မရမကလိုက်လံသတ်ဖြတ်ကာ အနိုင်ယူပြလေ့ရှိသည်။
ဖိုးအေးလုပ်သည့်အလုပ်မှာလည်း အကုသိုလ်ပြည့်နှက်နေသည့် မုဆိုးအလုပ်ဖြစ်သည်။ ထိုရွာအနီးတစ်ဝိုက်တွင် နက်ရှိုင်းသည့် တောနက်ကြီးများရှိသည်မို့ တောကိုမှီတင်းနေထိုင်ကြသည့် သားကောင်များမှာလည်း ပေါများလှသည်။ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်၊ တောဝက် စသည့်တောကောင်များမှာ သိပ်ဝေးဝေးလံလံရှာမဖွေရပေ၊ ဖိုးအေးတစ်ယောက် မနက်ခင်းလင်းသည်နှင့် ဒူးလေးတစ်လက်ကိုင်ကာ တောလိုက်စမြဲဖြစ်သည်။
တောမလိုက်သည့်အခါတွင်လည်း ဖိုးအေးမှာ သားသတ်သမားဖြစ်တော့သည်။ ကိုယ်တိုင်လည်း ကြက်၊ ဝက်၊ ဆိတ်များကိုမွေးမြူထားသလို အခြားသူများမွေးမြူထားသည့် ဆိတ်၊ ဝက်၊ နွားများကိုလည်း သက်ရှိအကောင်အဖြစ်မှ အသားတွဲများအဖြစ်သို့ ပြောင်းလဲပေးရသည့်လုပ်ငန်းကိုလည်း ဖိုးအေးအထူးကျွမ်းကျင်ပေသည်။ ဖိုးအေးအတွက် တောအရက်တစ်လုံးနှင့် အသားတစ်ပိဿခန့်ရလျှင် ကျေနပ်ပြီဖြစ်သည်။ ဖိုးအေး၏ မိဘများမှာ ဘာသာတရားကိုင်းရှိုင်းကြသူများဖြစ်သော်လည်း ဖိုးအေးမှာတော့ သြကာသပင် အလွတ်မရလောက်အောင်ကို ဘာသာတရားအားနည်းလွန်းလှပြီး အချိန်ပြည့်သောက်စားမူးယစ်နေကာ၊ အကုသိုလ်အလုပ်များသာ နေ့စဉ်ပြုလုပ်နေလေ့ရှိသည်။ ယခုလည်း အိမ်သို့ ခွေးသေကောင်ကြီးတရွတ်ဆွဲကာ ရောက်လာပြန်သည်။
ဖိုးအေးက ဓါးထမ်းကာ လေကလေးတချွန်ချွန်ဖြင့် ခွေးသေကောင်အား တရွတ်ဆွဲကာ ခြံဝိုင်းအတွင်းသို့ ဝင်လာခဲ့သည်ကို မိခင်ဖြစ်သူ ဒေါ်စောကတွေ့မြင်လိုက်လေသည်။
“အလိုလေး၊ ဖိုးအေးရယ် စောစောစီးစီး ဘယ်ကခွေးကိုသွားသတ်လာပြန်ပြီလဲ”
“အို အမေကလည်းဗျာ၊ သွားသတ်လာတာမဟုတ်ဘူးဗျ၊ လက်စားချေလာတာ၊ ဘယ့်နှယ့်ဗျ၊ ဒီခွေးက ကျုပ်တို့ခြံကိုပတ်ပတ်ချောင်းနေတာ သုံးလေးရက်ရှိနေပြီအမေရ၊ ခုမနက်လည်း ကျုပ်ကြက်ဖကြီးပျောက်သွားတယ်လေဗျာ၊ အဲဒါ ဒီခွေးဆွဲတာမဟုတ်လို့ ဘယ်ခွေးဆွဲတာဖြစ်ရမှာလည်း”
“အောင်မယ်လေး ဖိုးအေးရယ်၊ နင်ကတော့ မပြောမဆိုနဲ့လုပ်ချလိုက်ပြန်ပြီ၊ ငါ့ကိုတစ်ခုခုမေးပါတော့လား၊ နင့်ကြက်ဖကို နင့်ရဲ့သူငယ်ချင်း အောင်ပုက မနက်အစောကြီးလာယူသွားတာဟဲ့”
“ဟာ အမေကလည်း၊ ကျုပ်လည်း ဘာမှမသိလိုက်ရပါလားဗျာ”
“ဘယ်သိမလဲ၊ နင်က ညတုန်းက လူမှန်းသူမှန်းမသိအောင် သောက်ပြီးတော့ အိပ်နေတာကိုး၊ အောင်ပုလည်း နင့်ကိုခေါ်နှိုးပါသေးတယ်၊ ဒါပေမယ့် နင့်ကိုနှိုးလို့ နင်စိတ်ဆိုးမှာကြောက်လို့ဆိုပြီး ကြက်ကိုပဲယူသွားခဲ့တာပဲ”
ထိုတော့မှ ဖိုးအေးလည်း သူမှားမှန်းသိလိုက်ပြီဖြစ်သည်။ သူတရွတ်တိုက်ဆွဲလာသည့်် အောင်နက်အလောင်းကောင်ကြီးမှာတော့ ဖုန်အလိမ်းလိမ်း၊ သွေးအလိမ်းလိမ်းဖြင့် ပေကျံနေလေသည်။
“နင်နဲ့တော့ခက်ပါတယ် ဖိုးအေးရယ်၊ နင့်အထင်တစ်ခုနဲ့ သူများအသက်ကို သတ်လိုက်ရသလားဟဲ့”
“အိုဗျာ၊ အမေကလည်း ဒီကောင်အောက်နက် တကယ်ခိုးစားတာမဟုတ်ပေမယ့်လည်း သူ့သခင် အရီးလှကတော့ တော်တော်အကြောတင်းတာဗျ၊ သူ့ကိုကြည့်မရတာလဲပါတယ်”
“ဒုက္ခပါပဲ ဖိုးအေးရယ်၊ ငါ့သားလေး အေးအေးဆေးဆေးဖြစ်ပါစေဆိုပြီး နင့်နာမည်ကို ဖိုးအေးလို့ပေးထားတာတော့ မှားပြီထင်ပါတယ်ဟယ်၊ အခုတော့ မအေးတဲ့အပြင် နင်က အပူလုံးသက်သက်ဖြစ်နေတာ၊ နင့်နာမည်ကိုလည်း ဖိုးအေးကနေပြီးတော့ အကုသိုလ်ကောင်လို့ နာမည်ပြောင်းပေးရမလိုဖြစ်နေပါပြီ၊ ဟင်း”
ဖိုးအေးက အလွန်ကျေနပ်သွားသည့်ပုံဖြင့်
“အကုသိုလ်ကောင်တဲ့ ဟား ဟား၊ မဆိုးဘူးအမေ ဒီနာမည်ခေါ်လို့ကောင်းတယ်”
ဖိုးအေးမှာ ရွဲ့ပြော၍ပြောမှန်းမသိဘဲ ပြုံးဖြီးဖြီးလုပ်နေလေရာ ဒေါ်စောမှာဖိုးအေးကိုမျက်စောင်းထိုးကာ အံ့ကိုကြိတ်လိုက်ရတော့သည်။
