တလင်းရွာသူ

မီးဖိုခန်းထဲမှထွက်လာခဲ့ကြ၏။

“အမေ…ကျုပ်တို့အဝေရာရွက်လေးသွားခူးဦးမယ်…
နေ့လယ်စာကိုခရမ်းချဥ်သီးငါးပိချက်လေးချက်မှာမလို့လေ…”

“အေး…အေး…သွားကြလေ”

“ဟုတ်…ဒါဆိုရင်သွားပြီအမေရေ…
အမေ့မြေးမကလည်းလိုက်ချင်တာနဲ့
ကျုပ်ခေါ်သွားပြီ”

ဟုဒေါ်ဝင်းကပြောလိုက်သည်။

“ဟဲ့…နေဦး မိဝင်း…”

“ဘာလဲအမေ…ကျုပ်ကိုဘာခိုင်းချင်လို့လဲ”

“ဘာမှမခိုင်းဘူး…
ညည်းရဲ့တူ …မောင်တိုးနဲ့မောင်အုန်းတွေ့ရင်သာ
အိမ်ကိုလာခိုင်းလိုက်ဦး…
အမေပြောစရာရှိတယ်လို့ပြောလိုက်…ကြားလားမိဝင်း”

“ဟုတ်ကျုပ်ဝင်ပြောခဲ့မယ်အမေ…”

ဟုပြောကာဒေါ်ဝင်းနဲ့နန်းကြိုင်တို့အိမ်ဝိုင်းထဲမှ
ထွက်လာခဲ့ကြသည်။

“အမေ…ဘွားက ကျုပ်တို့ကိုကျစကားမပြောဘဲ
ကိုကြီးတိုးတို့ကိုကျဘာများပြောမလို့တုန်း”

“သြော်…ညည်းအဘွားအကြောင်းလည်းသိရဲ့သားနဲ့…
ဟိုနှစ်ကောင်ကိုခေါ်ကတည်းက ခရီးသွားတော့မယ်ဆိုတာ
သိသာနေပြီပဲသမီးရဲ့”

“အင်းနော်…အမေပြောတာလည်းဟုတ်တာပဲ…”

“မမဝင်း…ဘယ်တုန်း”

“မောင်တိုးတို့အိမ်ဘက်ကိုအမေခိုင်းလိုက်လို့ပါအေ”

လမ်း၌ဆုံသောရွာသူတစ်ယောက်၏အမေးကို
ဒေါ်ဝင်းဖြေလိုက်ပြီး ဆက်လျှောက်လာခဲ့တော့သည်။

မောင်တိုးရဲ့အိမ်ဆီကိုရောက်တော့…

“ဟိုကောင်လေး…စောစောစီးစီးရေတွေချိုးလို့ပါလား”

ရေချိုးနေသောမောင်တိုးကိုမြင်တော့ဒေါ်ဝင်းက
ပြောလိုက်သည်။

“ဟာ..အရီးနဲ့နန်းကြိုင်တို့ပါလား…
ကျုပ်ကကောက်ရိုးတွေသယ်ထားလို့ရေချိုး​နေတာပါအရီးရဲ့
ဒါနဲ့…အရီးတို့သားအမိကဘယ်သွားကြမလို့တုန်း”

“သွားမှာကတော့အဝေရာရွက်ခူးမလို့ပဲမောင်တိုးရဲ့…
ဒါပေမယ့် မင်းအဘွားက မင်းတို့ကိုသူ့အိမ်လာခိုင်းလိုက်ဦး
ဆိုတာနဲ့ လာခေါ်ပေးတာ”

“သြော်…အဲ့သည်လိုလား…ကျုပ်တောင်
လက်ဖက်ခြောက်ကောင်းရထားလို့ ရေချိုးပြီးရင်
ဘွားဆီသွားပေးမလို့အရီးရဲ့”

“အေး…အေး…ဒါဆိုလည်းအရီးတို့သွားတော့မယ်…
မောင်အုန်းကိုလည်းခေါ်သွားလိုက်ဦး…
မင်းအဘွားကြည့်ရတာစိတ်ထဲသက်သက်သာသာ
ရှိပုံမရဘူး…”

“ဟုတ်လား…စိတ်ချအရီး…
ကျုပ်တို့သွားလိုက်ပါ့မယ်…”

“အေး…အေး…ဒါဆိုအရီးတို့ပြန်ပြီဟေ့…”

မောင်တိုးဆီမှစကားကိုကြားပြီးသည်နှင့်
ဒေါ်ဝင်းတို့သားအမိပြန်သွားကြသည်။
မောင်တိုးလည်း ဘွားမယ်စိန်စောင့်နေရမည်ကိုစိုးရိမ်ပြီး
ရေကိုအမြန်ချိုးလေတော့သည်။
ရေချိုးအဝတ်အစားလဲပြီးနောက်
မောင်အုန်း၏အိမ်ဆီသို့ထွက်လာရတော့၏။

“ကိုကြီးအုန်း…”

“ဟေ…မောင်တိုး…လာလေကွာ…”

“မလာတော့ဘူး…ဘွားက ကျုပ်တို့ကိုခေါ်နေလို့
အဲ့တာသွားကြရအောင်ဗျာ…”

“ဟုတ်လား…ဘွားကငါတို့ကိုခေါ်နေတာပေါ့…
ဒါဆိုလည်းသွားကြတာပေါ့ကွာ”

မောင်အုန်းကခြံထဲ၌ အိမ်စားဖို့စိုက်ထားသော
စိုက်ခင်းလေးအားရေလောင်းနေရာမှ မောင်တိုးစကားကြောင့်
ချက်ချင်းရေပုံးကိုချ၍လိုက်လာခဲ့တော့သည်။

ဘွားမယ်စိန်၏နေအိမ်ကိုရောက်တော့…

“ဘွား…ကျုပ်တို့ဝင်လာပြီဗျို့”

“အေး…အေး…ဝင်ခဲ့ကြ…”

မောင်တိုးနဲ့မောင်အုန်းတို့ကွပ်ပျစ်ခင်း၌ဝင်ထိုင်လိုက်ကြသည်။
ဘွားမယ်စိန်က ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုဖွာရှိုက်နေခဲ့၏။
ပြီးလေမှ မောင်တိုးနဲ့မောင်အုန်းကိုကြည့်ပြီး

“ဘယ်လိုဖြစ်လာကြတာလဲကွဲ့…
တစ်ယောက်ကရေမိုးချိုးပြီးသန့်လို့ပြန့်လို့…
ဟောတစ်ယောက်ကျပြန်တော့ာချွေးတရွဲရွဲနဲ့ပါလား”

ဟုမေးလေသည်။
ထိုအခါ မောင်တိုးမှ…

“အဲ့တာကဒီလိုဗျ…
အရီးကျုပ်ဆီလာပြောတော့
ကျုပ်ကရေချိုးနေတာဘွားရဲ့…ဘွားကလာခဲ့ပါဦးပြောလို့
ရေကိုဒုန်းချ်ိုးလာခဲ့တာ…
ဟော…ကိုကြီးအုန်းကျပြန်တော့ သူကစိုက်ခင်းရေလောင်းနေတာလေ…ရေလောင်းရင်းတန်းလန်းကြီးလိုက်လာခဲ့လို့ပါ
ဘွားရယ်…အယ်ဗျာ…ကျုပ်ဖြင့်ဘွားကိုပေးမယ့်
လက်ဖက်ခြောက်ထုပ်ကမေ့နေခဲ့သေးတယ်…ဟူး
ဒါတွေထားလိုက်ပါဦးလေ….
ဘွားမှာ ဘာအရေးကြီးကိစ္စတွေရှိနေပြီလဲဘွားရဲ့”

ဟုပြောလေတော့ဘွားမယ်စိန်က
ခေါင်းလေးတညိတ်ညိတ်လုပ်ပြီး…

“ဘွားတို့ခရီးထွက်ရမယ်ထင်တယ်ကွဲ့…”

“ဒီတစ်ခေါက်ခရီးကဘယ်ကိုလဲဘွားရဲ့”

“ခရီးအကြောင်းမပြောခင်ဘွားညက
မက်တဲ့အိမ်မက်အကြောင်း​ပြောပြမယ်…
အရင်နားထောင်ကြဦး…”

ဟု…ဘွားမယ်စိန်ကပြောသည်။
ထိုအကြောင်းသည်က….

အလင်းရောင်များလင်းထိန်နေသည့်ရွာလမ်းမပေါ်တွင်
ဘွားမယ်စိန်ရောက်နေခဲ့၏။
အချိန်ကနေ့လည်းမဟုတ်..
ညဟုဆိုရအောင်လည်းအမှောင်ထုကရှိမနေပြန်….။
ထိုလမ်းမပေါ်၌ ဒူးလေးထောက်ပြီးတရှုံ့ရှုံ့ငိုကြွေးနေသော
အမျိုးသမီးတစ်ဦးနောက်ကျောကိုဘွားမယ်စိန်မြင်သောအခါ…

“ဟေ့…ညည်းဘယ်သူလဲ…”

ဟုမေးလိုက်သည်။
မေးလိုက်အပြီးဘွားမယ်စိန်ကိုယ်တိုင် ထိုအမျိုးသမီး၏
အရှေ့ဆီသို့သွားရပ်လိုက်၏။
သေချာကြည့်လိုက်လေမှအမျိုးသမီး၏
ရုပ်သွင်မှာအတော်လေးချောမောသည့်အထဲပါနေခဲ့သည်။
ရှိုက်ငင်တကြီးငိုနေသောအမျိုးသမီးက
ဘွားမယ်စိန်ကိုမော့ကြည့်လာခဲ့သည်။

“ကျွန်မကိုကယ်ပါအမေကြီးရယ်…
ကျွန်မကိုကယ်ပေးပါ…”

ဟု..ငိုရှိုက်နေရင်းမှပြောပြန်သည်။

“ညည်းငါ့ကိုတနေတာလား…
ညည်းကဘယ်သူလဲ…ဘယ်ကလဲ…”

