ကျွန်မနာမည်ခင်မေသီ

လုံးလုံး မပြတ်နိုင်ရန်ကော ဟု ရန်ထောင်တတ်သည်။

“ ဒီနေ့က စပြီး ဘာဟင်းလဲ လို့ မမေးကြနဲ့ သတ္တဝါ အပေါင်းတို့၊ ဟင်းချိုနဲ့ မျှစ်ကြော်ပဲဟေ့ ” ဟု ဒေါနှင့် မောနှင့် ကြေညာ တတ်သည်။ ပြီးတော့ လ ကုန်ခါနီးလေ စောစောထ ၍ ဘုရားကြာကြာ ရှိခိုးလေ ဖြစ်လာပြီး “ ခလုတ် ထိမှ အမိတလို့ ဆိုပေမဲ့ ကျုပ်ကတော့ ဘာကြီး ထိထိ ဘုရားပဲ တ စရာရှိတယ်၊ ကိုယ့်အမေက သူ့ သားကြီး သြရသပဲ စိန်ရော ရွှေရော အိမ်ရော ငွေရော ပုံပေးပစ်ခဲ့တော့ … အို တော်ပါပြီလေ ” ဟု ဝမ်းနည်းတတ်ပြန်သည်။

အရေးထဲ ဗေဒင်က အားရစရာ ဟောလိုက်သေး၏။ အသက် ၅၅ နှစ် ကျော်မှ ဘယ်အိမ်က ကျွတ်မယ် ဆိုပဲ။ နည်းနည်း ချောင်လည်မယ် ဆိုလား၊ တော်ပါပြီ။

“ ကုသိုလ်ကံ ပေး မရသေး နှောင့်နှေးဗျာပါ မရှိရာတဲ့ ကွဲ့ ” ဟု ထီထိုးတတ်သော
ကိုအောင်ထွန်းက လေအေးကလေး သင်း လျှင်တော့ မေခင်သီသည် မျက်ရည် ဝိုင်းစပြုလာ ကာ ငိုသံပါနှင့် –

“ ရှင် ဘာပူတတ်လို့လဲ၊ အိမ်မှာ ဧည့်သည်လို နေ နေတာ၊ ဒီလ အငယ် နှစ်ကောင် ဘောင်းဘီစိမ်းလေး တစ်ထည်စီ ချုပ်ပေးမလို့ဟာ အကြီးမ ဖောင်တိန် ပျောက်လို့ ဝယ်ပေးပြန်တော့ မချုပ်နိုင် ပြန်ဘူး၊ ဒီ ဘောင်းဘီကလေး တစ်ထည်စီ ရှိတာပဲ၊ ကျောင်း မီအောင် နေ့တိုင်း လျှော်၊ အစိုကြီးကို ချက်ချင်း မီးပူတိုက်၊ မီတာခကော ဘယ်လောက် ကုန်တယ် မှတ်သလဲ၊ မီတာခ မပေးရတာလည်း ဘယ်နှလ ရှိသွားမှန်း မသိဘူး ”

မေခင်သီ၏ ခေတ် နောက်ကျလှပြီဖြစ်သော ပလတ်စတစ် ပိုက်ဆံအိတ် ထဲမှာ တစ်လ ဆန်းရင် တစ်ခါ ဝယ်ရန် စာရင်းရှည်ကြီးသည် တစ်နေ့တခြား ပို ပို ရှည်လာသည်။ သားကြီးဖို့ လုံချည်စိမ်း၊ သမီးလတ် ဖို့ ဖိနပ်၊ ကိုထွန်းဖို့ စွပ်ကျယ်၊ သားငယ်တွေ  အင်္ကျီရော၊ ဘောင်းဘီ ရော လိုနေသည် ။ ကိုယ့်ဖို့ တော့ မစဉ်းစားချင်သေးပါဘူး။

