သည်။ ထူးခြားသည်မှာ သူရသည် ရွာထဲသို့ခြေလှမ်းချလိုက်သည်နှင့် ”ဆရာလေး ကျွန်တော့်ကိုကယ်ပါအုံး”ဆိုသည့် လူကြီးတစ်ယောက်အသံကိုကြားလိုက်၏။
သို့သော်လည်း အချိန်မတန်သေးသော်ကြောင့် နေအိမ်ကို တန်းတန်းမတ်မတ်လာကာ ခြံဝ၌မတ်တတ်ရပ်၍ မရောက်တာကြာပြီဖြစ်သော် မိဘနှစ်ပါးအိမ်အား တဝကြီးရပ်ကြည့်နေမိသည်။ သူ၏ရှေ့၌ “ဒုံ.ဂလွမ်”ဟု တစ်စုံတစ်ခုပြုတ်ကျသံကြားမှ ကြည့်လိုက်မိသောအခါ မျက်ရည်များကျကာ တုန်တုန်ယင်ယင်ဖြင့် သူ့အားကြည့်နေသော် မိခင်ဖြစ်သူကိုတွေ့လိုက်ရ၏။
“သ….သ..သား။”
”အမေ… သားအိမ်ပြန်ရောက်ပြီနော်။”
”’အမလေးသားလေးရယ်… အမေ့သားသူတော်ကောင်းကြီး….တော့်ကိုကျော်….ဒီမှာကျွန်မတို့သားလေးပြန်လာပြီတော့်။”
မိခင်ဖြစ်သူဒေါ်သီတာသည် သူရကိုပွေ့ဖက်ရင်းငိုကြွေးလျက် ယောက်ျားဖြစ်သူ ဦးကျော်ဖြိုးဝင်းအား အော်ခေါ်လိုက်သည်။ ဦးကျော်ဖြိုးဝင်းသည် ဆေးလိုက်အကြမ်းကြီးပါးစပ်မှကိုက်ရင်း အိမ်အောက်ကနေထွက်လာကာ သူရကိုစိုက်ကြည့်နေ၏။
ဝဲတက်လာသည့် မျက်ရည်တွေကိုထိန်းကာ အံကိုခတ်တင်းတင်းကြိတ်လိုက်သည်။ တုန်ယင်နေသော်လက်နှင့် ပါးစပ်၌ကိုက်ထားသော်ဆေးလိပ်ကိုထုတ်လိုက်ကာ အငွေ့များကိုရှိုက်လိုက်၏။
“မင်းကလဲကွာ… နေ..နေနိုင်လိုက်တာ…. အဖေတို့ဆီတောင်ပြန်မလာဘူး။ မင်းအမေကတချိန်လုံးမျှော်နေတာကွ။”
ဖခင်ဖြစ်သူ၏အသံမှာ အနည်းငယ်ငိုသံပါနေသည်ကို သူရသိလိုက်၏။ ဖခင်ဖြစ်သူကိုပြုံးပြလိုက်ကာ မိခင်နှင့်အတူအိမ်ထဲက တန်းလျားခုံလေးပေါ်၌ အတူတကွထိုင်လိုက်ကြသည်။
“သားသူရ… မင်းအဖေကဟန်ဆောင်နေတာကွဲ့… ညတိုင်းမင်းအိပ်တဲ့အခန်းထဲကိုသွားပြီး… ငိုငိုနေတာ…. မင်းအရှေ့မှာမလို့အသည်းမာချင်ယောင်ဆောင်နေတာဟေ့။”
မိခင်ဖြစ်သူ၏စကားကြောင့် ဖခင်ဖြစ်သူဦးကျော်ဖြိုးဝင်းမျက်နှာ နီရဲတက်သွားသည်။
“ဟာ…သီ. သီတာကလဲ…ငါကသားလေးအခန်း… ကြွက်တွေဝင်မှာစိုးလို့ချောက်ရင်း…အိပ်ပျော်သွားတာပါကွ။ ငို….ငိုတာမဟုတ်ပါဘူး…အဲဒီတုန်းကမျက်လုံးထဲအမှိုက်ဝင်သွားလို့ပါ။”
”တွေ့လားသား…နင့်အဖေခုထိလိမ်နေတုန်း။”
သူရသည် နှုတ်ခမ်းများမြှောက်တက်သွားသည်အထိ ပြုံးလိုက်သောအခါ ပါးချိုင့်သေးသေးလေးနှစ်ဖက်က ပေါ်လာလေ၏။
“သားသိပါတယ်အမေရယ်…. သားအဖေသားကို…ဘယ်လောက်ထိချစ်ပြီး…လွမ်းနေမှာလဲဆိုတာ။ သားအဖေနဲ့အမေတို့နဲ့ဝေးနေပေမဲ့.. ညတိုင်းရည်မှန်းကန်တော့ပြီးမှအိပ်တာပါ။”
”အမေသိတာပေါ့သားရယ်… ဒါကြောင့်လဲငါ့သားကို…ဘေးမသိရန်မခစေဖို့..နေ့တိုင်းအမေတို့ဆုတောင်းပေးတယ်။ ဪ…. သားလေးပြန်လာပြီဆိုတော့…ဒီနေ့အမေသားကြိုက်တဲ့ဟင်းတွေချက်ထားတယ်။ တဝကြီးစားနော်သား။”
”စားမှာပေါ့အမေရယ်… သားအမေ့လက်ရာမစားရတာကြာနေပြီလေ။”
ဤအခါ သူရ၏ဖခင်ဖြစ်သူမှဝင်ပြောလေ၏။
“နေပါအုံးသားရဲ့… သားစာထဲမှာ..လူတွေကိုကယ်တင်ဖို့ဆရာနှစ်ယောက်ဆီမှာ..ပညာသင်ဖို့လိုက်သွားတော့မယ်ဆို.. အဲဒါသားဆရာနှစ်ယောက်ရောမပါဘူးလား။”
”မပါဘူးအဖေရဲ့…. သားဆရာနှစ်ယောက်လုံးက… ထွက်ရပ်ကိုမြန်းသွားကြပြီ။”
”သာဓု.သာဓု..သာဓုပါကွာ။ ငါ့သားလဲ.. ငါ့သားဆရာတွေလို… ဖြစ်အောင်လုပ်နော်။”
”ဟုတ်ကဲ့အဖေ…သားကြိုးစားပါ့မယ်။”
”အေးကွာ..ငါတော့..ငါ့သားကိုဒီလိုမြင်ရတာစိတ်ချမ်းသာတယ်။ အရင်ကလိုဟိုစပ်စုဒီစပ်စုမဟုတ်တော့ဘဲ…. လက်တွေ့ကျကျလုပ်နေပြီဆိုတော့… အဖေသားအတွက်ဂုဏ်ယူတယ်ကွာ။”
ဤသို့နှင့် သူရတို့မိသားစုနှင့်အတူ ဟန်ကြီးနှင့်ထူးအောင်ပါ ထမင်းအတူတကွစားသောက်ကြလေ၏။ ထမင်းစားပြီးသောအခါ အိမ်ရှေ့တန်းလျားခုံပေါ်၌ ပြန်ထိုင်ကြကာ ထမင်းလုံးစီနေကြသည်။ ဟန်ကြီးသည် လက်ထဲကဆေးလိပ်ကိုအားပါးတရ ဖွာရှိုက်လိုက်ကာ သူရကိုမေးမြန်းလေ၏။
