မျောက်ခေါင်းမှို

စောထပြီးသွားရမှာမဟုတ်လား။ ခြံထဲလှမ်းဝင်လိုက်တာနဲ့ အမေက ကျုပ်တို့ကိုကြည့်တယ်။

“ဟဲ့ နင်တို့ပြန်လာတာစောလှချည်လား”

အကိုကြီးက အင်ဖက်နဲ့ထုတ်ထားတဲ့ မှိုထုပ်ကို အမေ့ကိုလှမ်းပေးလိုက်တော့ အမေ့မျက်နှာက မှိုရတဲ့မျက်နှာလို ပြုံးသွားတယ်ဗျ။

“အမေရေ၊ အကိုကြီးလယ်ဘေးနားမှာတောင် မှိုတွေပွင့်နေပြီ၊ ဒီအတိုင်းဆို တောင်ရိုးပေါ်မှာလည်း မှိုတွေဖွေးနေမှာပဲ၊ မနက်ဖြန် ကျုပ်တို့တွေ မှိုသွားကောက်ကြမယ်ဗျာ”

စားလို့ကောင်းတဲ့မှိုကို ရအောင်သွားကောက်မယ်ဆိုတော့ အမေက ငြင်းမလားဗျာ။

“အေး၊ ဒါဆိုရင်လည်း ညကျစောစောအိပ်၊ ဘယ်သူတွေခေါ်သွားအုံးမှာလဲ”

“အကိုကြီးရယ်၊ ကျုပ်ရယ်၊ အငယ်ကောင်ရယ် သွားမယ်ဗျာ၊ ဒီလောက်ဆိုရင်တော်ပါပြီ၊ အငယ်မတို့က ခြေလှမ်းနှေးတော့ သူတို့နဲ့မကိုက်ပါဘူး”

“အေးအေး၊ နင်တို့သဘောပဲ”

အဲဒီညကျတော့ အဖေ့အတွက် မှိုဆီပြန်ဟင်းလေးတစ်ခွက်ကို အမေကချက်ပေးတာပေါ့ဗျာ၊ ကျုပ်တို့လည်း စားချင်တာပေ့ါ၊ ဒါပေမယ့် မှိုကတစ်ခွက်စာပဲရတာမဟုတ်လား၊ အဖေကလည်း မှိုဆိုရင်သိပ်ကြိုက်တာဆိုတော့ ဘယ်သူ့မှခွဲမကျွေးပါဘူး၊ သူတစ်ယောက်တည်းတောင် ဝချင်မှဝမှာ၊ ကျုုပ်လည်း ထမင်းစားနေရင်း မနက်ဖြန်မှိုတွေရလာမှ အဝစားမယ်ဆိုပြီး အားခဲထားလိုက်တာပေါ့ဗျာ။

ဒါနဲ့ စားသောက်ပြီး ခဏလောက်နေတော့ အိပ်ရာဝင်ခဲ့ကြတာပေါ့ဗျာ၊ ည ခုနစ်နာရီလောက်ပဲ ရှိသေးမယ်ထင်တယ်၊ ကျုပ်တို့လူငယ်တွေကတော့ အိပ်မပျော်ဘူးဆိုတာ မရှိသလောက်ပါပဲဗျာ၊ တစ်နေကုန်လည်း လယ်ထဲမှာ ပင်ပန်းထားတာဆိုတော့ ခေါင်းနဲ့ခေါင်းအုံးနဲ့ထိတဲ့အချိန်က အိပ်ချိန်ပဲပေါ့။

(၂)

ညသန်းခေါင်ကြက်တွန်ပြီးတော့ နောက်ထပ် ကြက်သုံးလေးခါလောက် တွန်တာနဲ့ အကိုကြီးကအိပ်ရာထပြီးတော့ ကျုပ်ကိုလာနှိုးတယ်၊ ကျုပ်တို့ဒေသမှာတော့ နှိုးစက်ဆိုတာ ကြက်သံပါပဲဗျာ၊ ကြက်သံကိုနားထောင်ပြီးတော့ ဒါက သက်ကြီးခေါင်းချချိန်၊ ဒါက သန်းခေါင်ကြက်၊ ဒါက လင်းကြက်တွန်တယ်ဆိုပြီးတော့ ခွဲခြားထားတာပေါ့၊ သန်းခေါင်ကြက်တွန်ပြီး သုံးခါမြောက်ကြက်တွန်တဲ့အချိန်က မနက်သုံးနာရီလောက်ပဲ၊ နာရီသွားကြည့်လိုက်ရင် အဲဒီအချိန် ကွက်တိပဲဗျ၊ ဇီဝနာရီလို့ခေါ်တာပေါ့ဗျာ။ တိရစ္ဆာန်တွေကလည်း ဘယ်နှနာရီထိုးပြီလဲဆိုတာကို သိနေတဲ့ပုံပဲ။

မနက်စောစောထ၊ သွားတိုက်၊ မျက်နှာသစ်ပြီးတော့ ထမင်းကြမ်းစားရတယ်၊ အမေက မနိုးသေးလို့ မနက်စာမရသေးဘူးလေဗျာ၊ ညက ကျန်ခဲ့တဲ့ ထမင်းကြမ်းတုံးကို ဆီလေးဆမ်း၊ ဆားလေးဖြူးပြီးတော့ ပဲလှော်လေးဘာလေးထည့်ပြီး ခပ်မြန်မြန်စားလိုက်ကြတာပေါ့၊ ပြီးတာနဲ့ မှိုထည့်ဖို့ တောင်းယူရတယ်၊ မှိုထည့်တောင်းက အရမ်းအကြီးကြီးလည်း မဟုတ်သလို သေးသေးကလေးလည်း မဟုတ်ဘူး၊ ခပ်ရွယ်ရွယ်ပေါ့ဗျာ။

တောင်းကိုပိုက်ပြီးတော့ ပုခုံးတင်ပုဆိုးကလေးတစ်ထည် ပုခုံးပေါ်တင်လာတာပေါ့ဗျာ၊ ကျုပ်တို့အညာမှာက လယ်ထဲပဲဆင်းဆင်း၊ တောပဲတက်တက်၊ ထင်းပဲခွေခွေ ပုဆိုးပိုင်းကလေးတွေ ပုခုံးပေါ်တင်သွားကြတယ်၊ အဲဒါကို ပုခုံးတင်ပုဆိုးလို့ခေါ်တာပေါ့ဗျာ၊ ယောက်ျားမိန်းမမရွေး ပုဆိုးလေးပုခုံးပေါ်တင်သွား၊ ခေါင်းပေါ်လွှမ်းခြုံသွားတတ်ကြတယ်၊ တောထဲရောက်တော့ စားစရာအသီးအရွက်တွေတွေ့ရင် ဆူးဆွတ်ပြီး အဲဒီပုဆိုးနဲ့ထုပ်ပြီးသယ်ကြတယ်လေ၊ ထင်းတွေဘာတွေ ခွေတော့လည်း ပုဆိုးကိုခေါင်းဖုလုပ်ပြီး ရွက်ကြတာပဲ၊ ထမ်းစရာရှိရင်လည်း ပုခုံးမနာအောင်လို့ ပုဆိုးခံပြီးထမ်းကြတာဗျ၊ ဘာမှ မသုံးဖြစ်ရင်တောင် ချွေးသုတ်၊ နေကာလောက်ကတော့ လုပ်လို့ရတယ်မဟုတ်လား၊ ဒီတော့ ပုခုံးတင်တဲ့ပုဆိုးဆိုတာက ကျုပ်တို့တောသားတွေအတွက်တော့ ဘက်စုံသုံးပေါ့ဗျာ။

ဒီလိုနဲ့ လင်းကြက်မတွန်ခင်မှာ ကျုပ်ရယ်၊ အကိုကြီးရယ်၊ အငယ်ကောင်ရယ် အတူတူထွက်ခဲ့ကြတယ်၊ အကိုကြီးက လက်နှိပ်ဓါတ်မီးတစ်လက်ယူလာတယ်ဆိုပေမယ့် ဓါတ်ခဲအားကုန်မှာစိုးလို့ သိပ်မထွန်းပါဘူးဗျာ၊ ဒီအတိုင်း အမှောင်ထဲ စမ်းပြီးလျှောက်ရတာဗျ၊ အောင်မယ်၊ ရွာကနေ အစောကြီးထပြီးထွက်ကြတာ ကျုပ်တို့ချည်းမှတ်နေတာ၊ တခြားသူတွေလည်း သုံးယောက်တစ်စု၊ လေးယောက်တစ်စုနဲ့ တောင်ရိုးဆီကို အလျိုလျိုချီတက်နေကြတာဗျို့။

“ဟဲ့ အရီ၊ နင်တို့မိန်းကလေးတွေချည်း တောင်ရိုးပေါ်သွားမှာ မကြောက်ဘူးလား”

ကျုပ်လည်း လမ်းလျှောက်နေရင်း မိန်းကလေးတစ်စုကို မီလာတာနဲ့ စကားစလိုက်တယ်၊ အရီဆိုတဲ့ ကောင်မလေးက လက်တစ်ဖက်က ကိုင်လာတဲ့ ဓါးကိုမြှောက်ပြတယ်။

“ဓါးပါတယ်၊ ယီးတီးယားတားလုပ်လို့ကတော့ ဓါးစာမိမယ်”

ကျုပ်လည်း ပုခုံးတွန့်လိုက်တာပေါ့ဗျာ။ အကိုကြီးကတော့ ကျုပ်ပုခုံးပုတ်ရင်း

“ဒီကောင်မလေးတွေထက် ငါတို့အရင်ရောက်မှဖြစ်မှာကွ၊ နို့မို့ဆို တောင်ရိုးမှိုတွေ မကျန်ဘဲနေမယ်”

