ဇီဝိန်ခြွေမဲ့တိုက်မြွေ

လို့လဲ…..”
” ကျွန်တော် ရွာတောင်ပိုင်းက ဘကြီးအိမ်ကိုသွားမလို့ဗျ….”
” ဪ….ဒါဆို ဖြူနှင့်လမ်းသင့်နေတာဘဲ အတူသွားကြတာပေါ့….”
” ဟုတ်ဆရာမလေး….”
ဆရာမလေးနှင့် တက်ထွန်းတို့နှစ်ယောက် ဘေးချင်းယှဉ်သွားနေကြသည်ကို ရွာထဲရှိငမူးသာအောင်ကလှမ်းတေ့ွလိုက်၏။
” အံမယ်….ဒီကောင်တက်ထွန်းက အနူလက်နဲ့ရွှေခွက်နိုက်ချင်နေတာကိုးကွ….တောက်! မတန်မရာကွာ….ထွီး….. ”
ငမူးသာအောင်က မကျေမချမ်းရေရွတ်ပြီး ရွာဘက်သို့ပြန်လှည့်သွား၏။
ကို ညိုမြ၏ထန်းတောတွင်ကား သောက်စားသူများဖြင့်ပြည့်နှက်နေ၏။ သူ့ဆိုင်တွင် ထန်းရည်သာမက ချက်အရက်ဖြူနှင့် ခေါင်ရည်ပါရ၏။ အမြည်းကား ကိုညိုမြ၏ဇနီးက ဒိုင်ခံလုပ်ပေးသဖြင့် ဖွယ်ဖွယ်ရာရာရှိ၏။
” ကိုကြီးညိုမြ ဒီဝိုင်းကိုထန်းရည်တစ်မြူနှင့် ချက်အရက်ပြင်းပြင်းနှစ်လုံးချဗျာ….အမြည်းကဆိတ်သားခြောက်ကြော်ချပေး….”
” အေးအေးရမယ်ဗျ….ခဏစောင့်….”
” ဟျောင့်ညိုမြ….ဒီဘက်ဝိုင်းကိုလည်း ချက်အရက်သုံးလုံးချဗျ….”
ကိုညိုမြကား အရက်ချလိုက်၊အမြည်းချလိုက်ဖြင့် ထိုင်ရသည်ဟုပင်မရှိ။
” သာအောင်…. မင်းပြောတာအမှန်ဘဲလားကွ….ဆရာမလေးနှင့် ဟိုကောင်တက်ထွန်းက ဘေးချင်းယှဉ်ပြီး လမ်းအတူလျှောက်တဲ့အဆင့်တောင်ရောက်နေပြီလား….”
” ရောက်ပါသော်ကောအာစရိရယ်….ဟိုကောင်ကဆရာမလေးရဲ့ ခြင်းတောင်းလေးကိုတောင်ကူဆွဲပေးသဗျ…ဒါကိုလည်းဆရာမလေးကအတော်သဘောကျပုံရတယ်…. မျက်နှာကပြုံးဖီးလို့ဗျ…..”
” ဖွီး….တက်ထွန်း….တက်ထွန်း….မင်းကအသက်မရှည်ချင်တော့လို့ ငါကြိုက်တဲ့ဆရာမလေးကို လုယူရဲတာထင်တယ်…..”
” ဒုန်း….”
” ကလွမ်….”
ဇော်ထက်က ကြားလိုက်ရသောစကားကြောင့် ဒေါပွကာ အရက်စားပွဲဝိုင်းကို ဒုန်းခနဲထုချလိုက်ရာ အမြည်းပန်းကန်ရော အရက်ပုလင်းပါ မြေပေါ်သို့ ပြန့်ကျဲသွားကုန်၏။ ထိုအချိန်ကိုညိုမြကြီးက စားပွဲအနားရောက်လာပြီး
” အသာလုပ်ပါဆရာတို့ရယ်….ကျုပ်ရဲ့ပစ္စည်းတွေကိုတော့ မဖျက်ဆီးပစ်ပါနဲ့….”
” ဘာလဲကိုမြကြီး…. မင်းပစ္စည်းရဲ့တန်ဖိုးကဘယ်လောက်ရှိလို့်လဲ….ကဲရော့ကွာအာရုံနောက်တယ်….သွားတော့ မဟုတ်ရင်နောက်ထပ်ထိုးမဲ့ဟာက မင်းဖြစ်သွားမယ်….”
ဇော်ထက်က ငွေအချို့ကို စားပွဲပေါ်ပစ်ပေးလိုက်ရာ ညိုမြလည်းထိုငွေကိုယူပြီး တဲထဲသို့ဝင်သွား၏။ ထောင့်နားရှိစားပွဲဝိုင်းမှ လူတစ်ယောက်ကား ချက်အရက်ဖြူပြင်းပြင်းကို ရေမရောဘဲ ပုလင်းလိုက်မော့သောက်နေတော့၏။
နွေရာသီကျောင်းပိတ်ရက်တစ်ခု၌ တက်ထွန်းသည် နွားကျောင်းရင်း ပုလွေလေးကိုမှုတ်ကာ ဆရာမလေးကိုလွမ်းဆွတ်နေမိ၏။
” ဟေ့ကောင်တက်ထွန်း….မင်းကို နွားကျောင်းခိုင်းတာကို မင်းကဒီမှာလာထိုင်ပြီး သာယာနေတယ်ပေါ့ဟုတ်လား….ဟိုမှာကြည့်စမ်း မင့်နွားတွေငါ့ခြံထဲရောက်ကုန်ပြီကွ….”
” ဟာဗျာ…ဦးကြးီကလည်းနွေခေါင်ခေါင်မှာ အခင်းထဲဘာပင်ရှိတာမှတ်လို့ဗျာ….. ဘာမှပျက်စီးစရာမှမရှိဘဲ ….”
” ရှိရှိ မရှိရှိကွာ….မင့်နွားတွေငါ့ခြံထဲကနေမောင်းထုတ်….”
” နွားကိုလူစကားပြောနေလဲ ဘယ်နားလည်မလဲဦးကြီးရာ….နွားကိုဟောဒီလိုပြောရတယ်ဗျ….ဟေ့ကောင်တွေ ဒီနွားကိုဝိုင်းသမကြစမ်းကွာ…..”
” ဖြစ်စေရမယ်အာစရိ….”
” ဟာ….ဟေ့ကောင်တွေ မင်းတို့လက်လွန်မယ်နော်….”
ဦးကြီးတစ်ယောက် ဝင်တားလိုက်သော်လည်းအချိန်မမှီလိုက်။
” ခွပ်….ခွပ်….”
” ဒုတ်….ခွပ်…”
” အား……”
ဘယ်တုန်းကရောက်လာမှန်းမသိသော ဇော်ထက် နှင့် အပေါင်းအပါများက သူ့အား ဝိုင်းသမကြလေရာ တက်ထွန်းတစ်ယောက် ပြန်၍ပင်မထနိူင်တော့ချေ။
” မှတ်ပြီလားဟေ့ကောင်…. ငါချစ်တဲ့ဆရာမလေးကို မင်းလိုက်နှောင့်ယှက်နေတာ….