“ကျွန်မ တလင်းရွာကပါ…
မသူဇာလို့ခေါ်ပါတယ်…
ကျွန်မကိုကယ်ပေးပါအမေကြီးရယ်…
အမေကြီးပဲကျွန်မကိုကယ်ပေးနိုင်မှာပါ…..
အီးးးးးးးဟီးးးးးးးဟီးးးးးးးးးဟီးးးးးးးးးးးးးးး”

ဟု…ပြောရင်းငိုပြန်သည်။
ဘွားမယ်စိန်လည်းမသူဇာကိုကြည့်နေရင်းမှ
အမြင်များတဖြေးဖြေးဝါးလာပြီး အိမ်မက်မှနိုးလာခဲ့ရ၏။
အိမ်မက်နိုးနိုးခြင်းပင်အိပ်ရာထဲဆက်မလှဲနိုင်တော့ဘဲ
အိပ်ရာမှထထိုင်၍ မသူဇာ၏မျက်နှာကိုမြင်ယောင်ရင်း
စိတ်မသက်မသာဖြစ်နေမိတော့သည်။

“အဲ့သည်အမျိုးသမီးက သရဲလားဗျ…”

ဘွားမယ်စိန်ပြောပြသည့်အိမ်မက်အကြောင်းက်ိုနားထောင်အပြီး၌မောင်တိုးကမေးလိုက်သည်။
ဘွားမယ်စိန်ကခေါင်းကိုရမ်း၍…

“မဟုတ်ဘူးမောင်ရင်…ဒီကလေးမက
သရဲမဟုတ်ဘူးကွဲ့”

“ဒါဆိုဥစ္စာစောင့်များလားဘွား”

မောင်အုန်းကမေးပြန်တော့ဘွားမယ်စိန်ကခေါင်းရမ်း၍…

“မဟုတ်ဘူးကွဲ့…ဒီကလေးမက
မွေးရာပါအစွမ်းတစ်ခုခုရှိပုံရတယ်…
ဘွားအမြင်ရပြောရမယ်ဆိုရင်
ဒီကလေးမကသာမာန်လူလည်းမဟုတ်ဘူး…
နောက်ပြီးမောင်ရင်တို့ပြောသလိုလည်းမဟုတ်ပြန်ဘူး”

“ကဲပါဘွားရယ်…အဲ့သည်တော့ဘွားကဘယ်လိုများ
လုပ်ချင်လို့လဲ…”

“ဘွားကတော့ကွယ်…သူပြောတဲ့ရွာကိုစုံစမ်းပြီးသွားလိုက်ချင်တယ်…ဟိုရောက်မှအကျိုးအ​ကြောင်းက
သေချာသိရမှာလေမောင်ရင်တို့ရဲ့…”

“ဘွားပြောတာလည်းဟုတ်ပါတယ်…
ဒါဆိုရင်ကျုပ်တို့ ဒီအမျိုးသမီးပြောတဲ့တလင်းရွာကို
ရှာပေးပါ့မယ်…ဘွားလည်းစိတ်မပူပါနဲ့တော့”

“အေးကွယ်…အဲ့သည်လိုစုံစမ်းစေချင်လို့
မောင်ရင်တို့ကိုခေါ်လိုက်တာပဲ…
အချိန်လည်းမဆွဲချင်ဘူးကွဲ့…
ဟိုဘက်မှာကဘယ်လိုအခြေအနေရှိသလဲဆိုတာ
တိတိကျကျမသိရသေးဘူးလေ…”

“ဟုတ်ကဲ့ပါဘွား…ဒါဆိုရင်ကျုပ်တို့ကုန်သည်တွေနဲ့
လူကြီးတွေကိုမေးလိုက်ပါ့မယ်…
အကြောင်းထူးတာနဲ့ဘွားဆီကိုတန်းလာခဲ့လိုက်မယ်ဗျာ”

“အေး…အေး…အေး…”

မောင်တိုးနဲ့မောင်အုန်းကလည်း ကွပ်ပျစ်ခင်းမှ
ထဆင်းလာကြတော့သည်။
ရွာထဲရှိလူကြီးများနဲ့…
ဆန်ဝယ်…ပဲဝယ်ကုန်သည်များဆီမှာ
မေးမြန်းဖို့ရန်အတွက် သွားကြတော့သည်။
အတော်လေးမေးမြန်းတာလူစုံသွားပြီးနောက်
တလင်းရွာဘယ်အရပ်၌ရှိသလဲဆိုတာကို
သိရှိလာကြသည်။

“ကိုကြီးအုန်း…ခင်ဗျားရေချိုးပြန်ဦးမလား”

လမ်း၌မောင်တိုးကမေးတော့…

“ဘာလို့လဲကွ…ဘွားဆီကိုတစ်ခါထဲဝင်ပြောပြီး
အပြန်မှချိုးတော့မယ်လေကွာ…”

“ဒါဆိုလည်းပြီးတာပဲဗျာ…
လာ…ဘွားအိမ်ကိုအရင်သွားကြတာပေါ့”

ဘွားမယ်စိန်အိမ်သို့မောင်တိုးတို့ရောက်လာတော့
ဒေါ်ဝင်းကမီးဖိုးထဲ၌နေ့လယ်စာချက်နေပြီး
နန်းကြိုင်လေးကမာလကာပင်များကိုရေလောင်းပေးနေခဲ့၏။
ခြံရှေ့ဘက်စံပယ်ပင်အုံ၌ စံပယ်ပန်းများခူးနေသော
ဘွားမယ်စိန်မှမောင်တိုးတို့ကိုမြင်သောအခါ…

“ဘယ်လိုတုန်းကွဲ့…သိခဲ့ကြပြီလား”

“သိခဲ့ပြီဘွားရဲ့…
တလင်းရွာဆိုတာ မြို့အ​နောက်ဘက်ပိုင်းမှာရှိတာတဲ့…
အဲ့ဘက်ရောက်ရင်မေးမြန်းပြီးဆက်သွားရမှာတဲ့ဗျ”

“သြော်…ဒါဆိုမြို့ကိုအရင်တက်ကြရမှာပေါ့…”

“ဟုတ်ပဗျာ…”

“အေး…အေး…ဒါဆိုမောင်ရင်တို့ဘယ်နေ့အားတုန်း”

“ကျုပ်ကတော့အားတယ်ဗျ…
ဘွားသွားချင်တဲ့ရက်သာ​ပြော…”

“ကျုပ်လည်းအားပါတယ်…ဘွားသဘောပါပဲ”

ဟုမောင်တိုးနဲ့မောင်အုန်းကပြောလေတော့
ဘွားမယ်စိန်ကတစ်ချက်စဥ်းစားသည်။
ပြီးလေမှ…

“ဒီလိုဆိုရင်မနက်ဖြန်မနက်ပိုင်းသွားကြတာပေါ့…
ဘယ်လိုသဘောရကြ တုန်းကွဲ့….”

“အဆင်ပြေပါတယ်ဘွားရဲ့…
ကျုပ်တို့သွားကြတာပေါ့ဗျာ…”

တလင်းရွာကိုသွားဖို့ရန်အတွက်ဘွားမယ်စိန်
စိုင်းပြင်းနေခဲ့သည်။
ဒါကိုသိသောမောင်တိုးနဲ့မောင်အုန်းကလည်း
ဘွားမယ်စိန်သဘောအတိုင်းဖြစ်စေကြသည်။
ခဏစကားပြောပြီးနောက်မောင်တိုးနဲ့မောင်အုန်းတို့က
ဘွားမယ်စိန်တို့ကိုနှုတ်ဆက်၍အိမ်သို့
​ပြန်သွားကြတော့သည်။
နေ့လယ်စာထမင်းစားချိန်၌ဘွာမယ်စိန်က
ဒေါ်ဝင်းတို့သားအမိကိုသူမနက်ဖြန်မနက်စောစော
ခရီးထွက်မည့်အကြောင်းပြောပြလိုက်၏။

“ကျုပ်မနက်ကတည်းကသိတာပါအမေရယ်….
ဟိုနှစ်ကောင်ကိုအမေခေါ်ခိုင်းကတည်းက
ဘာဆိုတာသိပြီးသားပါတော်…”

ဟုဒေါ်ဝင်းကပြောတော့နန်းကြိုင်လေးကပြုံးနေခဲ့၏။

“အမယ်လေးအေ…ဒီအကြောင်းတင်မကဘူး
ငါကလည်းညည်းကိုပြောစရာတွေရှိသေးတယ်မိဝင်းရဲ့…
ငါခရီးသွားလို့ရှိရင်…မြေးလေးကိုဘုန်းကြီးကျောင်းမှာ
စာသင်ဖို့အချိန်မှန်သွားခိုင်း…
ဒါ့အပြင်ညည်းလည်းငါမရှိဘူးဆိုပြီး
အိမ်မကပ်ဘဲနေကြည့်လိုက်…ရွာပြန်ရောက်တာနဲ့
ညည်းတို့သားအမိငါ့အကြောင်းသိစေရမယ်အေ…”

ဘွားမယ်စိန်စကားကြောင့်ဒေါ်ဝင်းကအလိုမကျသော
မျက်နှာထားဖြင့်…

“အမယ်လေးနော်…ခရီးသွားမသွားရသေးဘူး…
ပြန်လာရင်အကြောင်းပြမယ့်အကြောင်းကို
အရင်ပြောသွားသေးတယ်…
စိတ်ချအမေရေ…ဒီအိမ်ဒီခြံဝိုင်းထဲကနေ
အမေမပြန်မလာမချင်း ဘယ်မှမသွားဘူး စိတ်သာချလိုက်…”

ဟုပြောပြီး နောက်ဖေးသို့ထွက်သွားတော့သည်။
နန်းကြိုင်လေးနဲ့ဘွားမယ်စိန်ကတော့
ဒေါ်ဝင်းအဖြစ်ကိုကြည့်ရင်းရယ်မောနေခဲ့ကြ၏။

ထိုသို့ဖြင့်နောက်တစ်နေ့နံနက်အစော၌
မောင်တိုးနဲ့မောင်အုန်းက လွယ်အိတ်ကိုယ်စီလွယ်ပြီး
ဘွားမယ်စိန်အိမ်ဝိုင်းထဲသို့ဝင်လာခဲ့ကြသည်။

