးအေးနေလို့မရဘူးနော်။ သွေးအေးနေရင် ကျုပ်တို့အားလုံး သီချင်းသံကြားမိတိုင်း ဘယ်သူသေမယ်မှန်းမသိ သေကုန်ကြရင်း ရွာလုံးကျွတ်လိမ့်မယ်…’
သူကြီးဦးလှမြင့်ကို ကြည့်ပြီး သာဖေက ဝင်ပြောတယ်။
‘ ငါလည်း မစဉ်းစားတတ်တော့လောက်အောင် ဖြစ်နေလို့ပါ သာဖေရယ်…’
‘ မစဉ်းစားတတ်ဘူးဆိုရင်တောင် ကျုပ်တို့အားလုံး အခုရောက်နေပြီပဲ။ အဖြေတစ်ခုတော့ ရအောင်ရှာကြရမယ် မဟုတ်လား သူကြီးရ…’
‘ ငါ နားလည်ပါတယ်ကွာ…’
သူကြီးဦးလှမြင့် စိတ်မရှည်ဟန်နဲ့ စကားကို ပြတ်ပြတ်ပြောလိုက်တယ်။
‘ သူကြီး ကျုပ်တို့ တစ်ခုခု လုပ်ဖို့ စီစဉ်ပေးပါဗျာ…’
‘ မင်းတို့ ဘာလုပ်ချင်လို့လဲ…’
‘ ကျုပ်တို့တော့ ဒိသီချင်းသံဟာ ဘယ်ကဆိုတာကို သိပြီး ဘာကြောင့်ဆိုတာကို အဖြေရှာမယ်။ ပြီးရင် ထပ်ပြီးမဖြစ်တော့အောင် ဖြေရှင်းထုတ်ရမှာပေါ့…’
‘ ဘယ်လိုစီစဉ်ထားသလဲ…’
‘ အစီအစဉ်ကတော့ လူတွေကို အသင့်စုဖွဲ့ပြီး သီချင်းသံကြားတဲ့ ညမှာ ရွာရဲ့ အရပ်လေးမျက်နှာကို လှည့်ပြီး စစ်ဆေးချင်တယ်…’
‘ အေး…အလုပ်ဖြစ်မယ်လို့ ထင်သလား…’
‘ အလုပ်ဖြစ်မဖြစ်ကတော့ လုပ်ကြည့်မှပဲ သိရမှာပဲ…’
‘ အေးလေ…မင်းတို့ အဆင်ပြေမယ်ထင်ရင် လုပ်ကြည့်ပေါ့…’
သူကြီးဦးလှမြင့်က ခပ်ပေါ့ပေါ့စကားကို ဆိုတယ်။
ဦးရွှေမောင်တို့ လူစုလည်း သူကြီးဦးလှမြင့်ကို ကြည့်ပြီး အားမလိုအားမရနဲ့ ပြန်ထွက်ခဲ့ကြတယ်။
‘ တောက်…သူကြီးကွာ။ ရပ်ရွာရဲ့ အကြီးအကဲဖြစ်ပြီး ဒီလောက်တောင်ပဲ ပေါ့ပေါ့ဆဆပြောရလေသလား…’
‘ အင်းကွာ။ ဒိလူ့ကို အားကိုးနေလို့ကတော့ တစ်ရွာလုံး ငါးပါးမှောက်မှာပဲ…’
‘ ကိုယ့်ဘာသာပဲ စီစဉ်ကြတာပေါ့ကွာ…’
ဦးရွှေမောင်းတို့လူစု ပြန်ခဲ့ကြတယ်။
ဒီနောက်တော့ ရပ်ရွာထဲက ရပ်မိရပ်ဖတွေရဲ့ အကူအညီနဲ့ ရွာကလူငယ်တွေကို စုဝေးစည်းရုံးပြီး အဖွဲ့တွေ ဖွဲ့ကြလေတယ်။
ဖွဲ့စည်းပြီးနောက်မှာတော့ လုပ်ဆောင်ရမှာတွေကို ကြိုတင်လေ့ကျင့်ကြပြီး အစီအစဉ်တွေ ချမှတ်ကြတယ်။
အဖွဲ့ကို လေးဖွဲ့ခွဲထားပြီး ဥိးရွှေမောင်၊ ဦးဝင်းညွှန့်နဲ့ သာဖေတို့က တစ်ဖွဲ့စီကို ခေါင်းဆောင်တယ်။ ကျန်တစ်ဖွဲ့ကိုတော့ ကာလသားခေါင်း ဘိုကြီးကို ဥိးစီးစေတယ်။
ဒိလိုနဲ့ပဲ ဦးပါကြီးရဲ့ နာရေးမပြီးဆုံးသေးခင်မှာ ပိတောက်ခင်ရွာသားတို့ရဲ့ အစီအစဉ်တွေကတော့ အကောင်အထည် စတင်ပြီး ဖော်ဆောင်နေခဲ့ပါပြီ။
ဒီလိုအချိန်ထိတောင် သူကြီးဦးလှမြင့်ကတော့ အကြီးအကဲတစ်ယောက်ပီသစွာ ပါဝင်လာခဲ့ခြင်းမရှိဘဲ နှုတ်ဆိတ်လို့ နေနေခဲ့ပါတယ်။
******
‘ ရွာအနားမှာ လူစိမ်းတွေ့ရင် တစ်ခါထဲသာ ဖမ်းခေါ်ခဲ့ကွာ…’
အဖွဲ့တွေအားလုံးကို ခေါင်းဆောင်တဲ့ ဥိးရွှေမောင်းက အမိန့်ပေးတယ်။
အကြောင်းက ရွာဦးကျောင်း ဆရာတော်ကို သွားရောက်လျှောက်တင်ရာမှာ အောက်လမ်းအတိုက်ဖြစ်နိုင်တယ်လို့ မိန့်ကြားပြီး တစ်ရွာလုံးပရိတ်တရားတော်တွေကို အာဂုံဆောင်ကြဖို့ အမှာရှိခဲ့တယ်။
အောက်လမ်းဆိုတာက အဝေးကနေ တိုက်လို့ရသလို အနီးကနေလည်း တိုက်လို့ရတဲ့ အမျိုးဖြစ်လေရဲ့။
