သေမင်းမျဥ်းပြိုင်

၏ မြည်ဟည်းသံကို ကြားနေသည်။

မာရီသည် ဝမ့်ကို ငြင်းပယ်ခဲ့သည်။ ဝမ့်ကိုသာမဟုတ် ဘယ်သူ့ကိုမဆို သူမသည် ငြင်းပယ်ရပေမည်။

သူမသည် ဖခင်ဖြစ်သူအား သူမ၏အစ်ကိုနှစ်ဦး လက်မထပ်မီ မိမိ လက်မထပ်ပါ ဟု ကတိပေးပြီးဖြစ်လေသည်။ အမှန်မှာလည်း မိခင်ဖြစ်သူ သေဆုံးပြီးကတည်းက ဖခင်၏ သံယောဇဉ်တွေသည် သူမအပေါ် စုပုံခဲ့ရသည်။

သူမ၏ အစ်ကိုကြီး နမ်တပ်မှာ တြိဂံပုံတည်ရှိသော တေဂျုံ၊ ကန်ချွန်၊ ချီချွန် မြို့သုံးမြို့တို့၏ ဗဟို အလယ်တည့်တည့်ရှိ မြောင်ယမ်းအရပ်မှ လယ်သမားတဦးဖြစ်ပေ သည်။ အစ်ကိုအငယ် ချန်လင်းဒါးမှာ ဂျပန်ပြည် တိုကျိုမြို့တွင် အထည်စက်ရုံတခု၌ လုပ်ကိုင်နေပေသည်။

သူတို့ နှစ်ဦးမှာ ယခု အချိန်အထိ လက်မထပ်ကြရသေး။ လက်ထပ်နိုင်သော အခြေအနေလည်း မရှိကြသေး ဒီလို တိုင်းပြည်အား နှစ်ခြမ်းခွဲပစ်ရန် စီစဉ်စကတည်းက ဆူပူမှုများနှင့် ကျပ်တည်း နေသော အခြေအနေများ ပေါ်ပေါက်လာသဖြင့် သူတို့အဖို့ ကိုယ်ပိုင် ကြင်ဖက်ကိုယ်စီနှင့် ဆေးဆေး ဇိမ်ပစ်နေရန်မှာ မဖြစ်နိုင်တော့ပေ။ သူတို့သည် သူတို့၏မြေပြင်အတွက် ဖြစ်သော ပြဿနာတရပ်ကို ရင်ဆိုင်နေကြပါ၏။

ဝေးကွာလှသောဒေသမှ ကော်မရှင်တခုက သူတို့၏ဘိုးဘွားပိုင်မြေပြင်အား စိတ်ကူးယဉ်မျဉ်းကြောင်းတကြောင်းဖြင့် နှစ်ပိုင်းခွဲရန် ဆုံးဖြတ်လိုက်ကြလေသည်။ ဘယ်တုန်းကမျှ တည်မြဲ ခိုင်ခံ့သောနယ်နိမိတ်မရှိသည့် မြေပြင်အား ခွဲခြမ်းစိတ်ဖြာခဲ့ကြသည်။ သည်လို ခွဲခြမ်းစိတ်ဖြာမှုကို ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ဟု အကြောင်းပြကြသည်။ ကြားဖြတ်ကာလ အတွက်လည်း အကြောင်းပြကြသေးသည်။ ညီညွတ်သော ကိုရီးယားပြည်ထောင်စု ဖွဲ့စည်းပေးရန်အတွက်ဟုပင် အကြောင်းပြလိုက်ပါသေးရော့လား။ မြောက်ပိုင်းဝယ် တူတံစဉ်တံဆိပ်နှင့် အနီရောင်၊ တောင်ပိုင်းဝယ် သိမ်းငှက်တံဆိပ် နှင့် ကြယ်ပြောက်ပါသောမျဉ်းကြောင်းပြာများ ….။

မာရီသည် မျှော်လင့်မှုဆုံးရှုံးသော လူတဦး၏ စိတ်ပျက်တည်ငြိမ်ပုံမျိုးဖြင့် မြောက်ဘက်ဆီသို့ မျှော်ကြည့်နေသည်။

သူတို့သည် “ဘဲရင်း ရေလက်ကြား” ‘Behring Strait’ကိုသာ ကိုရီးယားပြည် အား ပင်လယ်ပေါ်တွင် နှစ်ပိုင်းပြတ် ကွဲထွက်သွားအောင် ကူးချဲ့လိုက်ကြဖို့ကောင်းပါသည်။ ဒါမှလည်း ရေပင်လယ်ခြားသော နှစ်ပြည်ထောင် ဖြစ်နိုင်ပေလိမ့်မည်။ သဘာဝမိခင်၏ ပိုင်းခြားခြင်းဖြစ်သွားပေလိမ့်မည်။ ငြိမ်းချမ်းရေးအတွက် ဖြစ်ချင် ဖြစ်မည်၊ မဖြစ်ချင် မဖြစ်၊ သို့သော် မြေပြင်အတွက် ပိုင်းခြားခြင်းမှာ သဘာဝမိခင်သာလျှင် တတ်နိုင်ပါ၏။ ဒါပေမဲ့ ယခုမူ ပြန့်သောမြေပြင်အား မရှိသော စိတ်ကူးယဉ်မျဉ်းတကြောင်းက ဖြတ်ပိုင်း ခွဲခြားလိုက်ပါပကော။ ဆန်အိုးပေါ် ဝါးခြမ်းပြားတခု တင်၍ထားပါ။ ညီအစ်ကိုနှစ်ယောက်အား ဝါးခြမ်းပြား၏ ဒီမှာဘက်တဝက်နှင့် ဟိုမှာဘက်တဝက်မှသာ နှိုက်၍ ညီမျှစွာစားကြပါစေ။ ဟိုဘက်တဝက်မှဆန်နှင့် ဒီဘက်တဝက်မှ ဆန်ကို မရောပါစေနှင့်၊ ညီမျှစွာ စားကြပါစေ။ ဘာဖြစ်လာမည်နည်း။

