ကြေကွဲဝိညာဥ်နှင့်တစ်ညတာ

။လုံခြုံရေးကုမ္ပဏီတစ်ခုခုမှာ အလုပ်ဆက်လျှောက်ပါလား”
“ဟာကွာ။အဲဒီလိုကုမ္ပဏီတွေကနယ်တွေအထိ လနဲ့ချီပြီး ခရီးထွက်ရတာပဲကွ။တစ်ခါတလေ နှစ်တောင်ပေါက်တယ်။အဲဒါကြောင့် မလုပ်ချင်တာ”
“ဪ ယောက်ျားရယ်။လောလောဆယ် အလုပ်မရှိသေးတာနဲ့စာရင် တော်သေးတယ်လေ”
“နေပါအုံးကွာ။ငါစဉ်းစားပါအုံးမယ်”
“သဘောပဲတော်ရေ”
ပြောပြီး သီတာလည်း ကြမ်းခင်းပေါ်ချထားသည့် ခြင်းတောင်းကိုယူကာ မီးဖိုချောင်ထဲသို့ဝင်သွားသည်။
မြတ်မင်းလွင်လည်း သူ၏ဘေးတွင်ထိုင်လျက်ရှိနေသည့် သမီးငယ်လေးကို ပွေ့၍ပေါင်ပေါ်သို့တင်ကာ ချော့မြူကစားနေလိုက်သည်။
အချိန်တွေ တဖြည်းဖြည်းကုန်လာသည်။
ညနေစောင်းအချိန်သို့ရောက်တော့ မြတ်မင်းလွင်လည်း သမီးငယ်လေးနှင့်ကစားခြင်းကိုရပ်လိုက်ပြီး ထိုင်ရာမှ ထကာ မီးဖိုချောင်ထဲသို့ဝင်လိုက်သည်။
သီတာကမူ ညစာအတွက် ချက်ပြုတ်ကာ အလုပ်တွေရှုပ်နေသည်။
မြတ်မင်းလွင်က
“မိန်းမ။ငါ့ကိုလက်ဖက်ရည်ဖိုးပေးစမ်းပါအုံးဟ”
သီတာ မျက်စောင်းတစ်ချက်ထိုးသည်။
ပြီးနောက်
“အလုပ်သာမရသေးတာ။လက်ဖက်ရည်ဖိုးတောင်းတာတော့မှန်သားပဲ။အိမ်မှာနေရင်းနဲ့လည်း အိမ်အလုပ်ဝိုင်းကူမယ်မစဉ်းစားဘူး။ကိုယ့်မိန်းမက ဈေးလည်းရောင်းရ။အိမ်မှုကိစ္စတွေလည်းလုပ်ရ။နည်းနည်းလေးလည်း သိတတ်ပါအုံး”
“အေးပါကွာ။ငါလက်ဖက်ရည်ဆိုင်ထိုင်တာ သိပ်မကြာတတ်ပါဘူး။နာရီဝက်လောက်ဆို ပြန်လာခဲ့မှာပါ။ပြီးရင် ဝိုင်းကူပေးမယ် ဟုတ်ပြီလား”
“ပြီးရော”
သီတာက အိတ်ကပ်ထဲမှ ငါးရာတန်တစ်ရွက်ကို ဆောင့်ကြီး အောင့်ကြီးဖြင့်ထုတ်ပေးသည်။
မြတ်မင်းလွင်လည်း သီတာပေးသည့် ငါးရာတန်ကိုယူလိုက်ရင်း ‘ကျေးဇူး’ဟုဆိုကာ အိမ်ထဲမှထွက်လာခဲ့တော့သည်။
လက်ဖက်ရည်ဆိုင်သို့ရောက်တော့ မြတ်မင်းလွင်သည် ပေါ့ဆိမ့်တစ်ခွက်နှင့် ဆေးပေါ့လိပ်တစ်လိပ်မှာပြီး စိမ်ပြေနပြေ ဖွာရှိုက်နေလိုက်သည်။
ထိုအခိုက်တွင်
“ဟေ့ မြတ်မင်းလွင် ဒီမှာထိုင်နေတာလားကွ”
ထိုအသံကြောင့်မြတ်မင်းလွင်လည်း လှည့်ကြည့်လိုက်ရာ ဘိုဘိုကိုတွေ့လိုက်ရသည်။
ဘိုဘိုဆိုတာ ကားပွဲစားတစ်ယောက်ဖြစ်ပြီး အပေါင်းအသင်းဆံ့သူလည်းဖြစ်သည်။
မြတ်မင်းလွင်က
“အေး ဟုတ်တယ်။လာထိုင်လေ”
ဘိုဘိုက မြတ်မင်း၏ရှေ့တွင် ဝင်ထိုင်လိုက်သည်။
ပြီးနောက် စားပွဲထိုးလေးကို လက်ဖက်ရည်တစ်ခွက်မှာလိုက်သည်။
၎င်းက
“ဆိုပါအုံး။လုံခြုံရေးကုမ္ပဏီမှာပဲလား”
“မဟုတ်တော့ဘူး။ထွက်လိုက်ပြီ”
“ဟေ ဘယ်လိုဖြစ်လို့တုံး”
“နယ်ကကုမ္ပဏီတွေက လုံခြုံရေးလာငှါးရင် အဲဒီအထိသွားရတာအဆင်မပြေဘူးကွ။ပြီးတော့ လတွေချီပြီးကြာတယ်။တစ်ခါတလေ တစ်နှစ်လောက်အထိပဲ။ဒီတော့ ငါ့မိန်းမနဲ့သမီးကို အဲဒီလောက်အထိမခွဲနိုင်ဘူးကွ”
“ဒါဆို မင်းအခု ဘာတွေလုပ်နေတုံး”
“ဘာမှမလုပ်သေးဘူး။နေ့လည်ကတော့ ဦးခမ်းမောင်ဆိုတဲ့လူရဲ့အိမ်မှာ လုံခြုံရေးအလုပ်သွားလျှောက်သေးတယ်”
“ရလား”
မြတ်မင်းလွင် ပုခုံးတွန့်ပြလိုက်ရင်း
“မရပါဘူးကွာ။ဂိတ်အပေါက်ဝကတင် လှည့်ပြန်ခဲ့ရတယ်”