“လာကြဟဲ့…မနက်စာစားခဲ့ကြပြီလား”

“အစောကြီးရှိသေးတယ်လေအရီးရဲ့…
ကျုပ်တို့ဘာမှမစားရသေးဘူး”

“အေး…အဲ့တာသိလို့ဒီမှာထမင်းကြော်ထားတယ်
မင်းတို့ဘွားနဲ့တစ်ခါထဲဝိုင်းစားကြတော့”

“ဟီး….တော်သေးတာပေါ့…
အရီးရှိနေလို့ကျုပ်တို့ဗိုက်လေးထဲအစာရောက်တာ”

“အမယ်လေး…မောင်တိုးတို့ကတော့
အစားစားရမယ်ဆိုရင်
အပိုတွေသိပ်ပြောတတ်တာ…”

မောင်တိုးနဲ့မောင်အုန်းတို့လည်းကွပ်ပျစ်ခင်းတွင်
ဘွားမယ်စိန်နှင့်အတူဝိုင်းထိုင်ကြ၏။
ဒေါ်ဝင်းကအစောကြီးထ၍ ထမင်းကြော်နှင့်
လက်ဖက်သုပ်ကိုပြင်ဆင်ထားပေးရှာသည်။
ဒေါ်ဝင်းပြင်ဆင်ပေးသောမနက်စာလေးစားလိုက်
ရေနွေးကြမ်းလေးသောက်လိုက်ဖြင့်
မောင်တိုးနဲ့မောင်အုန်းတို့အကြိုက်တွေ့နေကြသည်။
စားသောက်ပြီးချိန်၌မီးဖိုထဲမှဒေါ်ဝင်းက
ဖက်ရွက်များဖြင့်ထုပ်ထားသောအထုပ်သုံးထုပ်ကို
ယူလာပြီး…

“မောင်အုန်းရေ…ရော့ဒါမင်းတို့လမ်းကြရင်စားဖို့
အရီးထမင်းထုပ်ပေးလိုက်တယ်…”

“ကျေးဇူးတင်ပါအရီး…”

“မလိုပါဘူးဟယ်…
နင်တို့လည်းငါ့အမေကိုဂရုစိုက်ကြဦးနော်…
ကြားလား”

“စိတ်ချပါအရီးရဲ့…”

“ကဲ…နွားလှည်းလည်းအသင့်ဆိုတော့
သွားကြတာပေါ့ကွယ်…မိဝင်း…အမေစိတ်ချမယ်နော်….”

“ကျုပ်တို့အတွက်စိတ်ချပါအမေရယ်…
ကျုပ်တို့ကကိုယ့်ရွာမှာကိုယ်နေရတာပါ…
အမေကသာသူများနယ်ကိုသွားရတာမလို့
ကျုပ်ကစိတ်ပူတယ်အမေရဲ့”

“အေးပါ…အမေ့ကိုစိတ်မပူနဲ့
အမေတို့ဂရုစိုက်ပါ့မယ်အေ…”

ဘွားမယ်စိန်ကပြောလိုက်သောအခါ ဒေါ်ဝင်းက
ခေါင်းလေးညိတ်၍လှည်းအနီးသို့လိုက်ပို့ပေးရှာသည်။
ဘွားမယ်စိန်တို့နွားလှည်းအထက်၌နေရာယူပြီးချိန်၌

“ကဲ…သွားပြီသမီးရေ…”

“ကျုပ်တို့သွားပြီနော်အရီး…”

“ဂရုစိုက်နော်ကြဦး…”

ဒေါ်ဝင်းကိုနှုတ်ဆက်၍ရွာလမ်းမ
အတိုင်းနွားလှည်းလေးက်ို
မောင်း၍ခရီးစထွက်လာကြတော့သည်။
မြို့ဆီသို့ဦးတည်ကာခရီးဆက်လာရပြီး
နေ့ခင်းအချိန်၌မြို့ကိုရောက်လာခဲ့၏။
ထိုအချိန်မှဒေါ်ဝင်းထည့်ပေးလိုက်သော
ထမင်းထုပ်လေးကိုဖြည်စား၍ ခရီးတစ်ထောက်နားကြရသည်။
နွားများအတွက်လည်း ယူလာသောကောက်ရိုးများချကျွေးပြီး
ရေကိုတော့ နားသောနေရာနှင့်မလှမ်းမကမ်းရှိအိမ်မှ
အကူအညီတောင်းကာယူတိုက်ရ၏။
ထမင်းစားပြီး၍ခဏနားနေကြစဥ်…

“ဘွား…မြို့အနောက်ဘက်လမ်းအတိုင်း
ခရီးဆက်ကြရမှာဗျ…သွားရမှာတော့ဝေးမယ့်ပုံပဲ…
စောစောက နွားတွေအတွက်ရေသွားခပ်တုန်းက
ကျုပ်မေးခဲ့တယ်…တလင်းရွာဆိုတာကြားတောင်
မကြားဖူးဘူးတဲ့”

“မောင်တိုးကလည်းကွာ…သူတို့ကအဲ့ရွာကို
မသိကြလို့နေမှာပေါ့…
ဒီလိုပဲသွားရင်းနဲ့ငါတို့စုံစမ်းကြရမှာပဲကွ…”

“ဟုတ်ကဲ့ပါဗျာ…ကျုပ်ကကြိုပြောတာပါ…
ဝေးတော့လည်းဝေးသလိုခရီးဆက်မယ်လို့
ကျုပ်ကတွေးထားပြီးသားပါကိုကြီးအုန်းရဲ့”

မောင်တိုးနဲ့မောင်အုန်းတို့စကားပြောနေကြသည်ကို
ဘွားမယ်စိန်ကနားပဲထောင်ပြီးဝင်မပြောခဲ့ပေ။
ထိုသို့ဖြင့်နွားများကိုလှည်း၌ပြန်တပ်ပြီးနောက်
ခရီးထပ်ဆက်ကြသည်။
မြို့အနောက်ဘက်လမ်းတန်းတန်းခရီးဆက်လာခဲ့ကြသည်။
လမ်းအတိုင်းလာလိုက်ရာရွာငယ်လေးများကိုဖြတ်ကြရသည်။
ရွာနာမည်မေး၍စုံစမ်းကြရာ၌ နောက်ဆုံး၌
တလင်းရွာရှိရာကိုသိရှိလာခဲ့ကြ၏။

“မိုးတောင်ချုပ်တော့မယ်ဘွား…
ကျုပ်တို့တလင်းရွာကိုရောက်ဖို့ဆိုတာလိုသေးတယ်ဗျ”

“အေးကွယ်…ဒါဆိုလည်းဘွားတို့လမ်းမှာပဲလှည်းဖြုတ်ပြီး
အိပ်ကြတာပေါ့”

“ဟိုးရှေ့မှာရွာတစ်ရွာဗျ…
အဲ့ဒီရွာမှာပဲကျုပ်တို့ ခွင့်တောင်းပြီး
တစ်ညအိပ်ကြရအောင်ဘွားရယ်…
လမ်းမှာဆိုခြင်ကိုက်တာနဲ့ခရီးပန်းတာနဲ့
အဆင်ပြေမယ်မထင်ဘူးဗျ”

“မောင်ရင်တို့သဘောပါပဲ…
ဘွားကအဆင်ပြေပါတယ်ကွယ်…”

ဘွားမယ်စိန်လည်းမောင်တိုးတို့သဘောအတိုင်း
ထိုရွာ၌တစ်ညအိပ်ဖို့ဆုံးဖြတ်လိုက်တော့သည်။
မိုးချုပ်စပြုနေချိန်၌ ရွာထဲကိုဝင်လာတော့…

“ဗျို့…အစ်မ…ကျုပ်တို့ကို
ဒီရွာကသူကြီးအိမ်ဆီကိုညွှန်ပေးလို့ရမလားဗျ…
ကျုပ်တို့ကခရီးသွားတွေမလို့ပါ…”

ဟု…လမ်း၌ တွေ့သည်အမျိုးသမီးကို
မောင်တိုးကမေးလိုက်သည်။

“ဟိုရှေ့ကအိမ်ကတို့ရွာသူကြီးအိမ်ပဲကွဲ့”

“သြော်….ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာ…”

အမျိုးသမီးကိိုကျေးဇူးတင်စကားပြောပြီးနောက်
နွားလှည်းကိုရွာသူကြီးအိမ်ဆီသို့ဦးတည်သွားခဲ့၏။
ရွာသူကြီးအိမ်ဆီကိုရောက်တော့
အကျိုးအကြောင်းရှင်းပြပြီး တစ်ညတည်းခွင့်တောင်းလေတော့ ဘွားမယ်စိန်တို့ကိုကြည်ကြည်ဖြူဖြူပင်
ခွင့်ပြုကြလေသည်။
ညစာများကျွေးမွေးပြီးအိပ်ဖို့ရန်အတွက်လည်း
ရွာသူကြီးတို့မိသားစုကသေချာစီစဥ်ပေးကြ၏။
နောက်တစ်နေ့နံနက်ရောက်တော့ခရီးဆက်ကြရမည်မလို့
နံနက်စာများဧည့်ခံသည့်အပြင်အစာပြေစားရန်
ထမင်းထုပ်များကိုလည်းထုပ်ပေးလိုက်ကြပြန်၏။

“အပြန်ကျရင်ကျုပ်တို့ရွာကိုဝင်လည်ကြပါဦးဗျာ…”

“အေးကွယ်…အခုလိုတစ်ညပေးအိပ်တဲ့အပြင်
စားဖို့အတွက်ပါစီစဥ်ပေးကြတော့
ဘွားဘက်ကကျေးဇူးတင်ပါတယ်…အပြန်ကျရင်လည်း
ဝင်ဖြစ်အောင်ဝင်လည်ပါ့မယ်မောင်ရင်ရယ်…”