ကျုပ်တို့သုံးယောက်လည်း ယောက်ျားခြေလှမ်းကြီးတွေနဲ့ တောင်ရိုးဆီကိုအပြေးတစ်ပိုင်းနဲ့လာခဲ့ကြတာပေါ့ဗျာ၊ ဒီတောသူတွေကို မိန်းကလေးတွေဆိုပြီး အထင်မသေးနဲ့ဗျ၊ ခြေလှမ်းက ယောက်ျားလေးတွေနီးပါး သိပ်သွက်တာ၊ လက်ကလည်းမြန်သလားမမေးနဲ့၊ ကျုပ်တို့ကတော့ တောင်ရိုးပေါ်မှာ ပေါက်နေတဲ့မှိုမို့လို့ တောင်ရိုးမှိုလို့ခေါ်ကြတာပါ၊ တစ်ချို့ကတော့ အင်တိုင်းမှိုလို့ ခေါ်ကြတယ်ဗျ၊ တောင်ရိုးပေါ်မှာ ပေါက်နေတဲ့တောက တောဆယ်မျိုးထဲက တစ်မျိုးဖြစ်တဲ့ အင်တိုင်းတောအမျိုးအစား ကိုဗျ၊ အဲဒီအင်တိုင်းတောထဲမှာ ပေါက်တဲ့ မှိုကို အင်တိုင်းမှိုခေါ်ကြတာပေါ့။

အရုဏ်ဦး အလင်းတွေဖြန့်လာပြီဆိုရင်ပဲ ကျုပ်တို့ညီအကိုသုံးယောက် တောင်ရိုးအခြေကိုရောက်နေပြီဗျ၊ ရွာကလူတွေလည်း တောင်ရိုးအခြေမှာ ထိုင်နေကြတယ်ဗျ၊ ကျုပ်တို့ရွာအပြင် ဟိုးအဝေးကြီး တန်းမြင့်၊ ပေတောလောက်ကလူတွေပါလာကြတယ်ဗျာ၊ တစ်ရွာနဲ့တစ်ရွာက လူတွေလည်း ဆွေမျိုးမကင်းတွေဆိုတော့ ထိုင်ပြီးတော့ စကားစမြည်ပြောရင်း အလင်းရောင်ကောင်းကောင်းရလောက်မယ့်အချိန်ကို စောင့်နေတာပေါ့ဗျာ။

မှိုဆိုတဲ့အမျိုးက အဖြူလို့သာ အသိများပေမယ့် တကယ်တော့ အဖြူချည်းမဟုတ်ဘူးဗျ၊ ဒီတော့ အလင်းရောင်မကောင်းတဲ့အချိန်သွားရင် မှိုတွေကိုမမြင်မစမ်းနဲ့နင်းမိတတ်တယ်၊ နင်းမိရင် စားမကောင်းတော့ဘဲ မှိုပျက်သွားတာပေါ့ဗျာ၊ ဒါကြောင့် အလင်းရောင်ရတဲ့အချိန်ကိုစောင့်နေကြတာ၊ မကြာခင် ရွာထဲက လင်းကြက်တွန်သံတွေကြားရတယ်၊ အချိန်က မနက်ငါးနာရီခွဲလောက်ရှိမှာပေါ့ဗျာ။ ဒီတော့မှ ကိုယ့်အစုနဲ့ကိုယ် တောင်ပေါ်ကိုတက်ခဲ့ကြတယ်။

ကျုပ်တို့ယောက်ျားလေးတွေက အောက်က ဘောင်းဘီတိုပါတာဆိုတော့ ဝတ်ထားတဲ့ပုဆိုးကိုချွတ်ပြီး စလွယ်သိုင်းလိုက်တယ်၊ ပြီးတော့ ယူလာတဲ့တောင်းကို စလွယ်သိုင်းထဲထည့်ပြီး လွယ်တာပေါ့ဗျာ၊ တစ်တောင်၊ တစ်လံလောက်ရှိတဲ့ တုတ်ချောင်းတွေချိုးယူပြီးရင်တော့ မှိုကောက်လို့ရပြီဗျ၊ တုတ်ယူရတယ်ဆိုတာကလည်း မြေကြီးမှာ မှိုနဲ့တူတာတွေ့ရင် အဲဒီနားကမြေတွေကို တုတ်နဲ့အသာကလေးဖယ်ထုတ်၊ သစ်ရွက်ခြောက်တွေ ရှင်းထုတ်ပြီးတော့ မှိုဟုတ်မဟုတ်ကို တုတ်နဲ့စစ်ကြည့််ရတာ။

ကျုပ်လည်း တောင်ပေါ်တက်လာရင်း သစ်ပင်ကြီးတစ်ခုအရောက်မှာ မှိုခေါင်းလေးတွေကိုလိုလို တွေ့လိုက်တာနဲ့ အပြေးသွားလိုက်ပြီးတော့ တုတ်နဲ့ထိုးလိုက်တာပေါ့ဗျာ၊ ဒီတော့ မှိုသုံးပွင့်ကိုတွေ့ရတယ်၊ သိပ်မကြီးမသေးအရွယ်ပါပဲ၊ မှိုကိုကောက်ကိုင်လိုက်ပြီးတော့ သေချာကြည့်ရတယ်။

“ဟာ၊ အကိုကြီးရေ၊ ကျုပ်တော့ ငှက်ချွေစာတွေ့ပြီဗျို့”

ပြီးတော့ လွယ်ထားတဲ့ မှိုတောင်းထဲကိုထည့်ရတယ်၊ တောင်းထဲထည့်တဲ့အခါလည်း ဖြစ်သလိုပစ်ထည့်လို့မရဘူးဗျ၊ မှိုအပွင့်တွေ ကြေသွားတက်လို့ မှိုရပြီဆိုရင် မှိုကိုပက်လက်လှန်ပြီး သေသေချာချာစီထည့်ရတာ၊ ဒီလိုထည့်တော့မှ မှိုပွင့်လည်းများများဝင်ဆံ့တဲ့အပြင် အပဲ့အကြွေလည်း ကင်းတာပေါ့ဗျာ။

“အောင်မာ၊ အလတ်ကောင်ကတော့ ဈေးဦးပေါက်သွားပြီဟေ့၊ အငယ်ကောင်ရေ၊ ရှာထားကွ”

ငှက်ချွေစာဆိုတဲ့မှိုမျိုးကတော့ တောင်ရိုးမှိုတွေထဲမှာ ဘုရင်ပါပဲဗျာ၊ သူ့အရသာက တောင်ပို့မှိုထက် စားကောင်းတယ်၊ ချိုပြီး နူးညံ့နေတာပဲဗျာ။ အကိုကြီးကလည်း တုတ်တစ်ချောင်းနဲ့လိုက်လှန်ရင်း မကြာခင် မှိုပွင့်ကြီးတစ်ပွင့်က သစ်ရွက်တွေကြားထဲကနေ ပေါ်လာတယ်ဗျ၊ အကိုကြီးက မှိုကိုမခူးသေးဘဲ ကျုပ်ကိုပြရင်း

“ဒီမှာကြည့်စမ်း၊ လက်ထိမည်းကြီးတစ်ပွင့််ဟေ့၊ ကြီးသလားတော့မမေးနဲ့ အယ်စတုံကြီး”

အကိုကြီးပြတဲ့မှိုက ငါးလက်မလောက်ရှိတယ်ဗျ၊ လက်ထိမည်းမှိုက မြေကြီးအရောင်နဲ့တူလို့ ရှာရသိပ်မလွယ်ဘူး၊ လက်ထိမည်းဆိုတဲ့နာမည်အတိုင်း ခူးဖို့လက်နဲ့ထိလိုက်တာနဲ့တင် ထိတဲ့နေရာက မည်းသွားတာ၊ ပြီးရင် အဲဒီအမည်းတွေက မှိုတစ်ပွင့်လုံးကို ကူးစက်သွားပြီးတော့ မှိုကြီးတစ်ခုလုံး မည်းသွားတော့တာပါပဲ၊ ဟင်းချက်ရင်လည်း မည်းမည်းကြီးပေါ့၊ ဒါပေမယ့် အရသာကိုတော့ အထင်မသေးလိုက်ပါနဲ့၊ သူ့အသားက ခပ်ကြမ်းကြမ်းရှိပြီး အသားတုနဲ့သွားတူတယ်၊ အရသာကတော့ ချိုပြီးဆိမ့်နေတာပဲဗျာ၊

“အကိုကြီးရေ၊ ဒါဆိုရင် အဝေးကိုသိပ်မရှာနဲ့တော့၊ အနားကိုပဲပတ်ရှာကြည့်၊ ဒီကောင်တွေက အုံနဲ့ကျင်းနဲ့နေတာဗျ”

ကျုပ်ပြောတော့ အကိုကြီးကလည်း အဲဒီအနားကိုပတ်ရှာတယ်၊ လက်ထိမည်းမှိုကလည်း တစ်ပွင့်တွေ့ပြီဆိုရင် ခပ်ဝေးဝေးရှာစရာမလိုဘူး၊ အဲဒီအနားကိုပတ်ရှာလိုက်တာနဲ့ သုံးလေးပွင့်လောက်တော့ ဆက်တွေ့ရတတ်တယ်။ အကိုကြီးလည်း မှိုရတဲ့မျက်နှာဖြစ်သွားတာပေါ့ဗျာ။ ဒီတော့ အငယ်ကောင်က ခေါင်းကုပ်ပြီလေ။

“ဟား၊ ဟား အငယ်ကောင်ရေ ကြိုးစားစမ်းကွာ”

ဒါနဲ့ ကျုပ်တို့သုံးယောက် လူခွဲသွားဖို့ ဆုံးဖြတ်လိုက်တယ်။ တစ်နေရာတည်း သုံးယောက်လုရှာနေရင် မှိုတွေ့ဖို့အခွင့်အရေးက နည်းတယ်မဟုတ်လား၊ ဒါနဲ့ပဲ တစ်ယောက်တစ်လမ်းသွားကြမယ်ပေါ့ဗျာ၊ နေထွက်ပြီးတဲ့အချိန် တောင်ရိုးအလယ်က ကိုးတောင်ပြည့်စေတီနားမှာ ပြန်ဆုံမယ်လို့ ချိန်းလိုက်ကြတာပေါ့။

(၃)