“ ပြီးတော့မှ မလှုပ်သာ မလှည့်သာ နေနေရတဲ့ ကြားထဲ အမှောင့်ပယောဂ တစ်လ တစ်လ ဝင်ဖောက် လိုက်ရင် ရေထဲ ခုန်ဆင်းချင်စိတ် ပေါက်ပေါက်လာတယ် ” ဟု မေခင်သီ ပြော လိုက်လျှင်တော့ ကိုအောင်ထွန်းသည် သတင်းစာကို ကောက်ကာ လွတ်မြောက်ရာ အိမ်သာသို့ တက် လေ၏။

မေခင်သီ ဆိုလိုသော အမှောင့်ပယောဂတို့သည် ပုံသဏ္ဌာန် အမျိုးမျိုးနှင့် လာတတ်သည်။ မနှစ်က အကြီးဆုံးသော အမှောင့်ပယောဂမှာ အငယ်ဆုံး အကောင် အသည်းရောင် ၍ ကလေးဆေးရုံ တင်ရခြင်း ဖြစ်၏။ နှစ် ကုန်ခါနီး နာတာလူး ပွဲတော် ကျင်းသည့်လမှာတော့ ကိုအောင်ထွန်းသည် လခထုတ်သည့် တစ်ညလုံး ပြန်မလာတော့ဘဲ လမ်းဘေးတွင် လဲနေ လေရာ၊ မနက် မိုးလင်းလာခါနီးမှ ဖောက်သည် ဆိုက်ကားသမားက ကောက်တင်ပြီး အိမ်လာပို့ ရ၏။ ကိုအောင်ထွန်း၌ ဘောင်းဘီတိုနှင့် စွပ်ကျယ် သာ ကျန်လေ၏။ လခ၊ လက်ပတ်နာရီ၊ ဓာတ်မီးခြစ်၊ ဘာဆိုတိုက်ပုံ၊ တက်ထရွန်နှင့် ယောလုံချည် ခပ် လတ်လတ်ကလေးပါ ပါသွားပြီ။ အအေးမိသည် ကို ဆီး၍ ဆေးကုရ သေးသည် ။

“ ဒီနှစ်တော့ နှစ်ဆန်း တစ်ရက်နေ့ မနက် ဘုရား စောစောတက်ပြီး ဆုတောင်းထားတာပဲလေ၊ မချမ်းသာချင် နေပါ၊ မပူပင်ပါရစေနဲ့ ဘုရား လို့၊ အနှောင့်ပယောဂ ကင်းရပါလို၏ ဘုရား လို့ ”

***

မနက် မိုးလင်း၍ ဘုရား ရှိခိုးပြီးလျှင် မေခင်သီ ပထမ လုပ်သည်မှာ ထမင်းကြမ်းနှင့် ပဲပြုတ် ကြော်ခြင်း ဖြစ်လေ၏။ သားကြီး သမီးကြီးနှင့် သမီးလတ်တို့ ကျောင်းအမီ စားသွားရန်ပင်။ အကြီး သုံးယောက်ကတော့ ထုံးစံ အတိုင်း မီးပူ လုနေကြသည်။ ညက အမီ လျှော်ထားသည်ကို လုယက် မီးပူ တိုက်ရလျှင် တော် သေး၏။ တစ်ယောက် ယောက်က ပေါ့လျော့၍ ချက်ချင်း လျှော်ပြီး အစို ကို ခြောက်အောင် တိုက်ရ လျှင်တော့ မေခင်သီ မပါလျှင် မပြီးတော့ချေ။

“ ကိုကိုတို့ မမတို့ ထားခဲ့ကြပါ၊ စားစရာသာ သွားစားကြပါ ” ဟု နှင်လိုက်ရပြီး မြန်မြန် လွယ်မည့် ခြောက်ပြီးသား အဝတ်များကို လျှပ်စစ်ပမာ သွက်လက် ဖျတ်လတ်စွာ တိုက်ရ၏။
ပြီးတော့ မီးပူကို အဆုံး လှည့်၍ အစိုကို ခြောက်အောင် တိုက်ကာ “ မဆူတော့ပါဘူးလေ၊ ကိုယ့် အသံ ကိုယ်ကြားရတာ တောင် နားငြီးလှပါပြီ ” ဟု တွေးတတ်၏။ ပြီးတော့ တစ်ယောက် တစ်ယောက် မှာ ပိုပိုလျှံလျှံကလေး လဲစရာ ရှိနေရင် ဘယ်လောက် ကောင်းမလဲ ဟု တမ်းတတတ်သည်။

