နေခဲ့ပါတယ်။ ထမင်းစားပြီးပန်းကန်တွေဆေးနေချိန်အနောက်ကနေ“ဖုတ်”ဆိုတဲ့အသံ ကြားလိုက်တယ်။ လှည့်ကြည့်တော့ ဘယ်သူမှလည်း မရှိဘူး။ ဒီညမှာ အိပ် ရာဝင်တဲ့အချိန်ထိ သူမရဲ့ပုံသဏ္ဌာန်က ကျွန်မ မျက်လုံးထဲမှာ စွဲလျက်ပါပဲ။ သူမရဲ့ညည်းညူသံတွေကိုလည်းအဆက်မပြတ်ကြားနေရသလိုပဲ။ သူမကို မြင်ယောင်ရင်း ကျွန်မ အိပ်ပျော်သွားတယ်။ ကျွန်မ အသက်ရှူကြပ်သလို
ခံစားနေရတယ်။ ကျွန်မရဲ့မြင်ကွင်းထဲမှာ ကားအကြီးကြီးနှစ်စီး တိုက်မိတာ ကို မြင်နေရတယ်။ ကားပေါ်က လူတွေလည်း လွင့်စဉ်ထွက်ကုန်ကြတယ်။ ထိုမြင်ကွင်းကိုကြည့်ရင်း သွေးပျက်သလို ဖြစ်နေရပါတယ်။ အဖြစ်အပျက် တွေကို ရပ်ကြည့်နေရင်းက “အိမ်ထဲဝင်လေ- ဘာတွေကြည့်နေတာလဲ” အသံကြား၍ ကျွန်မလည်း အိမ်ထဲ ပြန်ဝင်လာခဲ့တယ်။ အသံရှင်ကိုတော့ မတွေ့လိုက်ဘူး။ ဘယ်သူများ လာပြောတာလဲမသိဘူး။
ထိုအချိန်မှာပဲ နာရီနှိုးစက်သံကြား၍ လန့်နိုးခဲ့ပါတယ်။ “ဟင်း”ကျွန်မ အိပ်မက်တွေ မက်နေတာပဲ။ ကျွန်မလည်း မောပန်းစွာနဲ့ သက်ပြင်းချရင်း အိပ်ခန်းထဲမှာ မီးဖိုခန်းဆီကို လျှောက်လာခဲ့ပါတယ်။ မီးဖိုခန်းထဲမှာ အရိပ် တစ်ခုလှစ်ခနဲတွေ့လိုက်ရတယ်။ ပြတင်းပေါက်မှလေနုအေးတစ်ချက်တိုက် လိုက်တာ ကျွန်မရဲ့ အသွေးအသားကို စိမ့်ခနဲဖြစ်သွားပါတယ်။ ကြောက် စိတ်တွေ ဝင်မလာအောင် တားဆီးရင်း ထမင်းဟင်းချက်ဖို့အတွက် ကျွန်မ ပြင်ဆင်နေရပါတယ်။ အသားလှီးနေတဲ့အချိန်မှာ ကျွန်မ ဘေးက တစ် ယောက်ယောက် ထိုင်ကြည့်နေသလို ခံစားနေရတယ်။ ကျွန်မလည်း အား တင်းပြီး အသားတွေလှီးနေတာ လက်တွေတုန်ပြီး လှီးလို့မရဖြစ်နေတယ်။ စူးရှတဲ့မျက်လုံးတွေနဲ့ ကျွန်မကိုကြည့်နေတဲ့ သူမကိုမြင်လိုက်ရတယ်ဆိုရင်ပဲ “မောင်ရေ- လာပါဦး၊ ကျွန်မ ကြောက်တယ်” မောင်လည်း ကျွန်မ အော်သံ ကြောင့် အနားရောက်လာပါတယ်။
“ဘာဖြစ်တာလဲ – မရဲ့၊ လန့်လိုက်တာကွာ”
ချွေးတွေပြန်နေတဲ့ကျွန်မကိုမောင်ကချွေးသုတ်ရင်းပြောနေပါတယ်။
