အမှောင်ထဲကသေမင်းခေါသံ

ပြောမပြနိုင်၊ မျက်လုံးပြူး
လိုက် မျက်လုံးမှိတ်လိုက်နှင့် တအီးအီးအော်
ကာ ခန္ဓာကိုယ်ကို ညှစ်ရုန်းနေသည်။

လူကြီးမိဘများလည်း ဘာမှမလုပ်ပေးနိုင်။
ဦးကျော်ထွန်း၏သမီးအကြီး လှလှ အော်ဟစ်
ပြောဆိုမှုကြောင့် အိမ်နီးနားချင်းများ ကြားပြီး
ရောက်လာကြသည်။

“ဘယ်လိုဖြစ်တာလဲ လှလှ”

“ဘာရောဂါမှန်းကို မသိဘူး”

“အစာများ မှားလို့လား”

“သားက ဘာမှမစားရသေးပါဘူး
အိပ်ပျော်နေရာက ထမယ်အလုပ်
အခုလို ဖြစ်တာပဲ”

“ငယ်ငယ်က သူငယ်နာများ ဖြစ်ဖူးသေးလား”

“မဖြစ်ပါဘူး”

“ဒါဆို ဒီ…ဒီအတိုင်းကြည့်မနေနဲ့ ဆေးရုံဆေးခန်း
ပို့ကြပါလား”

လူကြီးတွေ၊ အမျိုးစုံ ဝေဖန်ပြောဆိုနေသော်လည်း
လူနာက မျက်ဖြူလန်နေပြီ။ အသံပင် သိပ်မထွက်နိုင်တော့။

“ဟဲ့ ကလေးကို ကြည့်ကြဦး…တော်တော်ပင်ပန်းနေပြီ
ဆေးရုံပို့ဖို့ ပြင်ကြတော့ ဘယ်သူမှ နားမလည်ဘဲ
လျှောက်လုပ်မနေနဲ့ ”

ဦးကျော်ထွန်း၏ ယောက္ခမကြီးက အော်လိုက်မှ
တစ်ယောက်တစ်ပေါက် ပြောနေသော လူများ
ဆေးရုံတင်ရန် ပြင်ဆင်ကြတော့သည်။ ထိုအချိန်
လူနာထံမှ ဘာအသံမှ ထွက်မလာတော့ အသက်ရှု
ကျပ်ပြီး မျက်ဖြူလန်နေပြီ။

“ဟဲ့ …ဟဲ့ …လုပ်ကြပါဦး”

“သား သား အမယ်လေး သားလေးကို မကယ်
နိုင်ကြတော့ဘူးလား”

“ဟီး ဟီး ဟီး”

ကောင်လေးမှာ တစ်ချက်၊ နှစ်ချက် ဆန့်ခနဲ
ဆန့်ခနဲ ဖြစ်ကာ အသက်ပါ တစ်ပါတည်း
ထွက်သွားတော့သည်။

“အမယ်လေး ဟီး ဟီး ဟီး အဖြစ်ဆိုးလှချည်လား
သားရဲ့”

“ဟီး ဟီး ဟီး”

ဦးကျော်ထွန်း ခေါင်းရင်းဘက်သွားထိုင်ပြီး စဉ်းစာနေသည်။
ညက သန်းခေါင်ယံမှာ လာအော်သော အသံရှင်ကြောင့်
သူ့သားသေဆုံးရတာလားဟု တွေးနေမိသည်။

“ဘယ်လို မချိမဆန့် သေရတယ်ဆိုတာ မင်းလက်တွေ့
တွေ့ရမယ်” ဟူ၍လည်း အသံရှင်က ပြောသွားသေးသည်

သူ၏သားမှာ ဖျားနာခြင်းလည်းမရှိ၊
အသက်ဆယ့်ငါးနှစ် သန်မာဖြတ်လတ်သည့်အရွယ်
ယခုကောက်ကာငင်ကာ မရှုနိုင် မခံနိုင်ဖြစ်ကာ
အသက်ပါ ပါသွားသည်။ သူ…ဘာများ အမှား
လုပ်မိလို့လဲ ဘာမှမလုပ်မိဟု ထင်သည်။

ညက ချောက်ချားဖွယ်အသံဆိုးကြီး ကြားရသည်။
ယခု တိုက်ဆိုင်စွာ မနက်ပိုင်း သားဖြစ်သူ
အသက်ရှုကျပ်ပြီး သေဆုံးသွားသည်။
ဦးကျော်ထွန်းတို့အိမ်တွင် ဒေါ်အေးမြင့်၏
မိခင်ကြီးအပါအဝင် မိသားစု ခုနှစ်ယောက်
ရှိသည်။ သားသမီးလေးယောက်ရှိသည်။

အကြီးဆုံးသမီး လှလှမြင့်က အသက်နှစ်ဆယ့်ငါး
အိမ်ထောင်မရှိသေး။ ယခု သေဆုံးသွားသော
သားနှင့် အကြီးမအကြား သားတစ်ယောက်ရှိသေးသည်။
အသက်က နှစ်ဆယ်ရှိ၍ အိမ်ထောင်နှင့် ဖြစ်သည်။
လက်ရှိ ရွာမှာမရှိ ၊ ဇနီးနေသော ရွာမှာနေသည်။
အငယ်ဆုံးက ယောင်္ကျားလေး၊ ဆယ့်တစ်နှစ်ရှိပြီ။

သားနှစ်ယောက်က ကျောင်းနေကြသည်။
ရွာမှာက မူလတန်းကျောင်းပဲ ရှိသည်။
အလယ်တန်းကျောင်းက သူတို့အစ်ကိုကြီး
နေသော ရွာမှာ ရှိသည်။ ထိုကျောင်းကို
စက်ဘီးနှင့် သွားတက်ကြသည်။

ရွာနှင့် နှစ်မိုင်ခန့်သာ ဝေးသည်။ ယခု
အဖြေရှာမရသော လူသေဆုံးမှုကြောင့်
ရောက်လာကြသော လူအများလည်း
တအံ့တသြ ဖြစ်နေကြ၍ ပြောမဆုံးနိုင်
ဖြစ်နေကြသည်။ ရောက်လာသူများက
နာရေးကိစ္စ ဝိုင်းဝန်းစီစဉ်နေကြသည်။

