ဝိညာဥ်အငြိုး

ရွှဲရွှဲစိုနေကာ ဆံပင်များ ရှုပ်ပွနေလျက် အတော်ကို မနှစ်မြို့စရာ ရုပ်သွင်အဖြစ်ကို  ရောက်ရှိနေပြီ ဖြစ်၏။သို့ပေမဲ့ သူတို့ နှစ်ယောက်သည် မည်သူကိုမျှ ထိခိုက်အောင် လုပ်နိုင် မစွမ်းသေးပေ။ကမ္မဇိဒ္ဓိအား နည်းနေသေးသောကြောင့် ဖြစ်၏။မကြာသောအချိန်တွင် မောင်ဘိုးထင်သည် အိမ်ပေါ်သို့ပြန်တက်လာလေသည်။အိမ်ပေါ်ရောက်သောအခါ မကြီး နှင့် ရာကြီး၏ ဝိညာဉ်များကို မြင်နိုင်စွမ်းနေပြီ ဖြစ်သည်။အိမ်အောက်သို့သွားကာ ခြေစာမှုန့်ဖြင့် မန္တာန်ရွတ်ကာ မျက်လုံးကွင်းခဲ့၍ဖြစ်သည်။မောင်ဘိုးထင်သည် ထိုဝိညာဉ်နှစ်ကောင်အား သူတို့၏ ရာကြီး နှင့် မကြီး ဟူ၍ မသိတော့ပေ။အဘယ်ကြောင့်ဆိုသော် ထိုဝိညာဉ်များ၏ ကိုယ်မှ ထွက်နေသော အမဲရောင်အခိုးအငွေ့ များမှာ မည်သူမည်ဝါမှန်း မသိနိုင်လောက်အောင် ထောင်း ထောင်းထနေသောကြောင့် ဖြစ်သည်။မောင်ဘိုးထင်သည် ဝိညာဉ်နှစ်ကောင်ကို ကြည့်ကာ

    “ဟဲ့ သရဲတွေ ငါ စိတ်ထဲထင်နေတဲ့ အတိုင်း နင်တို့က တကယ် ရောက်နေတာပေါ့ “

   ထို့နောက် ဘိုးထင်သည် မန္တာန်တပုဒ်ကို ခပ်တိုးတိုးရွတ်လိုက်ပြီး ခြေကို ဆောင့်လိုက်ရာ မကြီး နှင့် ရာကြီးတို့၏ ဝိညဉ်သည် အိမ်ထရံကို ဖောက်ထွက်ကာ လွင့်စဉ်လို့ သွားရပါလေတော့ သည်။

    ◾အခန်း (၃)

     ဝိညာဉ်လောကထဲ ရောက်ခါစမှာပင် ရာကြီး နှင့် မကြီးတို့ သည် မောင်ဘိုးထင် ၏ လက်ချက်ဖြင့် ပန်းချီငို၏ အိမ်မှ အရှိန်ပြင်းစွာ လွင့်စင်လာရာ သူတို့တခါမှ မရောက်ဖူးသော နေရာသို့ ရောက်ရှိသွားလေ၏။ထိုနေရာသည် ရွာတရွာ ပမာ ရှိနေ၏။သူတို့ သေချာ ကြည့်လိုက်သည့်အခါမှ ထုံးဖြူဖြူ သုတ်ထားသော အုတ်ဂူများ နှင့် မြေပုံထိပ်မှ မှတ်တိုင်များ ရှိနေလေရာ သင်္ချိုင်း ဆိုသည်ကို သူတို့ သတိထားမိသွား၏။သင်္ချိုင်းတွင် သူတို့ကို မြင်သော်လည်း မသိကျိုးကျွန်ပြု၍ သွားလာလှုပ်ရှားနေကြသည်များမှာ စင်စစ် အပယ်ဘုံသားများသာဖြစ်ချေ၏။ရာကြီး နှင့် မကြီးသည် ဟိုလူခေါ် ရနိုးနိုး ဒီလူကို ခေါ်ရနိုးနိုးနှင့် ဘာလုပ်ရမည်မှန်းမသိဖြစ်နေစဉ် ဇရပ်ပေါ်တွင် ပိတ်ဖြူစင်ကြယ်ကို ဝတ်ဆင်ထားပြီး တရားထိုင်နေသော ပုဂ္ဂိုလ်တဦးကို တွေ့ရသောအခါ လူစိတ်သိပ်မပျောက်သေးသော ရာကြီးသည်

    “မကြီး ဇရပ်ပေါ်က တရားထိုင်နေတာ သူတော်စင်လားမသိဘူးနော် ကျုပ် တခါမှ မမြင်ဖူးဘူး “

    “အေး ဟုတ်မယ် နင်က ဘာလုပ်မလို့တုန်း “

    “ကျုပ်တို့ သွားကန်တော့ကြရအောင် ဗျာ “

    “ငါတို့က သေနေပြီ မဟုတ်လား “

    “သေသေ ရှင်ရှင် ကန်တော့ထိုက်သူကို ကန်တော့တာကောင်းပါတယ် ကျုပ်တို့ကိုလည်း သူ မြင်ရင်မှ မြင်မှာပါ “