“သူရဟေ့ရောင်… မင်းကအခုဆရာတစ်ယောက်ဖြစ်နေပြီဆိုတော့… ငါမသိတာလေးတစ်ခုမေးချင်တယ်ကွာ။”
”ဘာများလဲဟန်ကြီး… ငါသိတာဆိုပြောဖို့ဝန်မလေးပေမဲ့… မသိသင့်ဘူးထင်ရင်တော့..ငါပြောပြမှာမဟုတ်ဘူးနော်။”
”ဒီလိုကွ..ငါသိချင်တာက…. ငါတို့ရွာကိုအခုဒုက္ခပေးနေတဲ့..အောက်ပညာသည်က…. ရွာကသင်္ချိုင်းမှာရောက်နေတဲ့လူလား။”
”မဟုတ်ဘူးဟန်ကြီး… မင်းထင်တာမှားနေတယ်။”
”ဟင်..ဒါဆိုဘယ်သူများလဲကွ။”
”ငါပြောရင်မင်းတို့ယုံမှာမဟုတ်ဘူး။ အချိန်တန်တော့သိရမှာပါ။”
သူရ၏စကားကြောင့် ဟန်ကြီးသည် ခေါင်းညိမ့်ကာ ဆက်၍မမေးမြန်းတော့ချေ။ ဤအချိန်၌ ခြံဝဆီကနေ လူတစ်ယောက်က ဒယီဒယိုင်နှင့် ဝင်လာလေ၏။ ဆံပင်များအနည်းငယ်ကောက်၍ ခန္ဓာကိုယ်သည်အနည်းငယ်ပိန်လှသည်။ ဟန်ကြီးနှင့်ထူးအောင်သည် အပြေးလွှားထသွားကာ ထိုလူအားတွဲလိုက်ကြ၏။
“နေမကောင်းဘူးဆိုလဲ…. အိမ်မှာနေတာမဟုတ်ဘူးဗျားလေးရာ.. ဘာလို့အပြင်ထွက်လာရတာတုန်းဟ။”
ဤလူမှာ သူရ၏သူငယ်ချင်း ဗျားလေးခေါ်အောင်ဌေးလင်းပင်ဖြစ်သည်။ ဟန်ကြီးနှင့်ထူးအောင်သည် ဗျားလေးကိုတွဲကာ တန်းလျားခုံလေးပေါ်၌ ထိုင်ခိုင်းလိုက်၏။ ဗျားလေးမှာအလွန်မောပန်းနေဟန်တူသည်။ အသက်ကိုမနည်းရှူရှိုက်နေသည်ကို မြင်တွေ့နေရသော်ကြောင့်ဖြစ်၏။
“ငါလဲ… သူ….သူရကို..တွေ့ချင်လို့ပါကွာ။”
“မင်းတွေ့ချင်လဲအိမ်မှာဘဲစောင့်နေပေါ့ကွ။ ငါတို့ခေါ်ခဲ့ဖို့အစီစဥ်ရှိပြီးသားပါ။”
”နေ.နေဟန်ကြီး…မပြောနဲ့တော့… ကဲဗျားလေးမင်းကဘာဖြစ်လို့..ငါ့ကိုတွေ့ချင်ရတာလဲ။”
ဗျားလေးသည် အနည်းငယ်အမောပြေသွားဟန်တူသည်။ ကျောမှီနေရာမှ ခါးဆန့်လိုက်ကာ စားပွဲခုံပေါ် လက်နှစ်ဖက်တင်လိုက်သည်။
“ငါ..ငါကြောက်တယ်သူရ။ ငါ့ကိုကယ်ပါအုံးကွာ။ ဒီနေ့ညကငါ့ရဲ့နောက်ဆုံးညလို့ သူပြောသွားတယ်။ ပြီးတော့..ပြီးတော့.။”
”ခဏလေး… မင်းကိုဘယ်သူပြောတာလဲ။”
”ငါမသိဘူး။ အဲဒီလူကငါ့အိပ်မက်ထဲမှာပြောသွားတာ။ အိပ်မက်ထဲမှာက အရာအားလုံးမှောင်နေတာ ဒါပေမဲ့အဲဒီလူရဲ့မျက်လုံးတွေ။ မီးကျီမီးခဲလိုရဲတောက်နေပြီး ငါ့ကိုစိုက်ကြည့်နေတာတွေ့လိုက်ရတယ်။ ငါ့ကိုကယ်ပါအုံးကွာနော်။”
“မင်းအခုဖြစ်နေတာက… မင်းအမှားတစ်ခုလုပ်ထားလို့ဘဲ။ အဲဒီလူကမင်းကံမြင့်လို့တစ်ခါတည်းမသတ်နိုင်တာလဲဖြစ်နိုင်သလို… တမင်ကိုညှင်းဆဲပြီးမှသတ်ချင်တာလဲဖြစ်နိုင်တယ်။ ဒီတော့မင်းဘာမှမကြောက်ပါနဲ့… ငါကူညီပေးပါ့မယ်။”
”အေးပါကွာ။ ကျေးဇူးတင်ပါတယ်။”
ဤအခါဘေး၌ထိုင်နေသော် သူရ၏ဖခင်ဖြစ်သူမှဝင်ရောက်မေးမြန်သည်။
“နေပါအုံးသားရဲ့… သားသူငယ်ချင်းက… ဘာဖြစ်လို့ သားကကူညီပေးမှာလဲ။ ဒီလိုအိပ်မက်က…သွေးလေချောက်ချားပြီး မက်တာရော မဖြစ်နိုင်ဘူးလား။”
”အဖေပြောသလို… သွေးလေချောက်ချားပြီးမက်တာတော့မဟုတ်ဘူးဗျ။ သူ့ကိုသားရဲ့ပညာနဲ့ ဝိုင်းထဲကိုဝင်လာကတည်းကစစ်ပြီးပြီ။ ပယောဂကြောင့်သူကအခုလိုဖြစ်နေတာ။ အမှားတစ်ခုလုပ်ထားတာကိုဘယ်လိုသိလဲဆိုတာတော့… သားပြောလို့မရဘူး။”
”အေးပါကွာ… အဖေကဒီပညာတွေကိုမယုံလို့မေးတာမဟုတ်ပါဘူး။ တစ်ခါတလေမှာ..လူတွေက ယုံကြည်မှုလွန်ကဲပြီး… ဖြစ်သမျှအကုန်ပယောဂထင်နေကြလို့ပါ။”
”ဟုတ်ကဲ့အဖေ…. အဖေပြောချင်တဲ့အဓိပ္ပါယ်…သားသဘောပေါက်ပါတယ်။ ဪဒါနဲ့… ရွာလူကြီးအိမ် သားခဏသွားအုံးမယ်အဖေ။ စကားပြောစရာလေးရှိလို့ပါ။”
”အေးအေးဒါဆိုလဲသွားလေ။ နေတော့မဆောင်းစေနဲ့နော်။”
”ဟုတ်ကဲ့အဖေ။ ကဲလာဟန်ကြီး…မင်းနဲ့ကိုထူးနဲ့ဗျားလေးကိုတွဲပြီး..အိမ်ပြန်ပို့ပေးလိုက်… ငါကရွာလူကြီးနဲ့စကားပြောစရာရှိလို့သွားလိုက်အုံးမယ်။”
ဤသို့နှင့် သူရသည် ခေါင်းပေါင်းကိုပြန်ပေါင်းလိုက်ကာ လွယ်အိတ်ကိုကောက်လွယ်လိုက်ပြီး သူကြီးအိမ်ဘက်ကို ထွက်လာခဲ့၏။ လမ်း၌ ဗျားလေးကို တစ်လက်မအရွယ်စားခန့် ပန်းပုထုထားသော် ဘီလူးရုပ်အဆောင်လေးတစ်ခုကိုပေးကာ အိမ်၏ဆင်ဝင်အောက်၌ထားခိုင်းလိုက်သည်။