အခုလက်ရှိကြုံနေရတဲ့ ပုံစံက ရက်ခြားမှသာ ဖြစ်လာတတ်တာ။ ဒါကြောင့် ဒီကိစ္စမှာ အောက်လမ်းအတိုက်သာ မှန်ခဲ့ပါရင် ဖြစ်နိုင်ချေအရှိဆုံးက စီရင်သူဟာ အဲ့ဒီ့ရက်ကျမှသာ ရောက်လာပြီး အစီအရင်နှိုးဆွပေလိမ့်မယ်လို့ ယေဘူယျသတ်မှတ်ကြတယ်။
ဒီလိုကြောင့်ပဲ ဦးပါကြီးသေဆုံးမှုအပြီး နောက်ထပ် သီချင်းသံ ထွက်ပေါ်လာမယ့် ရက်တွေ နီးလာတာနဲ့အမျှ ကြိုတင်ပြင်ဆင်ထားကြသူ အဖွဲ့တွေဟာ နိုးကြားအောင် အချင်းချင်း လှုံ့ဆော်နေကြရတယ်။
လူငယ်တွေဟာလည်း ကိုယ့်အသိစိတ်နဲ့ကို ရွာကို နေ့ရောညပါ လှည့်လည်လို့ စောင့်ရှောက်နေကြတယ်။
ဒီလိုနဲ့ပဲ ဥိးရွှေမောင်ရဲ့ မှာကြားမှုအပြီး တစ်ရက်သားမှာတော့…။
ရွာထဲမှာ အုတ်အုတ်ကျတ်ကျတ် ဖြစ်နေတယ်။
အကြောင်းက ရွာမှာ စုဖွဲ့ထားတဲ့ ဦးရွှေမောင်ရဲ့ အဖွဲ့တွေဟာ လူတစ်ယောက်ကို ဖမ်းဆီးမိလာခဲ့တာရယ်။
ဒါပေမယ့် သူတို့ဖမ်းဆီးလာတဲ့သူက သူရူးတစ်ယောက်လို မျက်လုံးတွေက ကြောင်စီရီဝေနေပြီး ဆံပင်ဘုတ်သိုက်၊ တစ်ကိုယ်လုံးက ယောဂီရောင် အဝတ်အစားတွေကလည်း ညစ်ထေးပေကျံလို့။ တိုလီမုတ်စတွေထည့်ထားတဲ့ လွယ်အိတ်အစုတ်ကြီးတစ်လုံးကလည်း ပါသေးတယ်။
ဒိလူကို ရွာခံလူငယ်တွေက ရွာအပြင်သုသာန်မှာ အိပ်နေတာတွေ့ပြီး အောက်လမ်းသမားလို့ ယူဆမိတာကြောင့် ဖမ်းဆီးလာတာလို့ သိရတယ်။
သူရူးကလည်း ရွာသားတွေ သူ့ကို ဖမ်းဆီးလာတာကို တဟီဟီရယ်မောလို့ ပျော်ပျော်ပါးပါးကြီးကို ကခုန်လာသေးတာကလား။
ဥိးရွှေမောင်ဆီကို ရောက်တော့ လူငယ်တွေက ဖမ်းဆီလာတဲ့ သူရူးကို အပ်နှံကြတယ်။
‘ မင်းတို့ကွာ…သူ့ပုံစံက ဒီအတိုင်းကြည့်ရင်တောင် ရူးနေမှန်းသိသာတာကို ဘာဖြစ်လို့များ ဖမ်းဆီးလာတာလဲ…’
ဦးရွှေမောင်က လူငယ်တွေကို ဆူပူတယ်။ ဒီစကားကိုကြားတော့ သူရူးက…။
‘ ဟုတ်တယ် လူသားရယ်။ ပြောပစ်လိုက်စမ်းပါ။ ဒီကောင်လေးတွေက ငါသူတော်နတိသားလေးကိုများ ရာရာစစဖမ်းလာရသေးတယ်လို့…’
သူရူးက အဖမ်းဆီးခံထားရတာတောင် ပုံစံက ဝင့်ကြွားကြွားနဲ့ ဆိုလာတယ်။
‘ ဥိးလေးရွှေမောင်ကလည်းဗျာ။ စဉ်းစားကြည့်ပါဦး။ အခုဖြစ်နေတဲ့ ကိစ္စတွေက အောက်လမ်းအတိုက်လို့ ယူဆတယ်မှတ်လား။ အခုဆို ဟိုသီချင်းသံကြီး ထွက်လာတော့မယ့် ရက်က နီးလာနေပြီ။ ရွာကို လူစိမ်းကပ်ရင် ဖမ်းလာရမယ်လို့ ဦးလေးပဲ ပြောတယ်လေ။ အခု ဒီလူ့ပုံစံကိုလည်း ကြည့်ဦး။ အောက်လမ်းလိုလို ဘာလိုလိုဖြစ်နေတာကို။ သူ့လွယ်အိတ်ထဲမှာလည်း ကြည့်လိုက်ဦး၊ အင်းလိုလို ဘာလိုလိုစာရွက်တွေအပြင် အရုပ်တွေကလည်း ပါသေးတယ်…’
လူငယ်တွေပြောတော့လည်း ဟုတ်သယောင်ယောင်ရှိသားရယ်။
သူရူးပုံစံက အောက်လမ်းဆရာလိုလို ဘာလိုလိုနဲ့။ တကယ်တမ်း မရူးဘဲ အောက်လမ်းက အယောင်ဆောင်ခဲ့တာလည်း ဖြစ်နိုင်လေရဲ့။
‘ မင်းနာမည် ဘယ်သူလဲ…’
‘ ငါ့နာမည် နတ်သားလေး သူတော်…’
‘ ဘယ်ကလာတာလဲ…’
‘ တာဝတိံသာနတ်ပြည်က…’
‘ ဘာလာလုပ်တာလဲ…’
‘ ဘိုးသိကြားက စေလို့ လာခဲ့တာ…’
‘ မင်းက အောက်လမ်းလား…’
‘ မဟုတ်ဘူး နတ်သား…’
‘ ဟင်း….’
