ချစ်လို့ပြုစားခံရသူ

တဘက်ကိုမောင်အုန်းက ငြင်းဆန်လိုက်သည်။
ထဘက်အားဘွားမယ်စိန်က နံဘေးတွင်ထိုင်နေသောသမီးဖြစ်သူဒေါ်ဝင်းဆီပြန်ပေးပြီး
သည်နှင့် မောင်အုန်းပြောမည့်အကြောင်းအရာအား နားထောင်နေလိုက်တော့သည်။
“သူကြီးအိမ်မှာ ဧည့်သည်တွေရောက်နေတယ်ဘွား…။အခုကျုပ်ကိုလွှတ်လိုက်တာကလည်း အဲ့ဧည့်သည်တွေကိစ္စပဲဗျ”
“ဘယ်ကဧည့်သည်လည်းမောင်အုန်း”
“သူကြီးနဲ့ဆွေမကင်းမျိုးမကင်းထဲကပဲဗျ…။မြို့ကလို့တော့ပြောတယ်..ပိုက်ဆံတော့ရှိမယ့်ပုံပဲ”
“အမ်း…။အခုလာတာကဘာကြောင့်လဲ”
“အဲ့ဧည့်သည်တွေရဲ့သမီးကအရမ်းချော
အရမ်းလှတယ်ဗျ…။ရယ်လိုက်ရင်ကို သွားတက်လေးနဲ့…ဟီး…
ကျုပ်ဖြင့်ကြည့်တောင်မဝဘူးဗျာ”
“ဒေါက်…”
“အမလေးဗျ…။အား…လား…လား…နာလိုက်တာဗျာ”
ဘွားမယ်စိန် ပြောင်စပ်စပ်မျက်နှာပေးဖြစ်နေသော မောင်အုန်း၏ခေါင်းအား ရေနွေးကြမ်းပန်းကန်လုံးဖြင့်အသာထု့လိုက်လေတော့ မောင်အုန်းခမျာ မျက်နှာကြီးရှုံ့ကာမဲ့ကာဖြစ်သွားရလေသည်။
ဘွားမယ်စိန် နှင့် မောင်အုန်း၏အဖြစ်ကိုဒေါ်ဝင်းကြည့်ရင်း တဟားဟားရယ်မောလို့နေလေ၏။
“ကဲ…လာရင်းကိစ္စပဲပြော…။ဘယ့်နဲ့မဟုတ်တာပတ်ပြောနေရင် မောင်ရင်အအေးမိပြီး နောက်ရက်အလောင်းပြင်နေရတော့မယ်”
“အာ…ဘွားကလည်း….ကျုပ်ပြောပါ့မယ်ဗျ။ ဒီလိုဘွားရဲ့အဲ့ဧည့်သည်တွေရဲ့သမီးလေးက ပြောရရင်အသက်နှစ်ဆယ်ကျော်လေး…။အယ်..အဲ့ကလေးမလေးက တစ်ခါတစ်လေကျရင် အမူအရာတွေကပြောင်းတယ်ဗျ…”
“ဘယ်လိုပြောင်းတာလဲ….သေချာပြောစမ်းဘွားကို”
“ဟုတ်ဘွား…။သူ့မိဘတွေပြောတာတော့…တစ်ခါတစ်လေငိုနေတယ်…။တစ်ခါတစ်လေကျပြန်တော့ရယ်နေပြန်ကောတဲ့…အယ်..နောက်တစ်ခါတစ်လေကျပြန်တော့ ဒေါသတွေထွက်နေပြန်ရောတဲ့ ဗျာ…”
“အင်း…အခုကောသူကြီးအိမ်မှာ
ကောင်းကောင်းမွန်မွန်ပဲလား”
“မကောင်းဘူးဘွားရဲ့…။
အခုသောင်းကျန်းနေလို့ ဘွားကိုလာပင့်ရတာပဲ”
“ဟဲ့…သြော် ငါထု့ထည့်လိုက်ရ…။ဟိုမှာအလျှင်တလိုဖြစ်နေတာကို မပြောဘဲ…။အကြောင်းရှာနေသေးတယ် မောင်ရင်ရယ်”
“အဲ့လိုဖြစ်သွားတာလားကျုပ်လည်းပြောမလို့ပါဘွားရယ်။