မာရီ၏ဖခင် ‘ဖောက်လောင်း” က ထိရောက်သော ဥဒါဟရုဏ်ကိုဆောင်ကာ ဤမေးခွန်းကို မေးခဲ့ပါ၏။

မျက်ရည်စိုစွတ်သော မိုးမခပင်ရိပ်တွင် ကိုရီးယားကလေးတဦးက မတုန်မလှုပ် ရပ်နေသည်။ ညိုသော နေမင်းနှင့် တိမ်ယံကြားမှ ဂျက်လေယာဉ်ပျံ၏ မြည်ဟည်းသံကို ကြားနေရသည်။ ကပ်နေသာ အိမ်တွင်းရှိ ရေဒီယိုမှလည်း စစ်သတင်းများ ကြားနေရပါ၏။ မြောက်ဘက်ဆီမှလည်း ဆူညံသော အမြောက်၊ သေနတ်သံများ။

(၂)

ထိုစဉ်တုန်းကတော့ လူငယ်တွေက ရယ်ကြပေသည်။ အထူးသဖြင့် တိုကျို ဆေးကောလိပ်မှ ဟောလီးဒေးအတွင်း လာရောက်လည်ပတ်နေသော ယာမာရှီက ဉာဏ်ကွန့်မြူး သော စကားတွေနှင့် သရော်နေသည်။

မာရီကမူ မိုးမခပင်ရိပ်မှာပင် ရပ်နေပါ၏။ အသံများ လွင့်လာသော ဆွေးနွေးပွဲဝိုင်း ကိုလည်း လှမ်းမြင်နိုင်သည်။ အဘိုးအို ဖောက်လောင်းသည် ပက်လက်ကုလားထိုင်တွင် ထိုင်ရင်း ပျော့နေသော မြေပြင်တွင် မြောင်းကလေးတခု ဖြစ်လာသည်အထိ တုတ်ငယ် တချောင်းနှင့် ဖြစ်နေသည်။ ပြီးမှ မြောင်းထဲသို့ တုတ်ကလေးကို အလျားလိုက်ချကာ မြေမှုန့်များဖြင့် ဖုံးလွှမ်းလိုက်ပြန်သည်။ မြေပြင်မှာ ညီမြဲ ညီသွားပါ၏။

“မြေပြင်တခုကို ဘယ်လိုနည်းကြောင့်များ ခွဲခြမ်းလို့ သင့်မှာလဲကွယ်”” လူငယ်လေးဦးမှာ ငြိမ်နေခိုက် ဖောက်လောင်းက မှတ်ချက်ချသည်။

“လောကမြေပြင်မှာ သဘာဝတံတိုင်းတွေလို့ ထင်နေရတဲ့တောင်တွေနဲ့ မြစ်တွေ တောင်မှ တံတိုင်းအစစ်တွေမဟုတ်ပါဘူး၊ တဆက်တည်းသော မြေပြင်ရဲ့ အကျိုးအပဲ့ ကလေးတွေပါ

“ပြီးတော့လည်း မြေပြင်ဟာ မိန်းမတယောက်နဲ့ တူတယ် မိန်းမတယောက်ကို ခွဲဝေလို့မရပေဘူး၊ မင်းတို့မိခင်ကို ငါ့သားတွေ ဘယ်လိုများ ခွဲဝေလို့ ပြုစုကြမလဲကွယ်၊ မိန်းမတယောက်ကိုရော ဘယ်လိုများ ခွဲဝေပေါင်းသင်းကြပါ့မလဲ”

အဘိုးကြီးသည် မီးဖိုမှ မီးတစကို ဆွဲနုတ်ကာ ရှည်လျားလှသော ဝါးဆေးတံကို မီးညှိနေသည်။

အဘိုးကြီး၏အသွင်အပြင်နှင့် အသုံးအနှုန်းများမှာ အားလုံးပင် ရှေးဆန်နေပါ၏။ ကိုရီးယားလယ်သမားအိုကြီးဖြစ်သဖြင့် ရိုးသား ရှေးကျရပေမည်။

အခါမှာ ကုလသမဂ္ဂ ကိုရီးယားကော်မရှင်မှ ကိုရီးယားပြည်အား လတ္တီတွဒ် ၃၈ ခေါ် စိတ်ကူးယဉ်မျဉ်းကြောင်းဖြတ်သွားရာဖြင့် တောင်ပိုင်းနှင့် မြောက်ပိုင်း ခွဲခြမ်းရန် ဆုံးဖြတ်လိုက်စဉ်က ဖြစ်ပေသည်။

ဤပြဿနာမှာ လမ်းပေါ်မှလူများအတွက် မဆုံးနိုင်သော စိတ်ဝင်စားစရာဖြစ်သကဲ့ သို့ လယ်ကွင်းပြင်မှ လူတယောက်အတွက်လည်း ထွက်သက် ဝင်သက်နှင့် ယှဉ်နေသော ရင်လေးဖွယ်ရာပင် ဖြစ်နေပါ၏။

“ငါတော့ သုံးဆယ့်ရှစ်မျဉ်းပြိုင်အစား သေမင်းမျဉ်းပြိုင်လို့ ခေါ်တယ်”