ဆရာမလေးကိုတော့မရဘူး….ငါ့လက်သီးစာဘဲရမယ်ကြားလား….နောက်မင်းဆရာမလေးကိုလိုက်နှောင့်ယှက်နေတယ်လို့ထပ်ကြားရင် မင်းကိုသတ်မှာ….ထီ်ွး….ဟေ့ကောင် တွေသွားမယ်….”
တက်ထွန်းတစ်ယောက် ထိုလူတစ်စု၏ပြောစကားများကိုမကြားတချက် ကြားတချက် ဖြစ်ကာ အမြင်အာရုံများ ဝေဝါးလာပြီး နောက်ဆုံး၌ အမှောင်ထုထဲသို့လုံးဝရောက်သွားတော့သည်။
” ဟာ…ဟေ့ကောင်…. ထစမ်း….ထ ထ…ဟာ… အသက်မရှူတော့ဘူး….သေ….သေသွားပြီလားမသိဘူး…..”
ဦးထွန်းကြီးတစ်ယောက် မြေပေါ်၌သွေးအလိမ်းလိမ်းဖြင့်လဲှကျနေသော တက်ထွန်း၏နှာဝသို့ လက်စမ်းကြည့်ရာ ထွက်သက်ဝင်သက်မရှိတော့သည်ကို သိလိုက်ရ၏။
” မဖြစ်ဘူး….ဒီကောင်သေသွားရင် ငါ့ကိုအမှုပတ်မှာ…..”
ဦးထွန်းကြီးက အမှုပတ်မည်စိုးသဖြင့် ထိုနေရာနှင့်ဝေးသည့်အရပ်သို့ထွက်ပြေးသွား၏။
” ကျလိ….ကျိလိ….ကျစ်….ကျစ်….”
” ကျလိ….ကျလိ….”
နားထဲတိုးဝင်လာသည့် ငှက်ကလေး၏အသံများကြောင့် တက်ထွန်းပြန်သတိရလာ၏။
” အာ့…ကျွတ်…. ကျွတ်….”
လှဲနေရာမှဖြည်းငြင်းစွာထရင်း ဖူးယောင်နေသောညာဘက်ပါးကိုလက်ဖြင့်အသာစမ်းကာ စုတ်သပ်၏။
” ဒီကောင်တွေ ငါနှင့်ဆရာမလေးကိုအထင်လွဲနေပုံရတယ်….ငါ့ရဲ့အဖြစ်ကလည်း မခိုးရဘဲ သူခိုးလို့ယိုးစွပ်ခံနေရတဲ့အပြစ်သားနဲ့တောင်တူနေပြီ….”
မြေပေါ်ပြန့်ကျဲနေသော လွယ်အိတ်နှင့် ဝါးပလွေကိုကောက်ယူပြီး ခန္ဓာကိုယ်ပေါ်မှ ပေကျံနေသော ဖုန်မှုန့်များကို ခါထုတ်လိုက်၏။
” အတော်နောက်ကျနေပြီဘဲ….. ငှက်ကလေးတွေတောင် အိပ်တန်းတက်နေကြပြီ….အဖေတော့ငါ့ကိုစိတ်ပူနေတော့မှာ….”
ထိုသို့တွေးပြီး နွားများကိုသိမ်းကာ ရွာထဲသို့ဝင်လာခဲ့၏။ ရွာစည်းရိုးသစ်ပင်ကြီး၏ အနောက်တွင်ကား လူတစ်ယောက်က တက်ထွန်းပြန်ရောက်လာသည်ကို တွေ့လိုက်သဖြင့်
” ဒီကောင် တော်တော်အသက်ပြင်းတာဘဲ….”
ဟုမှတ်ချက်ချ၏။
ရာသီအလီလီကူးပြောင်းသွားပြီး ရာသီစက်ဝန်းကြီးသည်လည်း အဖန်ဖန်လည်ပတ်လေရာ ကျောင်းပြန်ဖွင့်သည့် မိုးရာသီသို့ပင် ပြန်လည်ရောက်ရှိလာခဲ့ချေပြီ။ သူသိပ်ချစ်ရသည့် ဆရာမလေးနှင့်လည်း ပြန်တွေ့နေရပြီ။ သို့သော် သူ၏မေတ္တာကို ဆရာမလေးငြင်းမည်စိုးသဖြင့် သူငယ်ချင်းဘဝနဲ့သာ ဆက်၍ချစ်သွားရန်ဆုံးဖြတ်လိုက်သည်။
မိုးရာသီကားတောင်သူလယ်သမားတို့၏စိုက်ပျိုးရေးရာသီဖြစ်သဖြင့် လူတိုင်းမအားမလပ်နိူင်ကြချေ။ နွေရာသီ၌ပပ်ကြားအက်ခဲ့သော လယ်ကွင်းကြီးသည်ကား ယခုမူ ရေဖွေးဖွေးတိ့ုဖြင့် ပြန်လည်အသက်ဝင်လာချေပြီ။
” ငါ့သား…. မင်းမနက်ဖြန်ကျရင် တို့လယ်ကွက်ကို အပြီးသွားထွန်ချေ….သူများအကွက်ဆိုစပါးတွေတောင်စိုက်နေရောပေါ့….”
” မလောပါနဲ့အဖေရာ…. သားလုပ်မှာပါ… ပြီးခဲ့တဲ့နှစ်တွေကလည်း သားတို့နောက်ကျမှစိုက်တာဘဲမလား….”
” ဒါတော့ဒါပေါ့ကွာ….တို့လယ်ထွန်ပြီးတော့ နွားညီနောင်ကို သူများလယ်အငှါးလိုက်ရင် အပိုငွေလေးရမလားလို့ပါ….”
” ဦးလေးပြောတာမှန်တယ်တက်ထွန်းရေ….ခုဘဲငါ့အိမ်ကအဲကိစ္စပြောဖို့ လွှတ်လိုက်တာဟေ့….”
” ဟာ….သူငယ်ချင်း လာလေ….မင်းမှာလဲ ငါ့အိမ်ဘက်မလှည့်တာကြာတော့ နေများမကောင်းဘူးလားလိ့ု….”
သားအဖနှစ်ယောက်စကားကောင်းနေကြစဉ်ဝိုင်းဝသို့ရောက်လာသူက ငယ်ပေါင်းဖြစ်သည့် ဖိုးလှ။
” နေကောင်းပါတယ်ဗျာ….ခုရာသီကစိုက်ပျိုးရေး ရာသီဆိုတော့ မင်းသိတဲ့အတိုင်းဘဲလေသူငယ်ချင်းရာ….ဒါကြောင့်မို့ မင်းဆီမလာအားတာပါ….”
” အေးပါကွာ….ဒါနဲ့ဟိုကောင်အောင်ဟိန်းတစ်ယောက် သူ့အမျိုးဆီသွားတာပြန်မလာသေးဘူးထင်….”
” အေးဟ…ဒီကောင်ကြီး ဟိုမှာပျော်နေလောက်ပြီ….ဒါနဲ့မင်းနှင့်ဆရာမလေးအခြေနေရော ဘယ်အဆင့်ရောက်ပြီလဲကွ…”
” ဒီတိုင်း သူငယ်ချင်းပါဘဲကွာ…ဆရာမလေးကိုငါဒီအတိုင်းငေးကြည့်ခွင့်ရတာနဲ့တင်ကျေနပ်ပါပြီ….”