သဘာဝအတိုင်းပေါက်တဲ့မှိုတွေဆိုတော့လည်း အရောင်အမျိုးမျိုး၊ အမျိုးအစား အမျိုးမျိုးပေါ့ဗျာ၊ တောင်ရိုးပေါ်ပေါက်တဲ့မှိုတွေမှာလည်း သူ့မျိုးနဲ့သူ၊ သူ့နာမည်နဲ့သူရှိတယ်ဗျ၊ ကျုပ်တို့က ငယ်ငယ်ကတည်းက မှိုကောက်လာတာဆိုတော့ ပုံစံကြည့်တာနဲ့တင် ဘာမှိုမျိုးဆိုတာ တန်းသိတယ်။ အပွင့်ဖြူဖြူကြီးတွေပွင့်တဲ့ မှိုကို မှိုဖြူ၊ အပွင့်က နည်းနည်းအဝါရောင်ဘက်သမ်းတဲ့မှိုဆိုရင် မှိုဝါပေါ့ဗျာ၊ ပြီးတော့ ခုနကပြောတဲ့ ငှက်ချွေစာ၊ လက်ထိမည်း၊ ကျင်းနဲ့ပေါက်တဲ့မှိုကျတော့ ကျင်းမှိုပေါ့၊ နောက်ပြီး ခြကောင်လေးတွေလုပ်ထားတဲ့ တောင်ပို့ကလေးတွေအနားမှာ ပေါက်တဲ့မှိုကျတော့ တောင်ပို့မှို၊ နောက်ပြီး ဘီးကျဲမှိုဆိုတာရှိသေးတယ်၊ မှိုဖြူမှိုဝါကိုမှ လှန်ကြည့်လိုက်ရင် အောက်ဘက်က အချောင်းကလေးတွေက ခပ်ကျဲကျဲပေါက်နေတဲ့မှိုပေါ့၊ ကိုရင်မှိုဆိုတာကျတော့ ဝါဝါလုံးလုံးကလေးတွေဗျ၊ ကိုရင်ခေါင်းတုံးနဲ့တူတယ်ပေါ့၊ နောက်ပြီး မယ်သီလရှင်မှိုဆိုတာလည်း ရှိသေးတယ်၊ သူ့အရောင်က မယ်သီလရှင်တွေရဲ့ သင်္ကန်းအရောင်လို ပန်းဆီရောင်ကလေးဗျ။ ဒီလိုပဲ နာမည်တွေကတော့ ကိုယ့်အရပ်အခေါ်အရ ခေါ်ရင်း နာမည်တွင်သွားတာပေါ့။

စားကောင်းတဲ့မှို၊ မစားကောင်းတဲ့မှိုဆိုတာလည်းရှိသေးတယ်၊ မစားကောင်းတဲ့မှိုတစ်ပွင့်ကို စားကောင်းတဲ့မှိုတစ်ခြင်းထဲ ထည့်လိုက်တာနဲ့ ကျန်တဲ့မှိုတွေပါ ပျက်စီးသွားတတ်လို့ တော်တော်သတိထားပြီးရှောင်ရတာပေါ့ဗျာ၊ မစားကောင်းတဲ့မှိုတွေကျတော့ များသောအားဖြင့် အရောင်တောက်တောက်ရှိတဲ့မှိုတွေပေါ့၊ မှိုပြဒါးဆိုတာ နီရဲနေတာဗျ၊ သွားတော့မစားလိမ့်နဲ့ သေရင်သေ၊ မသေရင် ဆေးရုံရောက်သွားလိမ့်မယ်၊ ပြီးတော့ မှိုဖြူပေါ်မှ အနီပျောက်တွေနဲ့ မှိုကွက်ကြားဆိုတာကလည်း အဆိပ်ရှိတယ်၊ သူ့ကိုစားရင် တောက်တယ်ပေါ့ဗျာ၊

မြွေပါးကင်းပါးတော့ရှိတယ်ဆိုပေမယ့် မှိုကောက်ရင်း မြွေကိုက်သေသွားတဲ့လူတော့ မတွေ့ဖူးဘူးဗျ၊ လက်ထဲမှာလည်း တုတ်တွေပါတယ်ဆိုတော့ တော်ရုံမြွေတွေ့ရင် တုတ်နဲ့မောင်းလိုက်ရင် မြွေကပြေးတာပဲပေါ့ဗျာ၊ စားလို့ရတဲ့ မြွေနဲ့တွေ့ရင်တော့ အဲဒီမြွေကံဆိုးပြီသာမှတ်ပေတော့ဗျာ၊ မှိုလည်းကောက်ရင်း မြွေကိုလည်းသတ်ပြီး စားဖို့ယူတတ်ကြတာ၊ ဒါကြောင့် မြွေတွေကင်းတွေက လူသံကြားတာနဲ့ ပြေးကြတာပဲဗျ။

ကျုပ်လည်း တောင်အရှေ့ဘက်ကိုတက်ခဲ့ရင်းနဲ့ လမ်းမှာတွေ့တဲ့ မှိုတွေကို သုံးပွင့်ကောက်လိုက်၊ လေးပွင့်ကောက်လိုက်နဲ့ ကောက်ရင်း ခြင်းတောင်းတစ်ဝက်လောက်တောင် ရလာပြီပေါ့ဗျာ၊ ဆက်ကောက်လာရင်း မကြာပါဘူး၊ မြေကြီးအောက်မှာ ဖြူဖြူလိုဟာလေးတွေ တွေ့တာနဲ့ တုတ်နဲ့တစ်ချက်ရမ်းလိုက်တော့ မှိုခေါင်းဖြူဖြူတွေ အများကြီးပေါ်လာတာဗျာ၊ ကျုပ်လည်း မျက်နှာကြီးကိုဖြီးပြီးတော့ပြုံးလိုက်တယ်၊ မှိုရတဲ့မျက်နှာပေါ့ဗျာ။ ခြောက်ပေပတ်လည်လောက်ရှိတဲ့ မှိုကျင်းကြီးမှာ ကျင်းမှိုတွေဖွေးနေတာပဲဗျာ၊ ကျုပ်လည်း မှိုကျင်းထဲသွားပြီး မှိုတွေကို အားရပါးရခူးနေတယ်။ မနေ့က အဖေစားတဲ့ ကျင်းမှိုတွေကို ဒီနေ့တော့ စိတ်တိုင်းကျ အားရပါးရစားမယ်လို့တွေးရင်း ကောက်နေမိတာပေါ့ဗျာ၊ ခြင်းတောင်းပြည့်သွားလို့ ပြန်အထမှာတော့ သစ်ကိုင်းတစ်ကိုင်းကို လက်ကဆွဲမိပြီး ခြောက်နေတဲ့သစ်ကိုင်းက ဆတ်ခနဲကျိုးသွားပါရောဗျာ၊ ပြီးတော့ ကျုပ်ခေါင်းပေါ်ကို အလုံးကြီးတစ်လုံးပြုတ်ကျလာတယ်။ အဲဒီအလုံးကြီးက ကျုပ်ငယ်ထိပ်ပေါ်ရောက်တယ်ဆိုရင်ပဲ နှစ်ခြမ်းကွဲပြီး တစ်စစီဖြစ်သွားတော့တာပဲဗျာ၊

“ဟိုက်၊ သေပြီ . . .”

ကျုပ်တစ်ကိုယ်လုံးအပေါ်ကို သဲနဲ့အပက်ခံလိုက်ရသလို ပုရွက်ဆိတ်တွေကျလာတယ်ဗျ၊ အဲဒီပုရွက်ဆိတ်တွေကို ကျုပ်တို့ဆီမှာတော့ ပဆွတ် လို့ခေါ်တယ်၊ တစ်ချို့ကလည်း ထုပ်ပနီတဲ့ဗျာ၊ ခါချဉ်လို အကောင်တွေဗျ၊ ဒါပေမယ့်် ခါချဉ်ထက် နှစ်ဆလောက်ကြီးတယ်၊ အစွယ်ကြီးတွေများ ကော့နေတာပဲဗျာ။

ပဆွတ်အုံက ငယ်ထိပ်ပေါ်တည့််တည့်ကျပြီးတော့ ကွဲထွက်သွားတော့အထဲက ပဆွတ်နီကောင်တွေက ကျုပ်တစ်ကိုယ်လုံးအပေါ်ကို သဲနဲ့ပက်ထည့်လိုက်သလို ကျလာတာပေါ့ဗျာ။ နဂိုကတည်းက ဒေါသကြီးတဲ့ ပဆွတ်တွေက အခုတော့ သူတို့အိမ်ကို ဖျက်တဲ့ကောင်ဆိုပြီးတော့ ကျုပ်ကိုဝိုင်းတွယ်ကြတာပေါ့ဗျာ။

ကျုပ်လည်း မှိုတောင်းကြီးလွယ်ပြီးတော့ တစ်ကိုယ်လုံးကို လက်နဲ့ပွတ်ရင်း ခုန်ဆွခုန်ဆွပြေးရတာပေါ့ဗျာ။

နေအတော်လင်းတော့ အကိုကြီးနဲ့ချိန်းထားတဲ့ ကိုးတောင်ပြည့်စေတီကလေးအနားရောက်လာတယ်၊ အင်ပင်ကနေ အင်ဖက်တွေခူးပြီးတော့ မှိုတောင်းအပေါ်ကို ပိတ်လိုက်တယ်၊ ပြီးတော့ ဝါးတုတ်လေးတွေနဲ့ ကန့်လန့်ထိုး၊ လျော်ကြိုးလေးတွေနဲ့ ချည်လိုက်ရင် လုံသွားပြီပေါ့ဗျာ။ ကျုပ်တက်လာတော့ အကိုကြီးနဲ့အငယ်ကောင်က ရောက်နှင့််နေပြီဗျ။ ပြီးတော့ ကျုပ်ကို အထူးအဆန်းနဲ့ ဝိုင်းကြည့်ကြတယ်။

“အလတ်ကောင်၊ မင်း . . မင်းလူရုပ်တောင် မပေါ်ပါလားကွာ၊ ဘယ်လိုဖြစ်လာတာလဲ”