အိမ်ထောင်ကျနေသော သားထံကိုလည်း
အသိပေးပြောခိုင်းလိုက်သည်။ အသုဘကိစ္စက
ရက်လည်မြေချပြီးသည်အထိ အေးဆေးစွာ
ပြီးမြောက်ခဲ့သည်။ ထိုရက်ပိုင်းအတွင်း
ဦးကျော်ထွန်းတစ်ယောက် အမှောင်
ရောက်သည်နှင့် ထိတ်လန့်ဖွယ်အသံကြီး
ဘယ်အချိန် ပေါ်လာလေမည်လဲဟု
စိတ်တထင့်ထင့် ရှိနေသော်လည်း
ဘာမှထူးခြားမလာ။

အသံရှင် ကျေနပ်သွားပုံရသည်။
အသုဘရက် ပြီးဆုံးသွားသော်လည်း
အနီးအပါးရွာမှာ လာကြသော အသိမိတ်ဆွေများ
မပြန်ကြသေးဘဲ သုံးရက်ခန့် ဆက်နေကြသေးသည်
ညဘက်စကားထိုင်ပြောနေကြသဖြင့် တော်တော်နှင့်
မအိပ်ဖြစ်ကြ။ သုံးရက်အကျော်မှာတော့ အိမ်မှာ
မိသားစုအပြင် လူပို မရှိတော့။ ဦးကျော်ထွန်းနှင့်
ဒေါ်အေးမြင့်တို့လည်း မယုံနိုင်ဖွယ်ရာ
သေဆုံးခဲ့သော သားကို မျက်လုံးထဲမှာ
မြင်ယောင်နေသည်။

အိပ်ရာထဲဝင်ခဲ့ကြသော်လည်း စကားမပြောဖြစ်ကြပဲ
အတွေးမျိုးစုံတွေးရင်း အချိန်ကုန်မှန်းမသိ ကုန်သွားသည်
သန်းခေါင်ကြက်ပင် တွန်ခဲ့ပြီ၊ ဒေါ်အေးမြင့်ထံမှ
တခေါခေါ အသံ ထွက်လာသည်။ ဒေါ်အေးမြင့်
အိပ်ပျော်သွားပြီ။ ဦးကျော်ထွန်းလည်း မှေးခနဲ
တစ်ချက် ဖြစ်သွားသည်။

“ဟေ့ကောင်…ကျော်ထွန်း၊ မင်းသေရမယ်ကွ။
မကြာခင် မင်းသေရမယ့်ရက် ရောက်လာလိမ့်မယ်
မင်း…သေကိုသေရမယ် အသက်ရှုကျပ်ပြီး သေရတယ်
ဆိုတာ ဘယ်လိုအခံရခက်လဲ မင်းမြင်ရပြီ မဟုတ်လား၊
အဲ့ဒီလို ခံစားပြီး မင်း…သေရမယ်”

အသံဆိုးအသံကွဲကြီးဖြင့် အမှောင်ထဲက
အော်ပြောသံမှာအားကိုးအားထားမဲ့နေသည်။

အားပေးမည့်သူလည်းမရှိ ဖြစ်နေသည်

“သွား သွား သွား”

သူ့အသံကုန် အော်လိုက်သည်။

“ဟင် …အမယ်လေး …ဘာဖြစ်တာလဲ”

သူ၏ကျယ်လောင်သော အသံကြောင့် အနီးမှာ
ကပ်အိပ်နေသော ဒေါ်အေးမြင့် လန့်ပြီး နိုးလာသည်။

“ဘာ…ဘာမှမဟုတ်ပါဘူးကွာ
ပြန်ပြီး အိပ်လိုက်တော့”

ဒေါ်အေးမြင့်လည်း ဦးကျော်ထွန်းက ပြန်အိပ်ခိုင်းသဖြင့်
ပြန်အိပ်ပျော်သွားသည်။ ဦးကျော်ထွန်းလည်း အမှောင်
ထဲက အသံ ပြန်ကြားရဦးမလား စောင့်ရင်း
မကြာခင်မှာပင် အိပ်ပျော်သွားသည်။

XXXX

သားတစ်ယောက် အသက်သေဆုံးသွားပြီးနောက်
ဆယ်ရက်ကျော်၍ နှစ်ပတ်နီးပါး ရှိခဲ့ပြီဖြစ်သည်။
အရာရာတိုင်း အေးအေးရှိခဲ့သည်။

ဒါပေမဲ့ ညစဉ်မဟုတ်ပေမယ့် ရက်ခြားလာအော်
နေသော အသံဆိုးကြီးကြောင့် အိပ်ရေးဝအောင်
မအိပ်ရဘဲ ရက်ဆက်၍ အိပ်ရေးပျက်ခဲ့သည်။

သားသေဆုံးပြီး နှစ်ပတ်ပြည့်သောနေ့ ၊
မနက်လေးနာရီခန့်တွင် …

“ဟီး ဟစ် ဟစ် ဟစ် ”

အနီးမှာ အိပ်နေသော ဇနီးထံမှ အားစိုက်ညှစ်နေသော
အသံကြောင့် ဦးကျော်ထွန်းနိုးလာသည်။

“ဟင် …မအေးမြင့် …ဘာဖြစ်တာလဲ
မိန်းမ မိန်းမ ဘာဖြစ်လို့လဲ”

“ဟီး …ဟီး…ဟီး …”

ဒေါ်အေးမြင့်က ဦးကျော်ထွန်း စိုးရိမ်တကြီး
မေးလာသော်လည်း ဘာမှပြန်မပြောနိုင်။
ဦးကျော်ထွန်းမှာလည်း သား၏ အဖြစ်မျိုးကဲ့သို့
ဖြစ်မှာ စိုးရိမ်လာသည်။

“ဟဲ့ သမီးကြီး သမီးကြီး လှလှမြင့် လာကြဦး”

“အဖေ…အဖေဘာဖြစ်လို့လဲ”