” အေးပါကွာ….”
ဖိုးလှက ထိုသို့သာပြန်ပြောပြီးအဝေးတစ်နေရာသို့ ငေးမျေျာ်ကြည့်နေ၏။ သူငယ်ချင်းနှစ်ယောက်နာရီဝက်အကြာ ထွေရာသောပါးပြောဆိုရင်းဖိုးလှက မိခင်ခိုင်းထားတာရှိသေးသည်ဟုဆိုကာ တက်ထွန်းအားနူတ်ဆက်ပြီး ပြန်သွား၏။
နှင်းယုဖြူတစ်ယောက် အဆောင်းမပါသည့် ကလေးငယ်တစ်ယောက်၏ပုခုံးကိုဖက်ရင်း စာသင်ကျောင်းဘက်မှ ရွာအဝင်လမ်းအတိုင်းဝင်လာ၏။ ထိုစဉ်လူလေးယောက်သည် သူမ၏အရှေ့၌ပိတ်ရပ်ကာ
” ဆ…ဆရာမလေး ကျောင်းဆင်းပြီလားဗျ….”
ဟူသောအာလေးလျှာလေးအသံနှင့်အတူ ယမကာနံ့ပါရလိုက်သဖြင့် ငမူးမှန်းသိလိုက်၏။ သူမလည်း ငမူးတွေဆိုကြည့်မရတတ်သဖြင့်
” ရှင်မမြင်ဘူးလား….ကျွန်မအရှေ့ကနေဖယ်စမ်း….ဒီမှာကျွန်မကလေးမိုးမိနေပြီ….”
” ဟာဗျာ….ဆရာမလေးကလဲ ဒါလေးမေးတာကိုဒေါသထွက်ရတယ်လို့…..ဆရာမလေးက ကလေးမိုးမိတာကိုဘဲမြင်တယ်…ဟောဒီကျုပ်ရဲ့ရင်ဘတ်ထဲက ဆရာမလေးကိုချစ်တဲ့အချစ်တွေကျမမြင်ဘူးဗျာ….”
အမူးသမားကသူ၏ရင်ဘတ်ကြီးအား တဘုန်းဘုန်းပုတ်ပြပြီးပြောနေ၏။ ထိုမြင်ကွင်းကြောင့်ဆရာမလေးမှာ ပို၍ဒေါသထွက်သွားပြီး
” ကျွန်မမှာ ရှင်တို့နဲ့ပြောဖို့အချိန်မရှိဘူး…ကျွန်မရှေ့ကနေဖယ်ပါ….”
” နေပါအုံး ဆရာမလေးရယ်….ကိုယ်ပြောတာခဏလောက်နားထောင်ပေးပါအုံး…. ”
ငမူးက ဆရာမလေး၏လက်ကိုပိုင်စိုးပိုင်နင်းဆွဲယူလိုက်ရာ ဆရာမကိုင်ထားသောထီးမှာ အနောက်သို့ပြုတ်ကျသွား၏။
” ရှင်မမိုက်ရိုင်းနဲ့နော်….ဒီမှာ ကလေးကိုမိုးစိုသွားပြီ…..ရှင်ဖယ်မှာလားမဖယ်ဘူးလားပြော….”
” မဖယ်ဘူးကွာ…”
” အင့်….မဖယ်ချင်အုံး…..”
” ဖြန်း….”
ဆရာမလေး၏လက်ဖဝါးနုနုကငမူး၏ပါးပြင်ပေါ်သို့ကျလာ၏။ နောက်တစ်ချက်ထပ်ရိုက်ရန်အလုပ်ငမူးကဆရာမ၏လက်ကိုဖမ်းဆွဲထားလေရာ
” လွှတ်စမ်းကျမလက်ကို….လွှတ်….”
” လမ်းမကြးီအလယ်မှာ မိန်းကလေးတစ်ယောက်ကိုဆွဲလားရမ်းလားလုပ်တာ မြင်မကောင်းဘူးကိုယ့်လူတို့….”
ဟူသောအသံနှင့်အတူရောက်လာသူက တက်ထွန်း။
” ထပ်ပြီးမင်းဘဲလားဟေ့ကောင်….အရင်တစ်ခေါက်သေငယ်စောခံရတာတောင် မင်းမမှတ်သေးဘူးလား…. ဟေ့ကောင်တွေဒီကောင့်ကို ပညာပေးလိုက်စမ်း….”
ထိုနေ့တွင်လည်း လေးယောက်တစ်ယောက်မု့ိတက်ထွန်းခံရပြန်သည်။ ဆရာမလေးကတက်ထွန်းကိုတွဲခေါ်ပြီးအိမ်ပြန်ပို့ပေးသည်။ ဤသည်ကိုပင်ဇော်ထက်ကမကျေနပ်နိူင်။
” တောက်! ခွေးကောင်တက်ထွန်း….တနေ့မင်းငါ့အကြောင်းကောင်းကောင်းသိစေရမယ်….”
ထိုသို့မကျေမနပ်ရွတ်ဆိုပြီး အပေါင်းအပါများနှင့်အတူပြန်လှည့်ထွက်သွားသည်။
လမင်းကြီးသည်ဝင်းပလျက် လအိမ်ဖွဲ့ကာ လောကကြီးကိုအလင်းပေးနေသည်။ ညသည်ကားတိတ်ဆိတ်လျက် မကောင်းမှုကိုအားပေးနေသယောင်ပင်။ မှိတ်တုတ်မှိတ်တုတ်လင်းနေသော မီးရောင်အောက်တွင် အသက်၄၀အရွယ်လူလတ်ပိုင်းတစ်ယောက်နှင့် အသက်၁၉နှစ်အရွယ်လူငယ်တစ်ယောက်က ခေါင်းချင်းဆိုင်ပြီး ကိစ္စတစ်ခုကိုတီးတိုးတိုင်ပင်နေကြသည်။
” ဒီကောင့်ကိုလက်သည်မပေါ်အောင်သတ်ပြီးရင် ဆရာမလေးနှင့် ကျွန်တော်ကိုနီးစပ်အောင်လုပ်ပေးဗျာ…..ဆရာမလေးကိုတခြားလူနဲ့ရှိနေတာမမြင်ချင်တော့ဘူး….”
” စိတ်ချစမ်းပါ….သေတယ်ဆိုတာဘာလဲဆိုတာတောင်ဒီကောင်မသိအောင်လုပ်ပေးမယ်…..”
” အားကိုးပါတယ်ဗျာ…..ကျွန် တော် ဒီကိုလာတာဘယ်သူမှမသိစေနဲ့နော်….ဒါက အလုပ်အတွက်စရံ….အလုပ်ပြီးရင်ကျန်တာထပ်ပေးမယ်….”
” အေးပါ…စိတ်ချလက်ချသာနေ….သတင်းသာနားစွင့်ထား…”
နှစ်ဦးနှစ်ဖက်အလုပ်ကိစ္စအဆင်ပြေသွားသည်နှင့် လူငယ်ကဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းပြီး အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။
မနက်စာစားသောက်ပြီးသည်နှင့်တက်ထွန်းတစ်ယောက် လယ်ထဲဆင်းရန်အတွက်ပြင်ဆင်နေ၏။ အားလုံးပြီးသည်နှင့် လယ်ထွန်နွားကိုဆွဲကာ လယ်ထဲဆင်းသွား၏။
လယ်ထဲရောက်သည်နှင့် သီချင်းသံတအေးအေးနှင့် တက်ထွန်းတစ်ယောက် လယ်ထွန်နေစဉ် ယာဘက်ခြေခုံ၌ပူခနဲခံစားလိုက်ရ၏။
” အာ့…..ဘာလဲဟ….ငါ့ခြေခုံကိုဘာခြစ်မိသွားပြီလဲမသိဘူး…..”