ကျွန်မလည်း ဖြစ်ကြောင်းကုန်စင် မောင့်ကို ပြောပြလိုက်ပါတယ်။ “ဟာ – ဒုက္ခပါပဲ မရယ်။ မောင် အနားမှာ ဘုရားစာရွတ်ပေးနေမယ်” ကျွန်မလည်း ချက်စရာရှိသည်များ ချက်ပြုတ်နေလိုက်ပါတယ်။ မောင် ကလည်း အနားမှာ ဘုရားဂုဏ်တော်တွေ ရွတ်ပေးနေတော့ ကျွန်မလည်း ကြောက်စိတ်တွေ ပြေသွားပါတယ်။
နံနက်မိုးလင်းတော့ မောင် ရုံးသွားပြီးကျွန်မလည်း ကျွန်မရဲ့ရုံးကို သွား ခဲ့ပါတယ်။ ရုံးမှာလည်း အသုဘသတင်းတစ်ခု ကြားရပြန်တယ်။
ကျွန်မတို့ ဌာနက လူတစ်ယောက် ဆုံးသွားတယ်လေ။ သူနဲ့ ကျွန်မက အရမ်းခင်ကြ တာပေါ့။ သူကလည်း လှန့်တာဝါသနာပါတဲ့သူလေ။ ရုံးခန်းထဲမှာ သူ အရင် ရောက်နေရင် တံခါးနောက်ကနေ ဝါးခနဲလှန့်တတ်တဲ့အကျင့်ရှိသူပေါ့။ ကျွန်မကလည်း သူရဲ့အမိန့်ပြန်စာကို လက်နှိပ်စက်ရိုက်ရတယ်။ လက်နှိပ် စက်ရိုက်တဲ့အခန်းမှာ ကျွန်မတစ်ယောက်တည်း စာရိုက်နေတဲ့အချိန် အနား မှာ တစ်ယောက်ယောက်က ဝါးခနဲလှန့်လိုက်သံကို ကျွန်မ ကြားလိုက်ရ တယ်။ ကျွန်မလည်း ကြက်သီးမွေးညင်းတွေထ၊ ချွေးသီးချွေးပေါက်တွေ ကျပြီး လန့်ဖျပ်စွာဖြင့် ရုံးခန်းဆီသို့ အမြန်ပြေးခဲ့မိတယ်။ အမောတကော ဖြင့် ပြေးလာတဲ့ကျွန်မကို အားလုံးကလည်း အကြောင်သားဖြင့် ကြည့်နေ ကြတယ်။ ကျွန်မလည်းလက်ဖျားတွေအေးစက်ပြီးမောနေပါတယ်။ နောက် တော့မှ အားလုံးလည်း ပျာယီးပျာယာ ဖြစ်ကုန်ကြတယ်။
“ဟယ် – ခင်မမ၊ ဘာဖြစ်တာလဲ – ကြည့်စမ်းပါဦး။ လက်ဖျားတွေလည်း အေးစက်နေတာပဲ။ ရေတိုက်ကြပါဦး”
ကျွန်မလည်း ရေသောက်ပြီး စိတ်ငြိမ်သွားတော့မှ ဖြစ်ပုံတွေ ပြောပြ နေမိတယ်။ အားလုံးကလည်း အာမေဍိတ်များစွာဖြင့် တစ်ယောက်တစ် ပေါက်ပြောဆိုနေကြပါတယ်။ ကျွန်မလည်း ဒီနေ့တစ်နေ့လုံးစိတ်ပင်ပန်းစွာ ဖြင့် ရုံးတက်ခဲ့ရပါတယ်။
ညနေရုံးမှပြန်လာပြီး အိမ်ရှေ့ရောက်တော့ကျွန်မခြေလှမ်းတွေ တုံ့ခနဲ ဖြစ်သွားတယ်။ အိမ်ထဲဝင်ရမှာ ကျွန်မ ကြောက်နေတယ်။ ဒါပေမဲ့လည်း ကျွန်မအိပ်ပဲလေ၊ ဝင်ရတော့မှာပေါ့။“ဟင်း” သက်ပြင်းရှည်ကြီးကိုလေးပင် စွာချရင်း ကျွန်မ ထိုင်ခုံမှာ ခြေပစ်လက်ပစ် ထိုင်မိပါတယ်။ ခဏအကြာမှာ မောင် ပြန်ရောက်လာတယ်။
