နတ်ဆရာများ

စကားကို ယုံသွားတာ “

    “အေး အဲ့ဒီကောင်တွေ ငါတို့ ရွာမှာ မနိုင်ဘူးလို့ မဆိုနိုင်ဘူး ဒီ ကောင်တွေကို ရှင်းပြစ်မှရမယ် “

    “ကျုပ်လည်း အဲ့တာပဲပြောမလို့ အဝေးကနေ ကျုပ် ဒူးလေး နဲ့ လိုက်ပစ်ခိုင်းသေးတယ် ဒီကောင်တွေက အစွမ်းထက်တော့ ဒူးလေးက သူတို့ကို မပစ်လိုက်နိုင်ဘူး “

    “မင်း ကောင်တွေက အဲ့ဒီလောက်တောင် စွမ်းတာလား “

      နတ်ဆရာများသည် သစ်လုံးခုံတန်းလေးများတွင် ထိုင်ပြီး စကား ပြောနေလေသည်။ထိုအချိန် သူတို့ထိုင်နေသော နေရာနှင့် မလှမ်းမကမ်းတွင်ရှိသော သစ်လုံးတဲလေးထဲမှ မျောက်အရိုးခေါင်းများကို လည်ပင်းတွင်သီကုံးပြီးဆွဲထားပြီး သစ်မြစ် တောင်ဝှေးကို ‌ကိုင်ရင်း ဆံပင်တို့မှာရှည်လျားကာ ကွမ်းဂျိုးများဖြင့်မဲနက်နေသည့် သွားများရှိသော ပါးစပ်မှ ကွမ်းကို တမြုံ့မြုံ့ဝါးနေသော လူကြီးသည်  မိန်းမပျိုလေးနှစ်ယောက် ခြံရံလျက် နတ်ဆရာများ ထိုင်နေရာသို့ရောက်ရှိလာလေသည်။ထိုအခါနတ်ဆရာများသည် ထိုင်နေရာမှ ထလိုက်ကာ

    “ဆရာကြီး ကျန်းမာပါစေ”

    “အေး ထိုင်ကြ ထိုင်ကြ မင်းတို့တွေ ဘာပြဿနာ ဖြစ်နေကြတာလဲ “

    “ပြဿနာကတော့ တာပိုးရွာက နတ်ဆရာကို  နှင်ထုတ်လိုက် လို့ပါ ဆရာကြီး “

    “ဟေ့  တာပိုးရွာက နှင်ထုတ်လိုက်တယ် ဟုတ်လား ဘယ်လို ဖြစ်တာလဲ “

    “အထက်လမ်းဆရာနှစ်ယောက်က ကဝေမြောက်စုန်း မယ်တင်ကို သုတ်သင်ပြီးတဲ့နောက် ရွာကနေ ကျုပ်ကို နှင်ထုတ်လိုက်တာပါ ဆရာကြီး သူတို့ကို လိုက်ပြီးရှင်းပေမဲ့ အရာမထင်ခဲ့ပါဘူး “

    “အေး အေး ငါ သဘောပေါက်တယ် ငါလည်း ကြားတန်သ လောက်ကြားပြီးပါပြီ ကဲ မယ်စိန် နဲ့ မယ်ဝေ ငါ နင်တို့ရဲ့ အရည် အချင်းကို ကြည့်မယ်။အဲ့ဒီအထက်လမ်းဆရာတွေရဲ့ ခေါင်းကို ငါလိုချင်တယ်ဟဲ့ “

    နတ်ဆရာခေါင်းဆောင်ဖြစ်ဟန်တူသူမှ ထိုသို့ ဆိုလိုက်ရာ သူ၏ဘေးတဖက်တချက်စီတွင် ရပ်နေသော မိန်းမပျိုလေး နှစ်ယောက်သည်

    “စိတ်ချပါ ဆရာကြီး ကျမတို့ အထက်လမ်းဆရာရဲ့ ခေါင်းကို ယူခဲ့ပါမယ် “

    နတ်ဆရာကြီးသည် ခေါင်းကို ညိတ်ပြီး သူ၏ရှေ့ရှိ ကွမ်းအစ် ထဲမှ ကွမ်းကို စားရန်အလို့ငှါ ထုတ်ပြီးယာနေပါတော့သည်။

    ◾အခန်း (၃)

     ဦးဖိုးဝေတို့သည် အပင်ရိပ်တွင် ခေတ္တနားပြီးနောက် ခရီးဆက်လာကြရာ  ညနေစောင်းအချိန်တွင် ဇရပ်တခုဆီသို့ ရောက်လာလေသည်။ထိုဇရပ်သည် ကျွန်းလုံးများဖြင့် ဆောက်ထားကာ သက်ငယ်မိုးထားပြီး အတော်ပင်ကျယ်ဝန်းလှပေသည်။ဦးဖိုးဝေသည် ထိုဇရပ်ပေါ်သို့ တက်လိုက်ကာ သူ၏ နောက်မှ သူရိယတို့အား

    “လူလေးတို့ အခုည ဒီမှာ နားကြမယ် “

    “ဟုတ်ကဲ့ အဘ “

    “ကဲ မောင်စာ နဲ့‌ မောင်သီဟ ဗိုက်ဆာနေကြပြီလားကွ”

    “နည်းနည်း ဆာတယ် ဆရာကြီး “

    “ကဲ သူရိယရေ  လူလေး ဘာပါခဲ့လဲ  “

    “ငှက်ပျောသီး တဖီးတော့ပါတယ် အဘ “

    “အေး ထုတ်ကွာ “

    “အဘရဲ့ လွယ်အိတ်ထဲမှာပဲလေ “

    “ဟေ ဟုတ်လား အဲ့တာကြောင့်ထင်သား ငါ့လွယ်အိတ် လေးတယ် လေးတယ်လို့ ထင်နေတာ “

    “အဘကို ကျနော် ပြောပါတယ် ကျနော် လွယ်မယ်လို့လေ  “

    “ထားပါ ကဲ ကဲ ငှက်ပျောသီး တယောက်တလုံး လာယူစားကြဟေ့ “

    ဦးဖိုးဝေမှ ထိုသို့ပြောသောအခါ သူရိယသည်က ဦးဖိုးဝေ နားသွား၍  ငှက်ပျောသီးအား ယူလိုက်သည်။မောင်စာ နှင့် သီဟ တို့မှာ ထိုင်မြဲထိုင်နေ၍ ဦးဖိုးဝေမှ

    “မင်းတို့ နှစ်ယောက်က ငှက်ပျောသီး မစားဘူးလား လာယူလေကွာ “

    “ကျုပ်က ငှက်ပျောသီးမကြိုက်ဘူး ဆရာကြီး မစားချင်ပါဘူး “

    “ကျုပ်လည်း မကြိုက်ဘူး ရွာမှာ ငှက်ပျောသီးစားရတာများလို့ မစားချင်တော့ဘူး”

