တစ်ပဲကုသိုလ်အကျိုးတူ

ကျင့်ကြံစွမ်းအားကပျက်စီးသွားမှာမဟုတ်ဘူး သင်တို့ဆက်လက်နှောက်ယှက်နေမယ်ဆိုရင် နောက်ဘဝမှာ ငရဲကိုကျရောက်မယ့်အပြင် အပ္ပါယ်လေးဘုံကနေ ဘယ်သောအခါမှ တက်ရတော့မှာမဟုတ်ဘူး” လို့မိန့်တော်မူခဲ့တယ်။

ရဟန်းတော်ရဲ့ မေတ္တာဓါတ်အပြည့်ပါတဲ့ ဆုံးမစကားကိုကြားတော့ ဘီလူးညီနောင်ထဲက အငယ်ဖြစ်တဲ့သူက
” အသင်ရဟန်း သင်ရှိနေလို့ ငါတို့နေရာမှာနေလို့မရဘူး ဒါကြောင့်သင်တရားကျင့်ကြံချင်ရင် အခြားနေရာမှာကျင့်ကြံပါ ငါတို့မနှောက်ယှက်ဘူး ” ဆိုပြီးပြောတော့ ရဟန်းတော်က

” ဘီလူးငယ် သင်ရဲ့စိတ်ထဲမှာ နူးညံ့မှုအရိပ်အယောင်တွေကိုငါကိုယ်တော်မြင်တွေ့နေရတယ် သင့်ရဲ့အကိုတော်မှာတော့ ကြမ်းတမ်းခက်ထန်တဲ့ စိတ်တွေမြင်တွေ့နေရတယ် အခုငါကိုယ်တော်ရောက်လာတာကလဲ သင်တို့ကို ကျွတ်တမ်းဝင်စေချင်လို့ ကုသိုလ်အနည်းငယ်ရအောင်ဖန်တီးခဲ့တာပါ”လို့ပြောတော့ အကြီးဆုံးဘီလူးက

” အိုဘယ့်ရဟန်း ငါတို့ကသင့်ကို ဘာတွေလုပ်ပေးခဲ့လို့ ကုသိုလ်အနည်းငယ်ရတယ်ဆိုပြီး ပြောရတာလဲ ” ဆိုပြီးမေးခွန်းထုတ်ခဲ့တယ်။

” အသင်ဘီလူးညီနောင် သင်တို့ငါကိုယ်တော်တရားပျက်အောင် ဂူပေါက်ဝမှာ ပျားအုံတစ်ခုကိုထားပေးခဲ့တယ်မဟုတ်ပါလား ဒီလုပ်ရပ်က ငါကိုယ်တော်ကိုလေပြင်းဒဏ်တွေကနေ ကာကွယ်ပေးခဲ့တယ် အဲဒီကုသိုလ်ကြောင့် ဒီဘဝမှာသက်တမ်းကုန်ရင် လူ့ဘဝမှာဝင်စားလိမ့်မယ် နှောင့်ယှက်ဖျက်စီးချင်တဲ့စိတ်ကြောင့် လူ့ဘဝရောက်ပေမယ့် ဘီလူးစိတ်သာ သင်တို့မှာပါလာတဲ့အတွက်လူစင်စစ်ကနေ ဘီလူးဘဝကို ပြန်ရောက်ကြဦးမယ် လူတစ်ပိုင်း ဘီလူးတစ်ပိုင်းအဖြစ်နဲ့ နှစ်အနည်းငယ်ခံစားပြီးတဲ့အချိန် အောင်မြတ်သာဆိုတဲ့လူငယ်လေးက သင်တို့ရဲ့ အကုသိုလ်တွေကိုချေဖျက်ပေးပြီး ကောင်းမှုကုသိုလ်တွေလုပ်တတ်အောင် သင်ကြားပြသပေးလိမ့်မယ် ”

ဘီလူးညီနောင်လဲ ရဟန်းတော်ရဲ့စကားကိုကြားပြီးတဲ့အချိန် တစ်ကိုယ်လုံးကျင်စက်နဲ့အတို့ခံလိုက်ရသလိုဖြစ်သွားပြီး စိတ်ရိုင်းတွေခေတ္တလွင့်ပျယ်သွားသလိုဖြစ်လာခဲ့တယ်။

ရဟန်းတော်ကလဲ ချေချွတ်ရမယ့်သူတွေကို ချေချွတ်ပြီး ကောင်းကင်ခရီးနဲ့ နာဂဝီတောင်တန်းတွေရဲ့အပေါ်ကနေ ကြွမြန်းသွားခဲ့တယ်။

ဘီလူးညီနောင်အကြောင်းကိုတော့ အောင်မြတ်သာနှင့်ဘီလူးမွေးတဲ့ရွာ၊ အောင်မြတ်သာနှင့် အုတ်နီကန်သင်္ချိုင်းဆိုတဲ့ဝတ္တုတွေမှာဖတ်ရှုနိုင်ပါတယ်။

+++++++++++++++++

” ဟိုနှစ်ကောင် ပေကပ်ကပ်လုပ်မနေနဲ့ ဒီသစ်သီးတွေမစားရင် မင်းတို့ငတ်မှာ”

နဖူးမှာ လေးထောင့်အင်းကွက်သဏ္ဍာန် အမှတ်အသားပါတဲ့ပုဂ္ဂိုလ်ရဲ့စကားကြောင့် ဝါးပင်အောက်မှာ ငုတ်တုတ်ထိုင်နေတဲ့ ဘီလူးနှစ်ကောင် မျက်စောင်းထိုးကာ မော့ကြည့်လိုက်ပြီး

” ငါတို့က ဒါတွေမစားဘူး အသားစိမ်းစားချင်တယ် ဟင်းဟင်း အသားစိမ်း ကျွေးကြပါ”

” တယ် ငါလုပ်လိုက်ရ ဒီနေရာက သူတော်ကောင်းတွေနေတဲ့နေရာ အပုတ်အပွတွေစားရမယ့်နေရာမဟုတ်ဘူး စားချင်စားမစားချင်နေ ဆရာအောင်မြတ်သာစကားကြောင့်သာ မင်းတို့ကိုသည်းခံနေတာ ကြပ်ကြပ်သတိထား”

ငှက်ကြီးတောင်ဓါးကိုဝင့်ပြီး ကြိမ်းဝါးလိုက်တဲ့ ပုဂ္ဂိုလ်ရဲ့စကားကြောင့် ဘီလူးနှစ်ကောင် ဇက်ကလေးပုသွားပြီး ဘေးမှာချထားတဲ့ ပန်းသီးတစ်လုံးကို ကိုက်ချလိုက်တယ်။