“ကဲပါအမေရာ၊ ဘာပဲပြောပြော၊ မကြာခင် အောင်နက်အရသာကို မြည်းစမ်းကြည့်ကြတာပေါ့”
“အလိုတော်၊ ခွေးသားငါမစားပါဘူး၊ နင်ပဲစား၊ နင်ပဲစားစမ်းပါ”
“အမေမစားဘူးဆိုတော့လည်း ကျုပ်တစ်ယောက်တည်း တဝကြီးစားရတာပ၊ ကျေးဇူးပါအမေရေ”
ဖိုးအေးမှာ ခွေးကြီးကိုအိမ်နောက်ဖေးသို့ဆွဲသွင်းလိုက်ကာ အမဲဖျက်ပြီး စားသောက်ရန်အတွက်ချက်ပြုတ်နေလေတော့သည်။ ဖိုးအေးတွင် အဖေမရှိတော့ပေ၊ ဖိုးအေးအဖေမှာ ဂျပန်ခေတ်ကတည်းက ဗုံးစမှန်ကာ သေဆုံးခဲ့သည်။ ဖိုးအေးမိခင်မှာ ဒေါ်စောဖြစ်သည်။ ဒေါ်စောမှာလည်း လွန်ခဲ့သည့်ဆယ်နှစ်ခန့်က လှည်းပေါ်မှပြုတ်ကျသည့်ဒဏ်ရာကြောင့် ခါးရိုးကျိုးသွားကာ အောက်ပိုင်းသေသွားခဲ့သူတစ်ဦးဖြစ်သည်။ ထို့ကြောင့် စားဝတ်နေရေးအတွက် ဖိုးအေး၏ အကုသိုလ်အလုပ်ကိုသာ မှီခိုနေရလေသည်။ ဖိုးအေးမှာ အခြားသူများအပေါ်မကောင်းသော်လည်း မိခင်ကြီးအပေါ်တော့ ကောင်းရှာသည်။
ချက်ပြုတ်ကျွေးမွေးသည်မှအစ၊ မိခင်ကြီး၏ ချေးဝတ်သေးဝတ်များ လျှော်ဖွပ်ပေးခြင်း၊ မိခင်ကြီးအား ရေမိုးချိုးပေးခြင်းတို့ကို မညည်းမညူလုပ်ပေးရှာသည်။ ထို့ကြောင့်လည်း ရွာမှလူများက ဖိုးအေးအား သူ၏မိခင်မျက်နှာဖြင့် ပြောဆိုဆက်ဆံနေကြခြင်းဖြစ်သည်။
ထိုစဉ်ခြံထဲသို့ မိန်းကလေးတစ်ဦးဝင်လာသည်။ အိမ်ရှေ့နားတွင်ထိုင်နေသည့် ဒေါ်စောကိုကြည့်ကာ
“အဒေါ်ရေ၊ ကိုဖိုးအေးရှိသလားတော့”
“သြော်၊ ကြာညိုရေ၊ ရှိပါ့တော်၊ နင့်အကိုအနောက်မှာရှိပါ့”
ကြာညိုဆိုသည့်မိန်းကလေးမှာ အိမ်နောက်ဖေးသို့ပတ်သွားလိုက်လေသည်။ ကြာညိုမှာ ဖိုးအေးထက် အသက်ငါးနှစ်ခန့်ငယ်လေသည်။ ရွာလူကြီး ဦးရေချမ်း၏ သမီးထွေးလည်းဖြစ်ပြန်သည်။ ကြာညိုဝင်လာရင်း အိမ်နောက်ဖေးသို့ရောက်သည့်အခါ ဖိုးအေးတစ်ယောက် အောင်နက်ကြိးကိုဖျက်နေလေသည်။
“ကိုဖိုးအေး၊ ဘာကောင်ကြီး ရလာပြန်တာတုန်းတော့”
“ဟာ၊ လန့်လိုက်တာ ကြာညိုရာ၊ ဘာကောင်လည်းဆိုတော့ ခွေး . . . အဲ အဲလေ၊ ချေကောင်ပါဟ”
ခွေးခေါင်းဖြတ်ထားပြီး အရေခွံဆုတ်ထားသဖြင့် ကြာညိုလည်း ဖိုးအေးစကားကိုယုံကြည်သွားလေသည်။
“ဒါနဲ့ ရွာထဲမှာ ငါ့သတင်းတွေ ဘာတွေပြောနေကြသလဲ”
“ဘာမှမကြားပါဘူး”
“အော်၊ အေး၊ မကြားရင်လည်း ပြီးတာပါပဲ၊ ဒါနဲ့ ဘာကိစ္စရှိလို့လဲ”
“ဘကြီးက အစာအိမ်သိပ်မကောင်းလို့ ကိုဖိုးအေးဆီမှာ ဖြူအူများရှိမလားဆိုပြီး လာကြည့်တာ”
ု”ဖြူအူက ကုန်ပြီဟ၊ နောက်နေ့ဖြူရရင်တော့ နင်တို့အိမ်ကိုဝင်ပေးမယ်လေ၊ သြော် ဒါနဲ့ ချေသားယူသွားပါအုံးလား၊ ချေသားက လူနဲ့တည့်တယ်ဟ၊ နင့်အဖေ ဦးရေချမ်း ဒူလာထလို့ဆို၊ ချေသားက ဒူလာကောင်းတယ်ဟ”
“ကိုဖိုးအေး အလကားပေးရင်တော့ ယူမှာပေါ့တော်”
ဖိုးအေးက တစ်ချက်ပြုံးလိုက်ကာ ပေါင်သားနှင့် လက်ပြင်သားအနည်းငယ်ကိုလှီးဖြတ်ပေးလိုက်လေသည်။
“ဒီနေ့တော့ ချေကောင်သေးလို့ အသားကြီးကြီးမရဘူးဟာ၊ ရတာပဲစား၊ ဟုတ်ပြီလား”
“ကျေးဇူးပါတော်၊ အိမ်မှာဒီနေ့ အသားဟင်းမချက်တာနဲ့အတော်ပဲ၊ အဖေက အရမ်းကြိုက်မှာတော့”
ကြာညိုမှာ ပြောဆိုပြီးနောက် ဖိုးအေးထည့်ပေးလိုက်သည့် အသားတွဲကိုကိုင်ကာ အိမ်ထဲမှပြေးထွက်သွားလေတော့သည်။ ဖိုးအေးလည်း ကြာညိုပြေးထွက်သွားသည်ကိုကြည့်ရင်း ရယ်မောနေမိသည်။
ကြာညိုမှာလည်း တစ်မျိုးထူးဆန်းသူဖြစ်သည်။ ရွာထဲတွင် လူဆိုးလူမိုက်စာရင်းသွင်းထားသည့် မုဆိုးကြီးဖိုးအေးကိုမှ စိတ်လည်နေမိသူဖြစ်သည်။ ဆိုးကြ၊ မိုက်ကြ၊ ရိုင်းကြသည့် လူမိုက်ကြီးများကိုမှ ချစ်ခင်တတ်သည့် မိန်းကလေးများ၏ ထူးဆန်းသောစိတ်ကြောင့်ဖြစ်မည်ထင်သည်။ ကြာညိုမှာ မီးဖိုခန်းသို့ အသားတွဲကိုင်ကာပြေးလာလေသည်။ ကြာညို၏အမေ ဒေါ်ပြူးက သမိးဖြစ်သူကိုကြည့်ရင်း
“ဘယ်လိုလဲ၊ ဖိုးအေးဆီက ဖြူအူရလာသလား”