မေးမြန်းရသူ ဦးရွှေမောင်း စိတ်ညစ်သွားရတယ်။
သူရူးကတော့ ပြီတီတီ စပ်ဖြီးဖြီး။ သူ့ကိုယ်သူ နတ်သားဆိုတာကလည်း တစ်ပြားမှ အလျော့မပေး။
‘ မေးနေလို့တော့ အပိုပဲ ဦးလေး။ သူ့ကို ချုပ်ထားလိုက်တာပဲ ကောင်းမယ်ထင်တယ်…’
‘ အင်း…အဲ့ဒီ့လိုပဲ လုပ်ကြတာပေါ့…’
သူရူးကို တိုင်တစ်ခုဆီမှာ ကြိုးနဲ့ တုပ်ထားလိုက်ကြတယ်။
ကြိုးတုပ်နေတုန်းမှာပဲ သူရူးက…။
‘ လူသေက သီချင်းဆိုပြီး က’လိမ့်မယ်။ ဆိုငိးဆရာက သေပြီ။ အခုက သူကြီးကို အလှည့်၊ မင်းသမီးနဲ့ လူပြက်ကို တောင်းပန်ပါမှ ဒီရွာတစ်ဝှမ်း သေဘေးက လွတ်ပေလိမ့်မယ်…”
‘ ဟင်…’
သူရူးစကားကြောင့် ကြားရသူတို့ ကြောင်အမ်းသွားကြရတယ်။
သူရူးစကားက ရည်ရွယ်ရာတစ်ခု ပါနေတယ်ဆိုတာ သိသာပေမယ့် ယုံဖို့တော့ ခက်တယ်မဟုတ်လား။
‘ ဦးလေး…တစ်ခုခုတော့ တစ်ခုခုပဲနော်…’
‘ အင်း…ယုံဖို့ကလည်း ခက်တယ်မှတ်လား…’
ဒီလိုနဲ့ သူရူးစကားကို လစ်လှူရှုလိုက်ကြတယ်။
ညဘက်ကို ရောက်ချိန်မှာတော့…။
*******
‘ လာ လာ လာကြပါ။ တစ်ယောက်ကစတော့ တစ်ရာ။ နှစ်ယောက်ကစတော့ နှစ်ရာ။ လာပါ…လာပါလေ။ ပျော်စရာကောင်းတယ် လာခဲ့ကြတော့လေ…’
ရွာအပြင်ဘက်က ထွက်လာတဲ့ အသံ။
ဒီအသံကြောင့် ပိတောက်ခင်ရွာလေး လှုပ်ခတ်သွားရတယ်။ စုဖွဲ့ပြင်ဆင်ထားတဲ့ လူငယ်တွေဟာ ကြိုတင် ပြင်ဆင်ထားတဲ့အတိုင်း ရွာရဲ့ အရပ်လေးမျက်နှာဆီကို အပြေးသွားကြတယ်။
ရွာအပြင်ကိုရောက်တော့ သီချင်းသံက အဲ့ဒီ့အရပ်တွေမှာ ပျောက်ရှသွားပြီး အနောက်ဘက်ကို ရောက်သွားခဲ့တယ်။
ဒါနဲ့ အားလုံး ရွာအနောက်ဘက်ကို လိုက်ခဲ့ကြတဲ့ အခါမှာတော့…။
‘ သုသာန်ထဲမှာ မီးရောင်တွေ့တယ်ဟေ့…’
အားလုံးပဲ ထူးခြားတဲ့ အချင်းအရာကြောင့် သုသာန်ဆီကို တိတတ်ဆိတ် ချဉ်းကပ်မိကြကော။
‘ ဟာ…ဒါ မနှစ်က တို့ရွာမှာ လာက’သွားတဲ့ မင်းသမီး မြစံပယ်မဟုတ်လား…’
‘ ဟုတ်ပါ့…မြစံပယ်မှ မြစံပယ်အစစ်ပါ…’
သူတို့အားလုံး မြင်နေကြရတာ သုသာန်ထဲက အုတ်ဂူတွေအကြား ကကြိုးစုံစုံက’နေတဲ့ ဆိုင်းမင်းသမီး မြစံပယ်။
‘ လာ…လာ…လာကြပါ။ ဒီမြေကို လာကြပါ…’
မြစံပယ်က ကရင်းနဲ့ ဆိုနေတဲ့ သီချင်းသံ။
ကြည့်နေရင်း မြစံပယ်ရဲ့ ရုပ်အသွင်ဟာ ပြောင်းလဲလာတယ်။
အသားအရည်တွေဟာ အက်ကွဲလာပြီး အရိအရွဲတွေအဖြစ် ပြုတ်ကျလာတယ်။
အဝတ်အစားတွေဟာလည်း သွေးအလိမ်းလိမ်းနဲ့ ဟောင်းနွမ်းဆွေးမြေ့စွာနဲ့ မြစံပယ်ရဲ့ အသွင်ဟာ တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလာတယ်။
‘ အို…လူသားတို့။ သင်တို့ အားလုံးပဲ မြင်ကြပြီမှတ်လား…ဟင်…’
မြစံပယ်ဆီကို အာရုံရောက်နေတဲ့ ရွာသားတွေရဲ့ အနောက်ပါးဆီက အသံ။
လှည့်ကြည့်လိုက်ကြတော့ သူတို့အနောက်ဆီမှာ တိုင်မှာ ကြိုးတုပ်ပြီး ဖမ်းဆီးထားတဲ့ သူရူးက ဘယ်လိုလွတ်မြောက်ပြီး ရောက်ရှိနေတယ် မသိဘူး။