ဖောက်လောင်းက အမည်ပေးလိုက်သည်။

“ဒီမှာ ကြည့်စမ်း၊ ဆန်အိုးတအိုးပေါ်မှာ ဝါးခြမ်းပြားတခု ကန့်လန့်တင်ပြီး ငါ့ သားတယောက်က ဒီဘက်တဝက်ကနှိုက်စား၊ တယောက်က ဟိုဘက်ကနှိုက်စားဆိုလို့ ဖြစ်နိုင်ပါ့မလား၊ မင်းတို့ငယ်စဉ်ကသာ ငါ ဒီလို စီမံခဲ့ရင် … ခုကြီးပြင်းလာတဲ့အချိန်မှာ ဘာပြန်ပြောကြမလဲ၊ ဒါမှမဟုတ် မင်းတို့ အချင်းချင်း ဘာပြောကြမလဲ” အဖြေမူ မပေါ်ချေ။ ချန်နှင့် နှစ်တို့သည် တဦးမျက်နှာ တဦး ကြည့်နေကြသည်။ နောက် သူတို့၏အိမ်တဝိုက်ကို မော်ကြည့်ကြသည်။ ဤအိမ်မှာ သူတို့၏အိမ် ဖြစ်ပါ၏။ သူတို့၏ ခွဲခြမ်းမရသော ပေါင်းစည်းမှု၏ အထိမ်းအမှတ်ဖြစ်သည်။ ဤအိမ်တွင်းမှာ တပျော်တပါး အံစာပစ် ကစားခဲ့ကြပါ၏။ ဤအိမ်ရိပ်မှာပင် ကြက်တိုက်ကြ၏၊ ဤတဝိုက် မှာပင် ဝက်စာကျွေးခဲ့ကြပေသည်။ ယခု သူတို့သည် လူလားမြောက်ပေပြီ။ ဒီအချိန်တွင် သူတို့၏ ဖခင်က ဆင်ခြင်ဖွယ်ရာ ဥပမာ ရုပ်လုံးတခုကို ထုတ်ပြလိုက်ပြန်ပေပြီ။ မြေပြင်သည် မိန်းမသားတယောက်ဖြစ်သည်။ မိမိတို့၏ မိခင်အား သားများသည် အဘယ်ပုံ ခွဲစိတ်၍ ရပါမည်နည်း။

(၃)

“မြေပြင်ဆိုတာ အသားပဲကွဲ့” ငြိမ်နေရာမှ အဘိုးကြီးက ခတ်ဆတ်ဆတ် ကောက်၍ဆိုသည်။

“အသားကို ကုတ်ခြစ် ဆုတ်ဖဲ့ပစ်လိုက်ကြပါ။ ဒါပေမဲ့ အဲဒီအနာဟာ ပြန်ကျက် ရမှာပါပဲ။ စုတ်ပြတ်ခြင်း ပျောက်ပြီး အနာရွတ်က အသားပြင်ကို ပြန်ဆက်နေစေလိမ့်မယ်၊ လယ်ပြင်က ထွန်ခြစ်တွေတောင်မှပဲ နောက်တနှစ်မှာ ပြေပြစ်ပြီး လယ်ကွင်းဟာ ပြန်ပြန့်မြဲ ပြန့်သွားတာပဲ မဟုတ်လား””

ဖောက်လောင်း၏ ဥပမာများမှာ ရိုးလှ၏။ လယ်သမားဆန်လှပါ၏။ ကျမ်းအကိုး အကားမပါ၊ ရှေးကျလှသည်။

“ပြီးတော့ မြေပြင်ဟာ မိန်းမတယောက်လိုပဲ မြုံချင်မြုံနေမယ်။ အသီးအနှံပေး ချင်လည်း ပေးမယ်၊ တကယ်ဆိုတော့ တို့တွေဟာ မြေကြီးရဲ့ သားသမီးတွေပါကွယ်၊ တို့ရဲ့ ဆောင်ရွက်ချက်တွေရဲ့ တန်ဖိုးကို မြေပြင်က ဘယ်လောက်ပေးတယ်ဆိုတာနဲ့ တိုင်းတာ ကြတယ်။ ခွဲခြမ်းမှုဆိုတာ မြေပြင်မှာ မရှိကောင်းပါဘူး။ မြေပြင်ဟာ မိန်းမတယောက်” အဘိုးကြီးသည် အဘိုးအိုတို့ ဝသီအတိုင်း မိမိ၏ စကားရပ်ကို ပြန်ကောက်နေသည်။

ယာမာရှီက ပြုံးလေသည်။ သူသည် အဘိုးကြီးက ဤဥပမာကို ထပ်တလဲလဲ ကျော့နေသည်ကို သဘောကျသွားသည်။

သူသည် ကိုယ်ခန္ဓာအစိတ်အပိုင်းဆိုင်ရာ စာသင်ခန်းနှင့် ခွဲစိတ်စမ်းသပ်ရာ ရုံများတွင် မြင်ရတတ်သော သဏ္ဌာန်များ၏ ရောင်ပြန်ဖြစ်သော စိတ်ကူးယဉ်မှုနှင့် ဝင်၍ ဆိုသည်။

“မိန်းမတယောက်ကို ခွဲစိတ်ဖို့ဆိုတာ အင်မတန် ခဲယဉ်းလှပါတယ်. သူသည် အဘိုးကြီးအား ထောက်ခံသယောင်နှင့် စက်မှုလက်မှုဆန်သော ဆင်ခြင်ခြင်း ဖြင့် ဝမ် ရှင်းပြသည်။ “ဘာဖြစ်လို့လဲဆိုတော့ ယောက်ျားတွေထက် မိန်းမတွေ ခန္ဓာကိုယ်က ပိုပြီး အဆီများတာကိုး”

လူငယ်တစုသည် ဝေါခနဲ ဝိုင်းရယ်လိုက်ကြသည်။ စကားကို ကဗျာဉာဏ် ကွန့်မြူးကာ ခပ်ရွှန်းရွှန်းပြောခြင်းမှာ ယာမာရှီ၏အလေ့ ဖြစ်သည်။