အခုအဲ့ကောင်မလေး အော်ဟစ်သောင်းကျန်းနေလို့
အခန်းပိတ်ထားကြရတယ်ဗျ”
“အေး…အေး…ဒါဆို ဘွားလိုက်ခဲ့မယ်”
“အမေဖြစ်ပါ့မလား…မိုးတွေရွာနေတာကိုတော်…
မြေတွေကချောချောနဲ့ ချော်လဲရင်ခက်ကုန်မယ်”
“မပူနဲ့ဗျ…ကျုပ်ကအရင်လာပြောတာ…
နောက်မှာမောင်တိုးကလှည်းနဲ့လာမှာ…။ဘွားလှည်းနဲ့လိုက်တော့သွားရတာအဆင်ပြေအောင်ပေါ့”
“အေးပါအဲ့သလိုဆိုရင်တော့ ငါ့အမေ့ကို စိတ်ချပါတယ်ဟယ်”
ဒေါ်ဝင်းကစိုးရိမ်တကြီးပြောသောအခါ မောင်အုန်းက မောင်တိုးလာမည့်အကြောင်းပြောပြလေသည်။
ခဏမျှကြာလေတော့ ပေါင်းမိုးတပ်ထားသော
လှည်းအားမောင်တိုးမောင်းရင်း ရောက်ရှိလာတော့သည်။
ဘွားမယ်စိန်သည်သူ၏တောင်ဝှေးအား
ယူ၍ ထိုလှည်းနှင့်အတူ သူကြီးအိမ်သို့ထွက်ခွာလာခဲ့တော့၏။
*******
“ဘုန်း…”
“ဝုန်း…”
“တံခါးဖွင့်စမ်း…ဟဲ့…ငါပြောနေတယ်လေ
တံခါးဖွင့်စမ်းလို့…။အီးးးး….ဟီးးး…ဟီးးး…
ကျုပ်ကိုတံခါးဖွင့်ပေးကြပါတော်…သြော်…ငါဆောင့်ကန်လိုက်ရဒီတံခါးကို….ဟားးးး…ဟားးး..
ဟားးးး…ဟားးး……….”
“အမလေး…သမီးရယ်…ဘယ်လိုတွေဖြစ်ရတာတုန်း….အီး..ဟီး..ဟီးးးဟီး…”
“မိန်းမရယ်…ငါတို့သမီးအဖြစ်ကလည်းကွာ….ဟားး…။
နောင်ချိုရာ လုပ်ပါဦးကွာ…ငါတို့ကိုကူညီပါဦး”
အိမ်အပေါ်ထပ်ရှိ
ပိတ်ထားသောအခန်းတံခါး၏အပြင်ဘက်၌ တစ်ဦးကိုတစ်ဦးဝမ်းနည်းစွာပွေ့ဖက်ငိုကြွေးနေကြသော အမျိုးသမီးကြီးနှင့်အမျိုးသားကြီးတစ်ဦး။
ထိုနှစ်ဦးဘေး၌ စိတ်မကောင်းစွာရပ်ကြည့်နေသော သူကြီးဦးနောင်ချိုနှင့် ဦးဘစီတို့နှစ်ဦး။
“ဘွားမယ်စိန်လာတော့မှာပါဗျာ….။ခဏလေးပဲသည်းခံကြပါဦး”
“ဟုတ်ပါတယ်ဗျာ…
သူကြီးပြောသလိုပဲခဏလေးပဲစောင့်ပေးကြပါ”
သူကြီး၏အိမ်၌တော့အပူမီးများဖြင့်ရှိနေကြသည်။
အခန်းအတွင်းမှာလည်းမိန်းမပျို၏အော်ဟစ်သံများ၊ငိုကြွေးသံများက အစီအရီထွက်ပေါ်လို့နေခဲ့၏။
“ဟဲ့…နွား….သြော်…”
“ဆင်ဝင်အောက်ထိမောင်းလိုက် မောင်တိုး”
နွားငေါက်သံများကြောင့် ဘွားမယ်စိန်တို့လှည်း သူကြီးအိမ်သို့ရောက်လာပြီဖြစ်ကြောင်းအပေါ်ထပ်ရှိလူများသတိထားမိလိုက်ကြသည်။