“ဘယ်လိုဖြစ်လို့တုံး”
“ဟာကွာ။ အကောင်ကြီးကြီး အမြီးရှည်ရှည်တစ်ကောင်ကောင်ရဲ့ထောက်ခံချက်ပါမှတဲ့”
“ဟ ဒါများ ဘာခက်လို့လဲ ငါကူညီပေးနိုင်ပါတယ်ကွ”
ထိုအခိုက်တွင်စားပွဲထိုးလေးက ဘိုဘိုမှာထားသည့် လက်ဖက်ရည်ကို လာချပေးသည်။
ဘိုဘိုလည်း ထိုလက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။
မြတ်မင်းလွင်ကလည်း စိတ်ဝင်တစားဖြစ်နေသည်။
“ပြောစမ်းပါအုံး။မင်းမှာ ရာထူးကြီးတဲ့သူတွေနဲ့ရင်းနှီးထားလား”
“ဟ ရင်းနှီးထားတာပေါ့။ဟိုတလောက ဗိုလ်မှူးတစ်ယောက် သူ့ကားရောင်းထွက်ဖို့ အတွက်ငါ အကူအညီပေးလိုက်ရသေးတယ်။သူက အဲဒါကိုရောင်းပြီး အသစ်ဝယ်ချင်တာလေ”
“အင်း အဲဒီတော့”
“ကားရောင်းထွက်တော့ ငါလည်း မြိုးမြိုးမြတ်မြတ်ရလိုက်တယ်။
ဒါတင်မကသေးဘူး။အဲဒီဗိုလ်မှူးက အကူအညီလိုရင် သူ့ဆီဆက်သွယ်ဖို့ ဖုန်းနံပါတ်ပါ ပေးလိုက်သေးတယ်။ဒီတော့ မင်းအတွက် အဆင်ပြေသွားတာပေါ့”
မြတ်မင်းလွင် ဝမ်းသာသွားသည်။
ထို့နောက်
“ဒါဆိုလုပ်စမ်းပါ။ကျုပ်အတွက် သူ့ရဲ့ထောက်ခံချက်လေးယူပေးစမ်းပါ”
“စိတ်ချပါကွာ။အဲဒီအတွက်မပူစမ်းပါနဲ့”
သို့ဖြင့် နှစ်ယောက်သား လက်ဖက်ရည်အတူသောက်ရင်း စကားစမြည်ပြောဆိုပြီးသည့်နောက် ကျသင့်ငွေကိုရှင်းကာ ပြန်မှပြန်ထွက်လာခဲ့ကြတော့သည်။
အိမ်သို့ရောက်တော့ မြတ်မင်းလွင်က ဇနီးဖြစ်သူ သီတာကိုဝမ်းသာအားရစွာဖြင့်ပြောသည်။
“မိန်းမရေ။ငါအလုပ်ရတော့မယ်ကွ”
“ဟုတ်လား။ဘယ်အလုပ်လဲ”
“ဦးခမ်းမောင်အိမ်ရဲ့လုံခြုံရေးပဲ။ငါ့ဘော်ဒါတစ်ယောက်က ကူညီပေးမှာ”
“ဒါဆိုလည်း ကောင်းတာပေါ့။လုံခြုံရေးserviceကုမ္ပဏီထက်စာရင် အဲဒီနေရာက လစာပိုရမှာ။တကယ့်သူဌေးကြီးအိမ်ရဲ့အစောင့်လုပ်ရတာကိုး”
“အင်း မင်းပြောသလို လစာပိုရရင် ကောင်းတာပေါ့ကွာ”
နှစ်ယောက်သား ညစာအတူစားကြသည်။
ပြီးနောက် မီးပျက်နေသည်မို့ အိမ်အပြင်ထွက်ကာ ယပ်တောင်ကိုယ်စီဖြင့် ထွက်ထိုင်ကြတော့သည်။
+++++++++++++++++++++++++++
“ဟ မင်းဟာက ဟုတ်ကောဟုတ်လို့လား။မြန်လှချည်လား”
မြတ်မင်းလွင်က တအံ့တဩဖြင့်ပြောတော့ ဘိုဘိုက ရယ်သည်။
ပြီးနောက်
“ငါမင်းကိုပြောထားတယ်လေ။ဗိုလ်မှူးက ငါနဲ့ရင်းနှီးပါတယ်ဆို။မနေ့ညက ငါပြောလိုက်တော့ သူလည်း ဦးခမ်းမောင်ဆီချက်ချင်းဖုန်းဆက်ပြောလိုက်တာပဲ။ဟိုကလည်း ဗိုလ်မှူးထောက်ခံပေးတဲ့လူဆိုတော့ ချက်ချင်းအလုပ်ခန့်လိုက်တာ။ဒီတော့
မင်းမနက်ဖြန်အလုပ်စဆင်းလို့ရပြီ။လစာကတော့ သူ့အောက်ကလူတွေနဲ့ညှိရမှာပေါ့”
“ရတယ်။အဲဒါနောက်မှပါ”
နှစ်ယောက်သား လက်ဖက်ရည်ကိုယ်စီသောက်လိုက်ကြသည်။
ပြီးနောက် ကျသင့်ငွေကိုရှင်းကာ ပြန်လာခဲ့ကြသည်။
နောက်တစ်နေ့သို့ရောက်တော့ မြတ်မင်းလွင်လည်း ဦးခမ်းမောင်၏အိမ်သို့လျှောက်လာခဲ့သည်။
သို့ဖြင့် ဦးခမ်းမောင်၏ခြံဝန်းထိပ်ရှိ ဂိတ်အပေါက်ဝသို့ရောက်တော့ မနေ့က လုံခြုံရေးနှစ်ယောက်က ဆီးကြိုနှုတ်ဆက်သည်။
“လာပါ ကိုမြတ်မင်းလွင်။အထဲမှာ လုံခြုံရေးမှူးက စောင့်နေပါတယ်”
ပြောပြီးနောက် တစ်ယောက်က မြတ်မင်းလွင်ကို ခြံဝန်းထဲသို့ခေါ်သွားသည်။