    “ဟေ့ကောင်တွေ လာစားစမ်းပါ မင်းတို့ဗိုက်ဆာနေတာ ငါသိတယ် လာ လာ ယူကြ”

    “တော်ပါပြီ ဆရာကြီး “

    “လာစမ်းပါကွာ ပြီးမှ ထပ်ပေးပါဦး လုပ်မနေနဲ့ လာကွာ”

     ဦးဖိုးဝေမှ အတင်းခေါ်နေသဖြင့် မောင်စာ နှင့် သီဟသည် အနားသို့သွားကာ ငှက်ပျောသီးအားယူလိုက်လေသည်။ ထို့နောက် စိတ်မပါလက်မပါနှင့် ငှက်ပျောသီးအခွံအား ခွါလိုက်ချိန်တွင်  အလွန်တရာမွှေးနေသောကြောင့် သူတို့နှစ်ယောက် အံ့ဩသွားပြီးနောက် ငှက်ပျောသီးကိုခွါစားလိုက်ရာ ဦးဖိုးဝေအားသေချာကြည့်ပြီး သီဟမှာ အံ့ဩသည့်မျက်နှာနှင့် မေးလေသည် ။

    “ဆရာကြီး ဒါ ကျုပ်တို့ ရွာက ထွက်တဲ့ဖီးကြမ်းငှက်ပျောသီးပါပဲ အနံ့အရသာက ဒီလိုမဟုတ်ပါဘူး အခုက အတော်ကောင်းတယ်ဗျာ ကျုပ်ကို နောက်တလုံးလောက်ပေးပါဦး “

    “မင်း ဒီတလုံးပဲ ကုန်အောင် စားစမ်းပါဦးကွာ “

    “ဟာ ဒီလောက် သေးသေးလေးကတော့ နံကြားတောင်ညပ်မှာ မဟုတ်ဘူး “

    “အပြောမကြီးနဲ့ ကောင်ရေ စားသာစားပါဦး “

     ဦးဖိုးဝေသည် ပြုံး၍ စကားဆိုလေရာ ငှက်ပျောသီးကို အားရပါးရကိုက်ပြီး သီဟ စားလိုက်သလို မောင်စာသည် လည်း ငှက်ပျောသီးအား စားလိုက်လေသည်။သူတို့သည် ငှက်ပျောသီးကို စားနေရင်းမှ ဗိုက်ပြည့်လာရာ ကျန်သော ငှက်ပျောသီး အပိုင်းလေးကို စားချင်ပေမဲ့ မစားနိုင်ပဲရှိနေ သည်။ထိုသို့ဖြစ်နေသော မောင်စာ နှင့် သီဟအား သူရိယသည် ပြုံး၍ ကြည့်နေရင်း စကားဆိုလိုက်၏။

    “ကိုသီဟ နဲ့ ကိုမောင်စာ ဘယ်လိုလဲ အဘဆီက ငှက်ပျောသီး နောက်တလုံး တောင်းပေးရဦးမလားဗျ”

    “တော်ပါပြီကွာ ငါ ဗိုက်ပြည့်သွားတယ်ဟ”

    “အေး သူရိယရေ စားလို့က ကောင်းတယ် ကျန်တဲ့ ဒီအပိုင်းလေးတောင် ကုန်ပါ့မလား မသိတော့ဘူး”

    ဦးဖိုးဝေသည် ‌သီဟတို့၏ စကားကိုနားထောင်ပြီး ပြုံးလိုက်လေသည်။ထိုစဉ် သူတို့၏ ဇရပ်အနားသို့ မီးအလင်းရောင်နှစ်ခု သည် နီးသထက် နီးလာသည်ကို တွေ့ရလေသည်။ထိုမီးအလင်း ရောင်မှာ မိန်းမပျိုလေးနှစ်ဦးဖြစ်ပြီး မီးအိမ်တယောက်တလုံးဆီကိုင်ထားကြ၏။သူမတို့သည် ဇရပ်ပေါ်သို့ တက်မလာသေးပဲ ရပ်လိုက်ကာ

    “အကိုတို့ ကျမတို့ ဇရပ်ပေါ်တက်ခဲ့ပါရစေ “

    “တက်ခဲ့ပါဗျ “

    မိန်းကလေးနှစ်ယောက်သည် ဇရပ်ပေါ်သို့တက်လာပြီး ဦးဖိုးဝေတို့နှင့် မလှမ်းမကမ်းတွင် ထိုင်လိုက်ပြီး သူတို့ကိုင်ထားသော မီးအိမ်အား ဇရပ်ကြမ်းပြင်ပေါ်သို့ ချထားလိုက်လေသည်။ မီးအိမ်နှစ်လုံး၏ အလင်းရောင်ကြောင့် ဇရပ်ပေါ်တွင် အရာ အားလုံး ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။မောင်စာ နှင့် သီဟသည် လှပချောမောသော မိန်းကလေးနှစ်ယောက်ကို ကြည့်ကာ အံ့ဩနေ၏။ဦးဖိုးဝေ နှင့် သူရိယသည် မည်သည့်အမူအ ယာမှ ဖြစ်မနေပဲ နဂိုအတိုင်း တည်ငြိမ်နေသည်။မိန်းကလေး နှစ်ယောက်သည် ဇရပ်ပေါ်မှ လူများအားလုံးကို တချက်ဝေ့ကြည့်လိုက်ပြီး သနားစဖွယ်လေသံလေးနှင့် စကားဆိုလာလေသည်။

    “ဦးကြီး နဲ့ အကိုတို့ကို တွေ့ရတာ ကျမတို့ဖြင့် ဝမ်းသာလိုက်တာရှင် ကျမတို့က အကိုတို့ကို မတွေ့ ရင် တာပိုးရွာအထိသွားပြီး အကူအညီ တောင်းရမှာ “

    “ဟုတ်လား ဘာဖြစ်လို့လဲ ညီမ “

    “မပြောချင်ပါဘူး အကိုရယ် ကျမတို့က တောထဲမှာ နေပြီးထင်းခုတ် ဝါးခုတ် အလုပ်နဲ့ အသက်မွေးတာပါ။အခု ကျမတို့ ရဲ့ ကျေးဇူးရှင် ဖခင်ကြီးက ဝါးထိုးမိပြီး အိပ်ယာထဲ လဲနေတာ ကျမတို့ကလည်း အဖေကို မသယ်နိုင်လို့ပါ အခု အဖေ့ကို ဆေးခန်းမပြရင် မရတဲ့ အခြေအနေမို့ အခက်တွေ့နေပါတယ် ကူညီကြပါဦးရှင် “

