ပရလောကသားများကိုမြင်နိုင်သူ

တွင်လူတစ်ယောက်ကိုတွေ့လိုက်ရသည်။
ထိုလူသည်အခြားလူမဟုတ်။

လွန်ခဲ့သောရက်သတ္တပတ်ခန့်က ဆုံးသွားခဲ့သည့် ဦးခင်ရီဖြစ်လေသည်။
ဦးခင်ရီတွင်အင်္ကျီမပါသလို အောက်ပိုင်းတွင်ဝတ်ထားသည့်ပုဆိုးကလည်း စုတ်ပြတ်လျက်ရှိနေသည်။
၎င်းကိုတွေ့ရတော့ သူမက
“ဟင် ဦးလေးခင်ရီ။ဘာကိစ္စလဲရှင့်”
ယင်းသို့မေးတော့ ဦးခင်ရီက
“ဦးလေး စားရမဲ့ သောက်ရမဲ့ဖြစ်နေတယ်။

ပြီးတော့ ဝတ်စရာကလည်း မရှိဘူး။ဒါကြောင့်မို့ ဦးမိန်းမကိုပြောပေးပါ။ဦးအတွက်ရည်စူးပြီး ရဟန်းသံဃာတွေကို ဆွမ်းနဲ့သင်္ကန်းကပ်ပေးပါလို့”
“ဟုတ် စိတ်ချပါ ဦး။သမီးပြောပေးပါမယ်”
ယင်းသို့ကတိပေးပြီးခိုက်မှာပင် မမျိုးမျိုး အိပ်ရာမှနိုးလာခဲ့သည်။
ပြီး လူတစ်ကိုယ်လုံးလည်းနုံးချိနေကာ နာရီကိုကြည့်လိုက်ပြန်ရာနေ့လည်ဆယ့်နှစ်နာရီပင်ကျော်နေလေပြီ။

ထို့နောက် အိပ်ခန်းထဲမှထွက်ကာ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ဦးခင်ရီတို့အိမ်သို့ထွက်လာခဲ့သည်။
၎င်း၏အိမ်သို့ရောက်တော့ ဇနီးဖြစ်သူ ဒေါ်သန်းဌေးကိုအခန့်သင့်တွေ့ရသည်။
ဒေါ်သန်းဌေးသည် မနေ့ကကောက်လာသည့်ရေသန့်ဘူးခွံ၊ပုလင်းခွံများကိုအသန့်စျေးဖြင့်ရောင်းနိုင်ရန် ဆေးကြောနေလေသည်။

မမျိုးမျိုးကိုမြင်တော့ ဒေါ်သန်းဌေးက
“ကလေးမ ဘာကိစ္စလဲ”
ယင်းသို့မေးတော့ မမျိုးမျိုးက သူမ မက်ခဲ့သည့်အိပ်မက်အကြောင်းကိုအကျဥ်းချုပ်ပြောပြလိုက်ပြီး
“အဲဒါပါပဲ။ဦးကြီးခင်ရီက သူ့အတွက် ဘုန်းကြီးတွေကို ဆွမ်းနဲ့သင်္ကန်းကပ်ပေးဖို့မှာလိုက်လို့လာပြောတာပါ”
“အေးအေး ငါလုပ်လိုက်မယ်”
ယင်းသို့တုံးတိပြောပြီး ဘူးခွံတွေသာဆက်လက်ဆေးကြောနေလေသည်။
မမျိုးမျိုးလည်း ပြန်လှည့်ထွက်လာခဲ့သည်။

နောက်ပိုင်းတွင်တော့ တကယ်ရော လုပ်ဖြစ်ရဲ့လားဆိုတာ သူမလည်းမသိရချေ။
+++++++++++++++++++++++++++++
မမျိုးမျိုး ဆယ့်ရှစ်နှစ်အရွယ်သို့ရောက်လာတော့ လူတစ်ယောက်ကို ခဏခဏအိပ်မက်မက်သည်။
ထိုလူသည်ရှပ်အင်္ကျီအဖြူလက်တိုကိုနှင့်တကွ ကွက်စိပ်ပုဆိုးကိုသေသေသပ်သပ်ဝတ်ဆင်ထားလေသည်။