လယ်ထွန်နေသည်ကိုခဏရပ်ပြီး ခြေခုံကို ငုံ့ကြည့်လိုက်ရာ သွေးအနည်းငယ်စို့နေသည်ကိုတွေ့လိုက်ရ၏။
” ဟာ….ငါ့…ငါ့ကိုပိုးထိသွားတာထင်တယ်….”
တက်ထွန်းတစ်ယောက်မိမိခြေခုံမှ သွေးစို့နေသည့်အပေါက်သုံးပေါက်ကိုတွေ့လိုက်သည်နှင့်အတွေ့အကြုံအရ ပိုးထိမှန်းသိသွားသဖြင့် လယ်စောင့်တဲရှိရာသို့အမြန်ပြေးသွား၏။ ရောက်သည်နှင့် သောက်ရေဗူးကိုအဖုံးဖွင့်ကာ ပိုးထိခံရသည့်နေရာအားရေဖြင့်ဆေးချလိုက်၏။ အဆိပ်မပြန့်စေရန် ပုဆိုးအောက်စကိုဖြဲကာ ခြေသလုံးကိုကြပ်ကြပ်စည်းထားလိုက်၏။ လတ်တလောတွင်ပူထူနေသော်လည်း ကျေးလက်ကျန်းမာရေးမှူးပို့ချထားသည့် ရှေးဦးသူနာပြုစုနည်းကို သတိတရဖြင့် ထိုသို့လုပ်ထားခြင်းပင်။
” မဖြစ်ဘူး… ငါအိမ်ကိုအမြန်ပြန်ရောက်မှဖြစ်မယ်….”
ထိုသို့တွေးပြီး တဲမှထွက်ကာကန်သင်းရိုးအတိုင်းလျှောက်လာ၏။ ထိုစဉ် မိမိ၏ခေါင်းမှာ ရိပ်ခနဲရိပ်ခနဲဖြစ်လာပြီး အမြင်အာရုံများဝေဝါးလာ၏။ နောက်ဆုံး၌ ကန်သင်းရိုးပေါ်ပုံလျက်လဲကျသွား၏။ လယ်နီးနားရှိ လူနှစ်ယောက်လည်း တက်ထွန်းလဲကျသည်ကိုမြင်လျှင်အပြေးလာကြပြီး
” တက်ထွန်း….တက်ထွန်း….ဟေ့ကောင် မင်းဘာဖြစ်တာတုံးကွ….”
တက်ထွန်းမှာဘာမှပြန်မပြောနိူင်တော့ချေ။
” ဟာ…ဟေ့ကောင်…. သတိထားဦးကွ…မင်းဘာဖြစ်လာတာလဲ….”
ထိုစဉ်တစ်ယောက်ကတက်ထွန်း၏ခြေထောက်ကိုပုဆိုးစဖြင့်စည်းနှောင်ထားသည်ကိုမြင်လျှင်
” ဒီကောင်ပိုးထိပြီနဲ့တူတယ်ကွ….မဖြစ်ဘူး
အဆိပ်မပြန့်ခင်ရွာပြန်ရောက်မှဖြစ်မယ်….”
ထိုလူနှစ်ယောက်လည်း တက်ထွန်းကိုစိတ်ပူသွားပြီး ခေါင်းတစ်ဖက်ခြေတစ်ဖက်မယူကာ ရွာဘက်သို့အပြေးပြန်လာကြ၏။
” တက်ထွန်းကိုပိုးထိသွားလို့ဟေ့…လုပ်ပါဦး…. ကျေးလက်ဆေးပေးခန်းကိုသွားပို့ရအောင်….”
ထိုအသံကြောင့် လမ်းပေါ်သို့လူများပြေးထွက်လာကြပြီး
” ဘယ်တုန်းကထိသွားတာလဲ….”
” အဆိပ်အတော်ပြန့်နေပြီ…. သူ့ကိုကိုက်တဲ့မြွေကဘာမြွေအမျိုးအစားလဲ….”
” အဆိပ်စုပ်ထုတ်ရမယ်….အဆိပ်စုပ်ထုတ်ရမယ်….”
” ဟာ…တိတ်ကြစမ်းလူနာကသေတော့မယ်….မင်းတို့ကတစ်ယောက်တစ်ပေါက်ပြောလို့မပြီးသေးဘူး…..သူ့ကိုကူမပြီး ကျေးလက်ဆေးပေးခန်းကိုပို့ရအောင်….”
” အေးအေး…အဲဒါအကောင်းဆုံးဘဲ…မကြဟေ့…”
သုတ်သုတ်ပြာပြာဖြင့် လူတစ်စုလည်း တက်ထွန်းကိုဝိုင်းမကာ ကျေးလက်ဆေးခန်းသို့ပို့ကြ၏။ ဆေးခန်းရောက်သည်နှင့်ဆေးမှူးလည်းမြွေဆိပ်ဖြေဆေးတစ်လုံးထိုးထားပေးသော်လည်း မြွေဆိပ်မှာကျမလာဘဲ လူနာမှာတစ်ကိုယ်လုံးပြာနှမ်းလာ၏။
” လူနာကိုမြို့ဆေးရုံအမြန်ပို့မယ်….နိူ့မဟုတ်ရင် လူနာအသက်ဆုံးရှုံးသွားလိမ့်မယ်ဗျ….”
” ဟာ…..”
” ဒါဆိုဆေးမှူးပါလိုက်ခဲ့ပေးပါ….လမ်းမှာတစ်ခုခုဖြစ်ရင် ကျုပ်တို့ဘာမှမလုပ်တတ်ဘူးဗျ….”
” အေးအေးကျုပ်လည်းလိုက်ခဲ့မယ်….ကျန်တဲ့လူက လူနာကိုကိုက်တဲ့မြွေကိုတွေ့အောင်ရှာခဲ့ကြ….”
ရွာသားများလည်း ပုဆိုးတစ်ကွင်းကိုပုခက်
လုပ်ကာ တက်ထွန်းအားမြို့ဆေးရုံပို့ရန်လုပ်ကြ၏။ ဆေးမှူးလည်းလိုအပ်သည့်ဆေးဝါးအစုံကိုထည့်ယူကာလိုက်လာခဲ့၏။ တက်ထွန်းကား သတိရတချက်မရတချက်ဖြစ်ကာ ယောင်ယမ်းနေရှာသည်။
မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်လည်း ကြက်ဥကိုရေစီးသန်သည့်ချောင်းထဲသို့မျောပြီးသည်နှင့် ကမ်းပေါ်သို့ပြန်တက်လာခဲ့သည်။ ချောင်းသည်ကားအတော်ကျယ်ပြန့်ပြီး ရွာနှစ်ရွာကိုခြားထားသကဲ့သို့ပင်ထင်ရသည်။ ရေစီးသန်သဖြင့် တစ်ရွာနှင့်တစ်ရွာကူးရန် သမ္ဗာန်ငယ်များရှိ၏။
” ဒီနေရာမှာခဏနားကြမလားဆရာ….နေအရမ်းပူသေးတော့ခရီးဆက်လို့မကောင်းဘူး….”
