အားနှိပ်နယ်
ပေးပြီးမှအိပ်လိုက်သည်။
ကိုသာစံလည်းသောက်ထားသည့်
ဆေးအရှိန်နှင့်ပင်ပန်းမှုဒဏ်ကြောင့်
ချက်ချင်းပဲအိပ်ပျော်သွားတော့သည်။
“အိမ်ရှင်တို့ အိမ်ရှင်တို့ ”
“ဟင်…ဘယ်သူပါလိမ့်
အိမ်ရှေ့ကနေအော်ကြီးဟစ်ကျယ်နဲ့”
ကိုသာစံလည်းအိမ်အပြင်ဘက်သို့
ထွက်လာခဲ့သည်။
“ဂျောက်”
တံခါးဖွင့်လိုက်သည်နှင့်အိမ်ရှေ့၌
အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦးနှင့်
၅နှစ်ခန့်အရွယ်ရှိကလေးငယ်တစ်ဦးကို
မြင်လိုက်ရသည်။
“ဘာကိစ္စများလဲမသိဘူး”
ကိုသာစံကမေးလိုက်သည်။
“ကျွန်တော်တို့ကနေစရာလိုက်ရှာ
နေကြတာပါ။
ဘယ်မှာမှနေလို့မရတဲ့အတွက်
ဒီအိမ်ကသစ်ပင်တစ်ပင်ပင်မှာ
နေစရာလေးပေးဖို့ တောင်းဆိုတာပါ။
ဒုက္ခရောက်နေလို့ ကူညီပါဗျာ”
“ဟုတ်ပါတယ်ရှင်
ကျွန်မတို့မိသားစုကိုသနားပါဦးရှင်
နေစရာမရှိလို့ ဒုက္ခတွေအကြီးအကျယ်
ဖြစ်နေရတာ ကူညီပါရှင်”
ထိုလင်မယားပြောလိုက်သည့်
စကားကြောင့် ကိုသာစံလည်း
ထိုမိသားစုအားလူမဟုတ်မှန်းအတတ်
သိလိုက်လေသည်။
“နေစရာပေးတာကတော့ရပါတယ်
ဒါပေမယ့် ခင်ဗျားတို့ကလူသားတွေ
မဟုတ်တဲ့နာနာဘာဝတွေဆိုတော့
ကျုပ်ကလေးတွေကိုခြောက်လန့်မှာ
စိုးတယ်ဗျာ။
“အဲ့အတွက်တော့စိတ်ချပါ
ကလေးတွေကြောက်အောင်လန့်အောင်
မပြုလုပ်ပါဘူးလို့ ကတိပေးပါတယ်ခင်ဗျာ”
“ကောင်းပြီ ခင်ဗျားတို့ကတိတည်ပါစေ
တကယ်လို့ပြောတဲ့အတိုင်းမနေရင်
ကျုပ်ကမောင်းထုတ်ပစ်ရလိမ့်မယ်”
“စိတ်ချပါ စိတ်ချပါ
အခုလိုက်ုပ္တို့မိသားစုကိုကူညီတဲ့
ကျေးဇူးကိုဘယ်တော့မှ မမေ့ပါဘူးဗျာ”
“ကဲခင်ဗျားတို့နေချင်တဲ့အပင်မှာ
နေလို့ရပြီ”
ကိုသာစံစကားဆုံးသွားသည်နှင့်
သရဲမိသားစုလည်းပျောက်ကွယ်
သွားလေသည်။
==============
မနက်လင်းတော့ ကိုသာစံလည်း
ဇနီးသည်မခိုင်အား သူမက်ခဲ့သည့်
အိပ်မက်အကြောင်းအား ပြောပြ
လိုက်သည်။
“ဟင်…ကိုသာစံရယ် ရှင်ကတော့လေ
လုက်လိုက်မှဖြင့် တကယ်ပဲ။