“နင့်အမေကို လာကြည့်ဦး”

သမီးအကြီးမ ပြေးဝင်လာသည်။

“ဟဲ့ ကျော်ထွန်း အေးမြင့် ဘာဖြစ်လို့လဲ”

“မသိဘူးအမေ…အမေ့မြေး ဖြစ်သလိုပဲ
တွန့်လိမ်ပြီး အော်နေတယ်”

မိခင်ကြီးလည်း အခန်းတွင်းရောက်လာသည်။

“နင့်မိန်းမကို အပြင်ခေါ်ထုတ်ခဲ့။ အခန်းထဲမှာ
ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ ”

ဦးကျော်ထွန်းလည်း ဒေါ်အေးမြင့်အား ပွေ့ချီပြီး
အပြင်ခေါ်ထုတ်ခဲ့သည်။သမီးကြီးက ခေါင်းအုံး
ယူလာပေးသည်။ အိမ်ရှေ့ခန်းမှာ ဒေါ်အေးမြင့်ကို
ချပြီးသည်နှင့် အခြေအနေကို ကြည့်နေကြသည်။

“ဟီး ဟစ် ဟစ် ”

ဒေါ်အေးမြင့် အခြေအနေပိုဆိုးနေသည်။
အသက်ရှုမဝသဖြင့် တအီးအီးညှစ်ကာ ကြိုးစားပြီး
အသက်ရှုနေရသည်။

“မအေးမြင့် သတိထား”

“ပရုပ်ဆီကျောဘက်ကို လိမ်းပေးကြည့်ပါလား”

“ဟဲ့ …လှလှ…နင့်အမေ ပရုပ်ဆီဘူး…
ဘယ်မှာထားလဲ သွား ရှာယူခဲ့”

“ဟုတ်ကဲ့အဘွား”

“ဟီး အစ် အစ် အစ် အစ် ”

ဒေါ်အေးမြင့်မှာ အသက်ရှူမဝ၍ အသက်ကို ကြိုးစားရှူနေရပုံဖြစ်သည်။

“ပန်းနာရင်ကျပ်လည်း မဖြစ်ဖူးပါဘူး
ဘယ်လိုများ ဖြစ်ရတာလဲ”

“ကူးစက်ရောဂါများလား”

“မဟုတ်နိုင်တာ ဘာကြောင့်ပြောတာလဲ”

“ဟို…မောင်အောင်မြင့်ဖြစ်တာလည်း အခုလို
ဆိုတော့ သူ့ဆီကများ ကူးခဲ့တာလားလို့ ”

ခြေရင်းအိမ်မှ ရောက်လာသော ဒေါ်လုံးက
ထင်ရာမြင်ရာ ပြောဆိုနေသည်။ ထိုအချိန်
လှလှက ပရုပ်ဆီဘူးယူလာပေးသည်။

“ဟေ့ လှလှ …ပရုပ်ဆီ လိမ်းပေးမလို့လား”

ဒေါ်အေးမြင့် မိခင်ကြီးက…

“ကျောဘက်ကို လိမ်းပေးမလားလို့ ”

အတွေ့အကြုံရှိသော အိမ်နီးချင်းမိတ်ဆွေတစ်ယောက်က
ပျာပျာသလဲ

“ဟာ မလိမ်းနဲ့ မလိမ်းနဲ့ …ဒီဒေါ်အေးမြင့်က
အသက်ရှူမဝလို့ တအင်အင်ဖြစ်နေတာ
ပရုပ်ဆီလိမ်းလိုက်ရင် အသက်ရှူကျပ်သထက်
ကျပ်ပြီး ဒုက္ခရောက်ကုန်တော့မယ် ”

“ဘာဆိုင်လို့လဲဟဲ့”

“ဆိုင်တယ် ဒေါ်ကြီးရ၊ ကျနော်အမေ ပန်းနာရင်ကြပ်
အသက်ရှူမဝလို့ ဆေးခန်းသွားပြတာ လူမမာ
အနီးမှာ ခြင်ဆေးခွေ၊ အမွှေးတိုင်၊ ရေမွှေး၊
ပရုပ်ဆီ၊ အနံ့ပြင်းတဲ့ အရာတွေနဲ့ ဝေးဝေးနေခိုင်းတယ်
ဒါကြောင့် ပရုပ်ဆီနံ့က သိပ်ပြင်းလို့ မလိမ်းပေးဖို့
ပြောတာ”

“သိပါဘူး ရင်ချောင်ပြီး အသက်ရှူနိုင်မလားလို့ ”

“ကဲ ကဲ …ကိုထွန်းဖေ လှည်းပြင်လိုက်ဗျာ ဆေးရုံ
ပို့ကြမယ်…သမီး အမေ့အတွက် ယူစရာရှိတာ
ခြင်းထဲရှာထည့်”

ထိုအချိန်မှာပင် ဒေါ်အေးမြင့် မျက်လုံးနှစ်လုံး
ပြူးထွက်ကာ ဘေးစောင်းအိပ်လျက်မှ ခါးတစ်ချက်
ကုန်းသွားပြီး အသက်ရှူရပ်သွားသည်ကို ကြည့်နေ
သူတွေ တွေ့လိုက်ကြရသည်။

“ဟင် …လုပ်ကြပါဦး…အမေ …အမေ”

“မအေးမြင့် မအေးမြင့် ”

“ဘယ်လိုဖြစ်တာလဲ သားသေလို့မှ တစ်လမပြည့်
သေးဘူး …မအေက လိုက်သေရတယ် ”

“အောက်လမ်းတွေ ရွာသူတွေများ ပြုစားထားတာလား”

“မသိပါဘူး…ဖျားတာ နာတာလည်း မဖြစ်ဘဲ
သေသွားလို့ ”

ဒေါ်အေးမြင့် ရုတ်တရက်သေသွားသဖြင့်
တစ်ရွာလုံးတအံ့တသြ ဖြစ်ကုန်သည်။
ရောဂါတစ်မျိုးတည်းဖြစ်ပြီး သေရပုံ ထူးဆန်းသည့်
အတွက် ရွာသားတွေရော၊ ဗဟုသုတရှိသည့်
လူကြီးများလည်း အဖြေရှာမရ၊ အံ့သြနေကြသည်။