ထိုလူကို အပြင်တွင်တစ်ခါမှမမြင်ဖူးချေ။
သို့သော် အိပ်မက်ထဲတွင်တော့ ခဏခဏမြင်တွေ့နေရသည်။
ဆိုရလျှင် တစ်ပတ်ကို နှစ်ကြိမ်သုံးကြိမ်အထိဖြစ်သည်။

သို့ဖြင့် နှစ်လခန့်ကြာလာခဲ့ပြီး တစ်နေ့တွင်တော့ မမျိုးမျိုးသည် ညီမဖြစ်သူကို ကျောင်းသို့လိုက်ပို့ရာ၌ ကျောင်းအဝင်ပေါက်နှင့်ခပ်လှမ်းလှမ်းရှိသစ်ပင်အောက်တွင် လူတစ်ယောက်က မတ်တတ်ရပ်၍
သူမအား စိုက်ကြည့်နေသည်ကိုသတိထားမိလိုက်သည်။
ထူးဆန်းသည်မှာ ထိုလူသည် သူမခဏခဏမက်နေသည့်အိပ်မက်ထဲမှလူဖြစ်နေသည်။

ထိုလူစိုက်ကြည့်နေသည်ကိုတွေ့တော့ သူမလည်း အိမ်သို့ခပ်သွက်သွက်ပြန်လာခဲ့တော့သည်။
နောက်တစ်နေ့တွင်လည်း ညီမကိုကျောင်းသို့လိုက်ပို့ရာ၌ ထိုလူကိုတွေ့ရပြန်သည်။
ထုံးစံအတိုင်း ထိုလူက သစ်ပင်အောက်တွင်သာရပ်ပြီး သူမကိုစိုက်ကြည့်နေပြန်လေသည်။

သို့ဖြင့်ကျောင်းပိတ်ရက်ရောက်တော့ မမျိုးမျိုးလည်း ရပ်ကွက်ထိပ်ရှိကုန်စုံဆိုင်သို့ထွက်လာခဲ့ရာ အနှီပုဂ္ဂိုလ်က ခပ်လှမ်းလှမ်းတွင်ရပ်ပြီး ကြည့်နေသည်ကိုတွေ့ရပြန်သည်။

ထိုအခါ မမျိုးမျိုးလည်း ကုန်စုံဆိုင်တွင် ဝယ်စရာရှိသည်များကို ခပ်မြန်မြန်ဝယ်ပြီး အိမ်သို့ပြန်လာခဲ့သည်။
ပြီး မမျိုးမျိုးသည် ထိုနေ့တစ်နေ့လုံး အိမ်အပြင်သို့မထွက်တော့ဘဲ အိပ်ခန်းထဲတွင်သာအောင်းနေမိတော့သည်။

သို့ဖြင့် ညနေစောင်းအချိန်သို့ရောက်တော့ အိပ်ခန်းပြတင်းပေါက်ကိုဖွင့်လိုက်ရာ ခြံပြင်ဘက်တွင်မတ်တတ်ရပ်၍ သူမ၏အိပ်ခန်းဘက်သို့ လှမ်းကြည့်နေသည့်ထိုလူကိုတွေ့လိုက်ရပြန်သည်မို့စိုရိမ်စိတ်တို့ဝင်လာလေတော့သည်။
“ဒုက္ခပါပဲ။တဖြည်းဖြည်းနဲ့နီးနီးလာပြီ”
ယင်းသို့ရေရွတ်ပြီး ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်မိသည်။
ရပ်ကွက်ထဲမှလူအချို့ကလည်း ထိုလူ၏အနားမှ ဖြတ်သွားဖြတ်လာလုပ်ကြသော်လည်း ၎င်းအားမြင်ကြဟန်မတူချေ။