ဤသို့နှင့် သူရသည်တစ်ဦးတည်းရွာလူကြီးအိမ်ကိုလျှောက်လှမ်းလာခဲ့၏။ သို့သော်လည်း တော်တော်နှင့်မရောက်ချေ။ မတွေ့ရတာကြာပြီဖြစ်သော် အပေါင်းသင်းမိတ်ဆွေများက သူရကိုတွေ့သည်နှင့် ဝမ်းသာကြောင်း၊ သာကြောင်းမာကြောင်းမေးနေသည်မို့ အနည်းငယ်ကြာသွားသည်။
သူရသည် သူကြီးအိမ်ရှေ့ရောက်သည်နှင့် ဝင်မည်အပြု မမြင်ရသည့်တွန်းကန်အားတစ်ခုက သူရကိုတွန်းထားနေသည်ကို ခံစားမိလိုက်၏။ သူရသည်ခြေလှမ်းကိုပြန်ရုတ်လိုက်ကာ မျက်လုံးမှိတ်၍ စိတ်ထဲကနေ-
“ဤကမ္ဘာမြေကြီးအားသက်သေထား၍ တိုင်တည်ပါသည်။ ကျွန်ုပ်သည်ဤပညာရပ်များ စတင်သင်ကြားခဲ့သည့်နေ့မှစ၍ ယနေ့အချိန်ထိမည်သူတစ်ဦးတစ်ယောက်ကိုမှ ဒုက္ခရောက်အောင်မပြုလုပ်ခဲ့ချေ။ ထို့ကြောင့် ဤအိမ်အတွင်း၌ ကာရံထားသော် မကောင်းတဲ့စက်ပညာများ အကုန်ပျက်စေသတည်း။”
ဟု သစ္စာဆိုလိုက်သောအခါ အိမ်ခြံဝင်းထဲကနေ စက်ကြိုးများပြတ်သံကို သူရကြားလိုက်ရသည်။ ဤအခါမှသာလျင် သူသည် ဝိုင်းထဲကိုဝင်ချလာခဲ့၏။ သူကြီးဦးဝင်းမောင်သည် အိမ်အပေါ်ထက်ပြတင်းပေါက်မှ ခေါင်းထွက်ကာ သူရကိုကြည့်လိုက်သည်။ သို့သော်မှတ်မိဟန်မတူချေ။ အိမ်အောက်သို့ဆင်းလာခဲ့သည်။
“မောင်ရင်ကဘယ်သူတုန်းကွဲ့…. ဘာအကြောင်းကိစ္စရှိလို့လဲ။”
”သူကြီးကကျွန်တော့်ကိုမမှတ်မိဘူးကိုဗျ။ ကျွန်တော်သူရပါသူကြီး။”
”ဟေသူရ… ဟာမင်းမလဲကွာ။ အသားတွေဖြူပြီး… အရပ်ကြီးရှည်လာလိုက်တာ…ငါဖြင့်. ငယ်ရုပ်ကိုမနည်းဖမ်းယူလိုက်ရတယ်။ ဝမ်းသာပါတယ်ကွာ..မင်းအခုလိုပြန်ရောက်လာတာကို။ မင်းအိမ်ရောဝင်ခဲ့ပြီးပြီလား။”
”ဝင်ခဲ့ပြီးပြီသူကြီးရ… ကျွန်တော်အိမ်ကနေဘဲဒီကိုထွက်လာလိုက်တာ။ သူကြီးနဲ့တိုင်ပင်စရာလေးရှိလို့ပါ။”
”ထိုင်အုံးလေကွာ။ မတ်တတ်ရပ်ပြောရတာညောင်းပါတယ်။ အကြမ်းရည်လေးသောက်အုံး… ဟဲ့သမီးမြင့်ကြည်.. လက်ဖက်ကလေးသုပ်ခဲ့ပါအုံးဟ။”
သူကြီးသည် သူရကို ထိုင်ခိုင်းကာ အိမ်ဘက်ကိုလှည့်၍ သမီးဖြစ်သူမြင့်ကြည်ကို လက်ဖက်တစ်ပွဲသုပ်ရန် အော်ပြောလိုက်သည်။ ထို့နောက် သူရနှင့်မျက်နှာခြင်းဆိုင် တန်လျားခုံလေးပေါ်၌ထိုင်ကာ ရေနွေးခရားကိုငှဲ့လိုက်၏။
“ဆိုစမ်းပါအုံးသူရရဲ့… ဘာကိစ္စများတိုင်ပင်ချင်လို့တုန်း။”
”ကိစ္စကတော့ရွာမှာ… တစ်လတစ်ယောက်သေဆုံးနေတာဘဲသူကြီး။ ဒါဟာ.. ပညာသည်တစ်ယောက်ကလုပ်နေတယ်ဆိုတာတော့… သူကြီးတို့ရိပ်စားမိနေပြီထင်ပါတယ်။”
”မင်းပြောသလိုဘဲ..ငါထင်ပါတယ်။ သုံးလကိုသုံးယောက်သေပြီးတဲ့နောက်မှာ… ငါလဲကင်းပုန်းတွေဝပ်ခိုင်းတယ်။ ကင်းစောင့်ခိုင်းတယ်။ တစ်ရွာလုံးကိုလဲသံဃာတော်တွေပင့်ပြီး ကမ္မဝါဖတ်တယ်ကွ။ ဒါပေမဲ့သေမြဲသေစဲဘဲကွ။ အဲဒါနဲ့ငါလဲ ဆရာတော်ကြီးကို ဘယ်ပုံဘယ်နည်းလုပ်ရမလဲ မေးမြန်းလျှောက်ထားကြည့်တယ်။ ကျောင်းထိုင်ဆရာတော်ကြီးက လောကီနဲ့မပတ်သက်ချင်ဘူး…. မကြာခင်လူငယ်တစ်ယောက်ကဘဲ…ဖြေရှင်းပေးမယ်လို့မိန့်တယ်ကွ။ အဲဒါနဲ့ငါလဲ.. နောက်ထက်လူနှစ်ယောက်သေတာကို..ဒီတိုင်းထိုင်ကြည့်ခဲ့ရတာပေါ့ကွာ။”
“ဒါနဲ့သူကြီး… လူတွေကဘယ်လိုသေကြတာလဲ။”
”အစပထမနှစ်ယောက်တုန်းကတော့ ရိုးရိုးဘဲထင်တာကွ။ တတိယတစ်ယောက်က ရွာလယ်ကမောင်သိန်း… မောင်သိန်းကိုမင်းလဲသိသားဘဲကွာ။ အရပ်ကမနိမ့်မမြင့်နဲ့… ခန္ဓာကိုယ်ကြီးကိုကြည့်ရုံနဲ့.. ကျန်းမာရေးကောင်းတယ်ဆိုတာ ထင်ရှားပါတယ်ကွာ။ အေးဒါပေမဲ့လို့..မောင်သိန်းကအစပထမဝမ်းလျှောတယ်ကွ.. ရိုးရိုးအစားမှားလို့ထင်တာ.. နောက်တော့ဘယ်ဟုတ်မလဲကွ…ဝမ်းလျှောတာတောက်လျှောက်ဘဲဟေ့။ ခန္ဓာကိုယ်ဆိုတာလဲပိန်ကျသွားတာကွာ…. စာကလေးသာသာဘဲရှိတော့တယ်။