ထို့နောက် ကိုအောင်ထွန်း ဈေးဝယ် ပြန်လာသည်ကို ခြင်းတောင်း ဆီးယူပြီး ရုံး အမီ ချက်ပြုတ်ရသည်။ ရေမိုး ချိုးသည်။ နေ့လယ် မှ ကျောင်းသွားရသည့် အငယ်ကောင် နှစ်ယောက် အတွက် အဝတ်အစား အသင့်ပြင်ပေးရပြန်သည်။ စိတ်များသဖြင့် ကိုယ် ကိုယ်တိုင်ကပါ မေ့ပြီး ည က မလျှော်မိလျှင် အငယ်ကောင်တို့ကို ချက်ချင်း လျှော် အစိုကို ခြောက် အောင် တိုက်ရကိန်း ကြုံရတတ်ပြန်သည်။ ရုံး နောက်ကျတတ်ပြန်သည်။ ရုံးအုပ်၏မျက်နှာထားကို မခံချိ မခံသာ ရင်ထဲက နာ နေသည်။

ရုံးအတူသွားရန် စောင့်မြဲ ဖြစ်သည့် ကိုအောင်ထွန်း ကို အပြစ်ရှာလိုစိတ်ဖြင့် လှမ်းကြည့်လျှင်တော့ ကိုအောင်ထွန်းသည် အိမ်ရှေ့ တံမြက်လှည်းနေ တတ်သည်။ အငယ် နှစ်ကောင်ကို ဆပ်ပြာနှင့် ကြေးစင်အောင် တွန်းပေး နေတတ်သည်။ ခဲတံချွန်ပေးနေတတ်သည်။ အိတ်ထောင်ထဲ ကပ်နေမလားဟု ငါးပြားစေ့ ဆယ်ပြားစေ့ ရှာနေတတ်သည်။ မုန့်ဖိုးပေးရန် ကြံစည်နေ တတ်သည်။

မေခင်သီသည် စိတ် ကျေနပ်ကာ “ ကိုအောင်ထွန်း ကြိုးဆွဲချ သေတာ အကောင်းဆုံးဆို ” ဟု ပြုံးစေ့စေ့နှင့် စ တတ်လေ၏။

“ တို့တော့ ဝါသနာမပါဘူးဟေ့၊ တစ်ခါမှ စမ်းမကြည့်ဖူးဘူး ”

“ စိတ်ကူးယဉ်ကြည့်တာ ရှင်ရဲ့ ”

“ မဖြစ်ပါဘူးကွာ၊ မင်း ခန္ဓာကိုယ်နဲ့ ကြိုးပြတ်ကျ လို့ တင်ပါးဆုံရိုး ကျိုးလို့ ဆေးရုံတက်ရဦးမယ်၊ အဲဒါမှ မင်းကြောက်တဲ့ တကယ့် အမှောင့်ပယောဂ ခင်ဗျာ့ ”

“ ဆေးရုံ တက်ရလည်း ကျွန်မအဖို့တော့ ဟောလီးဒေးပဲ ”

ထိုအခါ ကျောင်းသွားဖို့ အသင့် ဖြစ်နေသော သမီးလတ်က ခပ်တည်တည်နှင့် ဘယ်က ရလာမှန်း မသိသော ရှေးရှေးက သီချင်း တစ်ပိုင်း တစ်စကို ဆိုလေ၏။

“ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ ချစ်ခြင်း ပီယ လောက ဤ လူ့ဘုံ ”

တစ်အိမ်သားလုံး တဝုန်းဝုန်း ရယ်ကြသည် မှာ အငယ် နှစ်ကောင်ပါ နားမလည့် တလည်နှင့် ပါ လေ၏။

“ ကဲ သားငယ် နှစ်ယောက် က ထမင်းစား၊ ရေချိုး၊ အဝတ်အစား လဲပြီး၊ စာထိုင် ကျက်နေကြ၊ ကျောင်းသွားတော့ အိမ်ကို သေသေချာ သော့ခတ်သွား၊ ဟိုတစ်နေ့ကလည်း နေ့ခင်းကြောင်တောင် လမ်းထိပ်က ဆရာမအိမ် သော့ ဖျက်ဝင်ပြီး သယ် ထုတ်သွားလိုက်တာ ပြောင်ရောတဲ့။ ကျောင်းကျ တော့ ကိုကို မမတွေ တွေ့အောင် ရှာပြီး သော့ပေး၊ မေမေတို့ ညကျ စောစော ပြန်လာခဲ့မယ် ”

အငယ် နှစ်ကောင်က “ ဟုတ်ကဲ့ မေမေ ” ဟု ပြိုင်တူ ပြောကာ ကာတွန်း စာအုပ်သစ်ကို ခေါင်းချင်း ပူး၍ ဖတ်စ ပြုလေသည်။

ထိုညနေ ပြန်လာလျှင် မေခင်သီသည် အကြောအခြင် လေးပင်သည်မို့ အနယ်ဂျီစင် နှစ်ပြားကို သောက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်တော့မည်ဟု သတင်းပေး၏။ မအေ စောစောအိပ်တာ နှင့် တစ်နေ့လုံး ဗြောင်းဆန်အောင် ဆော့ထားသော အငယ် နှစ်ကောင်သည်လည်း ခြေမဆေးဘဲ စာမကျက်ဘဲ အိပ်ရာဝင်ကြသည်။ သားကြီးနှင့် သမီး နှစ်ယောက်တို့လည်း စာသာ ကျက်ကြကာ အိပ်ရာ ဝင်ကြပြန်သည်။ ကိုအောင်ထွန်းသာ သန်းခေါင် ကျော်အထိ မဂ္ဂဇင်း ဖတ် နေပြီးမှ အိပ်ရာဝင်သည်။

မနက်မိုးလင်းသော် ထုံးစံ အတိုင်း ပထမဦးစွာ နိုး သော မေခင်သီသည် သူခိုး ဝင်ခိုးသွားသည်ကို သိကာ ဘုရားမရှိခိုးနိုင်တော့ချေ။

“ ကဲ ကိုအောင်ထွန်းရေ တန်းပေါ် က အဝတ်အစား မှန်သမျှတော့ ကုန်ပြီ၊ ရှပ် အင်္ကျီတွေရော၊ တိုက်ပုံ တွေရော၊ ပုဆိုးတွေရော၊ ကျုပ်လုံချည်တွေရော ဟို ပါတိတ် ခရမ်းရောင်လေး က ဆိုရင် နှစ်လဆိုင်းနဲ့ ဝယ်ထားတာ၊ ရေတောင် မလျှော်ရသေးဘူး၊ သူခိုး ရယ် ဒီထက် ချမ်းသာတဲ့ အိမ်များ ရှာခိုးပါတော့တော် ”

သမီးကြီးမှာ တရှုပ်ရှုပ် ငိုစ ပြုသည်။ သူ့မုန့်ဖိုးနှင့် ၁၄ လတိတိ စုဝယ်ထားသည့် ခေါက်ထီးကလေးပါ ပါသွားပြန်သည်တဲ့။ မအေ နှင့်တူ၍ တဟားဟား ရယ် နေတတ်သော သမီးလတ် က ငြိမ်နေကာ နွမ်းရုံမက တံတောင်ဆစ် ပေါက်နေ သဖြင့် သူခိုး ချန်ရစ်သော အင်္ကျီလက်စကကို တံတောင်ဆစ်အထက်နား က ကတ်ကြေးနှင့် ဖြတ်ကာ ကျောင်းဝတ်လို့ရအောင် အနားလုံးစ ပြုလေ၏။ သားကြီးကမူ သူငယ်ချင်းဆီက ငှားဝတ် ထားသော လက်ပတ်နာရီ ခေါင်းအုံးအောက်က ပါမသွားတာ “ ကံကောင်းလိုက်တာ ကံကောင်းလိုက်တာ ” ဟု ရွတ်ဆဲ။ အငယ်နှစ်ကောင် ယက အမေ စိတ်ညစ်နေသဖြင့် ဒီနေ့ မုန့်ဟင်းခါး ဝယ်ကျွေးမယ် ပြောထားတာ ကျွေးပါတော့မလားဟု ပူပန်ရင်း အထမ်းနှင့် လာရောင်းမြဲ ဖြစ်သော မုန့်ဟင်းခါးသည် ကို မျှော်နေကြလေ၏။