သူတို့မြင်မိချိန်မှာတော့ သူရူးက လက်ကို ပိုက်ပြီး ခြေတစ်ဖက်ရှေ့ထုတ်လို့ အောင်နိုင်သူ စစ်သူကြီးတစ်ဦးပမာ။
‘ ခင်…ခင်ဗျားက…အောက်လမ်းလား၊ အထက်လမ်းလား…’
သာဖေက သူရူးကို ကြည့်ပြီး ထစ်ထစ်ငေါ့ငေါ့ မေးလိုက်တယ်။
‘ အယ် ဘုရား။ ငါသူတော်လေးက နတ်သားလို့ ပြောပြီးပါပြီကောကွယ်။ ဘယ့်နှယ့်လို့ အောက်လမ်းဖြစ်ရမှာတုန်းကွယ့်…’
‘ ခင်ဗျားကို ကြိုးနဲ့ တုပ်ထားတာလေ…’
‘ ဪ…ဒီလူသားတွေနှယ် တယ်ခက်ရန်ကော။ လောကမှာ ဖြေရအခက်ဆုံးကြိုးက ကိလေသာကြိုးပဲကွယ့်။ ကျန်တဲ့ ကြိုးတွေက ဘယ်လိုပဲ တုပ်နှောင်ပါစေ ဖြေရလွယ်ကူပါတယ်ကွယ်။ ကဲ…ကဲ…မောင်တို့အားလုံး မင်းသမီးရဲ့ ကကြိုးကိုလည်း မြင်ပြီးပြီဆိုတော့ ရွာထဲကို သွားကြပေတော့။ ဒီတစ်ညဟာ အပြစ်ရှိသူကို အပြစ်ပေးမယ့် အချိန်အခါပဲ မောင်တို့ရဲ့…’
သူရူးက ပြောပြီးတော့ သုသာန်ဆီကို ဝင်ရောက်သွားခဲ့တယ်။
ရွာသားတွေလှည့်ကြည့်တော့ သူရူးကိုလည်း မမြင်ရတော့သလို၊ အခုနက အုတ်ဂူတွေအကြား ကနေတဲ့ မင်းသမီးမြစံပယ်ကိုလည်း မမြင်ကြရတော့ပါဘူး။
ရွာသားတွေလည်း အခြေအနေက သာမန်မဟုတ်၊ ခြောက်ခြားစရာကောင်းလွန်းတာမို့ ရွာထဲကို ခပ်သုတ်သုတ်ပဲ ပြန်လာခဲ့ကြတယ်။
ရွာထဲကို ရောက်လုရောက်ခင်မှာတော့ ရွာဘက်ကနေ…။
‘ ကယ်ကြပါဦးဗျာ…ကျုပ်ကို သတ်နေပါတယ်ဗျ…’
အော်သံနဲ့အတူ ရွာလမ်းအတိုင်း ပြေးထွက်လာတဲ့ အရိပ်တစ်ခု။ အနောက်ပါးဆီမှာလည်း နောက်ထပ်အရိပ်တစ်ခုက ကပ်ပါနေတယ်။
‘ ဘယ်သူလဲ…ဟေ့…ဟေ့ လုပ်ကြပါဦးဟ…’
ရွာသားတွေ ရုတ်ရုတ်သည်းသည်းဖြစ်သွားကြတယ်။
ပြီးတော့ အရှေ့က ပြေးလာသူကိုလည်း ဖမ်းကြသလို၊ အနောက်က လိုက်ပါလာသူကိုလည်း ဖမ်းဆီးလိုက်ကြတယ်။
‘ ဟာ…သူကြီး…’
အရှေ့က ပြေးလာသူက သူတို့ရွာရဲ့ သူကြီးဥိးလှမြင့်။
အနောက်ပါးက လူကို မြင်ချိန်မှာတော့ ရွာသားတွေအကုန် အံ့အားသင့်ကုန်ကြရတယ်။
‘ ဟာ…ဒါ…မြစံပယ်နဲ့အတူ ပွဲထွက်ခဲ့တဲ့ လူပြက်သောင်းတိုင် မဟုတ်လား။ မနှစ်က လာကတဲ့ ဆိုင်းဆီကလေ…’
‘ ဟုတ်တယ် ကျုပ် သောင်းတိုင်ပဲ…’
‘ ဘယ်လိုဖြစ်ရတာလဲ ကိုသောင်းတိုင်ရယ်။ ဒီရွာမှာ ဖြစ်ပျက်နေတာတွေ ခင်ဗျားက ဆက်စပ်နေရော့သလားဗျာ…’
‘ ဟုတ်တာပေါ့ဗျာ။ သိပ်ကို ဆက်စပ်နေတယ်။ အဲ့ဒါတွေအားလုံးက ကျုပ်လုပ်ခဲ့တာ…’
‘ နားမလည်တော့ဘူးဗျာ…’
‘ ဟူတ်တယ်ဗျာ။ ဘာကြောင့်မို့ ခင်ဗျား အခုလို လုပ်ရတာလဲ။ ကျုပ်တို့ တစ်ရွာလုံးဗျာ ခင်ဗျားတို့ ဆိ်ုင်းကို သဘောတွေကျပြီး အားပေးခဲ့ကြတာ။ မင်းသမီးမြစံပယ်နဲ့ ခင်ဗျားတို့ မောင်နှမနှစ်ယောက် အတွဲညီညီ လုပ်ပြတဲ့ ပြက်လုံးတွေကို ကျုပ်တို့ အားလုံး သိပ်သဘောကျခဲ့ရတာလေ…’
ကိုဝင်းညွန့်နဲ့ သာဖေက ထပြောတယ်။
‘ မှန်တယ်။ ဒါပေမယ့် ခင်ဗျားတို့ အားလုံးကို ကျုပ်မုန်းတယ်။ ကျုပ်ကို ဝါးလုံးရှည်နဲ့ သိမ်းရမ်းတယ်ပဲပြောပြော ခင်ဗျားတို့ ဒီရွာက ယောက်ျားတိုင်းကို ကျုပ်မုန်းတယ်…’