” အေး အဲလိုလိမ်မာကြပါ နောက်တစ်ခုထပ်သတိပေးရဦးမယ် ခဏနေရင် ဆရာအောင်မြတ်သာတို့ရောက်လာကြလိမ့်မယ် ရိုရိုသေသေဆက်ဆံတာပဲ မြင်ချင်တယ်နော် ဂျစ်ကန်ကန်လုပ်လို့ကတော့ ဟောဒီက ဓါးနှောင့်က မင်းတို့နှစ်ကောင်အတွက်ဖြစ်သွားမယ်”

နှုတ်ခမ်းမွေးရေးရေး၊ အရပ်ထောင်ထောင်မောင်းမောင်းနဲ့လူက ငှက်ကြီးတောင်ဓါးအနှောင့်မှာထည့်ထားတဲ့ မိုးကြိုးသွားကို ဘီလူးနှစ်ကောင်မြင်အောင်ထောင်ပြရင်း ထုံးဖြူသုတ်ထားတဲ့စေတီဘက်ကိုထွက်သွားခဲ့တယ်။

ဘီလူးနှစ်ကောင်လဲ မနှစ်မြို့ပေမယ့် အမိန့်ကိုမလွန်ဆန်ရဲတာကြောင့် အံကိုကြိတ်ပြီး တောက်တစ်ချက်ခတ်လိုက်တယ်။

” ဟင်းဟင်း လုပ်ထားကြဦးပေါ့ကွာ ငါ့အလှည့်ရောက်မှ အကုန်လုံးကိုပြန်သတ်မယ်”

ဘီလူးနှစ်ကောင်ထဲက အကြီးဖြစ်သူရဲ့စကားအဆုံးမှာ ဝါးပင်ပေါ်ကနေ ဝါးရင်းတုတ်တွေကိုင်ထားတဲ့အစောင့်လေးယောက်ခုန်ချလာခဲ့တယ်။

” မင်းလားကွ ငါတို့ကိုသတ်မှာ ဖြောင်း ဖြောင်း ဖြောင်း ထပ်ပြောစမ်း ဖြောင်း ဖြောင်း”

” အား သေပါပြီး နောက်မပြောရဲတော့ပါဘူး ကြောက်ပါပြီ မရိုက်ပါနဲ့တော့ ”

ဝါးရင်းတုတ်ကိုင်အစောင့်တွေရဲ့ ရိုက်ချက်တွေအောက်မှာ ဘီလူးနှစ်ကောင်လိမ့်နေခဲ့တယ်။

” တော်ပြီ တော်ပြီ ထပ်မရိုက်နဲ့တော့ ဒီလောက်ဆိုသူတို့လဲအတော်ကြောက်နေလောက်ပါပြီ”

ဩဇာအပြည့်ပါတဲ့ စကားသံကြောင့် ဝါးရင်းတုတ်ကိုင်ထားတဲ့ အစောင့်တွေရိုက်မလို့ရွယ်နေရာကနေ လှည့်ကြည့်လိုက်ပြီး

” ဆရာ ရောက်လာပြီလား ဒီကောင်တွေ ပေကပ်ကပ်ဂျစ်ကန်ကန်လုပ်နေလို့ ဆုံးမနေတာ ”

အောင်မြတ်သာက မြေကြီးပေါ်မှာ လူးလိမ့်နေတဲ့ဘီလူးနှစ်ကောင်ကိုကြည့်ပြီး

” သင်တို့ကို ဒီခေါ်လာတာ ကောင်းစေချင်တဲ့ဆန္ဒတစ်ခုပဲရှိတယ် ဒါကြောင့် ကလန်ကဆန်မလုပ်ပဲ ကျုပ်ပြောတဲ့အတိုင်းကျင့်ကြံအားထုတ်ပါ အစပိုင်းက သင်တို့အတွက်ခက်ခဲလိမ့်မယ် တစ်ဖြေးဖြေးနဲ့တော့ ကျင့်သားရသွားမှာပါ ”

” ကျုပ်တို့ဘယ်လိုမှမနေနိုင်ဘူး ဗိုက်လဲအရမ်းဆာတယ် ကျုပ်တို့ကိုပြန်လွှတ်ပေးပါ”

” ကောင်းပြီ ကျုပ်ခိုင်းတာကိုလုပ်နိုင်ရင် သင်တို့ကိုပြန်လွှတ်ပေးမယ်”

ပြန်လွှတ်ပေးမယ်ဆိုတဲ့အသံကြောင့် ဘီလူးနှစ်ကောင် ခေါင်းထောင်လာပြီး

” ဘာခိုင်းမလို့လဲ ကျုပ်တို့လုပ်မယ် ပြန်လွှတ်ပေးမယ်ဆိုတာ သေချာပါတယ်နော်”

” သိပ်သေချာတာပေါ့ သင်တို့ကျုပ်ခိုင်းတာလုပ်ဖို့အတွက် ဗိုက်ထဲမှာ အစာရှိမှရမယ် ဒါကြောင့် ‌ဘေးမှာချထားတဲ့အသီးအနှံတွေကို စားချင်သည်ဖြစ်စေမစားချင်သည်ဖြစ်စေ စားလိုက်ပါ”

အောင်မြတ်သာစကားကြောင့် ဘီလူးနှစ်ကောင်လဲ ဘေးမှာချထားတဲ့ အသီးအနှံတွေကို အောင့်အီးသည်းခံကာ စားပါလေရော။

” ကဲ စားလို့ပြီးရင် တောင်ထိပ်က စေတီကိုတက်ကြရအောင် ”

ဘီလူးနှစ်ကောင်လဲ အောင်မြတ်သာတက်သွားတဲ့အနောက်ကနေ လိုက်တက်လာခဲ့တယ်။ လမ်းတစ်လျောက်မှာရှိတဲ့စေတီငယ်လေးတွေတရားထိုင်နေကြတဲ့ ပုဂ္ဂိုလ်တွေကိုတွေ့လိုက်ရတယ်။

တောင်ထိပ်ကိုရောက်တော့ အောင်မြတ်သာက အနောက်ကိုလှည့်ကြည့်ပြီး

” မင်းတို့ညီနောင် ဒီစေတီမှာ နေရမယ် မနက်တစ်ကြိမ် နေ့လည်တစ်ကြိမ် ညတစ်ကြိမ် တရားထိုင်ရမယ် တရားထိုင်တဲ့အချိန်မှာလဲ တရားဖြုတ်တဲ့ခေါင်းလောင်းတီးသံကြားမှ မျက်လုံးကိုဖွင့်ကြည့်ရမယ်” လို့ပြောလိုက်တယ်။

” ကျုပ်တို့တရားမထိုင်တတ်ဘူး တစ်ခါမှလဲမထိုင်ဘူးဘူး ”

” ဒါကတော့ မင်းတို့သဘောပဲ တရားမထိုင်ချင်ရင် ဒီတောင်ကနေ ဘယ်တော့မှပြန်လို့ရမှာမဟုတ်ဘူး အချိန်သိပ်မရှိဘူး မင်းတို့ဘာလုပ်ကြမလဲ”