ဟု…ဘွားမယ်စိန်ကပြောသောအခါ
အားလုံးကဝမ်းသာနေကြသည်။
ထိုသို့ဖြင့်ဘွားမယ်စိန်တို့လည်း ရွာသူကြီးမိသားစုကို
နှုတ်ဆက်၍တလင်းရွာသို့ခရီးဆက်ကြရပြန်သည်။ခရီးဆက်လာကြသည်မှာနေ့လယ်ခင်းအချိန်သို့ရောက်တော့…

“ဘွား…ရှေ့ကရွာကတလင်းရွာဆိုတာပဲဗျ…”

မောင်တိုးပြောလေတော့ဘွားမယ်စိန်ခပ်လှမ်းလှမ်းမှမြင်နေရသောရွာဆီကိုလှမ်းကြည့်လိုက်ပြီး

“နောက်ဆုံးတော့ရောက်လာပြီပေါ့ကွယ်…”

ဟုပြောလေသည်။

ဘွားမယ်စိန်တို့နွားလှည်းလေးရွာထဲဝင်လာချိန်၌
လူစိမ်းတွေပေမို့ တလင်းရွာသူ၊ရွာသားတို့က
လှမ်းကြည့်နေခဲ့ကြသည်။

“ဗျို့နောင်ကြီး…ကျုပ်တို့ကိုတစ်ခုလောက်ကူညီပါလားဗျ”

“ဟေ…ငါကဘာကူညီရမှာတုန်းကွ…
မင်းတို့ကဘယ်သူတွေတုန်း…တို့ရွာကလည်းမဟုတ်ပါလား”

“ကျုပ်တို့ကခရီးသွားတွေပါဗျာ…
ကျုပ်တို့ကိုဒီရွာကသူကြီးအိမ်ကိုလမ်းညွှန်ပေးဖို့
နောင်ကြီးကိုအကူအညီတောင်းချင်တာပါဗျ…”

“သြော်…ဒီလိုလား…ငါ့နောက်ကသာလိုက်ခဲ့ကြကွာ…
သူကြီးအိမ်ကိုငါကိုယ်တိုင်လိုက်ပို့ပေးပါမယ်ကွ…”

“ဒီလိုဆိုကျေးဇူးပဲနောင်ကြီးရာ…ဒါနဲ့
နောင်ကြီးနာမည်ကဘယ်လိုခေါ်တုန်းဗျ”

“ငါ့နာမည်ကဖိုးတုတ်ကွ…
မင်းတို့ကရောဘယ်လိုခေါ်တုန်း…”

“ကျုပ်ကမောင်တိုး…သူကမောင်အုန်းဗျ…
ပြီးတော့ဒါကျုပ်တို့အဘွား…
ဘွားမယ်စိန်လို့ခေါ်တယ်…”

“အေးကွာ…ဒီရွာကိုအလည်လာကြတာလား”

“အလည်မဟုတ်ပါဘူး ကိစ္စလေးရှိလို့ပါ
ကိုဖိုးတုတ်ရာ…”

“အေး…အေး…ငါ့ညီ မင်းတို့ဒီရွာက မပြန်သေးရင်တော့
ငါရွာထဲအလည်ခေါ်ချင်သေးတယ်ကွာ…
ငါလာခေါ်လိုက်မယ်နော့…”

“ရတာပေါ့ဗျာ…”

ရွာသားကိုဖိုးတုတ်နဲ့မောင်တိုးက စကားပြောရင်း
ရင်းနှီးသွားကြ၏။
ကိုဖိုးတုတ်ကလည်းဝဝဖိုင်းဖိုင်းနဲ့ လူကလူပျော်ကြီးတစ်ယောက်လိုပင်။

“မောင်တိုးရေ…ဒါတို့ရွာသူကြီးဦးတင်မြင့်အိမ်ပဲကွ…
ငါပြန်တော့မယ်ဟေ့…”

“ဟုတ်ပြီကိုဖိုးတုတ်…ကျေးဇူးတင်တယ်နော်…”

“ရပါတယ်ကွာ…”

ကိုဖိုးတုတ်က နောက်ကြောင်းပြန်လှည့်သွားတော့၏။
​မောင်အုန်းကလှည်းအထက်မှဦးဆုံးဆင်းသွားပြီး
ဘွားမယ်စိန်ဆင်းဖို့ရန်ကူညီတွဲကူပေးသည်။
နွားလှည်းအားမဖြုတ်သေးဘဲ
ဘွားမယ်စိန်နှင့်မောင်အုန်းက သူကြီး၏အိမ်ထဲသို့ဝင်ဖို့ရန်…

“ဗျို့…သူကြီးဦးတင်မြင့်ရှိပါသလားခင်ဗျ…
သူကြီးရှိပါသလား…”

ဟု…မောင်အုန်းကအော်ခေါ်လိုက်သည်။

“ရှိတယ်ဟေ့…ဘယ်သူတွေလဲ…”

“သူကြီးနဲ့တွေ့ချင်လို့ပါခင်ဗျ”

အိမ်ထဲနှင့်အိမ်ပြင်စကားအပြန်အလှန်ပြောပြီးနောက်
အသက်ဆယ့်ငါးနှစ်အရွယ်ကောင်လေးတစ်ဦးက
တံခါးလာဖွင့်ပေးလေသည်။

“ဝင်ကြပါ…”

ဘွားမယ်စိန်နဲ့မောင်အုန်းတို့ခြံဝိုင်းထဲဝင်လာကြသည်။
ကောင်လေးအနောက်မှလိုက်လာကြပြီး
အိမ်ထဲသို့ရောက်တော့ အသက်ငါးဆယ်ကျော်
လူကြီးတစ်ဦးနှင့်အသက်လေးဆယ်အရွယ်
အမျိုးသားတစ်ဦးတို့စကားပြောနေကြသည်ကိုတွေ့လိုက်၏။
ထိုထဲမှလူကြီးက…

“ကျုပ်ကဒီရွာသူကြီးပဲ…
ခင်ဗျားတို့ကဘယ်ရွာကလာကြတာလဲ”

ဟုမေးသည်။
ဆက်ပြီး၍လည်း…

“သြော်…မေ့နေတာ…လာပါ….
အရင်ထိုင်ကြပါဦး”

ဟုပြော၍ခုံ၌ဝင်ထိုင်စေသည်။
နံဘေးရှိအမျိုးသားကတော့မည်သည့်စကားမှ
ဝင်မပြောပဲကြည့်နေခဲ့၏။
ထိုအမျိုးသား၏အကြည့်က
အတော်လေးညိုးငယ်နေဟန်ရသည်။
ဘွားမယ်စိန်နှင့်မောင်အုန်းလည်းထိုင်ခုံအသီးသီး၌
ဝင်ထိုင်လိုက်ကြပြီး…

“ကျုပ်တို့က ဒီရွာနဲ့အတော်အလှမ်းဝေးတဲ့
သောင်ထွန်းရွာကလာကြတာပါ…”

“ဟုတ်ကဲ့…ဘာကိစ္စများရှိကြလို့လဲမသိဘူး”

“ဒီရွာမှာ မသူဇာဆိုတဲ့အမျိုးသမီးများရှိမလားသိချင်လို့ပါ”

“ဘယ်လိုမသူဇာဟုတ်လားဗျ…”

ရွာသူကြီးကအံ့သြသွားသလို…
နံဘေးရှိအမျိုးသားမှာလည်းဘွားမယ်စိန်ကို
စူးစမ်းသလိုကြည့်နေခဲ့၏။

“ဒီကအမေကြီးက မသူဇာကိုလာရှာတာလား”

“ဒါဆိုရင်မသူဇာဆိုတာဒီရွာမှာရှိတယ်ပေါ့
မောင်ရင်…”

“ရှိတော့ရှိပါရဲ့…အမေကြီးတို့ရှာတဲ့မသူဇာက
အသက်လေးဆယ်ကျော်…ရွာထဲအကြော်လှည့်ရောင်းတဲ့
ဒေါ်သူဇာများဖြစ်နေမလား…သူ့ရဲ့ဆွေမျိုးတွေလားဗျ”

“မဟုတ်တာကွယ်…ဘွားရှာတဲ့မသူဇာဆိုတာ
အသက်ကရှိလှ…နှစ်ဆယ်ကျော်သုံးဆယ်နီးနီးပါ…
ရုပ်လေးကလည်းချောပါပေတယ်ကွဲ့…”

“ဗျာ…”

“ဟင်…”

ဘွားမယ်စိန်စကားကြောင့် အံ့သြသင့်သံများထွက်လာခဲ့သည်။

“နေပါဦးအမေကြီးရဲ့…အဲ့မသူဇာက
အမေကြီးနဲ့ဘယ်လိုများတော်စပ်တာလဲ”

“ဘယ်လိုမှမတော်စပ်ပါဘူး…
မောင်ရင်တို့ကပြောသင့်ပြောထိုက်တဲ့လူတွေလို့
ဘွားထင်မိပါတယ်…ဒါ့ကြောင့်ပြောပြပါ့မယ်လေ…
တကယ်တော့ဘွားက မောင်ရင်တို့သာမာန်လူတွေမှာမရှိတဲ့
ပညာလမ်းစဥ်တွေရှိတဲ့စုန်းဖြူတစ်ယောက်ပါ…
ဘုရားတရားလိုက်စားပြီး လူတွေကိုနှောက်ယှက်တဲ့
စုန်း…ကဝေတွေအပြင်အဲ့ထက်အဆင့်နိမ့်တဲ့
သရဲ၊တစ္ဆေတွေကိုအပြစ်ပေးနှိမ်နင်းပေးနေသူပါကွယ်…
အခုမသူဇာကိုရှာတာကလည်း အဲ့သည်ကလေးမလေးကိုယ်တိုင်ဘွားကိုအိမ်မက်ပေးအကူအညီတောင်း
နေတာကြောင့် တလင်းရွာဆိုတာကိုရှာဖွေပြီး
ရောက်လာခဲ့ကြရတာပါ…”