“ဖြူအူတော့မရဘူး၊ နောက်နေ့ဖြူတွေ့တော့ လာပေးမယ်တဲ့၊ ဟောဒီမှာ ချေသားပဲရလာတယ်”
“အမယ်လေး၊ ဟန်ကျတာပေါ့၊ ဒီနေ့အိမ်မှာအသားဟင်းမရှိလို့ နင်တို့အဖေအတွက် ကြက်ဥကြော်ပေးမလားလို့ စဉ်းစားနေတာ၊ အတော်ပဲဖြစ်သွားတယ်”
“ကိုဖိုးအေးက ပြောလိုက်သေးတယ်၊ အဖေ့လို ဒူလာရောဂါသည်က ချေသားစားရင်ကောင်းတယ်တဲ့အမေ”
ဒေါ်ပြူးက ကြာညိုကိုတစ်ချက်ကြည့်လိုက်ရင်း
“ဒါနဲ့ နင့်မျက်နှာက ပြုံးဖြီးနေပါလား ညိုမ၊ နင်ဘာဖြစ်တာလဲ”
အမေပြောလိုက်သဖြင့် ကြာညိုမှ ခပ်တန်းတန်းဖြစ်သွားလေသည်။
“ညည်းကြည့်လိုက်ရင် ဖိုးအေးအကြောင်းပြောလိုက်တာနဲ့ ပျော်နေတာပဲနော်၊ ညည်း ဖိုးအေးကိုများ ကြိုက်နေတာလား”
“အို အမေကလည်း ဘာတွေပြောနေသလဲမသိဘူး”
“ငါကတော့ တစ်ခွန်းထဲပြောလိုက်မယ်၊ ဖိုးအေးလိုကောင်နဲ့ကြိုက်လို့ကတော့ ညည်းပါအိမ်ပေါ်ကနေဆင်းပဲ၊ အဲဒီလိုကောင်နဲ့ ငါတို့ကတော့ မပတ်သက်နိုင်ဘူး”
“အို အမေကလည်း ကိုဖိုးအေးက လူကောင်းတစ်ယောက်ပါအမေရဲ့”
“ဘာကောင်းတာလဲ၊ အားအားရှိ အရက်သောက်လိုက်၊ ဒူးလေးကိုင်ပြီး အမဲပစ်လိုက်နဲ့လုပ်နေတဲ့ အကုသိုလ်ကောင်ကိုများ”
“အမေရယ် ကိုဖိုးအေးကို ဒီလိုမျိုး မှိုချိုးမျှစ်ချိုးတော့ မပြောပါနဲ့၊ အရက်သောက်တယ်ဆိုတာလည်း ကိုဖိုးအေးတစ်ယောက်တည်း ဒီရွာမှာ အရက်သောက်တာမှမဟုတ်တာ၊ ဒီရွာမှာ ယောက်ျားလေးမှန်ရင် အရက်သောက်တာဆန်းသလားအမေရ၊ အမေ့သမက်တွေတောင်မှ အရက်သောက်ကြတာပဲကို”
“တယ်၊ ဒီကောင်မလေးကတော့ ငါ့သမက်တွေ အရက်သောက်တယ်ဆိုတာ လယ်ယာလုပ်ငန်းလုပ်ကိုင်ပြီးလို့ ခြေဆင်းလက်ဆင်းကောင်းအောင်ဆိုပြီး နည်းနည်းပါးပါးသောက်တာဟဲ့၊ နင့်အကောင်က တစ်နေကုန်အရက်ကလေးတမြမြနဲ့ ပြီးတော့ ဒူးလေးကိုင်ပြီး အမဲလိုက်သေးတယ်”
“အမဲလိုက်တာ ဘာဆိုးလို့လည်းအမေရာ၊ လယ်သမားလယ်စိုက်သလို၊ မုဆိုးအမဲလိုက်တာ ဘာဆန်းလဲ၊ ပြီးတော့ ကိုဖိုးအေးက အဲဒီနှစ်ခုကလွဲလို့ ဘာမှမဆိုးပါဘူး၊ သူ့အမေအပေါ်ဆိုရင်လည်း သိပ်သိတတ်တာပဲ၊ ပြီးတော့ သူက အရက်သာသောက်နေတယ် ရွာကမိန်းကလေးတွေအပေါ် ထိကပါးရိကပါးလုပ်တာ အမေမြင်ဖူးလို့လား၊ ရန်ဖြစ်တယ်ဆိုတာကလည်း ဆယ်ခါတစ်ခါပါအမေရာ၊ သူ့အပေါ်လူပါးဝလို့ သည်းမခံနိုင်လို့ ရန်ထဖြစ်တာပါ”
“အောင်မယ်လေးတော်၊ ဟဲ့ညိုမ ညည်းကိုညည်းလင်ဖိုးအေးက ဘယ်လောက်ပေးထားလို့ ညည်းက သူ့ဘက်ကနေရှေ့နေလိုက်ပေးနေရတာလဲ”
ကြာညိုဘာမှမပြောဘဲ တခစ်ခစ်သာရယ်တော့သည်။
“ငါပြောပြီးသားနော်၊ ညည်းတို့ကြိုက်တဲ့လူကို လင်ရွေးပြီးယူနိုင်တယ်၊ ဒါပေမယ့် ဖိုးအေးနဲ့ဆိုလို့ကတော့ ညည်းကိုပါအိမ်ပေါ်ကနေ ကန်ချလိုက်မှာ”
“ကန်ချပေါ့အမေရ၊ အမေ့အိမ်က ကျဉ်းကျဉ်းလေး၊ ကိုဖိုးအေး အိမ်ကအကျယ်ကြီးပဲ”
“တယ်ဒီကောင်မလေးတော့ ယောက်မစာမိတော့မယ်”
ဒေါ်ပြူးက ယောက်မဖြင့်ပြင်သဖြင့် ကြာညိုလည်း မီးဖိုခန်းအပြင်သို့ ထွက်ပြေးရလေတော့သည်။
(၃)
အောင်နက်အသားကို စပါးလင်နိုင်နိုင်ဖြင့် မွှေးကြိုင်နေအောင်ချက်ကာ ဖိုးအေးတစ်ယောက် အရက်တစ်ပိုင်း၊ ထမင်းနှစ်လုံးချက်ဖြင့် အားရပါးရစားသောက်နေလေတော့သည်။ စားသောက်ပြီးသည့်အခါ ဗိုက်အင့်လာကာ ငိုက်မြည်းစပြုလာသည်။ ယနေ့မှ အချိန်တွေက အကုန်နှေးနေလေသည်။ ချက်ပြုတ်စားသောက်ပြီးစီးသော်လည်း နေမွန်းလွဲရုံသာရှိသေးသည်။
“အင်း၊ ငါဒီအတိုင်းထိုင်နေလို့မဖြစ်ဘူး၊ ကြာညိုက ဖြူအူလိုချင်တယ်လို့ပြောတယ်မဟုတ်လား၊ သူ့အတွက် ဖြူကြီးကြီးတစ်ကောင်လောက် သွားရှာပေးရင်ကောင်းမယ်”
