လှတစ်မျက်နာ

အဆင်သင့်ရှိနေ၏။ အ၀တ်အစား၊ အခြားအသုံးအစွဲ စရိတ်များ အတွက် ယောက္ခမတိုက်ခန်း လခ၀င်ငွေများ မှန်မှန်ရှိလေသည်။

အတွင်း၀န် ဦးဘသောင်းအိမ်ပေါ်၌ ခရီးဝေးမှ ခေတ္တတည်းခိုနေသော ဧည့်သည်အချိုးအတိုင်း နေ့ရှိသရွေ့ ဧည့်သည်လုပ်နေကြလေသည်။ အတွင်း၀န်ဦးဘသောင်းမှာ အိမ်ကပ်သူ မဟုတ်ချေ။ ရုံးနှင့် ကလပ်နှင့် အချိန်ကုန် သူဖြစ်သည်။

မူမူသည် ပြန်မှိန်းနေရင်း ညပွဲ၀တ်ရန် သေတ္တာထဲမှ ထဘီများကို ရွေချယ်စိတ်ကူးလျက်ရှိသည်။ ယခု တလော ညပွဲများ၌ အနက်ခေတ်စား၏။ ညပွဲတွင်အများအားဖြင့် မျက်နှာဖြူမများ အနက်၀တ်ဆင်လာကြသည်။ မြန်မာမများလည်း အနက်ရောင်၀တ်ကြကာ ခေတ်စားနေချေသည်။ အချို့မှာ ထဘီအနက်၊ အင်္ကျီအနက်ပါ ချုပ်၀တ်နေကြပြီ။ မူမူသည် အင်္ကျီလုံချည်အနက် ၀တ်ချင်လျက် တစ်ခုသော အကြောင်းကြောင့် အောင့်နေရသည်။ အနက်ထဲ၌ မည်းညစ်ညစ်ဖြစ်သွားမည့် ညိုပြာသောအသားကို ငဲ့နေရသည်။
သေတ္တာထဲ၌ရှိသော ထဘီများအနက် အန္ဒိယ ပြည်မှ လူကြုံနှင့် မှာလိုက်သော ဆာရီအနက်တော့ စိတ်ပျက် သည်။ ဆာရီထဘီအနက်မှာ ပွဲအပေါင်းပေါင်းနွှဲခဲ့ပြီး၍ အထပ်ထပ် ထပ်နေချေပြီ။ ရွှေခက်ငွေခက်များ နွယ်ထား သော အဝါနုနုကလေးကို ၀တ်သွားရန် စိတ်ကူးကြည့်ပြန်သည်။ သည်ထဘီမှာ မင်္ဂလာဆောင်ပွဲထိုင်သာ ရွေး၀တ်ခဲ့ သည်။ အကြိမ်အရေအတွက် သိပ်မထပ်သေးပေ။ ဝါနုနုကလေးကို ၀တ်သွားမည်ဟု စိတ်ကူးကာမှ ထဘီက အောက်မှ ခံ၀တ်ရမည့် အတွင်းခံပိတ်ထဘီက တစ်မှောင့် ၀င်နှောက်နေပြန်သည်။
မူမူသည် အ၀တ်လျှော်ရန် သူ့လက်ကလေးများ ပုံပျက်သွားမှာ စိုးပူသည်။ မူမူ၏ လက်ချောင်းကလေးများ မှာ ခုံပေါ်၌ချလိုက်လျှင် ကျောက်စရစ်ခဲကလေးများ ခုံပေါ်တွင် ပုံချလိုက်က ထွက်လာမည့်အသံကဲ့သို့ပင် “ဂျလောက်”ဟု မြည်ထွက်သွားတတ်လေသည်။ လက်သည်းခွံများကို လက်ဆစ်တစ်ဆစ်ခန့် ကာလအတန်ကြာ ဇွဲနပဲ နှင့် အရှည်ကြီးမွေးထားကာ ဆေးနီရဲရဲကြီး ဆိုးထားလေသည်။
အတွင်းခံပိတ်ထဘီသည် အောက်ကခံ၀တ်ထားသော အ၀တ်ဖြစ်၍ ဖြူဖြူမည်းမည်းလူမမြင်ဟုချုပ်ကတည်း က မလျှော်မဖွပ်ဘဲ၀တ်ခဲ့သည်မှာ ငါးလလောက်ရှိတော့မည်။
တစ်ခါတုန်းက ခုတင်ခြေရင်းတွင် ပိတ်ထဘီကို ကွင်းလုံးပုံချွတ်ထားခဲ့စဉ် ဘိလပ်ပြန်ကိုဘမောင်သည် ညစ်မည်းနေသော ပိတ်ထဘီကို အ၀တ်ဟောင်းတစ်ခုအမှတ်ဖြင့် နောက်ပိတ်ဖိနပ်ပွတ်သုတ်သွားခြင်းကြောင့် ဟောင်းရာမှ ပိုညစ်သွားသည်။
မူမူသည် ပ၀ါသားကဲ့သို့ ခပ်ပါးပါး ရွှေထဘီပျော့အောက်၌ ညစ်ထပ်ထပ် ပိတ်ထဘီကို ထပ်ခံစိတ်ကူးကြည့် ရာတွင် ဝါနုနုရွှေထဘီမှာ ခဲသားရောင်ပြောင်းသွားလျက် ညိုညစ်ညစ်ဖြစ်နေကာ အဟောင်းနှင့် တူနေတော့သည်။ ခုနေထလျှော်လည်း ညပွဲအမီ ခြောက်နိုင်မည်မဟုတ်၍ ပိတ်ထဘီဟောင်းနှင့် ခံ၀တ်၍ဖြစ်မည့် ထဘီများကိုရွေးရ၊ စိတ်ကူးရပြန်လေသည်။
ဟိုတစ်ထည်လည်းမကြိုက်၊ သည်တစ်ထည်လည်း နေရာမကျ၊ တစ်ထည်ပြီးတစ်ထည် စိတ်ကူးဖြင့် ရွေးရှာ ကြည့်သည်ပင် အမောသား၊ တစ်ထည်စီတစ်ထည်စီရွေးရင်း ရင်ထဲ၌ ကျပ်ချင်ချင်သလို၊ ခေါင်းသည်လည်း အုံတုံတုံ၊ နားထင်ထဲသွေးရောက်လာကာ တစ်ထည်မှ စိတ်တိုင်းမကျချေ။
မူမူနှင့် ကျောချင်းကပ်လျက် တခေါခေါဟောက်နေသော ကိုဘမောင်၏အသံကြီးမှာ အာခေါင်တွင်ကပ်၍ လျှာလိပ်ဟောက်နေခြင်းကြောင့် လတ်တလော နားထင်ထဲသွေးရောက်လာသော ဝေဒနာကို တိုးလာစေသည်။ လျှာနှင့်လိပ်ထွက်နေသော အပြင်းအထန်ဟောက်သံကြီးသည် နားကျိန်းလာသည်။ မူမူသည် ကိုဘမောင်၏ခါးကို တံတောင်နှင့် သုံးလေးချက်ဆောင့်တွက်ပစ်လိုက်သည်။
ကိုဘမောင်၏ ဟောက်သံသည် တုံ့ဆိုင်းသွားသည်။ အင်း…ဆိုသော အသံကြီးကို ကြာရှည်ဆွဲကာ လေးတွဲ့ တွဲ့ညှစ်ထုတ်လျက်ပက်လက်လန်လှန်လိုက်သည်။
မကြာခင်သော အချိန်ကာလ အပိုင်းအခြားအတွင်း ကိုဘမောင်သည် တစ်ဖက်သို့ ပြန်စောင်းသွားကာ ဟောက်သံကြီးပေါ်ထွက်လာပြန်သည်။
မူမူသည် အိပ်ရာမှ ငေါက်ခနဲထလိုက်သည်။ ကိုဘမောင်၏ လက်ပြင်ကြီးကို လက်သီးနှင့် ထုပစ်ခဲ့ကာ စိတ်နှင့်မာန်နှင့် ခုတင်ပေါ်မှ ဆင်းလိုက်လေသည်။
ကြမ်းပြင်ပေါ်၌ အမှုန့်များပက်ဖြူးထားသကဲ့သို့ ဖုံံးနေသော ဖုန်တို့သည် ဒေါနှင့်မာန်နှင့် နင်းသွားသော ခြေရာတွေကို ပုံကျကျ တသီကြီးဖော်ပြကြလေသည်။
မူမူသည် ခုတင်ခြေရင်းရှိ မှန်ခုံရှေ့၌ရပ်ကာ မှန်ထဲကြည့်လိုက်သည်။ မှန်သားပေါ်၌ အကွက်များ အစက် များဖြင့် ရှုပ်ရောမှေးမှိန်နေသဖြင့် အားမရ၍ မျက်နှာနှင့် မှန်နှင့်ကပ်ကာ အားပြု၍ ကြည့်ရလေသည်။
နေ့လယ်တစ်ရေး၀၀ကြီး အိပ်ထားသောကြောင့် မျက်ခွံကလေးသည် မို့နေသည့်အတွက် ကျေနပ်သွား သည်။ မျက်ခွံအထက်က မျက်ခုံးနှစ်ဖက်မှာ တင်ထားသလို တန်းသွယ်လျက်ရှိ၏။ အရင်းတုတ်တုတ်၊ အဖျားသွယ် သွယ်၊ မပါးမထူရှိအောင် ဂရုစိုက်လျက်နေ့စဉ်နှင့်အမျှ ပြုပြင်ပေးသည်။ မျက်ခုံးကို ပုံကျမကျ စစ်ဆေးကြည့်နေရင်း ကျောင်းနေဖက် မေဂျာဖေသက်ကို သွားသတိရသည်။ မေဂျာဖေသက်မှာ နိုင်ငံခြားသွားမည်ဖြစ်၍ အကယ်၍ ညပွဲ၌ ဆုံမိကြလျှင် မျက်တောင်မွေးကြီးများအထက်သို့ ကော့မတင်ပေးနိုင်သော ကိရိယာတန်ဆာပလာများ မှာလိုက်ဖို့ရာ သတိထားလိုက်လေသည်။
မူမူသည် မှန်ပေါက်ထွက်မတတ် မျက်နှာနှင့်မှန် အပ်ထားလျက် စင်းကျနေသော နှာတံကလေးကို သုံးလေး ခေါက်မျှတည့်တည့်၊ ဘေးစောင်းလုပ်ကြည့်နေသည်။ သုံးလေးခေါက်စလုံး အားရနှစ်သိမ့်သွားလေ၏။
ကောလိပ်ကျောင်းသား၌ အမည်မသိသောသူများက မူမူကိုနှာတံပေါ်ပေါ်နှင့်ဟု ဝိသေသ အထူးအမှတ် အသားပြုပြောကြတာဘယ်တော့များမှမမေ့၊ မှန်ကြည့်တိုင်း အမှတ်ရရရှိသည်။
ကျောင်းထွက်မှ အိမ်တွင် နေ့ရှိသရွေ့ စားပြီးအိပ်၊ အိပ်ပြီးစားရှိနေရ၍ ပုံပန်းပျက်ကာ အလွန်ဆူဖြိုးသော ကိုယ်လုံးကိုယ်ထည်ကြီးကို နည်းနည်းလေးမှ စိတ်တိုင်းမကျသည်မှတစ်ပါး ဘယ်တော့ကြည့်ကြည့် လှနေသော မျက်နှာ၏ အလှကို အားအထားဆုံးဖြစ်ပေသည်။
မူမူ၏ အကြည့်သည် မျက်ခုံး၊ မျက်လုံး၊ နှာတံမှ ဆင်းလာခဲ့ကာ နှုတ်ခမ်းပေါ်တွင် ဝဲနေလေ၏။ မူမူသည် နှုတ်ခမ်းကလေးကို စိမ်ပြေနပြေကြည့်နေရာက ခုတင်ဘေး၌ရှိသော စားပွဲခုံဘက်သို့ ဆတ်ခနဲ လှည့်ကြည့်လိုက် သည်။
စားပွဲခုံပေါ်၌ ကိုဘမောင်၏ အမှုတွဲများမှာ အနေ့နေ့ အရက်ရက်ကအတိုင်း ဖရိုဖရဲ ပုံယိုင်လျက်ရှိနေ၏။ ကိုဘမောင်၏ ဆေးပြင်းလိပ်တိုများနှင့် ပြာပုံသည်လည်း ပြန့်ကျဲလျက်ရှိနေ၏။ မနေ့ညက အိပ်ရာ၀င်ခါနီး စားထား ကြသော မြေပဲလှော်ခွံများမှာ ခုံပေါ်၌ ပွမွလျက် မနေ့ညက ပုံအတိုင်းပင်ရှိသည်။ ပုရွက်ဆိတ်များသည် မြေပဲခွံတွေ ထဲ၌ တပျော်တပါးကြီး အုံဖွဲ့ပြေးလွှားနေကြရင်း တစ်နေရာ၌ရှိသော ကွမ်းယာထုပ်ထဲသို့ လမ်းမှားရောက်သွားကြရာ မှ ထဘီတတန်းကြီးပြန်ပြေးထွက်ကြလျက် နှုတ်ခမ်းပြတ်သတ်နေသည့် နှီးခွက်စုတ်တင်ထားသောရေတကောင်းအိုး ပေါ်တွင် ကြောင်လိမ်လှေကား တက်ကြသလို ကွေ့ပတ်ပြေးတက်နေကြလေသည်။ ရေခွက်ထဲ၌ တစ်၀က်ခွေနေ သော စံပယ်ကုံးသည် ညှိုးဝါနေသော တစ်၀က်မှာ ရေတကောင်းပေါ်သို့ ကြိုးစတန်းလန်းနှင့် တွဲလောင်းကျလျက် ရှိသည်။