ခြံဝန်းအတွင်းရှိ သုံးထပ်တိုက်အောက်ထပ်အတွင်းဝယ် အခန်းငယ်လေးတစ်ခန်းလည်းရှိနေသေးသည်။
အနှီအခန်းအတွင်းဝယ် cctv ကင်မရာများမှမြင်ကွင်းတွေကို tvမှတဆင့်ကြည့်ရှုနေသည့် လူတစ်ယောက်ကိုတွေ့ရသည်။
မြတ်မင်းလွင်ကိုခေါ်လာသည့် လုံခြုံရေးက
“ဆရာ။သူရောက်လာပါပြီ”
လုံခြုံရေးမှူးက မြတ်မင်းလွင်ကို တစ်ချက်ကြည့်လိုက်ရင်း
“မင်း လစာကို ဘယ်လောက်မှန်းထားတုံး”
မြတ်မင်းလွင် စဉ်းစားလိုက်သည်။
ပြီးနောက်
“နှစ်သိန်းလောက်ဆိုအဆင်ပြေပါတယ်”
လုံခြုံရေးမှူး မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။
ပြီးနောက်
“နှစ်သိန်းခွဲပေးမယ်။ဒါပေမယ့် နေရာမရွေး၊အချိန်မရွေးတော့ တာဝန်ထမ်းဆောင်ပေးရမယ်။ဘယ့်နှယ့်လဲ‌”
မြတ်မင်းလွင် တစ်ချက်တွေဝေသွားသည်။
ပြီးနောက်
“နယ်တွေကို သွားရလေ့ရှိလားဗျ”
“နယ်တွေတော့ မသွားရပါဘူး။ဒီမြို့က နေရာအများစုမှာပါပဲ”
“ဒါဆိုအဆင်ပြေပါတယ်”
“ကောင်းပြီ”
ထို့နောက် မြတ်မင်းလွင်ကို ခေါ်လာသည့် လုံခြုံရေးအား ပြောလိုက်သည်။
“မိုးညို။သူ့ကိုယူနီဖောင်းပေးလိုက်။ပြီးရင် မင်းတို့နဲ့အတူ ဂိတ်မှာပဲ‌ထားလိုက်။လူဝင်လူထွက်စာရင်းမှတ်တာတွေပါ သင်ပေးထား”
“ဟုတ်။ဆရာ”
မိုးညို အမည်ရှိ လုံခြုံရေးလည်း မြတ်မင်းလွင်ကို လော်ကာတွေထားသည့်
နေရာသို့ ခေါ်သွားပြီး လုံခြုံရေးယူနီဖောင်းထုတ်ပေးသည်။
မြတ်မင်းလွင်လည်း အနှီယူနီဖောင်းကိုလဲလှယ်ဝတ်ဆင်ပြီး မိုးညိုနှင့်အတူ လုံခြုံရေးဂိတ်သို့ထွက်လာခဲ့တော့သည်။
++++++++++++++++++++++++
‘တူ တူ တူ’
လုံခြုံရေးဂိတ်ထဲတွင်ရှိနေသည့်တယ်လီဖုန်းမြည်သံကြောင့် မိုးညိုလည်း ကောက်ကိုင်လိုက်သည်။
“ဟဲလို အမိန့်ရှိပါခင်ဗျာ”
“အေး။ကွက်သစ်မှာစောင့်တဲ့နှစ်ယောက်ထဲကမြင့်ဌေးဆိုတဲ့‌ေကာင် သူ့အမေဆေးရုံတင်ရလို့ဒီနေ့ခွင့်ယူသွားတယ်။ဟိုကောင်ဘိုသက်ကလည်းဖျားနေလို့ ကွေးနေရတယ်။ဒီတော့မြတ်မင်းလွင်
ကိုကွက်သစ်မှာဒီညစောင့်ခိုင်းလိုက်။စားဖို့သောက်ဖို့ ပါတစ်ခါတည်းစီစဉ်ပေးလိုက်”
“ဟုတ်ကဲ့ဆရာ”
“ဟိုကောင် ဘိုသက်အတွက်ပါ လိုအပ်တဲ့ဆေးတွေဝယ်သွားအုံး”
“ဟုတ်ကဲ့ပါ ဆရာ”
“အေးအေး။ဒါပဲ”
တစ်ဖက်မှ ဖုန်းချသွားသည်။
မိုးညို လည်းတယ်လီဖုန်းကိုချလိုက်ရင်းအနားတွင်ရှိနေသည့် ဇော်မြင့်ဦးကိုပြောလိုက်သည်။
“ဟိုကောင် မြင့်ဌေးက သူ့အမေဆေးရုံတင်ရလို့ ခွင့်ယူသွားတယ်။ဘိုသက်ကလည်းဖျားနေတယ်။ဒါကြောင့်မြတ်မင်းလွင်ကို ကွက်သစ်မှာစောင့်ဖို့လုံမှူးက လှမ်းပြောတာ”
“မင်းလိုက်ပို့ပေးမလား”
“အင်း ပို့ပေးလိုက်‌မယ်လေ”
“ပြီးရော”
ဇော်မြင့်ဦးက ဂိတ်အတွင်းရှိ တိုင်တွင်ချိတ်ထားသည့် ကားသော့ကိုဖြုတ်ကာမိုးညိုအား ပေးလိုက်သည်။
မိုးညိုလည်း အနှီသော့ကိုယူပြီး ရှေ့ခပ်လှမ်းလှမ်းတွင်ရှိနေသည့် မြတ်မင်းလွင်ကို လှမ်းခေါ်လိုက်သည်။
“မြတ်မင်းလွင်ရေ။မင်းOTဆင်းရမယ်။ငါနဲ့လိုက်ခဲ့”
“ဟုတ်”
ထို့နောက် နှစ်ယောက်သား ကားရှိရာသို့ထွက်လာခဲ့ကြသည်။