ဘီလူးနှစ်ကောင်လဲ အောင်မြတ်သာစကားကို အတန်ကြာစဉ်းစားလိုက်ပြီး

” ဒီအတိုင်းထိုင်နေရင်ရပြီမဟုတ်လား အဲဒါဆိုထိုင်မယ် ဒါနဲ့ ကျုပ်တို့ဘယ်လောက်ကြာအောင် ဒီစေတီမှာနေရမှာလဲ”

” သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်း ရက်ပေါင်းကိုးဆယ်တိတိနေရမယ် ရက်ပြည့်ရင် မင်းတို့သွားလိုရာကိုခွင့်ပြုပေးမယ်”

” ကောင်းပြီ ကျုပ်တို့စထိုင်ရမယ့်အချိန်ကိုသာပြောပါ ”

ဘီလူးနှစ်ကောင်ရဲ့စကားကြောင့် အောင်မြတ်သာက
” မင်းတို့စရမယ့်အချိန်က အခုပဲ” လို့ပြောကာ စေတီတော်ရဲ့စနေထောင့်မှာ ထောင်ထားတဲ့ ခေါင်းလောင်းကို တီးလိုက်တယ်။

ခေါင်းလောင်းသံကြားတာနဲ့ ဘီလူးနှစ်ကောင်လဲ မျက်လုံးကိုစုံမှိတ်ကာ တရားစထိုင်ပါလေရော။ သက်ခိုင်နဲ့တောက်ရလဲ မလှမ်းမကမ်းကနေ ထိုင်ပြီး အခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။ သုံးနာရီလောက် ဒုက္ခခံပြီးတဲ့အချိန်မှာတော့ တရားဖြုတ်ပေးခဲ့ကြတယ်။

” တရားထိုင်တယ်ဆိုတာ လွယ်သလား ခက်သလား”

စင်္ကြန်လျောက်နေရင်းမေးလိုက်တဲ့အောင်မြတ်သာစကားကြောင့် စိတ်ပျက်လက်ပျက်ပုံစံနဲ့ထိုင်နေတဲ့ ဘီလူးနှစ်ကောင်က

” တကယ်မလွယ်ဘူး ထိုင်နေရင်း လူက ဇောက်ထိုးဖြစ်သွားလိုက် ဘေးစောင်းဖြစ်သွားလိုက်နဲ့ ဒီကြားထဲ ခြေထောက်တစ်ဖက်က ပြတ်ထွက်တော့မလိုကိုက်သေးတယ် ဒီလိုပုံနဲ့ဆို ရက်ကိုးဆယ်ပြည့်မှပြည့်ပါ့မလားပဲ”

” အစဖြစ်လို့ ကျင့်သားမရသေးတာဖြစ်ပါလိမ့်မယ် ကဲ ဗိုက်ဆာနေကြပြီမဟုတ်လား သက်ခိုင်ရေ သစ်သီးတွေယူလာပေးပါဦး”

သစ်သီးဆိုတဲ့အသံကြောင့် ဘီလူးနှစ်ကောင်မျက်နှာရှုံ့မဲ့သွားပြီး

” ဒါ‌မျိုးတွေကြီးပဲ ရက်ကိုးဆယ်တိတိစားရမှာလား”

” ဟုတ်တယ်လေ ဘာလဲ မင်းတို့ကမစားချင်ကြဘူးလား မစားချင်ရင်လဲရတယ်နော် ”

” စားပါမယ် စားပါမယ် ဘာအရသာမှမရှိတဲ့ အသီးအနှံတွေကို ရက်ကိုးဆယ်ပြည့်အောင်ကြိတ်မှိတ်ပြီးစားပါမယ် ရက်ပြည့်ရင်တော့ အသားစိမ်းလေးစားချင်မိတယ်”

” မင်းတို့ရက်ပြည့်ရင် ငါကိုယ်တိုင် အသားစိမ်းတွေချကျွေးမယ်လို့ကတိပေးတယ် အခုတော့ အဒိဌာန်အောင်မြင်အောင်ကြိုးစားကြပါ”

အသားစိမ်းစားရမယ်ဆိုတဲ့စကားကြောင့် ဘီလူးနှစ်ကောင်ရဲ့မျက်လုံးတွေဝင်းလက်လာပြီး အနားမှာရှိတဲ့ အသီးအနှံတွေကို အားပါးတရစားပါလေရော။

ဒီလိုနဲ့ ရက်တွေအချိန်တွေကုန်ဆုံးလာခဲ့တာ ပထမရက်သုံးဆယ်ပြည့်တဲ့နေ့ကိုရောက်လာချဲ့ယ်။ ဘီလူးနှစ်ကောင်လဲ တရားထိုင်တာကို နည်းစနစ်မှန်လာသလို အသီးအနှံတွေရဲ့အရသာကိုလဲ ခံစားတတ်လာကြတယ်။ တရားဖြုတ်တဲ့အချိန်တွေမှာလဲ အောင်မြတ်သာရဲ့ပြောဆိုဆုံးမမှုတွေကြောင့် ရိုသေရမယ့်သူကိုရိုသေလာပြီး စကားပြောဆိုဆက်ဆံပုံကအစပြောင်းလဲလာခဲ့ကြတယ်။

ဒုတိယရက်သုံးဆယ်ကိုရောက်တော့ သွားစွယ်တွေက အမဲရောင်ကနေအဖြူရောင်ဘက်ကိုသမ်းလာခဲ့ပြီး မျက်လုံးတွေကလဲ အနီရောင်ကနေ အဖြူရောင်သမ်းလာခဲ့ကြတယ်။ ကိုယ်မှာပေါက်နေတဲ့ အမဲရောင်အမွှေးမျှင်တွေကလဲ နီညိုရောင်အဖြစ်တစ်ဖြေးဖြေးပြောင်းလဲလာခဲ့ကြတယ်။ ရက်ပေါင်းကိုးဆယ်ပြည့်တဲ့နေ့မှာတော့ ဘီလူးနှစ်ကောင်တရားထိုင်နေတဲ့ စေတီကို ဂိုဏ်းအောက်နတ်တွေအပြင်၊ ဓါးပိုင်၊ တုတ်ပိုင်၊ကြိမ်ပိုင်အစောင့်တွေပါရောက်လာခဲ့ကြတယ်။

နောက်ဆုံးအဓိဌာန်ပြီးဆုံးတဲ့ ခေါင်းလောင်းသံကြားရတဲ့ ဘီလူးနှစ်ကောင်လဲ တရားထိုင်ခြင်းကိုဖြုတ်ပြီးတဲ့အချိန် အောင်မြတ်သာက

” မင်းတို့ကအခုချိန်ကစပြီး မင်းတို့လွတ်လပ်သွားကြပြီ မင်းတို့သွားချင်တဲ့နေရာကို သွားနိုင်ပြီ မင်းတို့စားချင်တဲ့အသားစိမ်းတွေကိုလဲ စိတ်တိုင်းကျစားသောက်နိုင်ပြီ ငါလဲ ကတိပေးထားတဲ့အတိုင်း မင်းတို့ကို ကျွေးမွေးရဦးမယ်မဟုတ်လား ”