‘ ဟာ…’
‘ ခင်ဗျားတို့ မသိသေးရင် ကျုပ် ပြောပြမယ်။ ဒီပြဿနာတွေအားလုံးရဲ့ အစက ဟော့ဒီက လှမြင်နဲ့ မြစံပယ်ဆိုင်းက ဆိုင်းဆရာစိန်ကျော်တို့က စခဲ့တာပဲ…’
‘ ဟာ ဘယ်လိုတွေ ဖြစ်ကြတာလဲ ကျုပ်တို့ နားလည်အောင် ပြောပြစမ်းပါဦးဗျာ…’
‘ ကျုပ် ပြောပြရမှာပေါ့ဗျာ။ ပြီးရင်တော့ ခင်ဗျားတို့ ကျုပ်ကို ဒိနေရာမှာတင် စီရင်ပေးပါ…’
*******
မြစံပယ်ဆိုင်းအဖွဲ့ ပိတောက်ခင်ရွာမှာ တစ်ပါတ်တိတိ ပွဲလာကရချိန် ရွာသူရွာသားတွေရဲ့ ဖော်ရွေအားပေးမှုတွေကြောင့် သောင်းတိုင်တစ်ယောက် သိပ်ကို ပျော်ခဲ့ရတယ်။
သောင်းတိုင်လိုပဲ ညီမဖြစ်သူ မြစံပယ်ဟာလည်း ပျော်ရွှင်နေခဲ့ပါရဲ့။ သူတို့နှစ်ဦးက မောင်နှမအရင်းခေါက်ခေါက်တွေ။ မိဘတွေကလည်း မရှိကြတော့ဘူး။ သောင်းတိုင်ကသာ အကိုကြီးအဖရာအနေနဲ့ မြစံပယ်ကို စောင့်ရှောက်လာခဲ့တာရယ်။
မြစံပယ်က မင်းသမီးအလုပ်ကို သိပ်ဝါသနာထုံတယ်။ ဒါကြောင့် ဆိုင်းမင်းသမီးအဖြစ် လိုက်ပါချိန် ညီမဖြစ်သူကို စိတ်မချတဲ့ သောင်းတိုင်ကလည်း မိဘတွေ ခေါင်းချရာ ဇာတိကို စွန့်လို့ လူပြက်အဖြစ်နဲ့ မြစံပယ်နဲ့အတူ ဆိုင်းထဲ လိုက်ခဲ့တယ်။
ဆိုင်းထဲမှာဆို သောင်းတိုင်က မြစံပယ်ကို အမြဲတမ်း အရိပ်တကြည့်ကြည့်ပဲ။
ဒီလိုနေရင်းနဲ့ ပိတောက်ခင်ရွာက အလှူပွဲကို ခုနှစ်ရက်တိတိ ကပြရချိန် မောင်နှမနှစ်ယောက် အားသွန်ခွန်စိုက် ကြိုးပမ်းပြီး ကပြခဲ့ကြတယ်။
အလှူကြီးပြီးဆုံးတဲ့ညမှာ အလှူအောင်ပွဲအဖြစ် အပြီးသတ်ကပြီး နောက်တစ်နေ့မှာ ရပ်ရွာက ဆိုင်းအဖွဲ့ကို သီးသန့်ဧည့်ခံလိုလို့ တစ်ရက်လောက် ထပ်နေပေးဖို့ တောင်းဆိုတယ်။
ဆိုင်းအဖွဲ့ကလည်း နေဖို့ဆုံးဖြတ်ကြပြီး အဲ့ဒိ့တစ်ရက်ကို ရွာထဲက ဖိတ်ကြားတဲ့ အိမ်တွေဆီ လူခွဲပြီးလည်ပတ်ကြတယ်။
ဆိုင်းဆီက သောင်းတိုင်တို့ ယောက်ျားသား အတော်များများဟာလည်း ရပ်ရွာက ဧည့်ခံမှုနဲ့ သောက်စားမူးရူးခဲ့မိကြတယ်။
ဒီလိုဖြစ်ပြီး နောက်တစ်နေ့ မနက်မှာတော့ မြစံပယ်ဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တယ်။
ဆိုင်းဆရာက မြစံပယ်တစ်ယောက် ဇာတ်ကအပြီးမှာပဲ အနောက်က လိုက်ပါလာတဲ့ သူမချစ်သူနဲ့ ခိုးရာလိုက်သွားတယ်လို့ ဆိုင်းထဲမှာသတင်းလွှင့်တယ်။ သောင်းတိုင်ကိုလည်း ဒီသတင်းဟာ အပြင်ကို ပေါက်ကြားရင် မတင့်တယ်တာမို့ မြစံပယ်တစ်ယောက် မိခင်နေမကောင်းလို့ ပြန်တယ်ဆိုပြီး သတင်းလွှင့်စေတယ်။
သောင်းတိုင်ကတော့ အကြောင်းစုံကို မသိသေးချိန် ညီမဖြစ်သူအပေါ် ဒေါသထွက်ရတာပေါ့။
ညီမဖြစ်သူ ပြန်လာနိုးနဲ့ သောင်းတိုင် ဆိုင်းထဲမှာပဲ နေရင်း စောင့်နေမိခဲ့တယ်။
ဒါပေမယ့် သိပ်မကြာပါဘူး။ ဆိုင်းဆရာက ဆိုင်းကို နာမည်ပြောင်းလိုက်ပြီး သောင်းတိုင်ကိုလည်း အကြောင်းမယ်မယ်ရရမရှိဘဲ ဆိုင်းဆီကနေ ထုတ်လိုက်လေရော။ ဆိုင်းဆရာကို ဘယ်လောက်ပဲ တောင်း