အဘိုးကြီးကမူ လူငယ်များ ဝိုင်း၍ ရယ်မောခြင်းကို မနှစ်ခြိုက်ချေ။ ဂျပန်လူရွယ် မှာ သူတို့၏ ဧည့်သည်သာဖြစ်ပါ၏။ ထို့ကြောင့် သူသည် ဆေးတံကြီးကို မီးထပ်ညှိကာ ခပ်ဆိတ်ဆိတ်နေလိုက်သည်။

“အဘိုးကြီးက “ညီညွတ်မှုသည် အင်အား” ဆိုတဲ့ ထင်းစည်းဒဏ္ဍာရီများ ပြန်ရေနှူးဦးမလို့လားမှ မသိဘဲ””

ဝမ်က ယာမာရှီထံ ကိုယ်ကို ညွတ်ကိုင်း၍ ခပ်တိုးတိုးပြောသည်။ “ခက်တာက ဖေဖေ၊ ကမ္ဘာကြီးက ပြောင်းလဲခဲ့ပြီ၊ အရာဝတ္ထုတွေကို တိုင်းတဲ့နေရာမှာတောင် ရှေးရိုးနည်းတွေကို လိုက်နာကြတော့တာမှ မဟုတ်ဘဲ”” နမ်တပ်က ဖခင်အား ဝင်၍ ဆင်ခြေပေးသည်။

““ခုဆိုရင် အချိန်ကို ရှေ့ကလို နေနဲ့ မတွက်ကြတော့ဘူး၊ မာရီရဲ့ မျက်နှာပြင်မှာ ခွဲစိတ်တွက်ကြတယ်၊ မနှစ်ကဆိုရင် ကျိုင်းကောင်တွေကို အင်စက်တီဆိုက်ဆိုတဲ့ဆေးနဲ့ သတ်ပစ်ကြတယ်၊ လွန်ခဲ့တဲ့ ဆယ်နှစ်ကတော့ တံမြက်စည်းတွေ၊ တုတ်တွေနဲ့သာ နှိမ်နင်း ခဲ့ကြတယ်၊ အခု ကမ္ဘာတခုလုံးဟာ အရည်ပျော်ပြီး ရောနှောဆူပွက်နေတယ်၊ တောမီး အစွယ်က အနီနဲ့အပြာ မီးလျှံတွေကို ခွဲခြမ်းယူလို့ မရသလိုပဲ အနီရောင်နဲ့ အပြာစင်းတွေဟာ ကမ္ဘာအနှံ့အပြား ရောထွေးယှက်လိမ်နေတယ်၊ ခွဲလို့မရအောင် ရှုပ်ထွေးပွေလီနေတယ်”” နမ်တပ်က သက်ပြင်းရှိုက်ရင်း စကားကို အဆုံးသတ်လိုက်သည်။

(၄)

အားလုံးပင် တိတ်ဆိတ်နေကြသည်။ ဆိတ်ငြိမ်ရိုး ဆိတ်ငြိမ်စဉ် မဟုတ်သော နည်းလမ်းဖြင့် ဆိတ်ငြိမ်နေသည်။

ထိုစဉ် တံခါးဝမှ ခြေသံကြားရသည်။ အပြင်ဘက်တွင် ရပ်နေသောမာရီသည် ဆွေးနွေးပွဲကို စိတ်ဝင်စားလာသဖြင့် အခန်းတွင်းသို့ဝင်လာကာ ဖခင်၏အနီးတွင် ဝင်ထိုင်လိုက်သည်၊ မာရီသည် ကျောင်းသူကလေးတဦးသာ ဖြစ်သည်။ ခုံမြင့်ဖိနပ်အဖြူနှင့် ဂါဝန်ပြာကို ဝတ်ဆင်ထားသည်။ ပိုးဖျော့အပြာသည် ကြွေရောင်အသားဝယ် ခပ်လဲ့လဲ့ စိုပြည်နေသည်။

ဝမ်က ဣန္ဒြေကြီးစွာနှင့် လှမ်း၍ကြည့်လိုက်သည်။ ယာမာရှီကသာ တောက်ပစွာ ပြုံးရင်း ဦးညွတ်၍ နှုတ်ဆက်လိုက်သည်။ မာရီသည် သူ့ကျောင်းမှ တပည့်မအရွယ်သာပင် ရှိလိမ့်မည်။

မာရီကပင် ဆိတ်ငြိမ်ခြင်းကို ဖြိုခွင်းလိုက် သည်။

“ဖေဖေက ဘာလို့ မြေပြင်ကို မိန်းမတယောက်နဲ့ ဥပမာခိုင်းရတာလဲ” အဘိုးကြီးသည် သူ့သမီးအား ကြင်နာစွာ မော့ကြည့်လိုက်သည်။ နောက် အသာပင် ပြုံးရင်း ရှင်းပြသည်။

“ဘာလို့လဲဆိုတာရဲ့ အဖြေကတော့ ဒီဟာဟာ ဖေဖေတို့တွေရဲ့ အစဉ်အလာ ယုံကြည်မှုပဲ မာရီ၊ မြေပြင်ဟာ ဖေဖေတို့ရဲ့ မိခင်၊ လူတယောက်ဟာ သူ့အစ်ကိုကို သူ ရှုတ်ချချင် ရှုတ်ချနေလိမ့်မယ်၊ သူ့သူငယ်ချင်းတယောက်ကို သူ သစ္စာဖောက်ရင် ဖောက်လိမ့်မယ်၊ မအေကတော့ သားသမီးအပေါ် ဒါမျိုးတွေ ဘယ်တော့မှ မလုပ်ဘူး”

“စိတ်ခိုင်တဲ့၊ သမာဓိတည်တဲ့ ယောက်ျားမျိုးကော မရှိတော့လို့လား ဖေဖေ၊ မြေပြင်ဟာ အဲဒီယောက်ျားမျိုး မဖြစ်နိုင်ဘူးလား၊ မိန်းမတယောက်ရဲ့ သစ္စာဖောက်ခြင်းကို ခံရတဲ့ ယောက်ျားတယောက် ဆိုရင်ကော”