အောင်မြတ်သာက ဘီလူးနှစ်ကောင်ကိုပေးထားတဲ့ကတိအတိုင်း အသားစိမ်းတွေကျွေးဖို့ သက်ခိုင်ကို ယူလာစေခဲ့တယ်။ သက်ခိုင်လဲ လင်ဗန်းမှာထည့်ထားတဲ့ သွေးသံရဲရဲအသားစိမ်းတွေကို ဘီလူးနှစ်ကောင်ရဲ့အရှေ့မှာချပေးလိုက်တဲ့အချိန် အကြီးကောင်က လင်ဗန်းထဲက အသားစိမ်းတစ်တုံးကို ကောက်ယူပြီး ပါးစပ်နားတေ့လိုက်တဲ့အချိန် ရင်ဘတ်ထဲကနေ မနေနိုင်လောက်အောင် ပျို့တက်လာခဲ့တယ်။

” ဝေါ့ ဝေါ့ ဘယ်လိုအနံ့ကြီးလဲ ကျုပ်တို့ဒီအနံ့ကိုဘယ်လိုမှမခံနိုင်ဘူး ”

အကြီးကောင်ရဲ့စကားကြောင့် အငယ်ကောင်ကလဲ မယုံသင်္ကာနဲ့ အသားစိမ်းတစ်တုံးကိုကောက်ယူပြီး စားမလို့ပြင်လိုက်တဲ့အချိန်

” အတော်နံပါလား ကျုပ်တို့ရှေ့က မြန်မြန်ယူသွားပါ ဒီလိုအရာတွေ ဘယ်လိုမှစားနိုင်မှာနဟုတ်တော့ဘူး ”

ဘီလူးညီနောင်ရဲ့ အထိတ်တလန့်ငြင်းပယ်မှုကိုမြင်တော့ အောင်မြတ်သာက

” မင်းတို့အရင်က စွဲလမ်းတပ်မက်ခဲ့တဲ့ အသားစိမ်းတွေလေ အခုဘာလို့ မစားနိုင်ကြတော့တာလဲ” လို့ပြောလိုက်တော့ ဘီလူးညီနောင်က

” အရင်က ကျုပ်တို့ခံစားရတဲ့ အနံ့အသက်အရသာက ဒီလိုမဟုတ်ဘူး အခုကျုပ်တို့ဘယ်လိုမှအနံ့ခံလို့မရတော့ဘူး ဒီလင်ဗန်းကိုဝေးတေးသာယူသွားပါ”

မျက်နှာလွှဲကာ ငြင်းပယ်နေကြတဲ့ဘီလူးညီနောင်ရဲ့အဖြစ်အပျက်ကိုကြည့်ပြီး ရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေအားလုံး သာဓုသုံးကြိမ်ကို သံပြိုင်ခေါ်ဆိုလိုက်ကြတယ်။

” မင်းတို့မစားနိုင်ဘူးဆိုလဲ ပြန်ယူသွားခိုင်းလိုက်ပါမယ် တောက်ရရေ အသီးအနှံလင်ဗန်းယူလာခဲ့ပါဦး”

အောင်မြတ်သာစကားကြောင့် တောက်ရက အသီးအနှံတွေစုံလင်စွာထည့်ထားတဲ့ လင်ဗန်းကို ဘီလူးညီနောင်အရှေ့ကို ယူလာခဲ့တယ်။

အသီးအနှံလင်ဗန်းကိုလဲတွေ့ရော ဘီလူးညီနောင်က ငှက်ပျောသီးတစ်ယောက်တစ်လုံးစီယူလိုက်ပြီး အားပါးတရ စားပါလေရော။

” ဘယ်လိုအရသာရှိလဲ စားလို့ရော ကောင်းရဲ့လား”

” အရမ်းအရသာရှိတယ် ခါတိုင်းနေ့တွေထက်ကို ပိုစားလို့ကောင်းတယ် ဒီအသီးကို ဘာလို့ခေါ်တာလဲ”

” မင်းတို့စားနေတာက သာမန်ငှက်ပျောသီးပဲ မင်းတို့ရဲ့အသားစားကျူးတဲ့စိတ်ကိုပယ်သတ်ပြီးချိန်မှာ ဖြစ်လာတဲ့အရသာတစ်မျိုးလို့လဲခေါ်လို့ရတယ်”

ဘီလူးညီနောင်လဲ လင်ဗန်းထဲမှာထည့်ထားတဲ့ အသီးနှံမျိုးစုံကိုကုန်စင်အောင်စားပြီးတဲ့အချိန်မှာတော့

” ကျုပ်တို့ အရင်ဘဝကိုပြန်မရောက်ချင်တော့ဘူး ဒီစေတီကနေလဲ ဘယ်မှမသွားချင်တော့ပါဘူး ကျုပ်တို့ညီနောင်ကို ဒီမှာပဲနေခွင့်ပေးပါ” ဆိုပြီးတောင်းပန်တော့ အောင်မြတ်သာက သာဓုအကြိမ်ကြိမ်ခေါ်ပြီး

” မင်းတို့နေချင်ရင် ငါတို့ဂိုဏ်းဝင်ဖြစ်မှရလိမ့်မယ် အင်းစမတွေကိုလည်း မင်းတို့ရဲ့ခန္ဓာကိုယ်မှာ စွဲကပ်ထားရလိမ့်မယ်” လို့ပြောတော့ ဘီလူးညီနောင်က

” ကျုပ်တို့ ဂိုဏ်းဝင်အဖြစ်နေချင်ပါတယ် ကျုပ်တို့ကိုတပည့်အဖြစ်လက်ခံပေးပါ” ဆိုပြီး တောင်းဆိုခဲ့ကြတယ်။

အောင်မြတ်သာလဲ ဘီလူးညီနောင်ရဲ့ တောင်းဆိုမှုကိုလိုက်လျောတဲ့အနေနဲ့ ဂိုဏ်းဝင်တွေလိုက်နာရမယ့်စည်းကမ်းချက်တွေကိုနားလည်အောင်ရှင်းပြပြီး အင်းသစ္စာရေတိုက်ခဲ့တယ်။

ဘီလူးညီနောင်လဲအင်းသစ္စာရေသောက်ပြီးတဲ့အချိန် ရင်ဘတ်မှာ ပိုးပုဝါအနီရောင်၊ ခါးမှာပိုးပုဝါအနီရောင်စည်းထားတဲ့အင်းတော်ကြီး ဂိုဏ်းဝင်ဘီလူးညီနောင်တွေဖြစ်လာခဲ့ကြတယ်။