သို့ဖြင့် ဒေါ်အေးမြင့် အသုဘကိစ္စအတွက်
စီစဉ်ကြရတော့သည်။ ဦးကျော်ထွန်းလည်း
ညဘက်လာအော်သော သေမင်းအော်သံ
ကြားပြီး နှစ်ရက် သုံးရက်အတွင်း မိသားစု
တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့သည်။

မကြာခင် သူ့အလှည့်လာတော့သည်။
ဘယ်လိုအငြိုးထားပြီး သူ့မိသားစုကို
သတ်ဖြတ်နေရသနည်း။

သူစဉ်းစာသည်၊ ဘယ်လိုမှ အဖြေမထွက်။
ဘယ်အမှောင့် ပယောဂက ပူးကပ်ပြီးသေမင်းက
အနီးသို့ ရောက်လာရသနည်း။ သူ …တစ်ရွာလုံးနှင့်လည်း
ဘာပြသာနာမှ မဖြစ်ဘူး ၊ ဇနီးဖြစ်သူနှင့်လည်း
ရန်မဖြစ်ဘူး၊ပြသာနာမဖြစ်ဘူး စဉ်းစာမရ ဖြစ်နေသည်။
ယခင်ကတော့ သူနှင့်မတည့်သူ တစ်ယောက်ကို
တစ်ယောက် မကြည့်ချင်အောင် မုန်းတီးသူ
တစ်ဦးကတော့ ရွာမှာရှိသည်။

ယခု ထိုလူ လူ့လောကကြီးထဲက ထွက်သွားပြီ။
သို့ကြောင့် ယခု သူ့မိသားစု သေဆုံရခြင်းမှာ
သူတော့ မဖြစ်နိုင်ဟု ယုံကြည်ထားလိုက်သည်။

သို့ဖြင့် ဒေါ်အေးမြင့်၏ ရုပ်အလောင်းအား
သုံးရက်ထားပြီး သင်္ချိုင်းသို့ သွားသင်္ဂြိုဟ်ကြသည်။
ဒေါ်အေးမြင့်အားမြေမြှုပ်သင်္ဂြ ိုဟ်ပြီးသည်နှင့်
ဦးကျော်ထွန်းသားအား ယခင်အပတ်က
မြှုပ်ထားခဲ့သည့် မြေပုံအနီးမှာ ရပ်နေသည်။
စောစောက ဒီနေရာသို့ မိသားစုများလာပြီး
ငိုယိုသွားကြသေးသည်။

“မောင်လေးရေ …အမေ…နင့်ကိုစိတ်မချလို့
လိုက်လာပြီ…နင်…အမေကို တွေ့အောင်ရှာ”

ဟု ပြောဆိုငိုယိုကာ မြေပုံတစ်ခုနှင့်တစ်ခု
သွားလိုက်လာလိုက်၊ ကူးလူးကာ ငိုယိုနေကြသည်။
လူကြီးများ အတင်းဆွဲခေါ်ပြီး ရွာထဲ ပြန်သွားသဖြင့်
သင်္ချိုင်းကုန်းမှာ မြေဖို့ နေသော လူနှစ်ယောက်နှင့်
ဦးကျော်ထွန်းသာ ကျန်နေသည်။

ဦးကျော်ထွန်းလည်း သားမြေပုံအနီးမှာ ရပ်နေရာက
တစ်စုံတစ်ခုကို မြင်တွေ့လိုက်သဖြင့် သူတို့နေရာသို့
ထွက်ခဲ့သည်။

ထိုနေရာက ပြီးခဲ့သော တစ်လခန့်က သေဆုံးသွားပြီး
သူ၏ ရန်ဘက်ဦးလှမောင်၏ မြေပုံဖြစ်သည်။
အပူရှပ် အဖျားကြီးပြီး သေဆုံးသွားခြင်းဖြစ်သည်။
ဦးလှမောင်နှင့် ဦးကျော်ထွန်းတို့က သားရေးသမီးရေး
ကိစ္စနှင့်လည်းကောင်း လယ်ယာကိစ္စဖြင့်လည်း
ကောင်း တစ်ဦးနှင့်တစ်ဦး ကြည့်မရအောင်
မုန်းကြသည်။

ဦးလှမောင်၏ သားက ဦးကျော်ထွန်း၏သမီးလှလှကို
ကြိုက်နေသည်။ ကြုံရာတွေ့ရာ လိုက်ပြောသည်။
ဦးလှမောင်သား နေအောင်က အလုပ်လက်ကြော
တင်းအောင် မလုပ်၊ အရက်သောက် ၊ ကြက်တိုက်
ဖဲရိုက် အပျော်အပါးနှင့်သာ အချိန်ကုန်နေသဖြင့်
လှလှကလည်း ကြည့်မရ။

ဦးကျော်ထွန်းက နောက်ကို သမီးအား မနှောင့်ယှက်ရန် ဆုံးမပေးပါရန် သွားတိုင်ရာမှ၊ တစ်ယောက်နှင့်
တစ်ယောက် မုန်းတီးသွားကြသည်။ ပြီးတော့ တစ်ဦးနှင့်
တစ်ဦး လက်ချင်းကပ်လျက်ဖြစ်၍ မိုးအခါ လယ်ကန်သင်းဖို့
ကန်သင်းမျက်နှာခုတ်လျှင် သူ့ဘက်က ကန်သင်း
သားများ တစ်ဝက်ခန့် ခုတ်ချပြီး ဦးကျော်ထွန်းဘက်သို့
မြေစာများချသည်။

တစ်နှစ်နည်းနည်း တစ်နှစ်နည်းနည်း ခုတ်ယူတိုးချဲ့
နေသဖြင့် မိုးတွင်း လယ်ထွန်သည့်အခါတိုင်း
ရန်ဖြစ်ရသည်။ ယခု ကဆုန်လဆန်း မိုးတစ်ပြိုက်၊
နေတပြိုက်ဖြစ်နေသည့် အချိန် ဦးလှမောင် နေပူက
ပြန်လာပြီး အိုက်သည်ဆိုကာ ရေချိုးလိုက်သဖြင့်
အပူရှပ်၍ အပြင်းဖျားလျက် အိပ်ရာထဲလဲခဲ့သည်။