ဘားမားစတား၊ တိုင်းရင်းမေ၊ စုံထောက်၀တ္ထု၊ ဟောလီးဝုဒ် ရုပ်ရှင်စာစောင်များမှာ နှစ်နှင့်ချီ၍ ခုံပေါ်၌ ဖုတ်လူးနေကြလေသတည်း။
မူမူသည် စားပွဲခုံသို့ လှည့်ကြည့်လိုက်သည့်အခါ ခုံပေါ်၌မြင်မကောင်းအောင် စုပေါင်းနေသော ဤအရာတွေ ကို မမြင်လေသည် မြင်လေသည် မဆိုနိုင်။ မက်(စ်)ဖက်တာ ကုမ္ပဏီမှ လက်ဆောင်ပေး၍ စားပွဲပေါ်၌ ထောင်ထား သော ရုပ်ရှင်မင်းသမီးဂျက်နက်လေး၏ ပုံကားကို ကွင်းကြည့်လိုက်သည်။
နှုတ်ခမ်း ရဲရဲဆိုးထားသော ရုပ်ရှင်မင်းသမီး ဂျက်နက်လေး၏ နှုတ်ခမ်းလေးကို စိုက်ပြီးကြည့်လျက် သူ့နှုတ်ခမ်းလေးနှင့် ဆင်မဆင်၊ တူမတူ မှန်ထဲထည့်ပြီး ကြည့်နေသည်။ အပေါ်နှုတ်ခမ်းသည် ခလယ်၌ချိုင့်ကာ အထက်သို့ ခုံးမို့ပြီးမှ ကျသွယ်ရှူးလျက် အောက်နှုတ်ခမ်းသည် ပွင့်အာလန်ကျနေသော နှင်းဆီပန်းနှင့် တူရမည်ဖြစ် သည်။
ဘာပြောပြော မျက်နှာပဲ စိတ်တိုင်းကျသည်။ မျက်နှာပဲ ကျေနပ်သည်။ သည်မျက်နှာပိုင်ရှင်မျိုးသည် ဘာမျှ အရေးထားစရာ မဟုတ်၊ ဘယ်လိုနေနေ ဘယ်လို၀တ်၀တ်လှသည် ချောသည်ပင် ဖြစ်ရမည်ဟု စိတ်ချယုံကြည် လိုက်သည်။
မူမူသည် မှန်ဝအောင်ကြည့်ပြီး နဖူးပေါ်၌ ကောက်လိပ်ကျနေသော ဆီနှင့် မထိရသည့် လှိုင်းဆံပင်ကို ကောက်သည်ထက် ကောက်လိမ်စေရန် ရေမချိုးခင် ဝိုင်ယာကြိုးနှင့် လိပ်ထားဖို့အတွက် ဝိုင်ယာကြိုးလိုက်ရှာလေ၏။ မှန်ခုံမှာ ရှေးရှေးကပုံစံ ဘဲဥသဏ္ဌာန်မှန်တွင် သစ်သားပန်းပွင့်များဖြင့် ထွင်းကပ်ထားသည်။ ဆွဲအံအသေးလေး နှစ်ခု မှန်အောက်၌ရှိ၏။ ဆွဲအံကလေးနှစ်ခုကို ဖွင့်ရှာရာတွင် အထဲ၌ပစ္စည်းများ ပြည့်ကျပ်နေလေ၏။ ပြည့်နေသော ပစ္စည်း များမှာ ဘာတွေမှန်း ကျကျနနမမှတ်မိ။ တစ်ခါမှလည်း မရှင်းမကြည့်၍ ဘာတွေမှန်းသေသေချာချာမပြောနိုင်ချေ။ ဓါတ်မီးခဲကြိုး၊ ဝိုင်ယာကြိုးသာ အတွင်ရှာသည်။ အထက်အံဆွဲငယ်လေး နှစ်ဖက်၌ မတွေ့၍ ခုံအောက်က အံဆွဲကြီး ကို ဆွဲဖွင့်လိုက်သည်။
အံဆွဲထဲ၌ စိတ်ရှိလက်ရှိ မွှေရှာပစ်လိုက်ရာ ကိုဘမောင်၏ အပေါ် အင်္ကျီ၊ ရှပ်အင်္ကျီ၊ စွပ်ကျယ်၊ ပုဆိုးစသော အ၀တ်အထည်များမှာ မူမူ၏ ပန်းရောင်ကြိုးသိုင်းခုံမြင့်ဖိနပ်နှင့် လိပ်ထွေးလုံးပတ် ရှုပ်ပွသွားလေသည်။
အောက်အံဆွဲသို့ ဖွင့်ရှာပြန်သည်။ ချည်ထဘီ၊ ပိုးထဘီ၊ ထဘီတစ်ပတ်ရစ်တွေ ထိုးသိပ်ထည့်ထား၍ အံဆွဲ နှင့် ညပ်နေသည်။ အံဆွဲမှာ တော်တော်နှင့် ဖွင့်မရ၊ အားထုတ်ပြီး ဆောင့်ဆွဲဖွင့်တော့မှ ပွင့်တော့၍ ချွေးကျလာ သည်။
ဆံပင်လိပ်ရန် ဝိုင်ယာကြိုးကို အပူတပြင်း လိုက်ရှာတော့မှ အံဆွဲထဲ၌ ယခင်လက မသန့်ရှင်းသော ထဘီ များ မလျှော်ရသေးဘဲ ခေါက်ထိုးထည့်ထားတာ သွားတွေ့မိသည်။ တစ်နေ့မှပဲ တစ်နေ့မှပဲဟု လျှော်ရန် စိတ်မှတ်ထား လိုက်သည်။ အံဆွဲတစ်ခုလုံး မွှေဖွကြည့်သော်လည်း ဝါယာကြိုးကို မတွေ့သဖြင့် စိတ်အိုက်အိုက်နှင့် ပြန်ဆောင့်ပိတ် ပစ်လိုက်သည်။
မှန်ခုံပေါ်၌ ရှိရှိသမျှ ဘူးခွက်တို့ကို ဖွင့်မှောက်ရှာသည်။ ရေမွှေး၊ ပေါင်ဒါ၊ ခေါင်းလိမ်းဆီ၊ မိတ်ကပ်စသော မက်(စ်)ဖက်တာများ ခုံပေါ်၌ ရှုပ်ယှက်ခတ်သွားတော့မှ ဝိုင်ယာကြိုးဘယ်မှာရှိမှန်း သတိရလေသည်။ မူမူသည် ခေါင်းအုံးအောက်၌ ပြေးယူလေသည်။
ကိုဘမောင်သည် ဒုန်းဒိုင်း အသံဗလံများကြောင့် နိုးသွားလေသည်။ မူမူသည် ဝိုင်ယာကြိုးယူရန် ခေါင်းအုံး ကို မဖယ်ပစ်လိုက်ရာ ကိုဘမောင်၏ မျက်နှာပေါ်သို့ အုပ်ကျသွားသည်။
“ဟေ့…ဘာလုပ်နေတာလဲကွ”
ကိုဘမောင်သည် မျက်နှာပေါ်ကျလာသော ခေါင်းအုံးကို ခြေရင်းဘက်သို့ ပစ်လိုက်ပြီးနောက် အာလေး လျှာလေးသံကြီးနှင့် မေးလိုက်သည်။
“ထလေ ကိုရဲ့၊ ငါးနာရီထိုးတော့မယ်၊ ညပါတီသွားရမှာ”
ကိုဘမောင်မှာ အိပ်ရေးမဝသေးချေ။ ညနေခြောက်နာရီမှထကာ ရေချိုးအ၀တ်လဲလည်း မူမူ့ကိုသူက စောင့်ရဦးမှာ မြင်ယောင်သေးတော့၍ မထဘဲ ပြန်မှိန်းအိပ်ပြန်လေသည်။
မူမူသည် ရှေ့၌ကျနေရမည့် လှိုင်းဆံပင်ကို ဝိုင်ယာကြိုးနှင့် ညှပ်၍ ပူးလိပ်လိုက်ကာ နဖူးထိပ်၌ ကွေးစုထား လိုက်ပြီးနောက် ဆံပင်ကိုခပ်မြင့်မြင့်ဖြီး၍ လိပ်ခွေထုံးထားလိုက်လေ၏။ ခေါင်းဖြီးပြီး၍ အင်္ကျီများချွတ်ကာ ထဘီ ရင်လျားလေ၏။
ရေမချိုးဘဲ ညပွဲ၀တ်သွားမည့် အင်္ကျီထဘီများကို အသင့်ထုတ်ထားရန် ရှိသေး၍ ခုတင်အောက်က သားရေ သေတ္တာကြီးကို ဆွဲထုတ်ယူလေသည်။ သားရေသေတ္တာအဖုံးပေါ်၌ လက်တစ်လုံးလောက် ဖုန်တက်နေပုံမှာ ပေါင်မုန့် ပေါ်၌ ထောပတ်ထူထူ သုတ်ထားသကဲ့သို့ရှိ၍ မဖွင့်ခင်ဝူးခနဲမှုတ်ပြီးမှ ဖွင့်သည်။
အောက်က ခံ၀တ်ရမည့် ပိတ်ထဘီညစ်မည်းမည်းမပေါ်နိုင်မည့် နီညိုရောင် တရုတ်ဖဲလုံချည်ကို ဆွဲထုတ် လိုက်သည်။ နီညိုရောင်လုံချည်နှင့်၀တ်သွားမည့် နိုင်လွန်ပန်းရောင် အင်္ကျီလက်ကို လည်ပင်းထောင် ကော်လာကုပ်၌ ကြေးများပေနေသည်။
မူမူသည် နိုင်လွန်အင်္ကျီ၀တ်ပြီး မလျှော်ဘဲ ပြန်ခေါက်ထားလိုက်လျှင် ပြန့်ပြီးသားကြောင့် ဘယ်နှခါ ခေါက်မိ လေသည်ကိုပင် မမှတ်မိတော့ချေ။ ကုပ်ကကြေးကြောင်းကြီးများ မြင်မှပင် လျှော်ဖွပ်သင့်ပြီဟု ယူဆသည်။
အင်္ကျီလက်ရှည်၀တ်လျှင် ပဝါချရမှာကြောက်သည်။ ပဝါချလျှင် အသက်ကြီးရုပ်ဆောင်သည်ဟု ထင်ထား သည်။ ညပွဲပဲ၊ မမြင်ပါဘူးဟု လည်ကုတ်ကြေးပေပေ နိုင်လွန်လက်ပြတ်အင်္ကျီတွင် ကြယ်စေ့တပ်လိုက်လေသည်။
သေတ္တာထဲ၌ ဘေးကြယ်စေ့တပ်၊ ပုံကျကျဘော်လီအင်္ကျီကို ရှာမတွေ့ပြန်၍ စိတ်ရှုပ်သွားပြန်သည်။ နိုင်လွန် လက်တိုနှင့် ထဘီကို အိပ်ရာပေါ်သို့ ပစ်တင်လိုက်ပြီးနောက် သေတ္တာကို ခုတင်အောက်သို့ ပြန်တွန်းပို့လိုက်သည်။
မှန်ခုံအနီး၌ထားသော ဒိုဘီခြင်းမှာ မလျှော်ရသေးသော အ၀တ်များနှင့်လျှော်ပြီးသား မီးပူမတိုက်ရ၊ မခေါက် ရသေးသော အ၀တ်များ စုပေါင်းလုံးထွေး သိပ်ထည့်သိမ်းထားရာ အ၀တ်ခြင်းဖြစ်၏။ ဒိုဘီခြင်းထဲ၌ ဘေးကြယ်စေ့ တပ် ဇာဘော်လီအင်္ကျီကို အဟောင်းတွေ့မလား၊ လျှော်ပြီးသားတွေ့မလား မသေချာ၍ခေါင်းကြီးကြီးဖြင့်တစ်ထည်ပြီး တစ်ထည် ဆွဲဖွရှာနေလေ၏။
ကိုဘမောင်မှာ ထဘီနှင့် မျက်နှာသုတ်ပဝါ လုံးထွေးနေလျှင်လည်း ပြောသည့်လူစားမျိုးမဟုတ်ချေ။ လူအေး မှ တကယ့်လူ့ရေခဲတုံးကြီးဖြစ်သည်။ မကြာသေးမီက လသာဆောင်၀ရန်တာ၌ မူမူ၏ထဘီရေစိုတစ်ထည် လွှားလှန်း ထားရာ အတွင်း၀န်အိမ် မျက်နှာစာ၀ရန်တာ၌ ထဘီလှန်းထားတာ လူမြင်မတော်လွန်းသဖြင့် ကိုယ်တိုင်ရုပ်လျက် ခုတင်ခြေရင်း၌ ပြောင်းလှန်းပေးလိုက်သည်။