    “အေးဟယ် နင့်သဘောပဲ “

    ဝိညဉ် ရာကြီး နှင့် မကြီးသည်  ဇရပ်ပေါ် တက်သွားပြီး တရားထိုင်နေသော ပုဂ္ဂိုလ် နှင့် မလှမ်းမကမ်းတွင် ထိုင်ကာ ရှိခိုးဦးချလေသည်။ဦးချပြီးသော်လည်း သူတို့ နှစ်ယောက်သည် မည်သည့်နေရာကိုမျှ ထွက်မသွားသေးဘဲ ဇရပ်တိုင်ကိုသာ မှီပြီး တရားထိုင်နေသော ပုဂ္ဂိုလ်ကိုသာ ငေး‌ကြည့်နေလေ၏။အတန် ကြာသောအခါ ထိုပုဂ္ဂိုလ်သည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လာပြီး

    “ဒုက္ခ ‌ဒုက္ခ ဒါပေမဲ့ သင်တို့က သေလွန်တာ မကြာသေးဘူးထင်တယ် “

    “ဗျာ ဆ ဆရာကြီးက ကျုပ်တို့ကို မြင်တာလား “

    ရာကြီးသည် သူတို့အား စကားဆိုနေသော တရားထိုင်နေသည့် ပုဂ္ဂိုလ်ကို ကြည့်၍ မယုံကြည်နိုင်စွာ စကားဆိုနေလေသည်။ထို့နောက် တရားထိုင်နေသော ပုဂ္ဂိုလ်ကြီးသည် တချက်ပြုံးလိုက်ကာ

    “ကဲ ကဲ သင်တို့ နှစ်‌ယောက်က ကျုပ်ကို ဦးချကန်တော့တယ်ဆိုတော့ ဘာအကူအညီပေးရမလဲ ပြောပါ “

    “တ တကယ်ပြောတာလား ဆရာကြီး “

    “တကယ်ပြောတာပါ သင်တို့ လိုအပ်တဲ့ အရာကို တောင်းနိုင်ပါတယ် “

    “ကျုပ်တို့က ဒီဘဝကို အခုမှ ရောက်လာတာဆိုတော့ ယောင် လည်လည် ဖြစ်နေပါတယ်။ဖြစ်နိုင်ရင် အရာဝတ္ထုတွေကို ကိုင်ချင်ထိတွေ့ချင်ပါတယ် ဆရာကြီး “

    “ဘာဖြစ်လို့လဲ တခြား တန်ဖိုးရှိရာကို ပြင်တောင်းပါ “

    ထိုအခါ ရာကြီး နှင့် မကြီးသည် တ‌ယောက်မျက်နှာ တယောက်ကြည့်ကာ

    “ဘယ်လို သဘောရလဲ မကြီး “

    “နင့်သဘောပဲ ငါတို့ ထိနိုင် ကိုင်နိုင်ရင် ဟိုအကောင်တွေကို ဆုံးမလို့ရတယ် အဲ့တာပဲ တောင်း “

    “အေးဗျာ စိတ်ချ ကျုပ်လည်း အဲ့တာပဲ တောင်းမယ် “

    ရာကြီးသည် ပုဂ္ဂိုလ်ကြီး ဘက်ကို ပြန်လှည့်ကာ

    “ထိနိုင် ကိုင်နိုင်အောင်ပဲ လုပ်ပေးပါ တခြား ဘာကိုမှ မလိုအပ်ပါဘူး “

    “အင်း တယ်ခက်တာကိုး သင်တို့က အဲ့တာပဲ လိုချင်နေတယ် ဆိုတော့လည်း ကျုပ်က ဖြည့်ဆည်းပေးရတာပေါ့ ဒါပေမဲ့ ကိုယ် တိုင် မှတ်သားဖို့တော့ လိုတယ်နော် “

    “ဟုတ် ဟုတ်ကဲ့ ဆရာကြီး “

    “အဲ့တာဆို မှတ်ပေတော့၊သင်တို့မှာကစိတ်ဝိညာဉ်တွေ အဖြစ် သို့ပြောင်းသွားပြီး အများသူငါ မြင်တွေ့နိုင်တဲ့ ရုပ်ကိုယ်ခန္ဓာကြီးကနေ သင်တို့ရဲ့ နာမ်က စွန့်ခွာသွားတာကို သေတယ်လို့ ဆိုတာ  အခု သင်တို့ ရောက်နေတဲ့ ဘဝကလည်း အပါယ်ဘုံဘဝ ပဲ  ကောင်းတဲ့ဘုံမှာတော့ ရောက်နေတယ် မထင်စေချင်ဘူး။သင်တို့ အရာဝတ္ထုတွေကို ကိုင်တွယ်ချင်ရင် သင်တို့ရဲ့ စိတ်ကို ငြိမ်အောင်ထားပြီး ဒီအရာကို ကိုင်နိုင်တယ် လို့မှတ်ပြီး ကိုင် ကြည့်ပေတော့ “