ဒိအခါမှာတော့ သောင်းတိုင်တစ်ယောက် စိတ်လေသွားခဲ့ရတယ်။ ဒါနဲ့ပဲ ဆိုင်းထဲကထွက်ခဲ့ပြီး ညီမဖြစ်သူများ ပြန်ရောက်နေမလားဆိုတဲ့ အတွေးနဲ့ ဇာတိကို ပြန်ခဲ့တယ်။
ဒါပေမယ့်လည်း သူတို့အိမ်ကလေးက လူသူကင်းမဲ့ပြီး တိတ်ဆိတ်လို့သာ သူ့ကို ကြိုနေခဲ့တယ်။
အဲ့ဒီညမှာပဲ သောင်းတိုင်တစ်ယောက် အိပ်မက်တစ်ခုကို မက်ခဲ့ရတယ်။
အိပ်မက်ထဲမှာ မြစံပယ်က သွေးသံတရဲရဲနဲ့ သူတို့အိမ်ကလေးရဲ့ အရှေ့မှာ ငိုနေတယ်။
သောင်းတိုင်က စိတ်ပူပြီး မေးမြန်းဖို့ အနားကပ်သွားလေတော့ မြစံပယ်ဟာ ပျောက်ကွယ်သွားခဲ့တယ်။
သောင်းတိုင် လန့်နိုးခဲ့ရတယ်။
အစက အိပ်မက်ဟာ လခြား၊ ရက်ခြားပြီး မက်ပေမယ့် နောက်ပိုင်းတွေမှာတော့ ဒီအိပ်မက်တစ်ခုထဲကိုပဲ ညစဉ်တိုင်းလိုလို မက်လာခဲ့ရတယ်။ ဒီအခါမှာတော့ သောင်းတိုင်လည်း စိတ်ထဲ သင်္ကာမကင်းဖြစ်လာရလေတော့ရဲ့။
ဒါကြောင့် အရပ်ထဲက စွမ်းပါတယ်ဆိုတဲ့ အောက်လမ်းဆရာတစ်ယောက်ကို အိပ်မက်အကြောင်း ပြောပြပြီး ပညာနဲ့ စစ်ဆေးချိန်မှာတော့ ညီမဖြစ်သူ မြစံပယ်ဟာ အသတ်ခံခဲ့ရတယ်ဆိုတာကို သိလိုက်ရတယ်။
သိသိချင်း သောင်းတိုင် ရင်ဘတ်ကြီးကွဲထွက်တော့ မတတ်ဘဲ။
ညီမဖြစ်သူအတွက် လက်စားချေပေးမယ်လို့ သောင်းတိုင်ဆုံးဖြတ်ခဲ့တယ်။
အိမ်နဲ့ ခြံကို ရောင်းချပြီး ငွေကြေးတွေ ပုံအောပေးလို့ အောက်လမ်းဆရာဆီက အစီအရင်တချို့ကို သူတောင်းဝယ်တယ်။
နောက်တော့ အစီအရင်တွေကို ကိုင်စွဲလို့ ဆိုင်းဆရာစိန်ကျော်ကို အရင်ဆုံး လိုက်ရှာကာ သူကိုယ်တိုင်ပဲ သုတ်သင်စီရင်ခဲ့တယ်။
ပြီးမှ သူပိတောက်ခင်ရွာဆီကို ဆက်လာခဲ့ကာ သုသာန်ထဲက မြစံပယ်ကို မြှုပ်နှံထားတဲ့ နေရာကို ရှာဖွေပြီး အစီအရင်တွေအတိုင်း လုပ်ဆောင်ခဲ့တော့တာပါပဲ။
******
‘ အစီအရင်တွေကြောင့် ကျုပ် ညီမလေးကို မြင်ခွင့်ရတယ်။ လက်စားချေဖို့အတွက် ကျုပ်တို့ မောင်နှမလုပ်ဆောင်ကြတယ်။ ညီမလေးကို သတ်တဲ့အထဲမှာ ဆိုင်းဆရာစိန်ကျော်မပါပဲ ဒီရွာကတင် သတ်တဲ့သူနဲ့ အလောင်းဖျောက်ပေးသူ အားလုံးပေါင်း လေးယောက်တိတိပါဝင်တယ်။ ဒီလေးယောက်ထဲကမှ တစ်ယောက်က ညီမလေးကို မသတ်ခင် သားမယားအဖြစ်ပြုကျင့်လိုက်သေးတယ်…’
‘ ဟာ…ယုတ်မာလိုက်တာကွာ…’
‘ အဲ့ဒါ ဘယ်သူလဲ…’
ရွာသားတွေရဲ့ အသံတွေက စီညံသွားခဲ့တယ်။
‘ ကျုပ် စကားကို ဆုံးအောင် ပြောပါရစေဦး…’
‘ ပြောပါ ကိုသောင်းတိုင်…’