“မရေ – မောင် အလုပ်ကိစ္စနဲ့ ခရီးထွက်ရမယ်။ အိမ်မှာ မတစ်ယောက် တည်း ထားခဲ့ရမှာလည်း စိတ်မချဘူး”
မောင်က ကျွန်မကို စိတ်မချသော စိုးရိမ်သောအမူအရာများဖြင့် အား ပေးစကားများ ဆိုလျက်ရှိပါတယ်။ ကျွန်မလည်း မောင့်ရဲ့အားပေးစကားများ နားထောင်ရင်း အတွေးတွေလည်း နယ်လွန်လျက်ပေါ့ရှင်။
မောင် အလုပ်ကိစ္စဖြင့် ခရီးထွက်နေသောကြောင့် အိမ်မှာ ကျွန်မ တစ် ယောက်တည်း ဖြစ်နေတာပေါ့။ နေဝင်မှာကို ကျွန်မ ကြောက်နေတယ်။ ညရောက်မှာကိုလည်း ကြောက်နေမိတယ်။ ဒီလိုနဲ့ပဲ အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးပြီး ညအချိန်သို့ ရောက်ခဲ့ပြန်ပြီပေါ့။ “အင်း-ဟင်း-ဟင်း”
ညည်းညူသံတွေ ကြားနေရပြန်ပြီ။ ကျွန်မ ကြောက်လိုက်တာ၊ ဒီည တစ်ညလုံး ကျွန်မ အိပ်ပျော်ပါ့မလား။ မိုးမြန်မြန်လင်းပါစေလို့ ကျွန်မ ဆုတောင်းနေမိတယ်။ ကျွန်မလည်း အိပ်ပျော်သလိုမပျော်သလိုနဲ့ ဇောချွေး များ ပြန်လျက်ရှိပါတယ်။ တစ်ယောက်ယောက်က ကျွန်မကို စကားတွေ လာပြောနေသလိုပဲ။ ဒါပေမဲ့ – စကားလုံးတွေကို ပီသစွာမကြားရဘူး။ ကျွန်မမျက်လုံးထဲမှာလည်း ကားတိုက်မှုမြင်ကွင်း၊ အိမ်ထဲမှာလျှောက်သွား နေတဲ့ ဝိညာဉ်တစ်ခု၊ ရုံးမှာ နေ့ခင်းကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေအား လုံးကို ပြန်မြင်ယောင်နေမိတယ်။“အင်း-ဟင်း-ဟင်း” ညည်းညူသံတွေ ကလည်း အဆက်မပြတ်ကြားနေရပြန်တယ်။ ကျွန်မ နားကို လက်ဝါးဖြင့် ပိတ်ထားပေမယ့်လည်း ကြားနေရသေးတယ်။ အိပ်ရာပေါ်မှာလူးလွန့်နေတဲ့ ကျွန်မ အရူးတစ်ယောက်လိုပါပဲ။ ကျွန်မ အိပ်မက်တွေ မက်ပြန်ပြီ။ ဟိုအရင် နေ့ကမက်တဲ့ လမ်းဆုံက ကားတိုက်မှုကို ပြန်မက်နေတယ်။ ကျွန်မနဲ့ ဘာ ပတ်သက်လို့ တူညီတဲ့ အိပ်မက်တွေပဲ မက်နေရတာလဲ။ ကျွန်မ ရင်တွေ တလှပ်လှပ်နဲ့ အသက်ရှူရကြပ်နေသလိုပဲ။ “ကယ်ကြပါဦး- ကယ်ပါဦး” ကျွန်မကို ကယ်မယ့်သူမရှိဖြစ်နေတယ်။ “မောင်ရေ-ကယ်ပါဦး” ကျွန်မ မောင့်ကို တမ်းတမိတယ်။ မောင် အနားမှာမရှိတာ အားငယ်လိုက်တာ။ ကျွန်မ ငိုချင်လာပြီ။ ဝမ်းနည်းသလို ခံစားရတယ်။ ကျွန်မ ပင်ပန်းစွာနဲ့ ည အချိန်ကို ဖြတ်သန်းနေရပါတယ်။