ကားပေါ်သို့ရောက်သည့်နောက် မြတ်မင်းလွင်က
“ဘယ်မှာဆင်းရမှာလဲ”
“ကွက်သစ်မှာ။ဒီမြို့အပြင်ဘက်လေ”
“ဪ။ကျွန်တော်တစ်ယောက်လား”
“မဟုတ်ဘူး။အခြားတစ်ယောက်လည်း ပါတယ်။သူကတော့ဖျားနေလို့ တဲထဲမှာပဲရှိနေမှာ”
ပြောရင်းဖြင့် မိုးညို ကားကိုမောင်းထွက်လိုက်သည်။
သို့ဖြင့် မြို့တွင်းတစ်နေရာမှ ဆေးဆိုင်တစ်ဆိုင်ရှေ့သို့ရောက်တော့ မိုးညိုလည်း ကားကိုရပ်ပြီး ဆေးနှင့်တကွ မုန့်ကိုဆင်းဝယ်သည်။
ပြီးနောက် ဆက်လက်မောင်းသည်။
အတန်ကြာသောအခါတွင်တော့ မြို့အစွန်မှကွက်သစ်သို့ရောက်လာခဲ့သည်။
ကွက်သစ်သည် လယ်ဧကပေါင်း ငါးဆယ်စာခန့်ကျယ်ဝန်းပြီး ခြံစည်းရိုးတွေကိုလည်း သံဆူးကြိုးများဖြင့် ကျကျနန
ကာရံထားသည်။
တဖန်။ခြံစည်းရိုး၏အချို့နေရာတွေတွင် ‘ဦးပိုင်မြေ မကျူးကျော်ရ’ ဆိုင်းဘုတ်တွေလည်းတပ်ထားသည်။
ခြံဝင်းအတွင်းဝယ် သစ်ပင်တွေကလည်း ခပ်ကျဲကျဲသာပေါက်နေသလို ဖျက်ထားသည့်အိမ်တွေကမူ နေရာအနှံ့တွေ့နေရသည်။
ကားသည် ခြံဝင်းထဲသို့ဝင်ပြီး ဆက်လက်မောင်းလာခဲ့ရာ သစ်ပင်ကြီးတစ်ပင်အောက်မှ တဲတစ်လုံးရှေ့တွင် ရပ်လိုက်သည်။
တဲ၏ဘေးတွင် စင်ကလေးတစ်ခုလည်း ရှိနေသေးသည်။
“ဆင်းတော့”
“ဟုတ်”
နှစ်ယောက်သား ကားပေါ်မှဆင်းလိုက်ကြသည်။
ပြီးနောက် တဲအတွင်းသို့ဝင်လိုက်ကြသည်။
တဲအတွင်းဝယ် ဘိုသက်က ခွေခွေလေးဖြစ်နေသည်။
“ဘိုသက်။သက်သာရဲ့လား”
“မသက်သာပါဘူး ကိုမိုးညိုရယ်”
“ရော့။မင်းအတွက် ဆေးနဲ့မုန့်”
မိုးညိုက ယူဆောင်လာသည့်ဆေးနှင့်မုန့်ကို ဘိုသက်၏‌ဘေးတွင်ချထားပေးကာ မြတ်မင်းလွင်ဘက်သို့ မေးငေါ့ပြလိုက်ရင်း
“ဒါလုံခြုံရေးဝန်ထမ်းအသစ်လေ။ဒီနေ့မှဝင်တာ။ဒီညတော့ ဒီခြံမှာ မင်းနဲ့အတူစောင့်ပေးလိမ့်မယ်”
“ဪ။ဟုတ်ကဲ့ ကိုမိုးညို”
ထို့နောက် မိုးညိုလည်း မြတ်မင်းလွင်ကို ပိုက်ဆံ တစ်ထောင်တန်နှစ်ရွက်ထုတ်ပေးလိုက်ရင်း
“ညစာဝယ်စားဖို့။ဒီခြံဝင်းရဲ့အရှေ့မှာ ထမင်းဆိုင်လေးရှိတယ်”
“ဟုတ်ဟုတ်”
“ကဲ ငါသွားပြီ”
မိုးညို တဲထဲမှပြန်ထွက်ပြီး ကားပေါ်တက်ကာ မောင်းထွက်သွားသည်။
မြတ်မင်းလွင်လည်း လက်ပတ်နာရီကိုကြည့်လိုက်တော့ ည ခုနှစ်နာရီထိုးစပြုနေပြီမို့ ဘိုသက်ဘက်သို့လှည့်လိုက်ပြီး
“ကျွန်တော် ထမင်းသွားစားလိုက်အုံးမယ်။ဘာမှာအုံးမလဲဗျ”
“မမှာတော့ပါဘူး”
“ဟုတ်။ဒါဆိုသွားပြီ”
မြတ်မင်းလွင် တဲထဲမှထွက်လာခဲ့သည်။
ပြီးနောက် ခြံအပြင်ရှိ ထမင်းဆိုင်လေးတွင် ထမင်းဝင်စားသည်။
ဤပတ်ဝန်းကျင်သည် အိမ်ရယ်လို့ မရှိပါ။
ကြည့်ရသည်မှာ ဤဆိုင်သည် လမ်းပေါ်ဖြတ်သွား ဖြတ်လာ ပြုသည့် ခရီးသွား ကားတွေကိုသာ ဦးစားပေး ရောင်းသည့်သဘောရှိသည်။
စားပြီးသည့်နောက် ကျသင့်ငွေကိုရှင်းကာ ခြံထဲသို့ပြန်ဝင်လာခဲ့သည်။
ပြီးနောက် တဲအတွင်းမှ ဘိုသက်၏အနီးတွင်ထိုင်လိုက်ပြီး
“အစ်ကိုက ဒီခြံမှာစောင့်တာ ကြာပြီလား”
“မကြာသေးဘူး။ဒီခြံစသိမ်းတာငါးရက်လောက်ပဲရှိသေးတယ်။သိမ်းသိမ်းချင်း ဒီမှာ လာစောင့်ပေးရတာ”
“ဪ”