အားလုံးပင် ငြိမ်သက်သွားသည်။ အစ်ကို နှစ်ယောက်နှင့် ဝမ်က မာရီအား ထူးဆန်းစွာ မော်ကြည့်စဉ် ယာမာရှီက ထုံးစံအတိုင်းပင် ဝင်တောပြန်သည်။

“အဲဒီ ဥပမာကို ကျွန်တော်တော့ ကြိုက်သဗျ၊ မြေကြီးကို ခံ့မာတဲ့သဘောရှိတဲ့ ယောက်ျားအဖြစ်နဲ့ တွက်ကြည့်၊ ပြီးတော့ လူတွေက မိန်းမတွေကို မအုံမနွေး မဟုတ်ရင်၊ မဟုတ်က ဟုတ်က ကြံဖန်ပူတတ်တဲ့သတ္တဝါတွေအဖြစ်နဲ့ စဉ်းစားကြည့်စမ်း”

သူသည် စကားအဆုံးတွင် နှစ်ခြိုက်စွာပင် ရယ်မောလိုက်သည်၊ မာရီမှာ အနည်းငယ် မျက်နှာပျက်သွားသည်။

“ကျွန်မ ဆိုလိုတာက ဒီလို မဟုတ်ပါဘူး၊ ယောက်ျားဆိုတာ ဘုရားသခင်ရဲ့ သရုပ်ပဲ မဟုတ်လား၊ မြေပြင်ဟာ ခရစ်တော်ပါပဲ””

“ဘာရယ်၊ မြေပြင်ဟာ ခရစ်တော်” အားလုံးပင် အံ့သြသွားကြသည်။

“အင်းလေ ခရစ်တော်လို့ပဲ နာမည်ပေးပေး၊ ဘာပဲပေးပေး၊ နာမည်က အရေးမကြီးပါဘူး ယုံကြည်မှုသာပါ””

မာရီက ရှင်းပြသည်။

“ဘုရားသခင်လိုပဲ မြေပြင်ကတော့ ဖြူစင်လှပါတယ်၊ လူတွေကသာ မကောင်းမှု တွေ ဖန်တီးနေတဲ့ နဂါးတွေ” မာရီ၏ ဥပမာမှာ တမျိုး ဖြစ်လေသည်။ သို့ရာတွင် သူ့ဖခင်ကဲ့သို့ပင် မြေပြင်အား ကိုးကွယ်မှုကိုပြသည်။

“မဟုတ်က ဟုတ်ကတွေ ပြောမနေစမ်းနဲ့ မာရီ၊ အစ်ကိုတော့ ဒါတွေဟာ မယ်သီလရှင်တွေက သင်ပေးလိုက်တာ ထင်တယ်””

ချန်လင်းဒါးက ဝင်၍ ကန့်ကွက်သည်။ “ညီမလေးဟာ အမြဲပဲ ခရစ်ယာန်ဖြစ်ဖို့ တောင့်တနေတယ်၊ မာရီဆိုတဲ့ နာမည်ကို မှည့်ထားတာ ကြည့်ပါလား” ဝမ်မှာ ယခုထိ စကားအနည်းဆုံးဖြစ်လေသည်။ မာရီက ဘုရားသခင်ဟု ရေရွတ် လိုက်သံကိုကြားမှ လှုပ်ရှားလာသည်။

“မာရီက ဖန်ဆင်းတော်မူသော ဘုရားသခင်ဆိုတာကို ယုံတယ်ထင်တယ် ဟုတ် လား၊ မာရီပြောသလို မြေပြင်ဟာ ဘုရားက ဖန်ဆင်းတာမဟုတ်ပေဘူးလား။ ဒီလိုဆိုရင် ဆိုးဝါးမှုတွေကိုလုပ်နေတဲ့ လူတွေကို ဖန်ဆင်းတဲ့ ဘုရားမှာရော အဲဒီ ဆိုးဝါးမှုတွေအတွက် တာဝန်ရှိမနေပေဘူးလား၊ ယုတ္တိရှိတာတွေ မဟုတ်ပါဘူး မာရီ၊ ဒါမျိုးတွေကို ဟောတဲ့ သာသနာပြုအဖွဲ့တွေ ဒီကိုရောက်တာ ဘယ်လောက်ကြာပြီလဲ၊ ဒုစရိုက်တွေကို ဘယ်လောက် များ ပပျောက်သွားအောင် တတ်နိုင်ကြလို့လဲ၊ မြောက်ပိုင်းက လူတွေကတော့ ဘာသာရေး ဆိုတာကို ဘိန်းအဖြစ်ပဲ သဘောထားကြတယ်””

“ဟာ … ခင်ဗျားနယ် ဘိန်းဆိုတာ ဆေးဘက်မှာတော့ အင်မတန် အသုံးဝင်တာပေါ့၊ ဟဲ.. ဟဲ. ခင်ဗျားတို့ တရုတ်ပြည်ကတော့ ဘိန်းကို တော်တော်ရင်းနှီးနေပြီးခဲ့ပြီပဲ၊ ဆေးဝါးတောင် မှီဝဲဖို့ မလိုကြတော့ဘူး””

ယာမာရှီက ဝင်ရွှန်းသဖြင့် လူငယ်တစုသည် ဝိုင်း၍ ရယ်မောကြပြန်သည်။ မာရီကမူ သူမ၏ဖခင်အား တချက်လှမ်းကြည့်ပြီး အိမ်ပြင်သို့ ထွက်ခဲ့သည်။ အဘိုးအို ဖောက်လောင်းကလည်း ထိုင်ရာမှ ထလိုက်သည်။