တံမြက်စည်း မကိုင်ချင်သော တက္ကသိုလ်ကျောင်းသူနှင့် လက်ထပ်ပြီးသည့်နောက်၌ အိမ်ထဲ၌ဖုတ်ထ၍ ဖုတ်ထူထူ သဲရုပ်ရုပ်ဖြင့် နေသားကျနေလေ၏။ ဦးလေးအိမ်သို့ ပြောင်းခဲ့ပြီးနောက် ဖုတ်တသောသောတက်နေသော အခန်းကို ဦးလေးအတွင်း၀န် မြင်သွားမှာစိုးရိမ်စိတ်နှင့် အခန်းတံခါးအမြဲစောင့်ပိတ်ရာ၌ မပေါ့မလျော့ ဂရုစိုက်သည်။
ကိုဘမောင်သည် မယ်တက္ကသိုလ်ဘွဲ့ရ မိန်းမချော မိန်းမလှရခဲ့ပြီးနောက် အိမ်ထောင်ရေးကဏ္ဍ၌ သူ၏ စိတ်ကြိုက်သည် ပြီးဆုံးတိုင်သွား၏။
မူမူမှာ ကိုဘမောင်အား သူ၏အလှဘွဲ့ကို ပေးအပ်ခြင်းဖြင့် အိမ်ထောင်ရေးတွင် တာ၀န်ပြီးဆုံးတိုင်ထားလေ သည်။
မူမူသည် အ၀တ်ခြင်းထဲ၌ ဘေးကြယ်စေ့တပ် ဘော်လီကိုရှာရာ၌ လျှော်ပြီးသားတွေ့သည်။ ဘော်လီအင်္ကျီ မှာ မီးပူမတိုက်ရသေးသဖြင့် တွန့်ကြေနေလေသည်။ အင်္ကျီကို မွေ့ရာပေါ်၌ ဖြန့်ကာ တွန့်ကြေသောနေရာများ၌ လက်ဖနောင့်နှင့် ဖိပွတ်တိုက်ဖြန့်သည်။ ဘော်လီလက်ကြိုးသေးလေးမှာ မပြန့်လှ၍ ဆွဲဖြောင့်ကာဆေးဆိုးထားသော လက်မလက်သည်းခွံရှည်ကြီးဖြင့် ကြိုးစပြန့်အောင် ဆွဲခြစ်ဖြန့်ပေးသည်။ သုံးလေးကြိမ်လက်သည်းနှင့် ခြစ်ဆွဲရသေး သည် ဘော်လီကြိုးသည် အရင်းမှ ကြိုးစပြုတ်ထွက်သွားလေသည်။
အဲဒါမှခက်သည်။ မူမူ၌ အပ်နှင့်အပ်ချည်လုံးများ အဆင်သင့်မရှိချေ။ အိမ်၌ အပ်နှင့်အပ်ချည်လုံးမရှိမှန်းသိ၍ ဘယ်မှာမှမရှာတော့ဘဲ ပြုတ်ထွက်သွားသော ဘော်လီလက်ကြိုးကို ချိတ်ကလေးနှင့် တွယ်ချိတ်၀တ်သွားရန် ပြီးစလွယ် စဉ်းစားကြည့်လိုက်သည်။ ချိတ်ဘယ်နေရာရှိမရှိ စဉ်းစားသည်။ ချိတ်ရှိမည့် နေရာကို သိပ်မစဉ်းစားရချေ။ ဘယ်မှာရှိမှန်း ဒက်ခနဲ ခေါင်းထဲ၀င်လာသည်။
ခုတင်၌ ထောင်ထားသော ဇာခြင်ထောင်ကြီး ပြဲနေ၍ ပြဲသည့်နေရာကို စုစည်းပြီး ချိတ်ကလေးနှင့် တွယ်ထားလေရာ ထိုချိတ်ကို ဖြုတ်ယူရန် ခုတင်မှ ခြင်ထောင်စကို ဆွဲချလိုက်လေ၏။
တစ်ရေးပြန်မှေးအိပ်နေသော ကိုဘမောင်သည် ခြင်ထောင်စနှင့် မျက်နှာနှင့် ခတ်သွားပြန်သဖြင့် နိုးသွားပြန် သည်။
“ဘာတွေ လုပ်နေတာလဲကွ”
မူမူသည် ခြင်ထောင်ထဲ၀င်ကာ ကိုဘမောင်ကို ကျောပေးလျက် ချိတ်ဖြုတ်ယူရင်း ခြင်ထောင်ပဲ မျက်နှာ၀င် လာသော ကိုဘမောင်ကို လှည့်မကြည့်အားဘဲ-
“ကတဲမှပဲ၊ မထသေးဘူးလား”
ဟု စိတ်မရှည်သံဖြင့် ပြန်ပြောသည်။
ခြင်ထောင်ကို ပြန်မတင်တော့ဘဲ အိပ်ရာပေါ်မှ ထဘီအင်္ကျီများကို ခြင်ထောင်ပြင်ဘက်သို့ ထုတ်ယူခဲ့လျက် ဒိုဘီခြင်းပေါ်၌ ပုံချမလိုပြုပြီးမှ သတိရ၍ မချခင် ဖုတ်ကိုတအားမှုတ်ပစ်သည်။ ဇာဘော်လီလက်ကြိုး၌ ချိတ်ကလေး တွင်ကပ်လိုက်ပြီးနောက် ရေချိုးခန်းသို့ ပြေး၀င်သွားလေသည်။
ကိုဘမောင်သည် ပြန်မှိန်းနေရင်း ရေချိုးခန်းထဲမှ မူမူ၏တေးသံကို ကြားရလေသည်။