ထိုအချိန်မှာ ကျွန်မ မြတ်စွာဘုရားကို သတိရလိုက်တယ်။ ဘုရားဂုဏ် တော်တွေပွားများနေလိုက်တော့မှကျွန်မရဲ့စိတ်တွေငြိမ်သက်သွားပါတယ်။ ဘုရားနဲ့ ဂုဏ်တော်ကျေးဇူးတွေကြောင့် ကျွန်မ ငြိမ်းချမ်းစွာ အိပ်ပျော်ခဲ့ရ တယ်။
ဒီလိုနဲ့ပဲ တစ်ညတာကုန်ဆုံး၍ နံနက်မိုးသောက်ခဲ့ပြန်ပါပြီ။ ရုံးရောက် တော့ ကျွန်မ၏ သူငယ်ချင်းအား ညက အဖြစ်များကို ပြောပြမိနေပါတယ်။
“အင်း – ခင်မမရေ၊ ရှင် ပြောပုံအရဆိုရင်တော့ ရှင် ကံနိမ့်နေတာထင် တယ်။ မကောင်းတဲ့အိပ်မက်တွေ မက်နေတာ ရှင့်အတွက်မကောင်းဘူး။ ဘုရားသွားပြီး ကောင်းမှုကုသိုလ်သွားလုပ်ဦး။ တစ်ယောက်တည်းဆိုတော့ စုလာအိပ်ပေးရမလား”
“ရပါတယ် – စုရယ်၊ စုကို အားနာပါတယ်”
တစ်နေ့တာကုန်ဆုံး၍ရုံးဆင်းပြီးကျွန်မအိမ်ပြန်လာခဲ့ပါတယ်။ လေးလံ
သော ခြေလှမ်းများဖြင့်ပေါ့ရှင်။ အိမ်ရောက်တော့ အိမ်ထဲမဝင်ချင်သေးတာ နဲ့ အိမ်ရှေ့အုတ်ခုံလေးပေါ်ထိုင်နေလိုက်ပါတယ်။ ထိုအချိန် အိမ်နီးနားချင်း အစ်မက ကျွန်မအား နှုတ်ဆက်ပါတယ်။
“ရုံးက ပြန်လာပြီလား – ညီမ” “ဟုတ်ကဲ့”
အဲဒီအစ်မက ကျွန်မအနား လာထိုင်ပါတယ်။ ကျွန်မတို့လည်း ဟို အကြောင်း ဒီအကြောင်းတွေပြောကြရင်း မြို့သစ်တည်သည့်အကြောင်း ရောက်သွားပါတယ်။ ယခုဆိုရင် မြို့သစ်တွေ အများကြီးပေါ်ထွက်လာပြီး စည်ကားလျက်ရှိကြောင်းတွေပေါ့ရှင်။ ကျွန်မတို့နေသည့် မြို့ကလည်း မြို့ သစ်များထဲမှတစ်ခုအပါအဝင်ပေါ့။ မြို့စတည်စဉ်ကလမ်းတွေဖောက်တဲ့အခါ လမ်းဆုံတစ်ခုမှာ ကားတိုက်မှုဖြစ်ခဲ့တယ်။ အဲဒီလမ်းဆုံကကျွန်မတို့အိမ်ရှေ့ ပဲပေါ့။ အဲဒီမှာ လမ်းအလုပ်သမားတွေ သေဆုံးခဲ့ကြတယ်။ ဒါဆိုရင် သူတို့ တွေများ မကျွတ်မလွတ်ဘဲ ရှိနေကြတာလား။ ကျွန်မ အိမ်ထဲရောက်နေတဲ့ သူမကရော အဲဒီထဲက တစ်ယောက်ယောက်များလား။ တကယ်တမ်းကျ တော့ သူတို့တွေက သနားစရာကောင်းပါတယ်။ လမ်းဆုံမှာ ကားတိုက်မှု ဖြစ်ခဲ့တယ်ဆိုတော့ အိပ်မက်ထဲက ကားတိုက်တဲ့မြင်ကွင်းက ဒါများလား။