    “ကျုပ်တို့ ဒီမှာ တခါတည်း လေ့ကျင့်ပါရစေ။မသိတာရှိရင် ဆရာကြီးကို မေးချင်လို့ပါ “

    “ကောင်းပါပြီ ကောင်းပါပြီ “

    ဝတ်ဖြူစင်ကြယ်ဝတ် ပုဂ္ဂိုလ်သည် ထိုမျှသာ စကားဆိုပြီး တရားပြန်ထိုင်နေလေသည်။ရာကြီး နှင့် မကြီးသည်က ဇရပ် ‌တိုင်တွင် ရှိသော ရေအိုးစင်မှ သစ်သားရေအိုးဖုံးပေါ်တွင် တင်ထားသော အုန်းမှုတ်ခွက်ကို တယောက်တလှည့် ကိုင်ကြည့်နေလေသည်။သို့သော်လည်း ကိုင်၍ မရပေ။သူတို့ ကိုင်လိုက်တိုင်း သူတို့၏ လက်များသည် ရေအိုးထဲသို့သာ နစ်ဝင်သွားနေသည်။ အတန်ကြာအောင် ပြုလုပ်သော်လည်း မရဖြစ်နေသောအခါ တရားထိုင်နေသော ပုဂ္ဂိုလ်သည် မျက်လုံးကို မဖွင့်ပါပဲ စကားဆိုလေသည် ။

    “သင်တို့က ရေမှုတ်ကိုမှ အာရုံမထားတာ ဘယ်လိုလုပ်ကိုင်လို့ရမလဲ ရေမှုတ်ကိုသာ အာရုံ‌အသေအချာပြုပြီး ကိုင်ပေတော့ “

    ထိုအခါ ရာကြီးသည် သူ၏ ရှေ့မှ အုန်းမှုတ်ခွက် ရေမှုတ်ကို သာ အာရုံအသေချာပြု၍ ကိုင်လိုက်ရာ

    “ဟာ ကျုပ် ကျုပ် ကိုင်လို့ ရသွားပြီး မကြီး ကိုင် ကိုင်ကြည့် ရေမှုတ်ကိုပဲ အာရုံထား “

    ရာကြီးသည် ကိုင်ထားသော ရေမှုတ်ကို ပြန်တင်လိုက်ပြီး မကြီးအား စကားဆိုလေသည်။ထိုအခါ မကြီးသည်လည်း ရေမှုတ်ကို စူးစိုက်ကြည့်ကာ ကိုင်ပြီး မြှောက်လိုက်သောအခါ  အောင်မြင်စွာ ကိုင်မြှောက်နိုင်သွားပြီ ဖြစ်ပါလေတော့သည်။

    ◾အခန်း (၄)

    မောင်ဘိုးထင်တို့သည် ပန်းချီငို၏အိမ်တွင် အိပ်ကြပြီး မနက်မိုးလင်းသောအခါ  ရွာထဲရှိလမ်းပေါ်မှ လူတချို့၏ အုံးအုံး ကြွက်ကြွက် အသံများကြောင့် နိုးလာကြကုန်သည် ။

    “ကိုပန်းချီငို ခင်ဗျားတို့ရွာက ဘာရှိလို့လဲဗျ အစောကြီးရှိသေးတယ်။လူတွေ တရုန်းရုန်းနဲ့ “

    “ငါလည်း ဘယ်သိမလဲဟ မင်းတို့နဲ့ အတူတူနေ နေတာကို ခဏလေး ငါ မေးကြည့်မယ် “

    ပန်းချီငိုသည် သူ၏အိမ်ပြတင်းတံခါးကို တွန်းဖွင့်လိုက်ပြီး ရွာလယ်လမ်းတွင် စကားတပြောပြော နှင့် သွားနေကြသော လူတချို့အား လှမ်းအော်မေးလိုက်လေတော့သည် ။

    “ဟေ့ ရေသရဲ ဘဦး ဘာတွေ ဖြစ်နေကြတာတုန်းကွ မနက်စောစော စီးစီး”

    “ဘာဖြစ်ရမှာတုန်း အရုပ်ချောင်းမှာ လူသေ အလောင်းနှစ်လောင်းတွေ့လို့ ဆယ်နေတာကို သွားကြည့်နေကြတာဟေ့ “

    “ဒီလောက် ရေတွေ တက်နေတာ ဘယ်ကလေးတွေ မကြောက်မရွံ့ ရေသွားဆော့တာလဲ မသိဘူး “

    “ကလေးတော့ မဟုတ်ဘူးတဲ့ဗျ လူကြီးတွေလို့ ပြောတယ် “

    “ဟေ ဟုတ်လား သွားသွား ငါတို့လည်း ခဏနေရင် လာကြည့် ဦးမယ် “

    ပန်းချီငိုသည် လမ်းသွားလမ်းလာများကို မေးမြန်းပြီးနောက် မောင်ဘိုးထင်တို့ဘက်လှည့်ကာ

    “မင်းတို့လည်း ကြားတယ် မဟုတ်လား “

    “ကြားတယ် “

    “စိတ်တော့ မကောင်းပါဘူး မင်းတို့ သွားကြည့်မလား”

