မပြေတဲ့ရန်ငြိုး

ရဖို့တော့ ခင်ဗျားကိုနောက်ချင်တဲ့ လူပြက်ဟာ စွမ်းဆောင်နိုင်ပါ့မလား”
ဟု မေးလိုက်လေ၏။ ထိုအခါ ဦးဖူးညိုက…
“နောက်ချင်တဲ့လူများအဖို့ နောက်စရာပစ္စည်း ရှာဖို့ခက်လှမယ် မထင်ပါဘူး”
ဟု ပြောလိုက်လေ၏။ ထိုအခါ ဆားပုလင်းနှင်းမောင်က ခန်းဆီး နံရံတွင် ချိတ်ဆွဲထားသော လူနှစ်ဦး၏ဓာတ်ပုံကို ကြည့်ကာ…
“ဟိုပုံဟာ ဦးဖူးညိုတို့ညီအစ်ကို တွဲပြီး ရိုက်ထားတဲ့ပုံပဲ၊ ဒါပေမယ့် မူလက လူသုံးယောက်ရိုက်ထားတဲ့ပုံဗျ၊ တစ်ယောက်ရဲ့ပုံကိုတော့ ခင်ဗျားအနေနဲ့ မမြင်ချင် မတွေ့ချင်လို့ လှီးထုတ်ပြီး ပြန်ကူးထားတာ”
ဟု ဆားပုလင်းနှင်းမောင်က ပြောလိုက်ရာ ဦးဖူးညိုက…
“ပုလိပ်ထဲမှာတော့ ခင်ဗျားဟာ အတော်မျက်စိစူးတယ်၊ ခင်ဗျားပြောတာ မှန်တာပေါ့ဗျာ၊ ထိုင်နေတဲ့ပုံက ကျုပ်ပုံဗျ၊ ဘေးမှာ မတ်တပ်ရပ်နေတာက ကျုပ်ညီအငယ် ဖူးပျိုဗျ၊ ကျုပ် လှီးထုတ်လိုက်တဲ့ပုံက ကျုပ်ညီအလတ် ဖူးမျိုဗျ၊ ဒီကောင့်ကို မကြည့်ချင်လို့ လှီးထုတ်ထားတာ၊ ဒီကောင်က လူရှုပ်၊ အရင်က ကျုပ်နဲ့ အတူတူနေတာပဲ၊ ကျုပ်ဆီက လက်ထောက်အငြိမ့်မင်းသမီးကလေးကို ဖူးပျိုကို ခိုးပေးပြီး အိမ်က ထွက်သွားကတည်းက ညီအစ်ကိုချင်း သေခန်းပြတ်လုပ်လိုက်တာ”
ဟု ပြောလိုက်လေ၏။
“ကိစ္စဟာ သိပ်ကြာလိမ့်ဦးမယ် မထင်ဘူး”
ဟု ဆားပုလင်းနှင်းမောင်က ပြောလိုက်လေ၏။
“မှန်တာပေါ့ဗျာ၊ တစ်နှစ်လောက်ပဲ ရှိသေးတယ်”
ဟု ဦးဖူးညိုက ပြောလိုက်လေ၏။
“ခင်ဗျား ညီအလတ်ကိုဖူးမျိုက ညီအငယ်ကိုဖူးပျိုအတွက် ခင်ဗျားဆီက အငြိမ့်မင်းသမီးလေးကို ခိုးပေးတယ်ဆိုပါတော့၊ ဒီလို ဆိုရင်လည်း ဓာတ်ပုံကို လှီးထုတ်စရာရှိရင် အငြိမ့်မင်းသမီးကို ခိုးသွားတဲ့ ကိုဖူးပျိုရဲ့ပုံကိုပါ လှီးထုတ်သင့်တာပေါ့”
ဟု ဆားပုလင်းနှင်းမောင်က ပြောလိုက်ရာ…