ညညဆိုရင် ညည်းသံတွေကြားနေရတာ ကားတိုက်ခံရသူတွေရဲ့ညည်းသံ တွေလား။ အိမ်ထဲမှာမြင်နေရတဲ့ ဆံပင်ဖားလျားနဲ့ မိန်းမကရော ဘယ်သူလဲ။
ဒီညမှာလည်းကျွန်မတစ်ယောက်တည်း ချောက်ချားလျက်ရှိပါတယ်။ ညနေက အိမ်နားက အစ်မနှင့် ပြောခဲ့သည်များကို ပြန်ကြားယောင်၍ စိတ် မတည်ငြိမ်ဖြစ်နေတယ်။ တစ္ဆေတွေ၊ ဝိညာဉ်တွေက ကြောက်တတ်ရင် ပိုခြောက်တယ်လို့ ကြားဖူးတယ်။ ကျွန်မ ကြောက်နေလို့ ပိုခြောက်နေတာ များလား။ ထိုအချိန်မှာပဲ ကျွန်မရဲ့မျက်လုံးအစုံကပြတင်းပေါက်မှလိုက်ကာ များဆီသို့ရောက်ရှိသွားပါတယ်။ ပြတင်းမှ လိုက်ကာများလှုပ်ယမ်းနေပုံမှာ ဝိညာဉ်တွေ၊ တစ္ဆေတွေက က,ခုန်နေသယောင်ပေါ့။ ကျွန်မရဲ့အကြည့်တွေ ကိုဖယ်လိုက်ပြီး ဘုရားခန်းထဲသို့ ဝင်လာခဲ့ပါတယ်။ ဘုရားရှိခိုးနေတဲ့အချိန် မှာ အိမ်အပြင်ဘက်မှာ တစ်ယောက်ယောက် ရှိနေသလိုပဲ။ ပြတင်းပေါက် ကနေ လှမ်းကြည့်နေသလို ဆံပင်ဖားလျားနဲ့ မိန်းမတစ်ယောက်ရဲ့အရိပ်ကို လှစ်ခနဲ၊ မိန်းမတစ်ယောက်ရဲ့အရိပ်ကို လှစ်ခနဲမြင်လိုက်ရတယ်။ ကျွန်မ ကြောက်စိတ်တွေ ဝင်သွားပေမယ့် ဘုရားဂုဏ်တော်ပွားများနေတဲ့အချိန်မို့ အန္တရာယ်အပေါင်းမှ ကင်းလွတ်နေတယ်လို့ ခံစားရတယ်။ သူတို့အတွက် တော့ကောင်းမှုကုသိုလ်တစ်ခုခုတော့လုပ်ပေးရမယ်ဟု တွေးနေမိပါတယ် ရှင်။ မောင် ပြန်လာရင်ပြောပြပြီး သံဃာတွေပင့်ပြီး အလှူလုပ်ရမည်ဟု ဆုံးဖြတ်လိုက်ပါတော့တယ်။ အိမ်တက်အလှူလုပ်ဖို့တော့ စီစဉ်ထားတာ ရှိပါတယ်။ ငွေစုထားတာ နည်းနေသေးတဲ့အတွက် မလုပ်ဖြစ်သေးတာပါ။ ကျွန်မက သံဃာတွေကို နေ့ဆွမ်းကပ်ချင်တာ။ ဧည့်သည်တွေကိုလည်း ထမင်း၊ ဟင်း ကျွေးချင်တာလေ။ ဒါကြောင့် အလှူအတွက် ငွေများများ ရအောင် စုနေတာပေါ့ရှင်။