အမှန်အတိုင်းဆိုရလျှင် ဖိုးအေးလည်း ကြာညိုအား မေတ္တာရှိနေလေသည်။ သို့သော်လည်း ကြာညိုအားဖွင့်မပြောရဲပေ၊ သူက အရက်သမား၊ မုဆိုး၊ အခြေအနေမဲ့ဖြစ်ကာ ကြာညိုမှာတော့ ရွာမျက်နှာဖုံး၊ တစ်ရွာလုံးက လေးစားရသည့် သူကြီး၏ သမီးထွေးဖြစ်နေပြန်သည်။ ဖိုးအေးကိုယ်တိုင်ကလည်း အောက်ပိုင်းသေနေသည့် အမေကြီးကိုပြုစုနေရသည်မို့ မိန်းမယူမည့်အရေးကို ခေါင်းရှုပ်ခံပြီးတွေးမနေသေးဘဲ ကြာညိုနှင့် ပိုနေမြဲကျားနေမြဲ ဆက်ဆံပေါင်းသင်းနေခြင်းဖြစ်သည်။
ဖိုးအေးလည်း အိမ်နံရံတွင်ချိတ်ထားသည့် လက်စွဲတော်ဒူးလေးကြီးကိုယူလိုက်ကာ မြှားတံထည့်သည့် ကျည်တောက်အား ခါးတွင်ချိတ်ဆွဲလိုက်ပြီး တောခုတ်ဓါးခပ်ရှည်ရှည်တစ်လက်ယူကာအိမ်အောက်မှထွက်လာခဲ့သည်။ ထိုစဉ် အိမ်ပေါ်ထပ်အရှေ့ခန်းတွင် မိခင်ဖြစ်သူ၏ ဘုရားရှိခိုးသံကို ကြားနေရလေသည်။
“အမေရေ၊ ကျုပ်တောလည်ထွက်လိုက်အုံးမယ်ဗျာ”
“ဟဲ့ ဖိုးအေး၊ မွန်းတောင်လွဲနေပြီ ဒီအချိန်ကြီးကျမှ သွားမလို့လား”
“ကြာညိုက ဖြူအူလိုချင်တယ်ပြောလို့အမေရ၊ အဲဒါ ကျုံးတောင်ဘက်ကို ခြေဆန့်ကြည့်မလို့”
“အောင်မယ်လေး ဖိုးအေးရယ်၊ သွားစရာနေရာရှားလို့ ကျုံးတောင်ကိုသွားမယ်တဲ့လား၊ လူတွေပြောတာ မင်းမကြားဖူးဘူးလား၊ ကျုံးတောင်နားမှာ မြေအောက်မှာအောင်းပြီးနေကြတဲ့ ဘီလူးသိုက်ရှိတယ်တဲ့”
“ဟာ၊ ဒါတွေကျုပ်မယုံပါဘူးအမေရာ၊ ဘီလူးသိုက်ရှိတယ်ဆိုရင်လည်း ဘီလူးတွေ့ဖူးတာပေါ့ဗျ၊ ကျုပ်ဒူးလေးနဲ့ အဲဒီဘီလူးကောင်ကို သမလိုက်ရင် ဘီလူးသားတောင် စားချင်စားရမှာအမေရ”
“မင်းနဲ့တော့ ခက်ပါတယ် ဖိုးအေးရယ်”
“သြော်၊ ဒါနဲ့ သတ္တဝါတွေကို ဘေးကင်းပါစေဆိုပြီး မေတ္တာတွေဘာတွေ သိပ်ပို့မနေနဲ့အမေရ၊ အမေ မေတ္တာပို့လို့ ကျုပ်တောကောင်မရမှ သားအမိနှစ်ယောက် ထမင်းငတ်နေအုံးမယ်၊ ဟက်၊ ဟက်”
မိခင်ဖြစ်သူအား ရယ်ကျဲကျဲပြောကာ ဖိုးအေးတစ်ယောက်အိမ်မှထွက်လာခဲ့လိုက်သည်။ ရွာလယ်လမ်းအတိုင်း လမ်းလျှောက်လာရင်း သူကြီးဦးရေချမ်းနှင့် လမ်းတွင်ပက်ပင်းတိုးလေတော့သည်။ ဖိုးအေးက တစ်ချက်ပြုံးလိုက်ပြီး ခေါင်းကလေးငုံ့ကာ
“ဗျို့၊ သူကြီး၊ စားပြီးပြီလားဗျ”
ဦးရေချမ်းက ဖိုးအေးကိုအထူးအဆန်းနှင့်ကြည့်ရင်း
“အေးအေး၊ စားပြီးပါပြီကွာ၊ ဒါနဲ့ မင်းလက်ထဲမှာလည်း ဒူးလေးကြီးနဲ့ပါလား၊ ဒီအချိန်ကြီးမှ တောလည်ထွက်မလို့လား”
“ဦးလေးသမီးက ဖြူအူလိုချင်တယ်လို့ လာပြောတယ်မဟုတ်လား၊ ဆေးသုံးဖို့ဆိုတော့လည်း ကျုပ်ဆိုတဲ့ဖိုးအေးက အကုသိုလ်အဖြစ်ခံပြီး ရှာကြံပေးရအုံးမှာပေါ့ဗျာ”
ဦးရေချမ်းက ဘာမှမပြောနိုင်ပေ။
“သြော်၊ ဒါနဲ့သူကြီး၊ အောင်နက်အသား စားကောင်းရဲ့လားဗျ”
ဦးရေချမ်းမှာထူးဆန်းသွားပြိး
“ဟင်၊ အောင်နက်အသားတဲ့လား၊ ဒါဆို၊ ဒါဆို ချေသားဆိုတာက”
ဖိုးအေးမှာ ရယ်လျှက်
“ဟား၊ ဟား ဘယ်ကလာချေရမှာလဲဗျာ၊ ကျုပ်ဒီနေ့တောမှမလည်တာဗျ၊ အဲဒါ ကျုပ်မနက်က သတ်လိုက်တဲ့ခွေးကြီးအောင်နက်ရဲ့အသားဗျ၊ ဘယ်လိုလဲသူကြီး စားလို့ကောင်းတယ်မဟုတ်လား”
ဦးရေချမ်းမျက်နှာကြီးရှုံ့မဲ့သွားကာ
“ဖွီ၊ ဖွီ၊ ဟေ့ကောင်ဖိုးအေး၊ မင်းတော်တော်မိုက်ရိုင်းတဲ့ကောင်ပဲကွ”
“ခွေးသားစားတာ မရိုင်းပါဘူးဗျာ၊ သူကြီးတောင်စားကောင်းကောင်းနဲ့စားခဲ့တယ်မဟုတ်လား၊ ခွေးသားစားပြီးတော့ နောက်ဆိုခွေးသားကြိုက်လွန်းလို့ ဆိတ်သားနဲ့တောင် မလဲနိုင်ဘူးဖြစ်နေပါမယ် သူကြီးရာ ဟား၊ ဟား”
ဖိုးအေးက ပြောဆိုလျှက် ရွာလယ်လမ်းအတိုင်းလျှောက်လာခဲ့ရာ သူကြီးဦးရေချမ်းမှာ ဖိုးအေးအားလက်ညှိုုးထိုးလျှက် ကျန်နေခဲ့တော့သည်။