မမျိုးမျိုး ပြတင်းပေါက်ကိုပြန်ပိတ်လိုက်သည်။
စိတ်ထဲတွင်လည်း သံဗုဒ္ဓေဂါထာကိုထပ်ခါတလဲလဲဖိရွတ်နေမိတော့သည်။
+++++++++++++++++++++
ည။မမျိုးမျိုးနှစ်ခြိုက်စွာအိပ်မောကျနေခိုက် သူမ၏ခြေရင်းတွင် တစ်စုံတစ်ယောက် ရောက်နေသည်ဟု မသိစိတ်တို့က အချက်ပြလျက်ရှိနေသောကြောင့် လှဲနေရာမှထ၍ကြည့်လိုက်ရာ သူမအား အစဥ်တစိုက်လိုက်လံကြည့်နေသည့်လူအား အိပ်ခန်းအနောက်ဒေါင့်တွင်
တွေ့လိုက်ရသည်မို့ ထိတ်လန့်သွားမိသည်။

ထို့နောက် အသံကုန်အော်ဟစ်ဖို့ကြိုးစားသော်လည်း အသံက ထွက်မလာချေ။
ယင်းအခိုက်မှာပင် ထိုလူသည် သူမဆီသို့တစ်လှမ်းချင်းလှမ်းလာပြီး ခြေထောက်အား ကိုင်မည်ပြုသည်။

ထိုစဥ် အိပ်ခန်းခေါင်းရင်းဘက်မှ ခပ်မာမာအသံထွက်ပေါ်လာသည်။
“ဟေ့ကောင် မင်းသွားတော့”
ထိုအသံထွက်ပေါ်လာသည်နှင့်တပြိုင်နက် ထိုလူလည်းလှစ်ခနဲပျောက်ကွယ်သွားတော့သည်။

ရုတ်ချည်းဆိုသလိုပင် မမျိုးမျိုးလည်းအိပ်ရာမှလန့်နိုးလာခဲ့သည်။
ပြီး ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်မိရာ နေရောင်ခြည်အချို့က ထရံပေါက်ကြားမှတိုးဝင်နေသည်ကိုတွေ့ရသည်မို့ မနက်ရောက်နေပြီမှန်းသိလိုက်ရသည်။
သို့သော် ချက်ချင်းမထသေးဘဲ စောစောကအိပ်မက်ကိုပြန်တွေးနေမိသည်။
ထိုလူသည် ယခင်ကအိပ်မက်ထဲခဏခဏမြင်ခဲ့ဖူးသလို နောက်ပိုင်း အပြင်တွင်လက်တွေ့မြင်ခဲ့ရသည်။

ပြီး သူမကိုသာ မျက်လုံးဒေါက်ထောက်ကြည့်နေလေပြီး ယခုမူ အိပ်မက်ထဲသို့ပြန်ရောက်လာကာ လူကိုပါ ထိဖို့ကြိုးစားတော့သည်။
အကယ်၍ အိပ်ခန်းခေါင်းရင်းဘက်မှ ပုဂ္ဂိုလ်ကသာမဟန့်တားခဲ့လျှင် အခြေအနေက မည်သို့ဖြစ်သွားမည်နည်း။
မမျိုးမျိုး မတွေးဝံ့တော့ပါ။

မည်သို့ပင်ဆိုစေ။ဒုက္ခရောက်ချိန်ဆိုလျှင် သူမအားကာကွယ်စောင့်ရှောက်ပေးသည့်ပုဂ္ဂိုလ်တွေလည်းရှိနေသည်ဆိုတာတော့ သူမ သေချာသိလိုက်ပါတော့သည်။
+++++++++++++++++
စစ်တပ်က အာဏာသိမ်းပြီးသည့်နောက် နိုင်ငံတကာ၏အရေးယူပိတ်ဆို့မှုတွေကြောင့် တစ်နိုင်ငံလုံးဆင်းရဲတွင်းပိုနက်ကြရတော့သည်။
အချို့ကလည်း စာဝတ်နေရေးမပြေလည်မှုဒဏ်ကိုမခံနိုင်တော့သည်မို့ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားကြသည်။