    မောင်စာ နှင့် သီဟ သည် ‌မိန်းမပျိုလေးနှစ်ယောက်ကို သနား ဂရုဏာပိုနေကြသည်။ထို့ကြောင့် နှစ်သိမ့်စကားဆိုလေသည် ။

    “ညီမတို့ ဘာမှ မပူနဲ့ အကိုတို့က တာပိုးရွာသားပါ ဘယ်ရွာက ဆေးဆရာနဲ့ ပြမှာလဲ ကျုပ်တို့လိုက်ပို့ပေးပါ့မယ် “

    “ကျုပ်တို့ ကူညီမှာပေါ့ ညီမတို့ရယ် ဘာမှစိတ်မပူနဲ့ ခဏနေရင် သွားကြ‌တာပေါ့ “

    သီဟ နှင့် မောင်စာမှာ ကူညီချင်စိတ်တဖွားဖွားပေါ်နေလေသည်။ဦးဖိုးဝေသည် သဘောရိုးနှင့် ကူညီမည်ဟု ဆုံးဖြတ်ထားဟန်ရှိသော သူတို့နှစ်ယောက်အား တချက်ကြည့်ကာ

    “မောင်စာ နဲ့ မောင်သီဟ မင်းတို့ စကားဆက်မပြောနဲ့ ငါပဲပြောမယ် “

    “ဘာဖြစ်လို့လဲ ဆရာကြီး သူတို့ဒုက္ခရောက်နေလို့ ကူညီဖို့ ပြောတာပါ “

    “တော်စမ်း မင်းတို့ တိတ်လိုက်ကြ နောက်ထပ် ဘာစကားမှ ၀င်မပြောနဲ့ “

    “ဆရာကြီးက လူကောင်းပါ ဘာလို့ အခုမှ စိတ်တွေတိုနေတာလဲဗျာ “

    “ကိုသီဟ အဘကို အထွန့်မတက်နဲ့ အဘက အကြောင်းမရှိပဲ မပြောဘူး”

     သီဟသည် ဦးဖိုးဝေအား မကျေမနပ်စကားဆိုနေ၍ သူရိယမှ ဝင်တားလိုက်ခြင်းဖြစ်သည်။ထို့နောက် သူတို့ တယောက်တပေါက် စကားများနေစဉ်  မိန်းကလေးနှစ်ဦးသည် သူတို့၏ မီး အိမ်အားဖွင့်လိုက်ရာ မီးအိမ်ထဲမှ ညိုညစ်ညစ် အခိုးအငွေ့များထွက်လာလေသည်။မိန်းကလေးများသည် သူတို့၏ ပုခုံးတွင် အသင့်ပါလာသော တဘက်ဖြင့် ပါးစပ်နှင့် နှာခေါင်းအား အုပ်ထားလေသည်။ထို့နောက် စကားများနေကြသော ဦးဖိုးဝေတို့ ထံ ထိုအငွေ့ များ‌တိုးဝင်သွားချိန် မောင်စာ နှင့် သီဟသည် ဇရပ်ကြမ်းပြင်ပေါ်သို့ အရင်လဲကျသွားလေသည်။ဦးဖိုးဝေ နှင့် သူရိယသည် တယောက်ကို တယောက်ကြည့်လိုက်ပြီး ကြမ်း ပြင်ပေါ်သို့ ထပ်မံလဲကျသွားချိန်  မိန်းမပျိုနှစ်‌ယောက်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

    “အထက်လမ်းဆရာဆိုလို့ တော်တော်များစွမ်းမလားလို့ ထင်ထားတာ အလကားအသုံးမကျတဲ့ လူကြီး ကဲ လာကြစမ်း ဒီ ကောင်တွေကို ဆရာကြီးဆီ သယ်ခဲ့ကြ”

     မိန်းမပျိုတဦးမှ  ဦးဖိုးဝေတို့အား အထင်သေးစွာ အသံ ကျယ်လောင်စွာ အော်ပြောလိုက်ရင်း အမှောင်ထုထဲသို့ ကြည့်လိုက်ရာ အမှောင်ထုထဲမှ လူတချို့သည် တဖြည်းဖြည်းနှင့် ဇရပ်ပေါ်သို့ တက်လာကြပါသည်။

    ◾အခန်း (၄)

       ညကြီးမိုးချုပ်အချိန်တွင် လှည်းလေးတစီးသည် လူများ အုပ်စုလိုက်ဖြင့် ‌တောလမ်းလေးအတိုင်း သွားနေကြသည်။လှည်းဆောင်ပန်းတွင် ချိတ်ထားသော မီးအိမ် နှင့် လှည်းနောက်မှ လမ်းလျှောက်နေသော လူများကိုင်ထားသော မီးအိမ်အလင်းရောင်များကြောင့် ပတ်ဝန်းကျင်ကို ကောင်းစွာအလင်းရောင် ရနေသည်။ လှည်းပေါ်တွင်တော့ လူလေးယောက်မှာ လဲလျောင်းနေသည်။ ထိုလူလေးယောက်မှာ ဦးဖိုးဝေ၊သူရိယ၊သီဟ နှင့် မောင်စာတို့ ဖြစ်ကြသည်။သူရိယနှင့် ဦးဖိုးဝေ တို့နှစ်ယောက်သည် သတိ လစ်မေ့မျောချင်ယောင် ဟန်ဆောင်၍သာ အလ်ိုက်သင့် လိုက်ခဲ့ခြင်းဖြစ်သည်။ဦးဖိုးဝေသည် သူရိယအား စိတ်ဖြင့် မိန်းကလေး နှစ်ယောက်သည် မရိုးသားကြောင်း အကြံအစည်ရှိကြောင်း ပြောထားကာ လိုက်သွားရန်လည်း ကြိုတင်ညှိထားပြီး ဖြစ်၏။ မိန်းခလေးနှစ်ယောက်မှာ သူတို့ကိုယ်သူတို့ အထင်ကြီးနေ၍ ဦးဖိုးဝေတို့အား သတိမထားမိခြင်းဖြစ်သည်။ယခုလည်း သူမတို့ နှစ်ယောက်သည် တခြားသူများ နှင့်အတူ လှည်းနောက်မှ လမ်းလျှောက်ရင်း  ကိုယ်ရည်သွေးနေပြန်သေးသည်။

    “အထက်လမ်းဆရာတွေလည်း ငါတို့ ညီအမနှစ်ယောက်ရဲ့ မာယာနဲ့ တွေ့တော့ ခံရတာပဲ “

    “ဟုတ်ပ အမရယ် အထက်လမ်းဆရာဆိုလို့ အတော်ကို သတိထားလိုက်ရတာ ဒင်းတို့က အခုဆို လှုပ်တောင် မလှုပ်နိုင်ဘူး”