ကျွန်မလည်း အတွေးများဖြင့် အိပ်ပျော်သွားခဲ့တာ မိုးလင်းမှပဲ အိပ်ရာ နိုးတော့တယ်။ ဒီတစ်ညမှာတော့ ကျွန်မ နှစ်ခြိုက်စွာ အိပ်ခွင့်ရခဲ့တာပဲ။ အရင်ရက်တွေကလို အိပ်မက်ဆိုးတွေလည်း မမက်၊ ညည်းသံတွေလည်း
မကြားရဘဲ အေးချမ်းစွာ အိပ်ခဲ့ရပါလား။ ကျွန်မ တွေးနေတုန်း အိမ်ရှေ့မှ ကားရပ်သံကြားရ၍ ထွက်ကြည့်လိုက်ရာ ဟင်ဘယ်သူမှ မရှိပါလား။
ကျွန်မ သေချာကြားလိုက်ပါတယ်။ ကားတစ်စီးရပ်လိုက်ပြီး လူတွေ ကားထဲက ဆင်းလာသလိုမျိုး ကျွန်မ သေသေချာချာကြီးကို ခံစားနေမိ တယ်။ ကျွန်မရဲ့အကြားအာရုံ၊ အမြင်အာရုံတွေ ချို့ယွင်းနေပြီလား။ စိတ် ပင်ပန်းစွာဖြင့် အရုပ်ကြိုးပြတ်သလို ကျွန်မ ထိုင်ချလိုက်မိပါတယ်။ ထို အချိန်မှာပဲ လေတစ်ချက်ဝှေ့လိုက်သလို ခံစားမိပြန်တယ်။ အပြင်မှာတော့ လေငြိမ်၍ သစ်ပင်တွေလည်း ငြိမ်သက်လျက်ပါပဲ။ ကျွန်မ – ရူးတော့မယ်နဲ့ တူတယ်။
ကျွန်မလည်း အချိန်ဘယ်လောက်ကြာအောင် တွေဝေခဲ့မှန်း မသိ တော့ပါဘူး။ ဧည့်ခန်းထဲမှာ အချိန်ကြာမြင့်စွာ ထိုင်နေခဲ့တာ ငူငူငိုင်ငိုင်ကြီး နဲ့လို့မောင်ပြောမှပဲကျွန်မ သိတော့တယ်။ ဆံပင်ဖားလျားနဲ့မျက်လုံးအသေ ကြီးနဲ့ တစ်နေရာကို စိုက်ကြည့်နေတဲ့ ကျွန်မကို မောင်တောင်မှပဲ မြင်မြင် ချင်းကြောက်သွားတယ်ဆိုပဲ။ မောင်က ဘုရားသောက်တော်ရေတွေယူပြီး ကျွန်မကို လောင်းချလိုက်တော့မှ ပုံမှန်ပြန်ဖြစ်သွားတယ်တဲ့။ “ခရီးက ပြန် ရောက်ချင်း စိတ်ပူလိုက်ရတာ”ဟု မောင်က စိုးရိမ်တကြီး ပြောနေပါတယ်။ “မောင် – ကျွန်မတို့အိမ်မှာ အိမ်တက်အလှူလုပ်ပြီး မကျွတ်သေးတဲ့ သူတွေကို အမျှပေးရအောင်နော်။ သူတို့အတွက်လည်း အလှူလုပ်ပေးရ မယ်”
“အေး – အဲဒါ အကောင်းဆုံးပဲ မရေ”
ဒီညမှာတော့ ကျွန်မ အိပ်ဆေးသောက်ပြီး အိပ်ခဲ့ရပါတယ်။ မောင် ပြန် ရောက်နေပြီဆိုတော့လည်း ကျွန်မ အားရှိတာပေါ့လေ။
“ဟင် – ဘုရားကျောင်းဆောင်ထဲက ဘုရားဆင်းတုတော်တွေ ဘယ် ရောက်သွားတာလဲ”
ထိုစဉ်ကျွန်မ သူငယ်ချင်းက –
“ခင်မမကလည်းကွယ်။ အလှူလုပ်မယ်လို့ ဘုရားတွေက အိမ်ရှေ့ခန်းကို ကြွနေပြီ”