ဖိုးအေးလည်း လေကလေးတချွန်ချွန်ဖြင့် ရွာမှထွက်လာခဲ့တော့သည်။ သီလရွာကလေးမှ ထွက်ပြီးသည့်နောက် အနောက်ဘက်သို့ဦးတည်လာခဲ့သည်။ ထိုနေရာတွင် တောင်ကြီးငါးလုံးရှိသည်။ ရွှေတောင်၊ ငွေတောင်၊ ကျုံးတောင်၊ အင်ကြင်းတောင်၊ သပြေတောင်တို့ဖြစ်ကြသည်။ ထိုတောင်များအနက် ကျုံးတောင်မှာ သစ်ကြီးဝါးကြီးများသိပ်မရှိလှပဲ ကျောက်တုံးဆန်သည့် မြေများသာရှိသည်။ တောင်တစ်ဝန်းတွင်လည်း အိမ်တစ်လုံးစာခန့်ရှိသည့် ကျောက်တုံးကြီးများ၊ ကျောက်ထပ်၊ ကျောက်လှိုဏ်ဂူများရှိကာ မြက်ပင်၊ သစ်ပျော့ပင်၊ ချုံပင်များနှင့် မြေစာဥပင်များပေါက်ရောက်ကြသည့်အတွက် ထိုတောင်သည် ဖြူကောင်များခိုအောင်းကျက်စားရာ တောင်တစ်တောင်ဖြစ်နေပြန်သည်။
သို့သော်လည်း ထိုကျုံးတောင်မှာ ရှေးယခင်ကတည်းကပင် ဘီလူးများနေထိုင်ကျက်စားပြီး လူသားစားသည်ဟု အဆိုရှိသဖြင့် အနီးအပါးရွာများမှမည်သူမှ ထိုတောင်သို့မသွားရဲကြချေ၊ ထင်းရှာ၊ သစ်ခုတ်၊ မှိုချိုး၊ မျှစ်ချိုးသမားများပင် ထိုတောင်ပေါ်သို့ ခြေဦးမလှည့်ရဲကြ၊ သီလရွာတွင် ထိုတောင်သို့သွားသူမှာ မုဆိုးဖိုးအေးတစ်ယောက်သာရှိလေသည်။ နေ့လည်ခင်းမို့ အလင်းရောင်ကောင်းစွာရနေသည်။ ပတ်ဝန်းကျင်တစ်ခွင်လည်း လင်းချင်းနေတော့၏။ ဖိုးအေးမှာ ကျုံးတောင်အနီးသို့ရောက်သော် အနည်းငယ်အေးစက်သွားသည်ဟုထင်ရသည်။ လူမလာရဲ၊ လူမရောက်သည့်နေရာဖြစ်သဖြင့် သစ်ပင်ဝါးပင်ကြီးများက တောင်ခြေတစ်ဝိုက်တွင် အုပ်အုပ်ဆိုင်းဆိုင်းနှင့် ကြီးချင်သလောက် ကြီးထွားနေကြလေသည်။
ချုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းရင်း တစ်ယောက်တည်းတက်လာခဲ့သည်။ ကျုံးတောင်တွင် ကျေးငှက်အော်မြည်သံကိုပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။ လေကတည်း မတိုက်သည်မို့ သစ်ရွက်တစ်ရွက်ပင် မလှုပ်မရှားဘဲရှိနေသည်ကို သတိပြုမိသည်။ တောင်ခြေရောက်သည့်အခါ ကျောက်အထပ်များကိုတွေ့ရသည်။ ဖြူကောင်တို့၏ ခြေရာကိုလိုက်လံရှာဖွေသော်လည်း မတွေ့ပေ၊ ထိုအနီးတွင်တော့ ကျောက်တုံးကြီးတစ်လုံးတည်ရှိသည်။ ထိုကျောက်တုံးကြီးပေါ်တွင် ထုံးဖြင့််ရေးသားထားသည့်စာများရှိသည်။ ထိုကျောက်တုံးကြီးမှာ မြေအောက်တွင်တိုင်းပြည်တည်ကာ နေထိုင်ကြသည့် မြေအောင်းဘီလူးများ၏ သိုက်အဝင်ဝဖြစ်သည်ဟု အများကဆိုကြလေသည်။
ကျောက်တုံးပေါ်တွင် အထင်အရှားရှိနေသည့် ဘီလူးခြေရာ၊ ဘီလူးလှိုဏ်ဂူ စသည်တို့လည်းတည်ရှိပေသည်။ အခြားလူများမှာ တစ်ယောက်တည်းသွားဖို့မပြောနှင့် လူစုလူဝေးဖြင့်ပင် မသွားဝံ့ကြသည့်နေရာများကို ဖိုးအေးတစ်ယောက် တစ်ယောက်တည်း အကြောက်အလန့်မရှိ အေးအေးလူလူသွားလာနေမိသည်။
တောအတွင်းသွားလာနေရင်း မကြာခင် အနောက်မှခြေသံများကိုကြားလိုက်ရသည်။ ဖိုးအေးမှာ မုဆိုးဖြစ်သဖြင့် နားပါးလှသည်။ အတန်ကြာလျှောက်ပြီး လှည့်ကြည့်သည့်အခါ ခြေသံများလည်းမကြားရဘဲ လူရိပ်လူခြေကိုပင် မတွေ့ရပေ၊ ဖိုးအေးတစ်ယောက် ဆက်လျှောက်သည့်အခါ သူ့အနောက်မှ ထပ်ကြပ်မကွာလိုက်လာသည့် ခြေသံများကိုကြားရလေသည်။ ခြေသံများမှာလည်း ထူးဆန်းလှသည်။ သူတစ်လှမ်းလှမ်းလိုက်လျှင် တစ်လှမ်းလိုက်လှမ်းသည်။ သူရပ်လိုက်သည့်အချိန်တွင် ရပ်တန့်နေလေသည်။ နောက်တစ်ဖန်ပြန်လှည့်ကြည့်လိုက်သည့်အခါတွင်လည်း မည်သူမှရှိမနေပေ၊ ဖိုးအေးတစ်ယောက် လူအများပြောသည့် ဘီလူးများလားဟု တွေးမိသွားလေသည်။
“ဟေ့၊ ငါ့နောက်လိုက်တာ ဘီလူးတွေလားကွ၊ ဘီလူးဆိုရင်တော့ ထွက်ခဲ့ဟေ့၊ ဘီလူးသားမစားဖူးသေးလို့ မြည်းစမ်းကြည့်ချင်လို့”
ဖိုးအေးအော်လိုက်သည့်အခါ အနားမှချုံပုတ်ကြီးမှာ တရှဲရှဲနှင့်လှုပ်ခတ်လာလေသည်။ ဖိုးအေးလည်း ဒူးလေးကိုအသင့်ပြင်လိုက်ကာ ထိုချုံပုတ်ကြီးအား ထိုးချိန်ထားလိုက်သည်။ မကြာမီ ချုံပုတ်အတွင်း အရိပ်အယောင်များတွေ့ရသည်။ ထို့နောက်ချုံပုတ်အတွင်းမှ မိန်းကလေးနှစ်ဦးထွက်လာလေသည်။ မိန်းကလေးများမှာ ချည်ကြမ်းထည်အကွက်များကို ဝတ်ဆင်ထားကြပြီး တောသူတောင်သားများပင် ဖြစ်ပုံရသည်။