“ ဟောတော့ ပြည်သူ့ဆိုင် က ထုတ်ထားတဲ့ ဓာတ်ဘူး အသစ်စက်စက်ပါ ပါသွားပြီ၊ ပြန်ရောင်းစားမလို့ လုပ်ထားတာ ”

“ မီးပူကော ” ဟု ကိုအောင်ထွန်းက ခပ်တိုးတိုး မှိုင်းမှိုင်း မေးလေ၏။

မီးပူပါ သွားသည်ကို သူတို့ တစ်အိမ်သားလုံး ဝိုင်း နှမြော၍ မဆုံးကြချေ။ သူတို့ရဲ့ သစ်လွင်လှသည့် မာဖီးရစ်ချက် မီးပူကို ဟိုဘက်အိမ်က အင်္ကျီ ကော် ကပ်သည့် တရုတ်မက ၄၅၀ ကျပ်နှင့် ရောင်းဖို့ ခဏခဏ ပူဆာတတ်သည်။ မေခင်သီကမူ ပိုက်ဆံ ဘယ်လောက်ပြတ်ပြတ် မီးပူနှင့် လူလုပ်နေရသည်မို့တဲ့ ရောင်းစားဖို့ စိတ်မကူး။

“ တို့ရုံးက သက်သာချောင်ချိရေး အဖွဲ့က ချေးပေးပါ့မယ် ကွာ၊ မငိုစမ်းပါနဲ့ ငွေ ၅ဝဝ လောက် ချေးလိုက်ရင် အဝတ် တစ်စုံစီတော့ ရမှာပေါ့၊ အကြီး သုံးကောင်နဲ့ မင်းနဲ့ ဝယ်ကြပေါ့၊ အငယ် နှစ်ကောင်နဲ့ ငါက ဘယ်လို နေနေ ဖြစ်တယ် ” ဟု ကိုအောင်ထွန်းက ချော့မော့ရ၏။

“ မီးပူက ဝယ်ရဦးမှာတော့၊ မီးပူ မရှိရင် ဘယ်လောက် ကောင်းတဲ့ အဝတ်နဲ့မှ အပြင်ထွက်လို့ မရဘူး၊ ပြည်သူ့ဆိုင်က မီးပူ လျှောက်မလားလို့ မေး ထားတာ လျှောက်မယ်လို့ ပြန်ပြောလိုက်ဦး၊ သူခိုးထဲ ပါသွားလို့ တစ်လုံး ရအောင် လုပ်ပေးပါလို့ နှစ်ရာကျော် ဆိုလား မသိဘူး။ ကျုပ် မီးပူလောက်တော့ ဘယ်ကောင်းမှာလဲ ”

ထို့ကြောင့် ချေးလာသော ငွေထဲမှ မီးပူဖိုး ချန်ကာ ငွေ ကို လှည့်ဖယ်၍ အဝတ် ဝယ်ကြရလေ၏။ မေခင်သီ၏ ဝါဒအရ တက်ထရွန် ဝယ်ရတာ တွက်ခြေကိုက် သည်မို့ တက်ထရွန်အင်္ကျီဖြူ တစ်ထည်စီ အကြီး သုံးယောက် ရကြသည်။ ပြည်သူ့ဆိုင်က လုံချည် လေးငါးထည် ရပြန်သည်။ ချုပ်ခချည်းပဲ ၂၀ ကျော် သွားလေ၏။ အငယ် နှစ်ယောက်ကတော့ ဘာမျှ မရချေ။ သူတို့ရဲ့ တစ်စုံတည်းသော ရှပ်ဖြူ၊ ဘောင်းဘီစိမ်းတို့ကို ညနေ တိုင်းလျှော်၍ ကျောင်းအမီ နေ့စဉ် မီးပူတိုက်မြဲ တိုက်ရသည်။ မီးပူ အသစ်ကလေး က ကောင်းသားပဲ။ ဗမာဖြစ်ပေမဲ့ ဘယ်ဆိုးလို့တုံး။