သရဲတွေမှန်းသိသိလျက်နဲ့ ဘာလို့
နေခိုင်းလိုက်တာလဲ။
“သြော် မိန်းမရယ်သူတို့လည်းနေစရာမရှိလို့
ဒုက္ခရောက်နေကြတာလေ။
လူဆိုတာနေစရာမရှိတဲ့အဆုံးအိမ်ငှားနေလို့ရသေးတယ်………
သူတို့လိုပရလောကသားတွေကြတော့
နေရာတိုင်းမှနေလို့မရတာ
ဒါကြောင့်သူတို့မိသားစုကို သနားပြီး
နေခွင့်ပေးလိုက်တာပေါ့။
သူတို့ကိုငါပြောထားပြီးသားပါ
ကလေးတွေကြောက်အောင်လန့်အောင်
မခြောက်လှန့်ပါနဲ့လို့ ။
သူတို့ဘက်ကလည်း အဲ့အတွက်တော့
စိတ်ချပါတဲ့ အခုလိုနေခွင့်ပေးတဲ့
ကျေးဇူးကိုမမေ့ပါဘူးတဲ့လေ
အခက်အခဲဖြစ်နေတဲ့သူကို
ကူညီခွင့်ရတာ တို့လည်းကုသိုလ်ရပါတယ်ကွာ”
“အင်းပါ…ရှင်ကအကြောက်အလန့်မှ
မရှိတာ၊ကျုပ်တို့ကတော့ သရဲဆို
နာမည်ကြားတာနဲ့တင်လန့်နေပြီ”
“မကြောက်ပါနဲ့ကွာ ”
============
သရဲမိသားစုစရောက်သည့်
နေ့မှစ၍အသံပေးခြင်း၊အနံ့ပေးခြင်း
အဆင်းပြပြီးခြောက်ခြင်း၊ထမင်းဟင်း
ပျောက်ဆုံးခြင်းများမရှိခဲ့ပေ။
သက်သက်နှင့်ဖြိုးခိုင်လည်း
မန်ကျည်းပင်တွင်နေထိုင်သော
သရဲမိသားစုထဲမှ
သရဲကလေးလေးနှင့်ပင် ခင်မင်ကာ
အတူတူဆော့ကစားဖြစ်ကြလေသည်။
မိခင်ဖြစ်သူကသရဲလေးနှင့်
မဆော့ရန်မှာထားသော်လည်း
မိခင်၏စကားကိုနားထောင်ခြင်းမရှိပေ။
သရဲလေးအားအိမ်ထဲဝင်ပြီး
ဆော့ကစားရန်ခေါ်သည့်အခါတိုင်း
သရဲလေးကအမြဲခေါင်းခါပြီး
ငြင်းဆန်လေသည်။
မိဘများကအိမ်ထဲမဝင်ရန်
သေချာတားမြစ်ထားခြင်းကြောင့်
ဖြစ်သည်။
တဖြည်းဖြည်းနှင့်လတွေနှစ်တွေ
ကြာလာခဲ့သည်။
မန်ကျည်းပင်မှသရဲမိသားစုနှင့်
ကိုသာစံတို့မိသားစုလည်း
အလွန်ပင်ရင်းနီးခဲ့ကြလေသည်။
တစ်ညကိုသာစံအိပ်မက်
တစ်ခုမက်လေသည်။
“ကိုသာစံ ကျုပ်တို့မိသားစု
သွားရတော့မယ်ဗျ”
“ဟင် ဘယ်ကိုသွားကြမှာလဲ
ဒီမှာနေရတာ ဘာဖြစ်လို့လဲ”
“ကျုပ်တို့မိသားစုတခြားနေရာကို
အပြီးသွားရတော့မှာမလို့ ကိုသာစံကို
လာနှုတ်ဆက်တာပါ။