“ကျုပ်ညီလေး ဖူးပျိုက ဘာမှ သိတဲ့ကောင် မဟုတ်ဘူးဗျ၊ အလယ်ကောင် ခြယ်လှယ်နေတာ၊ အဲဒီလို ခိုးပြေးပြီးမှတောင် ဒီကောင် ကျုပ်ခြေထောက်ကို လာဖက်ပြီး ငိုလား ယိုလားနဲ့ ဖူးပျို ပူဆာလို့ သူလုပ်ရတာပါ၊ သူ့မှာ အပြစ်မရှိပါဘူးလို့ ဆိုပြီး တောင်းပန်လို့ ကျုပ်က လက်ခံထားလိုက်ရသေးတယ်၊ နောက်တော့ ဒီကောင် အကျင့်မပျောက်ဘူး၊ အငြိမ့်မင်းသမီးတွေနဲ့ စာရင်းလာရှုပ်ပြန်ပါရော၊ အဲဒါနဲ့ ကျုပ် မောင်းထုတ်လိုက်တာ၊ အခုတော့ ဟိုဘက်လမ်းထိပ်မှာ စျေးဆိုင်ကလေး ဖွင့်ပြီး နေလေရဲ့”
ဟု ဦးဖူးညိုက ပြောလိုက်လေ၏။ ထိုအခါ ဆားပုလင်းနှင်းမောင်က…
“စိတ်မရှိပါနဲ့ ကိုဖူးညိုရယ်၊ ခင်ဗျားညီအငယ်ဆုံး ကိုဖူးပျိုတစ်ယောက် ဘယ်ရောက်သွားပြီလဲ”
ဟု မေးလိုက်လေ၏။
“ဒီကောင်က လူပျင်းဗျ၊ လက်ကြောတင်းအောင် လုပ်စားတဲ့အကောင် မဟုတ်ဘူး၊ မိန်းမကို အငြိမ့်ကခိုင်းပြီး သူက အိမ်မှာ ဒူးနှံ့ပြီး နေနေတာ၊ ​မှော်ဘီမှာ နေလေရဲ့”
ဟု ဦးဖူးညိုက ပြောလိုက်လေ၏။ ထိုအခါ ဆားပုလင်းနှင်းမောင်က…
“ဒါလောက် သိရရင် တော်ပါပြီ”
ဟု ဆိုကာ ထိုအိမ်မှ ဆင်းခဲ့လေ၏။
ထိုသို့ ဆင်းခဲ့ပြီးလျှင် လမ်း၏တစ်ဖက်ထိပ်တွင် ရှိသော ကိုဖူးမျို၏ဆိုင်သို့ သွားရာ စျေးရောင်းနေသော ကိုဖူးမျိုကို တွေ့ရလေ၏။ ကျွန်ုပ်သည် ၎င်း ကိုဖူးမျိုကို မြင်လျှင်…
“ဒီညီအစ်ကိုက တယ်ပြီး ရုပ်ချင်းတူပါလား​ဗျ”
ဟု ပြောလိုက်လေ၏။
ထို့နောက် ကျွန်ုပ်တို့သည် ၎င်းဆိုင်အနီးသို့ ချဥ်းကပ်သွားရာ ကျွန်ုပ်တို့နှစ်ဦးကို မြင်လျှင် ကိုဖူးမျိုက…
“ဈေးဝယ်ရင် ရောင်းမယ်၊ တောမေး တောင်မေး လာမမေးနဲ့၊ ဘာမှမဖြေဘူး”
ဟု ခပ်ပြတ်ပြတ် ပြောလိုက်လေ၏။ ထိုအခါ ဆားပုလင်းနှင်းမောင်က…
“မမေးနဲ့ဆိုလည်း မမေးပါဘူးဗျာ၊ ခင်ဗျားရဲ့လက်တွေတော့ စုံစုံလင်လင် ရှိသေးတယ်နော်၊ ခင်ဗျားရဲ့အစ်ကိုအိမ်ကိုတော့ လက်ပြတ်နှစ်ဖက် ရောက်နေပြီ”
ဟု ပြောလိုက်ရာ ကိုဖူးမျိုက…
“ဒါတွေ လာမပြောနဲ့၊ လက်ပြတ်ပြတ် ခြေပြတ်ပြတ် ကျုပ်နဲ့ ဘာမှမဆိုင်ဘူး”
ဟု ပြောလိုက်လေ၏။ ထိုအခါ ဆားပုလင်းနှင်းမောင်က…