ဂိုဏ်းဝင်ဘီလူးညီနောင်ဖြစ်လာတော့မှ အောင်မြတ်သာကို ထိုင်ကန်တော့လိုက်ကြပြီး ဆရာအဖြစ်သတ်မှတ်ခဲ့ကြတယ်။

အောင်မြတ်သာကတော့ ဘီလူးညီနောင်ကို လူ့ဘဝတုန်းကနာမည်အတိုင်း ရွှေခဲနဲ့ ငွေခဲဆိုပြီးခေါ်စေခဲ့တယ်။ ‌
++++++

နောက်သုံးရက်လောက်ကြာတော့ အောင်မြတ်သာတရားထိုင်နေရင်း နားထဲမှာ အမျိုးသမီးတစ်ယောက်ရဲ့အော်ဟစ်အကူအညီတောင်းသံကို ကြားလိုက်ပေမယ့် တရားပြီးဆုံးတဲ့ထိ စိတ်မပျံ့လွင့်အောင် သတိကပ်ထားဖြစ်ခဲ့တယ်။ တရားဖြုတ်ပြီးတဲ့အချိန်မှာတော့ အောင်မြတ်သာရဲ့ဘေးမှာ ထိုင်စောင့်နေကြတဲ့ ဘီလူးညီနောင်ကိုတွေ့လိုက်ရတယ်။

” ဆရာ ကျုပ်တို့အမေ ဒုက္ခရောက်နေပြီ သူကျုပ်တို့ကိုခေါ်နေတယ် ကျုပ်တို့ဘာဆက်လုပ်ရမလဲ”

ငွေခဲရဲ့စကားကြောင့် အောင်မြတ်သာက

” သင်တို့ရွာကိုခေတ္တပြန်ပြီး ကြုံနေရတဲ့အခက်အခဲတွေကို ကူညီဖြေရှင်းပေးကြပါ ဒါမှလဲ သင်တို့ကိုရွာက လက်ခံယုံကြည်ကြလိမ့်မယ် ” လို့ပြောလိုက်တော့ ဘီလူးညီနောင်က အောင်မြတ်သာကို အရိုအသေပေးပြီး တောင်အောက်ကိုဆင်းသွားခဲ့ကြတယ်။

တောင်အောက်ကိုရောက်တော့ စကျင်ကျောက်တုံးတစ်ခုပေါ်မှာ ညီညာစွာတင်ထားတဲ့ ပုဆိန်နှစ်လက်ကိုမြင်လိုက်ရတယ်။ ဘီလူးညီနောင်လဲ ပုဆိန်နှစ်လက်ကိုမြင်တော့ ယူရမလား မယူရဘူးလားဆိုတာ တွေးကာ ချီတုံချတုံဖြစ်နေတဲ့အချိန်

” ယူလိုက်ပါ ဒါဟာ သင်တို့ညီနောင်အတွက် စီရင်ထားတဲ့ လက်နက်ပဲဖြစ်တယ်” ဆိုတဲ့အသံကြားလို့ အနောက်လှည့်ကြည့်လိုက်တော့ အဖြူရောင်အဝတ်ကိုဝတ်ဆင်ထားတဲ့ အဖိုးအိုတစ်ယောက်ကိုတွေ့လိုက်ရတယ်။

” သင်ကဘယ်သူလဲ ဒီလက်နက်တွေက ဘယ်သူပိုင်တာလဲ”

ဘီလူးညီနောင်ရဲ့စကားကြောင့် အဝတ်ဖြူဝတ်ထားတဲ့အဖိုးအိုက လက်ထဲကပုတီးစိပ်ကို လည်ပင်းမှာစွပ်လိုက်ပြီး

” ကျုပ်က ဒီတောင်ကို အပိုင်စားရထားတဲ့သူပါ လက်နက်တွေက သင်တို့အတိတ်ဘဝက ပိုင်ဆိုင်ခဲ့ဖူးတဲ့အရာတွေပဲဖြစ်တယ် သင်တို့သူတော်ကောင်းဖြစ်တဲ့အချိန်ရောက်မှ ပေးပါဆိုတဲ့အမိန့်ကြောင့် နှစ်ရှည်လများထိန်းသိမ်းလာခဲ့တာ အခု သင်တို့လဲ ကောင်းတဲ့အကျင့်တွေကိုစောင့်ထိန်းနေပြီမို့လို့ ပြန်ပေးအပ်ရတာပါ” လို့ပြောလိုက်တော့မှ ဘီလူးညီနောင်က စကျင်ကျောက်တုံးပေါ်မှာတင်ထားတဲ့ ပုဆိန်နှစ်လက်ကိုဆွဲယူလိုက်ကြတယ်။

ဘီလူးညီနောင်လဲ ပုဆိန်နှစ်လက်ကို ပေါ့ပါးစွာ ကိုင်တွယ်နေတဲ့အချိန် အဝတ်ဖြူဝတ်တောင်စောင့်နတ်က

” ဒီပုဆိန်ကိုအသုံးပြုပြီး သင်တို့ရပ်ရွာကို ကူညီစောင့်ရှောက်ကြပါ ကျုပ်လဲ တရားထိုင်ဖို့ရှိသေးလို့ တောင်ပေါ်ပြန်တက်လိုက်ဦးမယ်” လို့ပြောကာ တောင်ပေါ်ကို ပြန်တက်သွားခဲ့တယ်။အခုလပိုင်း ကျွဲတဲရွာမှာ ထူးဆန်းတဲ့အဖြစ်အပျက်တွေ စဉ်ဆက်မပြတ်ဆိုသလိုဖြစ်နေခဲ့တယ်။ မနက်ကအကောင်း ညရောက်မှ ရုတ်တရက်သေဆုံးသွားကြတဲ့ လူတွေကလဲ ငါးယောက်မကတော့ဘူး။ အရင်ကတော့ ရပ်ရေးရွာရေးကို စိတ်ဝင်စားပြီး သီလသမာဓိနဲ့ပြည့်စုံတဲ့ ရွာဦးဆရာတော်ရှိခဲ့ပေမယ့် အခုလက်ရှိဆရာတော်က ကျန်းမာရေးမကောင်းလို့ မြို့တက်ပြီးဆေးကုနေတဲ့အချိန်ဖြစ်လို့ ပရိတ်တရားနာဖို့ကိစ္စကအကောင်အထည်မဖော်နိုင်၊ မြို့ပေါ်ကဆရာတော်တွေကို ပင့်ဖိတ်ဖို့ကလဲ လမ်းပန်းဆက်သွယ်ရေးကမကောင်းတာတစ်ကြောင်း၊ ဓါးမြတွေရဲ့ရန်ကတစ်မှုကြောင့် တစ်ရွာလုံး စိတ်ဓါတ်တွေကျဆင်းလာခဲ့ကြတယ်။

” မနေ့ညက အပျိုမလေးလှရီ သေသွားတယ်ဆိုတာဟုတ်လား”