    “မကြည့်ပါဘူးဗျာ ညက အိပ်ရေးပျက်ထားတာ  နောက်ထပ် နည်းနည်းထပ်အိပ်လိုက်ဦးမယ် “

    မောင်ဘိုးထင်တို့သည် ပန်းချီငိုအား ထိုသို့သော စကားဆိုလိုက်ပြီး ပြန်အိပ်နေလေသည်။ ပန်းချီငိုသည်က ဆက်မအိပ်တော့ပဲ သူ၏ ကျေးဇူးရှင်များအတွက် မနက်စာ ပြင်ဆင်ပေးရန် အိပ်ယာမှ ထသွားလေတော့သည်။ မောင်ဘိုးထင်တို့ ပြန်ပြီး အိပ်ပျော်လုလု အချိန်တွင် အိမ်အောက်မှ အော်ခေါ်သံများ ဆူညံစွာ ထွက်ပေါ်လာလေသည် ။

    “ဖိုးထွေး၊သာရ နဲ့ ကလေးသုံးကောင်ရှိလား ပန်းချီငို “

    “ရှိ ရှိပါတယ် ခင်ဗျာ ကောင်လေးတွေက အိပ်နေပါတယ် ပေပင်ရွာလူကြီးရော ရေအိုးစင်ရွာ လူကြီးရော ပါလား ဘာကိစ္စများ ရှိလို့လဲ “

    “ကိစ္စက နောက်မှမေး မင်းရော ဟိုမျောက်လောင်းလေးတွေ ရော ပေပင်ရွာကို လိုက်ခဲ့ရမယ် “

    “မ အားဘူး ခင်ဗျ ကျုပ်က အလုပ်က “

    “မင်းစကားမများနဲ့ မင်း ငါ့ရွာမလိုက်ချင်ရင် မြို့ဂတ်ကို ပို့ရလိမ့်မယ် “

    “ဗျာ ဘာ ဘာ ဖြစ်လို့ လဲ ‘

    “ဘာဖြစ်ရမှာလဲ မင်း နဲ့ မင်းကောင်တွေ မွှေလို့ ရာကြီး နဲ့ မကြီး ဆုံးပြီကွ “

    ထိုစကားကို အိမ်ပေါ် မှနားထောင်နေသော မောင်ဘိုးထင်တို့ ကြားရသောအခါ တယောက်မျက်နှာ တယောက်ကြည့်လိုက်ပြီး  ငိုကျွေးနေကြပါလေတော့သည် ။

    ◾အခန်း (၅)

     ပေပင်ရွာလူကြီး၏ အိမ်တွင်  မောင်ဘိုးထင်တို့ ထိပ်တုံးခတ် ခံထားရသည်။ရွာလူကြီးသည် သူ၏သားကိုပင် မျက်နှာသာမပေး ရေအိုးစင်ရွာမှ ထိပ်တုံးကိုပါငှား၍ သူတို့ ခြောက်ယောက်ကို ထိတ်တုံးခတ်ထားသည်။ယခုကိစ္စတွင် မလေးပါ ကြံရာပါဟု သူတို့ တယောက်မျှ မဖွင့်ဟ။ပန်းချီငိုသည်လည်း သူ၏ လုပ်ရပ်အတွက် စိတ်မကောင်းဖြစ်နေသည်။သူတို့သည် ရာကြီး နှင့် မကြီး ၏ အလောင်းကိုတောင် မမြင်တွေ့နိုင်ပေ။ရွာလူကြီး အိမ်တွင် ထိပ်တုံးခတ်ခံထားလျက်မှ ငိုရှိုက်နေကြသည်။

    “ဒီလို ဖြစ်မယ်မှန်းသိရင် ကျုပ်တို့ မြောက်ဘက်ကမ်းကို မပို့ပါဘူးဗျာ ‌”

    “ဟုတ်တယ် သာရ ငါလည်း ဒီလိုဖြစ်မယ်မှန်းသိရင် လေးမကြီးကို မပို့ပါဘူး “

    “ကျုပ်တို့ကြောင့် သူတို့သေရတာ “

အစက ပေပင်သားများသည် ပန်းချီငို နှင့် မောင်ဘိုးထင်တို့ အား အတော်ကို ဒေါ်သထွက်နေကြသော်လည်း ထိတ်တုံးခတ် ခံထားရသည့်တိုင် ရာကြီး နှင့် မကြီး ဆုံးပါးမှုအတွက် အတော် ကို ယူကြုံးမရဖြစ်နေသော မောင်ဘိုးထင်တို့ကြောင့် စိတ်တို ဒေါသသည် မထွက်တော့ပဲ ၀မ်းနည်းနေကြသည်။ သို့ပေမဲ့ ရွာလူကြီးသည်က သေဆုံးသူများ၏ မိသားစုအတွက် တရားမျှတမှု ယူပေးရဦးအုံးမည် ဖြစ်ရာ သူ၏ သားအပါအဝင် ထိုကြံစည်သူများကို ထိတ်တုံးခတ်ထားပြီး စစ်မေးနေခြင်းဖြစ်သည် ။

    “ဖိုးထွေး “

    “ဗျာ အဘ “

    “မဘ နဲ့ အခုအချိန်မှာ ငါက မင်း အဘမဟုတ်ဘူး ပေပင်ရွာကလူကြီး ငါ မေးတာကို အမှန်တိုင်းဖြေ တကယ်ဆို မင်းတို့နှစ်ယောက်က အကြီး မင်းတို့မှာ အပြည့်အဝ တာဝန်ရှိတယ် “