‘ အသတ်ခံရမယ့်ညမှာ ညီမလေးကို ဆိုင်းဆရာစိန်ကျော်က သူ့တူနဲ့ ငြိစွန်းနေတဲ့ ကိစ္စကို ပြောချင်လို့ဆိုပြီး အခေါ်ပြုတယ်တဲ့။ ညီမလေးက သွားချိန်မှာ ဆိုင်းဆရာစိန်ကျော်က သူကြီးဦးလှမြင့်နဲ့အတူ ဒီရွာက ဦးလှမြင့်ရဲ့ သူ့အပေါင်းအပါ သုံးယောက်တို့နဲ့ တင်းကုတ် ထဲမှာ ရှိနေတယ်။ ဆိုင်းဆရာစိန်ကျော်က ညီမလေးကို သူ့တူနဲ့ လမ်းခွဲပေးဖို့ ပြောတယ်။ ညီမလေးက ငိုယိုပြီး အခြေအနေက ကျူးကျူးလွန်လွန်ဖြစ်ပြီးကြောင်း၊ လမ်းခွဲဖို့ မဖြစ်နိုင်ကြောင်း ပြောပြတယ်။ ဒီမှာတင် ဆိုင်းဆရာစိန်ကျော်က ညီမလေးကို အကြပ်ကိုင်ပြီး သူ့ညွတ်ကွင်းထဲကို ဆွဲယူသွင်းတယ်။ ညီမလေးက အတင်းငြင်းဆန်ပြီး လက်မခံတော့ အတင်းအကြပ်လုပ်ဆောင်လာတယ်…’
‘ တောက်…’
ရွာသားတွေဆီက မချိတင်ကဲ တောက်ခတ်သံတချို့ ထွက်ပေါ်လာတယ်။
‘ ဆိုင်းဆရာ စိန်ကျော်က ဒီလိုလုပ်ဆောင်လာတာကို ဦးလှမြင့်က အကြီးအကဲတန်မဲ့ မတားမြစ်တဲ့အပြင် သူပါ ဝင်ပြီး လုပ်ဆောင်တယ်။ ကျန်တဲ့သူတွေကလည်း မသိသယောင်ဆောင်ပြီး ရှောင်ပေးကြတယ်။ နောက်ဆုံးတော့ ကျုပ်ညီမလေးခမျာ ရပ်ထဲရွာထဲမှာ ဖြစ်ပါရဲ့နဲ့ ရေတိမ်နစ်ပြီး အသက်ဆုံးပါးသွားခဲ့ရတယ်။ ခင်ဗျားတို့ဗျာ…ခင်ဗျားတို့ ရွာက လူတွေက တကယ့်ကို လူမဆန်လိုက်တာ။ သားသမီးချင်း ကိုယ်ချင်းမစာ ကိုယ့်အရှေ့မှာ မတရားတာကို လုပ်နေတာ မြင်ပါရက်နဲ့ ရှောင်သူက ရှောင်၊ လက်လျိုသူက လျှိုနဲ့။ ကျုပ် ခင်ဗျားတို့အားလုံးကို မုန်းတယ် အီး…ဟီး…ဟီး…’
လူပြက်သောင်းတိုင် ပြောရင်း ရှိုက်ကြီးတငင် ငိုပါတယ်။ ရွာသားတွေကတော့ သုတ်တသပ်သပ်နဲ့ ကိုယ်ချင်းစာမိကြရင်း ထပ်တူခံစားနေကြရတယ်။ သောင်းတိုင်က ငိုနေရင်းက…။
‘ တစ်ရွာလုံးမှာရှိတဲ့ ယောက်ျားတွေကို အသေသတ်နိုင်ဖို့ ကျုပ်စီရင်တယ်။ အစက ဒီလူယုတ်မာကြီးကို သွေးပျက်ရူးနှမ်းပြီးမှ သေပါစေဆိုပြီး ကျုပ် နောက်ဆုံးမှ သတ်ဖို့ လုပ်ထားတာ။ ဒါပေမယ့် ဒီကနေ့မှာတော့ ကျုပ် အစီအရင်ကို သူရူးတစ်ယောက်ယောက်လာပြီး ချုပ်ထိန်းသွားတယ်။ ညပိုင်းကျမှ အစီအရင် ပျက်နေမှန်းကျုပ်သိလိုက်တယ်။ ဒီကိစ္စတွေအကြားကို တစ်ယောက်ယောက်ဝင်လာပြီဆိုတာ ကျုပ်သိလိုက်တာမို့ ဒီလူကြီးကို မသတ်လိုက်ရမှာ ကျုပ် စိုးရိမ်လာရတယ်။ ဒါကြောင့် ကျုပိကိုယ်တိုင် ရွာထဲကို ဝင်ပြီး ဒိလူယုတ်မာကြီးကို သတ်ဖို့ လုပ်ခဲ့တာပဲ။ ကဲ ကျုပ်ပြောလိုရာ ပြောပြီးပြီ။ ခင်ဗျားတို့ကို ကျုပ် ကြိုတင်တောင်းဆိုထားသလို ဒီနေရာတင် ကျုပ်ကို စီရင်ပေးတော့။ ဒီလိုစီရင်ပြီးရင်တော့ ကျုပ်အလောင်းကို ကျုပ်ညီမလေးရဲ့ မြေပုံအနားမှာ အိပ်စက်ခွင့်ပေးပါလို့ ထပ်တောင်းဆိုပါတယ်…’
သောင်းတိုင်က စကားကို အဆုံးသတ်ပြီး သူ့ကို သတ်ဖို့ တောင်းဆိုတယ်။
ရွာသားတွေအားလုံး ဘာပြန်ပြောရမယ်မှန်းမသိ၊ နှုတ်ဆိတ်နေကြတယ်။
သူတို့မျက်ဝန်းထဲမှာ မနှစ်က ရွာအလှူတုန်းက သောင်းတိုင်တို့ မောင်နှမနှစ်ယောက် ကပြပုံတွေ။ ပြီးတော့ ဒီနေ့ နေ့ခင်းဘက်တုန်းက သုသာန်ထဲက ဖမ်းဆီးလာခဲ့တဲ့ သူရူးရဲ့ ပုံရိပ်တွေ။ နောက်ပြီးတော့ ရပ်ရွာအပေါ်တင်မက မိမိရပ်အကျိုးအတွက် လာရောက်ဖြေဖျော်ပေးသူကိုတောင် မညှာမတာ ယုတ်မာခဲ့တဲ့ သူကြီးဦးလှမြင့်ရဲ့ ယုတ်မာပုံတွေကို မြင်ယောင်နေမိကြတယ်။