သက်ကယ်မိုးနေရင်း လှမ်းမေးလိုက်တဲ့ သန်းမောင်စကားကြောင့် အောက်ကနေ သက်ကယ်တွေကမ်းပေးနေတဲ့ ခွေးပုက

” ဟုတ်တယ် သန်းမောင်ရေ ညက ထမင်းစားပြီးတော့ ရေဆာလို့ ရေထသောက်တာ ရေသီးပြီးလေပါလေရော”

” ရွာမှာလဲ တစ်ယောက်ရက်လည်ပြီးရုံပဲရှိသေး နောက်တစ်ယောက်ထပ်သေတာပဲ အဲဒါ ဟိုလင်မယားကြောင့်ဖြစ်တာလို့ငါထင်တယ်”

သန်းမောင်စကားကြောင့် ခွေးပုက ပါးစပ်ကိုလက်ညိုးနဲ့ပိတ်ပြီး

” ရှူး တိုးတိုးပြောပါဟ သူကြီးကြားသွားရင် နှစ်ကောင်လုံးထိပ်တုံးမိနေပါဦးမယ်”

” ကြား ကြား ကွာ ငါပြောတာမဟုတ်လို့လား သူတို့လင်မယားက ဘီလူးမွေးလို့ ငါတို့ရွာခိုက်တာ ”

” အခုလဲ သူတို့မွေးထားတဲ့ကောင်တွေမှမရှိတော့တာ ဖြစ်ပြီးခဲ့တာတွေ မပြောပါနဲ့တော့ကွာ သက်ကယ်ကိုသာပြီးအောင်မိုးစမ်းပါ”

ခွေးပုစကားကြောင့် သန်းမောင် ဘာမှဆက်မပြောတော့ပဲ ခေါင်မိုးကိုသာ ပြီးအောင် မိုးနေလိုက်တယ်။
++++++

” သူကြီး သူကြီး ”

ထန်းတောပိုင်ရှင်လှမြင့်ရဲ့အော်သံကြောင့် သူကြီးက ရေနံဆီမီးအိမ်အလင်းရောင်ကို မြှင့်လိုက်ပြီး

” လှမြင့်ပါလား ညကြီးအချိန်မတော် ဘာဖြစ်တာလဲ”

” ရွာထဲမှာ သရဲပူးသလိုဖြစ်နေတဲ့သူတွေ လေးငါးယောက်မကတော့ဘူး လာကြည့်ပါဦး”

” ဟေ ငါလိုက်လာခဲ့မယ် မြပွင့်ရေ မင်းအိပ်ချင်အိပ်တော့နော် တံခါးကိုလဲ သေချာပိတ်ထားဦး”

သူကြီးက ဇနီးဖြစ်သူ မြပွင့်ကို လှမ်းမှာရင်း လှမြင့်ခေါ်ရာနောက်ကိုလိုက်လာခဲ့တယ်။

+++++++

” ငါ့တို့ကို လူစားလဲပေးတော့ မလဲပေးရင်တစ်ရွာလုံး သေအောင်သတ်မယ် ဟင်းဟင်း”

ခြေလက်တွေကောက်ကွေးပြီး အသံနက်ကြီးနဲ့အော်ဟစ်နေတဲ့သူကိုမြင်တော့ သူကြီးက

” ဟဲ့ နင်တို့က ဘယ်ကလဲ ငါကဒီရွာရဲ့သူကြီးပဲ နင်တို့ဘာဖြစ်ချင်လဲ ငါ့ကိုပြောစမ်း”

” သူကြီး ငါတို့အမဲသားစားချင်တယ် ငါ့အပေါင်းအပါတွေလဲစားချင်တယ်ပြောတယ် အခုချက်ချင်း အမဲသားမိုခိုသားအစိမ်းကို ငှက်ပျောဖက်နဲ့ထည့်ပြီး လမ်းလေးခွမှာ ထားပေးပါ ”

” ဒီအချိန်ကြီး အမဲသား ဘယ်ကသွားရှာရမလဲ နင်တို့စားချင်ရင် နောက်နေ့ကျွေးမယ် အခုတော့ ကိုယ့်နေရာကိုပြန်ကြ”

” မကျွေးရင် ဒီကလေးမကို သတ်မှာ အခုတောင် သူ့ကိုယ်ထဲကသွေးတွေဆုတ်နေပြီနော် ငါသတ်လိုက်ရမလား”

ဝင်ပူးနေတဲ့သူရဲ့စကားကြောင့် သူကြီးမျက်နှာပျက်သွားပြီး

” ဒီအချိန်ကျမှ အမဲသားဘယ်မှာသွားရှာရမလဲ မထူးပါဘူးကွာ ငါ့အိမ်မှာရှိတဲ့ နွား‌တစ်ကောင်ကိုသတ်ပြီး ကျွေးရတော့မှာပဲ အခုကြည့်နေတဲ့သူတွေထဲက တစ်ယောက်လောက် သားသတ်သမားအောင်မိုးကိုမြန်မြန်သွားခေါ်လာခဲ့ အိမ်ကနွားကိုယူတဲ့အခါ ငါ့မိန်းမမသိအောင်ယူဦး သူသိရင် ပေးသတ်မှာမဟုတ်ဘူး”

သူကြီးစကားကြောင့် သရဲပူးတာကို‌ကြည့်နေကြတဲ့ကာလသားတွေ သားသတ်သမားအိမ်ကိုထွက်သွားခဲ့ကြတယ်။
+++++

ရွာထဲမှာ တစ်ခုခုဖြစ်နေပြီဆိုတာသိတဲ့အတွက် ဒေါ်မြပွင့်အိပ်မပျော်ပဲ လူးလှိမ့်နေစဉ် အိမ်အနောက်ဘက်နွားတင်းကုတ်ထဲကနေ နွားမဒါန်းမမိဖြူရဲ့ အော်သံကိုကြားလိုက်ရတယ်။

” အွတ် အွတ် ရှူး ရှူး”

” မိဖြူမ ဘာဖြစ်တာလဲမသိဘူး အကောင်တွေဘာတွေများ ဝင်လို့များလား”

ဒေါ်မြပွင့် တစ်ယောက်ထဲရေရွတ်ရင်း အိမ်နောက်ဖေးတံခါးကိုဖွင့်လိုက်တဲ့အချိန် ကားလသားနှစ်ယောက်က မိဖြူကိုချည်တိုင်ကနေ ဖြုတ်ပြီးဆွဲခေါ်သွားတာမြင်လိုက်ရတယ်။

” ဟိုကောင်လေးတွေ ဘာလုပ်ကြတာလဲ အခုရပ်စမ်း”

ဒေါ်မြပွင့်အော်သံကြောင့် မိဖြူကိုဆွဲသွားတဲ့ ကာလသားတစ်ယောက်က

” သူကြီးက လာယူခိုင်းလို့ လာယူတာပါ အရီးမယုံရင် မနက်ကျရင် သူကြီးကိုမေးကြည့် ” လို့အော်ပြီး အမှောင်ထုထဲဝင်သွားခဲ့တယ်။