    “ဟုတ်ကဲ့ပါ အဘ”

    “မင်းနဲ့ ဘိုးထင်နဲ့က မကြီးကို ခေါ်သွားတယ် ဆိုတာ ဟုတ်လား “

    “ဟုတ်ပါတယ် “

    “မင်းတို့ကောင်တွေ မင်းတို့ အမေနီးပါးအရွယ်တွေကို ပြောင်စရာ နောက်စရာများ ထင်နေတာလား “

    “ကျုပ်တို့က အဲ့လို ရည်ရွယ်တာ မဟုတ်ပါဘူး အဘ “

    “အဲ့တာဆို ဘယ်လိုလဲ ပြောစမ်း “

    “ဟို ဟို “

    ဖိုးထွေး ဆက်ပြီး မပြောတော့ပါ ဆက်ပြောက မလေးပါ ပါ လာမည်ပြီး အကုန်လုံးရှုပ်ကုန်မည်ဖြစ်သည်။ထို့အတွက် ကြောင့် ဖိုးထွေး မည်သည့် စကားမျှ မပြောတော့ပေ ။

    “ကောင်းပြီ။မင်းတို့တွေကို ရာကြီး နဲ့ မကြီး နာရေး ပြီးတဲ့ အထိ ထိတ်တုံးခတ်ထားမယ် နောက်ထပ်ကိစ္စက သေဆုံးသူမိသားစုတွေရဲ့ သဘောပဲ သူတို့ခွှင့်လွှတ်ရင် မင်းတို့ လွတ်မယ် သူတို့ မကျေနပ်လို့ မြို့ဂတ်ကိုပို့ဆိုရင် ငါက မြို့ဂတ်ပို့မယ် ကြားလား “

    “ဟုတ်ကဲ့ပါ အဘ “

    ရွာလူကြီးသည် ပန်းချီငိုကို သေချာကြည့်ကာ

    “ပန်းချီငို မင်းကလည်း မကြီးမငယ် နဲ့ မိန်းမတောင်းကာနီးနေပြီ အခုတော့ ငါလည်း မတတ်နိုင်ဘူး မင်းယောက်ခမလောင်းကြီးသာ မင်းတို့ကို မြို့ဂတ်မပို့ခိုင်းဖို့ ဆုတောင်းပေတော့”

    “ရပါတယ် ရွာလူကြီး ကျုပ်တို့က ဒီလိုဖြစ်မယ်လို့ တကယ်မ ထင်တာပါ ကျုပ်တို့လည်း အတော်ကို စိတ်မကောင်းဖြစ်ရပါတယ်ဗျာ”

    “ကဲ ကဲ ထားတော့ ငါလည်း နာရေးအိမ် သွားလိုက်ဦးမယ် “

    ထို့နောက် ရွာလူကြီးသည် မောင်ဘိုးထင်တို့ ခြောက်ယောက်အား ထိတ်တုံးခတ်ထားပြီး အိမ်ဝိုင်းအပြင်သို့ ထွက်သွားကာ ရေနစ်သေဆုံးသူ မကြီး နှင့် ရာကြီးတို့ နာရေးအတွက် သွားရောက် ပြင်ဆင်ပေးရန် ထွက်သွားပါလေတော့သည် ။

    ◾အခန်း (၆)

     ပေပင်ရွာ၏ ညသည်က မှောင်မိုက်လှပေသည်။ထိုအတွက် ရွာလူကြီးအိမ်လေးသည်လည်း မှောင်မိုက်ခြင်းအတိဖြစ်၏။ထိတ်တုံးနှစ်ခုကို တန်းစီပြီး လူခြောက်ယောက် ထိတ်တုံးခတ် လျက် အနေအထားဖြင့် ရှိနေသည်။ပန်းချီငို နှင့် ဖိုးထွေး၊သာအေး တို့သည်က ထိတ်တုံး တခု သာရ၊ပေတူး နှင့် မောင်ဘိုးထင်တို့သည်က ထိတ်တုံးတခု ခတ်ခံထားရသည်။သူတို့သည် အိပ်ချင်စိတ်မဖြစ်ဘဲ မကြီး နှင့် ရာကြီး အကြောင်းကိုတွေးက စိတ်မကောင်းဖြစ်နေကြသည်။သူတို့ မမြင်နိုင်သည်မှာ သူတို့ သတိရနေသော ရာကြီး နှင့် မကြီးတို့သည် အနားတွင်ရပ်ကာ မျက်စောင်းထိုးကြည့်နေသည်။မောင်ဘိုးထင်သည် သူ၏ ဘေးမှ သာရကို တံတောင်နှင့် တို့ကာ

    “ကိုသာရ “

    “အေး ဘိုးထင် “

    “ဦးရာကြီး နဲ့ လေးမကြီးတို့တော့ ဘယ်ဘဝကိုများရောက်နေကြလဲ မသိဘူးနော် နောင်ဘဝမှာ ညားပါစေဗျာ “

    “သူတို့က မူချင်လို့ ချောင်းဖြတ်ကူးတာ နေမှာပေါ့”