ရေချိုးရင်း အသံဝဲ၀ဲနှင့် မေးရိုက်ကာ ဆိုနေသော တေးသံသည် မြန်မာသီချင်းမဟုတ်ပေ။ “လန်ဒန်တံတား” ခေါ် အင်္ဂလိပ်တေးသီချင်းဖြစ်သည်။ မူမူသည် အင်္ဂလိပ်သီချင်းမှ ဆိုချင်သည်။ အင်္ဂလိပ်အကလည်း ကျောင်းထွက်မှ ကတတ်အောင် သင်ထားသည်။ ကပွဲသွားလျှင် ကိုဘမောင်မှာ ငုတ်တုတ်ကြီးထိုင်ကြည့်နေသည်။ မူမူသည် လူတစ်ယောက်နှင့်တွဲကနေတုန်း ငုတ်တုတ်ကြီးထိုင်လျက် သမ်းဝေနေတတ်သော ကိုဘမောင်ကို မေ့လျော့နေ တတ်သည်။ ရေချိုးခန်းထဲ၌ အင်္ဂလိပ်သီချင်း သံဝဲသံတုန် သုံးလေးပိုဒ် သီချင်းဆိုပြီးလျှင် ရေချိုးခြင်းကိစ္စ ပြီးသွားလေ၏။