“အလိုလေး…အမေကြီးရယ်…
ဒီလောက်ဝေးတဲ့ခရီးကိုအိမ်မက်ပေးလို့ရောက်လာခဲ့ရတာပေါ့
အမေကြီးရဲ့တည်​ကြည်တဲ့ ရုပ်သွင်နဲ့
အမေကြီးရဲ့ပြောကြားချက်တွေကိုကျုပ်ယုံကြည်ပါတယ်…
ဒါပေမယ့်အမေကြီးရှာနေတဲ့မသူဇာဆိုတာကလည်း
ဟောသည်မောင်မောင်မြရဲ့ ညီမပါပဲ…
လက်ရှိတော့မသူဇာကိုအမေကြီးတွေ့ရမယ်မထင်ဘူးဗျာ…”

ရွာသူကြီးစကားကြောင့်မသူဇာရဲ့
အစ်ကိုကိုဘွားမယ်စိန်ကြည့်လိုက်သည်။
မောင်မောင်မြရုပ်သွင်ကမရွှင်မလန်းဖြစ်နေတာကိုမြင်ရသောအခါ…

“ဘွားတို့ကလည်းခရီးဝေးကလာကြရတာပါ…
မသူဇာလေးဘယ်လိုအခက်အခဲကြုံနေသလဲဆိုတာကို
ပြောပြပေးရင်ဖြင့် ဘွားတို့ပင်ပန်းတာလေးနည်းနည်းဖြစ်ဖြစ်
သက်သာတာပေါ့မောင်ရင်တို့ရယ်….
မဟုတ်ရင်ဖြင့်လာရာလမ်းပဲပြန်ရမလိုလိုနဲ့
ဖြစ်ကုန်ပါလိမ့်မယ်…”

ဘွားမယ်စိန်စကားကြောင့်မောင်မောင်မြက…

“အဲ့သည်လိုတော့အဖြစ်မခံနိုင်ပါဘူးဗျာ…
ကျုပ်နှမလေးအတွက်ကျုပ်မှာခေါင်းခဲနေရတာပါ…
တစ်ရွာလုံးနဲ့တစ်ယောက်
အားမတန်လို့မာန်လျော့နေရသူပါဗျာ…”

“အလိုလေး…ဘယ်လိုဖြစ်လို့တုန်းမောင်ရင်လေးရယ်…”

မောင်မောင်မြက ရင်ထဲမချိနေဟန်ဖြင့်ပြောလေတော့
ဘွားမယ်စိန်ကဆက်မေးလိုက်သည်။

“ကျုပ်ပြောပြပါ့မယ်ဗျာ…
ကျုပ်ညီမလေးက မွေးလာကတည်းသူ့မျက်လုံးလေး
အတော်လှတာခင်ဗျ…ကျုပ်နဲ့ဆိုအသက်က
ရှစ်နှစ်လောက်ကွာပါတယ်….
ညီမလေးငါးနှစ်အရွယ်မှာ
မိဘတွေပြောတာကြားမိတာတော့
ညီမလေးမှာဝမ်းတွင်းပညာဆိုလားပါလာတယ်တဲ့..
သူနဲ့ဆော့ဖော်တွေကများက သူ့ကို ရိုက်တာပြုတာများရှိရင်
အဲ့သည်ကလေးကိုမျက်လုံးနဲ့တစ်ချက်စိုက်ကြည့်တာနဲ့
နောက်ရက်အသည်းအသန်ဖျားနာတော့တာပါပဲ…
ညီမလေးအကြောင်းသိတော့မိဘတွေကဒါကိုဖုံးဖိပြီး
ညီမလေးကို အမျိုးမျိုးနားချကြပါတယ်…
နောက်ဆုံးဘကြီးဘုန်းကြီးကိုအပ်ပြီး
ဆုံးမသွန်သင်ခိုင်းတော့ ကလေးကအရွယ်ရောက်တဲ့အထိ
သူဒီပညာတွေတက်တယ်ဆိုတာ တစ်ရွာလုံးမသိကြပါဘူး…
ဒါပေမယ့်ခက်တာကညီမလေးမှာအကြားအမြင်ရတယ်ဆိုပြီး
လူတွေကပြောလာကြတယ်ဗျ…
အဲ့တာကလည်းသူ့သူငယ်ချင်းတစ်ယောက်သစ်ပင်က
ပြုတ်ကျမယ်နော်သစ်ပင်ပေါ်တွေမတက်နဲ့ဆိုပြီး
သတိပေးရာကဟိုကသူ့စကားနားမထောင်မိဘဲ
သစ်ပင်တက်တော့သစ်ပင်ပေါ်ကပြုတ်ကျပြီး
လက်ကျ်ိူးသွားပါရဲ့…
အဲ့သည်ကစပြီးကိစ္စကြီးငယ်မှန်သမျှညီမလေးကို
မေးမြန်းလာကြတာပါ…
ညီမလေးကလည်းတော်တန်မေးသမျှမဖြေဘူးဗျ…”

မောင်မောင်မြပြောပြသော
မသူဇာ၏ဘဝအစိပ်အပိုင်းတစ်ခုကိုသိရှိခဲ့ကြသည်။

“ဒီလိုဆိုရင်အခုမသူဇာကြုံနေရတဲ့
ပြသာဒ်နာကဘာများလဲကွဲ့”

“အဲ့တာကလည်းဒီလိုပါ…
ကျုပ်တို့ရွာမှာပြီးခဲ့တဲ့လပိုင်းကစပြီးကလေးတွေ
ဝမ်းလျောရာကနေ ကုမရပြုမရနဲ့သေကြတာဆိုရင်
ဆယ်ယောက်လောက်ရှိပါတယ်…
ဆေးဆရာနဲ့ကုဖို့
အချိန်မမီလို့သေတဲ့ကလေးတွေပေါ့
အမေကြီးရယ်….
ကျုပ်ညီမလေးကအဲ့သည်လိုတွေမဖြစ်ခင်က
ကလေးတွေသေလိမ့်မယ်…သတိထားကြပါဆိုပြီး
ပြောမိတယ်ဗျ….ဒါကိုဒီကလေးတွေသေတာ
ကျုပ်ညီမလေးကအောက်လမ်းနဲ့
ပြုစားလို့အခုလိုတွေဖြစ်ပါတယ်ဆိုပြီး
သေဆုံးသူကလေးတွေ ရဲ့မိဘတွေကအငြိုးထားကြပါတယ်…
ညီမလေးကိုကျွန်တော်တို့တားနေတဲ့ကြားက
ရိုက်ကြပုတ်ကြနဲ့အခုဆို ညီမလေးကိုအခန်းထဲမှာပဲ
ပိတ်ထားရပါတယ်ဗျာ…
အဲ့သည်လိုမှမလုပ်ရင်ကျုပ်တို့မိဘများကိုပါ
သတ်မယ်ဆိုပြီးကြိမ်းဝါးနေကြလို့
အများနဲ့တစ်ဦးမနေသာတဲ့အဆုံးညီမလေးကို
အခန်းပိတ်ထားရပါတယ်…”

“အလိုလေး…ဖြစ်မှဖြစ်ရပါပေတယ်…
ဒါဆိုရင်ဒီကလေးမလေးက အခန်းထဲမှာပိတ်ထားခံရတာပေါ့…
ဘယ်နရက်များရှိပြီလဲကွယ်…”

“အခုဆိုရင်တစ်ပတ်လောက်ရှိပါပြီ…
ကျုပ်နဲ့မိဘတွေကလည်း ညီမလေးအတွက်စိုးရိမ်ပြီး
သူကြီးဆီမှာအခါခါလာပြီးအပူကပ်နေရတာပါ”

မောင်မောင်မြစကားကြောင့် …
ရွာသူကြီးကခေါင်းကိုညိတ်၍….

“ကျုပ်လည်းဘာမှမတတ်နိုင်လို့ပါအမေကြီးရယ်…
အဲ့သည်ကောင်တွေကရွာလူမိုက်တွေဗျ…
ကျုပ်တားရင်ကျုပ်ကိုပါသတ်ကြမှာဆိုတော့
ဘာဆက်လုပ်ရမယ်ကိုမသိပါဘူးဗျာ…”

“အင်း…မောင်ရင်တို့ပြောသမျှကိုနားထောင်ကြည့်မိတော့
သူဇာရဲ့အဖြစ်ကိုဘွားသိသင့်သလောက်လည်းသိပြီ…
ကဲ…အဲ့သည်တော့သူကြီးရေ…ကျုပ်တို့နွားလှည်းလေး
ဒီအိမ်မှာထားခဲ့ချင်တယ်….မောင်ရင်ကတော့
မောင်ရင့်နှမရှိတဲ့နေရာကိုလိုက်ပို့ပေးပေါ့ကွယ်…”

“ဟုတ်…ဟုတ်ကဲ့ပါအမေကြီး…
အမေကြီးကကျုပ်ညီမလေးကို
ကယ်ပေးမယ်မလားဟင်…”

“အဲ့တာတွေနောက်မှပြောပါ…
လာ…သွားကြဥိးစို့…”

“နွားလှည်းကိုဒီတိုင်းထားခဲ့ပါ
ကျုပ်လှည်းချွတ်ပြီးနွားတွေ
အစာကျွေးထားလိုက်ပါ့မယ်…”.