    “ဟို လူကြီးက အမတို့ကို သိပ်ပြီး မသင်္ကာဘူးနော် စကားများနေလို့သာ အငိုက်မိသွားတာ “

    “အေးဟဲ့  ဆရာကြီးရှေ့ကျရင် တို့ကတော့ မျက်နှာပန်းလှပြီ “

    ထိုမိန်းမပျိုနှစ်ယောက်မှာ နတ်ဆရာချုပ်ကြီး၏ အမြှောင် မယား မယ်စိန် နဲ့ မယ်ဝေတို့ဖြစ်ကြသည်။နတ်ဆရာချုပ်ဆိုသူ သည် အရင်က ဒီနယ်တကြောတွင် ဆိုးသွမ်းသော ဓားပြဗိုလ်ကြီးတယောက် ဖြစ်ခဲ့၏။သူသည် အနယ်နယ်အရပ်ရပ်သို့  ရောက်ဖူးပြီး အတန်အသင့် ဗဟုသုတရှိသူဖြစ်ကာ  ဗဟုသုတနည်းပါးသော တောရွာများတွင် သူ၏ အဖွဲ့သားများဖြစ်ဖူးသော တပည့်လက်သားများကို နတ်ဆရာများအဖြစ် ခန့်ကာ  တောရွာများတွင် မင်းမူနေသူဖြစ်၏။သူ၏ နောက်လိုက်နောက်သားတို့သည် လက်မရွံ့ဓားပြများ ဖြစ်သည့်အလျောက် သူ့အား မခန့်လေးစားလုပ်သူများကို နှိပ်ကွပ်လေ့ရှိသူလည်း ဖြစ်ပေသည်။ယခု တာပိုးရွာမှ သူ၏ လက်အောက် နတ်ဆရာအား ထွက်ပြေးရအောင် လုပ်သူမှာ ဦးဖိုးဝေဟု သိသောကြောင့်  အသေသတ်ခိုင်းခြင်းဖြစ်သည်။သို့ပါသော်လည်း  မယ်စိန် နှင့် မယ်ဝေသည် အထက်လမ်း ဆရာနှင့် အဖွဲ့ ဝင်များကို သူတို့၏ ဆရာကြီး လက်နှင့် ကိုယ်တိုင်သတ်သည်မှာ ပို၍ဂုဏ်ရှိမည်ဟုတွေးကာ အရှင် ခေါ်လာခဲ့ခြင်း ဖြစ်သည်။ထိုသို့တွေးနေသည်ကိုလည်း ဦးဖိုးဝေမှ ကြိုသိ၍ လိုက်ခဲ့ခြင်းလည်း ဖြစ်သည်။အတန်ကြာသည်အထိ လှည်းလေးအားမောင်းပြီးချိန်တွင် မြိုင်တောတခုသို့ ရောက်ရှိလာပြီဖြစ်သည်။ မြိုင်တောတနေရာ၌ တဲအိမ်လေးများရှိကာ လမ်းတလျှောက် မီးတိုင်များ ထွန်းညှိထားပြန်သေး၏။မယ်စိန် နှင့် မယ်ဝေ တို့သည် လှည်းကို ထိုလမ်းအတိုင်း မောင်းစေပြီး တလင်းပြင် ပမာ ပြောင်ရှင်းနေသော မြေကွက်လပ်တခုအရောက်တွင် လှည်းကို ရပ်လိုက်လေသည်။လှည်းရပ်လိုက်သည်နှင့်  အားကောင်းမောင်းသန်လူတစုသည် ဦးဖိုးဝေတို့အား လှည်းပေါ် မှ ဆွဲချကာ တိုင်များတွင် ကြိုးနှင့် ချည်ထားကြလေ၏။မယ်စိန် နှင့် မယ်ဝေ သည် သစ်လုံးတဲလေးအတွင်းသို့ ဝင်သွားကြလေသည်။တဲထဲတွင်တော့  အမြည်းစုံလင်စွာနှင့် အရက်သောက်နေသော နတ်ဆရာကြီးသည် သူမတို့ကို မြင်သည်နှင့်

    “ကဲ မိန်းမချောလေးတွေ လုပ်ငန်းဆောင်တာတွေ အောင်မြင်ခဲ့ရဲ့လား “

    “ကျမတို့ ညီအမ အလုပ် လုပ်တာ မအောင်မြင်တာ ရှိဘူးလို့ လားဆရာကြီးရဲ့ “

    “‌အေး အေး သတင်းကောင်းပဲ အဲ့ဒီ အထက်လမ်းဆိုတဲ့ ကောင် အခု ဘယ်မှာလဲ “

    “ရှေ့က  တိုင်မှာ ချည်ထားတယ် ဆရာကြီး လေးယောက်တောင် “

    “အထက်လမ်း ဆရာတွေချည်းပဲလားဟဲ့ “

    “မဟုတ်လောက်ဘူးဆရာကြီး ကျန်တဲ့နှစ်ယောက်က ဒီနယ် က ရွာသားတွေ ဖြစ်လောက်တယ်”

    “အေးအေး  ချုပ်ထားလိုက် မနက်ဖြန် မိုးလင်းတာနဲ့ အဲ့ဒီကောင်တွေကို ယာဇ်ပူဇော်မယ်လို့ သတင်းလွှင့်လိုက်”

    “ဟုတ်ကဲ့ပါ ဆရာကြီး “

    “သွားတော့ သွားတော့ ဒီနေ့တော့ နင်တို့တဲ နင်တို့ ပြန်အိပ်ကြ ငါ အရက် အေးဆေးသောက်အုံးမယ် “

    မယ်စိန် နှင့် မယ်ဝေ သည် နတ်ဆရာကြီးအား ဦးညွှတ်အရိုသေးပေးကာ တဲထဲမှ ပြန်ထွက်လာလေသည်။ထို့‌နောက် တဲရှေ့ တွင်ရှိသော လူတယောက်အား လေသံတိုးတိုးဖြင့် ကပ်ပြောလိုက်ရာ ထိုသူသည် ကျန်လူနှစ်ယောက်ကို ခေါ်ကာ ထွက်သွားကြပါတော့သည်။

    ◾အခန်း (၅)

     သန်းခေါင်ယံကျော်လွန်သောအချိန်တွင် နတ်ဆရာကြီး၏ တဲရှေ့ရှိ ကွင်းပြင်ကျယ်တွင် တိုင်တတိုင်စီ၌ ဦးဖိုးဝေတို့ လေးယောက်အား ကြိုးများဖြင့်တုပ်ထားကြသည်။ဦးဖိုးဝေသည် သူ၏မလှမ်းမကမ်းတွင်ရှိသော မောင်စော နှင့် သီဟအား သေချာ စူးစိုက်ကြည့်နေလိုက်ပြီး မကြာသောအချိန်တွင် မောင်စော နှင့် သီဟ၏ ခန္ဓာကိုယ်မှ သူတို့၏ ဝိညဉ်များထွက်လာကြသည်။ထို့နောက် ဦးဖိုးဝေသည်