ထိုအထဲတွင် မမျိုးမျိုး၏သူငယ်ချင်း စိုးဝေလည်း ပါဝင်သည်။
စိုးဝေလည်း တံတားပေါ်မှခုန်ချကာ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။
၎င်းကွယ်လွန်ပြီး တစ်လခန့်အကြာ၌ မမျိုးမျိုးသည် အိပ်မက်တစ်ခုမက်လေသည်။

အိပ်မက်ထဲတွင် သူမသည် လမ်းဆုံတစ်နေရာသို့ရောက်နေလေသည်။
ထိုလမ်းဆုံမြေသားများသည် အနီရောင်ဖြစ်နေလေပြီး ရှေ့တည့်တည့်တွင် ရွာတစ်ရွာရှိနေလေသည်။

ရွာထဲမှအိမ်တွေကလည်း သစ်သားအိမ်တွေအများစုဖြစ်သလို၊ကျွဲ၊နွား၊တွေလည်း ခြံထဲမှ မြက်တွေကိုစားနေကြသည်ကိုမြင်ရသဖြင့်မမျိုးမျိုးလည်း မျက်မှောင်ကြုတ်ကာ စဥ်းစားနေမိသည်။

“ငါဘယ်ရောက်နေပါလိမ့်”
ယင်းသို့စဥ်းစားခိုက်တွင် အနောက်မှ ‘တကျွီကျွီ’မြည်သံကြောင့် လှည့်ကြည့်လိုက်ရာ အဖိုးအိုတစ်ဦး လှည်းမောင်းလာနေသည်ကိုတွေ့ရသည်။
အနားသို့ရောက်တော့ ထိုအဖိုးအိုကလှည်းကိုရပ်ပြီးမေးသည်။
“ဟဲ့ ကလေးမ နင်ဘယ်ကလာတာလဲ”
“သမီးရန်ကုန်မှာနေတာ။ဒီကိုဘယ်လိုလုပ်ရောက်လာတာမှန်းမသိဘူး”
“ဒီနေရာက နင်နေရမယ့်နေရာမဟုတ်ဘူး။ပြန်တော့”
“ဒါကဘယ်နေရာလဲ အဖိုး”
“ဒါအသူရကာယ်ဘုံ၊နင်မြန်မြန်ပြန်တော့”
ပြောပြီး အဖိုးအိုက လှည်းကိုဆက်မောင်းသွားသည်။

မမျိုးမျိုးလည်း အိမ်ကိုမည်သို့ပြန်ရမည်မှန်းမသိသဖြင့် ရွာထဲသို့ဝင်လာခဲ့သည်။
သို့ဖြင့် အိမ်တစ်အိမ်ရှေ့သို့အရောက်တွင် ကွပ်ပျစ်ပေါ်၌အိပ်ပျော်နေသည့် စိုးဝေကိုတွေ့ရသည်။

စိုးဝေ၏ပုံစံမှာ နေမကောင်းသည့်ပုံပေါက်နေလေသည်။
မည်သို့ပင်ဆိုစေ။သူငယ်ချင်းတစ်ယောက်ကိုပြန်တွေ့လိုက်ရသည်မို့မမျိုးမျိုးလည်း
ဝမ်းသာသွားပြီး၎င်းဆီသို့ ခပ်သုတ်သုတ်လျှောက်ကာအတင်းလှုပ်နှိုးလေသည်။
“ဟဲ့ စိုးဝေ ထထ ငါတို့အိမ်ပြန်ကြမယ်။နင့်အမေမျှော်နေပြီ”
ယင်းသို့ဆိုပြီး စိုးဝေကိုတွဲခေါ်မည်ပြုစဥ် အိမ်ထဲမှလူကြီးတစ်ယောက်ထွက်လာသည်။

