အင်းသူကြီးဦးဖိုးလူ

အားလုံးပြီးလေမှ ​ခြေလက်ဆေးကျောပြီး
ကွပ်ပျစ်အနီးထန်းလက်ခုံ၌ အမောပြေဝင်ထိုင်ကြတော့သည်။

“ရော့…မောင်ရင်တို့အမောပြေ ရေနွေးကြမ်းလေးသောက်
ဘွားကြိုငှဲ့ပေးထားတော့အနေတော်ပဲကွဲ့”

“ဟုတ်ကဲ့ဘွား…”

“မောင်တိုးတို့ခဏနားပြီးရင်အရီးတို့နဲ့ထမင်းစားကြမယ်နော်”

“ဟာအရီးကလည်းဗျာ…”

“ဘာလဲမစားတော့ဘူးလို့ပြောမလို့လား…မောင်တိုး”

“ဟဲ…မဟုတ်ပါဘူးဗျ…စားမယ်လို့ပြောမလို့…
ဟီး…ဟီး….”

“သေနာလေးကတော့…ငါ့ကိုဆိုစနောက်လို့မပြီးဘူး”

“ကျုပ်အရီးမို့စတာပါဗျာ”

“အေးပါဟယ်…အေးပါ…”

ဒေါ်ဝင်းနဲ့မောင်တိုးတို့ စနောက်နေကြသည်ကို
မောင်အုန်းကပြုံးပြုံးကြီးကြည့်နေခဲ့သည်။
မောင်တိုးနဲ့မောင်အုန်းမတူညီသည့်
အချက်ကလည်းရှိသေးသည်။
မောင်အုန်းက အစအနောက်မရှိလှ…
သူ့ဘာသာအေးအေးလူလူနေတတ်၏။
မောင်တိုးကတော့ ထိိုသို့မဟုတ်…
စတတ်…နောက်တတ်ပြီးပျော်ပျော်နေတတ်သည်။
သူရွာ၌ မစနောက်ဖူးသည့်လူဆို၍
ဘွားမယ်စိန်တစ်ဦးသာရှိ၏။
ဘွားမယ်စိန်ကိုတော့ ချစ်ကြောက်ရိုသေရှာသည်။
ဒါ့အပြင်မောင်တိုးနဲ့မောင်အုန်းတူသည့်အချက်ကရှိသေးသည်။
ထိုသည်က ရွာကိုချစ်ခင်သည့်စိတ်နှင့်
ဘွားမယ်စိန်အပေါ်ရိုသေ လေးစားကြသည့်အချက်ပင်
ဖြစ်ပေသည်။

ဒေါ်ဝင်းပြင်ဆင်ပေးသော ထမင်းဝိုင်း၌
ဘွားမယ်စိန်၊ဒေါ်ဝင်း၊နန်းကြိုင်နဲ့မောင်တိုးတို့နှစ်ယောက်
အတူလက်စုံစားကြတော့သည်။
ဘွားမယ်စိန်ကိုစားဦးစားဖျားများ ဦးချထည့်ပေး
ပြီးသည်နှင့်ဒေါ်ဝင်းကိုလည်းထည့်ပေးကြသည်။
ပြီးနောက်တော့သူတို့နှစ်ယောက်ထုံးစံအတိုင်း
ကြိုက်ပြီဆိုလျှင်အဝစားကြတော့သည်။
မောင်တိုးတို့အကြောင်းသိသောဒေါ်ဝင်းကလည်း
ထမင်းကိုအိုးအပြည့်ချက်ထားရှာသည်။

ထမင်းစားသောက်ပြီးချိန်၌
ကွပ်ပျစ်ခင်းတွင်ရေနွေးကြမ်းလေးနဲ့ထန်းလျက်ခဲလေးကို
အချိုပွဲအနေဖြင့် စားကြပြန်သည်။
ထိုအချိန်တွင်…

“ဘွား”

“ဟေ…”

“ဟိုလေ…ကျုပ်သိချင်တာလေးတစ်ခုရှိနေလို့ပါဗျ…”

“မောင်ရင်ကဘာများသိချင်တာလဲ…ပြော​လေ ဘွားကို”.