မြတ်မင်းလွင် ဆက်မမေးဖြစ်တော့ဘဲ ဘိုသက်၏ဘေးမှ ဓာတ်မီးကိုယူကာ တဲအပြင်ဘက်သို့ထွက်ပြီး စင်ကလေးပေါ်တွင် ထိုင်နေလိုက်သည်။
အချိန်က တဖြည်းဖြည်း ကုန်လာသည်။
ညကိုးနာရီထိုးစပြုချိန်တွင်တော့ ခြံဝန်း၏အပြင်မှ ခွေးလေခွေးလွင့်တွေ၏အူသံတေ‌ွ၊စူးစူးဝါးဝါးထိုးဟောင်သံတွေထွက်ပေါ်လာသည်။
ထိုအခါ မြတ်မင်းလွင်လည်း ကွတ်ပျစ်ပေါ်မှဆင်းကာ ခြံဝန်းပတ်ပတ်လည်သို့ဓာတ်မီးဖြင့်လိုက်လံထိုးကြည့်သည်။
ခြံဝန်းတစ်ခုလုံးကာ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
ထိုအခိုက်တွင်
“အီး ဟီးဟီး ဟ‌ီး”
တဲထဲမှ ဘိုသက်၏ ငိုသံကြီးထွက်ပေါ်လာသည်မို့ မြတ်မင်းလွင်လည်း
တဲဘက်သို့လှည့်ပြီး လှမ်းမေးလိုက်သည်။
“ကိုဘိုသက်။မသက်သာဘူးလားဗျ”
ဘိုသက်၏ တုံ့ပြန်ပြောဆိုသံထွက်ပေါ်လာခြင်းမရှိဘဲ ငိုသံကသာ ဆက်လက်ထွက်ပေါ်လာသည်။
“အီး ဟီးဟီး”
ထိုအခါ မြတ်မင်းလွင်လည်း မနေသာတော့ဘဲ တဲထဲသို့ခပ်သွက်သွက်ဝင်လိုက်သည်။
ဘိုသက်သည် အိပ်ရာပေါ်ဝယ် ငုတ်တုတ်ထိုင်ရင်း ငိုနေလေသည်။
မြတ်မင်းလွင်က
“ကိုဘိုသက်။ဘယ်လိုဖြစ်တာလဲ။မသက်သာဘူးလား”
ယင်းသို့မေးတော့ ဘိုသက်က မြတ်မင်းလွင်ကို စူးစူးဝါးဝါးကြည့်လေပြီး
“ငါဘိုသက်မဟုတ်ဘူး။ငါ့နာမည်ရွှေမောင်။ဒီရပ်ကွက်မှာနေတာ”
ထိုစကားကြောင့် မြတ်မင်းလွင်လည်း ခေါင်းရှုပ်သွားသည်။
ထို့နောက် ခေါင်းကိုတဗြင်းဗြင်းကုတ်လေရင်း
“ဘာတွေပြောနေတာလဲဗျာ။ခင်ဗျားပြောတာ ကျွန်တော်တစ်ခုမှနားမလည်ဘူး”
“ငါဘိုသက်မဟုတ်ဘူး။ရွှေမောင်။ငါမကျေနပ်ဘူး။မကျေနပ်ဘူး”
“ခေါင်းရှုပ်တယ်ဗျာ။ခင်ဗျားက ဘာကိုမကျေနပ်တာတုံး”
“မင်းတို့အားလုံးကိုမကျေနပ်တာ။ငါတို့ရဲ့ဒီရပ်ကွက်လေးကို ကျူးကျော်ဆိုပြီးသိမ်းသွားတယ်။ငါ့ကိုလည်း ဝိုင်းရိုက်သတ်သွားတယ် အီးဟီးဟီး”
ပြောရင်းဖြင့် ငိုချလိုက်ပြန်သည်။
မြတ်မင်းလွင်လည်း ဘိုသက်၏စကားကို အမျိုးမျိုးတွေးနေမိသည်။
ယင်းသို့တွေးနေရင်းမှ တဖြည်းဖြည်း
ဇာတ်ရည်လည်သွားသည်။
ပြီးနောက် ကြက်သီးတဖြန်းဖြန်းထသွားသည်။
“နေ နေပါအုံး။ဒီခြံဝန်းကြီးက အရင်တုန်းက ရပ်ကွက်လား”
“ဟုတ်တယ်။အနှစ်ငါးဆယ်တောင်ကျော်နေတဲ့ရပ်ကွက်ကြီး”
“ဘယ်လိုဖြစ်လို့ တပ်ပိုင်နယ်မြေဆိုပြီး အသိမ်းခံရတာတုံး”
“မင်းတို့သူဌေးလေကွာ။စက်ရုံဆောက်ဖို့အတွက် စစ်တပ်နဲ့ပေါင်းပြီး ဒီရပ်ကွက်ကိုလာဖျက်ခိုင်းတာ။ငါတို့ရပ်ကွက်ကလူတွေက အကုန်ငကြောက်တွေချည်းဆိုတော့ ဘာမှမပြောရဲကြဘူး။ငါကပဲ ဦးဆောင်ကန့်ကွက်ခဲ့တာ။လူမညီတော့ငါပဲခံရတာပေါ့ကွာ။မင်းတို့အစောင့်တွေငါ့ကိုရိုက်သတ်သွားကြတာ။အီးဟီးဟီး ငါမကျေနပ်ဘူး”
ယင်းသို့ဆိုရင်းဖြင့် ဘိုသက်သည် မြတ်မင်းလွင်ကိုစူးစူးစိုက်စိုက်ကြည့်လေသည်။
ရန်ပြုလာတော့မည့်အန္တရာယ်အငွေ့အသက်ကိုရှူရှိုက်မိသည်မို့ မြတ်မင်းလွင်လည်း ရင်ထိတ်လာသည်။
ထို့နောက်
“ခင်ဗျားကိုရိုက်သတ်တဲ့အစောင့်တွေထဲမှာ
ကျွန်တော်မပါပါဘူး။ကျွန်တော်က ဒီနေ့မှ အလုပ်စဝင်တာပါ”