ထိုလူကြီးသည်အသက်ငါးဆယ်ခန့်ရှိကာ သျှောင်ထုံးနှင့်ဖြစ်လေသည်။
ထိုလူကြီးက
“သူ့ကိုပြန်ခေါ်လို့မရဘူး။ထားခဲ့”
ယင်းသို့ပြောတော့ မမျိုးမျိုးက
“သူ့အမေ သူမရှိလို့ နေ့တိုင်းငိုနေတာ။သူသာပြန်ရောက်ရင်ဝမ်းသာမှာဦးကြီး”
“ညည်းပဲပြန်လို့ရမယ်။သူပြန်လို့မရဘူး”
မမျိုးမျိုး စိတ်မရှည်ချင်တော့ပေ။

ထို့နောက် စိုးဝေကိုပွေ့ချီဖို့ကြိုးစားသည်။
သို့သော် စိုးဝေ၏ခန္ဓာကိုယ်သည် ဧရာမကျောက်တုံးကြီးတစ်တုံးကဲ့သို့လေးလံလွန်းလှသည်။

သူမလည်း အားစိုက်ပြီး မ ပေမင့်အချည်းနှီးပင်ဖြစ်သည်။
နောက်ဆုံးတွင်တော့ သူမသည် အခက်အခဲတစ်ခုကြုံတိုင်း ဘုရားစာရွတ်တတ်သည့်အလေ့အထရှိသည့်အလျောက် ဘုရားစာကို ရွတ်လိုက်မိသည်။
ယင်းသို့ရွတ်လိုက်မိသည်နှင့်တပြိုင်နက်
ချက်ချင်းဆိုသလိုပင် အိပ်မက်မှလန့်နိုးခဲ့သည်။
ပြီး လူလည်း မောဟိုက်ကာ နုံးချိလျက်ရှိနေသည်။

နာရီကိုကြည့်လိုက်တော့ လေးနာရီထိုးနေချေပြီ။
နံနက်လေးနာရီလားဟုသူမ တွေးမိပေမင့် အိမ်အပြင်မှ လူတွေလှုပ်ရှားသွားလာသံတို့ကြောင့် ပြတင်းပေါက်ကိုဖွင့်ကြည့်မိရာ ညနေလေးနာရီဆိုတာမှန်းသိလိုက်ရတော့သည်။

တကယ်တော့ သူမညကအိပ်ရာဝင်ခဲ့သည်မှာ ကိုးနာရီခန့်ကဖြစ်သည်။
အသူရကာယ်ဘုံကိုအိပ်မက်မက်ခဲ့သည်မှာက မိနစ်အနည်းငယ်မျှသာဖြစ်သည်။
ယခုမူညနေလေးနာရီထိုးမှနိုးထလာခဲ့သည်။

သို့ဆိုလျှင် အသူရကာယ်ဘုံ၏ခဏတာအချိန်သည် လူတို့၏နာရီပေါင်းများစွာအချိန်နှင့်ကိုက်ညီနေသည်ဟုဆိုရတော့မလောက်ဖြစ်နေလေတော့သည်။
+++++++++++++++++++++++++
စာပေချစ်သူတစ်ယောက်မှ သူမ၏အဖြစ်အပျက်များကိုcbမှတစ်ဆင့်(လိုအပ်လျှင်ကျွန်တော်ကိုယ်တိုင်ကဖုန်းဆက်၍မေးခဲ့သည်။)ပြောပြရာ၌ ကျွန်တော်လည်း မျိုးစုံအောင်စဥ်းစားမိသည်။

လူတစ်ယောက်သည် အိပ်မက်မက်ရာ၌ ကိုယ်မရောက်ဖူးသောနေရာဒေသတွေကိုမြင်မက်ရာမှာမဆန်းသော်လည်း သူမကကွယ်လွန်ပြီးသောလူတို့၏အကူအညီတောင်းခံရမှု၊ပြင်ပတွင်တွေ့ရမည့်လူ(လူကိုကိုယ်ထိလက်ရောက်ကျူးလွန်ဖို့ကြိုးစားသည်ဆိုတော့ မကောင်းသောပုဂ္ဂိုလ်ဟုသာဆိုချင်ပါသည်။)ကိုကြိုတင်ကာခဏခဏအိပ်မက်မက်ခြင်း၊အသူရကာယ်ဘုံသို့ရောက်သွာခဲ့ရခြင်းတို့မှာမူဆန်းကြယ်လွန်းလှသည်။