မောင်တိုးက စကားစလေတော့
ဘွားမယ်စိန်ကပြောလိုက်သည်။
ကျန်သူများရဲ့အသံများလည်းတိတ်ဆိတ်သွားတော့၏။

“ဒီလိုပါဗျ…အရင်တစ်ခေါက် မြို့က
လူနာကိုကျုပ်တို့သွားကြည့်တော့လေ…”

“အေး…ဟုတ်ပြီ…အဲ့တာကဘာဖြစ်လို့လဲ”

“ဘွားပြောတယ်လေ…ကျိန်စာမိရင်ကုမရဘူးဆိုတာ
အဲ့တာကိုကျုပ်နားမရှင်းလို့ပါဗျ…တကယ်ပဲ
ကျိန်စာမိရင် ကုမရတော့ဘူးလား”

မောင်တိုး၏အမေးကိုမဖြေခင်ရေနွေးခွက်ထဲရှိ
ကျန်နေသေးသောရေနွေးကိုအရင်မော့သောက်လိုက်သည်။
ပြီးလေမှ…

“ကျိန်စာဆိုတာကအရမ်းကြောက်ဖို့ကောင်းတဲ့အရာကွဲ့…
ကျိန်စာတိုက်တဲ့သူတွေကလည်း သူတို့ဘဝကိုဖျက်စီးတဲ့သူတွေကြောင့် မျက်ရည်ပေါက်ကြီးငယ်ခံစားခဲ့ရသူတွေပဲ…
အရမ်းခံစားခဲ့ကြရလို့သာ ကျိန်စာတိုက်ကြတာ…
ကျိန်စာဆိုတာ ဒီတိုင်းနေရင်းထိုင်ရင်းစကားများရန်ဖြစ်ကြရုံနဲ့
တိုက်တိုင်းထိတဲ့အရာမဟုတ်ဘူးလေ…
ဘဝနဲ့ရင်းပြီးနစ်နာခဲ့ရသူတွေတိုက်တဲ့
ကျ်ိန်စာကအရမ်းထိရောက်တာ…
အချိန်ကာလ နှေးတာ..မြန်တာပဲကွာခြားလိမ့်မယ်
အဲ့သည်ကျိန်စာကတကယ်အသက်ဝင်တယ်…”

“ကြောက်စရာကြီးပါလားဗျာ…”

“ကြောက်စရာပေါ့ကွယ်…ဝဋ်နာနဲ့ကံနာတဲ့လေ…
ဝဋ်နာဆိုတာ အတိတ်ဘဝကရော အခုပစ္စုပ္ပန်မှာရော
ကိုယ်လုပ်တဲ့ကောင်းမှုမကောင်းမှုကိုတန်ပြန်ခံစားရတယ်။
အင်း…ကံနာကျတော့ ပဲလှော်အစားများရင်
ဗိုက်လေပွတာဖြစ်တယ်…ရှင်းရှင်းပြောရင်ကံနာဆိုတာ
ကိုယ်လုပ်လို့ဖြစ်ရတဲ့ရောဂါ…
ဒါက ဆေးကုသခံလို့ရပါသေးတယ်။
ဒါပေမယ့်ဝဋ်နာကျပြန်တော့ ကုလို့မရဘူးကွဲ့…
ဝဋ်ကြွေးပြုခဲ့ရင်တော့ပြန်ကိုပေးဆပ်ရမှာပဲလေ”

ဘွားမယ်စိန်စကားကိုနားထောင်နေသော
မောင်တိုးတို့မှာလည်း
ခေါင်းလေးတညိတ်ညိတ်ဖြင့် သံဝေဂ ရနေကြသည်။

“ပြီးတော့ မောင်ရင်တို့အားလုံးကို ဒီကျိန်စာနဲ့ပတ်သတ်ပြီး
ဘွားတွေ့မြင်ဖူးတဲ့အကြောင်းလေးတစ်ခုကိုပြောပြပါဦးမယ်”

အားလုံးက ဘွားမယ်စိန်ပြောမည်အကြောင်းကို
စိတ်ဝင်စားသွားကြသည်။
ဘွားမယ်စိန်မှ…

“ဘွားငယ်ငယ်ကပေါ့ကွယ်…ဘွားတို့ရွာမှာ…
အင်းသူကြီး ဦးဖိုးလူ ဆိုတာရှိတယ်ကွဲ့…
လူချမ်းသာကြီးပေါ့…
ချမ်းသာတာမှသူ့မိန်းမနဲ့သူ့သမီးကိုယ်မှာ
ရွှေတွေညွှတ်နေရုံမကဘူး…
သေတ္တာတွေထဲမှာလည်း ရွှေတွေ…ငွေတွေအပြည့်ပဲလို့…
တွေ့ဖူးသူတွေကပြောကြတယ်လေ”