ညနေခြောက်နာရီခွဲလောက်တွင် မူမူ၏ မျက်နှာသည် ပန်းရောင်သွေး တက်လာလေပြီ။ မျက်ခုံးတို့သည် မည်းသွယ်နေချေပြီ။ နှုတ်ခမ်းလေးသည် အင်္ဂလိပ်ရုပ်ရှင်မင်းသမီး ဂျက်နက်လေး နှုတ်ခမ်းကဲ့သို့ တစ်ပုံစံတည်း ရဲရဲနီ သွားချေပြီ။ လှိုင်းဆံယဉ်တို့သည် နဖူးပေါ်၌ တွန့်လိမ်ကောက်ကွေး လာကြသည်။ မှန်ခုံတိုင်၌ ညှပ်သွင်းထားသော ကတ္တီပါပန်းပွင့်နီနီကြီးကို ဖြုတ်ယူလျက် ဆံထုံးဘေး၌ ပန်လိုက်လေ၏။
ကိုဘမောင်သည် မူမူသနပ်ခါးလိမ်းပြီးစ၌ အိပ်ရာကထကာ ရေချိုးခန်းသို့၀င်သွားသည်။ မူမူ အ၀တ်အစား လဲနေတုန်း အောက်ထပ်သို့ရောက်သွားပေပြီ။ ကိုဘမောင်သည် အပေါ်အင်္ကျီအဖြူ၊ ခဲရောင်ဘန်ကောက်လုံချည် ၀တ်ဆင်ခဲ့လျက် မူမူကို ထိုင်စောင့်ရင်း စားပွဲပေါ်မှ သတင်းစာကို ဆွဲဖတ်နေလေ၏။
သံရုံးရှေ့၌ လမ်းနှစ်ဖက်တွင် ကားများပိတ်ရပ်လျက်ရှိနေ၏။ သံရုံးအ၀၌ ကားကြီးတွေ များများမြင်လိုက်၍ “တော်တော် လူစုံမယ့်ပွဲပဲ”ဟု မူမူက ပြောလိုက်သည်။

သံရုံးထဲ ကား၀င်၍ ကားပေါ်မှ ဆင်းကြလျှင် စောင့်ရပ်ကြိုနေသော သံတမန်နှင့် သံတမန်ကတော်တို့က ဧည့်သည်တို့အား တစ်ဦးစီလက်ဆွဲနှုတ်ဆက်လေ၏။
အ၀င်၀နှင့် မလှမ်းမကမ်းရှိ မြက်ခင်းကြီးပေါ်၌ လူအုပ်ကြီးကို တွေ့ရသည်။ လူအုပ်ကြီးမှာ ၀တ်ကောင်းစားလှများ၀တ်ဆင်လာကြလျက် ကိုယ့်အစုနှင့်ကိုယ် မတ်တတ်မတ်တတ်ဖြင့် ဝိုင်းဖွဲ့ရပ်နေကြသည်။ လူအုပ်ထဲ၌ အဖြူရောင်၀တ်ဆင်ထားကြသော ဘွိုင်ကုလားများသည် ဘိလပ်ရည်ခွက်များ၊ အရက်ခွက်များ ဗန်းပေါ်၌တင်လျက် ကြိုက်ရာခွက်ကို လှမ်းယူသောက်ကြရန် စောင့်ရပ်ကမ်းနေကြ၏။
မူမူသည် ဒေါင့်မြင့်ကြိုးသိုင်းဖိနပ်ပေါ်အောင် ထဘီစကိုပင့်ဆွဲကာ အမေရိကန်ထဲက မာရီလင်မွန်ရိုး လျှောက်ပုံမျိုးအတိုင်း လိမ်ဖယ်ဖယ်လျှောက်ခဲ့လေ၏။
အင်ဒိုနီးရှား သံအရာရှိကတော်သည် ပါတိတ်ဆင်ထဘီ၀တ်လျက် ငွေချည်ထိုးဇာပဝါ လက်လက်စိမ်းစိမ်း ကလေးကို ကျော၌သိုင်းပတ်ချထားလေ၏။ အင်ဒိုနီးရှားသံအရာရှိကတော်နား၌ ပါကစ္စတန်သံအရာရှိကတော် ရပ်နေသည်။ ပါကစ္စတန်သံအရာရှိကတော်မှာ အရွယ်သိပ်မကြီးသေး၊ အိန္ဒိယအမျိုးသမီး၀တ်စုံ ဆာရီကို ၀တ်ဆင် ထားသည်။ ပါကစ္စတန် သံအရာရှိကတော်အနီး ဆိုဗီယက် အမျိုးသမီးသုံးလေးဦးရပ်နေသည်။ သူတို့သည် ပါးနီ၊ နှုတ်ခမ်းနီဖြင့် လှပသော ဂါ၀န်ရှည်ကြီးများ၀တ်ထားသော အိန္ဒိယရွှေချည်ထိုး ဆာရီပဝါများ ခြုံထားကြသည်။ မူမူ သည် ၎င်းတို့ဝိုင်းတွင် ရပ်မည်ဟုကြံပြီးမှ တစ်ဝိုင်းသို့ မျက်စိရောက်သွားသည်။
ဗြိတိသျှသံရုံး၊ ပြင်သစ်၊ အမေရိကန်၊ သြစတြေးလျားစသော မျက်နှာဖြူအရာရှိ ကတော်ကြီးများ၏ ဝိုင်းဖြစ် သည်။