    “အဲ့လို မပြောပါနဲ့ကွာ တကယ်တော့ ငါတို့မှားတာ “

    “ဖြောင်း “

    “အား ကိုသာရ မှားတယ် ဆိုရင်လည်း ကိုယ့်ပါးကို ရိုက်ပြီးပြောလေဗျာ ဘာလို့ ကျုပ်ပါးရိုက်နေရတာလဲ “

    ” မရိုက်ပါဘူးကွာ “

   “အမေလေး ကိုပန်းချီငို မကျေနပ်ရင်တည့်ပြောဗျာ အမှောင်ထဲမှာ ပါးရိုက်တာတော့ မကောင်းပါဘူး “

    “မရိုက်ပါဘူးကွာ အား သွားကျိုးပါပြီကွာ ငါ မရိုက်ပါဘူးဆို ဘာလို့ ပြန်ရိုက်တာလဲ “

     သူတို့သည် တယောက်တပေါက် အော်ကာ ပါးများကို ပွတ်နေလေသည်။ထူးဆန်းစွာပင် ရွာလူကြီးသည်လည်း အိမ်၌ ရှိမ နေပေ။မကြာသောအချိန်တွင် ပန်းချီငိုသည် တခွီးခွီးဖြင့် လည်ပင်းကို ကိုင်ကာ အသက်ရှုပ်ကြပ်နေသည့်ဟန် ဖြစ်လာလေသည်။ အမှောင်ထဲမို့ ကျန်သူများ မမြင်ရသော်လည်း ပန်းချီငို မသက်မသာဖြစ်နေသည်ကို သိသောကြောင့် မောင်ဘိုးထင်တို့သည် ငယ်သံပါအောင် အော်ပါလေတော့သည်။

    “လုပ်ပါဦးဗျ ကိုပန်းချီငို ဘာဖြစ်တာလဲ မသိဘူးဗျို့  “

    “ကယ်ကြပါဦး”

     “ကယ်ကြပါဦး ဗျို့ “

    မောင်ဘိုးထင် တို့၏ ကျယ်လောင်သောအော်သံကြောင့် ရွာလူကြီး အပါအဝင် တခြားသူများသည် မီးအိမ်လေးများဆွဲပြီး သူတို့ အနားသို့ ရောက်လာကြသည်။အနားသို့ရောက်သောအခါ မီးအိမ်အလင်းရောင်အောက်တွင် မျက်ဖြူလန်နေပြီဖြစ်သော ပန်းချီငိုအား ထိတ်တုံး အမြန်ဖြုတ်ပေး၍ သတိ ပြန်လည်ရန် ဝိုင်းဝန်းပြုစု ပေးနေကြသည်။ထို့နောက် ထိတ်တုံး ခတ်ခံထားရသော သူများအားလုံးကို မီးရောင်ဖြင့်ကြည့်လိုက်သောအခါ အားလုံး၏မျက်နှာတွင် အညိုအမဲများ စွဲနေပြီ ဖြစ်သည််။ပန်းချီငိုလည်း သတိပြန်ရလာသောအခါ ရွာလူကြီးသည်

    “ဟေ့ကောင်တွေ ဘယ်လို ဖြစ်တာလဲ “

    “ကျုပ်တို့ကို ပါးတွေ တယောက်ယောက် လာရိုက်နေတယ် ကျုပ်ကိုဆို သေအောင် လည်ပင်းပါ ညှစ်နေတယ် “

    “ဟုတ်ရော ဟုတ်လို့လား မင်းတို့ အချင်းချင်းတွေ ပြန်ရိုက်ထားတာ မဟုတ်ဘူးလား “

    “ဟာ ရွာလူကြီးရာ ကျုပ်တို့က ဘာလို့ ရိုက်ရမှာလဲ ကျုပ် အထင် လေးမကြီး နဲ့ ဦးရာကြီး ကျုပ်တို့ကို မကျေနပ်လို့ လာ လုပ်တာ ဖြစ်မယ် “

    ရွာလူကြီးလည်း ခေါင်းခြောက်ကာ မီးခွက်များ ထွန်းပြီး မောင်ဘိုးထင်တို့ကို စောင့်ပေးနေရလေသည် ။ထိုအခါမှ နောက်ထပ် မည်သည့်အနှောက်အယှက်မျှ ထပ်မတွေ့ရတော့ဘဲ  အေးဆေးစွာ နေရပါလေသည် ။

    ◾အခန်း (၇)

    မောင်ဘိုးထင်တို့အား ရာကြီး နှင့် မကြီးတို့မှ သရဲ ဘ၀နှင့် ပါးရိုက်၊လည်ပင်းညှစ်သည်ဆိုသော သတင်းသည် ပေပင်တရွာလုံးတွင် သာမက ရေအိုးစင်ရွာထိတိုင်အောင် ပျံနှံ့၍ သွားလေသည် ။ထိုသတင်းအား မလေး ကြားသောအခါ မောင်ဘိုးထင်တို့အတွက် များစွာ စိတ်မကောင်းဖြစ်မိသည်။အမှန်ဆိုလျှင် ဤကလေး တသိုက်ကို အသုံးချသူမှာ သူမလည်း အပါအ၀င် ဖြစ်၏။ ထို့ကြောင့် မိခင်ကြီးဖြစ်သူအား ဖြစ်ကြောင်းကုန်စင် ပြောသောအခါ မိခင်ကြီးသည်