“အိမ်း … ငါတော့ အိပ်ချင်ပြီကွာ၊ ဒါပေမဲ့ မာရီပြောတာ မှန်ပါတယ်၊ မင်းတို့ ကိုးကွယ်တာဟာ တူတံစဉ်တံဆိပ်ပဲ ဖြစ်ဖြစ်၊ သိမ်းငှက်ပဲဖြစ်ဖြစ် ယုံကြည်မှုသာ လိုရင်းပါပဲ၊ လူ ဆိုတာဟာ ယုံကြည်မှုတခုခုတော့ အမြဲတမ်း ရှာမြဲပဲ၊ ငါ့အဖို့တော့ ဘာပဲပြောပြော မြေကြီးဟာ မိန်းမတယောက်ပဲ၊ ငါ့သားတွေကို နောက်ဆုံး ပြောချင်တာကတော့ မြေပြင်ရဲ့ အဓိပ္ပာယ်ဟာ မင်းတို့ သေခါနီးမှာ ပထမဆုံး မြင်ယောင်တဲ့ မျက်နှာလောက်ပဲ လေးနက်လှပါတယ်””

(၅)

ဇွန်လ၏ ပထမလဝက်သည် ညတိုက်ပွဲကဲ့သို့ ရှုပ်ထွေးချောက်ချားနေသည်။ အသွားအလာများမှာ ခက်ခဲလာသည်။ နယ်စပ်တလျှောက်၌လည်း တင်းကျပ်လာ သည်။ စစ်ဆေးခြင်းနှင့် ရှာဖွေမှုများလည်း ထူပြောလာသည်။ ထိုစဉ် မိုးကလည်း သည်းထန်စွာ ရွာသွန်းနေပြန်ပါ၏။

ချန်လင်းဒါးမှာ ဂျပန်သို့ ပြန်ရန် စီစဉ်နေသည်။ ယာမာရှီကမူ လေယာဉ်ပျံနှင့် ပြန်မည် ဖြစ်သဖြင့် ကိုရီးယားတွင် အချိန်အတန်ကြာ ဆက်နေနိုင်သေးသည်။

“တခါ တခါတော့လည်း မစ္စတာ ဖောက်လောင်းပြောတာ မှန်တယ်လို့ ထင်မိတယ်၊ ဟောဟိုမှာ ကြည့်ကြစမ်းပါလားဗျာ၊ မိုးရေစိုနေတဲ့ မိုးမခပင်ရဲ့ အကိုင်းတွေဟာ မျက်ရည်ဥခိုတွဲနေတဲ့ မိန်းမတယောက်ရဲ့ မျက်တောင်ကော့တွေနဲ့ မတူဘူးလား””

ယာမာရှီက ချန်အား လှမ်း၍ ပြောလိုက်သည်။

“ခင်ဗျားဟာ ဆေးကျောင်းသားတယောက်ထက် ကဗျာဆရာလုပ်ဖို့ ကောင်းတယ်””

ခပ်ချဉ်ချဉ်ဖြစ်နေဟန်တူသော နမ်တပ်က ဝင်၍ မှတ်ချက်ချသည်။

“ဒါတော့ဗျာ၊ ကဗျာ ဆိုတာဟာလည်း ကုသတဲ့ ဆေးတမျိုးပဲဟာ” ယာမာရှိသည် စကားအဆုံးဝယ် နှစ်ခြိုက်စွာပင် ရယ်မောနေပြန်သည်။

“ဟုတ်မှာပါပဲ၊ ခင်ဗျားအတွက်တော့ မီးဖွားရေး တားမြစ်ခြင်းဟာလည်း ကဗျာ ဖြစ်ချင် ဖြစ်နေမှာ”

ဝမ်က ဝင်၍ခွပ်လိုက်သည်။ ယာမာရှီမှာ မက်အာသာအုပ်စိုးသည့် နိပွန်နိုင်ငံတော်မှ အမေရိကန်ဆန်သူတဦး ဖြစ်လေသည်။ ဝမ်သည် ချန်ကေရှိတ်ရန်မှ ပြေးခဲ့ရဖူးသော တရုတ်နီ တဦး ဖြစ်လေသည်။

ကိုရီးယားတဲငယ်ဝယ် သိမ်းငှက်နှင့် တူတံစဉ်သည် တွေ့နေပေသည်။ ယာမာရှီသည် ဝမ်၏ရှေ့တွင် တောင့်တောင့်ရပ်လိုက်ကာ သာသာနှင့် နာနာနှက်သော စကားများဖြင့် ဝမ်၏ဒေါသကို ဆွလေတော့သည်။ တရုတ်လုလင်မှာ မျက်နှာများ နီမြန်းကာ ယာမာရှီ၏ ပခုံးအား လှမ်း၍ ဆုပ်ကိုင်လိုက်သည်။

ပထမသော် ချန်နှင့် နမ်မှာ ရုတ်တရက် ငြိမ်၍ ရပ်ကြည့်နေမိပြီးမှ ဝင်ရောက် ဖျန်ဖြေရန် ကြိုးစားကြသည်။

သို့သော် တစုံတရာ အခင်းဖြစ်ပွားခြင်း မရှိလိုက်ချေ။ အဘိုးအို ဖောက်လောင်းနှင့် မာရီ ဝင်လာသောကြောင့် ဖြစ်သည်။ အပြင်ဘက်တွင်မူ စစ်ကားကြီးများသည် မြောက်ဘက်ဆီသို့ ဦးတည်ရွေ့လျားနေ သည်။ စစ်သားများမှာ မကြာခဏ ဆိုက်ရောက်လာသော ကားကြီးများပေါ်သို့တိုးခုန်တက်ကြရင်း လမ်းဘေးရှိ သူများအား လက်ပြနှုတ်ဆက်ကြသည်။ သွားတုန်းကမူ သူတို့၏ မျက်နှာပြင်မှာ ပြုံးရွှင်နေကာ ဘယ်သူမျှ မမှုသည့်ဟန်ရှိသည်။