မိုးသည်ပင်တိတ်လု့လု့ဖြစ်၏။
“ဘွားတို့လာပြီသူကြီး”
“အေး…ကျုပ်လည်းကြားတယ်ဗျ….။ကိုကြီးမောင်ရင်နဲ့အစ်မအေးသီတာတို့ စိတ်ချဗျာ…ဘွားမယ်စိန်လာပြီဗျ”
သူကြီးကဝမ်းသာအားရစကားဆိုလေသည်။
ဦးဘစီကတော့အိမ်အောက်ထပ်သို့ဆင်း၍ ဘွားမယ်စိန်အား သွားကြိုရှာ၏။
“ဘွားဖြေးဖြေးတက်ပါ…ချော်လဲဦးမယ်”
“ရပါတယ်မောင်ဘစီရယ်…ဘွားက အသက်အဲ့လောက်မကြီးသေးပါဘူးကွဲ့”
“ဟား…ဟုတ်ပါပြီဘွားရယ်”
ဘွားမယ်စိန်သူ၏တောင်ဝှေးအား အားပြု၍အိမ်အပေါ်ထပ်သို့တက်လာခဲ့၏။
အိမ်အပေါ်ထပ်သို့ရောက်တော့ သူကြီးဦးနောင်ချိုနဲ့သူစိမ်းနှစ်ဦးကိုတွေ့သွားလေသည်။
“ဘွား…ဒါက ကျုပ်ရဲ့ ရဲ့နှစ်ဝမ်းကွဲအစ်ကို ကိုမောင်ရင်တဲ့…ဒါသူဇနီး မအေးသီတာပါ…။
ဟော…အခု အခန်းထဲမှာရှိတဲ့သူကတော့ ကျုပ်အစ်ကိုရဲ့သမီးလေး သီတာခင်တဲ့ ဘွားရယ်…
ကျုပ်တူမလေးကိုကူညီပေးပါဦးဗျာ”
သူကြီးဦးနောင်ချိုက မိတ်ဆက်ပေးလေသည်။
ထိုအခါဘွားမယ်စိန်က…
“ဒီက မောင်သာရင်တို့သမီး
အခုလိုဖြစ်နေတာကြာပြီလားကွဲ့”
ဘွားမယ်စိန်၏အမေးအား ဦးသာရင်က…
“ကျုပ်အထင်တော့ တစ်ပတ်လောက်ရှိပြီထင်တယ်ဗျ…။
ကျုပ်တို့လည်း သမီးအခြေအနေကြောင့်
မြို့မှာမထားရဲတာနဲ့ဒီကိုလာရတာပဲဘွားရယ်…။ဖြစ်နိုင်ရင်ကျုပ်သမီးလေးကိုကယ်ပါဦးဗျာ”
“ဟုတ်ပါတယ်ဘွားရယ်…ကျုပ်ရှစ်ခိုးပါတယ်တော်…
ကျုပ်သမီးလေးကိုကယ်ပေးပါနော်”
“ကဲ…တူမကြီး ထ….ထ…အဲ့လောက်ထိမဖြစ်ပါနဲ့ကွယ်…။
ဘွား..ကလေးမကိုကြည့်ပေးပါ့မယ်”
ဒေါ်အေးသီတာသည် ဘွားမယ်စိန်အား မျက်ရည်ကြီးငယ်ဖြင့်ထိုင်ကန်နေရှာ၍ ဘွားမယ်စိန်ကတားဆီးလိုက်လေသည်။
“တံခါးဖွင့်လိုက်…ဘွား အခန်းထဲဝင်မယ်…”
ဘွားမယ်စိန်တံခါးဖွင့်ခိုင်းချိန်၌အနီးတွင် မောင်တိုးနှင့်မောင်အုန်းတို့ရောက်ရှိလာကြသည်။
မောင်တိုးကပင် ပိတ်ထားသော အခန်းတံခါးအားဖွင့်ပေးရှာ၏။
အခန်းတံခါးပွင့်ချိန်၌ အခန်းအတွင်းမှာတော့အမှောင်အတိဖြစ်လို့နေသည်။
အခန်းအတွင်းရှိအသံသည်လည်း ထူးဆန်းစွာတိတ်ဆိတ်လို့နေခဲ့၏။
“ဘွား…ဒီမှာဆီမီးခွက်….”
“ရတယ်…ပေး…ပေး..ကျုပ်အလင်းပြပေးမယ်”
ဦးဘစီပေးသော ဆီမီးခွက်အား မောင်တိုးက ကိုယ်တိုင်ကိုင်ပေးထား၏။
ဘွားမယ်စိန် ဆီမီးခွက်အလင်းဖြင့် အခန်းအတွင်းကြည့်လေရာ…
အခန်းထောင့်တစ်နေရာ၌ ကျောပေးကာထိုင်နေသော ဆံပင်ဖျားလျားဖြင့်မိန်းမပျိုတစ်ဦး…။
ထိုမိန်းမပျိုသည် ဝတ်ထားသောထဘီကိုပင် ပေါင်အထက်သို့ပင့်တင်လို့ထားပြီး တင်ပုလ္လင်ခွေအနေအထားဖြင့်ထိုင်နေခဲ့၏။
“ကဲ …ဖယောင်းတိုင်သုံးတိုင်လောက် ဘွားကိုပေး”
“ဟုတ်ကဲ့ဘွား…”
“ကျန်လူတွေ အခန်းအပြင်ကပဲကြည့်ပေးကြ။မောင်တိုး တစ်ယောက်ပဲအခန်းထဲနေ”
“ဟုတ်ကဲ့ဘွား…”
မောင်တိုးယူလာပေးသောဖယောင်းတိုင်သုံးတိုင်အား ဘွားမယ်စိန်ကြမ်းပြင်အထက်၌ စိုက်ကာထွန်းညှိ့လေသည်။
မောင်တိုးသည်က ဘွားမယ်စိန်၏အနောက်၌…။
ဘွားမယ်စိန်သည် တင်ပုလ္လင်ခွေကာထိုင်ရင်း
သူ၏တောင်ဝှေးအားဟန်ပါပါကိုင်လို့ထား၏။
ကျောပေးထားသောမိန်းမပျိုသည်က ယခုထိမလှုပ်ရှားသေး။
“ကဲ…ကလေးမ… ။ဘွားဘက်ဆီကိုလှည့်…”
ဘွားမယ်စိန်ပြောလိုက်လေသည်။
သို့သော် မတုန်မလှုပ်ထိုင်နေသူကထိုင်နေသေး၏။
ထိုအခါ ဘွားမယ်စိန် ထိုမိန်းကလေး၏ကျောပြင်အား
စိုက်ကြည့်ကာ…
“ဟဲ့….ကောင်မ မိလှ…
ညည်းကိုငါခေါ်နေတာအခုလှည့်လိုက်”
“ဝုန်း….”
“အမလေး….”
ဘွားမယ်စိန်၏အသံကျယ်ကြီး အဆုံး၌ ကျောပေးထားသောမိန်းကလေးသည် ချက်ချင်းဆွဲအလှည့်ခံရသကဲ့သို့ လှည့်လာခဲ့ရ၏။
ချောမောလှသော မိန်းကလေးသည် အံကိုတင်းတင်းကြိတ်ထားလေသည်။
ဘွားမယ်စိန်ထံသို့
သူ၏ခေါင်းအား ခပ်စောင်းစောင်းအနေအထားဖြင့်စိုက်ကြည့်နေခဲ့ပြန်သည်။
ထိုသို့ကြည့်နေရင်းရုတ်တရက် ထဘီကိုပေါင်အထက်သို့ ဆွဲတင်လိုက်ပြီး ဆောင့်ကြောင့်ထိုင်အနေအထားဖြင့်…
“ဟီး..ဘှားက သမီးကိသိလို့လား….ဟီးးးဟီးးးဟီးးးးး”
“ဟဲ့…ပလီပလာ လာလုပ်မနေနဲ့ မိလှ…။ညည်းဘာကောင်မလည်းငါသိတယ်…
ညည်းဒီကလေးမကိုဘာကြောင့်
အခုလိုလုပ်ထားသလဲသာငါ့ကိုပြော”
“ဟီး…ကျုပ်သူ့ကိုချစ်လို့ပါတော်…”
ဆံပင်အားလက်ဖြင့်သက်ရင်းအနေအထားမပျက်ပင် မျက်နှာခပ်ပြုံးပြုံးဖြင့် ပြောလေသည်။
“ချစ်လို့…ဟုတ်စ။ ညည်းချစ်လို့လုပ်တယ်ဆိုတာ
အခုကြည့်စမ်း…ဒီကလေးမ ဘယ်လောက်အရှက်မဲ့ရသလဲ…။တစ်ခုပဲပြောမယ်အေ…ညည်းအတတ်တွေညည်းပြန်ယူ….ဒီကလေးမကိုအကောင်းတိုင်းပြန်ထားပေးခဲ့”
“အို…အဲ့လောက်လွယ်ပါ့မလားတော်….”