အိပ်ရာထဲလဲရာမှ အပြင်းဖျားတော့သည်။

အဖျားက သက်သာမလာဘဲ၊ သုံးရက်ပင် ရှိသွားပြီ။
ညရောက်တော့ အပျင်းဖျားပြီး မြောသွားရာက
သတိပြန်လည် မလာတော့ဘဲ အသက်သေဆုံး
သွားတော့သည်။ ဦးကျော်ထွန်းလည်း ရွာသားချင်း
လည်းဖြစ်၊ လယ်နီးနားချင်းဖြစ်သဖြင့် သေသည့်ညက
ရောက်သွားသည်။ အလောင်းကို အခေါင်းမသွင်းရသေး။

အခေါင်းသွင်းရန် ပြင်ဆင်နေစဉ် ဦးကျော်ထွန်း
အိမ်ပြန်လာခဲ့သည်။ အသုဘ သုံးရက်ထားသည်
အသုဘချမည့်နေ့က ရောက်သည်။

အလောင်းကို လှည်းပေါ်တင်ပြီး နွားလှည်းနှင့်
သင်္ချိုင်းကုန်းသို့ ပို့မည်ဖြစ်၍ လှည်းအိမ်နှင့်
အလောင်းစင်၊ အခေါင်းတို့ကို ကြိုးများဖြင့်
အခိုင်အမာ တုပ်နှောင်ထားသည်။

အသုဘချမည်အချိန် အိမ်ပေါ်မှာ တရားနာနေကြသည်။
လူကြီးလူငယ်အားလုံး တရားနာနေသည်။

ဦးကျော်ထွန်းက အရောက်နောက်ကျသဖြင့်
တရားနာရန် အိမ်ပေါ်သို့ မတက်တော့ဘဲ
အလောင်းတင်ထားရာ လှည်းအနီးရပ်ပြီး
အခေါင်းကို ကြည့်နေသည်။ ထိုအချိန် အခေါင်းက
လှုပ်နေသည်ကို ဦးကျော်ထွန်း မြင်လိုက်ရသည်။

“ဟင် …အခေါင်းကြီး လှုပ်နေသလိုပဲ”

“ဂျစ်…ဂျစ်…ဂျစ်…”

“ဟာ …အခေါင်းထဲက ကုတ်ခြစ်တဲ့အသံပဲ၊
လှမောင် မသေဘူးလား …မသိဘူး၊
ဒါမှမဟုတ် ငါ့ကို မကျေနပ်လို့
ခြောက်လှန့်နေတာများလား”

ထို့နောက်အတွင်းမှ ထုသံလိုလို ကုတ်ခြစ်သံလိုလို
ကြားရပြန်သည်။

“ဒီလူကြီး …မြောနေရာက မသေဘဲ ပြန်ရှင်လာတာလား
မသေသေးဘူးဆိုလည်း …မကြာခင် မြေအောက်ရောက်
တော့မှာပဲ…ငါဘယ်သူ့မှ မပြောရင် ဒီလူကြီး အခေါင်း
ထဲက ထွက်ရတော့မှ မဟုတ်ဘူး၊ ငါ လူတွေကို
သွားပြောရင် ကောင်းမလား၊ ဒီလူရဲ့ အသက်
ငါကယ်လိုက်ရမလား၊ အို မပြောဘူး၊ ဒီလူ
အသက်ရှင်နေရင် မိုးအခါရောက်တိုင်း တုတ်တပြက်၊
ဓါးတပြက်မဖြစ်ရုံတမယ်ပဲ …ငါသူ့ကို ကိုယ်ထိ
လက်ရောက် သတ်တာမှ မဟုတ်ဘဲ ဒီအတိုင်းပဲ
မကြားသလို နေလိုက်တော့မယ် ”

ဦးကျော်ထွန်းလည်း ထိုအနီးမှ မနေဘဲ၊
အိမ်ဘက်သို့ လျှောက်လာခဲ့သည်။
ဘုန်းကြီးတရားနာ ရေစက်ချ၊ အမျှဝေသံ
ထွက်လာပြီးနောက် အိမ်ပေါ်မှ ငိုပြီး ပြေးဆင်း
လာသူများကြောင့် အိမ်ဝိုင်းအတွင်း ဆူညံသွား
တော့သည်။ အသံချဲ့စက်မှလည်း ခင်ခင်ညွှန့်
တေးသံက မငိုသေးသူကို ငိုချင်အောင်
လှုံ့ဆော်လိုက်သကဲ့သို့ ကြေကွဲစွာပေါ်ထွက်လာသည်။

ငိုသံများ စပီကာမှ တေးသံများကြောင့်
အခေါင်းတွင်းက ထူးဆန်းသောအသံကို
မည်သူမျှ မကြားတော့။ သို့ဖြင့် မကြာခင်မှာပင်
ဦးလှမောင်တစ်ယောက် မြေကျင်းထဲသို့
ရောက်သွားခဲ့ရတော့သည်။

XXXXXX

ဦးကျော်ထွန်းလည်း ဦးလှမောင်၏ မြေပုံအနီးက
ထွက်ခဲ့သည်။

“အင်း ဦးလှမောင် တကယ်မသေဘူးဆိုရင်
အခေါင်းထဲမှ အသက်ရှုကျပ်လို့ အတော်လေး
ခံစားပြီး သေသွားရပုံပဲ”

အတွေးပေါင်းစုံတွေးပြီး အိမ်သို့ လေးကန်သော
ခြေလှမ်းများဖြင့် ပြန်လာခဲ့သည်။

ဦးလှမောင်များ မသေသင့်ဘဲ သေသွားခဲ့ရသည့်အတွက်
မကျေနပ်တဲ့စိတ်နဲ့ တမလွန်ကလာပြီး
ကလဲ့စားချေ သတ်ဖြတ်နေသည်လားမသိ။