မျက်နှာဖြူကတော်များဝိုင်း၌ အမေရိကန်သံရုံးမှ အသိကိုမြင်လိုက်သည်။ မူမူ၏အသိ မျက်နှာဖြူမသည် ဖြူဖွေးသော ရင်ညွန့်တစ်ခုလုံးဖော်ထားလျက် ပုလဲကပ်ဆွဲထားသည်။ ဂါ၀န်အနက် အရှည်ကြီးမှာ မြက်ခင်းပေါ်၌ ဝဲနေသည်။ မူမူ့ကို လှမ်းပြုံးပြလိုက်သည်။
ဆံပင်အလိပ်များ ငယ်ထိပ်၌ အမို့မို့ခွေလိပ်လျက် လည်ပင်း၌ ရွှေကြိုးမျှင်မျှင်လေးဆွဲထားကာ ဂါ၀န်ရှည် အဖြူ၊ ပိုးလက်စွပ်အိတ်အနက်ဖြင့် သူတို့ဝိုင်းထဲတွင် အရပ်အရှည်ဆုံး ပြင်သစ်အမျိုးသမီးကြီးသည် ရာသီဥတု အကြောင်းကို ပြောပြနေလေ၏။
မူမူသည် သူတို့ဝိုင်းထဲ ၀င်ရပ်လိုက်၏။ ဦးဘမောင်မှာ အသိများနှင့် တွေ့ဆုံရန် သောက်ဝိုင်းများ၌ လိုက်ရှာ နေသည်။ မူမူသည် ဝိုင်းထဲရပ်မိလျှင် မျက်နှာဖြူအမျိုးသမီးအားလုံးနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
နှုတ်ဆက်ပြီး ရာသီဥတုအကြောင်းပဲ လိုက်ရောပြောသည်။ စကားပြောနေရင်း ဘေးချင်းကပ်ဝိုင်းမှ မြန်မာ အမျိုးသမီးများဆီသို့ လှမ်းကြည့်လေသည်။
မီးရောင်ထဲ၀ယ် မြန်မာအမျိုးသမီးဝိုင်းမှ ပဝါရောင်စုံဖြင့် ဣနြေ္ဒရရတွေ့ရ၍ ပဝါမချဘဲ လက်တိုအင်္ကျီနှင့် လာခဲ့တာ သိပ်မကောင်းလှဟု စဉ်းစားမိသည်။ လူအုပ်ထဲ၌ ကျောင်းနေဖက် မင်းကြီးကတော်ကို မြင်လိုက်၏။ မူမူသည် လှမ်းပြုံးလိုက်သည်။ မူမူသည် ရှမ်းပြည်နယ် ကလော၊ တောင်ကြီးမြို့များ၏ သာယာအေးမြသော ရာသီဥတုအကြောင်းကို ဘိုသံပါပါ တရွှတ်ရွှတ်ပြောရင်း ဘွိုင်ကုလား လာပေးသော ဗန်းထဲမှ ဝိုင်ခွက်ကလေးကို လှမ်းယူကာ နှုတ်ခမ်းနှင့် တေ့လိုက်လေသည်။
သံရုံး၀င်းထဲသို့ ကားကြီးများ တစ်စီးပြီးတစ်စီး ၀င်လာကြပြီး ကားထဲမှ ဖိတ်အန်ကျလာသော ဝါနုနု ရွှေစက် ထဘီကလေးကို လှမ်းကြည့်ရင်း ခွက်တိုက်လိုက်သောအခါ အတွင်းခံထဘီညစ်ကို သတိရမိသည်။

ကိုဘမောင်မှာ ဘယ်ဝိုင်းတွင် ရှိနေမယ်မသိ။ နိုင်ငံခြားသွားမည့် မေဂျာဖေသက်ကို လူအုပ်ထဲ၌ တွေ့လို တွေ့ငြားရှာကြည့်သေးသည်။ မတော်တဆ ချောင်းများဆိုးလာလျှင် အခက်ဟု ကျိတ်တွေးပူပန်ကာ ဝိုင်ခွက်ကို မှောက်ချလိုက်ပြီးနောက် ဗန်းထဲ၌ထည့်ပေးလိုက်သည်။
အင်္ဂလိပ်စကားပြော၍ အားရမှ ကျောင်းနေဖက်မင်းကြီးကတော်ဝိုင်းသို့ ကူးသွားလေသည်။ မူမူ၀င်ရပ်လိုက် လျှင် မင်းကြီးကတော်သည် ၀င်းမင်းသန်း အမေရိကအပြန် ၀န်ကြီးချုပ်ကတော် အတွက် လက်ဆောင်ယူလာသော အနွေးပဝါဖြူကြီး လှပကြောင်း ချီးကျူးပြောနေသံကို နားစွန်နားဖျား ကြားလိုက်ရလေသည်။
မူမူမှာ ဟောလီးဝုဒ်က အမေရိကန်ဇာတ်လိုက် ဖြစ်ချင်နေသည်။ ခရမ်းရောင်လွင်ပြင်ကားအတွက် ဂရက်ဂရီပက် မင်းသားနှင့်တွဲရန် ရုပ်ရှင်မင်းသမီး လျှောက်ချင်သည်မှာ တစ်ပိုင်းသေနေလေသည်။

မင်းကြီးကတော်သည် မူမူကို ၀တ်လုံတော်ရ မစ္စက်ဘမောင်ကတော်ဟု အားလုံးနှင့် မိတ်ဆက်ပေးသည်။ မူမူမှာ ပဝါမချခဲ့မိ၍ ဝိုင်းထဲတွင် ရှိုးတိုးရှန့်တန့်ဖြစ်နေသည်။ မင်းကြီးကတော်နှင့် စကားကောင်းနေခိုက် မူမူ့နောက်မှ ကျောခိုင်းရပ်နေသော အဒေါ်ကြီးတစ်ယောက် ပခုံးလာကိုင်လိုက်သည်။ မူမူသည် လှည့်ကြည့်ကာ ပြုံးလျက် “အန်တီ မာရဲ့နော်”ဟု နှုတ်ဆက်ပြီး အန်တီဝိုင်းထဲသို့ ကိုယ်လှည့်၀င်သွားသည်။
မူမူနှင့် မျက်နှာချင်းဆိုင်ရပ်နေသော အမျိုးသမီးသည် သူ့ဘေးရှိ ဝိသာခါ အမျိုးသမီးကြီးတစ်ဦးအား စိတ်ထက်သန်စွာ သူ့စကားကို ဆက်ပြောလျက်နေသည်။