    “မောင်စော နဲ့ သီဟ ငါပြောတာကြားလား “

    “ကြားတယ် ဆရာကြီး ကျုပ်တို့ ဘာဖြစ်သွားတာလဲ သေသွားတာလား ဒီမှာက ကျုပ်တို့ ကိုယ်ခန္ဓာကြီးတွေ “

    “မင်းတို့ မကြောက်နဲ့ ငါ့ပညာနဲ့ လုပ်ထားတာ ငါပြောတာ သေချာနားထောင် မင်းတို့တွေ ရွာကိုပြန်”

    “ဗျာ “

    “မောင်စာက ကျွန်းလှရွာကိုပြန် ဦးစံကွန့်ကို ‌ဒီမှာ ဖြစ်ပျက်နေတာကို ပြန်ပြောပြ မင်းကို ဦးစံကွန့်ပဲ ‌မြင်ရလိမ့်မယ်။သီဟလည်း တာပိုးရွာကိုပြန် မင်းအဖေနဲ့ ကိုဝဏ္ဏကိုပြောပြ ဒီကို လာခဲ့ခိုင်း ကြားလား မင်းတို့က ပြောပြီးတာနဲ့ ဒီကို တန်းပြန်လာခဲ့ ကြားလား “

    ဝိညာဉ်အဖြစ်ပြောင်းနေသော မောင်စာ နှင့် သီဟသည် ဦးဖိုး‌ ဝေ၏ စကားကို နားလည်သွားဟန်ဖြင့် ခေါင်းညိတ်ပြကာ နတ်ဆရာကြီး၏စခန်းမှ ထွက်သွားတော့သည်။ထို့နောက် သူရိယသည် ဦးဖိုးဝေအား စိတ်နှင့်ဆက်သွယ်ပြီး စကားဆိုလေသည် ။

    “အဘ ဝိညဉ်ထုတ်တဲ့ ပညာက အထက်လမ်းဆရာတွေ မသုံးအပ်ဘူး မဟုတ်လား “

    “လူလေးရေ လိုအပ်ရင်တော့ သုံးရမှာပဲ  အားလုံးကောင်းဖို့ အတွက်ပဲလေ ”

    “အဘ ဘယ်လိုလုပ်မယ် စဉ်းစားထားလဲ “

    ” တကယ်တော့ နတ်ဆရာက သူခိုး၊ဓားပြ တယောက်ပဲ လူလေးဒီစခန်းမှာ ရွာသားတွေဆီက ခိုးဖွက်ထားတဲ့အဖိုးတန် ပစ္စည်းတွေ ရှိနိုင်တယ် ပြီး‌တော့ ဒီကောင်တွေကို ရွာသားတွေ အကြည်ညိုပျက်အောင် သူတို့သရုပ်မှန်ကို ဖော်ထုတ်ရလိမ့်မယ်  “

    “ဘာလို့လဲ အဘ “

    “သူတို့ကြောင့် အပြစ်မဲ့တဲ့ လူတွေနဲ့ တိရိစ္ဆန်တွေ ပျက်ဆီးဆုံးရှုံးရတာ များနေပြီ လူလေး အဲ့တာကြောင့် အဘတို့ တားမှ ဖြစ်လိမ့်မယ် “

    “အင်းပါ အဘ အဆင်ပြေသလို သာလုပ်ပါ “

    ဦးဖိုးဝေတို့သည် စိတ်ချင်းဆက်သွယ်ကာ စကားဆိုနေခြင်းဖြစ်သည်။ထိုစဉ် သူတို့၏ အနားသို့ ရေပုံးကိုင်ထားသော လူနှစ်ယောက် ရောက်လာလေသည်။ထိုလူနှစ်ယောက်သည် ဦးဖိုးဝေ နှင့် သူရိယအား ရေနှင့်ပက်ပြီး နှိုးလိုက်လေသည်။ဦးဖိုးဝေတို့အား ရေပက်နှိုးပြီးသောအခါ မောင်စာ နှင့် သီဟ တို့ကိုလည်း ရေနှင့် ပက်ပြီးနှိုးလေသည်။ဝိညဉ်ကင်းမဲ့နေသော မောင်စာနှင့် သီဟ မှာ သတိပြန်လည်ခြင်းမရှိ၍ ထိုလူနှစ်ယောက်သည် နောက်ထပ် ရေနှင့် ပက်ပြန်သည်။သို့ပေမဲ့ လှုပ်မလာတော့ သဖြင့် ထိုလူနှစ်ယောက်သည် တယောက် မျက်နှာတယောက်ကြည့်ကာ တဲဘက်သို့ ထွက်၍ သွားပါတော့သည် ။ မကြာသော အချိန်တွင် မယ်စိန် နှင့် မယ်ဝေ ပါလာလေသည်။ သူမတို့သည် ရေပုံးကိုင်ထားသော လူနှစ်ယောက်အား

    “ငါတို့ ဆေးက ရေပက်ရင် နိုးရမှာပါ နင်တို့ပြောတာ မဖြစ်နိုင်ဘူး “

    “တကယ်ပါ မမလေးရယ် ဟိုလူကြီး နဲ့ ကောင်လေးက နိုးလာတယ် ရွာသားနှစ်ယောက်က မနိုးတာ”

    “လာ လာ မြန်မြန်သွားကြရအောင် သူတို့ကသတ်မဲ့ စာရင်းထဲ မပါဘူး “

    မယ်စိန်တို့ လာနေချိန်တွင်တော့ မောင်စာ နှင့် သီဟတို့၏ ဝိညာဉ်များသည် သူတို့၏ ကိုယ်ထဲ ပြန်ရောက်နေပြီဖြစ်ကာ နိုး နေပြီး ချောင်းတဟွတ်ဟွတ်ဆိုးနေလေ၏။

    “အဟွတ် ဟွတ် “

    “အဟွတ် ဟွတ် “

    မယ်စိန်သည် သတိရနေပြီဖြစ်သော မောင်စာ နှင့် သီဟကို မြင်သောအခါ သူမတို့အားခေါ် သော လူနှစ်ယောက်အား ပါးကို ဘယ်ပြန်ညာပြန်ရိုက်လိုက်ရင်း

    “ငါတို့ကို အိပ်ရေးပျက်အောင်လုပ်တာလား နင်တို့က “

    “မ မဟုတ်ပါဘူး အစောက တကယ်သေနေသလိုဖြစ်လို့ လာခေါ်တာပါ”