” အေးအေးထင်ပေါ် ခဏနားကြတာပေါ့…”
ချောင်းစပ်ရှိသစ်ပင်အောက်တွင် ဆရာတပည့်နှစ်ယောက်အေးအေးလူလူအနားယူနေစဉ် လူတစ်စုသည် ချောင်းစပ်သို့ရောက်လာကြ၏။
” ဟေ့ဟေ့….ကျပ်တို့အရေးကြုံလို့ ဟိုဖက်ကမ်းကိုလိုက်ပို့ပေးစမ်းပါ…..ပိုပေးပါ့မယ်….”
ထိုလူစုထဲမှတစ်ယောက်က မောင်ရေခဲတို့ထံလာပြီး သမ္ဗာန်လာငှါး၏။ ထိုအခါထင်ပေါ်က
” ကျုပ်တို့ကသမ္ဗာန်သမားမဟုတ်ဘူးဗျ….ခရီးသွားတွေပါ ဒီမှာအရိပ်ရလို့ခေတ္တအနားယူနေကြတာပါ…..”
” ဟာ…အဲဒါမှတကယ်ခက်ပြီ….”
ထိုလူကစိတ်ပျက်လက်ပျက်ဖြစ်သွားဟန်ဖြင့်
သူ့လူစုရှိရာသို့ဆင်းသွား၏။ အချို့ကချောင်း၏ဟိုဘက်ကမ်းကို လှမ်းမျှော်ရင်း သမ္ဗာန်ကိုမျှော်ကြည့်နေ၏။
” ဒီလူတွေဒုက္ခရောက်လာပုံရတယ်ထင်ပေါ်… သွားပြီးကြည့်ရအောင် ကူညီနိူင်ရင်ကူညီကြတာပေါ့….”
” ဟုတ်ဆရာ… ”
ဆရာတပည့်နှစ်ယောက် ချောင်းစပ်ရှိလူစုဆီသို့ဆင်းသွား၏။
” ဒီကမိတ်ဆွေတို့ ဘာဖြစ်ကြတာလဲဗျ….”
” ကျုပ်တို့ထဲကတစ်ယောက်ပိုးထိထားလိ့ု မြို့ဆေးရုံပို့မလို့ပါ….အဲဒါသမ္ဗာန်တွေကဒီနေ့ရှိကိုမရှိတာဗျ….ဒီပုံအတို့င်းဆို ဒို့လူကိုလက်လျှော့ရတော့မယ်ထင်ရဲ့ဗျာ….ဟူး….”
ထိုလူကစိတ်ပျက်အားလျှော့ဟန်ဖြင့်ဆိုလေသည်။ လူအုံနေသည့် လူနာကိုကြည့်လိုက်ရာ လူနာမှာမြွေဆိပ်တက်သဖြင့်ပြာနှမ်းနေပြီး ခိုက်ခိုက်တုန်နေသည်ကိုတွေ့လိုက်ရသည်။
” ဟာ…”
မောင်ရေခဲကလူနာအားသေချာကြည့်လိုက်ရာ သာမန်မြွေကိုက်ထားသည်မဟုတ်မှန်းတွေ့လိုက်ရ၏။ ထိုခဏ၌ချောင်းစပ်ဆီသို့ လူဆယ်ယောက်ခန့်ထပ်မံရောက်လာပြန်၏။
” သား….လူကလေး…..ဘယ်လိုဖြစ်ရတာလဲကွာ…..”
” တက်ထွန်း….မင်းဘယ်လိုဖြစ်ရတာလဲကွာ….”
” လူနာကိုကျွန်တော်ကြည့်ပါရစေ…ကျွန်တော်တို့ကဆေးပညာလည်းမတောက်တစ်ခေါက်တတ်ပါတယ်….”
မောင်ရေခဲ လည်းလူအုပ်ကြားတိုးဝင်လိုက်ပြီး ပြောလိုက်ရာ လူစုမှာရှဲသွားကြကုန်၏။
လူနာမှာအသက်ရှုသံသိပ်မမှန်ချင်တော့ပေ။ မျက်စိသူငယ်အိမ်မှာလည်း အတော်ပင်ကျယ်နေချေပြီ။
” သူပိုးထိခံရတဲ့အချိန်က ခန့်မှန်းခြေဘယ်လောက်ရှိပြီလဲဗျ….”
” ကိုက်တဲ့အချိန်ကိုအတိအကျမသိပေမဲ့ ကျုပ်တို့သူ့ကို တွေ့တဲ့အချိန်ကစပြောရရင် ၃နာရီကျော်ပါပြီ….”
” ကျွန်တော် အုန်းရေလိုချင်တယ်ဒီအနီးအနားမှာအလွယ်ရနိူင်မလား….”
” မရနိူင်လောက်ဘူးဗျ….”
ထိုစဉ်အုန်းသီးအပြည့်တင်လာသောသမ္ဗာန်ငယ်တစ်စီးကမ်းသို့ကပ်လာ၏။
” ဟာ…ဟိုသမ္ဗာန်ကအုန်းသီးတွေတင်လာတာဗျ…အခန့်သင့်တာဘဲကျွန်တော်တစ်လုံးလောက်သွားတောင်းဝယ်လာခဲ့မယ်….”
ခဏ၌ထိပ်ခွဲထားပြီးသားအုန်းသီးတစ်လံးု ရောက်လာ၏။ မောင်ရေခဲလည်း ထိုအုန်းသီးကိုယူလိုက်ပြီး ဂါထာတစ်ပုဒ်ရွတ်ကာမန်းလိုက်၏။
” မိတ်ဆွေ….ဒီအုန်းရေကိုလူနာကိုဝင်အောင်တိုက်ပေးပါ….ထင်ပေါ် မင်းကမြွေဆိပ်မကုန်မချင်း ထုတ်ပေး….”
” ဟုတ်ဆရာ…”
မောင်ထင်ပေါ်လည်းမြွေဆိပ်ထုတ်ရန် လူနာ၏ခြေထောက်ကိုကြည့်လိုက်ရာ အစွယ်ရာသုံးပေါက်နေရာ၌မည်းပုတ်နေပြီး စေးပျစ်ပျစ်သွေးပုပ်များကျနေသည်ကိုတွေ့လိုက်ရ၏။ မောင်ထင်ပေါ်မှာနဂါးဘဝမှာလာသူဖြစ်သဖြင့် သာမန်မြွေဆိပ်ကိုအလွယ်တကူထုတ်နိုင်သော်လည်း ယခုမြွေဆိပ်သည်တော်တော်နဲ့မကျနိုင်မှန်းသိလိုက်၏။ ထိပ်မှစ၍အောက်ခြေခုံအထိ လက်ဝါးဖြင့်သပ်ချလိုက်၊လက်ခုံဖြင့်အသာခုတ်လိုက်ဖြင့်မြွေဆိပ်ကိုထုတ်နေ၏။ ကြည့်နေသည့်လူများမှာ မောင်ရေခဲတို့လုပ်သမျှကို စိတ်ဝင်တစားကြည့်နေကြ၏။
အတော်ကြာထုတ်ပေးပြီးသည့်နောက် လူနာ၏အသားအရေမှာမူလအတိုင်းတဖြည်းဖြည်းပြန်ဖြစ်လာ၏။ မြွေစွယ်ရာမှ အဆိပ်များမှာအပြင်သို့မြောက်များစွာထွက်ကြလာ၏။ မြွေဆိပ်များကုန်စင်ပြီးချိန်၌လူနာမှာသတိပြန်လည်လာ၏။ ထိုအခါမောင်ရေခဲက
” လူနာမှာမြွေဆိပ်တော့မရှိတော့ဘူး….ဒါပေမဲ့သူ့ကိုတိုက်ထားတဲ့အတိုက်ကရှိနေသေးတာကိုကျွန်တော်တွေ့နေရတယ်….ဒီတော့ ကျွန်တော့ကိုဆက်လက်ကုသပေးဖို့ခွင့်ပြုပေးပါ….”