“စိတ်မရှိပါနဲ့ ကိုဖူးမျိုရယ်၊ မေးစရာ မေးခွန်းတော့ မေးပါရစေ၊ ခင်ဗျားညီလေး ကိုဖူးပျိုက အငြိမ့်သမကလေးကို ပြီးခဲ့တဲ့နှစ်က ခိုးပြေးတယ်ဆိုပဲ၊ ကျုပ် သိရသလောက်ကတော့ (အမှန်စင်စစ် ဘာမှမသိရသေး) ကိုဖူးပျိုကို ကြိုက်တာ အငြိမ့်သမကလေးတစ်ယောက်တည်း မဟုတ်ဘူးဗျ၊ နှစ်ယောက်ပြိုင် ကြိုက်ကြတယ် ဆိုပဲ၊ အဲဒါကလေးပဲ ဟုတ် မဟုတ် ပြောပါဗျာ”
ဟု ပြောလိုက်ရာ ၎င်း ကိုဖူးပျိုက…
“ဒါတော့ မှန်တယ်၊ သူနဲ့ရသွားတာ စိန်ဒါလီဆိုတဲ့ အငြိမ့်သမကလေး၊ သူ့ကို ကြိုက်နေတာက မြဒါလီဆိုတဲ့ အငြိမ့်သမကလေးရှိသေးတယ်”
ဟု ပြောလိုက်လေ၏။ ထိုအခါ ဆားပုလင်းနှင်းမောင်က…
“တော်လောက်ပါပြီ ကိုဖူးပျို”
ဟု ဆိုကာ မော်တော်ကားဖြင့် ကြည့်မြင်တိုင်ဘူတာသို့ သွားရောက်ပြီးလျှင် ရုံပိုင်၏ရုံးခန်းသို့ ဝင်လေ၏။ ကျွန်ုပ်မှာမူ အပေါ့သွားချင်လွန်းသဖြင့် အိမ်သာသို့ ကပျာကယာ ပြေးခဲ့ရလေ၏။ ကျွန်ုပ် ပြန်လာသောအခါ ဆားပုလင်းနှင်းမောင်သည် ရုံပိုင်ကြီး ရုံးခန်းမှ ပြန်ထွက်လာခဲ့ပြီ ဖြစ်၏။ ထို့နောက် ဆားပုလင်းနှင်းမောင်ကပင်…
“ကဲ..အိုင်ပီ၊ အိမ်ပြန်ကြစို့၊ မပြန်ခင်မှာ တရုတ်တန်းကို ဝင်ပြီး အခေါက်ကင်နဲ့ ထမင်းစားကြရအောင်”
ဟု ဆိုသဖြင့် တရုတ်တန်းသို့ လိုက်ပါလာခဲ့ပြန်၏။ တရုတ်တန်း၌ ထမင်းစားပြီးသောအခါ ဆားပုလင်းနှင်းမောင်၏အိမ်သို့ ပြန်လည်သွားရောက်ကာ ပက်လက်ကုလားထိုင်တစ်လုံးစီ၌ ထိုင်၍ အနားယူနေကြလေ၏။ ညနေပိုင်း ရောက်သောအခါ ရာဇဝတ်အုပ် ကိုသန်းမောင် ပြန်လည်ရောက်ရှိလာပြီးလျှင် ဆားပုလင်းနှင်းမောင်အား…
“ဘယ်လိုလဲ ဗမာရှားလော့ဟုမ်း”
ဟု မေးလေတော့၏။ ထိုအခါ ဆားပုလင်းနှင်းမောင်က…
“ကဲ.. ကိုသန်းမောင်၊ သန်လျင် ကျိုက်ခေါက်ဘုရားပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပနေပြီဗျ၊ အဲဒီမှာ အငြိမ့်တွေ ဇာတ်တွေ စုံနေတာပဲ၊ အဲဒီတော့ အဲဒီဘုရားပွဲကို ခင်ဗျားသွား၊ စိန်ဒါလီဆိုတဲ့ အငြိမ့်မင်းသမီး အငြိမ့်ကနေလိမ့်မယ်၊ မဖမ်းနဲ့ဦး.. ပွဲပျက်သွားမယ်၊ မိုးလင်းတဲ့အထိ ထိုင်ပြီး ပွဲကြည့်ဦး၊ မိုးလင်းတော့မှ စိန်ဒါလီကို ဖမ်းပြီး ခေါ်ခဲ့”