**************************

“ကိုဖိုးလူ…”

“ပြောလေ…ငါနားထောင်နေတယ်…”

“ဟို…ဟိုလေ…”

“ဘာလဲ…မင်းရဲ့မောင်ပိုင်တဲ့အင်းကို
မယူဖို့ပြောမလို့မဟုတ်လား”

“ဟုတ်…ဟုတ်ပါတယ်…
ကျုပ်တို့မှာလည်း လက်ညိုးထိုးမလွှဲ
အင်းတွေပိုင်နေတာပဲလေတော်…
သူ့အင်းလေးကိုတော့ တော်ပြန်ပေးလိုက်ပါနော်…”

“ဟ…ငါအခုလိုရှာဖွေနေတာငါတစ်ယောက်ထဲစားသလား…
မင်းတို့လည်းစားကြတာမဟုတ်ဘူးလားကွ…ဟမ်…
ငွေအလကားမရဘူးဟ…ငွေချေးတုန်းကချေးပြီး
ပြန်မဆပ်လို့ငါသူ့အင်းကိုသိမ်းတာလေ…
ဒါငါ့အမှားလားကွ”

“ကိုဖိုးလူရယ်…”

“တော်လိုက်တော့…မင်းတော်လိုက်တာပဲကောင်းမယ်”

ကိုဖိုးလူမိန်းမခမြာ မပြောသာတော့ပေ။
ကိုဖိုးလူ၏ဒေါသကိုကြောက်၍ နှုတ်ဆိတ်သွားခဲ့ရသည်။

“ဗျို့…အင်းသူကြီး…အလုပ်သမားတွေကို
လုပ်အားခရှင်းတာ ဒီတစ်ခေါက်ငွေလျော့နေတယ်ဗျ…”

“ဟ…သူတို့လုပ်တဲ့အင်းက
ထင်သလောက်ငါးမရဘူးလေကွာ…
ဒီတော့သူတို့လုပ်အားခကိုလည်းလျော့ပေးရမှာပေါ့ကွ”

“ဟာဗျာ…ငါးမရတာသူတို့အမှားမှမဟုတ်တာ
အင်းသူကြီးရာ…”

“တော်…တော်…သွား…ငါပေးတာကိုကြိုက်ရင်ယူ…
မကြိုက်ရင်မယူနဲ့…ငါဒါပဲပြောမယ်”

အင်းသူကြီးဦးဖိုးလူ၏
စကား​ကြောင့်အလုပ်သမားများဒေါသထွက်သွားကြသည်။
သို့သော်ရမည့်ငွေလေးကိုပါ မဆုံးချင်၍
ဒေါသကိုအောင့်အီးထားကြရရှာသည်။

“ဟေ့…ဦးဘိုအေး…ဦးဘိုအေးရှိလား”

အိမ်အပြင်မှအော်ခေါ်သံကြောင့်
ဦးဘိုအေးနဲ့သမီးဖြစ်သူတို့အိမ်ရှေ့ထွက်လာကြသည်။

“အင်းသူကြီးတို့ပါလား…
အိမ်ထဲကိုကြွပါခင်ဗျ…ကြွကြပါ…”

အင်းသူကြီးဦးဖိုးလူနဲ့သူ၏တပည့်နှစ်ယောက်အပြင်
ဦးဖိုးလူ၏ဧည့်သည်တစ်ယောက်ပါ ပါရှိသည်။
ဦးဘိုအေး၏အိမ်ကို ဟိုသည်လျှောက်ကြည့်ကြရင်း
ဖျာကြမ်းပေါ်၌ အားလုံးဝင်ထိုင်ကြသည်။

“ဘယ်လိုလဲ…ဦးပေါက်…
ကျုပ်ပြောတဲ့စျေးနဲ့ယူမှာလား”

“အင်းသူကြီးပြောတဲ့စျေးအတိုင်းပဲ
ကျုပ်ပေးမှာပါ…ဒီအိမ်နဲ့ဒီခြံဝိုင်းကို ကျုပ်လည်း
သဘောကျလို့အဆင်လည်းပြေပါတယ်ဗျာ”