“ဘယ်လိုဖြစ်ရမလဲအကိုကြီးရာ၊ ကျင်းမှိုကောက်ရင်းနဲ့ ငယ်ထိပ်ပေါ်ကို ပဆွတ်အုံကြီး ပြုတ်ကျလာတာဗျ”

ကျုပ်ပြောတော့ အကိုကြီးနဲ့ အငယ်ကောင်က ခွက်ထိုးခွက်လန်ရယ်ပါရောဗျာ၊ ကျုပ်လည်း ကိုးတောင်ပြည့်စေတီအနားက ရေအိုင်ကလေးမှာ ကိုယ့်ရုပ်ကိုပြန်ငုံ့ကြည့်ရတာပေါ့ဗျာ၊ ရေကန်မျက်နှာပြင်မှာ ထင်နေတဲ့ပုံရိပ်ကိုမြင်တော့ ကျုပ်ဖြင့် သရဲကြီးလားဆိုပြီးတော့ လန့်သွားတာပဲဗျာ၊ နှုတ်ခမ်းကြီးတွေဆိုရင်လည်း ထော်လန်လို့၊ မျက်ခွံတစ်ဖက်ကလည်း ဖောင်းအစ်နေပြီးမျက်လုံးတောင်ပိတ်တော့မယ်လေဗျာ၊ တစ်ကိုယ်လုံးလည်း ပဆွတ်နီတွေ ကိုက်ထားလို့ အဖုအပိန့်တွေနဲ့ ရှောက်သီးခွံလိုဖြစ်နေပါရောလားဗျာ။

“ဖြစ်ရမယ်အလတ်ကောင်ရာ၊ မင်းကတော့ဖြစ်ရမယ်၊ ဒီအတိုင်းရွာပြန်သွားရင် ရွာကလူတွေတောင် မင်းကိုမှတ်မိမယ်မထင်ဘူးကွ”

အကိုကြီးတို့က ကျုပ်ကိုကြည့်ရင်း ရယ်ပြန်ရောဗျို့၊ ကျုပ်လည်း မခံချင်တာနဲ့ မှိုတောင်းကိုပြလိုက်တယ်၊ အကိုကြီးကလည်း သူ့တောင်းကိုပြတယ်ဗျ။ ဒါပေမယ့် မှိုကျင်းတွေ့ခဲ့တဲ့ကျုပ်လောက်တော့ ဘယ်များပါ့မလဲ၊ အငယ်ကောင်ကလည်း သူ့ခြင်းတောင်းကိုပြတယ်၊ အင်ဖက်တွေနဲ့ပိတ်ထားတယ်ဆိုပေမယ့်လည်း သူ့ခြင်းတောင်းက ပြည့်လုပြည့်ခင်ဗျ၊ ဒါနဲ့ ကျုပ်တို့ညီအကိုသုံးယောက်လည်း တောင်ရိုးပေါ်ကနေ အမြန်ပြန်ဆင်းခဲ့ကြတာပေါ့ဗျာ။

(၄)

အိမ်ရောက်တော့ အမေ့တာဝန်ဖြစ်သွားတော့တာပေါ့ဗျာ၊ မှိုတွေက များတယ်ဆိုတော့် အမေက အထားမခံတဲ့မှိုကို ချက်ဖို့ပြင်ရတယ်၊ အထားခံတဲ့မှိုတွေကိုတော့ နောက်နေ့တွေစားဖို့ပေါ့၊ မှိုတွေက တော်တော်များတာဆိုတော့ အခြောက်ခံထားဖို့လည်း စီစဉ်ရတယ်။ တောင်ရိုးပေါ်ကို တစ်ခါတက်သွားပြီးရင်တော့ မှိုက သုံးလေးရက်လောက်တော့ အမုန်းစားရတယ်ဗျ။

အကိုကြီးတောင်းရယ်၊ ကျုပ်တောင်းရယ်ကို ဖွင့်ပြီးတော့ နောက်ဆုံးတော့ အငယ်ကောင့်တောင်းကိုဖွင့်တာပေါ့ဗျာ၊ တောင်းကိုဖွင့်လိုက်တဲ့အခါကျတော့ အုန်းသီးအခွံကျွတ်လောက် အရွယ်ရှိတဲ့ ဖြူဖြူဖွေးဖွေး မှိုလုံးကြီးတစ်လုံးထွက်လာပါရောဗျာ၊ အမေလည်း တအံ့တသြနဲ့ကြည့်နေတာပေါ့၊ မှိုကြီးက တစ်ဖက်ခြမ်းက လုံးဝိုင်းနေပေမယ့် တစ်ဖက်ခြမ်းမှာတော့ အတွန့်အတွန့်တွေနဲ့ဗျာ၊ မသိရင် လူအရိုးခေါင်းကြီးနဲ့တောင် တူနေသေးတယ်၊ မျက်လုံးပေါက်လိုလို နှစ်ပေါက်ကလည်း ချိုင့်ဝင်နေသေးတယ်။ အမေက မှိုကြီးကိုကိုင်လာပြီး အဖေ့ရှေ့ကိုချပေးတယ်။

“ကျုပ်တော့ တစ်သက်နဲ့တစ်ကိုယ် ဒီလိုမှိုမျိုးမမြင်ဖူးဘူးတော်”

အဖေကလည်း မှိုကြီးကိုသေချာကြည့်ရင်း

“ဒါမျိုးကျတော့ မြေအောင်းမှိုလို့ခေါ်တယ်ကွ၊ ငါတော့မစားဖူးဘူး၊ မြေကြီးအောက်တွေ ဂလိုင်တွေထဲမှာပေါက်တာ၊ အရမ်းကောင်းတယ်ဆိုပဲကွ”

ဒါနဲ့အမေက အငယ်ကောင့်ကိုမေးတယ်။

“ဟဲ့အငယ်ကောင်၊ နင်ဘယ်နားက သွားရှာလာတာတုန်း”

“လျှိုထဲကပဲအမေရ၊ ကျုပ်လည်း တောင်ပို့ကလေးတွေ့တော့ တောင်ပို့မှိုများရှိမလားဆိုပြီး ဆင်းရှာတာ၊ တောင်ပို့မှိုနည်းနည်းပဲတွေ့တယ်၊ ဒါနဲ့ စိတ်ဓါတ်ကျပြီး ပြန်တက်မယ်အလုပ်မှာ အဲဒီမှိုလုံးကြီးကို တောင်ပို့အောက်ခြေအနားမှာ တစ်ပိုင်းတစ်စတွေ့တာနဲ့ ထိုးဖွင့်ရင်း နောက်ဆုံးတော့ တောင်ပို့အောက် ဂလိုင်ထဲကနေ ဒီလောက်ကြီးထွက်လာတာဗျ”

အဖေက ခေါင်းညိတ်တယ်။

“ဆန်းပါပေ့ကွာ၊ ငါတော့ ဒီမှိုကြီးကိုကြည့်ရတာ မျောက်ခေါင်းနဲ့တူလို့ မျောက်ခေါင်းမှိုလို့ ခေါ်မယ်ကွာ”

“ဟား၊ ဟား အဖေတို့ကတော့ နာမည်ပေးတာသိပ်တော်တယ်ဟေ့၊ မြေအောင်းမှိုကြီးကိုတောင် မျောက်ခေါင်းမှိုကြီးတဲ့”

အမေကလည်းပြုံးရင်း

“ဒါဆို ဒီမှိုကြီးကို ဆန်ခါနဲ့အုပ်ပြီး နောက်နေ့စားဖို့သိမ်းထားလိုက်မယ်၊ ဒီနေ့တော့ သားကြီးနဲ့ အငယ်ကောင်ကောက်လာတဲ့ မှိုတွေကိုအရင်ချက်စားမယ်”

အမေကပြောပြီးတော့ ချက်ရေးပြုတ်ရေးအတွက် ပြင်ဆင်ရတော့တာပေါ့ဗျာ၊ ကျုပ်တို့လည်း နေ့လည်စာ မစားရသေးဘူးလေ၊ ဆာတာတော့ အတော်ဆာနေပြီဗျ၊ ဒါပေမယ့် အမေချက်မယ့် မှိုဟင်းနဲ့အဝတွယ်မယ်ဆိုပြီးတော့ စောင့်နေကြတာပေါ့။

မှိုဟင်းဆိုတာ ချက်ရတာလည်းလွယ်တယ်၊ အချိန်ကလည်း ခဏလေးပဲကြာတာဗျ၊ အမေချက်ဆဲ့မှိုဆီပြန်ဆိုတာ စားလို့သိပ်ကောင်းတာပေါ့ဗျာ၊ မှိုတွေကို ရေနွေးလေးနဲ့ သဲတွေဖုန်တွေကင်းအောင် အသာလေးဆေးရတယ်၊ ပြီးရင်တော့ မန်ကျည်းသီးစိမ်းကလေးထောင်းပြီးတော့ မှိုနဲ့ရောချက်တာပေါ့ဗျာ၊ ဟင်းအိုးရခါနီးရင် ငရုတ်သီးစိမ်းကလေးတွေ ပစ်ထည့်၊ ခြံနောက်ဖေးမှာစိုက်ထားတဲ့ ပင်စိမ်းရွက်ကလေးအုပ်လိုက်ရင် ချဉ်ချဉ်၊ စပ်စပ်နဲ့ မှိုဟင်းကလေးတစ်ခွက် ရပြီပေါ့ဗျာ၊ အဲဒါကို ဖရုံရွက်နဲ့ မျှစ်ချိုစိတ်ကလေးတွေ တွဲချက်ထားတဲ့ ဟင်းချိုအရည်သောက်ကလေးနဲ့ဆိုတော့ ထမင်းစားလို့မြိန်ချက်ပဲဗျာ။

မနက်အစောကတည်းက ထမင်းကြမ်းပဲစားသွားရတဲ့ ကျုပ်တို့ကတော့ ဆာဆာနဲ့အမေ့လက်ရာကို စားတော့တာပဲဗျာ၊ မှိုကလည်းချို၊ ဟင်းကလည်း ချဉ်စပ်ကလေးဆိုတော့ ညီအကိုသုံးယောက် တစ်ယောက်ကို ထမင်းတစ်လုံးချက်လောက်ကုန်အောင် စားပစ်တာဗျ၊ စားပြီးတော့မှ ရေနွေးကြမ်းသောက်ရင်းေ အးအေးဆေးဆေးထိုင်နားကြတယ်၊ လယ်ထဲကိုတော့ မဆင်းတော့ဘူးပေါ့ဗျာ။