ဟု ပြောလိုက်ရာ ရာဇဝတ်အုပ် ကိုသန်းမောင်လည်း…
“ကော်တာပဲ၊ အမှုထမ်းကောင်း လက်မှတ်တစ်စောင်တော့ ရတော့မှာပဲ”
ဟု ဆိုကာ ကဆုန်စိုင်း၍ ပြေးလေတော့၏။ ထိုအခါ ကျွန်ုပ်က ဆားပုလင်းနှင်းမောင်အား…
“အိုင်ဆေး.. စိတ်ချရပါ့မလား”
ဟု မေးလိုက်လေ၏။
“ကိုသန်းမောင်က စိတ်ချရပါတယ်၊ တရားခံပေါ်အောင်သာ မစဥ်းစားတတ်တာ၊ ပေါ်ပြီးသား တရားခံကို လွတ်မသွားအောင် ဖမ်းတဲ့နေရာမှာတော့ ဝိတ်ပဲဗျို့”
ဟု ပြောလိုက်၏။
ထိုအခါ ညနေစာကို ကျောက်မြောင်း သီလာလမ်းရှိ ကုလားကပြားမ ‘မကြည်’ဆိုင်တွင်ပင် စားကြလေ၏။ ထို့နောက် ဆားပုလင်းနှင်းမောင်အိမ်၌ပင် အိပ်စက်လိုက်လေတော့၏။
ည ဆယ်နာရီထိုးလောက်တွင် တံခါးခေါက်သံ ကြားသဖြင့် ဆားပုလင်းနှင်းမောင်က…
“ကိုသန်းမောင်ကတော့ ပြောတဲ့အတိုင်း မလုပ်ဘဲ ကိုးရိုးကားရားလုပ်လာပြီဗျို့”
ဟု ပြောလိုက်လေ၏။
ထို့နောက် တံခါးကို ဆားပုလင်းနှင်းမောင်က ဖွင့်ပေးလိုက်ရာ ရာဇဝတ်အုပ် ကိုသန်းမောင် ဝင်လာလေ၏။ ထိုအခါ ဆားပုလင်းနှင်းမောင်က…
“ဘယ်လိုလုပ်တာလဲ ကိုသန်းမောင်၊ ကျုပ် ပြောတဲ့အတိုင်း ဘာဖြစ်လို့ မလုပ်တာတုံး”
ဟု မေးလိုက်ရာ ရာဇဝတ်အုပ် ကိုသန်းမောင်က…
“ပွဲမထွက်ခင် ဖမ်းလာတာပါဗျာ၊ ပရိသတ်ကို အနှောက်အယှက် မဖြစ်ပါဘူး၊ ပြီးတော့လည်း တရားခံမှန်း သိရက်နဲ့ သူကနေတာကို ကျုပ် ထိုင်ပြီး ကြည့်မနေနိုင်ပါဘူးဗျာ၊ ဖမ်းချင်စိတ်တွေ ပေါ်လာမှာ၊ အဲဒါကြောင့် စောစောပဲ ဖမ်းလာတာ၊ ခင်ဗျား အပြစ်တင်ရင်လည်း ခံရမှာပဲ၊ တရားခံ စိန်ဒါလီကိုတော့ ဂါတ်မှာ ထားခဲ့ပြီး သင်္ဘောပေါ်မှာ သူက ကျုပ်ကို အားလုံး ဖြောင့်ချက်ပေးပြီးပြီ”
ဟု ပြောလေ၏။
ထို့ကြောင့် ကျွန်ုပ်က…
“ဘယ်လိုလဲဗျ”
ဟု ဝင်မေးလိုက်ရာ နဂိုကပင် ပြောချင်နေသော ကိုသန်းမောင်သည် ကရားရေသွန် ပြောလေတော့၏။