“တစ်ခုခုတော့ တစ်ခုခုပဲ …ဘယ်သူမှ
မဖြစ်နိုင်ဘူး။ ဖြစ်နိုင်စရာရှိ ဒီလူကြီးပဲဖြစ်မယ်
သူ့အခေါင်းထဲမှာ မသေဘဲ ရုန်းကန်နေတဲ့အချိန်
ငါအနီးမှာ ရှိတာကို သူသေပြီးတော့ သိသွားလို့
ငါ့ကို ကလဲ့စားပြန်ချေနေတာလား မသိဘူး”

သို့ကြောင့် သူဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး
အိမ်သို့ တန်းမပြန်ဘဲ အရက်ပုန်းရောင်းသော
တင်အေးတို့ အိမ်သို့ ထွက်လာခဲ့သည်။
ထို့နောက် အရက်တစ်ပုလင်းမှာပြီး
ထိုင်သောက်နေလိုက်သည်။

အိမ်သို့ တစ်ပုလင်းဝယ်ပြီး ပြန်လာခဲ့သည်။
အရက်ကို မကြိုက် ကြုံမှသောက်သည်။
ယခု အပူအားကြီးလွန်းသဖြင့် အမူးသောက်လာ
ခဲ့သည့်သာမက အပိုတစ်ပုလင်းပါ ဝယ်လာခဲ့သေးသည်။

အိမ်သို့ ရောက်တော့ ညနေလေးနာရီခန့်
ရှိပြီး အသုဘရက်မလည်သေးသဖြင့်
အိမ်မှာ လူအချို့ ရှိနေသေးသည်။

ပါလာသော အရက်ပုလင်းကို တစ်နေရာမှာ
သိမ်းလိုက်ပြီး အိပ်ခန်းအတွင်းဝင်ကာ ခြေလက်
သန့်ရှင်းမနေတော့ဘဲ အိပ်ရာပေါ် တုံးလုံးပစ်လှဲကာ
အိပ်လိုက်တော့သည်။ မူးမူးနှင့် ခဏအတွင်းမှာပင်
အိပ်ပျော်သွားသည်။ ညရှစ်နာရီခန့် ညစာထမင်း
စားရန် လာနှိုးမှ နိုးတော့သည်။

“ငါ့ကို အရက်နဲ့ မြည်းဖို့ ဟင်းတစ်ပန်းကန် ခပ်လာခဲ့၊
ထမင်းက နေ့တိုင်းစားနေရတာပဲ…တစ်နပ်မစားလို့
ဘာမှဖြစ်မသွားဘူး၊ အမြည်းစားပြီး အရက်ပဲ
သောက်တော့မယ်”

ဦးကျော်ထွန်းလည်း မီးဖိုထဲမှာထိုင်၍ အရက်သောက်ရင်း
အမြည်းထိုင်စားနေသည်။ အချိန်က တဖြည်းဖြည်း
ကုန်လာသည်။ ကိုးနာရီခန့်ခွဲခန့် ရှိနေပြီ နာရေးအိမ်မှာ
စောင့်အိပ်သူ များများစားစား မရှိ။

အိမ်ရှေ့အောက်လမ်းဓါတ်မီးအောက်မှာ အပျော်
ရိုက်နေသော ဖဲဝိုင်းသာရှိသည်။ အမျိုးသမီးများကလည်း
အိပ်ရာထဲမှာ မအိပ်ကြသေးသော်လည်း တုံးလုံးလှဲပြီး
စကားပြောနေကြသည်။ ဦးကျော်ထွန်းတစ်ယောက်
အရက်ကို လက်စသတ်လိုက်သည်။

ဓါတ်မီးတစ်လက်ယူလိုက်ပြီး အိမ်အောက်အနောက်ဘက်မှာ
ထားသော ပေါက်တူးတစ်လက်
သံတူရွင်းတစ်ချောင်းယူကာ မည်သူမှ
မသိအောင် နောက်ဘက်မှကွေ့ပြီး အိမ်ပြင်သို့
ထွက်ခဲ့သည်။ မကြာခင် ရွာပြင်ထွက်သော
လမ်းပေါ်ရောက်ခဲ့သည်။

ဦးကျော်ထွန်းသွားမည့်နေရာက ညနေက
တွေ့ခဲ့သော ဦးလှမောင်အား မြှုပ်ထားသည့်
မြေပုံဆီသို့ဖြစ်သည်။ တစ်ယောက်တည်း
သင်္ချိုင်းအတွင်း လာမည်ရည်ရွယ်ထားသဖြင့်
အရက်ကို အမူးထိုင်သောက်နေခြင်းလည်း
ဖြစ်သည်။ အရက်ဖြင့် ရဲဆေးတင်ပြီး လာခဲ့ခြင်း
ဖြစ်သည်။ လကလည်း မသာ မှောင်နဲ့မည်းမည်း
မြင်မြင်သမျှ ချောက်ချားဖွယ်ရာအတိ ဖြစ်နေသည်။

ရွာဆီမှလည်းကောင်း သင်္ချိုင်းဆီမှလည်းကောင်း
ခွေးအူသံကြီးများ ရုတ်တရက်ပေါ်လာသည်။
ရှေ့သို့ လှမ်းနေသော ခြေလှမ်းများပင်
တွန့်သွားရသည်။

“အို…ခါတိုင်းလည်း ခွေးအူနေကျပဲ၊ ဘာကြောက်
စရာလဲ ငါ…ဒီအဖြေကို မသိရမချင်း၊ မကျေနပ်နိုင်ဘူး”

ထိုကဲ့သို့ အားတင်းပြီး ဦးလှမောင် မြေမြှုပ်ထားရာ၊
မြေပုံသို့ တန်းပြီးလာခဲ့သည်။

“မြေပုံကိုတော့ တွေ့ပြီ၊ ခပ်မြန်မြန်တူးရမယ်
အလောင်းမြှုပ်ထားတာ တစ်လလောက်ရှိပြီဆိုတော့
ပုပ်ပွနေလောက်ပြီ”