ဒီမှာနေရတာအဆင်ပြေခဲ့ပါတယ်
နေခွင့်ပေးခဲ့လို့လည်းကိုသာစံတို့မိသားစုကိုကျေးဇူးလည်းတင်မိပါတယ်။
ဒါကြောင့်ကျေးဇူးဆပ်တဲ့အနေနဲ့
ဒီပစ္စည်းလေးကိုပေးခဲ့ပါရစေဗျာ”
ကိုသာစံလည်းသရဲပေးသော
ပစ္စည်းလေးအားယူလိုက်သည်။
ရွှေဆွဲကြိုးတစ်ကုံးပင်ဖြစ်သည်။
ဆွဲကြိုး၌ကျောက်များဖြင့်စီချယ်ထား
သောဆွဲသီးလေးလည်းပါလေသည်။
မျက်စိအောက်မှာရွှေဆွဲကြိုးလေးက
အရောင်တဖိတ်ဖိတ်တောက်နေသည်။
“ဒီပစ္စည်းလေးကကျုပ်တို့ပိုင်ဆိုင်တဲ့
ကျုပ်တို့ရဲ့တစ်ခုတည်းသောရတနာပါ။
စိတ်သန့်သန့်နဲ့ယူနိုင်ပါတယ်…
ဒီပစ္စည်းလေးကိုထုခွဲရောင်းချပြီး
အလှူအတန်းလေးတွေပြုလုပ်ပေးပါ။
ပြီးတော့ကျုပ်တို့မိသားစုကိုအမျှဝေပေးပါ
ကိုသာစံ။
“စိတ်ချပါ ကျုပ်သေချာပြုလုပ်ပေးပါ့မယ်
အတူနေလာခဲ့တဲ့ကာလတစ်လျှောက်
ကျုပ်တို့မိသားစုကိုစောင့်ရှောက်ခဲ့လို့
ခင်ဗျားတို့ကိုလည်း ကျုပ်ကကျေးဇူး
တင်ပါတယ်ဗျာ”
“ကျုပ်တို့ကိုသွားခွင့်ပြုပါ ကိုသာစံ”
“ဟုတ်ကဲ့”
ကိုသာစံလည်းအိပ်မက်ကနိုးလာပြီး
ထထိုင်လိုက်သည်။
လက်ထဲ၌တစ်စုံတစ်ခုကိုကိုင်ထားမိ
သည့်အတွက်လက်ဖဝါးဖြန့်ကာ
ကြည့်လိုက်မိသည်။
“ဟင်……ရွှေဆွဲကြိုးလေးပါလား”
“ဒါဆိုငါ့အိပ်မက်တွေကအမှန်ပေါ့”
ကိုသာစံလည်းဆွဲကြိုးလေးကို
ကြည့်ပြီးသိမ်းထားလိုက်တော့သည်။
မနက်လင်းတော့ ဇနီးသည်မခိုင်အား
သူမက်ခဲ့သည့်အိပ်မက်အားပြောပြ
လိုက်လေသည်။
ထို့နောက်ဆွဲကြိုးလေးကိုထုတ်ပြ
လိုက်သည်။
မခိုင်လည်းတအံ့တသြဖြစ်ကာ
ဝမ်းသာပီတိဖြစ်နေလေသည်။
“ဒါဖြင့်ရင် ဒီဆွဲကြိုးလေးကို
မြို့ တက်ပြီးထုခွဲရောင်းချလိုက်ပါလား။
“အင်း…ငါလည်းအဲ့လိုပဲလုပ်ဖြစ်မှာပါ
မနက်ဖြန်ကြရင် ကားကြုံစုံစမ်းပြီး
မြို့ သွားရောင်းတာပေါ့ကွာ”
နောက်တစ်နေ့ ရွာမှထွက်သည့်
ကားဖြင့်မြို့ ပေါ်တက်ပြီးဆွဲကြိုး
လေးအားရောင်းချလိုက်သည်။
ရွှေကောင်းကျောက်ကောင်းဖြစ်သည့်
အတွက် ငွေတော်တော်လေးရလိုက်