‘ ငါ…ငါတောင်းပန်ပါတယ် မောင်သောင်းတိုင်ရယ်။ တကယ်တော့ အဲ့ဒီ့တုန်းက အရက်မူးလွန်နေလို့ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတာပါ။ ငါ…ငါတကယ်ကို တောင်းပန်ပါတယ် မောင်သောင်းတိုင်ရယ်…ငါ့ကို မသတ်ပါနဲ့ကွာ…’
ဦးလှမြင့်ဆီက တောင်းပန်စကားတွေ။
ဒိစကားတွေကို သောင်းတိုင်မပြောနဲ့ သူ့ရွာကလူတွေတောင် နားခါးလွန်းလှနေကြရပြီ။
ဦးရွှေမောင်၊ သာဖေနဲ့ ဝင်းညွန့်တို့က အရှေ့ကို တိုးတက်လာကြတယ်။
‘ ကဲ…ကိုသောင်းတိုင်။ ခင်ဗျား ပြုတဲ့အမှုကြောင့် ရပ်ရွာက မသက်ဆိုင်သူတချို့လည်း သေပေးခဲ့ရတယ်။ တကယ်တော့ ဒီလိုလုပ်လို့ ခင်ဗျားလည်း မမှားပါဘူး။ ခင်ဗျားနေရာမှာ ကျုပ်တို့ဆိုရင်လည်း လုပ်မိမှာပါပဲ။ ကျုပ်တို့အားလုံး ခင်ဗျားကို ကိုယ်ချင်းစာမိပါတယ်။ ကျုပ်တို့ ရပ်ရွာက ခင်ဗျားတို့အပေါ်ကို စတင်ပြီး ယုတ်မာခဲ့မိတာဆိုတော့လည်း ကျုပ်တို့ ဘာပြောသာမှာလဲ…’
‘ ဟုတ်တယ်။ ကိုသောင်းတိုင်…ဒိကိစ္စမှာ ကျုပ်တို့က စီရင်ပိုင်ခွင့်တော့ မရှိပါဘူး။ ဒါပေမယ့် လောကကြီးအတွက်ကို လူယုတ်မာတစ်ယောက် လျော့ပါးသွားစေဖို့အတွက်တော့ လုပ်ပေးနိုင်တာရှိပါတယ်။ ခင်ဗျား ညီမလေးအတွက် ခင်ဗျား လက်စားပြန်ချေချင် ချေပါ။ ကျုပ်တို့ မသိသယောင် ပြုပေးနေပါ့မယ်…’
‘ ရော့…မောင်သောင်းတိုင်…’
လူငယ်တွေကို ဦးစီးဦးဆောင်သူ သုံးဦးက သောင်းတိုင်ကို ဖေးမပြောကြပြီး ဓားမြှောင်တစ်ချောင်းကိုလည်း လှမ်းပစ်ပေးလိုက်တယ်။
နောက်တော့ ရွာက လူငယ်တွေကို ဦးဆောင်ပြီး သောင်းတိုင်နဲ့ ဦးလှမြင့်တို့ကို ထားရစ်လို့ ရွာထဲကို ပြန်ဝင်ခဲ့ကြပါတော့တယ်။
*******
နောက်တစ်နေ့မနက်မှာတော့…။
ရွာအပြင်ဆီမှာ ဓားဒဏ်ရာများစွာနဲ့ သေဆုံးနေတဲ့ သူကြီးဦးလှမြင့်ရဲ့ အလောင်းနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ထားတဲ့ တစ်ချိန်က လူတိုင်းကို ရယ်မောပျော်ရွှင်စေခဲ့သူ လူပြက် သောင်းတိုင်တို့ရဲ့ အလောင်းကို တွေ့ကြရပါတယ်။
ဒီကိစ္စမှာ ဆုံးဖြတ်ချက်တွေဟာ မှန်သလား၊ မှားသလား မသဲကွဲပေမယ့် ယုတ်မာသူတို့ရဲ့ နိဂုံးမလှပုံကိုတော့ အရှင်းသားမြင်တွေ့နိုင်ကြမှာပါ။
ဒီကိစ္စတွေအကြားမှာ အဆုံးသတ်စေသူကတော့ ခါတိုင်းကိစ္စတွေမှာလို နတ်သားသူတော်လို့ ကိုယ့်ကိုယ်ကို သမုတ်တတ်တဲ့ သူရူးမဟုတ်ခဲ့ပါဘူး။
ဒါပေမယ့် သေချာတာတစ်ခုက လူယုတ်မာတစ်စုကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးရွားလွန်းတဲ့ တုန့်ပြန်မှုကြီးမှာ မသက်ဆိုင်သူတွေ အသက်စတေးနေရမှုကတော့ ဒိသူရူးကြောင့် ရပ်တန့်ခဲ့ရတယ်ဆိုတာကတော့ အမှန်တရားပါပဲ…။
ပြီးပါပြီ။
နောင်ရိုး(ဆေးတပ်)
Leave a Reply