“ဒီလို ဆရာသမားတို့ရဲ့.. စိန်ဒါလီက ကိုဖူးပျိုကို အငြိမ့်က ကျွေးနေရတာ၊ ကိုဖူးပျိုက အိမ်မှာ ကျန်နေခဲ့ပြီး အရက်ကလေး တမြမြနဲ့ နေနေတာ၊ စိန်ဒါလီခမျာမှာတော့ အရပ်တကာ နယ်တကာလှည့် အငြိမ့်ကရတဲ့ ညကြေးလေးတွေကို စာတိုက်ကနေ သူ့ယောက်ျားဆီကို တင်ပို့ပေါ့၊ အဲဒါလေးတွေကို ယောက်ျားဖြစ်သူကလည်း အားမနာတမ်း ထိုင်ပြီး ဖြုန်းသုံးနေတော့တာပေါ့ဗျာ၊ အဲဒီမှာ မြဒါလီကလည်း စိန်ဒါလီနဲ့ ပြိုင်ပြီး ဒီကောင့်ကို ပိုးခဲ့တာမဟုတ်လား၊ သူ မရလိုက်တာကိုပဲ မြဒါလီက ဘယ်ကြေမလဲဗျာ၊ အဲဒီမှာ ကိုဖူးပျိုရဲ့အစ်ကို ကိုဖူးမျိုနဲ့ ကပ်ပြီး စိန်ဒါလီ မရှိတဲ့အခါ တစ်ဖက်လှည့်နဲ့ နောက်က ဝင်တော့တာပေါ့၊ ကိုဖူးမျို ဆိုတဲ့လူကလည်း ယောက်ျားတန်မဲ့ အောင်သွယ်ခ ရရင် ဘယ်သူ့မျက်နှာမှ ထောက်တဲ့လူ မဟုတ်ဘူးဗျ၊ အဲဒီမှာ သူ့ညီနဲ့ မြဒါလီကို တစ်ဖက်လှည့်နဲ့ ပြန်ပြီး အောင်သွယ်ပေးပြန်ရောဗျို့၊ မြဒါလီကလည်း စိန်ဒါလီကို ချိုးချင်တဲ့သဘောပေါ့ဗျ၊ စိန်ဒါလီကွယ်ရာမှာ စိန်ဒါလီယောက်ျားနဲ့ တိတ်တိတ်ပုန်း ကြာဇာတ်လမ်း ခင်းရတာကိုပဲ စိန်ဒါလီရဲ့အပေါ်  လက်စားချေသလို ဖြစ်တာပေါ့၊ အဲဒါကို စိန်ဒါလီက အညာမှာ အငြိမ့်ကသွားစရာရှိတယ်ဆိုပြီး အိမ်ကထွက်သွားတယ်၊ ပြီးတော့မှ တစ်ပတ်ကျော့ပြီး ပြန်ဝင်ဖမ်းတော့ မိတော့တာပေါ့ဗျာ၊ မိပုံက ဒီလိုဗျ၊ မြဒါလီနဲ့ ကိုဖူးပျိုတို့ လက်ချင်းချိတ်ပြီး ​မှော်ဘီဘူတာကနေ ရထားလမ်းအတိုင်း ရန်ကုန်ဘက်ကို လမ်းလျှောက်လာကြတယ်၊ ချုံကောင်းကောင်း တစ်နေရာတွေ့တော့ ချုံဘေးဝင်ပြီး ထိုင်ကြတယ်၊ အဲဒါကို စိန်ဒါလီက မြင်လိုက်တော့ နောက်က အသာကပ်လိုက်သွားပြီး သူ ခြုံလာတဲ့ တဘက်လေးထဲကို ရထားလမ်းကကျောက်စရစ်ခဲတွေ ထည့်ပြီး တအားလွှဲလိုက်လို့ကောင်းတဲ့အနေအထားရအောင် စီမံတော့တာပေါ့ဗျာ၊ အဲဒီမှာ စိတ်ကြိုက်လက်ကြိုက် လက်ဆကောင်းကောင်းကျောက်ခဲထုပ်လည်း ဖြစ်ရော .. ရထားလမ်းဘေးချုံကွယ်မှာ လောကကြီးတစ်ခုလုံးကို မေ့လျော့ထားပြီး သံဝါညှိဖို့ အစပျိုးနေတဲ့ ဟိုစုံတွဲရဲ့နောက်ကို အသာကပ်ပြီး စိန်ဒါလီက သူ့လက်ထဲက ကျောက်ခဲထုပ်နဲ့ ဟိုနှစ်ယောက်ရဲ့ခေါင်းကို တစ်ချက်လွှဲပြီး ရိုက်လိုက်တာ ခွပ်.. ခွပ်.. ဆိုတဲ့ အသံနှစ်သံက လွဲပြီး ဘာသံမှမထွက်နိုင်ဘဲ နှစ်ယောက်စလုံး ဇီဝိန်ချုပ်သွားကြတာပဲ၊ အဲဒီတော့မှ အလောင်းနှစ်လောင်းကို စိန်ဒါလီက လူမမြင်အောင် ချုံထဲ ဆွဲသွင်းထားပြီး သူလည်း မပြန်သေးဘဲ အခြေအနေ စောင့်ကြည့်နေတယ်၊ ည မှောင်လို့ ပြည်ရထား လာခါနီးတော့မှ အလောင်းတွေ ရထားလမ်းပေါ်  ဆွဲတင်လိုက်တယ်၊ ​ပြည်ရထားက ဖြတ်ကြိတ်သွားရော ဆိုပါတော့ဗျာ၊ အဲဒီလို ဖြတ်ကြိတ်သွားတဲ့အခါမှာ မြည်ဟည်းတဲ့ ရထားခုတ်သံကြီးဟာ စိန်ဒါလီရဲ့ရင်ထဲမှာ မပြေနိုင်တဲ့ရန်ငြိုးအတွက် လက်စားချေလိုက်ရခြင်းကို အားပေးထောက်ခံသလို ခံစားလိုက်ရတယ်ဆိုပဲ၊ အဲဒီမှာ စိန်ဒါလီက သူ့ယောက်ျားကို မြဒါလီနဲ့ တစ်ဖက်လှည့် အောင်သွယ်လုပ်ပေးတဲ့ ကိုဖူးမျိုကိုလည်း လက်စားချေလိုတဲ့စိတ်တွေ ပေါ်လာတော့တာပဲ​ဗျို့၊ အဲဒီတော့ ရထားကြိတ်လို့ ပြတ်သွားတဲ့ သူ့ယောက်ျားရဲ့လက်တစ်ဖက်ရယ်၊ မြဒါလီရဲ့လက်တစ်ဖက်ရယ်ကို ကောက်ယူလာပြီး သံဖြူပုံးထဲထည့်၊ ဆားတွေ ဘာတွေသိပ်၊ စက္ကူကပ် ပါဆယ်ထုပ်ဖြစ်အောင် လုပ်ပြီးတော့ ကိုဖူးမျိုဆီကို လိပ်စာကပ်ပြီး ပို့လိုက်တာဗျို့”
ဟု ကိုသန်းမောင်က အထစ်အငေါ့မရှိဘဲ ရှင်းပြလေတော့သည်။ ထိုအခါ ကျွန်ုပ်က…
“ကိုသန်းမောင်အလှည့်တော့ ပြီးပြီ၊ ကိုနှင်းမောင်အလှည့်ပဲ ကျန်တော့တယ်၊ လုပ်စမ်းပါဦး”
ဟု ပြောလိုက်လေ၏။ ထိုအခါ ဆားပုလင်းနှင်းမောင်သည် ရေခဲတောင်တံဆိပ် စီးကရက်တစ်လိပ်ကို မီးညှိရှိုက်ဖွာရင်း မီးခိုးများကို မျက်နှာကြက်ဆီသို့ မှုတ်ထုတ်ကာ…
“လက်ဝါးနှစ်ဖက်ကို မြင်ကတည်းက ယောက်ျားတစ်ယောက်ရဲ့လက်နဲ့ မိန်းမတစ်ယောက်ရဲ့လက်ဖြစ်ကြောင်း သိဖို့ ကျုပ်အနေနဲ့ သိပ်မခဲယဥ်းပါဘူး၊ မိန်းမရဲ့လက်ဝါးကလည်း အပေါစားလက်သည်းနီလေးတွေကို ဆိုးထားတာ ထောက်ရင် တောအငြိမ့်မင်းသမီးတစ်ဦးရဲ့လက်ဖြစ်တယ်ဆိုတာ စဥ်းစားဖို့ မခဲယဥ်းပါဘူး၊ အငြိမ့်သမလေးလို့ တပ်အပ်သေချာ စဥ်းစားနိုင်ဖို့ကတော့ ပါဆယ်ထုပ်ကို လက်ခံရရှိတဲ့ ကိုဖူးညိုဟာ အငြိမ့်ထောင်ဆရာတစ်ယောက် မဟုတ်ပါလားဗျာ၊ ဒီအထဲမှာ ကိုဖူးညိုအိမ်ရောက်တော့ ညီအစ်ကိုသုံးယောက်ဓာတ်ပုံမှာ တစ်ယောက်ကို ဖဲ့ထုတ်ထားတာ တွေ့ရတယ်၊ အဲဒီဖဲ့ထုတ်ထားခြင်း ခံရတဲ့သူဟာလည်း အငြိမ့်သမတစ်ယောက်နဲ့ လိုက်ပြေးတယ်လို့သိရတယ်၊ အဲဒီလူဟာ ကိုဖူးညိုရဲ့ညီအငယ်ဆုံး ကိုဖူးပျိုဆိုတာလည်း သိရပြန်တယ်၊ အဲဒီအထဲမှာ ကိုဖူးညိုရဲ့ပြောပြချက်အရ သူ့ညီအလတ် ကိုဖူးမျိုဆိုတာ လူရှုပ်၊ သူ ခြယ်လှယ်လို့ ဒီလိုဖြစ်ရတာဆိုတာလည်း သိရပြန်တယ်၊ အဲဒီ အငြိမ့်ထောင်ဆရာကိုဖူးညိုရဲ့ညီအလတ် ကိုဖူးမျိုဟာ လမ်းတစ်လမ်းတည်းရဲ့ဟိုဘက်ထိပ် ဒီဘက်ထိပ်မှာ နေကြတယ်ဆိုတာလည်း သိရပြန်တယ်၊ အဲဒီတော့ ပါဆယ်ထုပ်မှာ ကိုဖူးမျိုနာမည်ကို ရေးတာပဲ၊ ဒါပေမဲ့ ရေးတဲ့သူက ‘အမ်န်’ ဆိုတဲ့ တစ်လုံးနဲ့ ‘အင်န်’ ဆိုတဲ့စကားလုံးကို ပီသအောင် မရေးလိုက်တော့ ဖူးမျိုကို ပေးရမယ့် ပါဆယ်ထုပ်ဟာ ဖူးညိုဆီကို ရောက်သွားတယ်၊ ပြီးတော့ တာမွေစာတိုက်အနေနဲ့က အငြိမ့်ထောင်ဆရာ ဖူးညိုကိုပဲ သတိထားမိတော့မှာပေါ့ဗျာ၊ အဲဒီတော့ ပါဆယ်ထုပ် မှားပြီးရောက်လာတာလည်း မဆန်းပါဘူး”
ဟု ပြောလိုက်လေ၏။ ထိုအခါ ရာဇဝတ်အုပ် ကိုသန်းမောင်က…
“ထားပါတော့ ကိုနှင်းမောင်ရယ်၊ မိန်းကလေးရဲ့လက်ဟာ မြဒါလီရဲ့လက် ဖြစ်နိုင်သလို စိန်ဒါလီရဲ့လက်ကလည်း ဖြစ်နိုင်တယ်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ မြဒါလီက သူကြိုက်တဲ့ယောက်ျားကို မရတဲ့အတွက် လင်မယားနှစ်ယောက်စလုံကို သတ်ပစ်ချင် သတ်ပစ်မှာမို့လား၊ အဲဒါကို ခင်ဗျားက စိန်ဒါလီရဲ့လက်လို့ မစဥ်းစားဘဲ မြဒါလီရဲ့လက်ဖြစ်ရမယ်လို့ ဘာကြောင့် အတိအကျ စဥ်းစားနိုင်ရတာလဲ”
ဟု မေးလိုက်လေ၏။ ထိုအခါ ဆားပုလင်းနှင်းမောင်က…