“အေး…မလွယ်ဘူးထင်ရင် ဒီမှာကြည့်….”
“ဒုန်း”
“အမလေးတော့……”
ဘွားမယ်စိန်သူ၏တောင်ဝှေးအား
ကြမ်းပြင်ပေါ်သို့ဆောင့်ချလိုက်လေသည်။
ထိုအခါ မိန်းကလေးသည် အလန့်တကြားဖြင့် နောက်သို့လဲကျလို့သွား၏။
“ဘယ်လိုဖြစ်ရတာလဲမိလှ…
ညည်းကိုငါဘာမှမလုပ်ရသေးပါဘူးအေ…
ဒီလောက်ကြောက်တတ်နေရင်ငါပြောသလိုသာလုပ်စမ်းပါ”
“ကျုပ်ကိုဘာမှအန္တရာယ်ထပ်မပေးရင် ကျုပ်ပြန်ကောင်းအောင်လုပ်ပေးပါ့မယ်”
“အင်း….။ညည်းလုပ်ထားတာတွေကို….ရော့…ဒီခွက်ထဲမှာ အန်ပစ်လိုက်”
ဘွားမယ်စိန် အခန်းတစ်နေရာမှတွေ့သော ကော်ခွက်အား မိန်းကလေးရှေ့သို့ပစ်ပေးလိုက်သည်။
ကော်ခွက်အားကြည့်ရင်း မိန်းကလေးသည် လုပ်ပေးသင့် မလုပ်ပေးသင့်ဝေခွဲနေလေရာ…
“ညည်းလွတ်လမ်းမရှိဘူးနော်…။ ဒီကလေးမကိုအန္တရာယ်ပေးရင် ညည်းခန္ဓာကိုယ်အကောင်းပဂတိ
အတိုင်းရှိနေမယ်မထင်နဲ့အေ့…
ကိုယ့်အတတ်ကိုယ်စူးပြီးငရဲကိုသွားရလိမ့်မယ်။
ညည်းစမ်းချင်သပဆိုစမ်းကြည့်လိုက်”
“ကျုပ်..မစမ်းတော့ပါဘူးတော်…။ဘွား ရဲ့ပညာတွေကို ကျုပ်မပြိုင်ဝံ့ပါဘူး…….”
“အေး…မပြိုင်ဝံ့ရင်လည်း…
ညည်းဒီကလေးမကို
နောက်နောင်မနှောက်ယှက်တော့ကြောင်း
ဘွားကို ဂတိပေးစမ်း…”
“ကျုပ်….ကျုပ်…ဂတိ……..”
ဂတိပေးဖို့ဝန်လေးနေလေသည်။
ထိုအခါဘွားမယ်စိန်က…
“ဟောသည်ဖယောင်းတိုင်မှာတောက်လောင်နေတဲ့
မီးတောက်ကို ညည်းကိုယ်မှာ
တောက်လောင်သွားချင်လား မိလှ…။
ညည်းနာမည်ငါသိနေတာဆိုတာကိုက ညည်းငါ့ကိုမယှဉ်နိုင်ဖူးဆိုတာညည်းသိမှာပေါ့…
အဲ့တော့တောင်းတဲ့ဂတိသာညည်းပေးစမ်းပါအေ….”
“ကျုပ်…ကျုပ် ဂတိပေးပါတယ်ဘွားရယ်…
ကျုပ်ကိုသာ ဘာမှမလုပ်ပါနဲ့နော်။
“စိတ်ချ..ညည်းကိုငါရော…ဒီကလေးမ မိဘတွေကော
အန္တရာယ်မပေးစေရဘူးစိတ်ချ….”