“အေးကွယ်….ကျေးဇူးပါပဲ”

ဘွားမယ်စိန်တို့
အိမ်အပြင်ဆီကိုရောက်တော့မောင်အုန်းက
လှည်း၌ထားသောငှက်ကြီးတောင်ဓားကိုယူလိုက်သည်။

“ဟဲ့…မောင်အုန်း….ထားခဲ့…ဘာမှမယူခဲ့နဲ့
လူသာ လိုက်ခဲ့ကြ…”

“ဟုတ်…ဟုတ်ကဲ့ဘွား”

မောင်အုန်းကဓားကိုပြန်ချထားခဲ့ရသည်။
မောင်မောင်မြခေါ်ရာအတိုင်းခြေလျင်လိုက်လာကြရင်း
ဘာမှမသိသေးသောမောင်တိုးကိုလည်းမောင်အုန်းက
ရှင်းပြပေးရှာသည်။
တလင်းရွာထဲကလူများကလည်းတောင်ဝှေးကြီးထောက်…
ချည်လွယ်အိတ်ကြီးလွယ်ထားသောဘွားမယ်စိန်ကို
အထူးအဆန်းသဖွယ်ကြည့်ကြ၏။
ဒါ့အပြင်မောင်မောင်မြနှင့် တွဲတွေ့လိုက်၍
သို့လော…သို့လောစကားများပြောကုန်ကြတော့သည်။
မလှမ်းမကမ်းမှလည်းတိုးတိုးတိတ်တိတ်လိုက်လာကြပြန်၏။
မောင်မောင်မြ၏နေအိမ်ကိုရောက်တော့
အိမ်အပြင်ဘက်၌
လူသုံးယောက်ထိုင်နေသည်ကိုမြင်ရသည်။
ထိူလူတွေရုပ်သွင်ကလက်ရဲဇက်ရဲဖြင့်
မိုက်ကန်းကန်းပုံစံများပင်။
ထိုလူသုံးယောက်ကဘွားမယ်စိန်ကိုလှမ်းကြည့်ပြီး…

“ဟေ့ကောင်မောင်မောင်မြ…မင်းကမင်းနှမလွှတ်အောင်
ဘယ်ကအဘွားကြီးကိုတပ်ကူခေါ်လာတာလဲကွ…
ဟုတ်မှလည်းလုပ်နော်…တော်နေ သေနေ့စေ့ကုန်ဦးမယ်…”

ဟု…ပြောလေသောအခါ မောင်တိုးနဲ့မောင်အုန်းက
ဒေါသများတဖွားဖွားထွက်ရင်းထိုလူသုံးယောက်ကို
ဒေါ်သတကြီးစိုက်ကြည့်နေကြ၏။

“ဟိုနှစ်ကောင်ကရောဘယ်ကခေါ်လာတာလဲကွ…
ရုပ်တွေကိုကငါတို့ကိုများမခန့်လေးစားနဲ့…
စိုက်ကြည့်ရဲရအောင် မင်းတို့ကဘယ်ကကောင်တွေလဲကွ…”

ဟုမေးပြန်သောအခါ မောင်တိုးကဖြေမည်လုပ်စဥ်
ဘွားမယ်စိန်က…

“ဒီမယ်ကွဲ့…ဘွားတို့ကဒီကိုခဏလာတဲ့ဧည့်သည်တွေပါ
မောင်ရင်တို့ကိုလည်းဘာမှရန်မပြုပါဘူးကွယ်…
ဒါကြောင့်အေးအေးလူလူလာပြီး
အေးအေးလူလူလေးပြန်ပါရစေ”

“အမယ်…အဘွားကြီးကသိပ်သိတတ်တာပဲ…
ကဲပါ…သွားကြပါ…ဟိုကောင်မောင်မောင်မြ”

“ဗျာ…အစ်ကိုသိန်း…”

“မင်းနှမကိုတော့လွှတ်ဖို့မစဥ်းစားနဲ့နော်…
လွှတ်တာနဲ့ငါတို့ကချမ်းသာပေးမယ်မထင်နဲ့…”

“ဟုတ်ကဲ့ပါ…ကျုပ်သိပါတယ်…
အမေကြီး…လာပါ…အိမ်ထဲမှာအမေတို့ရှိပါတယ်”

ဟုမောင်မောင်မြကပြောပြီး အိမ်ထဲသို့ခေါ်သွားလေသည်။
မောင်မောင်မြတို့မှာလည်းထိုလူတွေကို
အတော်ကြောက်ကြပုံပင်။

“အမေ…အဖေ…”

“ဟေ…ဧည့်သည်တွေပါလာတာလားငါ့သားရ”

“ဟုတ်တယ်အဖေ…အမေကြီး…
ထိုင်ကြပါဦး”

“အေး…အေး…အေး…”

“ထိုင်ကြပါဦးရှင်…အကြမ်းရေလေးသွားဖြည့်လိုက်ဦးမယ်”

မောင်မောင်မြရဲ့အမေက အကြမ်းရည်အိုးကိုယူ၍
ထွက်သွားသည်။

“သား…သူတို့ကဘယ်သူတွေလဲ…”

“အဖေ…သားပြောပြမယ်”

မောင်မောင်မြကဖခင်ဖြစ်သူ၏နားအနီးသို့
တိုးကပ်ကာရှင်းပြလေသည်။
မောင်မောင်မြပြောတာကိုနားထောင်ရင်း
ဖခင်ဖြစ်သူမျက်နှာကဝမ်းသာရိပ်များဖြင့်…

“တကယ်လားငါ့သား” ဟုမေးတော့…

“ကျုပ်ပြောတာအမှန်ပဲအဖေ…”

“အေး…အေး…အေး…ဒီလိုဆိုရင်အဖေဖြင့်
ဝမ်းသာလိုက်တာငါ့သားရာ…”

ဘွားမယ်စိန်တို့ကိုအားကိုးတကြီးကြည့်၍ပြောလိုက်၏။
မောင်မောင်မြအမေက အကြမ်းရည်အိုးနှင့်
အတူလက်ဖက်အုပ်လေးကိုချပေးလေသည်။

ဘွားမယ်စ်ိန်က…

“ကလေးမလေးရှိတဲ့ဆီကိုလိုက်ပို့ပေးပါမောင်ရင်…”

ဟုပြောသောအခါ…

“ဗျာ…အခုလားအမေကြီး…
ဖြစ်…ဖြစ်ပါ့မလား…ဟိုလူတွေရှိနေသေးတယ်လေ”

“ရတယ်ကွဲ့…ဘွားကိုအခုသာလိုက်ပို့ပေး”

“ညီမလေးကအပေါ်ထက်အခန်းထဲမှာပါ…
ကျုပ်လိုက်ပို့ပေးပါ့မယ်…
ဒါပေမယ့်အခန်းရှေ့မှာလူနှစ်​ယောက်ရှိသေးတယ်ဗျ”

“ရတယ်လိုက်သာပို့ကွယ်…”

မောင်မောင်မြက ဘွားမယ်စိန်ကိုမည်သို့မှ
တားမရသည့်အဆုံး…

“ဒီလိုဆိုရင်လည်းအမေကြီးသဘောပါ…”

ဟုပြော၍အပေါ်ထပ်သို့လိုက်ပို့ပေးသည်။
အပေါ်ထပ်သို့ရောက်တော့ အခန်းတစ်ခု၏ရှေ့၌ထိုင်နေသော
လူနှစ်ယောက်ကိုတွေ့ပြန်သည်။
ထိုလူနှစ်ယောက်ကမောင်မောင်မြတို့ကိုမြင်တော့
ဓားများကိုင်၍ထရပ်လိုက်ကြပြီး…

“မင်းတို့မိသားစုကိုဒီအပေါ်မလာရဘူးလို့
ကိုသိန်းပြောထားတယ်မဟုတ်လား…”

“ပြောတော့ပြောပါတယ်…”

“အေး…ပြောရင်မလာကြနဲ့လေ…
ဘာလဲမင်းကလူတွေခေါ်လာပြီးငါတို့ကိုခုခံချင်တာလား”

“မ…မဟုတ်တာဗျာ…”

ထိုစဥ်…ဘွားမယ်စိန်ကရှေ့သို့ထွက်လာခဲ့ပြီး…

“ဒုတ်…”

ခနဲတောင်ဝှေးကိုမြေပေါ်သို့ဆောင့်ချလိုက်၏။

“အမယ်…တောင်ဝှေးကြီးကသိပ်ကောင်းပါတယ်…
နဂါးရုပ်တောင်ထွင်းထားသေးတယ်…
ကျုပ်ကိုပေးစမ်းအဘွားကြီး”

“ရချင်လို့လား…မောင်ရင်ရချင်ရင်တောင်
ဘွားကတော့မပေးနိုင်ဘူးကွဲ့…ဒါပေမယ့်
ကိုယ့်ဘာသာရအောင်ယူရင်တော့တမျိုးပေါ့လေ…”

“ပေးစမ်းပါ…ခင်ဗျားအသက်အရွယ်နဲ့
ဒီလောက်ကောင်းတဲ့
တောင်ဝှေးကိုကိုင်ပြီးဘာလုပ်မှာလဲ”

ဟုပြောရင်းဘွားမယ်စိန်ဆီကနေတောင်ဝှေးကို
ဆွဲလုလိုက်သည်။
မောင်အုန်းခမျာလည်းဒေါသထွက်နေသော
မောင်တိုးကိုဆွဲထိန်းထားရသည်။
ဟိုလူများကလည်းဘွားမယ်စိန်၏တောင်ဝှေးကိုကိုင်၍
သူတို့အချင်းချင်းစနောက်နေကြ၏။
ထိုစဥျ…

“ဟင်…”

“ဟာ….”

“အောင်မလေး….မြွေကြီး…မြွေကြီးဗျ”

ဟုအော်ဟစ်ပြီးဘွားမယ်စိန်ရဲ့တောင်ဝှေးကိုပစ်ချ၍
ထွက်ပြေးကြသည်။
အိမ်အပေါ်ထပ်မှအောက်ထပ်သို့အော်ဟစ်ကာဆင်းပြေးကြသောအခါ အိမ်အပြင်ဆီမှလူသုံးယောက်ကလည်း…

“ဟေ့ကောင်တွေ…ဘာဖြစ်ကြတာလဲ”

“မြွေကြီး…မြွေကြီးကျုပ်တို့နောက်ကိုလိုက်နေတယ်…”

“ဘယ်မှာလဲမြွေ… ဟေ့….နေကြဦးလေ…
ဟိုကောင်တွေ….”

အော်ဟစ်တားကြပါသော်လည်း ထိုလူနှစ်ယောက်က
မြွေကြီးဟုအော်ဟစ်ပြီးပြေးလွှားနေကြတော့၏။

“ကဲ…မောင်ရင်တို့ဒီအခန်းထဲက ကလေးမလေးကိုထုတ်ပြီး
ရေတိုက်တန်တိုက်…အစာကျွေးတန်ကျွေး…
ဘွားကရှင်းစရာတွေရှင်းပေးမယ်…ဒီမှာသာနေခဲ့ကြတော့..”