“မျက်စိထဲမှာ အမြင်ကို မတော်ပါဘူး ဒေါ်ဒေါ်ရယ်၊ ကျွန်မဖြင့် လူအများသွားလာနေတဲ့ ရုံးတွေ၊ မီးရထား တွေ၊ သင်္ဘောတွေမှာ အိမ်သားတွေ ဆေးကြောတဲ့ အလုပ်နဲ့တံမြတ်စည်းလှည်းတဲ့ အလုပ်ကိုအမျိုးသမီးအလုပ် သမားနဲ့ စုပြီးလိုက်ဆေး လှည်းချင်တာပဲ။ လမ်းတံမြက်စည်းလှည်း၊ အိမ်သာတွေဆေးတဲ့ အလုပ်ကို အမျိုးသမီး တွေပဲ လုပ်ဖို့ကောင်းတယ်”

မူမူသည် သူ့ရှေ့က အမျိုးသမီးပြောနေသော စကားကို နားထောင်ရင်း လူမျိုးတစ်ရာ့တစ်ပါး သွားသော မိလ္လာ အိမ်သာမျိုးများလိုက်ဆေးချင်သည်ဆိုသော အမျိုးသမီးကို ဘယ်သူများပါလိမ့်ဟု ရွံရွံရှာရှာ စိုက်ကြည့်သည်။ အမျိုးသမီးကိုယ်နှိုက် ခေတ်ဆန်ဆန် ဖက်ရှင်ကျကျ ဖိတ်ဖိတ်လက်လက် ၀တ်ဆင်ထားလျက် သန့်ပြန့်သော အင်္ဂါရုပ် ရှိ၍ သူ့ရုပ်မှသူအားမနာ၊ သူ့စိတ်နှယ် အောက်တန်းကျလိုက်တာဟု အတော်အထင်အမြင်သေးသွားသည်။
မတ်တတ်မတ်တတ်နှင့် စုဝိုင်းလျက်ရှိကြသော လူအုပ်ကြီးသည် ကပွဲပြမည့်နေရာသို့ ရွေ့လျားသွားကြ သည်။ ပွဲခင်းရှေ့ဆုံး၌ ကြိမ်ကုလားထိုင်များ ချခင်းလျက် ၀န်ကြီးများနှင့် ၀န်ကြီးကတော်များ ထိုင်ကြသည်။ နောက်တန်းများတွင် ဆန်းကဖီး ထင်းရှူုးကုလားထိုင်ကလေးများ တန်းစီခင်းထားလေသည်။ မူမူသည် ပွဲခင်းသို့ လူအုပ်နှင့် ရောလျက် လျှောက်လိုက်လေသည်။

ယဉ်ကျေးမှုအဖွဲ့မှ ပွဲဦးထွက် တူရိယာပေါင်းစုံ တီးမှုတ်ပြသည်။ တယောသံမှာ စီမြည်လျက် သာယာညက် ညောလှသည်။ မူမူသည် နိုင်ငံခြားတီးမှုတ်သံဆို၍ ရော့အင်ရိုးအသံမျိုးသာ နားထဲ၌ စွဲလျက် အခြားတီးမှုတ်သံတွေ ကို နားသောတ မခံယူတတ်ချေ။ လူများစုတော့ အကတစ်မျိုးမှာ မျက်စိနောက်နေသည်။ ကချေသည်တို့၏ အ၀တ် အစားသည် အမေရိကန်ဘဲလေးကပွဲလောက် မခမ်းနားဟု အောက်မေ့သည်။
ယဉ်ကျေးမှုအဖွဲ့မှ ဖြုန်းခနဲ မြန်မာသီချင်းတစ်ပုဒ် ကောက်တီးလိုက်သည်။ တေးဂီတသံ၌ တယောသံမှာ ထူးထူးခြားခြားညုနွဲ့နေလျက် စန္ဒရားခေါက်သံမှာ နိုင်နင်းစွာ ပီသလှလေသည်။
မူမူသည် တီးဝိုင်းမှ မြန်မာသီချင်းကျကျနန တီးပြနေကြပုံကို အံအားသင့်သွားသည်။ အဆိုပါလျှင် ပိုမို၍ မြိုင်ဆိုင်စည်ကားဖွယ်ရာ ရှိမည်ဟု တိုးတိုးလိုက်ဆိုပေးမိသည်။
မြန်မာသီချင်းပြီးဆုံးသွား၍ မူမူသည် အများနှင့် ရောကာ စိတ်ရောကိုယ်ပါ လက်ခုပ်တီးလိုက်မိရာ နောက်ကျောတွင် ချိတ်နှင့်တွယ်ခဲ့သော ဘော်လီအင်္ကျီမှ ကြိုးသည် ပြုတ်ထွက်သွားလေသည်။
စောစောက မြေပဲဆားလှော်ပင် မစားဝံ့ဘဲ ချောင်းမဆိုးအောင် တစ်ချိန်လုံး သတိထားနေကာမှ လက်ခုပ်တီးလိုက်မိ၍ ပြုတ်မိအောင်ချိတ်ကပြုတ်ရသေးသည်။

မူမူသည် ထိတ်ခနဲဖြစ်ကာ အမှတ်တမဲ့ အင်္ကျီထဲလက်သွင်း၍ ဘော်လီကြိုးကို ကပျာကယာ ရှေ့သို့ဆွဲယူချ လိုက်သည်။ ချိတ်တွဲလောင်းနှင့်ပါလာသော ကြိုးစမှာ လက်ပြင်ကို ဆွဲခြစ်လိုက်ပါလာ၍ ပခုံးတွန့်သွားလေသည်။ ကြိုးပြတ်ထွက်သွားသော ဘက်မှ အင်္ကျီသည် အထိန်းမရှိ၍ အောက်သို့လျော့ကျသွားရာ ရင်တစ်ပိုင်းပေါ်နေလေ သည်။
မူမူသည် ရင်တလှပ်လှပ် ဖြစ်နေ၏။ ချက်ချင်းမျက်လုံးတွေ ပြာလာသည်။ ကြိုးကို ကျော၌ပြန်ချိတ်ရန် မဖြစ် နိုင်သဖြင့် မသိမသာရင်ကိုငုံ့ကြည့်လျက် ခေါင်းကြီးလာလေ၏။ ကချေသည်ကလေးများ လိုက်ကာနောက်မှ ပြေးထွက်လာ၍ မီးမှိန်လိုက်မှပင် ရှေ့ဆွဲချလိုက်သော ကြိုးစဖျားမှချိတ်ကို စမ်းဖြုတ်ယူလိုက်သည်။ ကြိုးစကို လုံးထွေး၍ ကပျာကယာ ရင်ထဲသို့ ထိုးသွင်းထည့်လိုက်သည်။ မူမူမှာ နောက်ထပ်လက်ခုပ်မတီးရဲတော့ချေ။ အကြီးအကျယ်စိတ်အိုက်ကာ အနေရအထိုင်ရကျပ်လျက် ဘာတွေ ကဆိုနေကြမှန်း မသိချင်သလောက် စိတ်ပျက်နေသည်။