နောက်တော့ဝမ်းမသွားတော့ဘူးကွ။ ခန္ဓာကိုယ်ကသေးသေးနဲ့အသားရောင်ကလဲအားရှိစရာမရှိပါဘူးကွာ ဖြူဖတ်ဖြူရော်နဲ့ အစာမာတောင်မစားနိုင်ဘူး။ မောင်သိန်းအဲဒီလိုဖြစ်ပြီးတစ်ညတော့… အိပ်နေရင်းယောင်တာတဲ့ကွ.. သူ့မိန်းမပြောတာကတော့…. လက်အုပ်တွေဘာတွေချီပြီး…တောင်းပန်ပါတယ်..ကျုပ်ကိုမသတ်ပါနဲ့ဗျာ။ ကျုပ်ဘာလုပ်မိလို့လဲနဲ့။ အား…မလာနဲ့မလာနဲ့ဆိုပြီးယောင်တာတဲ့ကွ။
အဲဒီလိုကယောင်ကတန်းတွေယောင်တာ တစ်ပတ်ပြည့်တဲ့ညကြတော့ မောက်သိန်းဆုံးသွားတာဘဲ။ မောင်သိန်းအဲဒီလိုယောင်ပြီးသေတာကို… ငါ့ကိုသူ့မိန်းမကပြောပြတုန်း… ရှေ့ကနှစ်ယောက်သေတုန်းကလဲ… အဲဒီလိုကယောင်ကတန်းတွေပြောပြီး… တစ်ပတ်ပြည့်တော့သေကြတာလို့.. သူတို့အိမ်သားတွေကပြောကြတယ်။ အဲဒီအခါကြမှ ငါတို့လဲ ပညာနဲအတိုက်ခံနေရပြီဆိုတာသိတော့တာဟေ့။”
သူကြီးသည် ရှည်လျားစွာပြောလိုက်သော်ကြောင့် အနည်းငယ်မောသွားကာ အကြမ်းရည်တစ်ခွက်ကိုသောက်လိုက်သည်။ ထိုအချိန်၌ လက်ဖက်သုပ် ပန်းကန်ကိုကိုင်ကာ အိမ်အတွင်းကနေ သူကြီးသမီးမြင့်ကြည်ထွက်လာလေ၏။
“အဖေဒီမှာလက်ဖက်သုပ်။”
”အေးအေး… အဲဒီမှာဘဲချလိုက်သမီး။ ဪ…သမီးလေး…သူ့ကိုကြည့်ပါအုံး ဘယ်သူလဲဆိုတာ။”
မြင့်ကြည်သည် သူရကိုကြည့်ကာ တွေးတောနေဟန်တူ၏။ လက်ညိုးနှင့်နားထင်ကိုထောက်ကာ တဟိုဟိုနှင့် ဖြစ်နေသည်။
“မမြင့်နေကောင်းပါတယ်နော်။”
”ဒီအသံ…. နင်သူရဟုတ်တယ်မလား။”
”ဟုတ်ပါ့ဗျာ။ ကျွန်တော်သူရပါ။”
”နင်ကတော့လေ… ရုပ်သာပြောင်းချင်သလောက်ပြောင်း နင့်အသံတော့ငါကမှတ်မိတယ်ဟဲ့။”
”ဟုတ်ပါပြီဗျာ။”
”ငါအဝတ်တွေလျှော်လိုက်အုံးမယ်။ နင်မပြန်နဲ့အုံးနော်။ စကားတွေအများကြီးပြောချင်သေးတယ် ငါ့မောင်လေးနဲ့။”
သူရသည် မြင့်ကြည်ကိုပြုံးပြကာ ခေါင်းညိမ့်လိုက်၏။ မြင့်ကြည်အထဲသို့ပြန်ဝင်သွားသည်နှင့် သူရသည်သူကြီးဘက်ကိုပြန်လှည့်လိုက်သည်။
“သူကြီး… ကျွန်တော်ဒီအောက်ပညာသည်ကို… ဒီနေ့ညဘဲဆုံးမရတော့မယ်။ မဟုတ်ရင်ကျွန်တော့်သူငယ်ချင်းအသက်ပေးရလိမ့်မယ်။ ဒီနေ့ည ၈နာရီသံချောင်းခေါက်တာနဲ့…. ရွာထဲကလူတွေကို… ရွာအပြင်ကနေဘာအသံဘဲကြားကြားထွက်မကြည့်ဖို့မှာပေးပါ။”
”ဒီလောက်ကတော့ရပါတယ်ကွာ။ ဒါပေမဲ့မင်းတစ်ယောက်တည်းဖြစ်ပါ့မလား။ ငါကာလသားလေးငါးယောက်လောက်ထည့်ပေးလိုက်ချင်တယ်ကွာ။”
”ရတယ်သူကြီး… ကျွန်တော်နဲ့အတူ ကျွန်တော့်သူငယ်ချင်းသုံးယောက်ပါနေတာဘဲ။ သူကြီးစိတ်ချပါ။”
“အေးပါကွာ။ မင်းသဘောပါဘဲ။”
“ကဲဒါဆို ကျွန်တော်ပြန်တော့မယ်။ မမြင့်ကိုလဲပြောပေးပါအုံး။ မနက်ဖြန်ကြမှတစ်နေကုန်စကားပြောတော့မယ်လို့…အရေးကြီးကိစ္စလေးရှိလို့ပြန်သွားတာလို့နော်။”
”အေးအေး။”
ဤသို့နှင့်သူရသည် သူကြီးအိမ်ဝိုင်းထဲမှ ထွက်ကာ ဟန်ကြီးနှင့်ထူးအောင်အိမ်သို့ ည၇နာရီခွဲလောက်သူ၏နေအိမ်ကို လာခဲ့ရန်မှာကြားခဲ့သည်။ ထို့နောက်အိမ်ကိုပြန်ရောက်သည်နှင့် ရေမိုးချိုးကာ လိုအပ်မည်ထင်သည့်အင်းစမများ သိဒ္ဓိသွင်းပြီး တရားထိုင်နေခဲ့၏။
သူရတရားထိုင်၍ နေသည့်အချိန်၌ သူ၏နေအိမ်ကိုပတ်ကာ ငှက်ဆိုးတစ်ကောင်က အော်ဟစ်နေသည်။ သူရသည် ထိုအရာကိုသိရှိသော်လည်း စိတ်ကိုထိန်းချုပ်ကာ သမာဓိအားပေါ်အာရုံစိုက်၍ တရားထိုင်နေမြဲထိုင်နေခဲ့၏။
သူရတို့အိမ်အားလှည့်ပတ်ကာ အော်ဟစ်နေသော် ငှက်ဆိုး၏နှုတ်သီးမှ အနီရောင်အလင်းတန်းတစ်ခုက ကြိုးမျှင်လေးများသဖွယ် အိမ်ကိုရစ်ပတ်နေသည်။ အတော်ကြာအောင်ငှက်ဆိုးသည် အိမ်ကိုလှည့်ပတ်ပြီးသွားသည်နှင့် အနီရောင်စက်ကြိုးမျှင်များမှာမူ သူရ၏နေအိမ်ကိုအထပ်ထပ်ရစ်ပတ်ချည်နှောင်မိသွား၏။