“ဖြစ်ပါ့မလားအမေကြီး…ကိုသိန်းတို့ကလူမိုက်တွေဗျ…
တော်နေအမေကြီးကိုရန်ပြုနေပါလိမ့်မယ်…”

“ရပါတယ်ကွယ်…နေခဲ့ကြပါ”

မောင်မောင်မြကတားရှာသည်။
သူလည်းအစောကလူနှစ်ယောက်အဖြစ်ကိုမြင်လိုက်ရတော့
ဘွားမယ်စိန်ရဲ့အစွမ်းအစကိုအတော်သဘောတွေ့နေခဲ့သည်။
မောင်တိုးနဲ့မောင်အုန်းတို့ကို မောင်မောင်မြကိုကူညီဖို့နေခဲ့စေပြီး
တောင်ဝှေးကြီးကိုယူ၍ဘွားမယ်စိန်အောက်ထပ်ကိုဆင်းလာခဲ့တော့သည်။
အောက်ထပ်၌ထိတ်လန့်နေသောမောင်မောင်မြ၏
မိဘနှစ်ပါးကိုအရင်ဆုံးတွေ့လိုက်ပြီး…
ဒေါသပုန်ထနေသော ကိုသိန်းကလည်းဓားကြီးတရွယ်ရွယ်ဖြင့်
ရှိနေခဲ့၏။

“ခင်ဗျားတို့ပြောစမ်း…ဟိုအဘွားကြီးကို
ဘာအကြံနဲ့ခေါ်လာခဲ့တာလည်း…”

“ဧည့်…ဧည့်သည်ပါမောင်သိန်းရယ်…
အမေကြီးကဘာလုပ်နိုင်မှာလဲ…
တောင်းပန်ပါတယ် ဓားကြီးကိုချထားပေးပါကွယ်…”

“ဟုတ်ပါတယ်မောင်သိန်းရာ…
ငါတို့မင်းကိုမလွန်ဆန်ရဲတာမင်းလည်းသိရဲ့သားနဲ့ကွာ”

“တော်စမ်းပါ…သြော်…ဟိုမှာအဘွားကြီးလာပြီ…
ခင်ဗျား…ဒီကိုလာစမ်းပါဦး…ကျုပ်လူတွေ
ထွက်ပြေးအောင်ခင်ဗျားဘာလုပ်လိုက်တာလဲ”

“ကဲ…မောင်ရင်…စကားပြောချင်ရင်
ခြံထဲကိုလာခဲ့ပါ…”

ဟုပြော၍ဘွားမယ်စိန်ကခြံထဲကိုအရင်ထွက်သွားသည်။
ကိုသိန်းနဲ့အဖော်နှစ်ယောက်ကလည်း
ဓားများကိုင်၍ဘွားမယ်စိန်အနောက်မှလိုက်လာကြသည်။
ခြံထဲရောက်တော့ဘွားမယ်စိန်ကိုဝိုင်းထားကြပြီး…

“ကဲ…အဘွားကြီး…ပြော…
ခင်ဗျားလည်းဟိုကောင်မလိုပဲစုန်းမ မဟုတ်လား…”

ဟုကိုသိန်းကမေးသည်။
ခြံပြင်ဘက်၌လည်းတစ်ရွာလုံးလိုလိုက
ဝိုင်းကြည့်နေကြပြန်၏။
အားလုံးကလည်းလူမိုက်လူဆိုးကိုသိန်းတို့အဖွဲ့ကို
ကြောက်လန့်နေဟန်ပင်။

“မောင်ရင့်ကလေးသေတာ…
သူဇာကြောင့်လို့မောင်ရင်ထင်ရင်မှားလိမ့်မယ်…
ဒီကလေးမဆီမှာ မွေးရာပါ အစွမ်းလေးရှိနေယုံတင်ပါ…
သူကြားတာမြင်တာကိုကြိုသတိပေးမိလို့အခုလို
မောင်ရင်တို့ဘက်ကအထင်အမြင်လွှဲမှားနေကြတာပါကွယ်…”

“တော်စမ်းပါဗျာ…
ဒီကောင်မကိုလည်းမယုံသလို…
ခင်ဗျားကိုလည်းကျုပ်မယုံဘူး…
စုန်းမတွေကလူတွေကိုအမျိုးမျိုးဒုက္ခပေးကြတာ…
ဘယ်တုန်းကမှကောင်းကျိူးပြုတယ်မရှိဘူး”

“အင်း…ဒီလောက်ပြောနေတာတောင်
နားမလည်မှတော့…
မောင်ရင်တို့စိတ်ကတိရိစ္ဆာန်သာသာပဲ
ဖြစ်နေပါရောလား”

“ဘာဗျ…အဘွားကြီးခင်ဗျား
ဘာပြောလိုက်တယ်…”

ကိုသိန်းကဒေါသတကြီးပြောသည်။
ခြံပြင်ကလူတွေကလည်းဘာဖြစ်မလဲဆိုတဲ့စိတ်နဲ့
အသံကိုတိတ်၍ကြည့်နေကြသည်။

“ကဲပါ…ဘွားဘက်ကမေတ္တာနဲ့ရှင်းပြပြီးပြီ…
လက်မခံနိုင်တာတော့မောင်ရင်တို့အပိုင်းပဲကွယ်…
ဒီကလေးမလေးကိုတော့ဘွားဘက်က ကာကွယ်ပေးရမှာပဲ
မောင်ရင်တို့လည်းကိုယ့်အိမ်ကိုယ်ပြန်ကြပါတော့”

“အမယ်…
ဟားးး…ဟားးး…ဟားးး….ဟားးး…ဟားးး….”

ကိုသိန်းတို့အုပ်စုကဘွားမယ်စိန်ကိုကြည့်၍
တဟားဟားရယ်မောရင်းလှောင်ပြောင်နေကြသည်။
ပြီးတော့လည်း…

“ဒီလောက်ပြောမရတဲ့အဘွားကြီး…
ခင်ဗျားသေနေ့စေ့ပြီလို့သာမှတ်ပေတော့”

ဟု…ကိုသိန်းကပြော၍ ဘွားမယ်စိန်ကိုဓားနဲ့ခုတ်ဖို့ရွယ်သည်။
ခုတ်ဖို့ရွယ်ထားသောကိုသိန်း၏ဓားကိုင်ထားသောလက်အား
ဘွားမယ်စိန်ကမျက်တောင်တစ်ချက်မခတ်ဘဲ
စိုက်ကြည့်လိုက်၏။

“ဟင်….ဟာ….”

ဓားနဲ့ရွယ်ထားသောကိုသိန်းလက်ကိုတစ်စုံတစ်ယောက်က
ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားသည့်အလားဖြစ်နေ၍
ကိုသိန်းအံ့သြသွားသည်။
ကျန်လက်တစ်ဖက်ဖြင့် ဆွဲပါသော်လည်းလက်ကပြန်မကျဘဲ
ဖြစ်နေခဲ့၏။

“ဟေ့ကောင်တွေ…လုပ်ကြဦးဟ….
ငါ့လက်ကိုပြန်ချမရတော့ဘူး…..လုပ်ကြပါဦး”

ဟုကိုသိန်းကအော်ဟစ်လေမှသူ့လူများကလည်း
ဓားများကိုမြေပေါ်ပစ်ချပြီးကိုသိန်းလက်ကိုဆွဲချပေးကြသည်။
သို့သော်ဘယ်လိုမှဆွဲချမရခဲ့။
ခြံပြင်ကလူများကလည်း အတော်လေးအံသြနေကြသည်။

“ဒါဟိုအဘွားကြီးလုပ်ထားထင်တယ်…
မင်းတို့နှစ်ယောက်ဒင်းကိုရအောင်သတ်ကြ”

ဟုကိုသိန်းကပြောလေတော့ပစ်ချထားသောဓားများကို
ပြန်ကောက်၍ ကြောက်ကြောက်လန့်လန့်ဖြင့်
ဘွားမယ်စိန်ကိုတိုက်ခိုက်ဖို့ရန်တွန့်ဆုတ်နေကြသည်။
ဘွားမယ်စိန်ကလည်းမလှမ်းမကမ်းမှာရှိတဲ့
တိုင်၌ချည်ထားသောကြိုးတစ်ချောင်းကိုယူလိုက်သည်။
ကိုသိန်း၏လူနှစ်ယောက်ကလည်း ဘွားမယ်စိန်ကို
ကြည့်နေကြ၏။
ထိုစဥ်ဘွားမယ်စိန်က ကြိုးကိုဂါထာမန်း၍…

“ငမိုက်သားတွေဆီသွားလေရော့ဟဲ့….”

ဟုပြော၍ကြိုးကိုလွှတ်ချလိုက်သောအခါ
ကြိုးမှာမြေပေါ်ရောက်သည်နှင့်မြွေဟောက်ကြီးအသွင်ကိုပြောင်းလဲသွားပြီး ကိုသိန်း၏လူနှစ်ယောက်ကိုဒေါသတကြီး
လိုက်ပေါက်တော့၏။

“အားးးး….ကယ်ကြပါဦး….မြွေ…မြွေဟောက်ကြီး”

“မြွေကြီးဗျ…ကယ်ကြပါဦး….”

ဟုအော်ဟစ်ပြီးဓားများကိုပစ်ချ၍
ထွက်ပြေးကုန်ကြသည်။
ကိုသိန်းခမျာလက်ကလည်းလှုပ်မရ၍ပြေးမရဖြစ်နေခဲ့သည်။
အနီးအနား၌သူ့လူဟူ၍တစ်ယောက်မှမရှိတော့ပေ။
ထိုအချိန်မောင်တိုးကထိုင်ခုံတစ်ခုယူလာပြီး
ဘွားမယ်စိန်ကိုထိုင်ဖို့ချပေးသည်။
ဘွားမယ်စိန်က ခုံပေါ်ကိုထိုင်၍ ခြံပြင်၌ရှိနေသူများကို
လှမ်းကြည့်ကာ….

“အားလုံးဒီရှေ့ကိုလာခဲ့ကြပါ….”