    “ငါ ထင်ပါတယ်အေ ဖိုးထွေးတို့ ဘိုးထင်တို့က ဒီလိုဖြစ်အောင် မလုပ်ဘူးဆိုတာ။အမှန်တော့ ဖြစ်ချိန်တန်လို့ ဖြစ်တာပါပဲ ဘယ်သူ့ ဘယ်သူမှ အပြစ်မရှိပါဘူး။ငါလည်း ရွာလူကြီးကို အဲ့ကလေးတွေကို လွှတ်ပေးဖို့ အစကတည်းက ပြောထားပါတယ်။ဆရာတော်ကလည်း ရာကြီးရဲ့ အုပ်ထိန်းသူအနေနဲ့ သူလည်း ကလေးတွေကို အပြစ်မယူပါဘူး။ဖြစ်ချိန်တန်လို့ ဖြစ်ကြ၊ပျက်ကြတယ် လို့ပဲ သဘောထားပါတယ်။ညည်းလည်း သတိ သံဝေဂရတော့။အိမ်ထောင်ပြုမယ်ဆို မြန်မြန်ပြု အရင်လို လောင်းကစားပဲ မက်မနေနဲ့ နင့်အမ ဘယ်လို ဖြစ်သွားတယ်ဆိုတာ တွေ့လား လောင်းကစားနဲ့ ပတ်သတ်ရင် ဘာအသိတရားမှ မရှိတော့ဘူး”

    “ဟုတ်ကဲ့ပါ အမေ ကျမ အမြင်မှန်ရပါပြီ  အခုတော့ ကျမ အပြင်ကို သွားပါရစေ “

    “သွား သွား”

    မလေးသည် အမြဲတတွဲတွဲ အတိုင်ဖောက်ညီလှသော အမ ဖြစ်သူ မရှိတော့သဖြင့် အတော်ကို ယူကြုံးမရဖြစ်မိသည် ။ သူမ၏ အမ ဆုံးပါးသွားပြီဆိုသည်အား မယုံကြည်နိုင်အောင် ဖြစ်နေသည်။ယခု သူမ သွားမည့်နေရာမှာ ရွာသင်္ချိုင်းဆီသို့ ဖြစ်သည်။ မဆီမဆိုင် ကလေးတွေ ဒုက္ခရောက်မည် စိုးသောကြောင့် အမ ဖြစ်သူ နှင့် ရာကြီး တို့အား သွားတောင်းပန်မည်ဟု ဆုံးဖြတ်ကာ တယောက်တည်း ထွက်လာခြင်းဖြစ်သည် ။ ရွာအပြင် သင်္ချိုင်းသို့ ရောက်သောအခါ သူမ၏ လက်တဖက် တချက်စီကို လူနှစ်ယောက်မှ တဖက်စီ ဆွဲကိုင်ထားသကဲ့သို့ ခံစားနေမိသည် ။သူမသည် ကြောက်စိတ်ကို ကြိတ်မှိတ်ပြီး ထိန်းကာ

    “အမ နဲ့ ကိုရာကြီးလား  ကျမ တောင်းပန်ချင်လို့ပါ  ကျမ ပြောတာကို ကြားတယ်ဆို သိ‌သာစေမဲ့ အရာ တခုခု လုပ်ပြပါဦး “

    မလေး၏ စကားဆုံးသောအခါ သူမ၏ ရှေ့တွင်ရှိသော မြေခဲလေးများသည် လေပေါ်သို့ မြောက်တက်လာပြီး ပြန်ကျသွားလေသည်။ထိုအခါ မလေးသည် ဆက်ပြီး စကားဆိုသည် ။

    “အမ ငါတောင်းပန်ပါတယ် ဒီကိစ္စတွေ အကုန်လုံးက ငါက နေ စခဲ့တာပါဟာ။ကလေးတွေနဲ့ ကိုပန်းချီငိုက ဘာမှ မဆိုင်ပါဘူး။နင်တို့ မကျေနပ်တို့ သတ်ချင်ရင် ငါ့ကို သတ်ပါ ငါအသေ ခံပါမယ် “

    “ကိုရာကြီး ကျမ တောင်းပန်ပါတယ် ကျမ ရှင့်ကို အကိုကြီးတယောက်လိုပဲ သံယောဉ်ရှိတာပါ။အဲ့တာကြောင့် ကျမ အမနဲ့ ပေးစားဖို့ မိုက်မိုက်မဲမဲ စီစဉ်တာပါ ကလေးတွေကို ဘာမှ မလုပ်ပါနဲ့နော် သူတို့က တကယ်ကို ဘာအပြစ်မှ မရှိတာပါ။ကျမ တောင်းပန်ပါတယ် မကျေနပ်ရင် ကျမကို အပြစ်ပေးပါရှင် “