စင်စစ်သော်အသူရကာယ်ဘုံသို့ရောက်ရသူတို့မှာ ကွယ်လွန်ပြီးမှသော်လည်ကောင်း၊သတိလစ်မေ့မြောရှာမှလည်းကောင်းရောက်တတ်ကြပေမင့် သူမကမူ အိပ်မက်နှင့်ပင်ရောက်သွားတတ်သည်။
အဘယ်ကြောင့်နည်း။

ယင်းအဖြစ်နှင့်ပတ်သက်ပြီး အဘတစ်ယောက်ကိုမေးကြည့်ရာ ထိုသူ၏လက္ခဏာသည်ဂမ္ဘီရကြက်ခြေခတ်
ကြောင့်ထူးဆန်းသောအိပ်မက်ကိုနြင်မက်ရသည်ဟုဆိုသည်။
သို့သော် ကာယကံရှင် အမျိုးသမီးမှာမူ ဂမ္ဘီရကြက်ခြေခတ်မပါသလို၊အချို့သောအချက်အလက်တွေနှင့်လည်းလွဲလျက်ရှိနေပါသည်။
နောက်ဆုံးတွင်တော့ ဗေဒင်လက္ခဏာ၊ပါဠိကျမ်းဂန်တို့ကိုနှံ့စပ်သည့်လူပျံတော်ပုဂ္ဂိုလ်ကိုမေးကြည့်ရာ၌ အောက်ပါအတိုင်းဖြေကြားသည်။

“ဒါဟာမွေးရာပါအစွမ်းသတ္တိတစ်ခုပါပဲ။သရဲတစ္ဆေတွေကိုမြင်ရတာမျိုး၊ကွယ်လွန်ပြီးသားလူကိုအိပ်မက်ထဲမှာတွေ့ပြီး ထိုလူကကုသိုလ်ပြု အမျှဝေပေးဖို့အကူအညီအတောင်းခံရတာမျိုး၊အိပ်ပျော်ရင်းနဲ့အသူရကာယ်ဘုံကိုရောက်သွားတာမျိုးဟာ တော်ရုံလူတွေမဖြစ်နိုင်တဲ့ကိစ္စတွေပါ။ဘာကျင့်ကြံအားထုတ်မှုမှမရှိဘူး၊ဘယ်သူ့ဆီကမှ ပညာအမွေမယူခဲ့ဘူးပဲနဲ့ ဒါမျိုးတွေဖြစ်တယ်ဆိုတာ မွေးရာပါအစွမ်းသတ္တိပဲပေါ့။ဒီထက်ပြောစရာမရှိတော့ပါဘူး”ဟုတုံ့ပြန်ဖြေကြားပါသည်။

ကိုင်း စာဖတ်ပရိသတ်တို့ကရော မည်သို့ယူဆပါသနည်း။
စာကြွင်း။ ။မွေးရာပါအစွမ်းသတ္တိကြောင့်မဟုတ်ဘဲ ဆရာတစ်ယောက်၏အမွေပေးမှုကြောင့်
ပရလောကသားများကိုမြင်တွေ့ရခြင်း။၎င်းတို့၏အကူအညီတောင်းခံရမှုကိုခံရခြင်းစသည့်အဖြစ်အပျက်တွေကိုကြုံရသည့်အမျိုးသမီးတစ်ယောက်အကြောင်းကိုယခင်ကရေးခဲ့ဖူးပါသည်။မဖတ်ရသေးသူများအတွက် ကွန်မန့်တွင် လင့်ခ်ချပေးထားပါမည်။

အားလုံးအေးချမ်းပါစေ…။
ဆရာဆွေ(တောင်တွင်း)
ဖြစ်ရပ်မှန်/သံဝေဂနှင့်ပရလောကဝတ္ထုတွေဖတ်လိုသူများ ကျွန်တော့်pageကို like follow လုပ်ထားကြပါအုံးဗျ။