သူကြီးယူခိုင်းတယ်ဆိုတဲ့အတွက် ဒေါ်မြပွင့်ဘာမှထပ်မပြောတော့ပဲ အိမ်နံရံကိုမှီကာ မှေးနေတဲ့အချိန်

” အမေ အမေ ထပါဦး ”

အိမ်နံရံကိုပုတ်ပြီးခေါ်လိုက်တဲ့အသံကြောင့် ဒေါ်မြပွင့်လန့်နိုးလာပြီး

” ဘယ်သူလဲ ဘယ်သူခေါ်နေတာလဲ”

” အမေ နိုးပြီလား ကျုပ်တို့ပါ ရွှေခဲနဲ့ ငွေခဲပါ”

” သား သားတို့နှစ်ယောက်ပြန်လာတာလား အမေဆင်းလာခဲ့မယ် အမေဆင်းလာပြီနော်”

” အမေ မဆင်းလာနဲ့ အမေ ကျုပ်တို့ကိုမြင်ရမှာမဟုတ်ဘူး အခုရွာထဲမှာ မကောင်းဆိုးဝါးတွေ အများကြီးရောက်နေတယ် ဖြစ်နိုင်ရင် အိမ်ပေါ်ကနေ အိမ်အောက်ကိုမဆင်းပါနဲ့ ဒီကိစ္စကို ကျုပ်တို့နှစ်ယောက်ဖြေရှင်းပေးမယ် အားလုံးပြီးမှ အမေဆီပြန်လာခဲ့မယ်”

သားနှစ်ယောက်ဖြစ်တဲ့ ရွှေခဲနဲ့ငွေခဲရဲ့အသံအဆုံးမှာ ‌ဒေါ်မြပွင့်လန့်နိုးလာပြီး ပြူတင်းပေါက်ကို ဖွင့်ကြည့်လိုက်ရာ ခြံဝင်းထဲကနေထွက်သွားတဲ့ လူရိပ်နှစ်ခုကိုတွေ့လိုက်ရတယ်။
+++++++

” ပလပ် ပလပ် ပလပ်”
အမဲသားအစိမ်းတုံးကို လက်နှစ်ဖက်နဲ့ကိုင်ပြီးစားနေတဲ့ မဲမဲအကောင်ကြီးရဲ့ ဘေးမှာတော့ စားကြွင်းစားကျန်တွေကို စားဖို့စောင့်နေတဲ့ နာနာဘာဝတွေ ပြည့်ကြပ်နေတာကို ရွှေခဲနဲ့ငွေခဲတို့လှမ်းမြင်လိုက်ရတယ်။

” ဒီကောင်တွေ အရင်ကရွာမှာမရှိပါဘူး ဘယ်ကနေရောက်လာကြတာလဲ”

” ဟုတ်တယ် ငါ့စိတ်ထင် နယ်မြေကျော်ပြီးရောက်လာတဲ့ကောင်တွေပဲဖြစ်ရမယ် ဒီကောင်တွေကိုအခုမောင်းထုတ်မှ မဟုတ်ရင် တစ်ရွာလုံး ဒုက္ခရောက်ကုန်လိမ့်မယ်”

” တွေ့သမျှ အကုန်သာခုတ်ကွာ ငါတို့က လူအသက်ကိုမသတ်ရဘူးလို့ပဲ သစ္စာဆိုထားတာ ဒီကောင်တွေကိုခုတ်တာဘာမှမဖြစ်ဘူး”

ရွှေခဲက လက်ထဲက ပုဆိန်ကိုကျစ်ကျစ်ပါအောင် ဆုပ်ရင်း စုပြုံတိုးဝှေ့နေကြတဲ့ နာနာဘာဝတွေရှိရာကို တစ်ဟုန်ထိုးပြေးသွားခဲ့တယ်။

ရွှေခဲဝင်သွားတာမြင်တဲ့ ငွေခဲကလဲ ပုဆိန်ကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး တွေ့သမျှ နာနာဘာဝတွေကို အားကုန်ခုတ်ပါလေရော။

ရုတ်တရက်ဘယ်ကပေါ်လာမှန်းမသိတဲ့ ဘီလူးနျစ်ကောင်ကြောင့် နာနာဘာ‌ဝတွေအားလုံး ခြေဦးတည့်ရာ ထွက်ပြေးပါလေရော။ ပုဆိန်စာမိတဲ့သူအချို့ကတော့ ဦးခေါင်းပြတ်၊ လက်ပြတ်တွေဖြစ်သွားကြတယ်။

နာနာဘာဝတွေဖြစ်တဲ့အတွက် ပြတ်သွားတဲ့ ခေါင်းတွေ ၊ ခြေထောက်တွေ၊ လက်တွေကို တစ်ခုချင်းပြန်ကောက်တဲ့သူကကောက်၊ အချို့ဆို ဦးခေါင်းပြတ်ကြီးကို ရင်ဘတ်ထဲမှာပိုက်ပြီး ထွက်ပြေးသွားကြတယ်။

” ဒီကောင်တွေ ရွာထဲကိုပြန်လာကြဦးမှာပဲ ”

” ပြန်လာတော့လဲ ပုဆိန်စာ ကျွေးလိုက်ကြရုံပေါ့ ဘာများခက်လို့လဲ ”

” ဒီအတိုင်းဆိုရင် ငါတို့က ရွာမှာအမြဲတမ်းနေရမယ့်ပုံစံဖြစ်နေတယ် ဆရာက ငါတို့ကို ခေတ္တပြန်လိုက်ဦးဆိုပြီးလွှတ်လာတာ ”

ရွှေခဲက စကားပြောရင်း ငှက်ပျောဖက်ပေါ်မှာတင်ကျန်ရစ်ခဲ့တဲ့ အမဲသားတုံးကို ခြေထောက်နဲ့ကန်ထုတ်လိုက်တယ်။

” တော်ပေတယ် တော်ပေတယ် နှစ်ယောက်လုံးအရမ်းတော်ကြတယ် ကိုယ့်စိတ်ကိုလဲထိန်းနိုင်သွားကြပြီပဲ”

ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့် လှည့်ကြည့်လိုက်ရာ တောင်ပေါ်မှာကျန်ခဲ့တဲ့ အောင်နြတ်သာကိုမြင်လိုက်ရတယ်။

” ဆရာ လိုက်လာတယ်ပေါ့လေ ဘာလဲကျုပ်တို့ညီနောင်ကိုစိတ်မချဖြစ်နေတာလား”

” မင်းတို့ကို ငါယုံကြည်လို့ လွှတ်လိုက်တာလေ ဒါပေမယ့် အချို့ကိစ္စတွေကို မင်းတို့မလုပ်နိုင်သေးဘူး ဒါကြောင့် လိုက်လာခဲ့တာပါ”