“အတော့်ကို မေးသင့်တဲ့ မေးခွန်းပါပဲ ကိုသန်းမောင်၊ ဒါပေမဲ့ ခင်ဗျား တစ်ခုစဥ်းစားကြည့်၊ အချစ်အတွက် နာကြည်းလို့ ရက်စက်စရာ ရှိရင် မပိုင်ဆိုင်ရသေးတဲ့လူက ရက်စက်ခဲတယ်ဗျ၊ ပိုင်ပြီးသားကို လက်လွတ်ဆုံးရှုံးတဲ့သူကသာ ပိုပြီးနာကြည်းတတ်တယ်၊ မရသေးတဲ့ရည်းစားကို ဓားနဲ့ထိုးသတ်တာ နည်းပါတယ်ဗျာ၊ ရပြီးသား မယား သူများနဲ့ပါရင်သာ လုပ်လေ့လုပ်ထရှိတယ်၊ အခုလည်း မြဒါလီက ဖူးပျိုကို ရသေးတာ မဟုတ်ဘူးဗျ၊ အသက်ကို လုပ်ကြံရလောက်အောင် နာကြည်းဖို့မရှိဘူး၊ စိန်ဒါလီကတော့ သူ့လင်လေဗျာ၊ ဒီကိစ္စမျိုးမှာ ယောက်ျားတွေထက် မိန်းမတွေက ပိုပြီး ဒိန်းဒလိန်းနတ်ကြီးတယ်ဗျ”
ဟု ပြောလိုက်လေ၏။ ထိုအခါ ကျွန်ုပ်က…
“ဒါနဲ့ နေပါဦး အိုင်ဆေး၊ ကြည့်မြင်တိုင်ဘူတာထဲ ဝင်ပြီး ရုံပိုင်ကြီးနဲ့ ခင်ဗျား သွားတွေ့တာ ဘာကိစ္စလဲ”
ဟု မေးလိုက်လေ၏။
“မှော်ဘီဘူတာကို လှမ်းပြီး မေးကြည့်တာပေါ့ဗျာ၊ အဲဒီတဝိုက်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်းက ရထားကြိတ်သေတာ ရှိ မရှိ မေးကြည့်တော့ အလောင်းတွေက ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီး ဘယ်သူဘယ်ဝါတော့ မသိနိုင်ဘူး၊ ရထားကြိတ်သေတဲ့ အလောင်းနှစ်လောင်းတော့ ရှိခဲ့တယ်၊ ​မှော်ဘီဆေးရုံက သင်္ဂြိုဟ်လိုက်ပြီလို့ သိရတယ်၊ အဲဒါ သိရတယ်ဆိုရင်ပဲ ရထားကြိတ်လို့ ပြတ်ကြောင်း ကျုပ်သိပါတယ်၊ ပြီးတော့ဗျာ၊ မြန်မာပြည်မှာ ရှိတဲ့ မီးရထားကြိတ်မှုတွေထဲမှာ မိန်းမယောက်ျားစုံတွဲ အကြိတ်ခံရတဲ့အမှုရယ်လို့ ဘယ်နှခါများ ကြားဖူးလို့လဲ၊ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စပါဗျာ၊ အဲဒီတော့ လူသတ်သမားဟာ ဒီစုံတွဲကို သတ်ပြီး ရထားလမ်းပေါ် တင်ထားမယ်ဆိုတာ သေချာပါတယ်”
ဟု ပြောလိုက်လေ၏။ ထိုအခါ ကျွန်ုပ်က…
“ဒီ ရန်ငြိုးမျိုးက အတော်ကို ကြောက်ဖို့ကောင်းတယ်ဗျာ
ဟု ပြောလိုက်ရာ ဆားပုလင်းနှင်းမောင်က…
“အငြိုးဆိုရင် ဘယ်အငြိုးများ ကြောက်စရာမကောင်းတာ ရှိလို့လဲ အိုင်ပီ၊ အမှန်ကတော့ အငြိုးအမှတ် မရှိခြင်းကို လပ်(ဗ်) Love မေတ္တာတရားလို့ ခေါ်တယ် မဟုတ်လား”
ဟု ပြောလိုက်လေတော့၏။
🙏 သဗေ သတာ ကမသကာ 🙏
✍  မင်းသိင်္ခ
📒 ဆားပုလင်းနှင်းမောင် ဝတ္ထုတိုပေါင်းချုပ်