“ဘာမှလာပြောမနေနဲ့။အခုမပါရင်လည်း နောက်ဆိုပါမှာ။မင်းတို့က အထက်ကအမိန့်ပေးရင် အကုန်လုပ်မယ့်ကောင်တွေ။မင်းတို့ကိုငါလက်စားချေမယ်။ဒီကောင်(ဘိုသက်)ဖျားပြီး အားနည်းမယ့်အချိန်ကိုငါစောင့်နေတာ။အခုသူ့ကိုယ်ထဲကိုငါဝင်လို့ရပြီ။မင်းကိုအရင်သတ်မယ်။ပြီးရင် ဒီကောင့်(ဘိုသက်)ကိုလည်းသတ်မယ်။အီးဟီးဟီး မင်းတို့အစောင့်တွေ အကုန်သေရမယ်”
ပြောရင်းဖြင့် ဘိုသက်က မြတ်မင်းလွင်ကို ခုန်အုပ်လိုက်သည်။
အလစ်အငိုက်မိသွားသည်မို့ မြတ်မင်းလွင်လည်း မြေပြင်ပေါ် လဲကျသွားသည်။
အပေါ်စီးမှဖြစ်သွားသည့် ဘိုသက်ကလည်း မြတ်မင်းလွင်၏မျက်နှာကို လက်နှစ်ဖက်ဖြင့် ထုရိုက်နေတော့သည်။
“သတ်မယ်။မင်းတို့ကြောင့်ငါသေရတာ။ငါ့မိန်းမ ငါ့သမီးနဲ့ငါသေကွဲကွဲရတာ။သတ်မယ်။သတ်မယ်”
လက်ဖြင့်ထုရိုက်ရင်း ပါးစပ်ကလည်း အဆက်မပြတ်ပြော၍နေလေသည်။
မြတ်မင်းလွင်ကလည်း ဘိုသက်၏လက်နှစ်ဖက်ကို ဖမ်းချုပ်နိုင်ဖို့ အသည်းအသန်ကြိုးစားနေလေသည်။
ယင်းသို့ကြိုးစားရင်း ဖြေရှင်းပြနေပြန်သည်။
“ကျွန်တော်မပါဘူး။ကျွန်တော်က လုံခြုံရေးအသစ်။ကျွန်တော်ဘယ်သူ့ကိုမှ နာကျင်ကျင်အောင် မလုပ်ခဲ့ဖူးဘူး”
“သတ်မယ်။သတ်မယ်။အကုန်လုံးကိုသတ်ပစ်မယ်”
အဆက်မပြတ်ထုရိုက်နေမှုကြောင့် မြတ်မင်းလွင်၏မျက်နှာသည်လည်း ဖူးယောင်ကာ သွေးအချို့စီးကျလာသည်။
နာကျင်သည့်ဒဏ်ရာနှင့်အတူ တဖြည်းဖြည်း ကိုက်ခဲမှုက စတင်လာသည်။
နောက်ဆုံးတွင်တော့ မြတ်မင်းလွင်လည်း
အားကုန်သုံးကာ ဘိုသက်၏မျက်နှာကို လက်သီးဖြင့်ထိုးပစ်လိုက်သည်။
‘ခွပ်’
”အား”
ပြင်းထန်သည့်ထိုးချက်ကြောင့် ဘိုသက်လည်း အနောက်သို့လန်ကျသွားသည်။
ထို့နောက် မြတ်မင်းလွင်ကို ပြန်လည်တိုက်ခိုက်ရန် ကုန်းရုန်းထမည်ပြုစဉ် မြတ်မင်းလွင်က အော်ဟစ်ဟန့်တားလိုက်သည်။
“တော်တော့”
ဘိုသက် ကြောင်တောင်တောင်ဖြစ်သွားသည်။
မြတ်မင်းလွင်က
“ခင်ဗျားကို ကျုပ်ပြောထားတယ်လေ။ကျုပ်က ဒီနေ့မှ စဝင်တဲ့လုံခြုံရေးအသစ်ဆိုတာ။ခင်ဗျားကို သေအောင်ဝိုင်းရိုက်တဲ့အထဲမှာ ကျုပ်မပါဘူး။ဒါမျိုးကိုအထက်ကအမိန့်ဘယ်လောက်ပေးပေး ကျုပ်လုပ်မှာလည်းမဟုတ်ဘူး”
“ဒါပေမယ့်ငါသေခဲ့ရတယ်။ငါ့မိန်းမ ငါ့သမီးနဲ့ ငါသေကွဲကွဲခဲ့ရတယ်။မင်းရဲ့အဖွဲ့တွေလုပ်ခဲ့လို့”
ပြောရင်းဖြင့် ဘိုသက်သည် လဲနေရာမှထပြီး မြတ်မင်းလွင်ကိုခုန်အုပ်ပြန်သည်။
မြတ်မင်းလွင်လည်း ရှောင်တိမ်းပြီး ပြန်လည်တိုက်ခိုက်ဖို့အတွက် လက်နက်တစ်ခုခုကို မျက်စိကစားပြီး ရှာကြည့်လိုက်သည်။
ယင်းသို့ရှာရာ၌ တဲထရံတွင်ပြုတ်ထွက်စပြုနေသည့် သစ်သားချောင်းတစ်ချောင်းကိုတွေ့ရသည်။
ထို့နောက် ထိုသစ်သားချောင်းကိုအလျင်အမြန်ပဲဖြုတ်ယူလိုက်သည်။
ယင်းအခိုက်တွင် ဘိုသက်ကလည်း မြတ်မင်းလွင်ကို ခုန်အုပ်ပြန်သည်။
မြတ်မင်းလွင်လည်း သူ့ဆီသို့ဘိုသက်မရောက်ခင် လက်ထဲမှသစ်သားချောင်းဖြင့် ၎င်း၏ခါးကို အားကုန် လွှဲရိုက်လိုက်သည်။
‘ဖြောင်း’
“အား”
‘ဘုန်း’
ဘိုသက်လည်း ကြမ်းခင်းပေါ်သို့ ဖရိုဖရဲပြုတ်ကျသွားသည်။
ထို့နောက် ချက်ချင်းကုန်းရုန်းထဖို့ကြိုးစားစဉ် မြတ်မင်းလွင်က အော်ဟစ်ပြောဆိုလိုက်သည်။