“မပစ်ပါနဲ့ရှင်၊ ကျုပ်တို့ကိုမပစ်ပါနဲ့”
ဖိုးအေးလည်း လူမှန်းသိလိုက်သဖြင့် ဒူးလေးကိုပြန်ချလိုက်လေသည်။
“ဟဲ့ ပြောစမ်း၊ နင်တို့ဘာဖြစ်လို့ ငါ့အနောက်လိုက်နေရတာလဲ၊ နင်တို့ဘယ်ရွာကလဲ”
“ကျုပ်တို့က တုံးပုရွာကပါ”
တုံးပုရွာမှာ သီလရွာနှင့် မလှမ်းကမ်းတွင်တည်ရှိသည့်ရွာဖြစ်သည်။
“ဒါနဲ့ ဒီတောင်မှာနင်တို့ဘာလုပ်နေသလဲ၊ ဘီလူးကိုက်မှာမကြောက်ဘူးလား”
မိန်းကလေးများမှာ ကြောက်လန့်သွားဟန်ဖြင့် အနီးပတ်ဝန်းကျင်သို့ကြည့်ကာ
“ကြောက်တာပေါ့ရှင်၊ အစကတော့ ထင်းခွေမယ်ဆိုပြီး ဒီဘက်ကိုထွက်ခဲ့တာပဲ၊ အခုတော့ကြောက်တယ်”
“လတ်စသတ်တော့ နင်တို့လမ်းပျောက်နေကြတာကိုး”
“မိရှင်လှပေါ့၊ ဒီတောင်ကြီးဘက်ကို သွားကြည့်ချင်တယ်ဆိုလို့ အဖော်လိုက်လာခဲ့တာ အခုတော့လမ်းပျောက်ပြီ”
“အေးပါ၊ တစ်ယောက်နဲ့တစ်ယောက်အပြစ်တင်မနေကြနဲ့တော့၊ တုံးပုရွာကိုပြန်မယ်မဟုတ်လား၊ ငါ့အနောက်လိုက်ခဲ့၊ ငါလမ်းသိတယ်၊ နင်တို့ကို ရွာစပ်အထိ လိုက်ပို့ပေးမယ်”
ဖိုးအေးလည်း မိန်းကလေးနှစ်ဦးကို သနားသွားကာ အရှေ့မှတောတိုးခဲ့သည်။ မိန်းကလေးနှစ်ဦးက ဖိုးအေးအနောက်မှ ထပ်ကြပ်မကွာလိုက်လာကြလေသည်။ တောတိုးပြီးမကြာခင်မှာပင် ကျောက်တုံးကျောက်သားများနှင့်ပြည့်နှက်နေသည့် တောင်ချိုင့်တစ်ခုကိုဖြတ်သန်းရလေသည်။ ထိုတောင်ချိုင့်အားဖြတ်သန်းသွားပြီးလျှင် တောစပ်သို့ရောက်ပြီဖြစ်သည်။ လယ်ကွင်းများအားဖြတ်သန်းကာ လှမ်းကြည့်လိုက်လျှင် တုံးပုရွာကလေးကို အတိုင်းသားမြင်ရပြီဖြစ်သည်။ သို့သော် ယနေ့တော့ ထူးဆန်းနေလေသည်။ တောင်ချိုင့်ကြားထဲတွင် သွားလာရင်း ကွမ်းတစ်ယာညက်ခန့်ကြာသော်လည်း မထွက်နိုင်သေးပေ။
“ဘယ်လိုဖြစ်တာပါလိမ့်”
ဖိုးအေးစဉ်းစားရင်း ဆက်လျှောက်လာကာ မကြာမီအချိန်တွင် တောင်ချိုင့်ကြားမှထွက်ခွာလိုက်လေသည်။ ထိုအခါ မျက်စိရှေ့တွင် ရွာကြီးတစ်ရွာကိုတွေ့လိုက်ရသည်။
“မဟုတ်သေးပါဘူး၊ တုံးပုရွာက ဒီလောက်မနီးပါဘူး”
ဖိုးအေးက စဉ်းစားလိုက်ကာ အနောက်သို့လှည့်ကြည့်လိုက်သည်။
“ကဲ အမိတို့၊ ဟောဒါ အမိတို့သွားချင်တဲ့ တုံးပုရွာပဲဗျာ”
မိန်းကလေးနှစ်ယောက်က ခေါင်းခါလိုက်ကာ
“ဒါတုံးပုရွာမဟုတ်ဘူး၊ ဒါ ကျုပ်တို့ရဲ့ရွာ”
မိန်းကလေးများ၏ အသံများက အက်ကွဲကွဲကြီးဖြစ်နေလေသည်။ ထိုမိန်းကလေးနှစ်ယောက်မှာ ဖိုးအေး၏ မျက်စိရှေ့မှာပင် တဖြည်းဖြည်းကြီးထွားလာလေသည်။ အရပ်ကြီးများမှာ ရှည်မြောလာကြပြီး ဖိုးအေးပင်မော့ကြည့်ရသည်အထိ မြင့်မားသွားသည်။ အရပ်က ဆယ်ပေခန့်ရှိမည်ထင်ရသည်။ အလားတူ လက်များ၊ ခြေထောက်များမှာလည်း တုတ်ခိုင်သန်မာလာကြကာ အမွှေးကြမ်းနက်နက်ကြီးများလည်းထွက်လာလေသည်။ မိန်းကလေးများ၏ မျက်လုံးများမှာ နီရဲလျှက် အစွယ်ကြီးများမှာ ငေါထွက်လာလေသည်။
“ဟာ၊ နင်၊ နင်တို့ကဘယ်သူတွေလဲ”
“ငါတို့က ဘီလူးတွေပဲ”
ဘီလူးနှင့် နဖူးတွေ့ဒူးတွေ့ တွေ့တော့မှ ဖိုးအေးတစ်ယောက် ထိတ်လန့်သွားတော့သည်။ သို့သော် မုဆိုးတစ်ယောက်မို့ သတိအမြဲရှိလေရာ၊ ဒူးလေးကိုအသင့်ပြင်ဆင်လိုက်ပြီး ထိုမိန်းကလေးတစ်ယောက်၏ နဖူးဆီသို့ချိန်ရွယ်ကာ ပစ်ခတ်လိုက်လေသည်။ ဒူးလေးမြှားတံက ထိုမိန်းကလေး၏ နဖူးသို့တည့်တည့်တိုးဝင်သွားသော်လည်း နဖူးမောက်မောက်နှင့်ထိတွေ့သည့်အခါ ကျောက်တုံးတစ်တုံးနှင့် ထိတွေ့သည့်အလား ဒူးလေးမြှားတံမှာ ကျိုးကျပျက်စီးသွားလေတော့သည်။ ထိုမိန်းကလေးများလည်း အလွန်ဒေါသထွက်သွားကြသည်။
“စားမယ်၊ စားမယ်၊ နင့်ကိုငါတို့စားမယ်”