ယခု မပြုံးနိုင်ကြတော့။ သူတို့တွေဟာ မျဉ်းပြိုင်ဆီသွားကြရမယ့် တပ်တွေလို့ မာရီကြားတယ်၊ နယ်စပ် မှာ တိုက်ပွဲများဖြစ်မလားမသိဘူး၊ ဒါပေမဲ့ ကုလသမဂ္ဂကော်မရှင်က ဗတားဆီးနိုင်လိမ့်မယ်လို့ မျှော်လင့်တာပါပဲရှင်”

မာရီက သက်ပြင်းကလေးရှိုက်ရင်း ဆိုလိုက်သည်။ အဘိုးအို ဖောက်လောင်းကမူ ခါတိုင်းလိုပင် မှတ်ချက်ချသည်။

“အဲဒီကော်မရှင်က မျဉ်းတကြောင်းတားလိုက်ပြီးပါပကောလား၊ ယောက်ျားတွေ ဟာ မိန်းမတယောက်ကို ခွဲဝေယူရင် ဒုက္ခတော့ တခုခုဖြစ်မြဲပဲ၊ အေး … ခံရတာကတော့ မိန်းမပါပဲကွာ”

“ဟုတ်တယ်၊ ဆရာဝန်ဆိုတာက ရောဂါကျွမ်းမှ ရောက်မြဲပါပဲ” ဝမ်က ယာမာရှီအား စေ့စေ့ကြည့်ကာ ပြောလိုက်သည်။

(၆)

မျက်ရည်စွတ်သော မိုးမခပင်ရိပ်တွင် မာရီက မတုန်မလှုပ် ရပ်နေပါ၏။ လေယာဉ် ပျံသံ၊ အမြောက်သံနှင့် အသက်သွင်းထားသော မိခင်ကိုရီးယားအား ငေးမောကြည့်နေသည်။ ဖောက်လောင်းပြောသလိုပင် ခံရသည်မှာ မိန်းမသားသာလျှင် ဖြစ်လေသည်။ ကုလသမဂ္ဂဆရာဝန်လည်း နောက်ကျခဲ့လေပြီ။

ချန်လင်းဒါးမှာ ဂျပန်သို့ထွက်ခွာသွားပြီဖြစ်၍ ဝမ်မှာလည်း ရေဒီယိုမှ စစ်ကြေညာ သံပေါ်ပြီး နောက်တနေ့မှာပင် ပျောက်ကွယ်သွားသည်။

တဲငယ်တွင် သူမနှင့်အတူ ဖခင်နှင့် အစ်ကိုကြီးနမ်တပ်တို့သာ ကျန်ရစ်တော့သည်။ ထိုစဉ် ဂျစ်ကား
တစီးသည် မိုးမခပင်ရိပ်သို့ ထိုးဆိုက်လာသည်။ ကားပေါ်မှ ယာမာရှီသည် ဆင်းလာသည်။ သူလည်း ပြန်ရန် လာရောက်နှုတ်ဆက်ခြင်း ဖြစ်လေသည်။

“ကျွန်တော် ပြန်ရတော့မယ် မာရီ၊ နမ်တပ်နဲ့ မာရီ ဖေဖေတော့ မာရီအနားမှာ စောင့်ရှောက်ကျန်ရစ်မှာပါပဲ၊ ကုလသမဂ္ဂဟာလည်း တောင်ပိုင်းက မားမားရပ်ပြီးရှိနေမှာပဲလို့ ကျွန်တော် မျှော်လင့်ပါတယ်၊ ဒါပေမဲ့ မဆိုစကောင်း ဒီမှာ အခြေအနေဆိုးခဲ့လို့ မာရီတို့ တောင်ဘက်ဆီ ရွှေ့လာမယ်ဆိုရင်တော့ ဂျပန်မြေမှာ ကျွန်တော်တို့အိမ်ဟာ မာရီတို့အတွက် အဆင်သင့်ပါပဲ၊ အမေရိကန်တွေ ထုနှက်ရင်တော့ ဘာမှ ကျန်ရစ်စရာ လမ်းမမြင်ဘူး၊ ဒါပေမဲ့ ငြိမ်းချမ်းရေးအတွက်ပါပဲ မာရီ”

ယာမာရှီ၏ မျက်နှာမှာ နှုတ်ဆက်စဉ် မျှော်လင့်မှုမှန်သမျှ လုံးဝကုန်ခန်းနေသော လူတဦး၏ တည်ငြိမ်ခြင်းဖြင့် တည်ငြိမ်နေသည်။ ယုံကြည်ချက်နှင့် ဆန္ဒတရားများ ပျက်သုဉ်းသွားသော လူတယောက်လို အရောင်အဆင်း မဲ့နေသည်။ မာရီကသာ မတုန်မလှုပ် နှင့် သူ့အား ရည်ရွယ်ချက်ကင်းစွာ ငေးကြည့်နေသည်။

မာရီသည် သူ့အား ဘာမျှ ပြန်မဖြေနိုင်မီ နမ်တပ်က ဂျပန်သီချင်းတပုဒ်ညည်းရင်း ရောက်ရှိလာသည်။

“မိုးမခပင်၏ ရိပ်မြုံအောက်ဝယ် .. ငါနှင့်အတူ လဲလျောင်းရန် ချစ်သောသူရယ်”မာရီနှင့် ယာမာရှီသည် သူ့အား ပြိုင်တူလှမ်း၍ ကြည့်မိလိုက်ကြသည်။