“ ကဲ သတ္တဝါအပေါင်းတို့ ” ဟု မေခင်သီက စလိုက် လျှင်တော့ သားကြီးက ဝင်ပြီး …

“ ဒီနေ့ကစပြီး ဟင်းချိုနဲ့ ပဲပင်ပေါက်ကြော်ပဲဟေ့” ဟု ဦးအောင် ပြောကာ ဘာပဲ ပြောပြော တဟားဟား ရယ်ကြရပြန်လေ၏။

ဒီလအဖို့ ဟင်းချိုနဲ့ ပဲပင်ပေါက်ကြော်နဲ့ပဲ တဟားဟား ရယ်ပြီး စခန်းသိမ်း လျှင် ဘယ်လောက် ကောင်းမလဲ။ သို့သော် လူတိုင်း ကြားဖူးပြီဖြစ်သော စကားပုံအတိုင်း အကုသိုလ်သည် အပေါင်းအဖော်နှင့် သင်းဖွဲ့လို့ ဝင်လာတတ်သည်။

“ အစ်မကြီးရဲ့မီတာဖိုး မပေးတာ ဆယ်လ ကျော်ပြီ ဗျ၊ လာတိုင်းလည်း လူကြီး မရှိဘူးချည်း ပြောလွှတ်တာပဲ၊ ကျွန်တော်တို့ ခု မီးဖြတ်မလို့ လာတာ ” ဟု ခပ်တင်းတင်း ဆိုလေပြီ။

ကိုအောင်ထွန်းက အလိုက်သိစွာ မေခင်သီကို အိပ်ခန်းထဲ အသာ သွင်း၍ “ နေပါဦး ငါ့ညီရယ်၊ လကုန်ထိမှ မစောင့်နိုင်ဘူးလား၊ လကုန်ကုန်ချင်း အကုန် ဆပ်ဆို ဆပ်ပါ့မယ်၊ သုံးရစ်လောက် ခွဲသွင်းလို့ ရရင်တော့ အကောင်းဆုံး ပေါ့ကွယ်၊ ဝင်ပါဦး၊ ထိုင်ပါဦးလေ၊ သမီးရေ ကော်ဖီ ယူခဲ့ပါဟေ့ ” စသည်ဖြင့် သူငယ်ချင်း တိုက်လွှတ် သော အမူးတွေ ပြေကုန်လေ၏။

“ အဲဒါကတော့ ရုံးမှာ သွားပြောမှ ဖြစ်ရမှာ၊ ကျွန်တော်တို့ကတော့ ဒါ လုပ်လို့ ခိုင်း ရင် ခိုင်းသလို လုပ်ရတဲ့ အလုပ်သမားပဲ၊ ဦးလေးတို့ ရုံးမှာ သွားပြောပေါ့၊ ကျွန်တော်တို့ကတော့ ခု ဒီနေ့ ဖြတ်ဖြစ်အောင် ဖြတ်ခဲ့ ဆိုတော့ ဖြတ်ရမှာပဲ၊ ဦးလေးတို့ ပြောလို့ ရလို့ ပြန်ဆက်ပေး ဆိုရင် နက်ဖြန် ချက်ချင်း လာ ဆက်လို့ ရတယ် ”