ဟုတ်ပါရဲ့ရှင် – ဘုရားခန်းထံရှိဘုရားကျောင်းဆောင်ထဲမှ ဘုရားများက အိမ်ရှေ့ဧည့်ခန်းစားပွဲပေါ်မှာ ကြွရောက်နေကြပါပြီ။ ကျွန်မ သူငယ်ချင်းက လည်း ပန်း၊ ဆီမီး၊ သောက်တော်ရေတွေ ကပ်လို့နေပါတယ်။ ကျွန်မရဲ့ မျက်လုံးအစုံကလည်း အိမ်ရှေ့ဆီသို့ ရောက်သွားပါတယ်။
အိမ်ရှေ့လှေကားနားမှာဆိုက်စုံ၊ အရွယ်စုံ၊ လူကြီး၊ ကလေးနှင့် လူလတ် ပိုင်းတွေပါ ရောက်နေကြတာ ခြံထဲမှာ အပြည့်ပါပဲ။ ထိုအထဲမှ တစ်ယောက် ကကျွန်မအား”အလှူလုပ်မယ်ဆိုလို့ စောင့်နေကြတာပါ”ဟုပြောပါတယ်။ ကျွန်မလည်း မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားဖြင့် မှင်တက်နေမိ ပါတယ်။ အလှူလုပ်မယ်ဆိုတာ မောင်နဲ့ကျွန်မ နှစ်ယောက်ပဲ သိထားတာ ပါ။ အခြားသူများကိုမပြောရသေးပါဘူး။ သူတို့ကဘယ်လိုသိပြီးရောက်လာ ကြတာလဲ။
“ဟင်း”
ကျွန်မ သက်ပြင်းရှည်ကြီး ချလိုက်မိပါတယ်။ မောင့်ကို လှမ်းခေါ်မိတော့ –
“မ – ဘာဖြစ်တာလဲ၊ သတိထားဦးလေ။ မောင် အနားမှာရှိတယ်” မောင့်အသံကြား၍ကျွန်မ ကြည့်မိတော့ အိပ်ရာထဲမှာပဲ ရှိသေးတယ်။ ဒါဆိုကျွန်မအိပ်မက်မက်နေတာပေါ့။ အိပ်မက်အကြောင်းမောင့်ကိုပြောပြ
တဲအခါ –
“အင်း- သူတို့က အမျှလိုချင်နေကြပြီကွ။ စုထားတဲ့ငွေနဲ့ပဲ အမြန်ဆုံး အလှူလုပ်လိုက်ရအောင်ကွာ။ နေ့ဆွမ်း မကပ်နိုင်တော့လည်း မုန့်ဟင်းခါးပဲ ကပ်ကြတာပေါ့”
နောက်တစ်နေ့ ရုံးပိတ်ရက်မှာပဲ သံဃာတွေပင့်ပြီး အလှူလုပ်ခဲ့ကြပါ တယ်။ ကျွန်မ၏ အိမ်မှ အဖြစ်အပျက်များနှင့် အိပ်မက်ထဲကအကြောင်း များကို ဆရာတော်အား လျှောက်ထားခဲ့ပါတယ်။
“မကျွတ်မလွတ်သေးတဲ့ သူတွေရှိတတ်ပါတယ်။ အချိန်တန်တော့ အမျှလိုချင်တဲ့ ဒါယိကာမကြီးကို အကူအညီတောင်းတာလည်း ဖြစ်နိုင်ပါ တယ်”
ကျွန်မတို့အားလုံး အမျှဝေသာဓုခေါ်နေကြတဲ့အချိန်မှာ ကြက်သီးမွေး ညင်းများ ထသွားခဲ့ပါတယ်။ လေတစ်ချက် ဝှေ့လိုက်သလို ခံစားခဲ့ရတယ်။ ကျွန်မရဲ့အိပ်မက်ထဲမှသူများ အားလုံးအမျှရ၍ သာဓုခေါ်နိုင်ကြပြီလို့ ယုံ ကြည်မိပါတယ်။ ဒါ့အပြင် အိမ်ထဲမှာ လျှောက်သွားနေတဲ့ ဆံပင်ဖားလျားနဲ့ ဝိညာဉ်လည်း အမျှရမှာပါလေ။