စားပြီးသွားတော့ မကြာပါဘူး၊ ကျုပ်ဗိုက်ထဲ တစ်မျိုးကြီးဖြစ်လာတယ်ဗျ၊ ဗိုက်ထဲက အသံစုံတွေမြည်လာပြီးတော့ ဂွီဂွီဂွမ်ဂွမ်နဲ့ဖြစ်လာတာ၊ ပြီးတော့ ရင်ထဲမှာပျို့ပြီးတက်လာတယ်ဗျာ၊ ဒီတော့ ကျုပ်လည်းဟန်မဆောင်နိုင်တော့ဘဲ အိမ်ခန်းဘေးတံခါးကနေ ပြေးပြီးအန်ချလိုက်ရတာပေါ့ဗျာ။

ပိုးစိုးပက်စက် အန်ချလိုက်ပေမယ့် ခုနက စားထားတဲ့ထမင်းတွေ ပြန်ထွက်မလာဘဲနဲ့ ဖြူဖြူပျစ်ချွဲချွဲအရည်ကြီးတွေပဲ ထွက်လာတာဗျ၊ ကျုပ်လည်း အံ့သြနေတုန်းရှိသေးတယ်၊ အငယ်ကောင်က အိမ်ရှေ့ကွပ်ပျစ်ပေါ်ကနေ အန်ချလိုက်တာကို မြင်လိုက်ရတယ်။

“အမေရေ၊ မှိုတောက်ပြီထင်တယ်ဗျ”

ကျုပ်အိမ်အောက်ကိုပြေးဆင်းလာတော့ အဖေက ကြွေရည်သုတ်ထွေးခံကြီးထဲကို ဖြူဖြူအရည်တွေ တဝေါ့ဝေါ့နဲ့ အန်ချနေတာပဲဗျာ၊ အိမ်ပေါ်ထပ်က အကိုကြီးလည်း အိမ်အောက်ကိုပြေးဆင်းလာပြီးတော့ ရေချိုးခန်းနားအရောက်မှာ ထိုးအန်တော့တာပဲ၊ အကိုကြီးမိန်းမနဲ့ သမီးက သူ့အမျိုးအိမ်သွားနေလို့ အိမ်မှာမရှိဘူး၊ အငယ်မနှစ်ကောင်လည်း ဘယ်ရောက်နေတယ်မသိပါဘူးဗျာ။ ခုနက မှိုဟင်းစားတဲ့လူအားလုံး အန်ပေမယ့် အမေကတော့ မအန်ဘူးဗျ။

“အမေရေ၊ အမေ့မှိုဟင်းက တောက်ပြီဗျ”

မှိုတောက်တယ်ဆိုတာ မှိုဆိပ်တက်တာကိုပြောတာပါ၊ အမေကလည်း အံ့သြနေတယ်၊ အဖေက အမေ့ကိုကြည့်ရင်း

“မင်းကွာ၊ မှိုချက်တာ သေသေချာချာမချက်ဘူးလား”

အမေက ခေါင်းခါရင်း

“မဟုတ်ပါဘူးရှင်၊ ကျွန်မတစ်သက်လုံး မှိုချက်စားလာတာပါ၊ ဘယ်ဟာက စားကောင်းလဲ၊ ဘယ်ဟာက မစားကောင်းသလဲဆိုတာ သိပါတယ်၊ အခုကျွန်မချက်တာကလည်း အားလုံးပုံမှန်ပါပဲ”

“မင်းကသာ ပုံမှန်ပဲလို့ပြောနေတာ၊ ငါတို့က အခုအန်နေရပြီမဟုတ်လား”

အဖေက ပြောရင်း အန်ချင်လာတာနဲ့ ထွေးခံကောက်ပြီး ထပ်အန်ပါရောဗျာ၊ အမေက ခေါင်းခါရင်း

“ဟောတော်၊ အဲဒီမှိုဟင်းကို ကျုပ်လည်းစားတာပါပဲ၊ ကျုပ်ကျတော့ ဘာလို့မတောက်တာတုန်း”

အမေပြောတာလည်း ဟုတ်တယ်ဗျ၊ စားတဲ့အထဲ ကျုပ်တို့ပဲဖြစ်ပြီး အမေကတော့ ဘာမှမဖြစ်ဘူးမဟုတ်လား။ အဖေက အန်ပြီးတော့မှ

“ကဲ၊ ကဲ တောက်တဲ့ဟင်းဆိုလည်း စားမနေနဲ့ သွန်သာသွန်ပစ်လိုက်၊ ငါထင်တာကတော့ အငယ်ကောင် မှိုမှားခူးတယ်ထင်တာပဲကွ၊ မစားသင့်တဲ့မှိုကို တောင်းထဲထည့်ရင် တစ်တောင်းလုံးပျက်တယ်မဟုတ်လား”

ကျုပ်လည်း ဒီတော့မှ သတိရသွားတယ်။

“ဟာ၊ ဟုတ်ပြီအဖေ၊ ဒါဆိုရင်တော့ ဟိုမြေအောင်းမှိုကြီးကြောင့်ဖြစ်မယ်”

ကျုပ်ပြောလိုက်မှ အဖေတို့လည်း သတိရသွားတယ်။

“အေး၊ ဖြစ်နိုင်တယ်ကွ၊ အဲဒီမှိုကြီးကို လွင့်တော့မပစ်နဲ့အုံးကွာ၊ နောက်နေ့ကျမှ ရွာဦးကျောင်းက ဆရာတော်နဲ့ ရွာကလူတွေမြင်ဖူးအောင်လို့ ပြရအုံးမယ်”

ဒါနဲ့ပဲ ကျုပ်တို့လည်း အဲဒီမှိုကြီးကို သိမ်းထားလိုက်ကြတာပေါ့။

(၅)

ညရောက်တော့ ကျုပ်ခူးလာတဲ့မှိုတွေကို ချက်ပြီးစားကြတယ်၊ ဒီတစ်ခါတော့ မအန်တော့ဘူးဗျာ၊ ဒါဆိုရင်တော့ အငယ်ကောင်ကောက်လာတဲ့ ဘာမှန်းမသိတဲ့ မျောက်ခေါင်းမှိုကြီးက ဖြစ်နေတာလို့ပဲ ယူဆလိုက်ကြတယ်။ ကျုပ်တို့လည်း မနေ့က အိပ်ရေးမဝဘူးဆိုတော့ အဲဒီညတော့ စောစောအိပ်ကြတာပေါ့ဗျာ။

ညသန်းခေါင်လောက်ရောက်တော့ အိမ်အောက်ကနေ တီးတိုးတီးတိုးနဲ့ စကားပြောသံကြားရတယ်ဗျ၊ အသံကတော့ ခပ်အုပ်အုပ်ပြောနေတာ၊ ကျုပ်သေသေချာချာ နားထောင်ပေမယ့် ဘာတွေပြောနေသလဲဆိုတာတော့ မသိရဘူးဗျ၊ ကျုပ်လည်း အငယ်မတို့များတွတ်ထိုးနေသလားပေါ့ဗျာ၊ အိပ်ရေးပျက်တာနဲ့ ထမကြည့်ဘဲ အသာကလေးဆက်အိပ်နေတာ၊ နာရီဝက်လောက်ကြာတဲ့အထိ စကားသံတွေက တိတ်မသွားဘူးဗျ၊ နောက်တော့ အခန်းထဲအိပ်နေတဲ့အဖေ နိုးသွားပုံရတယ်၊ အိမ်ပေါ်ကနေ ချောင်းဟန့်သံပေးတယ်၊ ဒါတောင်မှ အငယ်မတို့က ရပ်မသွားဘူးဗျာ၊ ဆက်ပြီးတွတ်ထိုးနေကြတုန်းပဲ၊ ကျုုပ်လည်း မနေနိုင်တော့တာနဲ့ အဖေ့ကိုယ်စား ထအော်ရတာပေါ့။

“ဟဲ့၊ အငယ်မ၊ နင်တို့စကားပြောချင်ရင် မနက်မှပြောကြဟာ၊ ငါတို့အိပ်ရေးပျက်တယ်”

ကျုပ်အော်လိုက်တော့ စကားပြောသံကတော့ ရပ်သွားတယ်၊ ဒါပေမယ့်် အိမ်အောက်ထပ်မှာ ဝင်းခနဲလက်ခနဲ အလင်းရောင်တွေမြင်ရတယ်ဗျ၊ အလင်းရောင်က မီးခတ်ခတ်လို့ ထွက်လာတဲ့အလင်းရောင်လိုမျိုးပဲ၊ ဒါပေမယ့် စိမ်းဖန့်ဖန့်ကြီးဗျ။ အလင်းရောင်ကြီး တစ်ချက်လင်းသွားတာနဲ့ ကြမ်းကြားထဲကနေ အလင်းရောင်တွေထိုးတက်လာတာပဲ၊ ကျုပ်လည်း ဘာမပြောညာမပြောနဲ့ အိမ်အောက်ကိုပြေးဆင်းလိုက်တယ်။

အလင်းရောင်တွေထွက်နေတာ အငယ်မတို့အခန်းထဲကလည်း မဟုတ်ဘူးဗျ၊ မီးဖိုခန်းထဲကနေလင်းနေတာ၊ လှေကားထိပ်ကနေ အငယ်မတို့ကိုချောင်းကြည့်တော့လည်း အိပ်နေကြတာပါါပဲ၊ ကျုုပ်လည်း လှေကားကိုဆက်ဆင်းလိုက်ပြီးတော့ မီးရောင်မြင်ရတဲ့နေရာကို အသာကလေးလှမ်းလာလိုက်တော့ ဒန်အိုးကြီးတစ်ခုထဲကနေ အလင်းရောင်တွေထွက်နေတာဗျ၊