ဓါတ်မီးနှင့်ထိုးကြည့်ပြီး သေချာတော့မှ မြေကြီးကို
ပေါက်တင်သည်။ မြေမြှုပ်ထားသည်မှာ တစ်လခန့်
သာရှိသေးသဖြင့် ပင်ပင်ပန်းပန်း မတူးရ။
ပေါက်တူးနှင့်ယက်ထုတ်ရုံပင်။

မကြာခင်မှာပင် အခေါင်းကို ပေါက်တူးထိသံ
ကြားလိုက်ရသည်။

“ကိုလှမောင် …ကျုပ်ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့
စိတ်ကြောင့် မသေသင့်ဘဲ သေရတယ်ဆိုရင်
တောင်းပန်ပါတယ်ဗျာ ကျုပ်ကို ခွင့်လွှတ်ပါ။
မိုးကျရင် ခင်ဗျားနဲ့ကျုပ် အမြဲလယ်တိုးတဲ့
ကိစ္စနဲ့ ရန်ဖြစ် စကားများကြရတယ်မဟုတ်လား
ကျုပ် ခင်ဗျားနဲ့ ရန်မဖြစ်ချင်တော့တဲ့စိတ်၊
ကျုပ်သမီးနဲ့ ခင်ဗျားသား နီးစပ်သွားမှာကို
ကြောက်လို့ ခင်ဗျားမရှိမှ ကောင်းတယ်ဆိုတဲ့
စိတ်ရိုင်းဝင်သွားလို့ ခင်ဗျားကို အကူအညီ
မပေးဘဲ၊ လျစ်လျူရှူခဲ့မိတယ် ”

ပါးစပ်က တဖွဖွ ပြောရင်း အခေါင်းအဖုံးပေါ်မှ
မြေကြီးများကို ယက်ထုတ်လိုက်သည်။
အခေါင်းဖုံးပေါ်မှာ ပြောင်စင်သွားပြီဖြစ်သည်။

“တကယ်လို့ ကျုပ်ထင်သလို ခင်ဗျားမသေသင့်ဘဲ သေခဲ့ရတယ်ဆိုရင်ကျုပ်ကို ခွင့်လွှတ်ပါဗျာ၊
ကျုပ် အခုလာခဲ့တာက ခင်ဗျားအရင်ထဲက
သေပြီးသားလား နောက်မှသေတာလား
သဲသဲကွဲကွဲ သိချင်လို့ပါ”

ယခင်ကတည်းက သေပြီးသားဆိုလျှင်
အခေါင်းအတွင်း ပက်လက်အနေအထားနှင့်
လက်မနှင့် ခြေမများကို ဆံပင်နှင့် ချည်နှောင်
ထားသည့်အတိုင်း တွေ့ရပေမည်။

သို့မဟုတ် သေသည်မဟုတ်ဘဲ မြောနေရာက
အခေါင်းတွင်းမှာ ပြန်ရှင်သတိရလာလျှင်
ရုန်းကန်လှုပ်ရှားထားသော အနေအထားကို
မြင်ရမည်ဖြစ်သည်။ သို့မှသာ ဦးကျော်ထွန်း၏
စိတ်ထဲ ရှင်းနိုင်တော့မည် ဖြစ်သည်။
သူ့ကြောင့် သေသည်ဆိုပါက သူ့ကို
မကျေနပ်၍ သားနှင့် ဇနီးကို လာသတ်ပြီး
ကလဲ့စားချေခြင်း ဖြစ်နိုင်သည်

“ကဲ …အဖြူအမည်း သဲကွဲအောင် ကျုပ်ကြည့်ပါရစေ”

စကားဆုံးသည်နှင့် အခေါင်းအဖုံးကို ပေါက်တူးနှင့်ရော
သံတူရွင်းနှင့်ပါ ကလပ်ပြီး ဖွင့်လိုက်သည်။

အပုပ်နံ့က စူးစူးရှရှ ပေါ်ထွက်လာသည်။
နှာခေါင်းပေါက်မှ တစ်ဆင့် ခန္ဓာကိုယ်ထဲသို့
အပုပ်နံ့စုပြုံတိုးဝင်သွားသဖြင့် ပျို့အန်မထွက်အောင်
အားတင်းထားရသည်။ အခေါင်းဖုံးတစ်ခြမ်း
လန်သွားသည်။ သူ ဓါတ်မီးနှင့် ထိုးကြည့်လိုက်သည်။

“ဟာ”

တင်ထားသည့်အတိုင်း အခေါင်းထဲမှ ပုပ်ပွနေသော
အလောင်းကြီးက စောင်းလျက်ရှိနေပြီ အခေါင်းကို
ရုန်းကန်တွန်းဖွင့်ထားသည့်ဟန် တွေ့လိုက်သည်

အခေါင်းတွင်းမှာ ထိတ်လန့်မှုရော အသက်ရှု
ကျပ်ခြင်းကြောင့် အသက်ထွက်သွားပုံရသည်။
သေချာသွားပြီ။ သူ၏ တစ်ကိုယ်ကောင်းဆန်မှုကြောင့်
သေသွားရသည်ဟုသာ မှတ်ယူလိုက်သည်။
အခေါင်းကို ပြန်ဖုံးရန် သံတူရွင်းနှင့် လန်နေသော
အဖုံးကို ချိတ်လိုက်သည်။

“ဟား ဟား ဟား ”

“မင်း…မင်း…ငါ့ကို သေစေချင်တယ်မို့လား၊
မင်းသေစေချင်သလို …ငါသေသွားပြီလေ”

မြေကျင်းထဲရှိ အခေါင်းထဲမှ ပုပ်ပွနေသော
အလောင်းကြီးက လှုပ်ရှားလာပြီး စကားသံ
ထွက်လာသဖြင့် သံတူရွင်းကို လွှတ်ချပြီး
နောက်သို့ ဆုတ်လိုက်သည်။

“သွား…သွား…မလာနဲ့ ”