ထို့နောက် ငှက်ဆိုးသည် ရွာထိပ်ကိုဦးတည်ကာ ပျံသန်းသွားခဲ့လေသည်။ သူရသည်မေတ္တာပို့၍အမျှဝေကာတရားထိုင်ဖြုတ်လိုက်၏။ မတ်တတ်ထရပ်၍အနောက်သို့လှည့်လိုက်သောအခါ ကိုယ်ရောင်ကိုယ်ဝါတောက်လှသည့်နတ်တစ်ပါးကို တွေ့လိုက်ရသည်။
“အိမ်စောင့်နတ်ကြီးပါ့လား။ ဘယ်အရေးကိစ္စကြောင့် ကျွန်တော့်ကိုကိုယ်ထင်ပြရတာလဲ။”
”ဒီလိုပါဆရာလေး။ ဒီရွာကိုအငြိုးတစ်ခုကြောင့်တိုက်နေတဲ့အောက်လမ်းကောင်က…. သူ့ရဲ့ပညာစက်နဲ့ဒီအိမ်ကိုရစ်ပတ်ချည်နှောင်ထားလိုက်ပါပြီ။ ဆရာလေးအပြင်ကိုထွက်လို့ အဲဒီပညာစက်ကြိုးနဲ့ထိမိတာနဲ့… ဆရာလေးခန္ဓာကိုယ်ကို ချုပ်မိပြီး။ ဆရာလေးအသဲနှလုံးကိုဖောက်ထွက်သွားပါလိမ့်မယ်။”
”ကျွန်တော့်ကိုသတိပေးတဲ့အတွက်ကျေးဇူးပါအိမ်စောင့်နတ်ကြီး။”
အိမ်စောင့်နတ်ကြီးပြန်လည်ပျောက်ကွယ်သွားသည်နှင့် သူရသည် အင်းတစ်ချပ်ကိုထုတ်ကာ မန္တာန်အုပ်၍ အိမ်အဝင်ပေါက်ကနေ အပြင်ကိုပစ်လွှတ်လိုက်သည်။ အိမ်ပြင်သို့မရောက်မီ အိမ်အဝင်သို့ရောက်သည်နှင့် အင်းချပ်ကလေးရပ်တန့်သွား၏။
အင်းချပ်ကလေးသည် ပညာစက်ကြိုးများနှင့်ထိမိသည်နှင့်တပြိုက်နက် ရွှေအိုရောင်လျှပ်စီးတစ်ခုထွက်လာကာ ပညာသည်စက်ကြိုးများ အခိုးအငွေ့ဖြင့်ပျောက်သွားသည်။ သူရသည်လည်း အင်းချပ်ကလေးကိုပြန်ကောက်ကာ အိမ်ရှေ့တန်းလျားခုံပေါ်ထိုင်နေခဲ့၏။
သူရ၏အမိအဖနှစ်ဦးသည် အိမ်အပေါ်ထပ် ပြတင်းပေါက်ဆီကနေ သူရ၏ကျောပြင်ကိုကြည့်ကာ ဆုတောင်းပေးနေခဲ့ကြသည်။ ည၇နာရီခွဲပြီးသည်နှင့် သူရတို့ခြံရှေ့ဆီမှ လူရိပ်နှစ်ခုထွက်ပေါ်လာ၏။ သူရသည်လည်း လွယ်အိတ်ကိုပခုံး၌ချိတ်ကာ ခြံအပြင်ကိုထွက်လာခဲ့သည်။
“ကဲ…ဟန်ကြီးနဲ့ကိုထူး… ပထမဆုံးဗျားလေးအိမ်ကိုသွားရမယ်။ သူ့မှာရှိနေတဲ့အတိုက်ခိုက်တွေအရင်ရှင်းပြီးမှ… ဒီပညာသည်ကိုဆုံးမကြရအောင်။”
”မင်းသဘောဘဲလေသူရ… ငါတို့ကမင်းခိုင်းရင်အကုန်လုပ်ပေးမှာ။”
”ဒါဆိုသွားကြမယ်။”
သူရနှင့်သူ၏သူငယ်ချင်း နှစ်ဦးတို့သည် ရွာလမ်းမအတိုင်းလျှောက်လာကြကာ ဗျားလေးအိမ်ရှေ့သို့ရောက်သည်နှင့် အသံပြုကာ အိမ်ထဲကိုဝင်လာခဲ့ကြသည်။ အိမ်ဆင်ဝင်အောက်၌ သူရပေးလိုက်သော်ဘီလူးရုပ်လေးသည် လဲကျနေလေ၏။ သူရသည်ထိုအရာကိုကြည့်ကာ”တော်ရုံပညာသည်တော့မဟုတ်ဘူးဘဲ”ဟု စိတ်အတွင်း၌ရေရွတ်လိုက်သည်။
အိမ်ပေါ်သို့ရောက်သည်နှင့် ထရံကိုမှီကာထိုင်နေသော် ဗျားလေးနှင့်သူ၏မိဘနှစ်ပါးကိုတွေ့လိုက်ရ၏။
“သားတို့လာလေ…. သားတို့သူငယ်ချင်းက… သားတို့လာမယ်ပြောထားလို့အဒေါ်တို့စောင့်နေတာ။”
”ဟုတ်ကဲ့အဒေါ်… အခုကျွန်တော်က.. သူ့ကိုဆေးကုပေးမှာဆိုတော့… ကာယကံရှင်ရဲ့အုပ်ထိန်းသူတွေကိုခွင့်တောင်းရပါလိမ့်မယ်။ အဒေါ်တို့သားရဲ့အသက်နဲ့ခန္ဓာကိုကျွန်တော့်ဆီအပ်ပါသလား။”
”အပ်ပါတယ်သားရယ်။”
သူရသည် အသက်နှင့်ခန္ဓာအပ်ပါသလားဟု အုပ်ထိန်းသူများထံခွင့်တောင်းပြီးသည်နှင့် ကာယကံရှင်ဗျားလေးအား အသက်နှင့်ခန္ဓာအပ်ပါသလားဟု သုံးကြိမ်သုံးခါမေး၍ အပ်ပါသည်ဆိုတာနှင့် ဘုရားကျောင်းဆောင်ကို ဦးသုံးကြိမ်ချကာ အထက်ပုဂ္ဂိုလ်ကြီးများထံဆေးကုသခွင့်တောင်း၍ ပယောဂစကုလေသည်။
“ကဲ… ဒီအိမ်ကတနင်္ဂနွေသားကိုဒုက္ခပေးနေတဲ့မိစ္ဆာကောင်… ငါဆရာခေါ်တယ်။ မင်းတိုက်ထားတဲ့လူကိုမင်းဝင်ပူးပြီးရောက်လာစမ်းဟေ့။ အာခံပြီးတော့မလာရင်… ဆိုင်ရာပိုင်ရာတွေ…အဲဒီပညာသည်ကိုဂုတ်ကနေဆွဲသွင်းလိုက်စမ်း။ အထက်ပုဂ္ဂိုလ်ကြီးများအမိန့်ဟေ့။”
ဗျားလေးသည် သူရရှေ့၌ကျုံ့ကျုံ့ကလေးထိုင်ကာ လက်အုပ်ကလေးချီနေရင်း ရှေ့ကိုရိန်းထိုးကျလာ၏။ မျက်လုံးကိုဆတ်ကနဲဖွင့်လိုက်ကာ တင်ပလ္လင်ခွေထိုင်၍ သူရကိုအံကြိတ်ကာကြည့်နေသည်။ အသက်ရှူသံများမြန်ကာ မျက်ထောင့်နီနေပုံကိုထောက်၍ သူရသည်ပညာသည်ဝင်ပူးမှန်းသိလိုက်လေ၏။
“ရောက်ပြီလား။ ရောက်ရင်ဘုရားဦးတိုက်လိုက်စမ်း။”