    “သွား အားလုံးကို နှိုးပြီး ယာဇ်ပူဇော်မဲ့ ကျောက်တုံးကို သန့်ရှင်းရေး လုပ်ထားလိုက် အနီးအနားကရွာတွေကို အကုန်ခေါ်ထားတယ် ကျွန်းလှ နဲ့ တာပိုးပဲ မပါတာ “

    “ဟုတ် ဟုတ်ကဲ့ “

    အရိုက်ခံလိုက်ရသော လူနှစ်ရောက်သည် သူတို့၏ ပါးများကို ပွတ်ကာ တဲအိမ်လေးများဆီသို့ သွားနေတော့သည် ။

   ◾ အခန်း (၆)

     နံနက်ခင်းနေရောင်ခြည်ကောင်းစွာမရရှိသေးသော အချိန် ဖြစ်သော်လည်း အလင်းရောင်ကောင်းစွာရနေပြီဖြစ်သည်။ထိုအချိန်၌ ကွင်းပြင်တွင် စင်တခုဆောက်ထားပြီး ထိုစင်ပေါ်တွင်တော့  ကျွန်းသားတုံးကြီးအား ချောမွတ်နေအောင်ပြုလုပ်ထားပြီး သွေးများစီးကျရန်အတွက် လမ်းကြောင်းအနေဖြင့် မြောင်းလေး ‌ထွင်းထားသည်။ထိုမြောင်းလေးမှတဆင့် သစ်သားတုံးကြီး၏ အောက်ခြေတွင်ရှိသော စဉ့်အိုးသေးသေးလေးထဲသို့ သွေးများ ကျအောင် စီမံထားလေ၏။ထိုစင်ကြီးဘေးတွင်တော့ ရွာများမှ နတ်ဆရာများသည် ထိုင်ခုံများတွင် ကိုယ်စီထိုင်နေကြသည်။သူတို့၏ မလှမ်းမကမ်းတွင် ကြိုးတုတ်ခံထားရသော ဦးဖိုးဝေတို့ လေးယောက်အား တွေ့ရမည်ဖြစ်သည်။မကြာသောအချိန်တွင် ရွာသားများသည် အလျှိုအလျှို ရောက်လာကြကာ ထိုယာဇ်ပူဇော်မည့် စင်ကြီး၏အနားသို့ ရောက်ရှိလာကြသည်။ကွင်းအပြည့် ရောက်လာချိန်တွင်တော့  နတ်ဆရာကြီးသည် မယ်စိန် နှင့် မယ်ဝေကို တဖက်တချက်စီမှခြံရံရင်း သူ၏ သစ်မြစ် တောင်ဝှေးကြီးကို တတောက်တောက်ဖြင့်ထောက်ပြီး နတ်ဆရာများဆီသို့ လျှောက်လှမ်းလာနေသည်။နတ်ဆရာကြီးကို မြင်သည် နှင့် ရွာပေါင်းစုံမှ နတ်ဆရာများသည် ထိုင်နေရာမှ ထရပ်ကြပြီး

    ” ဆရာကြီး ကျန်းမာပါစေ”

    ထိုသို့သော ဆုတောင်းအား နတ်ဆရာများမှ စတင်ပြောကြားလိုက်သည့်အခါ ရွာသားများသည်လည်းလိုက်၍ ရေရွတ် ကြလေသည်။ထို့နောက် နတ်ဆရာကြီးသည် ပါးစပ်မှ ကွမ်းတံတွေးကို ထွေးထုတ်လိုက်ကာ

    “ဒီနေ့ ခင်ဗျားတို့ကို အရေးတကြီးခေါ်ရတဲ့အကြောင်းက ဆန်ရေစပါး ပေါကြွယ်ဝအောင် ယာဇ်ပူဇော်ရမယ်လို့ နတ်ဘုရားတွေက အမိန့်ရှိလို့ပဲ  ဒီနေ့က ထူးထူးခြားခြားကြက်တွေ  ဆိတ်တွေတင် ယာဇ်ပူဇော်မှာ မဟုတ်ဘူး ကျုပ်တို့ရဲ့နတ်ဘုရား တွေကို စော်ကားတဲ့ လူ‌တွေရဲ့လည်ချောင်းသွေးနဲ့ပါ  ယာဇ်ပူဇော်မှာမို့ အားလုံးကို ခေါ်လိုက်ရတာပဲ “

    ရွာသားများသည် လူကိုပါ ယာဇ်ပူဇော်မည်ဟု ကြားလိုက်ရ သည့်အခါ အံ့ဩပြီး အချင်းချင်း တီးတိုးစကားဆိုကြသည်၊၊သူတို့၏ နတ်ကိုးကွယ်မှု သက်တမ်းတလျှောက် လူကို ယာဇ်ပူဇော်သည်အား မကြုံခဲ့ရသောကြောင့်လည်းဖြစ်၏။ရွာသားများ တိုးတိုးပြောနေသည်ကို သိသော နတ်ဆရာကြီးသည် အသံကျယ်ကျယ်ဖြင့် စကားထပ် ဆိုလာပြန်သည် ။

    “ရွာသားတွေ နားထောင်ပါ ကျုပ်တို့က ဒီလူမိုက်တွေရဲ့ လည်ချောင်းသွေးနဲ့ ယာဇ်မပူဇော်ဘူးဆိုရင် တခါမှ မကြုံဘူးတဲ့ ကပ်ဆိုးကြီးဆိုက်ပြီး ရွာတိုင်း သေကြေပျက်စီးကြမယ်လို့ နတ်ဘုရားတွေက သတိပေးထားတယ်။အဲ့တာကြောင့် ဒီငမိုက် သားတွေကို ယာဇ်မပူဇော်ဘူးဆိုရင်  ခင်ဗျားတို့အားလုံးဒုက္ခရောက်လိမ့်မယ် “

    “ပူဇော်ပါ့မယ် ပူဇော်ပါ ဆရာကြီး “

    ရွာသားများသည် သူတို့အား ဒုက္ခရောက်မည်ဟုပြောသော အခါ လူသားဖြင့် ယာဇ်ပူဇော်မည်ကို ဝိုင်းဝန်းလက်ခံကြလေသည်။ထိုသို့ ရွာသားများမှ ယာဇ်ပူဇော်ခြင်းကို ထောက်ခံသော အခါ မောင်စာ နှင့် သီဟသည် အင်မတန် ဒေါသထွက်ကာ ကျယ်လောင်စွာ အော်ဟစ်ပြီး စကားဆိုလိုက်သည်။

    “ခင်ဗျားတို့က လူမိုက်တွေပဲ ကိုယ်ဒုက္ခရောက်မယ်လို့ သူများကပြောတာနဲ့ပဲ တခြားသူရဲ့ အသက်ကို အလေးမထားတော့တဲ့  တကိုယ်ကောင်းဆန်တဲ့လူတွေပါလား ဒီနတ်ဆရာက ခင်ဗျားတို့လိုလူတွေရှိလို့ အင်အားကြီးမားနေတာ တောက် “