“မကောင်းဘူးလားဗျ ယာမာရှီ၊ ရှိတ်စပီးယားရဲ့ ကဗျာကို ခင်ဗျားတို့ လိုက်တုထားတာလေ၊ ဂျပန်ဆိုတဲ့ လူမျိုးဟာတော့ အတုခိုးဖန်တီးတဲ့နေရာမှာ ထိပ်ပါပဲ” နမ်တပ်က ခပ်သောသောပင် နှုတ်ဆက်သည်။ သို့ရာတွင် ပြန်ကြားဖြေဆိုသော ယာမာရှီ၏အသံတွင် မခံချိသောလက္ခဏာ စိုးစဉ်းမျှ မပါတော့။

ယာမာရှီသည် ဂျစ်ကားပေါ်သို့ ခုန်တက်လိုက်သောအချိန်တွင် မာရီ၊ ဖောက်လောင်းနှင့် နမ်တပ်တို့သည် ဘဝ၏ အခြားသော ကမ်းဆီသို့ ကူးပြောင်းသွားရတော့မည့်သူများအား နှုတ်ဆက်နေသကဲ့သို့ လက်များဝှေ့ယမ်းပြနေကြ၏။ ဂျစ်ကားငယ်က စက်ပင်နှိုးပေပြီ။ “ဂျပန်ဆီကို မလိုက်တော့ဘူးဆိုတာ နောက်ဆုံးအဖြေပဲလားဟင်”

ယာမာရှီ၏ မျှော်လင့်မှုကား ယခုအထိ ရိပ်ရိပ်ကျန်သေးသည်။ “ခင်ဗျားတို့ရဲ့ အဘွားကြီး (ကိုရီးယား) တော့ တံမြက်လှည်းသလို ပြောင်မှာစိတ်ချ”

“အဘွားကြီး သေတာဟာ ဆယ့်ငါးနှစ်လောက် ရှိပါပြီကွယ်”” ဖောက်လောင်းက အေးချမ်းစွာပင် လှမ်း၍ ပြောသည်။ “အခု အသက်ရှင်နေတာက မိန်းမပျိုတယောက်ရယ်ပါ””

“ဒီပုံ ဆိုတော့ ခင်ဗျားတို့စိတ်ကို မပြောင်းဖို့ဟာ သေချာပြီပေါ့ ၊ ယောက်ျားတယောက်နဲ့ပဲ ဖြစ်ဖြစ်၊ မိန်းမတယောက်နဲ့ပဲ ဖြစ်ဖြစ်၊ ဒါမှ မဟုတ် ဘုရားသခင်နဲ့ပဲ ဖြစ်ဖြစ် နှိုင်းချင်တာနဲ့ နှိုင်းကြပေါ့၊ အဲဒီ “အနီ” တွေကတော့ မေးမှာပဲ၊ လူတယောက်ကို မြေဘယ်လောက် လိုချင်လဲလို့၊ ဘယ့်နှယ် ဖြေကြမလဲ”

“မာရီတို့ဟာ မြေကြီးရဲ့ သားသမီးတွေပဲ၊ သူတို့တွေဟာလည်း မာရီတို့နဲ့ တသွေးသားတည်းပဲဟာ သူတို့သိပြီး ဖြစ်မှာပါပဲ” မာရီက ဝင့်ကြွားစွာဖြင့် ဖြေဆိုသည်။

“အေး .. အေး၊ သွားပေဦးတော့ ယာမာရှီ၊ တို့တွေအတွက်တော့ တို့ရဲ့မွေးဖွားရာ ဒေသမှာပဲနေကြရမှာပဲ၊ အခု တို့ရဲ့ ညီအစ်ကိုတွေဟာ သေမင်းမျဉ်းပြိုင်ကို ဖြတ်ကျော်ပြီး လာကြပြီ၊ တို့မှတ်မိတဲ့ မျက်နှာတွေတောင် ပါကြမှာပါပဲကွယ်”

ဂျစ်ကားငယ် ထွက်ခွာစပြုစဉ် ဖောက်လောင်းက တုန်လှုပ်ခြင်း ကင်းမဲ့စွာနှင့် ဆိုသည်။ “မှတ်မိတယ် ဆိုရင်တော့ ကောင်းပါလေရဲ့ဗျာ” ယာမာရှီက နောက်ဆုံး နှုတ်ဆက်သည်။ နမ်တပ်သည် နှမသည်၏ ပခုံးကို ယုယစွာ သိုင်းဖက်လိုက်ရင်း လှမ်း၍ ဖြေကြားလိုက်သည်။

“သူတို့မမှတ်မိရင်လည်း အဖြေကတော့ ရိုးလှပါတယ်၊ တို့ဟာ တမြေအတွက် တိုက်ခိုက်ကြတာပဲဥစ္စာ။ လူတယောက်ကို မြေဘယ်လောက် လိုချင်သလဲဆိုတဲ့ အဖြေကတော့ ခြောက်အမြှောက်၊ နှစ်အမြှောက်၊ လေး (၆×၂×၄) ပေါ့။ ဘာမှ ဝင်ပူနေဖို့ မလိုပါဘူး ယာမာရှီ။ ဒီထက် ပိုပြီး လူတယောက်ဟာ မလိုပါဘူး””

(မှတ်ချက်။ ။ ၆×၂×၄ မှာ လူတယောက်သေလျှင် အလျားခြောက်ပေ၊ အနံ နှစ်ပေ၊ ဇောက်လေးပေရှိသောကျင်းလိုသည်၊ နမ်တပ်က ဤကို ရည်၍ပြောခြင်း ဖြစ်သည်။)

DEATH’S PARALLEL by
R.L. BARTHOLOMEW.

တက္ကသိုလ်ဘုန်းနိုင်
(ရှုမဝမဂ္ဂဇင်း၊ အတွဲ-၄၊ အမှတ် -၄၄)
(၁၉၅၁ ခုနှစ်၊ ဇန်နဝါရီလ)