ပယောဂဝင်ပူးနေသော် ဗျားလေးသည် သူရကိုပဲအံကြိတ်၍ စိုက်ကြည့်နေသည်။
“ဟဲ့မိစ္ဆကောင် ဘုရားကိုဦးတိုက်လို့ပြောနေတာမကြားဘူးလား။”
“ငါမွေးရင်တောင်ငါ့သားလောက်မရှိတဲ့အကောင်က… ငါ့ကိုအမိန့်လာပေးနေပါ့လား။ မလုပ်နိုင်ဘူးဟေ့။”
ဘေးနားရှိလူများ အံ့သြသွားကြလေ၏။ အဘယ့်ကြောင့်ဆိုသော် ဗျားလေး၏မူလအသံမဟုတ်ပဲ ဝမ်းခေါင်းအသံကြီးပါကာ လူကြီးတစ်ယောက်၏အသံမျိုးဖြစ်နေသည်။ ဟန်ကြီးသည် ဤအသံအားကြားဖူးပါတယ်ဟု စိတ်အတွင်း၌တွေးတောနေခိုက် မျက်လုံးများအရောင်လတ်သွားကာ သိရှိသွား၏။
“ကျုပ်ဟာ..ခင်ဗျားမွေးရင်ခင်ဗျားသားအရွယ်မရှိတာမှန်တယ်။ ဒါပေမဲ့ ကျုပ်ယူထားတဲ့ပညာက ခင်ဗျားထက်မြင့်မြတ်တယ်။ ဒါကြောင့်ကျုပ်မေတ္တာရှေ့ထားနေတုန်း ကောင်းကောင်းမွန်မွန်ပြောလို့ရပါစေ။”
”ဟားဟားဟား… အသက်သာငယ်တယ် မင်းပညာကမခေဘူးဘဲကွ..ဟေ။ ဘုရားကိုတော့ဦးမတိုက်နိုင်ဘူး။ အေး…မင်းသူငယ်ချင်းကိုလုပ်ထားတဲ့အတိုက်တွေတော့ဖျက်ပေးခဲ့မယ်။ နောက်နောင်ဒီကောင့်ကိုပြောထား…. အသက်ကြီးတဲ့သူတွေကိုရိုရိုသေသေဆက်ဆံလို့ဟားဟားဟားဟား။ မင်းကိုစိန်ခေါ်တယ်… ဒီနေ့ညငါရွာအပြင်မှာစောင့်နေမယ်။”
“ကောင်းပြီ။ ကျုပ်လာခဲ့မယ်။”
ပညာသည်သည် ဦးခေါင်းမှစ၍ခြေအဖျားထိ ရိုက်ခါကာ ခန္ဓာကိုယ်မှခွာသွားတော့သည်။ သူရသည် ရေတစ်ခွက်တောင်းကာ မန်းမှုတ်၍ ဗျားလေး၏မျက်နှာကိုရေစက်နှင့်တောက်လိုက်၏။ ဗျားလေးသည် အင်းအဲဆို၍အသံပြုကာ သတိရလာသည်။
ဗျားလေးသည် အန်ချင်သည်ဆိုသော်ကြောင့် ဖလားတစ်ခုရှေ့၌ခံပေးလိုက်၏။ ဗျားလေးအန်ဖတ်များထဲတွင် အမဲသားစိမ်းသုံးတုံးနှင့်ဆံပင်ချည်များကို တွေ့လိုက်ရလေသည်။ သူရသည် ဗျားလေးကိုခေါ်ငင်ရန်မဖြစ်တော့ချေ။ ဗျားလေးမှာမူ အားအင်ကုန်ခန်းနေသော်ကြောင့်ဖြစ်၏။
သူရသည် ဗျားလေး၏နေအိမ်မှ ထွက်လာကာ ရွာထိပ်ကိုဦးတည်လာခဲ့သည်။ လမ်း၌ ဟန်ကြီးနှင့်ထူးအောင်ကို ကိုယ်လုံအင်းနှစ်ခုကျော၌ကပ်ထားခိုင်းသည်။ ရွာထိပ်သို့ရောက်သည်နှင့် သူရသည်လယ်ကွင်းပြင်များဘက်ဆက်လက်လျှောလှမ်းသွား၏။
လယ်ကွင်းပြင်တစ်ခု၏ အလယ်ခေါင်၌ လူတစ်ဦးကမတ်တတ်ရပ်ကာ လက်ပိုက်လျက်ရှိပေသည်။ ထိုလူ၏ပုံသဏ္ဍန်မှာ နှုတ်ခမ်းမွှေးအနည်းငယ်ပေါက်၍ တိုက်ပုံအင်္ကျီအကြီးကြီးဝတ်ထားလေ၏။ အပြာနှင့်အဖြူဆက်၍ချုပ်ထားသော် ကုလားပုဆိုးခေါ်ပလေကတ်ကြီးအားဝတ်ဆင်ထားသည်။
သူရသည် ထိုလူ၏အရှေ့၌လက်ကိုနောက်ပစ်၍ရပ်လိုက်ကာ နှုတ်ဆက်လိုက်၏။
“မင်္ဂလာပါ… အောက်လမ်းဦးဘခိုင်။”
ဟန်ကြီးသည်သူထင်ထားသည့်အတိုင်း ရွာ၏ဂေါပကလူကြီး ဦးဘခိုင်ဖြစ်နေလေ၏။ ဦးဘခိုင်သည် မြင်းခကျေးရွာအား သူရရွာကထွက်သွားပြီးမှ ပြောင်းလာခဲ့သည်။ သဘောမနောကောင်း၍ပစ္စည်းဥစ္စာချမ်းသာသော်ကြောင့် လူအများက ချစ်ခင်လေးစားကြ၏။ သို့သော် ယခုမူ ရွာကိုဒုက္ခပေးနေသော် အောက်လမ်းကောင်သည် ဦးဘခိုင်ဖြစ်နေလေသည်။
“ဦးဘခိုင်…ခင်ဗျားက…ဘုရားလူကြီးဂေါပကလုပ်နေပြီး။ အောက်လမ်းပညာသည်ဖြစ်ရတယ်လို့ဗျာ။”
”ဟားဟားဟား… ဒီမှာမောင်ထူးအောင်… မင်းကိုငါကဘုရားလူကြီးလို့ဘယ်သူပြောတုန်း။ ငါဘုရားကိုရှိမခိုးဘူး။ ပိုက်ဆံတွေလှူတယ်ဆိုတာကလဲ… သူတောင်းစားသဘောမျိုးပေးတာကွ..ဟားဟားဟား။”
”ဟာကွာ…ဒီလူကြီး။”
”ကိုထူးစိတ်လျော့ပါ…. ဒီမှာသူရပါလာတာဘဲ။ သူရကြည့်လုပ်ပါလိမ့်မယ်။”
”ကဲ… သူရဆိုတဲ့လူကလေး…. ပညာပြိုင်မယ်ဆိုစတော့ကွာ။”
”ကျုပ်ဘယ်တော့မှအရင်စတိုက်လေ့မရှိပါဘူးဦးဘခိုင်။ ဒါနဲ့… ခင်ဗျားကဒီရွာကိုဘာလို့အငြိုးထားနေရတာလဲ။”
”ဪ…မင်းကဒါကိုသိချင်တာလား။ ငါ့ဆရာဖိုးထင်ကိုဒေါ်နန်းကြာမြိုင်ကရူးအောင်လုပ်ခဲ့တာကွ။ သူ့ကိုငါသတ်ဖို့ဟိုတစ်ခေါက်က…သဘက်ညီနောင်ထားခဲ့တုန်းကလဲ… မင်းဘဲဝင်ပါခဲ့တာမလား။ အဲဒီတုန်းက…ငါမရှိတာမင်းကံကောင်းသွားတယ်။