မူမူသည် အသက်ပင် ပြင်းပြင်းမရှုရဲတော့ဘဲ ချွေးကျလာသည်။ ပဝါမချခဲမိသည့်အတွက် နောင်တကြီးစွာ ဖြစ်သည်။ ပဝါသာချခဲ့လျှင် ရင်ဘတ်လူမမြင်အောင် ဖုံးပေးနိုင်သည်။ ဆူညံနေသော တေးသံတို့သည် မူမူကို ဝိုင်းလှောင်နေကြသည်။ မူမူမှာ စိတ်ချောက်ချားလာလေသည်။ ကချေသည်ကလေးတို့ ခုန်လိုက်ပေါက်လိုက်သည် ကို ရဲရဲမကြည့်ရဲရှာ။ နောက်ထပ်ကြိုးများ ထပ်ပြုတ်သွားဦးမလားလို့ အလိုလိုစိတ်ထဲ၌ မလုံနိုင်အောင် ဖြစ်နေသည်။
မူမူသည် စိတ်မလုံ၍ ရင်ကိုမသိမသာ ငုံ့ကြည့်ပြန်သည်။ တစ္ဆေသရဲမြင်ရသကဲ့သို့ ကျောထဲ၌ စိမ့်တက် လျက် ခြေဖျားလက်ဖျားများ အေးစက်သွားလေသည်။
မူမူ၏စိတ်သည် တစ်ချိန်လုံး အင်မတန်မှ ပင်ပန်းဆင်းရဲလျက် ရှိနေလေ၏။ ပွဲအပြီးထကြ၍ လူတွေမြင် တော့မှာ မတွေးဝံ့ဝံ့၊ လှိုက်ဖိုနေရှာပေသည်။

“ငါ့အပြစ်….ငါ့အပြစ်၊ အပ်နဲ့အပ်ချည်သာ အိမ်မှာ ဆောင်ထားရင် ဒီလိုဖြစ်မှာမဟုတ်ဘူး။ ငါ့ကိုက အင်မတန် ပေါ့ပျက်ပျက်နိုင်ပါတယ်။ ဘာမဆို ပြီးလွယ်စေကြောင်း လုပ်လိုက်ချင်တာချည်းပဲ၊ လုပ်ဦးလေ လုပ်ဦး၊ ကဲ….”

မူမူသည် လက်ကလေးကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် အံကြိတ်ပြီး သူ့ကိုယ်သူ ကျိတ်ပြီး ရန်တွေ့နေလေ ၏။
မူမူသည် ဘော်လီအင်္ကျီ လက်ကြိုးကို လက်သည်းရှည်ကြီးနှင့် ဆွဲခြစ်ဖြန့်နေသော အိပ်ခန်းထဲက မူမူကို ပြန်ပြောင်း၍ မြင်မိလေသည်။ အိပ်ခန်းထဲ၌ မူမူသည် ယောက်ယတ်ခတ်နေလေ၏။ ဝိုင်ယာကြိုးလိုက်ရှာရ၊ ဘော်လီ လိုက်ရှာရ၊ ခြင်ထောင်ချပြီးချိတ်ဖြုတ်ရ။
မူမူသည် သူ့ရှေ့၌ပြနေသော ယဉ်ကျေးမှုကပွဲအစား အခန်းထဲ၌ ဗြောင်းဆန်အောင် ဖွကာ ဗရုတ်သုတ်ခ ဖြစ်နေသော မူမူ၏ ပုံသဏ္ဌာန်နှင့် လုပ်ပုံကိုင်ပုံများကို ပြန်မြင်နေ၏။
နေ့စဉ် နေခဲ့သော ဖုတ်အလိပ်လိပ်တက်နေသော အိမ်ခန်းကြီးကို ယခင်က မမြင်မိခဲ့ဘဲ ပွဲထဲကျမှ ရှုပ်ယှက် ခတ်ကာ ဖုတ်လူးနေသော အိပ်ခန်းကြီးကိုပါ မြင်မိတော့သည်။

မူမူသည် လူပေါင်းစုံသွားသည့် အိမ်သာတွေ လိုက်ဆေးကြောပေးချင်သည် ဆိုသော အမျိုးသမီးကို ဖျတ်ခနဲ သတိရကာ ရှေ့နှစ်တန်းသုံးတန်းအကျော်၌ ထိုင်ကြည့်နေသော အမျိုးသမီး၏ ကျောပိုင်းကို လှမ်းကြည့်လိုက်သေး သည်။

“ငါ့လောက် ပစ်စလက်ခတ်နိုင်တဲ့ မိန်းမမရှိဘူး။ လှည်းကျင်းပြီး သန့်သန့်ပြန့်ပြန့် စည်းနဲ့ကမ်းနဲ့ နေချင်ထိုင် ချင်တဲ့စိတ်မျိုးလည်း တစ်စက်မှမရှိဘူး။ အားအားရှိ ကျောဆန့်ချင်တာပဲ။ လပေါ်သရေနေချင်တာပဲ။ ငါသာ မိန်းမ ပီပီသသစိတ်ရှိရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး”

မူမူသည် ခုံတန်းရှေ့က အမျိုးသမီးကို စောစောကရွံရှာမိသည်ထက် သူ့ကိုယ်သူ အစစအရာရာ စိတ်ပျက်လျက် တစိမ့်စိမ့်ရွံရှာနေတော့သည်။
ပွဲအပြီး လင်းထိန်လိုက်၍ လန့်ဖျပ်သွားကာ ဘော်လီကြိုးပြုတ်သည့်ဘက်မှ ချိုင်းအောက်အင်္ကျီစကို အထက်မြှင့်တင်လိုက်သည်။ လုံးထွေးထည့်လိုက်သော ကြိုးစသည် တွဲလောင်းထွက်ကျသွားသည်။
မူမူသည် လက်ပြင်ကိုင်းလျက် ကုလားထိုင်တန်းများမှ ဘေးစောင်းထွက်လာရင်း ကြိုးစပြုတ်သောလက်ကို လက်မောင်းလုံးကြီးနှင့် အားရှိသလောက် ကပ်ဖိထားလေသည်။

ကိုဘမောင်သည် အတွင်း၀န်ကလေး တစ်ယောက်နှင့် မီးတိုင်အောက်ရှိ မူမူနားသို့ ရောက်လာသည်။ အတွင်း၀န်ကလေးသည် မူမူအားပြုံးနှုတ်ဆက်ကာ လူအုပ်ကြီးထဲ၌ သူ့မင်းကတော်ကို ရှာဖွေကြည့်နေလေသည်။
ကိုဘမောင်သည် မူမူ၏ရင်ဘတ်ကို ကြည့်လိုက်မိကာ မျက်လုံးမျက်ဆန်ကြီး ပြူးသွားလေသည်။

“ဟေ့…မင်းအထဲက ဘော်လီကြိုးပြုတ်နေပြီ ကြိုးစကြီးလည်းကျလို့”

အထိတ်တလန့်ဖြင့် မူမူနားသို့ ခပ်တိုးတိုးကပ်၍ ပြောလိုက်သော ကိုဘမောင်၏ အသံကို အနားရှိအတွင်း ၀န်မင်းကြားချင်လည်း ကြားပေလိမ့်မည်။
မူမူသည် ပူထူပြီး မျက်နှာပျက်ပျက်ဖြင့် နှုတ်ခမ်းလေးစူကာ မကြားတကြား ပြန်ပြောလိုက်သောအသံကို အနားရှိ အတွင်း၀န်မင်းကြားချင်လည်း ကြားပေလိမ့်မည်။

“ကိုကလည်း အမေရိကန် ရုပ်ရှင်မင်းသမီးတွေလည်း ဒီလိုပါပဲ။ တချို့ကြိုးတောင်မပါဘူး”

မူမူသည် ဟန်လုပ်၍ ပြောမည့်သာ ပြောလိုက်ရသည်။ သူ့ခြေထောက်အောက်က မြေကြီးကို သူမမြင်၊ ရင်အုံ တစ်ပိုင်းပေါ်နေသော သူ့ရင်ဘတ်သာ သူမြင်နေရသည်။

ဂျာနယ်ကျော်မမလေး