” ခွင့်ပြုပါတယ်ဆရာရယ်….အဖိုးကဒီလူနာရဲ့ဖခင်ပါ….”
တက်ထွန်း၏ ဖခင်ကကုသခွင့်ပေးလိုက်ရာမောင်ရေခဲလည်း မိမိလုပ်နေကြအတိုင်း
” ဟောဒီစနေသားရဲ့အသက်ကိုငါပိုင်တယ်….ဟောဒီစနေသားကိုအတိုက်လုပ်ထားတဲ့သူ ငါဆရာအရှေ့အမြန်လာခဲ့စမ်း….”
ထိုစဉ် မှိန်းမောနေသော လူနာတက်ထွန်းမှာ လက်ခမောင်းထခတ်လေ၏။
” ဟင်….”
” ဟာ….တက်ထွန်း….”
ကြည့်နေသည့် လူများမှာတက်ထွန်း၏အပြုအမူကြောင့် အံ့ဩသွားကြကုန်၏။ မောင်ရေခဲလည်း တက်ထွန်းကိုသေချာစူးစိုက်ကြည့်လိုက်ပြီး
” မင်းဘယ်သူလဲ….ဘာအတွက်စနေသားကိုအတိုက်ဆင်ရတာလဲ….”
” ဟား…..ဟား….ဟား….ပညာလေးမတောက်တခေါက်လောက်နဲ့ငါ့ကိုလာမစမ်းနဲ့ကိုယ့်လူ….ကိုယ်နဲ့မဆိုင်ရင်ဝင်မရှုပ်နဲ့ ….”
” ငါနဲ့မဆိုင်ပေမဲ့ ငါ့ရှေ့ရောက်လာတဲ့ လူနာမှန်သမျှကိုငါကယ်တင်ပေးရမဲ့ တာဝန်ရှိတယ်….ဒီတော့ငါမေးတာဘဲဖြေပါ….မင်းဘယ်သူလဲ…ဘာအတွက်စနေသားကို နှောင့်ယှက်ရတာလဲ….”
” မဖြေဘူးကွာ… မင်းမှာပညာတွေအရမ်းထက်နေရင် ငါဘာကောင်လဲဘယ်သူလဲဆိုတာ မင်းသိအောင်လုပ်လေ…ဟားဟားဟား….”
” မင်းကငါ့ကိုစိန်ခေါ်တာလား…. ရတယ်လေ… ပြီးမှငါ့ကိုအဆိုးမဆိုနဲ့…ကဲ…ထင်ပေါ်ငါ့ကိုအချုပ်အင်းတစ်ချပ်ပေးစမ်း….”
ထင်ပေါ်လည်း ဆရာဖြစ်သူတောင်းသည့်အင်းချပ်ကိုလွယ်အိတ်ထဲမှထုတ်ပေးလိုက်၏။ မောင်ရေခဲလည်းထိုအင်းချပ်ကိုအသက်သွင်းလိုက်ပြီး စနေသား၏ခေါင်းပေါ်သို့ကပ်ထားလိုက်၏။
” အား….ဖယ်စမ်း….အဲဒါကိုငါ့ခေါင်းပေါ်ကနေဖယ်စမ်း….”
တက်ထွန်းမှာလူးလွန့်ပြီး ခေါင်းပေါ်မှ အင်းချပ်ကိုအတင်းခါချ၏။ သို့သော်မောင်ရေခဲကအတင်းဖိကပ်ထားသဖြင့် ရုန်း၍မရတော့ဘဲနောက်ဆုံး၌ငြိမ်ကျသွား၏။
” ဖြေစမ်း….မင်းဘယ်သူလဲ… ဘာအတွက်စနေသားကိုအတိုက်လုပ်ထားရတာလဲ….”
” ငါ….ငါကကွင်းပိုင်ပါ…. ဒီကောင်ကငါရှိတဲ့နေရာမှာ ငါမကြိုက်တာလာလုပ်လို့ တိုက်လွှတ်လိုက်တာပါ….”
” သေချာလား…. ”
” သေ…သေချာပါတယ်….”
” မင်းလိမ်ရင်ဘာဖြစ်မလဲဆိုတာမင်းသိလား….”
” သိ….သိပါတယ်….”
” အဲဆိုဖြေ….ဘာအတွက်တိုက်လွှတ်လိုက်တာလဲ…”
” ငါ့…ငါ့ကိုခိုင်းလို့ပါ…ငါမလုပ်ပေးရင်ငါ့ကိုမီးမြိုက်ပြီးတသက်လုံးခိုင်းစားမယ်ဆိုလို့ပါ….”
” မင်းကိုခိုင်းတဲ့ကောင်ကိုပြောလိုက်…သတ္တိရှိရင်ငါနဲ့ထိပ်တိုက်လာတွေ့လို့….ဘယ်နှယ့်သူများအားကိုးနဲ့အတိုက်လုပ်ခိုင်းရတယ်လို့….မင်းလဲသူများခိုင်းတိုင်းကောင်းသည်ဆုးိသည် မစဉ်းစားဘဲ မြွေနဲ့တိုက်လွှတ်ရတယ်ပေါ့…ဒီစနေသားသာငါနဲ့မဆုံခဲ့ရင် မင်းတို့ပြုတိုင်းနုနေရတော့မှာ….”
ကွင်းပိုင်ကဘာမှပြန်မဖြေဘဲ ခေါင်းသာငုံ့ထား၏။
” ကဲ….မင်းလုပ်ထားတာတွေအကုန်ပြန်ယူ…ဘာခြေရာလက်ရာမှ မကျန်စေနဲ့….”
ထိုစဉ် ချောင်းရေပြင်ကိုဖြတ်၍တိုက်ခတ်လာသောလေကြမ်းကြီးသည် မောင်ရေခဲ၏မျက်နှာပြင်ကိုကလူကျီဇယ်သွား၏။ ထိုလေကြမ်းကြီးနှင့်အတူ မကောင်းသည့်အငွေ့အသက်ပါခံစားလိုက်ရသဖြင့် ကွင်းပိုင်အားစေခိုင်းသည့် ပုဂ္ဂိုလ်ရောက်လာသည်ကိုမောင်ရေခဲသိလိုက်၏။
” ဟားဟားဟား….ဘယ်နှယ့်လဲဆရာလေးရဲ့….ကျုပ်ကိစ္စတွေဝင်နှောင့်ယှက်ရတာ အရသာမှရှိရဲ့လားဗျ….”