“ဟား…ဟား…အသက်ရှူကျပ်ပြီး သေတာ
ဘယ်လို အခံရခက်တယ်ဆိုတာ
မင်းလက်တွေ့မြင်ပြီး မဟုတ်လား…မင်းက
ငါ့ဆီကို ရောက်လာပြီဆိုတော့ အဲဒီလို
ခံစားပြီး သေစရာ မလိုတော့ဘူး၊ မင်းကို
ငါကိုယ်တိုင် သတ်ပစ်တော့မှာ”

‘သွား သွား ခင်ဗျာသေပြီးပြီ”

အလောင်းကောင်ကြီး ကျင်းပေါ်တက်ရန်
အခေါင်းထဲမှာ လှုပ်ရှားရုန်းကန်နေသဖြင့်
ဦးကျော်ထွန်းလည်း နောက်သို့ လှည့်ပြေး
ရန် ဆုံးဖြတ်ပြီး လှည့်အပြေးမှာပဲ၊ သစ်ငုတ်ကို
ခြေထောက်ချိတ်ပြီး ဝမ်းလျားထိုးလဲကျသွားသည်။

မြေကြီးယက်ပြီး ပစ်ချထားသော ပေါက်တူး၏
အသွားပေါ် တည့်တည့် ဦးကျော်ထွန်းလည်ပင်း
စိုက်ကျသွားသည်။ ပေါက်တူးအသွားက
ဦးကျော်ထွန်းလည်းပင်းမှာ တစ်ဝက်တိတိ
စိုက်ဝင်သွားပြီး သွေးများပန်းထွက်ကာ
ခဏအတွင်းမှာပင် ငြိမ်သက်သွားတော့သည်။

XXXXXX

မိုးလင်းပြီ။ နာရေးအိမ်မှ လူအားလုံး နိုးကုန်ပြီ။
ဦးကျော်ထွန်းကို မတွေ့သဖြင့် စောစောနိုးပြီး
ကိစ္စရှိ၍ အပြင်သွားသည်ထင်ပြီး အမှတ်တမဲ့
နေလိုက်ကြသည်။

ကိုးနာရီခန့်ကြာတော့ အသက်ဆယ့်ငါးခန့်ရှိ
နွားကျောင်းသားလေးတစ်ယောက်ဝင်လာပြီး
သင်္ချိုင်းကုန်းမှာ ဦးကျော်ထွန်းမှောက်လျက်
သေနေသည်ကို တွေ့ခဲ့သည့်အကြောင်း
လာပြောသည်။

ထို့ကြောင့် လူအများ သင်္ချိုင်းအတွင်း လိုက်ပြီး
သွားကြည့်ရာ ဦးလှမောင်အလောင်းကို တူးထား
သည်ကို တွေ့ရပြီး ပေါက်တူးအသွားပေါ်
လဲကျသေဆုံးနေသော ဦးကျော်ထွန်းကို
တွေ့ကြရသည်။

ရွာသူရွာသားများလည်း မြေကျင်းထဲမှ
ပုပ်ပွနေသော ဦးလှမောင်၏ အလောင်းအနေအထားကို
မြင်ပြီး အံ့သြနေကြသည်။ ဦးလှမောင် သေဆုံးပြီး
ညဘက်ရောက်၍ အခေါင်းသွင်းစဉ် ခြေမ၊ လက်မ
များကို ချည်နှောင်ကာ ပက်လက်အနေအထားအတိုင်း
အခေါင်းသွင်းပြီး အဖုံးဖုံးခဲ့သည်။

ယခု မြင်သည်က အံ့ဖွယ်ဖြစ်နေသည်။
ယခု သူတို့မြင်လိုက်သည်က အခေါင်းတွင်းမှ
ကုန်းရုန်းထားသည့် အနေအထားကို မြင်လိုက်ရ၍
မြေချပြီးမှ မသေဘဲ ပြန်ရှင်လာသည်ဟု
ယုံကြည်လိုက်သည်။

ထိုပြင် မြေဖို့ခံလိုက်ရ၍ သေသွားခြင်းဖြစ်ကြောင်းလည်း
ပြောကြသည်။ ထိုကိစ္စနှင့် ဦးကျော်ထွန်း မည်သို့
ပက်သက်နေသည်ကိုတော့ ကာယကံရှင်များ
စဉ်းစားမရ။ သေစဉ်ကလည်း ဦးကျော်ထွန်းမရှိ၊

အခေါင်းသွင်းစဉ်ကလည်း ဦးကျော်ထွန်းမရှိ၊
အသုဘချစဉ်ကသာ လိုက်ပို့ဆောင်ပြီး မြေမြှုပ်
စဉ်ကလည်း ဦးကျော်ထွန်းမရှိ၊ ဦးကျော်ထွန်း
မိသားစုလည်း ရုတ်တရက် ဦးလှမောင်
သေဆုံးပြီးနောက်ပိုင်းမှ အသက်ရှူကျပ်ပြီး
သေဆုံးကုန်သည်။

ဦးကျော်ထွန်းကလည်း အလောင်းလာပြီး
အလောင်းအနီးမှာပင် သေဆုံးနေသည်။

ဦးကျော်ထွန်းအား အိပ်မက်ဆိုးတွေပေးနေ၍
ယခုကဲ့သို့ အလောင်းလာတူးခြင်းလား စသည့်ဖြင့်
အမျိုးမျိုး ဝေဖန်ပြောဆိုနေကြသည်

ဦးကျော်ထွန်းမိသားစု အသက်ရှူကျပ်ပြီး သေဆုံးခြင်း
ကိုလည်း ရွာသားတို့ ပြောမဆုံးနိုင်ဖြစ်နေသည်။

ဦးလှမောင်နှင့် ဦးကျော်ထွန်းတို့သာသိသော
ပဟေဠိကို မည်သူမျှ မဖြေနိုင်ကြ၊ ဦးကျော်ထွန်း
သေဆုံးပြီးနောက်ပိုင်း သူ့မိသားစု ထပ်မံသေဆုံးခြင်း
မရှိပါလေတော့။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ ဧကန်မင်း

ဗိုက်ပေါက် ကိုယ်ပြား ခေါင်းပြတ်သရဲသုံးကောင်နဲ့ မဖဲဝါ
စာအုပ်မှ ကောက်နုတ်ကူးယူတင်ပြထားသည်။