ပါးပြင်ပေါ်ကမျက်ရည်စ

တစ်ရွာလုံး ဝက်ဝက်ကွဲငိုလိုက်ကြတာ သူမ အသိပဲလေ။ ဒါကြောင့် ဆရာမကြီးကို ပြောပြဖို့ အစီအစဉ်ပြန်ရုပ်သိမ်းလိုက်တယ်။
သူငယ်ချင်းဆရာမသက်ထားဆွေနဲ့တိုင်ပင် ကြည့်တယ်။ သက်ထားဆွေကလည်း ငယ်သေးတော့ အကြံကောင်းဉာဏ်ကောင်းမပေးနိုင်။
ဒေါ်တင့်တင့်ထွန်း တစ်ညလုံးအိပ်မပျော်ဖြစ် နေသည်။ မိဘတွေကို မေးကြည့်ဖို့စဉ်းစားမိသော်လည်း အသက်ကြီးသူတွေကို ဒုက္ခမပေးလိုတော့ ၍ မမေးဖြစ်ပေ။ အိပ်မပျော်မယ့်အတူတူ အိမ်မှာ ရှိသမျှ စာအုပ်၊ စာစောင်များကို ဖတ်ဖြစ်သည်။ စာအုပ်များကိုဖတ်ရာမှ ဘာလုပ်သင့်သည်ကို သတိထားမိသည်။ စာတစ်ကြောင်း၊ စာတစ်ပုဒ် သည်ပင် တစ်ခါတစ်ရံ ဆရာသမားတစ်ဦးထက် ပို၍အရာရောက်ကြောင်း သဘောပေါက်မိသည်။
တစ်ညလုံး အိပ်မပျော်၍ နောက်ရက် ကျောင်းမတက်ဘဲ ခွင့်ယူဖို့ စဉ်းစားမိသေးသည်။ ဆရာ၊ ဆရာမနည်းသည့်အထဲ ဒေါ်ခင်အေးလှိုင် ဖောင်ကြီးသင်တန်းတက်နေပြီး ဒေါ်မိမိမူက မီး ဖွာခွင့်ယူထားသည်။ ခွင့်ယူ၍ မသင့်တော်မှန်းသိ သဖြင့် မသယ်ချင်သယ်ချင်ဖြင့် ကျောင်းသို့အရောက်လှမ်းခဲ့တော့သည်။ ကျောင်းရောက်တော့ ကျောင်းအုပ်ဆရာမကြီးပင် လှည်းကူးသို့ အစည်း အဝေးတက်ရောက်ရန်သွားနေ၍ ကျောင်းတွင် မရှိပေ။ လာမိ၍ တော်သေးသည်။
နေ့လည်ထမင်းစားပြီး နားနေခန်းတွင် ခေတ္တဝင်အိပ်လိုက်သည်။ တစ်ညလုံးအိပ်ရေး ပျက်သည့်အတွက် တစ်ခဏအတွင်းမှာပင် အိပ် ပျောသွားတော့သည်။ အိပ်ပျော်သွားစဉ်မှာပင် အိပ်မက်မက်သည်။
“ဆရာမ သားက မဲလုံးပါ၊ သား ဆရာမ ကို အရမ်းချစ်သလို အရမ်းလည်း ကြောက်မိပါတယ်၊ ဆရာမကို ပြောစရာစကားလေးတွေရှိလို့ ကျောင်းကို ခဏခဏလာပါတယ်၊ ဆရာမက မတွေ့ဘဲ သူငယ်ချင်းတွေကသာ သားကို တွေ့ပြီး ဆရာမကို ပြောကြတယ်…၊ ဒါပေမဲ့ ဆရာမက မယုံဘူးဖြစ်နေတယ်၊ ညက ဆရာမ အိပ်ရင် အိပ်မက်ပေးမယ်ဆိုပြီးစောင့်နေတာ၊ ဆရာမက တစ်ညလုံးမအိပ်တော့ အိပ်မက် ပေးမရပြန်ဘူး၊ ခု ဆရာမအိပ်တုန်းလေးမှာ သား အိပ်မက်လာပေး တာပါ”
“မဲလုံး ဘာပြောစရာရှိလို့လဲ၊ ပြောလေ”