ဦးဖိုးလူတို့ပြောဆိုနေသည့်စကားများ
ကိုနားမလည်သောဦးဘိုအေးမှ…

“အင်းသူကြီး…ဒီလူနဲ့ပြောတာက
ဘာအကြောင်းတွေတုန်းဗျ…
နောက်ပြီးကျုပ်အိမ်ကိုဘာလို့ဟိုကြည့်…
ဒီကြည့်လုပ်နေကြရတာလဲ”

“ဒီလိုရှိတယ်ဦးဘိုအေးရဲ့…
ခင်ဗျားကျုပ်ဆီကနေ ငွေချေးထားတယ်မဟုတ်လား
အဲ့သည်ချေးတုန်းကလည်း
ဒီအိမ်ကိုအပေါင်ထားတယ်လေဗျာ…
အခု ခင်ဗျားလည်းငွေမဆပ်နိုင်တာအတော်ကြာပြီဆိုတော့…
ကျုပ်ထပ်ပြီးမစောင့်နိုင်တော့ဘူး။
ဒါကြောင့်ခင်ဗျားအိမ်ကို ကျုပ်သိမ်းလိုက်ပြီလေ…။
နောက်ပြီး…ဟောသည်ကလူကလည်း
အခြားလူမဟုတ်ဘူး…
သူကဒီအိမ်ကို ဝယ်ဖို့လိုက်လာတာ ဦးဘိုအေးရဲ့”

“ခင်ဗျာ…အင်းသူကြီး…မလုပ်ပါနဲ့ဗျာ…
ခင်ဗျားဒီအိမ်ကိုသိမ်းတော့ကျုပ်တို့သားအဖက
ဘယ်ကိုသွားနေရမှာတုန်းဗျ…
မလုပ်ပါနဲ့အင်းသူကြီးရယ်…ကျုပ်တောင်းပန်ပါတယ်ဗျာ”

ဦးဘိုအေးသည် တုန်ရီသောအသံဖြင့်
အင်းသူကြီးဦးဖိုးလူကိုတောင်းပန်ရှာသည်။
သမီးဖြစ်သူကလည်း အင်းသူကြီးဦးဖိုးလူရှေ့၌
ဒူးထောက်တော့မတတ်ဖြစ်နေသော ဖခင်ဖြစ်သူ၏
လက်ကိုတွဲကူထားရှာသည်။

“ဒါကတော့…ခင်ဗျားတဲ့အပိုင်းလေဗျာ…
ကျုပ်ငွေကိုမဆပ်လို့ ကျုပ်သိမ်းတာ…
ဒီ့အတွက်ဘယ်မျက်နှာမှလည်းကျုပ်ထောက်ထားစရာမရှိဘူး
ဦးဘိုအေး”

“အဲ့သည်လိုတော့မပြောပါနဲ့အင်းသူကြီးရယ်…
ကျုပ်ကိုအချိန်လေးပေးပါဗျာ…
ကျုပ်ခင်ဗျားငွေကိုရအောင်ပြန်ဆပ်မှာပါ…”

“နောက်ကျသွားပြီ ဦးဘိုအေး…
မနက်ဖြန်မှခင်ဗျားတို့သားအဖ ဒီအိမ်ကမထွက်လို့ရှိရင်
ကျုပ်လက်ချက်နဲ့ ခင်ဗျားတို့
အသက်ထွက်ရလိမ့်မယ်ဆိုတာမမေ့ပါနဲ့…”

အင်းသူကြီးဦးဖိုးလူ၏စကားကြောင့် ဦးဘိုအေး
မြေပေါ်ဖင်ထိုင်ချကာ ဝမ်းနည်းပတ်လက်ငိုကြွေးတော့သည်။
သမီးဖြစ်သူလည်းဖခင်ဘေး၌ထိုင်၍ ငိုနေရှာသည်။
သူတို့သားအဖနှစ်ယောက်ကို ကျောပေး၍
အင်းသူကြီးတို့ပြန်သွားကြတော့သည်။

****************************

နောက်တစ်နေ့နံနက်၌…

“ဟဲ့…ဦးဘိုအေးနဲ့သူ့သမီးလှလှ ဆုံးပြီတဲ့”

“ဟယ်…ဘယ်လိုဖြစ်ရတာတုန်း”