ဒေါ်နန်းကြာမြိုင်ကိုငါ့လက်နဲ့မသတ်လိုက်ရလို့…. သူကာကွယ်ခဲ့တဲ့ဒီရွာသားတွေကို ငါ့ရဲ့အငြိုးတွေကျရောက်သွားတာဘဲ။ ကံကောင်းချင်တော့… ဒီရွာသားတွေကကံအရမ်းမြင့်နေတယ်။ တစ်ခါတည်းအသေသတ်လို့လဲမရတော့…..အစာအပင်းထည့်ပြီးသေအောင်သတ်ရတာဘဲ။ ရှင်းပြီလား။”
”ကောင်းပါပြီဗျာ… ဒီနေ့တော့ခင်ဗျားပညာတွေကိုကျုပ်ကအလှူခံရတော့မှာဘဲ။”
”ငါ့ကိုနိုင်ရင်တော့လှူမှာပေါ့ကွာ။ မင်းရှုံးရင်တော့အသက်ပါပေးရမှာနော်။ ကဲ…. တိုက်မောင်းရေ..မင်းရဲ့ချို(ဂျို)အစွမ်းကို ဒီသောက်ကလေးကိုပြလိုက်ကွာ။”
ဦးဘခိုင်သည်ဤကဲ့သို့ပြောကာ သူ၏လွယ်အိတ်ထဲကနေ ရွှံ့ဖြင့်ပြုလုပ်ထားသော် တိုက်နွားရုပ်ကလေးထုတ်၍ ရှေ့ကိုပစ်ချလိုက်သည်။ တိုက်နွားရုပ်သည်တဖြည်းဖြည်းကြီးလာကာ လူ့တစ်ရပ်လောက်အရောက်မှာတော့ ဆက်လက်မကြီးထွားတော့ချေ။ တိုက်နွားသည် ချိုများချွန်တက်ကာ ကြွက်သားများမှာလည်း ပေါ်လွင်နေ၏။
ထို့နောက်တိုက်နွားသည် ခွာယက်ကာ နှာမှုတ်၍သူရဆီကို တစိုက်မတ်မတ်အရှိန်ဖြင့် ဝင်ခွေ့လေသည်။ သူရသည် အနည်းငယ်မျှ တုန်လှုပ်ခြင်းမရှိချေ။ တိုက်နွားသည် သူရကိုချိုနှင့်အခွေ့၌ သူရကိုမထိမိပဲ အကာရံတစ်ခုကိုထိမိကာ”ဒုန်း”ကနဲမည်၍ တိုက်နွားချိုများကျိုးသွားခဲ့သည်။
တိုက်နွားသည် ခေါင်းကိုဘယ်ညာခါရမ်းကာ နောက်တစ်ကြိမ်ခွေ့ရန်ကြိုးစားနေ၏။ သူရသည် လွယ်အိပ်ထဲကနေအင်းကိုထုတ်၍ တိုက်နွားကိုပစ်ပေါက်လိုက်သည်။ တိုက်နွားသည်အင်းချပ်ကလေးနှင့်ထိသည်နှင့် အရွယ်စားတဖြည်းဖြည်းသေးသွားကာ မူလအရွယ်စားရောက်သည်နှင့် ရပ်တန့်သွား၏။
“မူလပြန်အင်းနဲ့ပစ်လိုက်မှတော့… ထက်အသက်သွင်းလို့မရတော့ဘူးဘဲ။”
ဦးဘခိုင်သည် ထိုသို့ပြောကာ သူ၏လွယ်အိပ်ထဲမှ ကြိုးခွေများကိုထုတ်လိုက်သည်။ ပါးစပ်ကနေဂါထာတစ်ပုဒ်ကိုရွတ်ကာ မြေပြင်ပေါ်ပစ်ချလိုက်သည်နှင့် ကြိုးများသည်ချက်ချင်းမြွေများဖြစ်ကုန်၏။ မြွေများကိုကြည့်ကာ ဟန်ကြီးနှင့်ထူးအောင်မှာကြောက်၍ သူရအနားကိုကပ်သွားကြသည်။
မြွေများသည် ချက်ချင်းဆိုသလို သူရထံကိုအတင်းပြေးဝင်လာကြ၏။ သူရသည်ဤတစ်ခါတော့ ခေါင်းပေါင်းကိုချွတ်လိုက်ကာ မြေကြီးပေါ်ပစ်ချလိုက်သည်။ သူရ၏ခေါင်းပေါင်းမှာ ချက်ချင်းဆိုသလို အညိုရောင်အစင်းရှိသည့် မြွေကြီးတစ်ကောင်အဖြစ်ပြောင်းသွားကာ အောက်လမ်းကောင်၏တိုက်မြွေများကိုတိုက်ခိုက်လေ၏။
အောက်လမ်းကောင်၏တိုက်မြွေများသည်လည်း မြွေကြီးကိုက်ကြလေသည်။ မြွေကြီးသည်ခန္ဓာကိုယ်ကိုခါရမ်းကာ တိုက်မြွေတွေကိုအမြှီးဖြင့်တဘုတ်ဘုတ်ရိုက်သတ်နေ၏။ နောက်ဆုံး၌ တိုက်မြွေများအကုန်ပျောက်၍ကြိုးအဖြစ်ပြောင်းသွားသည်။ မြွေကြီးသည်လည်း သူရ၏ခြေထောက်မှတစ်ဆင့် ကိုယ်ပေါ်သို့တက်သွားကာ ခေါင်းပေါင်းအဖြစ်ပြန်ပြောင်းသွားခဲ့၏။
ဦးဘခိုင်သည် ထိုအခြင်းရာကိုကြည့်ကာ အံကြိတ်၍တောက်ခတ်ကာ ဖနောင့်ကိုပေါက်လိုက်သည်နှင့် မြေကြီးတွေထဲကနေ လူခါးစောင်းလောက်ရှိသည့်ခွေးနက်ကြီးများပေါ်လာကြသည်။ ခွေးနက်ကြီးများသည် သူရကိုမာန်ဖီကာ ပြေးဝင်လာကြသည်။ သူရသည် လမ်းမှာကတည်းက နှိုးထားခဲ့သော်အင်းကိုထုတ်ကာ ခွေးနက်ကြီးများထံပစ်လိုက်၏။
ဝုန်းကနဲမီးထတောက်ကာ ခွေးနက်ကြီးများ၏ရှေ့၌ ရွှေအိုရောင်ကျားကြီးလေးကောင်ပေါ်လာလေသည်။ ခွေးနက်ကြီးများသည် ကျားလေးကောင်ကိုတွေ့သည်နှင့်ရပ်တန့်သွားကြ၏။ ကျားလေးကောင်သည် ခွေးနက်ကြီးများကို စတင်တိုက်ခိုက်တော့သည်။
ခွေးနက်ကြီးများသည်လည်း ကျားများကိုပြန်လည်တိုက်ခိုက်ကြ၏။ ကျားလေးကောင်သည် သူတို့၏ရှေ့ မြင်သမျှခွေးနက်တို့ကို လက်သဲများဖြင့်ကုတ်ပြီး ဂုတ်ကိုယ်ကိုက်ကာဆွဲခါရမ်း၍ လွင့်ပစ်ကြသည်။ တဖြည်းဖြည်းနှင့်ခွေးနက်ကြီးများအရေးနိမ့်လာကာ နောက်ဆုံး၌ ကျားလေးကောင်ကအနိုင်ရရှိသွားခဲ့လေ၏။