“ဆရာမ သားအတွက်ရည်စူးပြီး ဘုန်းကြီး ကျောင်းကို ဆွမ်းပို့ပြီး အလှူလေးလုပ်ပေးပါ၊ အမေအဖေတို့က အတော့်ကိုဆင်းရဲတော့ မပြော ရက်ဘူး…၊ ရက်လည်တုန်းက အလှူလုပ်ပေမယ့် သားက သာဓုမခေါ်နိုင်ခဲ့ဘူး၊ အခု အလှူလုပ်ရင် တော့…သာဓုခေါ်နိုင်မှာပါ၊ အလှူလုပ်ရင် သားရဲ့ မွေးနံဖြစ်တဲ့ ကြာသပတေးနေ့လုပ်ပေးနော်၊ သား နာမည်အရင်း မြင့်မြတ်မောင်လို့ ခေါ်ပြီး အမျှဝေ ပေးပါ ဆရာမ”
သူမလည်း အိပ်ရာမှ နိုးလာသည်။ အတော် ပဲ မနက်ဖြန်ဗုဒ္ဓဟူးနေ့၊ လိုအပ်တာတွေ ဝယ်ခြမ်း ပြီးမိုးလင်းတော့ ရွာဦးကျောင်းကိုဆွမ်းပို့လိုက်မယ်။ မြင့်မြတ်မောင်နှင့်တစ်တန်းတည်းအတူနေ ကျောင်း သား(၂၀)ကိုလည်း ထမင်းကျွေးဖြစ်သည်။ သူမ လည်း တီးတိုးရေရွတ်ကာ အမျှအတန်းပေးဝေဖြစ်သည်။
အဲဒီနောက်ပိုင်း မဲလုံး ခေါ် မြင့်မြတ်မောင်၏ အရိပ်အယောင်ကို မည်သူမျှမတွေ့ရတော့ပေ။
သူမ တီးတိုးရေရွတ်ခဲ့သည်ကား –
“မြင့်မြတ်မောင်ရေ၊ မင်း ခူးပြီး ဆရာမကို ကျွေးခဲ့တဲ့ ကန်စွန်းရွက်ကြော်လေးတစ်ခွက်က အလွန်ကောင်းခဲ့ပါတယ်…၊ ဆရာမက ကန်စွန်း ရွက်ကြော် သိပ်ကြိုက်တာပဲလို့ပြောခဲ့တုန်းက မင်း အပြုံးလေးကိုသာ ဆရာမ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ထားနိုင်ခဲ့ရင် ကမ္ဘာကျော်မှာ သေချာတယ်၊ နောက်ထပ် ဆရာမကို ကန်စွန်းရွက်ကြော်ကျွေး ချင်တဲ့ မင်းရဲ့စိတ်ကြောင့် မင်း …”
သူမ စကားကို ဆက်မပြောနိုင်တော့ဘဲ ရှိုက်ကြီးတငင် ငိုချလိုက်မိသည်။ အနီးရှိ ဆွေမျိုး တစ်သိုက်လည်း ဘာပြောရမှန်းမသိ။ ခေတ္တအ ကြာမှာတော့ မျက်ရည်စတွေကို စိတ်ထဲက အမိန့်ပေးကာ ရပ်ခိုင်းလိုက်သည်။
နောက် ဆက်ပြီးရေရွတ်မိပြန်သည်။
“မြင့်မြတ်မောင်ရေ…၊ မင်းနဲ့ဆရာမတို့က ဘဝခြားသွားပြီ။ ကျောင်း၊ ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်းသူတွေဟာ မင်းနဲ့ဘာမှ မဆိုင်တော့လို့ လာပြီးမပတ်သက်ပါနဲ့တော့။ မင်း လိုရာခရီးကို သွားနိုင်ပြီတပည့်ရေ…အမျှ… အမျှ…အမျှ…”
ဆရာမရဲ့ပါးပြင်ပေါ်မှာ မျက်ရည်စတွေဟာ အခုထိပူနွေးနေတုန်းပါ တပည့်ရယ်။
#ထီလာကျော်