“တော်လောက်ပြီ။တော်လောက်ပြီနော်။
ကျုပ်လုပ်လိုက်လို့ ကြားကလူကိုမသေစေချင်ဘူး”
ယင်းသို့ပြောလိုက်တော့ ဘိုသက်က လှုပ်ရှားမှု မပြုသေးဘဲ မြတ်မင်းလွင်ကို အံတကြိတ်ကြိတ်ဖြင့်ကြည့်နေလေသည်။
မြတ်မင်းလွင်က
“ခင်ဗျားကိုကျုပ်ဆက်ရိုက်ရင် ဒီဝင်ပူးခံရတဲ့လူက မဆီမဆိုင်သေသွားမှာ။ကျုပ်ကိုဆက်ရိုက်ရအောင် ဖိအားမပေးစမ်းပါနဲ့။ကျုပ်ထောင်ထဲမရောက်ချင်ဘူး။ကျုပ်မှာမိန်းမနဲ့ကလေးရှိတယ်။ကျုပ်သူတို့နဲ့တစ်ရက်မှမခွဲနိုင်ဘူး။ဒါကြောင့်ဒီအလုပ်ထဲဝင်လိုက်တာ။ကျုပ်ပြောတာနားလည်လား”
ဘိုသက်ကမူ တစ်ခွန်းမှတုံ့ပြန်ပြောဆိုခြင်းမရှိသေးဘဲ မြတ်မင်းလွင်ကိုသာ အံတကြိတ်ကြိတ်ဖြင့် ကြည့်မြဲကြည့်နေသည်။
ယင်းသို့ကြည့်နေရင်းမှ သူ၏မျက်ဝန်းအစုံမှ မျက်ရည်စတွေစီးကျလာပြီး တုန်ယင်စွာဖြင့်ပြောတော့သည်။
“ငါ့ ငါ့ကျတော့ရော ။ ငါ့မှာလည်း မိန်းမနဲ့သမီးရှိတာပဲကွ”
ပြောရင်းဖြင့် ဝမ်းနည်းစိတ်ကို ထိန်းနိုင်ဟန်မတူတော့ဘဲငိုချလိုက်တော့သည်။
“အီး ဟီးဟီး”
ယင်းသို့ငိုချလိုက်တော့ မြတ်မင်းလွင်လည်း ငိုင်ကျသွားသည်။
ဘိုသက်က
“ငါလည်းငါ့မိန်းမ ငါ့သမီးနဲ့မခွဲနိုင်ဘူး။တစ်ရက်လေးမှ မခွဲနိုင်တာ။ဒါပေမယ့်အခုတော့ သေကွဲကွဲရပြီ အီးဟီးဟီး”
‘ဘုန်း’
မြတ်မင်းလွင် စိတ်မကောင်းဖြစ်ကာ
ကိုင်ထားသည့် သစ်သားချောင်းကို ကြမ်းခင်းပေါ်သို့ပစ်ချလိုက်သည်။
တဖန်။ဘိုသက်၏ခန္ဓာကိုယ်ထဲဝင်ပူးသည့်
ရွှေမောင်၏အဖြစ်အပျက်အတွက်လည်း စိတ်ထိခိုက်သွားကာမျက်ရည်တွေလည်း စီးကျလာသည်။
“ငါရှိတုန်းက သူတို့သားအမိနှစ်ယောက် အေးဆေးနေနိုင် စားနိုင်ကြတယ်။အခုကျတော့ သူတို့သားအမိ အမှိုက်ပုံဘေးမှာတဲထိုးနေပြီး ဘူးခွံပုလင်းခွံကောက်ရောင်းပြီးထမင်းစားနေရသတဲ့။ငါ ငါဘယ်လိုဖြေသိမ့်ရမလဲကွာ အီးဟီးဟီး”
မြတ်မင်းလွင်ပါ မျက်ရည်တွေစီးကျလာသည်။
သူ့တွင် ပြောစရာ စကားလုံးတွေပျောက်နေသည်။
ဘိုသက်က မျက်ရည်တွေကိုသုတ်လိုက်ပြီး
“ငါသွားတော့မယ်။ငါ့အပြုအမူအတွက် ငါတောင်းပန်တယ်။တကယ်တောင်းပန်ပါတယ်ကွာ”
ပြောပြီး ဘိုသက်သည် အခြားတဖက်သို့ မျက်နှာလွှဲထားလိုက်သည်။
၎င်းသည် အလွန်မောပမ်းလာဟန်ဖြင့်အသက်ကိုလည်း ခပ်ပြင်းပြင်းရှူရှိုက်နေလေသည်။
ပြီးနောက် ကြမ်းခင်းပေါ်သို့’ဘုန်း’ခနဲလဲကျသွားတော့သည်။
ဝင်ပူးသည့်ပုဂ္ဂိုလ်ထွက်သွားမှန်း မြတ်မင်းလွင်သိလိုက်သည်မို့ ဘိုသက်၏အနီးတွင်ထိုင်ချလိုက်ပြီး အသက်ရှူမရှူ စိုးရိမ်စိတ်ဖြင့်၎င်း၏နှာခေါင်းထိပ်ကို
လက်ဖြင့်ကပ်ကြည့်လိုက်သည်။
ဘိုသက်အရှူနေပါသေးသည်။
ထိုအခါမှ မြတ်မင်းလွင်လည်း သက်ပြင်းရှည်ကြီးကိုချနိုင်လေတော့သည်။
+++++++++++++++++++++++++++
“ဟ မင်းကလည်း ဘယ်လိုဖြစ်တာတုံး။မနေ့ကမှ အလုပ်ဝင်တယ်။ဒီနေ့ထွက်လိုက်ပြီလား”
“ဟုတ်တယ်။ထွက်လိုက်ပြီ။အထက်ကိုတော့ ထွက်စာမတင်တော့ဘူး။ဒီအတိုင်းထွက်လိုက်တာ။အလုပ်သွားမဆင်းတော့တာပေါ့ကွာ”
“ဟင်း”
ဘိုဘို သက်ပြင်းချလိုက်သည်။
ပြီးနောက်