“အမယ်လေးအဖြစ်ကတော့ စိတ်မကောင်းစရာပဲအေ…
ဥိးဘိုအေးတို့သားအဖက အင်းထဲခုန်ချပြီး
အဆုံးစီရင်သွားကြတာတဲ့လေ”

“အမယ်လေး…ဘာများဖြစ်လို့ အခုလိုလုပ်ရတာလဲ”

“မနေ့က အင်းသူကြီးဦးဖိုးလူ သူတို့အိမ်လာသွားတယ်တဲ့လေ…အခုလိုဖြစ်ရတာ အင်းသူကြီးဦးဖိုးလူနဲ့ပတ်သတ်လောက်တယ်”

“အင်းသူကြီးဦးဖိုးလူဆီက ငွေချေးထားတာတွေကို
မဆပ်နိုင်လို့အိမ်အသိမ်းခံ​လိုက်ရတယ်တဲ့…
ငါကတော့…ဦးဘိုအေးတို့သားအဖကိုပဲ
သနားမိပါတယ်ဟယ်”

“အေးလေ…ဒီအင်းသူကြီးကအတော်ကို
ဆိုးဝါးတာပဲဟယ်”

“အမယ်လေး…သူ့အကြောင်းတော့မပြောပါနဲ့တော့
သူက သူများမျက်ရည်ကို စားမှဝမ်းဝတဲ့လူလေ…
ဒင်းနဲ့ငါတို့က မကင်းကွာနိုင်ကြတော့
ဘယ်နေ့ဦးဘိုအေးတို့လိုပဲအဆုံးသတ်ကြရမလဲဆိုတာ တွေးတွေးပြီးပူပန်နေရတယ်အေ”

****************************

“ဟေ့…ထမင်းဝိုင်းကဟင်းကဒါပဲလား”

“အယ်တော်…ဒီမှာအတော်စုံနေတာကို
ရှင်ကဘာစားချင်သေးလို့လဲ ကိုဖိုးလူရယ်”

အင်းသူကြီးဦးဖိုးလူစားပွဲအထက်၌
ဟင်းပွဲများစုံလင်နေသော်လည်း
ထမင်းက စားမကောင်းဖြစ်နေသည်။

“တော်ပြီ…ငါမစားချင်တော့ဘူး”

ဟုပြောပြီးထမင်းဝိုင်းမှ ထ ထွက်သွားလေတော့
ဇနီးသည်နဲ့သမီးဖြစ်သူတို့မှာ အံ့သြနေကြသည်။

“အမေ…အဖေကြိုက်တာတွေကြီးပဲ
ချက်ပေးထားတာမဟုတ်ဖူးလား”

“အေးဟယ်…ဒါကို ညည်းအဖေ
ဘာဖြစ်သွားတယ် မသိပါဘူး”

ထို့နောက်ပိုင်းဦးဖိုးလူထမင်းစားမဝင်တော့…။
ကောင်းနိုးရာရာများကို ချက်ပြုတ်ကျွေးပါသော်လည်း
ချက်ပြုတ်ပေးရသူသာ မော၍ ဦးဖိုးလူကတော့
စားမဝင်ပေ။
ဒီလိုဖြင့် တစ်ရက်၌…

“အမေ…အမေ…….”

“ဟဲ့…သမီးဘာဖြစ်တာလဲ”

“အဖေလေ…အဖေ……..”

“နင့်အဖေဘာဖြစ်လို့တုန်း”

“အဖေလေ….တောင်းတဲ့ကျန်တဲ့ငါးအပုပ်တွေကို
ထိုင်စားနေတာကျုပ်တွေ့ခဲ့တယ်အမေ”

“ဟင်…ငါးအပုပ်တွေ…….”

ဦးဖိုးလူမိန်းမနဲ့သမီးဖြစ်သူလည်း
ဦးဖိုးလူကိုချောင်းမြောင်းကြည့်လေတော့
အမှန်ပင် ဦးဖိုးလူတစ်​ယောက်ငါးအပုပ်များကို
အားရဝမ်းသာ စားသောက်နေသည်ကိုတွေ့လိုက်ရသည်။
အဲ့သည်နောက်ရက်များလည်း ထမင်းဟင်းကိုမစားသော
ဦးဖိုးလူသည် လူအလစ်၌ ငါးအပုပ်များကိုခိုးခိုးစားလေသည်။

“ကိုဖိုးလူ….”