မိန်းကလေးနှစ်ယောက်မှာ ဖိုးအေးအား လက်တစ်ဖက်တစ်ချက်စီမှ တစ်ယောက်စီဆွဲကိုင်ကာ ဖမ်းခေါ်သွားလေသည်။ လေပေါ်မြှောက်တင်လိုက်သဖြင့် ဖိုးအေးခြေထောက်များမှာ မြေနှင့်မထိတော့ပေ၊ ထို့နောက် ရွာအတွင်းသို့ ဆွဲခေါ်လာကြသည်။ အိမ်ကလေးများမှာ ဖိုးအေးတစ်ခါမှမမြင်ဖူးသည့် အိမ်ပုံစံများဖြစ်ကြသည်။ အဝိုင်းပုံအိမ်ပုံစံများ၏ ထိပ်တွင် ကတော့ချွန်ပုံသဏ္ဍာန်ခေါင်မိုးများရှိသည်။ ခေါင်မိုးများမှာလည်း သတ္တုပြား၊ သံပြားများဖြင့် ပြုလုပ်ထားကာ ပြောင်လက်နေလေသည်။ ရွာလယ်တွင်တော့ ကွင်းကြီးတစ်ခုရှိသည်။ ထိုကွင်းရှိမြေများမှာ မည်းနက်နေသည့် သဲနက်များဖြစ်သည်။ ကွင်းကြီးအနီးတွင်တော့ လူများကိုတံစို့ထိုးထားသည့် နေရာရှိသည်။
ယောက်ျားများ၊ မိန်းမများကို စအိုဝမှ သစ်သားချွန်ထိုးထည့်ကာ လည်ကုတ်တိုင်အောင် ထိုးစိုက်သီထားတဲ့ တံစို့များဖြစ်သည်။ ထိုတံစို့မှလူများအား ဘီလူးများက ဓါးထက်ထက်ဖြင့် အသားများကိုအလွှာလိုက် အလွှာလိုက် လွှာယူကြပြီး အစိမ်းလိုက်ဝါးစားနေကြလေသည်။ အသားများလွှာခံနေရသော လူများမှာလည်း အသက်ရှင်လျှက်ပင်ရှိကြကာ နာကျင်စွာအော်ဟစ်နေကြလေသည်။ လူတစ်ဦးဆိုလျှင် ခန္ဓာကိုယ်တွင်အသားများမရှိတော့ဘဲ အရိုးုပြိုင်းပြိုင်းကျနေလေသည်။ သို့သော်လည်း ထိုသူ၏ ဦးခေါင်းမှာ အသက်ဝင်လှုပ်ရှားနေကာ ကယ်ပါယူပါ တစာစာနှင့် အော်ဟစ်နေလေသည်။
တစ်နေရာသို့ရောက်သည့်အခါ လူများကို သံချိတ်ကြီးများတွင် တွဲလောင်းဖောက်ချိတ်ထားသည်။ သံချိတ်အား နောက်စေ့မှထိုးသွင်းထားသဖြင့် လူပါးစပ်မှ သံချိတ်ကောက်ကြီးများက ပြန်ထွက်နေကြကာ လျှာကြီးမှာလည်း အရှည်လိုက်ကြီးဖြစ်နေသည်။ ထိုတွဲလောင်းချိတ်ထားသည့် လူများအား ဘီလူးကြီးတစ်ကောင်က အလွန်ကြီးမားလှသည့် ဓါးမကြီးဖြင့် ခြေလက်များကိုခုတ်ထွင်နေလေသည်။ လက်ပြတ်ခြေပြတ်သွားသည့် နေရာများမှ သွေးများဒရဟောထွက်ကျကာ ထိုလူများမှာ အသံမျိုးစုံဖြင့်အော်ဟစ်နေလေသည်၊ ဓါးမကြီးများဖြင့် ခုတ်ထစ်ပြီးသည့်လက်များအား ဘီလူးများက အစိမ်းလိုက်ဝါးစားကြသည်။ အရိုးများကို ဝါးစားမိသည့်အခါ တဂျွတ်ဂျွတ်ဖြင့် အသံစုံမြည်နေသည်။
နောက်တစ်နေရာတွင်တော့ အလွန်ကြီးမားလှသည့် ကြေးအိုးကြီးတစ်လုံးကိုတွေ့ရသည်။ ကြေးအိုးကြီးထဲတွင် အငွေ့တထောင်းထောင်းထကာ ပွက်ပွက်ဆူနေသည့် အရည်များရှိသည်။ ဘီလူးကြီးတစ်ကောင်က လူတစ်ယောက်အားဆွဲယူလိုက်ကာ ဆံပင်မှဆွဲကိုင်လျှက် ထိုအရည်အိုးကြီးထဲသို့ နှစ်ချလိုက်လေသည်။ ထိုလူမှာ အလွန်ပူလောင်စွာခံစားရသဖြင့် အော်ဟစ်နေသည်ကိုတွေ့ရသည်။ ခဏကြာသည့်အခါ ဘီလူးြကြီးက ထိုလူ၏ ဆံပင်မှပြန်ဆွဲတင်လိုက်သည့်အခါတွင် ထိုလူ၏ကိုယ်လုံးရှိ အသားစိုင်တို့မှာ အရည်ပျော်လျက် အိုးကြီးအတွင်းသို့ ပဲ့ကျကုန်လေသည်။
ဘီလူးများက ထိုအိုးအတွင်းမှ အရည်များကို သံဇွန်းခွက်ကြီးများနှင့် အားရပါးရ ခပ်သောက်ကြပြန်သည်။ ကျန်ရှိနေသည့်ဦးခေါင်းကြီးမှာ မသေသေးဘဲ အော်ဟစ်လျှက်ရှိရာ ဘီလူးကြီးက ထိုဦးခေါင်းအား ကွင်းကြီးအလယ်ရှိ အရိုးပုံကြီးအပေါ်သို့ပစ်ထည့်လိုက်လေသည်။ အရိုးပုံကြီးထဲတွင်တော့ အသားလွှာခံထားရသဖြင့် ဦးခေါင်းသာကျန်နေသည့်လူများ၊ ခြေလက်များခုတ်ဖြတ်ထားခံရသဖြင့် ကျန်ရှိနေသည့် ခေါင်းများ၊ အရည်အိုးကြီးအတွင်းမှ ဆွဲထုတ်ထားသည့် ဦးခေါင်းများက ပုံအော်နေလေသည်။ ထိုဦးခေါင်းများမှာ အော်ဟစ်နေကြကာ မကြာမီမှာပင် ၎င်းတို့၏ လည်ပင်းအောက်တွင် အရိုးများထွက်ပေါ်လာကြသည်။ ထို့နောက် ထိုအရိုးများပေါ်တွင် အသားစိုင်များ ပြန်လည်ဖြစ်တည်လာကြကာ မကြာသေးမီအချိန်မှာပင် လူတစ်ဦးအဖြစ် ပြန်လည်ဖြစ်ပေါ်သွားတော့သည်။ ထိုသို့လူပြန်ဖြစ်သွားသည့် လူများအား ဘီလူးများက ထပ်မံဖမ်းဆီးကာ တံစို့ထိုးခြင်း၊ ခြေလက်များကိုခုတ်လှီးခြင်းများ ပြုလုပ်ကြပြန်လေသည်။ ထိုနည်းဖြင့် ထိုလူများမှာ သံသရာလည်နေတော့သည်။