ထိုနေ့က မုန့်ဟင်းခါးအိုးမှာ လုံးဝမလျှော့ဘဲ လာသမျှဧည့်သည်များ လည်း ဝဝလင်လင် စားကြရပါတယ်။ လာသမျှ ဧည့်သည်တွေကလည်း အချိုပွဲမုန့်တွေ ဝယ်လာကြတာ။ ဧည့်သည်တွေကို မုန့်တွေ ပြန်ကျွေးနဲ့ စား စရာတွေမကုန်နိုင်သလိုဖြစ်နေပါတယ်။ စားသောက်ရင်းကျွန်မ သူငယ်ချင်းက
“ခင်မမရယ် – ဆရာတော်ကို လျှောက်ထားတဲ့အချိန်မှာပေါ့။ စုလေ ကြက်သီးထလိုက်တာ။ အိပ်မက်ထဲမှာက အိမ်ရှေ့လှေကားမှာ သူတို့ တစ်တွေ အဖွဲ့လိုက်စုဝေးပြီး ရောက်နေကြတာဆို။ စုကလည်း အိမ်ပေါက်ဝ နားမှာထိုင်ပြီး တရားနာနေတာလေ”
“လှေကားနဲ့နီးတာပေါ့။ အနောက်တောင်လှည့်မကြည့်ရဲဘူး။ အမျှဝေ တော့ ကြက်သီးထလိုက်တာ”
ကြက်သီးထတယ်ဆိုတာ ဝိညာဉ်တွေက သူတို့ သိတယ်ဆိုတာကို အသိပေးတာနေမှာပေါ့။ ကျွန်မရဲ့အလှူအတွက် ပီတိဖြစ်ရပါတယ်။ နောက် နေ့ကျတော့ အိမ်နီးချင်း အစ်မလည်း ပြောပါတယ်။
“ညီမရယ် – ဧည့်သည်တွေ ဘယ်လောက်ဖိတ်ထားတာလဲ။ လာလိုက် ကြတာ။ ဆရာတော် တရားမပေးခင်တည်းက ရောက်နေကြတာ။ အိမ်ပေါ် မှာ လူတွေနဲ့မို့ ခြံထဲကနေပဲ အမျှယူတော့မယ်ဆိုပြီး ပြောနေတာကြားရ တယ်။ အရုဏ်ဆွမ်းကပ်တာဆိုတော့ အစောကြီးလာပြီး တရားနာကြတယ် နော်။ အစ်မတောင်မှ တွေးမိသေးတယ်။ အစ်မလည်း ကလေးငယ်လေးနဲ့ လို့အိမ်နီးပြီး တရားလာမနာနိုင်ဘူးလို့။ သူတို့က မိုးမလင်းခင်တည်းရောက် နေကြတော့ အစ်မက အိပ်ရာထဲကနေ သူတို့ပြောတာတွေ ကြားနေရတာ”
ကျွန်မနားထောင်ရင်းအံ့သြရပြန်တယ်။ အိပ်မက်ထဲကအတိုင်း သူတို့ အားလုံး အမျှဝေတာကို သာဓုလာခေါ်ကြတာနေမှာပေါ့။ အလှူပြီးသည့် နေ့မှစ၍ ကျွန်မ အိမ်တွင် ညည်းညူသံ၊ လမ်းလျှောက်သံ၊ စကားသံများ မကြားရတော့ပါ။ ကျွန်မလည်း ချမ်းသာစွာ အိပ်စက်ရပြီး နိုးထလာသည့် အခါမှာလည်း လန်းဆန်းတက်ကြွလို့ နေပါတော့တယ်ရှင်။
— စောစုထိုက်
Leave a Reply