“ဟေ…”

“တော့်ကိုကျုပ်မေးစရာရှိတယ်…”

“ဘာမေးမှာလဲပြောလေ”

“တော်…ကျုပ်ပြင်ပေးတဲ့ထမင်းနဲ့ဟင်းကျ ထိကိုမထိဘူးနော်”

“ဒါ…ငါစားလို့မကောင်းလို့ပါဟာ”

“ဒါဆိုရင်…ဟိုငါးအပုပ်တွေကိုကျတော့
အတော်ခံတွင်းတွေ့နေတယ်ပေါ့လေ”

“ဟင်…”

“မဟင်နဲ့…ကိုဖိုးလူ..ကျုပ်တို့သားအမိအကုန်တွေ့ပြီးပြီ…
ရှင် လူမှဟုတ်သေးရဲ့လား ကိုဖိုးလူရယ်”

ဟု…မေးလေတော့ ဦးဖိုးလူမျက်ရည်များကျလာပြီး…

“ငါဘာဖြစ်နေတယ်မသိပါဘူးမိန်းမရယ်…
မင်းချက်ကျွေးတာမှန်သမျှကလည်း
ငါ့အတွက် ဝါဂွမ်းတွေကိုဝါးနေရသလိုဘာအရသာမှရှိမနေဘူး။
ဒါပေမယ့်ငါးအပုပ်တွေကိုမြင်ပြန်တော့
စားချင်စိတ်ကထိန်းမနိုင်သိမ်းမရဖြစ်မိတယ်မိန်းမရယ်…
နောက်ပြီး…ဒီအကြောင်းကိုလည်း
မင်းတို့သားအမိကိုပေးသိရမှာ
ငါတကယ် မဝံ့မရဲဖြစ်နေမိတာပါကွာ”

“ကိုဖိုးလူရယ်…တော့်အဖြစ်ကလည်းတော်…..”

ဦးဖိုးလူတို့မိသားစု ငိုကြွေးနေကြတော့သည်။
ထိုသို့ဖြင့်ဦးဖိုးလူအတွက် ဆေးဆရာများရှာကာ
ကုသဖို့နည်းလမ်းရှာကြသည်။
သို့သော်မည်သည့်ဆေးဆရာကမှ
ဦးဖိုးလူ၏ အဖြစ်ကို ကုသပေးဖို့နည်းလမ်းမသိကြ။

******************************

“အဲ့သည်လိုနဲ့ အင်းသူကြီးဦးဖိုးလူတစ်​ယောက်
လူတွေနဲ့မတွေ့ရဲဖြစ်ပြီး
သေတဲ့ထိသူ့အိမ်ထဲမှာပဲနေသွားရရှာတယ်”

“သူ…ငါးအပုပ်တွေစားတာဘာကြောင့်လဲဘွား”

“ဘာကြောင့်လဲဆိုတော့…ကျိန်စာပေါ့ကွယ်…
သူတစ်ပါးမကြည်ဖြူတာယူ…
သူတစ်ပါးကိုမျက်ရည်ကြီးငယ်ကျအောင်
ကိုယ်ကျိုးအတွက် လောဘဇောတိုက်မိတဲ့အကျိုးပေါ့…”

“ဒါဆိုရင်သူသေတဲ့အထိကျိန်စာက ပြယ်မသွားဘူးပေါ့”

“ကျိန်စာဆိုတာ ကျိန်တဲ့သူက ဖြေမှပြယ်တာ…
ဒါပေမယ့် ကျိန်တဲ့သူကဖြေပေးရင်တောင်…
သူ့ဝဋ်ကြွေးပါသလောက် ….ပေးဆပ်ရသေးတယ်ကွဲ့”

“အတော်ကြောက်စရာကောင်းတာပဲဗျာ…”

ဘွားမယ်စိန်ပြောသော ငါးအပုပ်တွေစားသော
အင်းသူကြီးဦးဖိုးလူ၏ အကြောင်းလေးကိုနားထောင်ရင်း
မောင်တိုးတို့လည်း ကျိန်စာ၏သဘောကိုသိရှိသွားပြတော့၏။

ပြီးပါပြီ။
(စာဖတ်သူတို့လည်းသိလောက်မယ်ထင်ပါရဲ့)

ယဥ်မင်း(ကန့်ဘလူ)