ကျုပ်တော်တော်ကြောက်နေတယ်၊ အရောင်တွေက အစိမ်းရောင်ကြီးတွေ၊ ကျုပ်လည်း ဒန်အိုးကိုပြေးဖွင့်လိုက်တော့ အထဲမှာ မျောက်ခေါင်းမှိုကြီးက လင်းနေတာဗျ၊ မှိုကြီးတစ်လုံးလုံးက အစိမ်းရောင်ဖန့်ဖန့်လင်းနေပြီးတော့ မျက်လုံးပေါက်ကနေ အလင်းရောင်တွေထွက်နေတာပဲဗျာ၊ ခင်ဗျားတို့မြင်သာအောင်ပြောရရင် ခုခေတ် အနုမြူလို့ခေါ်တဲ့ ညဘက်လင်းတဲ့ကြယ်ကလေးတွေလိုမျိုး လင်းနေတာ။

“အဖေရေ၊ လုပ်ပါအုံး၊ အမေရေ”

ကျုပ်လည်း လန့်လန့်နဲ့အော်လိုက်မိတော့ အဖေက ပြေးဆင်းလာတယ်ဗျ။ ကျန်တဲ့လူတွေကတော့ မနိုးဘူးလားမသိပါဘူးဗျာ၊ အဖေလည်း အဲဒီမှိုကြီးကိုတွေ့တော့ အတော်ကလေးထူးဆန်းသွားတယ်။

“တစ်ခုခုတော့ တစ်ခုခုပဲအလတ်ကောင်ရ”

ဒီအချိန်မှာပဲ မှိုကြီးက လေပေါ်ကိုမြောက်တက်သွားတယ်ဗျ၊ သေချာကြည့်လေလေ လူအရိုးခေါင်းကြီးနဲ့ တူလာလေလေပဲ၊ သိပ်အမြင့်ကြီးတော့မဟုတ်ဘူးဗျ၊ ကျုပ်တို့ခေါင်းပေါ်လောက်မှာ ဝဲနေတာ၊ ကျုပ်လည်း ထင်းချောင်းတစ်ချောင်းကောက်လိုက်ပြီးတော့ အဲဒီမှိုကြိးကို ရိုက်ထည့်ပေမယ့် မှိုကြီးက မထိအောင်ရှောင်တယ်၊ ပြီးတော့မှ မီးဖိုခန်းထဲကနေ အိမ်ရှေ့ဘက်ကိုထွက်သွားတာ။ ကျုပ်နဲ့အဖေလည်း အဲဒီမှိုကြီးအနောက်ကိုပြေးလိုက်တော့ လေပေါ်ကိုပျံတက်သွားပြီး ရွာထဲကိုပြေးသွားတာပဲဗျာ။

ကျုပ်နဲ့အဖေလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အိမ်ပေါ်ပြန်တက်ခဲ့ကြတယ်၊ အိပ်ရာထဲပြန်အိပ်လိုက်ကြပေမယ့် အဖေရော ကျုပ်ရော အိပ်မပျော်ပါဘူးဗျာ၊ အဖေကလည်း တချောက်ချောက်နဲ့ နိုးနေတယ်ဗျ၊ ကျုပ်လည်း ဒီမှိုကြီးအကြောင်း စဉ်းစားရင်း၊ အတွေ့အကြုံရင့်တဲ့ ဦးဘသာကို မေးကြည့်မှလို့ တွေးလိုက်မိတယ်၊ တစ်ညလုံး အိပ်မပျော်တဲ့ကျုပ်က မနက်လင်းကြက်တွန်သံကြားမှ မှေးခနဲအိပ်ပျော်သွားတယ်ဗျ။

ကျုပ်မနက်လင်းတော့ နေအတော်မြင့်နေပြီဗျ၊ အိမ်ပေါ်ကဆင်းလိုက်ရော အမေက ကျုပ်ကိုကြည့်ပြီးပြောပါလေရော။

“နင်တို့သားအဖ ညကဘယ်သွားနေလို့ အိပ်ရာထနောက်ကျနေတာလဲဟဲ့”

ကျုပ်လည်း ဘာမှမပြောဘဲ အဖေ့ကိုကြည့်လိုက်တယ်၊ အဖေကတော့ ဘာမှမသိသလိုနဲ့ အေးအေးလူလူနေတယ်။

“နောက်ပြီးတော့ မနေ့ကခူးလာတဲ့ မြေအောင်းမှိုကြီး ညကပျောက်သွားတယ်ဟဲ့၊ ထူးဆန်းလိုက်တာ”

“သြော်၊ ကြွက်တွေဘာတွေ စားသွားတာဖြစ်မှာပေါ့အမေရ၊ ကြွက်တွေက မှိုကြိုက်တယ်မဟုတ်လား”

အမေကတော့ ခေါင်းခါတယ်။

“ကြွက်ကလည်း ဒီလောက်ကြီးတာကြီးကို ကုန်အောင်စားနိုင်ပါ့မလား၊ အလတ်ကောင် နင်မှန်မှန်ပြော၊ နင်ဘယ်သူ့ကို ဝေခြမ်းရေးလုပ်လိုက်သေးသလဲ”

“ဟာဗျာ၊ အမေကတော့ ကျုပ်ကိုရစ်ပြီ”

ကျုပ်လည်းပြောဆိုရင်း သွားတိုက်ဖို့ ဆားတစ်ဆုပ်နှိုက်ပြီးတော့ ထွက်လာခဲ့တာပေါ့၊ ကျုပ်ခြံဝကိုရောက်တယ်ဆိုရင်ပဲ ဦးဘသာကြီးက ဆန်ခါခုံးကလေးကိုင်လို့ ခြံထဲဝင်လာတယ်။ ကျုပ်တိုတွေ့တာနဲ့

“ဟေ့အလတ်ကောင်၊ မင်းတို့မနေ့က မှိုကောက်သွားတယ်ဆို၊ ဘယ်မလဲ ငါ့အတွက်”

“ဟုတ်ပါရဲ့ဗျာ၊ ကျုပ်လာပေးဖို့မေ့သွားတယ်၊ နေအုံး၊ အမေ့ဆီကနေ နည်းနည်းတောင်းပေးမယ်”

ကျုပ်နဲ့ဦးဘသာလည်း အိမ်ဘက်ကိုပြန်လျေျာက်လာရင်း အဖေ့နားရောက်တော့မှ အဖေက ဦးဘသာကိုမော့ကြည့်ရင်း

“ဦးဘသာ၊ ကျုပ်တောင် အလတ်ကောင်ကို သွားခေါ်ခိုင်းမလို့လုပ်နေတာ၊ လာပါအုံးဗျ”

ဦးဘသာက အဖေ့မျက်စောင်းထိုးခုံတန်းမှာ ဝင်ထိုင်တယ်။

“ဘာများလဲသူကြီးရဲ့”

အဖေက ကျုပ်ကိုတစ်ချက်မော့ကြည့်ရင်း

“ဒီလိုပါဦးဘသာ၊ တိုတိုပြောရရင်တော့ မနေ့က အငယ်ကောင်က မျောက်ခေါင်းနဲ့တူတဲ့ မှိုအလုံးကြီးတစ်ခုကို တောင်ရိုးပေါ်ကနေ ကောက်လာတယ်ဗျ၊ ညကျတော့ အဲဒီမှိုလုံးကြီးက အစိမ်းရောင်တွေလင်းပြီးတော့ ကျုပ်တို့အိမ်ထဲကနေ ပျံထွက်သွားတယ်၊ အဲဒါ ဘာလဲဆိုတာ ဦးဘသာ သိမလားလို့”

ဦးဘသာက တစ်ချက်စဉ်းစားရင်း

“မျောက်ခေါင်းနဲ့တူတာလား၊ လူအရိုးခေါင်းနဲ့ရော မတူဘူးလား”

ကျုပ်လည်း ဦးဘသာဘေးနားဝင်ထိုင်ရင်း

“တူတာပေါ့ ဦးဘသာ၊ မှိုဖြူဖြူကြီးက မသိရင် လူဦးခေါင်းခွံကြီး ချထားတဲ့အတိုင်းပဲဗျ”

“မင်းတို့ဟာက ထူးတော့ထူးနေပြီကွ၊ ငါထင်နေတာတစ်ခုတော့ရှိတယ်”

အဖေနဲ့ကျုပ်လည်း သိချင်လွန်းလို့ ဦးဘသာအနားကိုကပ်လိုက်တာပေါ့၊ ဦးဘသာက လေသံကိုနှိမ့်ပြီး

“မှိုစုန်း၊ ပန်းစုန်း၊ ဂမုန်းစုန်းဆိုတာမျိုးတွေရှိတတ်တယ်သူကြီး၊ သူတို့က သဘာဝအတိုင်းဖြစ်နေတဲ့ ထူးခြားတဲ့အစွမ်းရှိတဲ့ ပစ္စည်းတွေပေါ့၊ မှိုစုန်းဆိုတာကို ကျုပ်လည်း တစ်ခါမှ မမြင်ဖူးပေမယ့် သူကြီးတို့ပြောပုံအရဆိုရင် အဲဒီဟာများဖြစ်နေမလား”

“ဖြစ်တော့ဖြစ်နိုင်တယ်ဦးဘသာ၊ မနေ့က ကျုပ်တို့အဲဒီမှိုကြီးနဲ့အတူတူ တစ်တောင်းထဲထည့်လာတဲ့ မှိုတွေချက်စားပြီးတော့ မှိုတောက်ကြသေးတယ်”

ဦးဘသာက တစ်ချက်ခေါင်းညိတ်လိုက်ပြီး

“သူကြီးဘာမှ မပူပါနဲ့ မှိုစုန်းမှန်တယ်ဆိုရင် သူ့ချည်းတော့ အန္တာရာယ်မပြုနိုင်ပါဘူး၊ သူ့ကို ကျုပ်ဖမ်းပေးပါ့မယ်”

“ကောင်းပါပြီ၊ ဦးဘသာ ကြိုက်သလိုစီစဉ်ပါ”