ထို့ကြောင့် မီးပူ အသစ် ဝယ်ပြီးနောက် နှစ်ရက်အကြာတွင် မီးပူတိုက်လို့ မရတော့ချေ။

“ ကဲ မထူးပါဘူးကွယ် ၊ ဒီတော့ ကလေးတွေလည်း ရေနံဆီမီးခွက်နဲ့ပဲ ကြည့်ကြ၊ တရုတ်မဆီ ယက ငှားထားတဲ့ ကြေးမီးပူနဲ့ပဲ အင်္ကျီတိုက်ကြ၊ လကုန်ဖို့ လည်း ၁၂ ရက် လိုတော့တယ်၊ တို့ ဂျပန်ခေတ်က ဆို ဒီထက် ဆင်းရဲသေးတယ်။ ကြားဖူးတယ် မဟုတ်လား၊ အဓိပတိ အရှင်မင်းကြီး ပြောခဲ့တာ။ သီချင်းတောင် ရှိသေး၊ သံ မရှိ သစ်နဲ့ ဖြစ်သတဲ့၊ သစ် မရှိ ဝါး၊ ဝါး မရှိ ရွှံ့ ဆိုလား ”

ကိုအောင်ထွန်း က ရယ်စေ လိုသော်လည်း ဘယ်သူမျှ မရယ်ကြဘဲ တစ်အိမ်လုံး မကြားချင်ယောင်ဆောင် နေကြ ထင်ပါရဲ့၊ မေခင်သီ သာ ဘာမျှမပြောတော့ပဲ တနင်္ဂနွေ တစ်နေ့လုံး တစ်ချက်မျှ မနားတော့ဘဲ ထမင်းချက်ပြီး ကြမ်းတိုက်၊ ကြမ်းတိုက် ပြီး အဝတ်လျှော်နေလေ၏။ ညနေစောင်း၍ ရေနံဆီမီးခွက် ထွန်းကြပြန် တော့ မီးသွေး တစ်ကျပ်ဖိုး ဝင်သော ဧရာမ ကြေးမီးပူ နှင့် မီးပူ ထိုင်တိုက်သည်။

မအေ မီးပူထိုင်တိုက်လျှင် အနားကပ်၍ ပီသလျက် နှင့် မပီကလာ တွတ်တီးတွတ်တာ ချွဲတတ်သော သား အငယ်ကောင်က အနားကို ကပ်ကာ မအေ့ မျက်နှာကို အကဲခတ်လေ ၏။ ခါတိုင်းလို စကား ထွေရာ မပြောဝံ့သေး၊ အရေးထဲ မီးပူထဲမှကောင်းကောင်း မကျက် သည့် မီးသွေးတုံးတစ်တုံးက မီးခိုးအူလှသည်။ မေခင်သီသည် မီးခိုးကလည်း မျက်စိရိုက်၊ မီးပူဟောင်း ကိုလည်း အတ်အစားများ နှင့်ရော၍ နှမြော၊ မီးပူသစ် လည်း မတိုက်ရ၊ ရေနံ ဆီမီးခွက်ကလည်း မှိုင်းထူ ပြီး မလင်း။ ကြေးမီးပူ ဘေးပေါက်မှ ပြာလွင့်၍ ဖြူအောင် လျှော်ထားသော အင်္ကျီများ ပေသည့် အခါ ပေ၊ အကြွေး ၅၀၀ တင်သဖြင့် ကျပ်သထက် ကျပ်ဦးမည်တို့ကို စုံလင်အောင် တွေးကာ မျက်ရည်များ တစ်ပေါက်ပြီး တစ်ပေါက် ကျလေ၏။ ဘေး က သားက မနေနိုင်တော့ ဘဲ …

“ မေမေရဲ့၊ သားသား အင်္ကျီပေါ် ကျကုန်ပြီ စို ကုန်ပြီ ” ဟု ကန့်ကွက်လျှင်တော့

“ ကျပလေ့စေ သားရေ့၊ ဒါ ရေပါ ဖျန်းပေးတဲ့ နောက်ဆုံးပေါ် မီးပူ ဟဲ့ ” ဟု ပြောဖြစ်အောင် ပြော လိုက်သော်လည်း သူ လည်း မရယ်နိုင်၊ ဘယ်သူမှလည်း တဟားဟား မရယ်နိုင်တော့ချေ ။
——-
#ကြည်အေး
ရှုမဝ မဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၁၉၇၁။