    သူတို့မည်သို့ပင် အော်နေစေကာမူ ရွာသားများသည် ဂရုမစိုက်ကြပေ။ထို့နောက် နတ်ဆရာကြီးသည် သူ၏တောင်ဝှေးကို မယ်စိန်အား ပေးကာ မယ်ဝေ၏ လက်ထဲမှာ နှစ်ဖက်အသွားရှိသောဓားကို ယူ၍ စင်ပေါ်သို့တက်သွားလေ၏။ယာဇ်ပူဇော်မည့် စင်ပေါ်သို့ရောက်သောအခါ နတ်ဆရာကြီးသည် သူ၏ လက်ထဲမှ ဓားအား မိုးပေါ်သို့ မြှောက်လိုက်ချိန်တွင် ရွာသားများသည် ကျယ်လောင်စွာ ဩဘာပေးကြလေသည်။နတ်ဆရာကြီးသည်  ဓားကို ကိုင်မြှောက်ထားရင်းမှ ကျယ်လောင်သော အသံဖြင့်

    “ပထမဆုံး ယာဇ်ပူဇော်မှာက သူစိမ်းတွေကို မဟုတ်ဘူး ငါတို့နတ်ဆရာတွေကို သစ္စာဖောက်သွားတဲ့ တာပိုးရွာသားကိုပဲ ‘

   နတ်ဆရာမှ ထိုသို့ပြောလိုက်သောအခါ မယ်စိန် နှင့် မယ်ဝေ အံ့ဩသွား၏။သူမတို့ထင်ထားသည်မှာ အထက်လမ်းဆရာများကိုသာ ယဇ်ပူဇော်မည်ဖြစ်သည်။ယခုတော့ သူမတို့ ထင်ထားသလို မဟုတ်တော့ပဲ တာပိုးရွာသားကို အရင်ယာဇ်ပူဇော်မည်ဟုဆိုနေပြီ ဖြစ်၏။သူတို့လည်း နတ်ဆရာကြီး၏ ထားရာနေ၊စေရာသွား ဘဝများမို့ အထွန့်မတက်ရဲပေ။နတ်ဆရာကြီး၏ ကြေငြာချက်ကြောင့် တာပိုးရွာမှ ပြေးလာရသော နတ်ဆရာသည် ကျေနပ်၍ တပြုံးပြုံးဖြစ်နေကာ ထိုင်ရာမှပင် ထလိုက်ပြီး ယာဇ်ပူဇော်မည့် စင်ပေါ်မှ နတ်ဆရာကြီးအား လှမ်း၍ စကားဆိုလေ၏။

    “ဆရာကြီး ကျုပ် တခုလောက် တောင်းဆိုချင်တယ် “

    “ပြောပါ တာပိုးရွာနတ်ဆရာ ကျုပ်ရွာက လူကို ကိုယ်တိုင်  လည်ပင်းဖြတ်ပြီး ပူဇော်ချင်တယ် ခွှင့်ပြုနိုင်မလား”

    “ဘာလို့လဲ တာပိုးနတ်ဆရာရဲ့ “

    “ဒီကောင်လေး လုပ်လို့ ကျုပ်တာပိုးရွာကနေ ပြေးခဲ့ရတာ သူ့ကို ကိုယ်တိုင်လည်လှီးချင်တယ် “

    “ကဲ ဒါဆိုရင်လည်း တာပိုးနတ်ဆရာရဲ့ သဘောပါပဲ စင်ပေါ်တက်ခဲ့ပါ”

    နတ်ဆရာကြီးမှ ခွင့်ပြုလိုက်ရာ တာပိုးရွာနတ်ဆရာသည်  ယာဇ်ပူဇော်မည့် စင်ပေါ်သို့ တက်သွားလေသည်။ထို့နောက်  နတ်ဆရာကြီးဆီမှ ဓားကိုယူပြီးလေပေါ်မြှောက်လိုက်သည့်အခါ  ရွာသားများသည် အော်ဟစ်ကာ ဩဘာပေးကြပြန် သည်။ပြီးလျှင် နတ်ဆရာကြီးသည် စင်အောက်ရှိ သူ၏တပည့် များကို‌ ခေါ်ကာ သီဟအား လက်ညှိုးထိုးပြလိုက်သည်။ထိုအခါ သူ၏ တပည့်များသည် သီဟအား လက်ပြန်ကြိုးတုပ်၍ ယာဇ်စင်ပေါ်သို့ ခေါ်လာကြသည်။သီဟသည် သေရမည်ကို ကြောက် လန့်နေကာ ဦးဖိုးဝေအား ကယ်တင်ပေးရန် အကူအညီတောငအော်ဟစ်နေလေသည် ။

    “ဆရာကြီး ကျုပ်ကို သတ်တော့မယ် ကယ်ပါဦး  “

    ဦးဖိုးဝေသည် မည်သည့်စကားမှ ပြန်မပြောဘဲ ငြိမ်၍သာနေလေရာ သီဟမှာ စိတ်ဓာတ်ကျသွားသည့်ဟန်နှင့် ဆက်လက်ရုန်းကန်ခြင်း၊အော်ဟစ်ခြင်းမပြုတော့ပဲ ဦးဖိုးဝေကို စူးစိုက်ကြည့်နေကာ တဖက်စီမှ လူနှစ်ယောက် ဆွဲခေါ်သွားရာသို့ ခြေ တရွက်တိုက်ဖြင့် ပါသွားလေသည်။ထို့နောက် သီဟအား သစ်သားတုံးကြီးပေါ်တွင် ပက်လက်အနေအထားဖြင့် ကြိုးတုတ်ထားကြလေသည် ။သီဟသည် ကောင်းကင်ကြီးကိုသာကြည့်ပြီး သေမည့်အချိန်ကို စောင့်နေလေ၏။မကြာသော အချိန်တွင် တာပိုးရွာနတ်ဆရာသည် သီဟ အနားသို့လာကာ သူ၏အနားသို့ကပ်၍ အသံတိုးတိုး နှင့် စကားဆိုလေသည်။

    “မင်းမှတ်ထား တကယ်တော့ ငါတို့က ယာဇ်ပူဇော်မှာမဟုတ်ဘူး မင်းတို့ကို သတ်ချင်လို့ကိုသတ်တာ နောက်ဆို ကလန်က ဆန်လုပ်တဲ့ ကောင်တွေမှန်သမျှ ဒီတုံးပေါ်မှာ ဒီလို သေရမယ်ဆိုတာ သိစေရမယ် “