ဦးဘသာက ကျုပ်ဘက်ကိုလှည့်ပြီးတော့

“အလတ်ကောင်ရေ၊ ဒီညနေ နေဝင်ပြီးသွားရင် မင်း ကြက်အရှင်တစ်ကောင်ဖမ်းလာပြီး ငါ့အိမ်ကိုသာလာခဲ့ဟေ့”

အမေက ကျုပ်ခူးထားတဲ့မှိုပွင့်တွေကို ဦးဘသာယူလာတဲ့ ဆန်ခါခုံးကလေးထဲကိုထည့်ပေးလိုက်တော့ ဦးဘသာက ထွက်သွားတော့တာပေါ့ဗျာ။ ဒီလိုနဲ့ ညနေရောက်လာပြန်တာပေါ့၊ ဦးဘသာမှာထားတဲ့အတိုင်း ကျုပ်လည်း အိမ်မှာမွေးထားတဲ့ ကြက်မတစ်ကောင်ကို ကိုင်ပြီးတော့ ဦးဘသာအိမ်ကို လာခဲ့တာပေါ့၊ ဦးဘသာကတော့ ကွမ်းမြုံ့လို့ဗျ။

“စောတော့၊ စောသေးတယ်ကွ၊ ငါတို့လှုပ်ရှားရင် ရွာကလူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီး ရွာဆူကုန်လိမ့်မယ်၊ နည်းနည်းတော့ ညည့်နက်အောင်စောင့်မှ”

ကျုပ်လည်း ဦးဘသာဘေးနားထိုင်ရင်း ကြက်မကိုပွတ်သပ်ပေးနေမိတယ်။

“ဒါနဲ့ မှိုစုန်းက အန္တရာယ် မရှိဘူးလား”

“သူ့ချည်းတော့ သိပ်အန္တရာယ်မရှိပါဘူး၊ ဒါပေမယ့် မသမာတဲ့လူတွေ လက်ထဲကိုရောက်သွားရင်တော့ တော်တော်ဒုက္ခပေးနိုင်တယ်ကွ”

“ဘယ်လို ဒုက္ခပေးနိုင်တာလဲဗျ”

“အောက်လမ်းသမားတွေလက်ထဲရောက်ရင် မကောင်းတဲ့ဆေးတွေဖော်စပ်တယ်၊ ပြီးတော့ အဲဒီ မှိုစုန်းရဲ့ အစွမ်းကို ကူးယူမွေးမြူကြတယ်၊ ငါကြားဖူးသလောက်ကတော့ မှိုစုန်းက အစားအသောက်နဲ့ပတ်သက်ရင် သိပ်စွမ်းတယ်တဲ့ကွ၊ အစာပင်းတို့ဘာတို့ထည့်တဲ့အခါ သိပ်အသုံးဝင်တယ်၊ ဒါ့အပြင် လူငါးရာတစ်ထောင်လောက်ကိုလည်း တစ်ချက်ထဲနဲ့ အစာအဆိပ်ခပ်နိုင်တယ်တဲ့ကွာ”

“ကြောက်ဖို့ကောင်းလိုက်တာဗျာ၊ ကျုပ်တော့ အဲဒါမစားမိတာ တော်သေးတာပေါ့”

စကားပြောနေရင်း ညခုနစ်နာရီကျော်သွားပြီ၊ ရွာမှာလည်း လူခြေတိတ်သွားပြီဆိုတော့ ဦးဘသာက အကြမ်းပန်ကန်လုံးတစ်လုံးချပေးပြီးတော့ အဲဒီထဲကို ကြက်မရဲ့လည်ချောင်းသွေးကို ဖောက်ထည့်ခိုင်းတယ်၊ ကျုပ်လည်း ကြက်မကိုလည်ပင်းဖောက်ပြီး သွေးခံလိုက်တာပေါ့ဗျာ၊ နောက်တော့ ဦးဘသာက ကျုပ်ကိုအဲဒီခွက်ကိုပေးတယ်။

“ဟောဒီခွက်ကို ကိုင်ပြီး ရွာကိုသုံးလေးပတ်လောက် ပတ်ပြေးပေတော့ဟေ့၊ မင်းအနောက်က အဲဒီမှိုစုန်းလိုက်လာပြီဆိုရင် မင်းရွာထိပ်က ရွာတော်ရှင်နတ်နန်းဆီကိုသာ ပြေးလာခဲ့ဟေ့၊ ငါမင်းကို အဲဒီမှာစောင့်နေမယ်”

ကျုပ်လည်း ကြောက်တာပေါ့ဗျာ၊ သွေးစိမ်းခွက်ကိုင်ပြီး ရွာကိုပတ်ပြေးရမှာမဟုတ်လား၊ ဒါပေမယ့် ဦးဘသာခိုင်းတာဆိုတော့လည်း မလုပ်လို့မရတော့ဘူးလေ၊ ဒါနဲ့ပဲ ပုဆိုးကိုတိုတိုခိုင်ခိုင်ဝတ်ပြီးတော့ သွေးခွက်ကိုသေချာကိုင်ပြီး ဦးဘသာအိမ်ကနေထွက်ခဲ့တာပေါ့ဗျာ၊ ရွာပြင်ကိုထွက်ပြီးတော့ အိမ်တွေရဲ့နောက်ကျောနဲ့ လယ်ကွင်းအစပ်နားကနေ ပတ်ပြေးတာပေါ့၊ ရွာကိုတစ်ပတ်ပတ်တယ်ဆိုတာ ထင်သလောက်မလွယ်ဘူးဗျ၊

တစ်ပတ် ပတ်ပြေးတာတောင် လေးဆယ့်ငါးမိနစ်လောက်ကြာတယ်ဗျ၊ သုံးပတ်သာဆိုရင် မလွယ်လောက်ဘူး၊ ဒါနဲ့ ကျုပ်လည်းမောနေပြီပေါ့၊ ပြေးနေရင်း တစ်နေရာရောက်တော့ ချုံပုတ်ထဲကနေ မီးလုံးကြီးထွက်လာတယ်ဗျ၊ ကျုပ်လည်း သေချာလှည့်ကြည့်တော့မှ အစိမ်းရောင်ဖန့်ဖန့်လင်းနေတဲ့ မှိုစုန်းကြီးဖြစ်နေတော့တာပဲဗျာ။

“ဟာ၊ မှို . . .မှိုစုန်း”

မှိုစုန်းက ကျုုပ်ဆီကိုပျံလာတာ မြန်တယ်ဗျာ၊ ကျုပ်လည်း ဦးဘသာမှာထားတဲ့အတိုင်း တစ်ချိုးတည်းပြေးတော့တာပေါ့။ အနောက်က မှိုစုန်းက လိုက်လာတယ်ဆိုတဲ့အသိနဲ့ ပြေးတာဆိုတော့ ခြေထောက်တွေတောင် မြေကြီးနဲ့မထိဘူးထင်ပါရဲ့ဗျာ၊ ပြေးရင်းနဲ့ မကြာခင် ရွာတော်ရှင်နတ်နန်းနားကိုရောက်လာတော့တယ်၊ ဒါပေမယ့် အဲဒီအနားမှာ ဦးဘသာမပြောနဲ့ ခွေးတစ်ကောင်တောင် ရှိမနေဘူး၊ ကျုပ်ထင်တာကတော့ ဦးဘသာက သုံးပတ်မပြည့်သေးလို့များ သူ့အိမ်ကနေထွက်မလာသေးတာလားမသိပါဘူးဗျာ။

“လုပ်ကြပါအုံး၊ အမေရေ၊ ကယ်ပါအုံး”

ကျုပ်လည်း ကူရာကယ်ရာမဲ့နေတာနဲ့ ပါးစပ်ကလျှောက်အော်တာပေါ့ဗျာ၊ ဒီကောင်ကြီးက မိုးပေါ်ပျံလိုက်လာတယ်ဆိုပေမယ့် ကျုပ်က ခြေထောက်နဲ့ပြေးရရတာဗျ၊ မရပ်မနားပြေးထားလို့ လူကလည်းတော်တော်လျျာထွက်နေပြီ၊ ဒီအတိုင်းဆိုရင် ကျုပ်ကြာကြာဆက်ပြီး ပြေးနိုင်လိမ့်မယ်မထင်တော့ဘူး။

ရွာတော်ရှင်နန်းအနားရောက်တော့ ကျုပ်ခလုပ်တိုက်ပြီးတော့ ချော်လဲကျသွားတယ်၊ ကျုပ်ကိုင်ထားတဲ့ သွေးခွက်လည်း ကျုပ်အပေါ်ကိုမှောက်ကျပြီးတော့ ကျုပ်ကိုယ်လုံးကို သွေးတွေပေကုန်တာပေါ့ဗျာ၊ မတ်တပ်ရပ်ဖို့ထလိုက်တော့ ခြေထောက်က တော်တော်နာနေတာနဲ့မထနိုင်ဘူး၊ ဒီအချိန်မှာပဲ မီးအလင်းရောင်က တော်တော်လင်းလာတာနဲ့ ကျုပ်လည်း အမြန်လှည့်ကြည့်လိုက်တော့ မှိုစုန်းကြီးက ကျုပ်နဲ့လက်တစ်ကမ်းလောက်အကွာကိုရောက်နေပြီဗျ။

သူက ကျုပ်မျက်နှာအနားကို ချက်ချင်းပျံလာတာ၊ ကျုပ်မျက်နှာနဲ့ဆိုရင် တစ်တောင်လောက်ပဲကွာတော့မယ်ထင်တယ်၊ မျက်လုံးချိုင့်ခွက်ကြီးတွေထဲကနေ အစိမ်းရောင်အလင်းတွေထွက်နေပြီးတော့ ပါးစပ်ကြီးကလည်း ဗလုံးဗထွေးနဲ့ ကျုပ်နားမလည်နိုင်တဲ့စကားတွေပြောနေတယ်ဗျ။