ဘွားမယ်စိန်ကထိုသို့ပြောလိုက်လေမှ…
“အော့….ဝေါ့….ဝေါ့…..”
ကော်ခွက်ထဲသို့ အန်ချပေးလိုက်လေသည်။
အန်ချသည်များက အရည်အကျိအချွဲများပင်ဖြစ်၏။
အန်ချလို့ပြီးသည်နှင့်ချက်ချင်းပင် မိန်းကလေးသည် ကြမ်းပြင်ပေါ်သို့လဲကျလို့သွားရှာသည်။
“သမီးလေး…သမီးလေး…”
“ကလေးမကိုထူလိုက်ကြဦး….။ကဲ…မောင်တိုး ဒီခွက်နဲ့ဒီဟာတွေကို လူသူရှင်းတဲ့နေရာမှာသွားပစ်လိုက်တော့”
“ဟုတ်ကဲ့ဘွား…”
ဦးသာရင်နှင့်ဒေါ်အေးသီတာတို့သည် သမီးဖြစ်သူအားထွေးပွေ့လို့ထားကြ၏။
မောင်တိုးအားစေခိုင်းအပြီးမှာတော့ ဘွားမယ်စိန်က…
“ရေတစ်ခွက်ယူပေးကြ”
ဦးဘစီကိုယ်တိုင်သောက်ရေတစ်ခွက်သွားခပ်လို့ပေး၏။
ဘွားမယ်စိန်လက်အတွင်း ရေခွက်ရောက်လာချိန်မှာတော့…
“ကဲ…ဘုရားဆေး…တရားဆေး…သံဃာဆေး….”
ဟု…ဆိုကာ မိန်းကလေး၏ကိုယ်အထက်သို့ အနည်းငယ်ပတ်ဖြန်းပေးလေသည်။
ထိုသို့ပတ်ဖြန်းလေမှ မိန်းကလေးသည် ပြန်လည်နိုးထလို့လာရှာသည်။
သမီးဖြစ်သူပြန်လည်ကောင်းမွန်လာ၍ ဦးသာရင်တို့လင်မယား သမီးဖြစ်သူအား ဝမ်းသာအားရပွေ့ဖက်ကြရှာသည်။
နောက်ဆုံး…အဖြစ်ပျက်များအားမသိရှာသောသမီးဖြစ်သူကိုအကြောင်စုံပြောပြ၍ ဘွားမယ်စိန်အား သားမိသားဖသုံးဦးထိုင်ကန်တော့ကြလေသည်။
ထိုအခါ…ဘွားမယ်စိန်ပြောသည်က…
“အောက်လမ်းက ချစ်လို့လုပ်တာဆိုပဲကွယ်…
မောင်သာရင်မင်းဘွားပြောလိုက်တဲ့အမည်ကို
သိသော်ရှိ၊မသိသော်ရှိ ဒီကိစ္စကိုဒီနေရာမှာပဲထားလိုက်ကြဖို့ဘွားမှာလိုက်မယ်…။ကလေးမလေးလည်းဘုရားတရားကိုသေချာလုပ်…ဘုရားတရားမြဲနေရင်ဘယ်အတတ်မှမလုပ်နိုင်ကြ…
မလုပ်ရဲကြဘူး…အခုပြုစားသူလည်း
နောက်မလုပ်တော့ဘူးလို့ဘွားကို
ဂတိပေးသွားပါတယ်ကွယ်”
“စိတ်ချပါဘွား…။ကျုပ်သမီးလေးအကောင်းတိုင်း
ပြန်ဖြစ်တာပဲကျုပ်ကျေနပ်ပါတယ်။ဘွားပြောတာကို ကျုပ်လိုက်နာပါ့မယ်”
“အေးကွယ်….ဒါဆိုရင်ဖြင့် ဘွားစိတ်ချပါပြီ”
ဦးသာရင်ပြောသော စကားအား ဘွားမယ်စိန်ကျေနပ်သွားတော့သည်။
ပြီးပါပြီ။
ယဉ်မင်း(ကန့်ဘလူ)