သည်။
ရွာကိုပြန်ရောက်တော့ ဘုန်းကြီး၅ပါးပင့်ကာဝတ္ထုငွေများနှင့်
ဆွမ်းကျွေးလေသည်။
ထို့နောက်မန်ကျည်းပင်မှာနေသော
သရဲမိသားစုအားအမျှအတန်းပေးဝေ
လိုက်သည်။
“အားလုံးကြားကြားသမျှ”
“အမျှ အမျှ အမျှ”
“ယူတော်မူကြပါကုန်လော့”
“သာဓု သာဓု သာဓု”
အမျှပေးဝေသံကအေးချမ်းစွာဖြင့်
ထွက်ပေါ်လာခဲ့သည်။
ကိုသာစံတို့မိသားစုလည်းအပြုံးကိုယ်
စီဖြင့်ကြည့်နေကြသည်။
မန်ကျည်းပင်မှာနေသော
သရဲမိသားစုလည်းကိုသာစံတို့မိသားစုအားနှုတ်ဆက်ထွက်ခွာနေကြလေသည်။
“ဟာ မမ ဟိုမှာသရဲလေးက
မောင်လေးတို့ကို လက်ပြနှုတ်ဆက်
နေတယ်၊ဘေးမှာလည်း သူ့အမေနဲ့
သူ့အဖေကပြုံးပြုံးကြီးကြည့်နေကြတယ်”
“တာ့တာ တာ့တာ သရဲလေးရေ”
“သားနဲ့သမီးကသရဲလေးကိုမြင်ရ
လို့လား”
“မြင်ရတယ်လေ အမေရဲ့
မြင်ရလို့ပဲသူနဲ့ကစားလာတာကြာပေါ့။
အခုသူကထွက်သွားတော့မှာဆိုတော့
သားနဲ့မမအတွက် သူငယ်ချင်းတစ်ယောက် လျော့သွားပြီပေါ့
အမေရယ်……”
“သြော်သားရယ်……”
မခိုင်လည်းသားဖြစ်သူအတွက်
စိတ်မကောင်းဖြစ်ပြီးဖက်ထားလိုက်
မိသည်။
“သား သူတို့မိသားစုက
ဟိုးအဝေးကြီးကိုသွားရတော့မှာကွ။
သားသူငယ်ချင်းကဒီထက်အဆင့်မြင့်တဲ့
နေရာသစ်ကိုပြောင်းရတော့မှာလေ
ဒါသူ့အတွက်ဝမ်းသာစရာပဲပေါ့ သားရယ်
သားရောသားသူငယ်ချင်းကို
ဒီလိုနေရာမျိုးမှာနေရတာ ကြည့်ရက်လို့လား သားရဲ့”
“ဟင့်အင်း…”
“ပြုံးစမ်းပါသားရယ် သားသူငယ်ချင်းအတွက်ဝမ်းသာလိုက်ပါ”
“ဟုတ် အဖေ”
“ဒါဆိုသားသူငယ်ချင်းက တိုက်အကြီးကြီးနဲ့နေရတော့မှာပေါ့နော်”
“ဒါပေါ့သားရဲ့ တိုက်အကြီးကြီးနဲ့
သူနေရတော့မှာပေါ့ သားရယ်”
ဖြိုးခိုင်လည်းပြုံးရွှင်စွာဖြင့်
ပျောက်ကွယ်သွားသည့် သရဲသားအမိအား
ကြည့်နေမိတော့သည်။
The End……
စာရေးသူစာတင်တဲ့အခါLikeပေးခြင်း
Commentရေးခြင်းဖြင့်အားဆေးလေး
တိုက်ကျွေးခဲ့ပါ စာချစ်သူတို့ရေ။
ရွှင်လန်းကြပါစေ
Leave a Reply