” ခုနက ကောင်တွေကို ဆရာမြင်တယ်မဟုတ်လား ဒီကောင်တွေဘယ်ကရောက်လာကြတာလဲ”

” မင်းတို့တွေ့လိုက်ရတဲ့ကောင်တွေက ဒီအနားတစ်ဝိုက်က ဖုန်းဆိုးမြေတွေမှာ ကျင်လည်ကျက်စားနေတဲ့ကောင်တွေပဲ ”

” ဒါဆို မကြာခင်ပြန်လာကြဦးမှာပေါ့ သူတို့မလာရအောင် ဘယ်လိုလုပ်လို့ရလဲ”

” အခုငါလာရတဲ့အကြောင်းကလဲ ဒီရွာထဲမှာ ပယောဂကြောင့်လူသေဆုံးမှုတွေမဖြစ်အောင် တားဆီးပေးဖို့ပဲ”

” ဒီညတော့ ရွာထိပ်က သရက်ပင်မှာမင်းတို့နေရမယ် နာနာဘာဝတွေထပ်မဝင်လာအောင် ဒီညတော့ထိန်းထားပေးပါဦး”

” ဆရာစကားကို လိုက်နာပါ့မယ် ကျုပ်တို့မပြန်ခင်အမေနဲ့အဖေကိုတော့ တွေ့ချင်ပါသေးတယ်”

” စိတ်ချပါ မနက်ဖြန် မင်းတို့ဆန္ဒပြည့်အောင် စီစဉ်ပေးခဲ့ပါမယ်”

အောင်မြတ်သာက ဘီလူးညီနောင်ကို ရွာထိပ်မှာနေဖို့တာဝန်ပေးခဲ့ပြီး ရွာသူကြီးအိမ်ရှိရာဘက်ကိုထွက်သွားခဲ့တယ်။

ညအချိန်မတော် အိမ်ကိုရောက်လာတဲ့ အောင်မြတ်သာကိုမြင်တော့ သူကြီးနဲ့ ဒေါ်မြပွင့် ဝမ်းသာသွားကြတယ်။ အောင်မြတ်သာလဲ သူကြီးနဲ့ ဒေါ်မြပွင့်ကို ရွှေခဲနဲ့ ငွေခဲအကြောင်းကို နားလည်အောင်အသေချာရှင်းပြပေးခဲ့တယ်။

နောက်တစ်နေ့မနက်ရောက်တော့ အောင်မြတ်သာက ရွာသားတွေနဲ့ သူကြီးလင်မယားကို ရွာထိပ်ကသရက်ပင်အောက်ကိုခေါ်လာခဲ့တယ်။ သရက်ပင်အောက်ရောက်တော့

” ရွာသူရွာသားများအားလုံးသိကြတဲ့အတိုင်း ဒီရွာမှာ အလွန်ဆိုးသွမ်းတဲ့ဘီလူးနှစ်ကောင်မွေးခဲ့ဖူးတယ် သူတို့ကြောင့်လဲ နစ်နာဆုံးရှုံးခဲ့ကြသူတွေလဲရှိခဲ့တယ် အခုတော့ သူတို့ရဲ့အမှားကိုသိပြီး သူတော်ကောင်းလမ်းစဉ်ကို ကျင့်သုံးနေပြီဖြစ်ပါတယ် ညက ရွာထဲဝင်လာတဲ့ နာနာဘာဝတွေကိုလဲ ရွှေခဲနဲ့ ငွေခဲဆိုတဲ့ ဘီလူးညီနောင်က မောင်းထုတ်ပေးခဲ့ကြတယ် ရွာသူရွာသားများမယုံဘူးဆိုရင် ကျုပ်လက်ပေါ်တင်ထားတဲ့ပြာကို မျက်လုံးကွင်းပြီး သရက်ပင်ပေါ်ကို ကြည့်ကြပါ သူတို့ကို လက်ခံတယ်ဆိုရင်တော့ ဒီနေရာမှာ နတ်ကွန်းလေးနှစ်ခုဆောက်ပေးပြီး အသိအမှတ်ပြုကြပါ သူတို့ကလဲ ရွာကို ကာကွယ်စောင့်ရှောက်ပါလိမ့်မယ် ”

အောင်မြတ်သာစကားအဆုံးမှာ မယုံကြည်သူအချို့က ပြာကိုမျက်လုံးမှာကွင်းပြီးကြည့်တဲ့အခါ ရင်စည်းအနီ၊ ခါးစည်းအနီစည်းထားပြီး ပုဆိန်တစ်လက်ကိုထမ်းထားတဲ့ ရွှေခဲနဲ့ငွေခဲကိုတွေ့မြင်ကြခဲ့ကြတယ်။

ကိုယ်တိုင်ကြည့်ရဲသူ အချို့တစ်ဝက်လောက်က လက်ခံခဲ့ကြပြီး မယုံကြည်သူအချို့က လက်မခံပဲငြင်းပယ်ခဲ့ကြတယ်။ အောင်မြတ်သာလဲ ဘီလူးညီနောင်ကို တရားအားထုတ်ဖို့မှာကြားပြီး ခြေဦးတည့်ရာလျောက်သွားကာ လူတွေကိုဒုက္ခပေးနေတဲ့ နာနာဘာဝတွေကို နှိမ်နင်းဖို့ ကျွဲတဲရွာကနေ ထွက်လာခဲ့လိုက်တယ်။

နောက်ပိုင်းမှာတော့ ကျွဲတဲရွာကလူအ‌တော်များများရွှေခဲနဲ့ ငွေခဲကို ယုံကြည်လာကြပြီး ရွာစောင့်နတ်အဖြစ်ကိုးကွယ်ခဲ့ကြတာ ယခုထိတိုင်ဖြစ်ပါတယ်။(အခုတော့ ဖိုးရွှေခဲ၊ ဖိုးငွေခဲဖြစ်နေပါပြီ)

အောင်မြတ်သာလဲ ကျွဲတဲရွာကနေ ထွက်လာပြီးနောက်ပိုင်း အုပ်စုဖွဲ့သောင်းကျန်းနေကြတဲ့ နာနာဘာဝတွေကို နှိမ်နှင်းခဲ့ပုံ၊ နာနာဘာဝတွေကယခင်နေတဲ့ နေရာမှာ မနေပဲ ဘာကြောင့်လိုက်သွားနေတာလဲ၊ နာနာဘာဝလောကရဲ့ကြီးနိုင်ငယ်ညှင်းကိစ္စရပ်တွေဘယ်လိုဘယ်ပုံရှိတယ်ဆိုတာစိတ်ဝင်စားဖွယ်သိရှိနိုင်ဖို့ အောင်မြတ်သာနှင့် စားကျက်လုပွဲ ဆိုတဲ့ဝတ္တုကိုဖတ်ရှုပေးကြပါ။

လေးစားစွာဖြင့်
ဇေယန(ရာမည)