” ငါတောင်ခေါ်စရာမလိုဘဲ ရောက်လာပေးလို့ကျေးဇူးတင်ပါတယ်…. ကဲရောက်လာပြီဆိုတော့လဲ ဘာအတွက်စနေသားကိုနှောင့်ယှက်ရတာလဲဆိုတာပါဖြေလိုက်ပါဦး….”
” ဟားဟားဟား…မင်းမေးတိုင်းငါကဖြေရအောင် မင်းကငါ့ဆရာလား… ”
” ငါကလည်းမင်းလိုယုတ်ညံ့တဲ့တပည့်မျိုးကိုမမွေးပါဘူး….”
” မင်းဘာစကားပြောတာလဲ…. မင်းစကားကိုပြန်ပြင်လိုက်ရင်ကောင်းမယ်…မဟုတ်ရင် ဒီကောင်အသေဘဲ….”
” မင်းလုပ်ရဲရင်လုပ်ကြည့်လိုက်လေ…. ”
” ဟင်…သား..မလုပ်နဲ့….”
မထင်မှတ်လိုက်သည့်အချိန်၌ တက်ထွန်းသည် လူအုပ်ကြားထဲမှ ထွက်ပြေးသွားပြီး ချောင်းထဲသို့ခုန်ချရန်လုပ်၏။
” ရပ်လိုက်စမ်း….ငါ့အမိန့်မရဘဲအဲနေရာကနေ တစ်ဖဝါးမှမရွှေ့နဲ့….”
မောင်ရေခဲက ထိုသို့အမိန့်ပြန်လိုက်ရာ တက်ထွန်းမှာထိုနေရာမှရွေ့၍မရတော့ချေ။
” စနေသားကိုထိခိုက်အောင်လုပ်ဖို့မကြံနဲ့…ထိုင်စမ်း …ရောက်တဲ့နေရာမှာဘဲထိုင်ချလိုက်စမ်း …”
တက်ထွန်းလည်းထိုနေရာ၌ပင် ထိုင်ချလိုက်၏။ ထို့နောက်မောင်ရေခဲလည်း လုပ်ထုံးလုပ်နည်းအတိုင်းလုပ်လိုက်ရာ နောက်ဆုံး၌
ဝန်ခံလာ၏။ (ကုသနည်းမှာထုံးစံအတိုင်းပင်ဖြစ်သဖြင့် ချန်လှပ်ထားလိုက်သည်)
” ငါ့ကိုလူတစ်ယောက်က လုပ်ခိုင်းလို့လုပ်ရတာပါ…. ငါ့ကိုငွေကြေးတွေပုံအောပေးပြီးသူချစ်တဲ့ ကောင်မလေးနဲ့နီးအောင် လုပ်ခိုင်းလို့လုပ်ရတာပါ…”
” အဲဒါဆို မင်းလုပ်ထားတာတွေပြန်ယူပြီးရင်သွားလိုရာသွားတော့….ကွင်းပိုင်ကြီးကိုလဲဒီတစ်ခါငါခွင့်လွှတ်လိုက်မယ်…အလိုရှိရာသွားပေတော့….”
မောင်ရေခဲကထိုသို့ပြောလိုက်သည်နှင့် ကွင်းပိုင်ကြီးနှင့် ကြိုးကိုင်သူပုဂ္ဂိုလ်မှာဝေဝါးပျောက်ကွယ်သွားကြ၏။
မြွေဆိပ်များအားလုံးပြေပျောက်သွားသည့်အပြင် ခိုင်းစေသည့်လူကိုပါနိူင်နင်းပြီးဖြစ်သဖြင့်တက်ထွန်းမှာ လူကောင်းအတိုင်းပြန်ဖြစ်လာပြီး လူအုပ်ကိုကြောင်တောင်တောင်ကြည့်နေ၏။ လူအုပ်သည်ကား တက်ထွန်းသနားသွားကြပြီး တက်ထွန်းနဲ့ရန်ငြိုးရန်စရှိခ့သည့်တဖက်ရွာကဇော်ထက်ကိုဆဲဆိုကြိမ်းမောင်းကြကုန်၏။
” တောက်! ဒီကောင် ဆရာမလေးရဲ့အချစ်ကိုမရလို့ဒီလို ယုတ်ညံ့တဲ့နည်းနဲ့တိုက်ခိုင်းတာပေါ့….သေမယ်ဒီကောင်တော့….”
” တောက်! ခွေးထက်မိုက်တဲ့အကောင်ကွာ…”
” ဒီကောင်နဲ့ကျုပ်တော့ တွေ့ရာသချုႋင်းဓားမဆိုင်းဘဲ….”
တစ်ယောက်တစ်ပေါက်ဖြင့်တက်ထွန်းနှင့်အချစ်ပြိုင်ဘက်ဖြစ်သည့် ဇော်ထက်ကို ကျိန်ဆဲနေကြ၏။ ထိုအခါ မောင်ရေခဲက
” တော်ကြပါတော့…. ကိုယ့်အထင်နဲ့လျှောက်မလုပ်ကြပါနဲ့ မိတ်ဆွေတို့ ထင်တဲ့လူမဟုတ်ဘူး….”
” ဗျာ….”
” အဲကောင်ဇော်ထက်ကလွဲပြီး ဘယ်သူမှမဖြစ်နိုင်ဘူး….သူကတက်ထွန်းကိုအရင်တုန်းကလဲဝိုင်းရိုက်သေးတယ်…တလောကလည်းရန်ဖြစ်လို့ သူ့အကြောင်းကောင်းကောင်းသိစေရမယ်ဆိုပြီးကျိန်သွားသေးတယ်…ဒီကောင်မဟုတ်ရင်တခြားဘယ်သူဖြစ်နိူင်လို့လဲ….”
လူအုပ်ကမောင်ရေခဲဝင်ရောက်ဖြန်ဖြေသည့်တိုင် အငြင်းပွားနေကြဆဲပင်။ ထိုစဉ်တချိန်လုံးမောင်ရေခဲလုပ်သမျှကို စိတ်ဝင်တစားကြည့်နေသောကျန်းမာရေးမှူးက
” ဒီကမိတ်ဆွေတို့ကိုတစ်ခုလောက်မေးချင်လို့ပါ…စောစောကမြွေဆိပ်ထုတ်တာရယ်၊ သာမန်မြွေဟုတ်မဟုတ်ရယ်ကို ဘယ်လိုလုပ်ခွဲခြားနိူင်တာလဲ….”
” ဒါကပြောရရင် မြွေနဲ့ပတ်သက်တဲ့ ပညာတစ်ခုဘဲဗျ….နောက်နောင်အလိုရှိရင်သုံးလို့ရအောင် ကျုပ်သိတဲ့မြွေခွဲခြားနည်းကို မျှဝေပေးမယ်ဗျ….”