“ငါတို့တော့ မျက်နှာပျက်စရာတွေဖြစ်တော့မှာပဲ။ဘယ်လိုဖြစ်လို့ တစ်ရက်တည်းလုပ်ပြီး ဆက်မဆင်းတော့တာတုံး”
မြတ်မင်းလွင် ချက်ချင်းမဖြေသေးဘဲ ဘေးတစ်ဖက်သို့ မျက်နှာလွှဲထားလိုက်သည်။
ပြီးနောက်မှ တွေးတွေးဆဆဖြင့်ဖြေလိုက်သည်။
“ဘာကြောင့်ဆို သူတို့ဆီမှာ အလုပ်မလုပ်သင့်တော့လို့ပေါ့ကွာ”
+++++++++++++++++++++++++++
နေသည် ခြစ်ခြစ်တောက်ပူလျက်ရှိနေသည်။
အလွန်ကြီးမားပြီး နံစော်ကာ အငွေ့အသက်တွေထွက်နေသည့် အမှိုက်ပုံကြီး၏ဘေးတွင် တဲစုတ်ကလေးတစ်လုံးရှိနေသည်။
မြတ်မင်းလွင်သည် လမ်း၏တစ်ဖက်မှနေ ထိုအမှိုက်ပုံကြီးနှင့် တဲစုတ်ကလေးကိုစိတ်မသက်သာစွာဖြင့်ငေးကြည့်နေမိသည်။
ခေတ္တအကြာ၌ တဲစုတ်ထဲမှ အမျိုးသမီး
ကြီးတစ်ဦးနှင့် ကလေးမလေးတစ်ယောက်ထွက်လာကြသည်။
အမျိုးသမီးကြီး၏လက်ထဲတွင် မြွေရေခွံအိတ်တစ်လုံးကိုကိုင်ဆောင်ထားသည်။
ပြီးနောက် သားအမိနှစ်ယောက် အမှိုက်ပုံကြီးထဲမှ ပလပ်စတစ်အပျော့များ၊ဘူးခွံ၊ကော်ခွက်၊သံတိုသံစ စသည်တို့ကိုမွှေနှောက်ရှာဖွေကာ အိတ်ထဲသို့ထည့်နေလေသည်။
မြတ်မင်းလွင် စိတ်မချမ်းမသာဖြစ်ကာ သက်ပြင်းကိုခပ်ညှင်းညှင်းလေးချမိသည်။
ပြီးတော့ ညက ရွှေမောင်(ဘိုသက်၏ခန္ဓာကိုယ်ထဲဝင်ပူးသူ)ပြောသည့်စကားက နားထဲပြန်လည်တိုးဝင်လာသည်။
“သူတို့သားအမိ အမှိုက်ပုံဘေးမှာတဲထိုးနေပြီး ဘူးခွံပုလင်းခွံကောက်ရောင်းပြီးထမင်းစားနေရသတဲ့။ငါ ငါဘယ်လိုဖြေသိမ့်ရမလဲကွာ”
“ဟင်း”
ဒီတစ်ခါတော့ မြတ်မင်းလွင် သက်ပြင်းကိုခပ်ပြင်းပြင်းချမိလိုက်တော့သည်။
ပြီးနောက် သူသည် လာရာလမ်းဘက်သို့ လှည့်ပြန်လာခဲ့သည်။
လမ်း၏ဘေးတစ်ဖက်တွင် ကလေးငယ်အချို့ကော်ရှူနေသည်ကိုတွေ့ရသလို၊အဖိုးအိုလင်မယားနှစ်ယောက်ကလည်း ယပ်တောင်တွေပွေ့ကာ လိုက်လံရောင်းချနေသည်ကိုတွေ့ရသည်။
မြတ်မင်းလွင် ဆက်လျှောက်လာရင်းဖြင့် ရပ်ကွက်တစ်ခုရှေ့သို့ရောက်လာခဲ့သည်။
ရပ်ကွက်ကလေးသည် လယ်ငါးဧကခန့်သာကျယ်ဝန်းလေပြီး အိမ်ကလေးတွေကလည်း ပြည့်ကျပ်နေအောင်ဆောက်ထားသည်။
အနှီအိမ် အားလုံးအလိုလိုမှာ ခြေတံအနည်းငယ်မျှရှည်လေပြီး အိမ်အားလုံး၏အောက်တွင်လည်း ရေဆိုးရေညစ်တွေက ရှိ၍နေလေသည်။
ရေဆိုးရေညစ်တွေပေါ်တွင် အမှိုက်သရိုက်များ၊ခြင်အုံကြီးများကိုလည်း မြင်တွေ့နေရသည်။
မြတ်မင်းလွင် ငေးမောစွာဖြင့် ဆက်လက်လျှောက်လာခဲ့သည်။
ယင်းသို့လျှောက်လာရင်းမှ ထိုရပ်ကွက်ကလေး၏အနောက်ခပ်လှမ်းလှမ်းတွင် လယ်ဧက သုံးရာခန့်စာရှိသည့် ဂေါက်ကွင်းကြီးတစ်ကွင်းကိုတွေ့ရသည်။
ဂေါက်ကွင်းကြီးထဲမူ လူတစ်စုရှိနေလေပြီး ဂေါက်ရိုက်နေလေကြသည်။
ထိုလူများသည် အခြားလူတွေမဟုတ်ပါ။အရာရှိကြီးများနှင့်ရင်းနှီးကျွမ်းဝင်ကြသည့်သူဌေးကြီးများသာဖြစ်သည်။
ခေတ္တအကြာ၌ ကျင်းထဲသို့ဂေါက်သီးဝင်လေသောကြောင့် ၎င်းတို့၏လက်ခုပ်သံတွေ တဖြောင်းဖြောင်း ထွက်လာသည်။
မြတ်မင်းလွင်လည်း ရွံရှာမုန်းတီးစွာဖြင့်
မျက်နှာကို အခြားတစ်ဖက်သို့ လွှဲပစ်လိုက်တော့သည်။
အားလုံးအေးချမ်းပါစေ။
ဆရာဆွေ(တောင်တွင်း)