ကျုပ်လည်း အသံကုန်ဟစ်ပြီးအော်တာပေါ့ဗျာ၊ ဒီအချိန်မှာပဲ ခြင်းကြားကြီးတစ်ခုက မိုးပေါ်ကနေကျလာပြီးတော့ မှိုကြီးကိုအုပ်သွားတယ်ဗျ၊ ဦးဘသာက ခြင်းကြားကြီးကို ဇောက်ထိုးလုပ်ပြီး မြေပေါ်ကိုမှောက်ချထားလိုက်တော့ အဲဒီမှိုစုန်းကြီးက ခြင်းကြားထဲမှာ ပိတ်မိပြီး ထွက်မရဘဲဖြစ်နေတာပေါ့။

“ဟား၊ ဟား မိပြီကွ”

ကျုပ်ဖြင့် ကိုယ့်ကိုယ်ကိုယ် သေပြီမှတ်တာဗျာ၊

“ဦးဘသာရာ၊ ဘာလို့ ခုနကတည်းက ထွက်မလာတာလဲ”

“မင်းကလည်းကွာ၊ ငါ့တွေ့ရင် ဒီမှိုစုန်းကြီးက ပြေးမှာပေါ့ကွ၊ မင်းကိုတည်ကြက်လုပ်ပြီး ဖမ်းလိုက်ရတာပဲကွာ၊ တစ်မျိုးမထင်ပါနဲ့”

ကျုပ်လည်း ဖုန်တွေခါပြီးတော့ လူးလဲထလိုက်တယ်၊ ပြီးတော့ ခြင်းကြားကြီးထဲက ထွက်ချင်လို့ ရုန်းကန်နေတဲ့ မှိုစုန်းကြိးကိုကြည့်လိုက်တယ်။

“မှိုစုန်းဆိုတာက သွေးတော့ သိပ်ကြိုက်တာ။ သွေးထဲမှာမှ မိန်းမသွေးဆိုအကြိုက်ဆုံးပဲ၊ ကဲ၊ ပြောနေကြာပါတယ်၊ ငါတို့ရှင်းရအောင်”

ဦးဘသာက မှိုကိုလက်ညှိုးထိုးထားလိုက်ပြီးတော့ တစ်ခုခုရေရွတ်နေတယ်၊ မကြာခင်မှာပဲ မှိုကြီးက အလင်းရောင်တွေမှိတ်တုတ်၊ မှိတ်တုတ်ဖြစ်ပြီးတော့ မြေပေါ်ကိုကျသွားတာပဲဗျာ၊ ဦးဘသာက ဒီတော့မှ ခြင်းတောင်းကြီးကို မလိုက်တယ်။

“အလတ်ကောင်၊ အဲဒီမှိုကြီးကို အသက်အောင့်ပြီးတော့ ဖနောင့်နဲ့သုံးချက်ပေါက်ကွာ”

“ဟာဗျာ၊ ဦးဘသာပေါက်လို့မရဘူးလား”

“မင်းကွာ၊ ငါဖနောင့်နဲ့ပေါက်ရင် မလိုအပ်တာတွေ ဖြစ်လာနိုင်လို့ပြောတာ၊ လုပ်စမ်းပါ၊ အသက်ကိုပြင်းပြင်းရှူလိုက်”

ကျုပ်လည်း အသက်ကိုပြင်းပြင်းရှူလိုက်ပြီးတော့ အသက်အောင့်ထားရင်း အဲဒီမှိုကြီးကို ဖနောင့်နဲ့ပေါက်ထည့်လိုက်တာပေါ့ဗျာ၊ မှိုကြီးက နှစ်ခြမ်းကွဲသွားပြီးတော့ တရှီးရှီးနဲ့ အသံတွေမြည်တယ်ဗျ၊ ပြီးတော့ ပျစ်ချွဲချွဲအရည်တွေလည်း ပန်းထွက်လာသေးတယ်၊ အရည်တွေက မသိရင်သွေးတွေလိုပဲဗျ၊ နံလိုက်တာကလည်း ပြောမနေပါနဲ့တော့၊ ပုပ်အက်အက်အနံ့ကြီး။ သုံးချက်ပြည့်အောင်ပေါက်လိုက်တော့ မှိုကြီးက တစ်စစီဖြစ်သွားတော့တာပဲ။

“ကဲ ရပြီ၊ အဲဒီမှိုကို ခြင်းကြားထဲကျုံးထည့်ပြီးတော့ တစ်နေရာသွားလွှင့်ပစ်လိုက်ကွာ”

ကျုပ်လည်း မှိုအပိုင်းအစတွေကို တောင်းထဲကိုကောက်ထည့်ပြီး ရွာပြင်ရိုးချောင်းထဲကို လှမ်းပစ်ထည့်လိုက်တော့တာပေါ့ဗျာ။

“ကဲ၊ အားလုံးပြီးပြီလား ဦးဘသာ”

ဦးဘသာက ခေါင်းခါတယ်ဗျ။

“မပြီးသေးဘူး၊ မင်းအိမ်ကိုသွားရအောင်”

ကျုပ်တို့အိမ်ပြန်လာတော့ အဖေကမအိပ်သေးဘဲ မီးခွက်ကလေးနဲ့စောင့်နေတယ်၊ အမေကတော့ မနက်ချက်ဖို့ပြုတ်ဖို့ မှိုတွေသင်နေတယ်ဗျ။ ဦးဘသာလည်းရောက်ရောက်ချင်းပဲ

“ကဲ၊ ကွမ်းအစ်ရှိရင်ပေးကွာ”

ကျုပ်တို့လည်း အကိုကြီးစားတတ်တဲ့ ကွမ်းအစ်ကလေးချပေးလိုက်တယ်။ ဦးဘသာက ကွမ်းအစ်ထဲက ကွမ်းရွက်ကိုထုတ်ပြီးတော့ လက်မှာထုံးသုတ်ရင်း ကွမ်းရွက်ကို စက်ဝိုင်းပုံစံ၊ ဝလုံးပုံစံလေး ဝိုင်းနေတယ်၊ ပြီးတော့ ကွမ်းသီးစိတ်၊ တစ်စိတ်၊ နှစ်စိတ်ထည့်ပြီးတော့ ကွမ်းကိုယာလိုက်တယ်။

“ရော့ မသန်း၊ ဒီကွမ်းကိုနင်စားလိုက်”

ဦးဘသာကျွေးတာဆိုတော့ အမေက မစားရဲဘူးဗျ၊ အဖေက အမေ့ကိုကြည့်ရင်း

“စားဆိုလည်း စားလိုက်ပေါ့”

ဒီတော့မှ အမေက ကွမ်းယာကိုလှမ်းယူပြီးတော့ မယုံသင်္ကာနဲ့ပါးစပ်ထဲထည့်ပြီး ဝါးလိုက်တာပါပဲ၊ အမေက ဝါးပြီးသိပ်မကြာဘူး၊ တဝေါ့ဝေါ့နဲ့ ပျို့တက်လာတော့တာ၊ ဒါနဲ့ အိမ်ဘေးကိုပြေးပြီး အန်လိုက်တော့ အနက်ရောင်အရည်ပျစ်ချွဲချွဲကြီးတွေ အန်ကျလာတာပေါ့ဗျာ။ အဖေနဲ့ကျုပ်လည်း အမေ့ကိုကြည့်နေတာပေါ့။

“ကဲသူကြီး၊ မှိုစုန်းကိစ္စကတော့ အားလုံးရှင်းသွားပါပြီ၊ မှိုစုန်းက ယောက်ျားလေးတွေထက်စာရင် အမတွေကိုပိုကြိုက်တဲ့သဘောရှိတယ်၊ ဒါကြောင့် မသန်းကို ပြုစားဖို့လုပ်ခဲ့တဲ့ပုံပဲ”

ကျုပ်လည်း တစ်ခုတွေးမိသွားပြီး လက်ခုပ်ထတီးလိုက်မိတယ်။

“ဟုတ်တယ်ဗျို့၊ ကျုပ်တို့စားရင်သာ အန်ပေမယ့်၊ အမေစားတာ ဘာမှမဖြစ်ဘူးမဟုတ်လား”

ဦးဘသာက ခေါင်းညိတ်ရင်း

“အဲဒါမကောင်းဘူးကွ၊ ပြုစားတာ ကြာသွားရင် မင်းအမေမှာ မကောင်းတာတွေဖြစ်လာနိုင်တယ်၊ ကဲ အားလုံးပြီးပြီဆိုတော့ ငါလည်းသွားပြီဟေ့”

ဦးဘသာကို ကျုပ်ပြန်ပို့ပေးမယ်လုပ်ပေမယ့် ဦးဘသာက လက်ကာပြပြီးတော့ သူ့ဖာသာထွက်သွားတော့တာပဲဗျာ၊ ကျုပ်က ရွာကိုပတ်ပြေးထားရတာဆိုတော့ တော်တော်မောပြီး ညောင်းနေပြီမဟုတ်လား။

ဒါနဲ့ နောက်တော့မှ အငယ်ကောင့်ကိုမေးကြည့်ရတယ်၊ အငယ်ကောင်ကလည်း အတင်းမေးမှ ဝင်ခံတယ်ဗျ။

“ကျုပ်လည်း မှိုလိုက်ရှာရင်း အလင်းရောင်မရတရအချိန်မှာ အစိမ်းရောင်ကြီးဖြတ်ခနဲလင်းသွားလို့ တောင်ပို့ကိုလှန်လှောရှာရင်း အဲဒီမှိုကြိးကို တွေ့ခဲ့တာပဲ”

အငယ်ကောင်ကို ကျုပ်တို့ဝိုင်းပြီး နားဘန် ကျင်းကြတာပေါ့ဗျာ၊ ထူးဆန်းတဲ့ဟာကို စပ်ဆော့ပြီးတော့ ယူလာရကောင်းလားပေါ့၊ အငယ်ကောင်လည်း အဲဒီကတည်းက မှိုကိုမုန်းသွားတယ်ထင်ပါရဲ့၊ မှိုကောက်သွားတယ်ဆိုရင် ဘယ်တော့မှ မလိုက်တော့သလို၊ မှိုဟင်းလည်း မစားတော့တာ ဒီနေ့အထိပါပဲဗျာ။

ပြီးပါပြီ။
အဂ္ဂဇော်