” ပထမဆုံး မြွေခွဲနည်းကိုပြောပြမယ်
ဥ ဒေါင်း ညို ပြာ လက်ယာခဲ တဲ့ …ဒီလင်္ကာအတိုင်းနေ့ကိုကောက်ရရင် တနင်္ဂနွေ၊စနေ၊အင်္ဂါ၊ကြာသပတေးစတဲ့နေ့တွေရတယ်ဗျ …အဲဒီနေ့မှာ လက်ယာဘက်ခြမ်းရဲ့နေရာတစ်ခုခုမှာ မြွေကိုက်ခံရရင် တကယ့်မြွေအစစ်ပေါ့….အဲဒီလိုမှမဟုတ်ဘဲအဲနေ့တွေမှာလက်ဝဲဘက်ကို ကိုက်ခံရရင်တော့ မြွေမှားလို့ခေါ်တဲ့ တိုက်မြွေ၊ကွင်းမြွေတွေပေါ့ဗျာ……”
” ဟုတ်ပြီမိတ်ဆွေ…နောက်တစ်နည်းကရောဗျ….”
” နောက်တနည်းက သား ရွှေ ခဲ လက်ဝဲခဲတဲ့….အဲဒီလင်္ကာအရ သောကြာ၊ဗုဒ္ဓဟူး၊တနင်္လာ နေ့မှာလက်ဝဲဘက်ကိုအကိုက်ခံရရင်တကယ့်မြွေအစစ်၊ လက်ယာဘက်ကိုက်ခံရရင်တော့ တိုက်မြွေ၊ကွင်းမြွေတွေပေါ့ဗျ…”
” နောက်ဆုံးတစ်ခုကတော့ ကိုယ့်ကိုကိုက်တဲ့မြွေကအဖိုလားအမလားဆိုတာသိစေတဲ့နည်းဗျ….”
” စိတ်ဝင်စားစရာဘဲဗျို့….ဆိုစမ်းပါဦး မိတ်ဆွေ…. ”
” အောင် စံ မြတ် သူ အဖိုယူတဲ့….အလင်္ကာအရ တနင်္ဂနွေ၊အင်္ဂါ၊ကြာသပတေး၊သောကြာ စတဲ့နေ့တွေမှာအကိုက်ခံရရင် ကိုက်တဲ့မြွေကမြွေဖိုဗျ….မြွေဖိုကလူယောကျာ်းကိုကိုက်ရင် ကိုက်ခံရတဲ့လူသေသဗျ….ကျန်တဲ့နေ့တွေမှာကိုက်ခံရရင်တော့မြွေမဘဲဗျ….လူမိန်းမကိုမြွေမကိုက်ရင်သေတယ်ဗျ….”
” အတော်စိတ်ဝင်စားဖို့ကောင်းတယ်ဗျ….ဒီလိုလေးသိထားတော့ ကျုပ်တို့လိုတောတိုးတောင်တိုးရတဲ့ လူတွေမြွေအန္တာရယ်ကြုံလာခဲ့ရင် ဖြေရှင်းနည်းရသွားတာပေါ့ဗျ….”
” ပိုပြီးမှတ်မိလွယ်အောင် လင်္ကာလေးနဲ့မှတ်ထားကြပေါ့…”
” ဥ ဒေါင်း ညို ပြာ လက်ယာခဲ
သား ရွှေ ခဲ လက်ဝဲခဲ
အောင် စံ မြတ် သူ အဖိုယူတဲ့….”
” သိပ်ရွတ်ရလွယ်တဲ့လင်္ကာဘဲဗျ….ဒါနဲ့ စောစောက လူနာကိုဘာလို့ရေမတိုက်ဘဲ အုန်းရေတိုက်ရတာလဲဗျ….”
” ဪဒါက မြွေကိုက်ခံရတဲ့လူကို ရေတိုက်ရင်မြွေဆိပ်ပိုပြန့်စေတယ်ဗျ..အဲဒါကြောင့် အုန်းရေတိုက်တာဗျ….”
” ဪ….အဲလို့ကိုး….”
မောင်ရေခဲနှင့်လူတစ်စုတို့ စကားကောင်းနေခိုက် ချောင်းနှင့်ခပ်လှမ်းလှမ်းရှိ သစ်ပင်အနောက်မှလူတစ်ယောက်သည် လူစုရှိရာသို့ မမှိတ်မသုန်ကြည့်လိုက်ပြီး တအောင့်အကြာ၌ မကျေနပ်ဟန်မျက်နှာထားဖြင့် အံကိုတင်းတင်းကြိတ်ကာ ပြန်လည်ထွက်ခွာသွားသည်ကို မောင်ရေခဲတွေ့လိုက်ရသဖြင့် နူတ်ခမ်းကေးွးရုံပြုံးမိ၏။
” ကဲ…လူနာလည်းနေကောင်းသွားပြီ….အချိန်လည်းအတော်လင့်နေပြီဆိုတော့ ကျုပ်တို့ကိုခွင့်ပြုကြပါအုံးဗျ….”
” ဟာ…ဟုတ်ပေသားဘဲဗျ…ကျုပ်တို့လဲတက်ထွန်းပြန်နေကောင်းသွားတာနဲ့ဝမ်းသာပြီးပတ်ဝန်းကျင်ကိုမေ့နေတာဗျ….ဒါနဲ့ ဆေးကုခဘယ်လိုယူပါသလဲ….”
” စေတနာနဲ့ကူညီပေးတာပါဗျာ….ကျုပ်မှမဟုတ်ဘူးတခြားလူတွေဆိုရင်လည်း ကူညီပေးကြမှာဘဲဗျ…”
မောင်ရေခဲပြောသည်မှာလည်း သဘာဝကျသဖြင့် လူတစ်စုလည်း ဘာမှဆက်မပြောတော့ပေ။ တက်ထွန်းကား မောင်ရေခဲဘက်လှည့်ပြးီ အကြိမ်ကြိမ်ကန်တော့နေရှာ၏။
ကိစ္စပြီးသွားပြီဖြစ်သဖြင့် လူတစ်စုအားနူတ်ဆက်ပြီး သမ္ဗာန်ငယ်ဖြင့် ဆရာတပည့်နှစ်ယောက် တဖက်ကမ်းသို့ကူးသွားလေ၏။ ထိုအခါထင်ပေါ်က
” ဆရာ…. ချောင်းရဲ့ဒိဘက်ကမ်းကိုဘာလို့ပြန်လာတာလဲ…တက်ထွန်းကိုမြွေနဲ့တိုက်သတ်ခိုင်းတဲ့လူက သူ့ရန်ဖက်နဲ့မဟုတ်ဘူးဆိုတော့ ဘယ်သူလဲဗျ….”
” ဘာလို့ပြန်လာတာလဲဆိုတော့ လုပ်စရာမရှိတော့လို့ပေါ့ကွာ…တက်ထွန်းကိုတိုက်ခိုင်းတဲ့လူကတော့ သူ့ရဲ့ငယ်ပေါင်းဖော် အချစ်ဆုံး သူငယ်ချင်းဘဲထင်ပေါ်….”
” ဗျာ!…….”
ကြားလိုက်ရသောစကားကြောင့်ထင်ပေါ်မှာ အာမေဋိတ်သံများပင်ထွက်လာမိသည်။ ထိုနည်း၎င်းပင်။ လောက၌မိမိအယုံကြည်ရဆုံးသူသည် မိမိ၏နောက်ကျောကို ဓားနဲ့ထိုးမည့်လူဖြစ်နေတတ်သည်။……။
# ပြီး
# ခွန်း