ကျားလေးကောင်သည်လည်းမီးခိုးအလုံးများဖြင့် ပြန်လည်ပျောက်ကွယ်သွားသည်။ အောက်လမ်းဦးဘခိုင်သည် အလွန်အမင်းဒေါသထွက်လာပုံရ၏။ သူ၏ညာလက်ကိုလက်သီးဆုပ်၍ ပါးစပ်နားကိုတေ့ကာ မန္တာန်တစ်ပုဒ်ရွတ်လိုက်သည်။ ထို့နောက် သူ၏ညာလက်ထဲမှစိမ်းပြာရောင် ပညာစက်နှင့်သူရကိုပစ်လေ၏။
သူရသည်ညာလက်ဖဝါးနှင့် ပညာစက်ကိုကာလိုက်ကာ ဘေးကိုလွင့်ပစ်လိုက်သည်။ ဦးဘခိုင်သည် အနည်းငယ်အံ့သြတုန်လှုပ်သွားမိ၏။ သူ၏ညာလက်နှင့် ဘယ်လက်ကိုပူးလိုက်ကာ သူရထံကို ထက်မံ၍ပညာစက်နှင့်ပစ်လိုက်သည်။ သူရသည် အင်းတစ်ချပ်ကိုအရံသင့်နှိုးထားပြီးသည်မို့ ထိုအင်းနှင့်ပြန်ပစ်လိုက်၏။
ဦးဘခိုင်၏ပညာစက်များနှင့် သူရ၏အင်းပြားကလေးတို့ ထိမိသွားသောအခါ ဦးဘခိုင်ပညာစက်များသည် အကုန်ကျိုးသွားလေသည်။ ထို့အတူ ဦးဘခိုင်သည်လည်း ဒူးတစ်ဖက်ထောက်၍ ညာလက်နှင့်ဘယ်ဘက်ရင်အုံကိုကိုင်ကာ သွေးများအန်ချလေ၏။
သူရသည် ဦးဘခိုင်ရှေ့သို့တည်ညိမ်စွာ လျှောက်လှမ်းသွားပြီး ဦးဘခိုင်၏ပညာများကိုသိမ်းယူခဲ့သည်။ သူရသည် ဦးဘခိုင်ကိုကျောခိုင်းကာ လျှောက်လှမ်းသွားပြီး ကိုက်တစ်ရာအကွာဝေးသို့အရောက်၌ ဦးဘခိုင်၏ခန္ဓာကိုယ်သည် ငရဲမီးထတောက်ကာ ပြာဖြစ်သည်အထိ ဝါးမျိုသွားခဲ့လေတော့သည်။
ဟန်ကြီးနှင့်ထူးအောင်မှာ တစ်ကြိမ်တစ်ခါမျှမမြင်ဖူး၍ ပါးစပ်အဟောင်းသားနှင့်အံ့သြလျှက်ရှိပေ၏။
“မကောင်းတဲ့ပညာသည်၊ အကုသိုလ်အရမ်းများတဲ့ပညာသည်တွေက သေတဲ့အခါ၊ ပညာတွေမရှိတော့တဲ့အခါမျိူးမှာ သူတို့ပြုလုပ်ခဲ့တဲ့ကံကအကျိုးပေးတာပေါ့ဗျာ။ ဦးဘခိုင်က အကုသိုလ်အရမ်းကြီးလို့ သေသည်အထိမစောင့်နိုင်တော့ဘဲ အရှင်လတ်လတ်ငရဲမီးတောက်ကဝါးမျိုသွားတာ။”
သူရသည်အထက်ပါအတိုင်းပြောကာ ရွာထဲကိုမဝင်ခင် နတ်စင်ရှေ့သို့သွားကာ နတ်စင်၌ချည်နှောင်ထားသော် ချည်မန်းကွင်းများကိုဖျက်ချလိုက်သည်။ ဤကဲ့သို့ချည်မန်းကွင်းပြတ်သွားသည်နှင့် သူ၏ဘေး၌ အဘိုးအိုတစ်ဦးပေါိလာလေ၏။
“ကျေးဇူးတင်ပါတယ်ဆရာလေး။”
”ကျွန်တော့်ရဲ့တာဝန်အရလုပ်ရတာပါ။ ရွာတော်ရှင်အဘိုးအနေနဲ့ကျေးဇူးတင်စရာမလိုပါဘူး။ ရွာတော်ရှင်အဘိုးအနေနဲ့ရွာထဲမှာ ရောက်ရှိနေတဲ့ပရလောကသားများကိုနှင်ပေးစေလိုပါတယ်။”
”ရပါတယ်ဆရာလေး… ကျုပ်လုပ်လိုက်ပါ့မယ်။”
ရွာတော်ရှင်အဘိုးပျောက်သွားသည်နှင့် ရွာထဲမှအသံဗလံများပေါ်ထွက်လာကာ နာနာဘာဝများသည် ရွာအပြင်သို့အသဲသန်ပြေးကြလေ၏။ သူရသည် ဟန်ကြီးနှင့်ထူးအောင်ဘက်သို့လှည့်ကာ အင်းနှစ်ချပ်ပေးလိုက်သည်။
“ဒီအင်းနှစ်ချပ်ကို… ရေထဲကိုထည့်လိုက်။ ပြီးရင်ရွာအနှံ့ပတ်ဖြန်းလိုက်ပါ။ မကောင်းတဲ့အငွေ့သက်မှန်သမျှပျောက်ကင်းပါလိမ့်မယ်။ ဒါလေးတော့ငါ့ကိုကူညီနော်သူငယ်ချင်းတို့။”
“ကူညီရမှာပေါ့ကွ။ ငါတို့ရွာအကျိုးအတွက်ဘဲဟာ။”
ဟန်ကြီးနှင့်ထူးအောင်သည် ဤကဲ့သို့ပြောကာ ရွာထဲကို အတင်းပြေးဝင်သွားလေသည်။ သူရသည်သူ၏သူငယ်ချင်းနှစ်ဦး၏ ကျောပြင်ကိုရပ်ကြည့်နေခိုက် သူ၏အနောက်မှ လူရိပ်တစ်ခုကချည်းကပ်လာလေ၏။ သူရသည်ပါးချိုင့်သေးသေးလေးနှစ်ဖက်ပေါ်အောင်ထိပြုံးလိုက်ကာ”မြေလျှောက်ဝိဇ္ဇာကြီးက.. ဘာအကြောင်းများရှိလို့..ကျွန်တော့်ကိုတွေ့ချင်ရတာလဲ”ဆိုကာ နောက်သိုလှည့်လိုက်လေတော့သတည်း။
~~~~
ပြီးပါပြီ။
ဤစာမူသည်စိတ်ကူးအတွေးပုံရိပ်မျှသာဖြစ်ပါသည်။ အမှားယွင်းတစ်စုံတရာပါရှိခဲ့ပါက ကျွန်တော်မိုးထွန်းမှတောင်းပန်အပ်ပါ၏။
(ဆက်လက်ကြိုးစားပါဦးမည်။)
စာရေးသူ စာဖတ်သူများအား
အစဥ်ထာဝရ ချစ်ခင်လေးစားလျက်
မိုးထွန်း(မကွေး)
Leave a Reply