ဟုခေါ်လိုက်သည်။
ထိုအခါရွာသူ၊ရွာသားတို့မှာလည်းတွန့်ဆုတ်…
တွန့်ဆုတ်ဖြင့်ဝင်လာခဲ့ကြ၏။

“လာ…လာ…ဝင်ကြ…ဒီအမေ​ကြီးကိုငါသိတယ်”

ဟုတလင်းရွာသူကြီးကဦးဆောင်ဝင်လာသည်။

“ထိုင်ကြဟေ့…နေရာကြည့်ထိုင်ကြ”

ရွာသူကြီးကဘွားမယ်စိန်၏အနောက်၌ရပ်၍
ရွာသူ၊ရွာသားတို့ကိုပြောလိုက်သည်။
ရွာသူ၊ရွာသားတို့ကလည်း မြေပေါ်၌ထိုင်၍
ဘွားမယ်စိန်ပြောမည်ကိုနားစွင့်နေကြ၏။
ဘွားမယ်စိန်က ကိုသိန်းကိုကြည့်၍…

“ဟဲ့အကောင်ငသိန်း….”

“ဗျာ…ဗျာ…အမေကြီး”

“နင်ဆက်မိုက်ချင်သေးလား”

“အဲ့…အဲ့တာက”

ကိုသိန်းကဘွားမယ်စိန်ကိုအတော်လေးကြောက်နေသည်။
ဒူးများပင်တုန်လို့နေ၏။

“အစကတည်းက ဘွားဘက်ကမေတ္တာထားပြီးပြောပါတယ်…
အခုအားလုံးလည်းနားထောင်ကြပါ…
ဘွားက လူတွေကိုကူညီတဲ့သူပါ
လူတွေကိုဒုက္ခပေးဖို့ဒီရွာကိုရောက်လာတာမဟုတ်ပါဘူး…
ဒီရွာမှာမဟုတ်မမှန်စွပ်စွဲခံထားရလို့
ဒုက္ခရောက်နေတဲ့မသူဇာလေးကို
လာကာကွယ်ပေးတာပါကွယ်…
ပြီးတော့ဒီကလေးမကလူတွေကို
ဒုက္ခပေးမယ့်သူမဟုတ်ပါဘူး….
သူမြင်တာ…သိတာလေးကိုပြောကတည်းက
အားလုံးဂရုတစ်ိုက်နေခဲ့ကြရင်အခုလိုတွေ
ဖြစ်လာမှာမဟုတ်ဘူး….ဒီတော့ကွယ်….
ဖြစ်ပြီးတာတွေလည်းဖြစ်ပြီးပြီး
မသူဇာလေးအပြစ်လည်းမဟုတ်တဲ့အတွက်
ဒီကလေးမကိုဆက်ပြီးဒုက္ခမပေးကြပါနဲ့တော့…
နောက်ပြီးမောင်ရင်တို့ရွာမှာဘာဒုက္ခပဲရှိရှိ ဘွားကို
အကူအညီတောင်းလို့ရပါတယ်
ဘွားတတ်တဲ့ပညာနဲ့ကူညီလို့ရတာဆိုရင်
အကုန်ကူညီပေးပါ့မယ်ကွယ်…
ဘွား​ပြောတာနားလည်ကြတယ်မဟုတ်လား”

“ဟုတ်ကဲ့….”

ဘွားမယ်စိန်ပြောတာကိုနားထောင်အပြီးတစ်ရွာလုံးက
ပြိုင်တူဖြေကြသည်။
ရွာသူကြီးကတော့ပြုံးလို့နေ၏။

“နောက်ပြီး….ဟောသည်လူဆိုးလူမိုက်ကိုကြောက်ပြီး
တစ်ရွာလုံးကငြိမ်ခံနေကြတော့
ဘယ်သူကဒီရွာကိုကူညီမှာတုန်း…
ကိုယ့်ရွာသူရွာသားတွေစည်းလုံးမှဟောသည်ငသိန်းတို့လို
လူမိုက်တွေခေါင်းမဖော်ရဲမှာပေါ့…
ဒါလည်းသူကြီးဘက်ကလိုအပ်တယ်…
ခေါင်းဆောင်ဆိုတာကလည်း
ခေါင်းဆောင်ကောင်းပီသရတယ်”

“ကျုပ်နားလည်ပါတယ်အမေကြီး….
ကျုပ်လိုအပ်ချက်တွေကိုပြင်နိုင်ဖို့ကြိုးစားပါ့မယ်ဗျာ…”

“အေး…အေး…အေး….
ဟိုကောင်ငသိန်း…ဘာပြောချင်သေးလဲ”

“ဘာ…ဘာမှမပြောချင်ပါဘူးအမေကြီး….
အမေကြီးပြောတာတွေကျုပ်လက်ခံပါတယ်…
ကျုပ်လက်ကလေးကိုသာ ပြန်ကောင်းအောင်လုပ်ပေးပါဗျာ”

“အေး….ပြုပြင်ရင်ပြင်နော်…
ဒီကိစ္စထပ်ဖြစ်ရင် အခုလိုခွင့်လွှတ်ပေးမယ်မထင်လေနဲ့”

“ဟုတ်…ဟုတ်ကဲ့…စိတ်ချပါ…
ကျုပ်တကယ်နားလည်ပါပြီဗျာ…”

ကိုသိန်းစကားနားထောင်ပြီးလေမှဘွားမယ်စိန်ကတောင်ဝှေးကို
မြေပေါ်တစ်ချက်ဆောင့်လိုက်သည်။
ထိုအခါမှကိိုသိန်းလက်ပြန်လှုပ်လို့ရသွားတော့၏။
ကိုသိန်းကဓားကိုမြေပေါ်ချ၍ဘွားမယ်စ်ိန်ကိုကန်တော့သည်။

“လူဖြစ်တုန်းလူစိတ်မွေး…
ဒါမှလူဖြစ်ရကြိုးနပ်တာ….”

“ဟုတ်ကဲ့…ကျုပ်ကြိုးစားပါ့မယ်…”

“အေး…အေး…အေး…
အားလုံးလည်းဒီလောက်ဆိုနားလည်လောက်ရောပ…
ပြန်ကြတော့…ပြန်ကြတော့”

ဘွားမယ်စိန်ကအားလုံးကိုပြန်ခိုင်းလိုက်သည်။
ပြီးနောက်ခုံမှထ၍အိမ်ထဲရှိမသူဇာကိုကြည့်ဖို့သွားလေသည်။
မသူဇာကအောက်ထပ်ကုတင်ပေါ်၌လှဲနေသည်။
ဘွားမယ်စိန်ကိုကြည့်ရင်း….

“အမေကြီးလာမယ်ဆိုတာကျွန်မသိတယ်…”

ဟုလေသံတိုးတိုးဖြင့်ပြော၏။
ဘွားမယ်စိန်ကလည်းအိမ်မက်ထဲ၌တွေ့မြင်ဖူးသော
မသူဇာကိုပြုံးပြရင်း…

“ညည်းကဘွားကိုဘယ်လိုသိတာတုန်းအေ့”

ဟုမေးလိုက်သောအခါ မသူဇာမှ….

“ကျွန်မအာရုံမှာအမေကြီးရုပ်ပုံက
ထင်းနေအောင်ပေါ်လာတာပါ…
ကူကယ်ရာမဲ့နေတုန်း…နားထဲမှာလည်းဘွားမယ်စိန်ဆိုပြီး
အသံတွေကြားနေရတာ…နောက်ဆုံးအမေကြီးဆီကို
အိမ်မက်ပေးဖို့ဖြစ်လာခဲ့တာပါ…”

“အင်း…ညည်းနဲ့ဘွားနဲ့ကရှေးရှေးဘဝကရေစက်တွေ
ရှိနေလို့ထင်ပါရဲ့….
အခုလိုညည်းဒုက္ခရောက်တော့မမြင်ဖူး…မသိဘူးတဲ့
လူကိုလှမ်းအကူအညီတောင်းနိုင်တာ….
နည်းတဲ့ရေစက်လားအေ….”

“ဟုတ်ပါရဲ့အမေကြီးရယ်…”

“ကဲပါ…အနားယူလိုက်ဦး….
ပင်ပန်းနေမှာပဲ”

“ဟုတ်ကဲ့…”

မသူဇာကိုအနားယူစေပြီးဘွားမယ်စိန်က
မောင်မောင်မြတို့နဲ့စကားပြောနေသည်။
မောင်မောင်မြနဲ့မသူဇာ၏မိဘများကလည်း
အတော်လေးကျေးဇူးတင်နေကြ၏။
ဘွားမယ်စိန်တို့အတွက်ထမင်းပွဲများပြင်ဆင်ပေးခြင်းနှင့်
ရေချိုးတာကအစအသေးစိတ်လိုက်ပြင်ဆင်ပေးကြသည်။
ရွာသူ၊ရွာသားတို့ကလည်းဘွားမယ်စိန်ကို
လာတွေ့ကြသော်အခါဘွားမယ်စိန်ကပရိတ်ကြိုးများလက်ဆောင်ပေးလေတော့ပျော်ရွှင်သွားကြ၏။
မသူဇာတို့အိမ်၌တည်းခိုတာနှစ်ရက်မျှရှိတော့
ငသိန်းတို့အဖွဲ့ကဘွားမယ်စိန်ကို
လာရောက်ကန်တော့ကြသည်။
မသူဇာနဲ့မိဘများကိုလည်းတောင်းပန်သွားကြ၏။
ဘွားမယ်စိန်ကတော့ မဆိုးကြဖို့….မမိုက်ကြတော့ဖို့သာ
ဆုံးမလိုက်လေသည်။
ထိုသို့ဖြင့်တလင်းရွာ၌လေးငါးရက်မျှနေထိုင်ပြီးလေမှ
သောင်ထွန်းရွာကိုပြန်လာကြတော့သည်။
လက်ဆောင်အဖြစ်ဆန်၊ဆီ၊ဆားများမှာလည်း
ဘွားမယ်စိန်တို့လှည်းအထက်၌
ပြည့်လို့နေပေသည်။

ထိုသို့ဖြင့်…တလင်းရွာသူစာမူလေးပြီးသွားခဲ့ပါသည်။

ပြီးပါပြီ။