    တာပိုးရွာနတ်ဆရာသည် ထိုသို့ပြောပြီးနောက် ပါးစပ်မှ မည်သူမှနားမလည်နိုင်သော စကားများကို ရွတ်ကာ သီဟ၏ လည်ပင်းကို လှီးရန် စတင်လေတော့သည်။ထိုအချိန် ဦးဖိုးဝေသည် နတ်ဆရာကို စူးစိုက်ကြည့်လိုက်ရာ သူ၏ မျက်လုံးတို့မှ ရွှေရောင်တို့လင်းလက်သွားး၏။တာပိုးနတ်ဆရာလည်း ဓားကြီးကို ကိုင်ပြီး ငေးငိုင်နေ၏။အတန်ကြာအောင် ဓားကို ကိုင်ထားပြီး ငြိမ်နေသော တာပိုးနတ်ဆရာကြောင့် ဦးဖိုးဝေတို့ ပညာပြပြီဆိုသည်အား သီဟ နားလည်လိုက်ကာ ပြုံးလိုက်မိသည်။ နတ်ဆရာကြီးသည် ငေးငိုင်နေသော တာပိုးရွာနတ်ဆရာအား

    “တာပိုးနတ်ဆရာ ပူဇော်တော့လေ ဘာတွေငေးနေတာလဲ “

    နတ်ဆရာကြီး ပြောသည်ကို ဘာမှမတုန့်ပြန်သောကြောင့် နတ်ဆရာကြီး စိတ်မရှည်ဖြစ်ကာ တာပိုးနတ်ဆရာ၏ လက်ထဲ မှ ဓားကို ဆွဲထုတ်လိုက်၏။ထို့နောက် အသံခပ်ကျယ်ကျယ်နှင့် ရုတ်တရက် စကားဆိုလာလေ၏။

    “ဟေ့ နားထောင်ကြ ငါက ဘာနတ်ဆရာမှ မဟုတ်ဘူး ငါက ဓားပြတယောက်ပဲ”

    နတ်ဆရာကြီး၏ ပြောစကားကြောင့် ရွာသားများနှင့် နတ်ဆရာများကြောင်ငေးကာ အံ့အားသင့်စွာဖြင့် နတ်ဆရာကြီးအား ကြည့်နေကြ၏။ နတ်ဆရာကြီးသည် ဤမျှနှင့် ရပ်မသွား သူပြုလုပ်ခဲ့သော လူသတ်မှု၊ဓားပြမှု့ နှင့် မုဒိမ်းမှုများအားလုံးကို အသံကျယ်လောင်စွာ မြိန်ရည်ရှက်ရေ ပြန်ပြောင်းပြောပြ  နေလေ၏။နတ်ဆရာကြီးသည် သူ၏ အပေါင်းအပါ နတ်ဆရာများ၏ ယုတ်မာလိမ်ညာမှုများကိုပါ ဖော်ထုတ်လာရာ နတ်ဆရာများထွက်ပြေးဖို့ ကြံစည်သော်လည်း စိတ်ဆိုးဒေါသထွက်နေသော ရွာသားများမှ ဖမ်းဆီးထားလိုက်ကြလေ၏။ထို့နောက် မကြာသောအချိန်တွင် လက်နက်များကိုင်ဆောင်ထားသော တာပိုးရွာသားများရောက်လာကြပြီး နတ်ဆရာကြီးနှင့် သူ၏ တပည့်များကို ဝိုင်း၀န်းဖမ်းဆီးလိုက်ကြသည်။တာပိုးရွာလူကြီး နှင့် ဦးဝဏ္ဏ အပါအဝင် လက်နက်ကိုင်ထားသောရွာသားများ သည် ယာဇ်စင်ပေါ် တက်ပြီး ငေးငိုင်နေသော နတ်ဆရာကြီး နှင့် တာပိုးရွာနတ်ဆရာအား ထိုးကြိတ်ကန်ကျောက်ကာ လက်နက်များဖြင့် ချိန်ရွယ်ထားကြသည်။ဦး၀ဏ္ဏသည် သီဟအား သစ်သားတုံးပေါ်မှ ဖြုတ်ပေးလိုက်ပြီး

    “သီဟ ငါတို့ နောက်ကျသွားတယ်ကွာ “

    “တော်သေးတာပေါ့ဗျာ ဆရာကြီး ကယ်လို့ “

    သီဟသည် ‌ယာဇ်စင်ပေါ်မှ ဆင်းကာ တိုင်တွင် ကြိုးတုပ်ခံထားရသော ဦးဖိုးဝေ၏ ရှေ့တွင်ဒူးထောက်ကာ

    “ဆရာကြီး ကျုပ်ကို ခွှင့်လွှတ်ပါ ကျုပ်စိတ်ထဲကနေ ဆရာကြီးကို ပြစ်မှားမိပါတယ် “

    “ရပါတယ်ကွာ ကဲ ကဲ ငါတို့ကို ကြိုးဖြည်ပေးဦး “

    “ဆရာကြီးကတော့ နောက်ပြီ”

    သီဟသည် ဦးဖိုးဝေတို့ ကြိုးမှ လွတ်မြောက်အောင်လုပ်နိုင် သည်ကို သိ၏။ထို့ကြောင့် မောင်စကိုသာ ကြိုးဖြည်ပေးလေသည်။မောင်စကို ကြိုးဖြည်ပေးပြီးချိန်တွင်တော့ ဦးဖိုးဝေနှင့် သူရိယမှာ မတ်တပ်ရပ်၍ အညောင်းဆန့်နေပြီ ဖြစ်သည်။ထိုအချိန် ရွာလူကြီးနှင့် ဦးဝဏ္ဏလည်း ရောက်နေပြီဖြစ်သည်။သူတို့ ရောက်လာသည်နှင့် ဦးဖိုးဝေသည်

    “ကဲ ကျန်တာ ခင်ဗျားတို့ပဲဆက်ပြီး ရွာနီး၀န်းကျင်တွေ နဲ့ တိုင်ပင်ပြီး ဒီ နတ်ဆရာတွေနဲ့ အပေါင်းအပါတွေကို စီရင်ပေတော့ ကျုပ်တို့ကတော့ သွားစရာရှိတဲ့ခရီးကို ဆက်သွားလိုက် ပါဦးမယ် “

    ဦးဖိုးဝေသည် ထိုမျှသာပြောပြီး သူ၏ လွယ်အိတ်ကြီးကို လွယ်ကာ ထွက်သွားလေသည်။သူထွက်သွားသည်နှင့် နောက်မှ သူရိယ၊မောင်စာ နှင့် သီဟတို့မှာ အလျင်အမြန် လိုက်သွားကြလေ၏။ဦးဖိုးဝေတို့ သွားမည့်နေရာသည်က ကြာတောရွာဘုန်းကြီးကျောင်းသို့ပင် ဖြစ်ပါလေသည် ။

    ◾ဦးဖိုးဝေ နှင့် နတ်ဆရာများသည်က ဤမျှသာ။

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း