    မလေးမှာ ငိုမဲ့မဲ့ လေသံလေး နှင့် တောင်းပန်စကားဆိုနေ သည်။ထို့နောက် အချိန်အတန်အကြာ မည်သည့်စကားမျှ မပြောပဲ ငြိမ်နေစဉ် မြေစာမှုန့်များ အပေါ်သို့ ပျံတက်လာပြီး မလေးအနီးအနားသို့ ခြေလှမ်း တလှမ်းချင်းစီအတိုင်း မြေစာမှုန်လေးများနှင့် မြက်ပင်လေးများ လှုပ်ယမ်းသွားပြီး တရွေ့ရွေ့ လှမ်းလာလေသည်။ထို့နောက် လူတယောက် ပွေ့ဖက်လိုက်သည့်အလား မလေးခံစားရ၍ သူမ မမြင်ရသော်လည်း ခန့်မှန်းပြီး ပြန်လည်ထွေးပွေ့ကာ

    “ဘယ်သူလဲ အမလား”

    ထိုအခါ ကျောပြင်ကို လက်နှင့် အသာအယာပုတ်ပြီး ဟုတ် မှန်ကြောင်း ပြောသည့်အတွက် မျက်ရည်များစီးကျရပြန်သည်။

    “အမ ဆွမ်းသွပ်လို့ အမျှဝေရင် သာဓုခေါ်ပါနော် မမေ့ပါနဲ့ ကိုရာကြီး အနားမှာ ရှိနေရင် ကျမပုခုံးကို ကိုင်ထားပေးပါလား “

    သူ ထိုသို့ပြောလိုက်သောအခါ ပုခုံးတဖက်ကို လာကိုင်သည်ကို သိသာစွာ ခံစားမိလိုက်ပြီး

    “ကိုရာကြီးလည်း အမျှဝေရင် သာဓုခေါ်ပါနော်  အရာအားလုံး အတွက် ကျမတောင်းပန်ပါတယ်ရှင်  တောင်းပန်ပါတယ် “

    ဤသို့ဖြင့် မလေးသည် သူများအမြင် တယောက်ထည်း ငိုကျွေးနေသည်ဟု ထင်နိုင်ပေငြား သူမ၏ အနားတွင်တော့ သူမ၏ အမ နှင့် ရာကြီး ရှိနေသည်ဆိုတာကို သာမာန်သူများ အဖို့ သိနိုင်မည် မဟုတ်တော့ပါ။

    ◾အခန်း (၈)

    မောင်ဘိုးထင်တို့အား မကြီး၏ မိခင် နှင့် ရွာဦးဆရာတော်၏ မေတ္တာရပ်ခံမှု့ဖြင့် ရွာလူကြီးမှ ထိတ်တုံး ဖြုတ်ပေးလေသည် ။ထိတ်တုံးမှ လွတ်သည်နှင့် သူတို့အားလုံးသည် ရွာပြင်မှ သင်္ချိုင်းသို့ သွားပြီး မြေပုံရှေ့တွင် ရှိခိုးဦးချကာ တောင်းပန်နေလေသည်။ပန်းချီငိုသည်လည်း ငိုယိုပြီးတောင်းပန် နေလေ၏။ သူတို့ တောင်းပန်နေရခြင်းမှာ ကြောက်၍ မဟုတ် စိတ်ထဲ မကောင်းလွန်း၍ တောင်းပန်ကြခြင်းဖြစ်၏။သူတို့ မည်မျှ တောင်းပန်နေသည် မသိ နေဝင်လုလုအချိန်တိုင်အောင် ရွာသို့ မပြန်သေးပဲ ရာကြီး နှင့် မကြီး၏ မြေပုံနားတွင် ထိုင်နေမိကြသည်။ထိုစဉ် ရွာထဲမှ လူတယောက်သည် သင်္ချိုင်းဆီသို့ ဒုန်းစိုင်းပြေးလာနေသည်။ထိုသူမှာ ချိုးသိမ်းဖြစ်သည် ။ ချိုးသိမ်းသည် မောင်ဘိုးထင်ကို ကြည့်ကာ

    “ဘိုး ဘိုးထင် “

    “ဗျာ ကိုချိုးသိမ်း ဘာဖြစ်လို့ဘလဲ “

    “ဘာဖြစ်လို့လဲက နောက်မှပြော မင်း အဘ ဘာဖြစ်တာလဲ မသိဘူး  ဒယီးဒယိုင် နဲ့ ရွာထဲ ဝင်လာတာ အခု မင်းတို့ အိမ်ကို လိုက်ပို့ထားတယ် ရွာကလူတွေ “

“ဟာ ဘယ်လိုဖြစ်တာလဲ ဗျာ “

    “မသိဘူး ငါတို့ မေးတာလည်း ဘာမှ မေးလို့ မရဘူး “

    “ဒုက္ခပါပဲဗျာ အဘ အဘ “

    မောင်ဘိုးထင်သည် ကျန်သူများကိုပင် စကားမပြောနိုင်‌တော့ပဲ ရွာထဲသို့ ပြေးဝင်သွားလေတော့သည်။မောင်ဘိုးထင် ပြေးသွားသည်နှင့် ကျန်သူများလည်း သူနောက်မှ ပြေး၍ လ်ိုက်သွားပါလေတော့သည် ။

    ◾အောက်လမ်းဘိုးထင်နှင့် ဝိညဉ်အငြိုးသည်က ဤမျှသာ။
📝မောင်တင်ဆန်း