ဖိုးအေးမှာ ထိုအဖြစ်ကိုကြည့်ရင်း အလွန်ထိတ်လန့်သွားမိသည်။ ဘီလူးကြီးတစ်ယောက်က ဖိုးအေးအားးတွေ့သည့်အခါ အစွယ်တငေါငေါနှင့်ပြုံးပြလေသည်။
“သြော်၊ နောက်ဆုံးတော့ သီလရွာက အကုသိုလ်ကောင် ဖိုးအေးရောက်လာပြီကိုး”
“ဟင်၊ ခင်ဗျားက ခင်ဗျားက ကျုပ်ကိုသိတယ်တဲ့လား”
“သိပ်သိတာပေါ့ကွာ၊ ဘာတဲ့ ဘီလူးတွေ့ရင် ပစ်ဖမ်းပြီးတော့ ဘီလူးသားစားမယ်လို့ ပြောခဲ့သေးတယ်မဟုတ်လား၊ အခုတော့ မင်းဘီလူးသားမစားခင် ငါကမင်းအသားကို စားမယ်ဟေ့”
ထိုဘီလူးကြီးမှာ ကြုံးဝါးပြီးနောက် တံစို့တံကြီးတစ်ခုအားဆွဲယူလာလေသည်။ တံစို့တံကြီးမှာ နီရဲနေသည့်ရှားသားဖြင့်ပြုလုပ်ထားသည့် သစ်သားတံစို့တံကြီးဖြစ်သည်။ တံစို့တံကြီးထိပ်မှာ ချွန်ထက်နေလေသည်။
“ဟဲ့ ညီမတို့ ဒီကောင့်ဖင်ကိုဖြဲပေးကြစမ်း၊ ဒါမှ ငါကောင်းကောင်းထိုးထည့်လို့ရမှာ”
“အို အကိုကြီးကလည်း ဒီလိုပိန်ပိန်ကပ်ကပ်လူကို တံစို့ထိုးတော့ ဘယ်လိုလုပ်ပြီးစားသောက်လို့ရမှာလဲ”
ဖိုးအေးမှာ ပိန်ပိန်ပါးပါးကလေးဖြစ်သည်။ ဘီလူးကြီးလည်း တံစို့တံကိုင်ရင်း
“အေးဟ၊ နင်တို့ပြောတာလည်းဟုတ်တယ်၊ တံစို့ထိုးတာ ခေါင်းအထိမဝင်ဘဲ ရင်ဘတ်ကနေ ပြန်ပေါက်ထွက်လာအုံးမယ်၊ ဒါဆိုရင် ချိတ်ယူခဲ့မယ်၊ သူ့ကိုချိတ်ပြီး အပိုင်းပိုင်းလှီးစားမယ်”
“ချိတ်နဲ့လည်း မကောင်းပါဘူးအကိုကြီးရာ၊ အိုးထဲထည့်ပြီးသာ ပြုတ်လိုက်စမ်းပါ”
“အေး၊ အဲဒါအကြံကောင်းပဲ”
ဘီလူးကြီးက ဖိုးအေး၏ ဦးခေါင်းအား လက်နှင့်ညှစ်ကိုင်လိုက်ကာ ဆွဲယူလိုက်လေသည်။ ထို့နောက် ပွက်ပွက်ဆူနေသည့် အိုးကြီးအပေါ်သို့ မြှောက်တင်လိုက်သည်။ အိုးကြီးအတွင်းမှ ရေနွေးငွေ့များကြောင့် ဖိုးအေးတစ်ယောက် အလွန်ပူလောင်နေလေသည်။ ဘီလူးကြီးက ဖိုးအေး၏ ခြေထောက်များအား အိုးကြီးအနီးသို့ တဖြည်းဖြည်းချင်းတိုးကပ်လာသည်။ အိုးကြီးနှင့်နီးလာလေလေ အတော်ပူလာလေလေဖြစ်သည်။ အိုးကြီးအတွင်းမှ ပွက်လိုက်သည့်ရေပွက်တစ်ခုထံမှ ရေစတစ်စက လွင့်ပျံလာကာ ဖိုးအေး၏ ညာဘက်ခြေသလုံးအား လာရောက်စင်လေသည်။ ဖိုးအေးမှာ အလွန်ပူလောင်လှသဖြင့်် အသံကုန်အော်ဟစ်နေမိသည်။
“ဟဲ့၊ သားတို့၊ သမီးတို့ မင်းတို့လုပ်နေတာတွေ ရပ်လိုက်ကြစမ်း”
အသံတစ်ခုကြားလိုက်ရပြီးသည့်နောက် ဘီလူးကြီးက ဖိုးအေးအားပြန်ဆွဲယူလိုက်သည်။ ဖိုးအေးအနီးသို့ ဘီလူးမကြီးတစ်ယောက်က လမ်းလျှောက်လာလေသည်။ ဘီလူးမကြီးမှာ ထမီရင်လျားဝတ်ဆင်ထားသော်လည်း နို့ကြီးများက တွဲကျနေကာ ဘူးသီးလုံးကြီးသဖွယ်ဖြစ်နေလေသည်။
“ကဲ သားကြီး၊ ဒီလူကိုပြန်လွှတ်ပေးလိုက်”
ဘီလူးကြီးမှာ မကျေမနပ်ဖြင့်
“အမေ၊ ဒီလူက သီလရွာက အကုသိုလ်ကောင်နော်၊ သူ့ကိုသားတို့ဖမ်းစားလို့ရတယ်မဟုတ်လား”
“ရတော့ရတယ်၊ ဒါပေမယ့် သူ့အမေက သူ့သားအန္တရာယ်ကင်းပါစေဆိုပြီး မေတ္တာတွေပို့ပေးနေတယ်”
ဘီလူးမကြီးပြောလိုက်သည့်အခါ ဘီလူးများက အံ့သြသွားကြသည်။
“ဒီလိုလူအတွက် မေတ္တာပို့ပေးတယ်တဲ့လား”
“ဟုတ်တယ်၊ ပြီးတော့ သူ့အမေက သူမရှိလို့မရဘူး၊ သူမရှိရင် သူ့အမေ ဒုက္ခရောက်မယ်၊ ဒီတော့ သူ့ကိုပြန်ပို့ပေးမှရမယ်၊ မဟုတ်ရင် အထက်နတ်မင်းတွေက ငါတို့ကို ဒဏ်ခတ်နေမယ်”
“ကောင်းပါပြီအမေ၊ သားတို့ပြန်ပို့ပေးလိုက်ပါ့မယ်”
“အေးအေး၊ သူ့ကိုသေချာမှတ်ထား၊ သူ့အမေသေသွားပြီဆိုရင် သူ့ကိုပြန်ခေါ်လို့ရပြီ”
ဘီလူးကြီးက ထိုသို့ပြောပြီးသည့်အခါ ဖိုးအေး၏မျက်နှာအားသေချာကြည့်ပြီးနောက် သူ့လက်ညှိုးဖြင့် ဖိုးအေး၏နဖူးအား ဒေါက်ခနဲတောက်လိုက်လေသည်။ လက်ညှိုးဖြင့်တောက်သည်ဆိုသော်လည်း ယောက်ျားတစ်ယောက် လက်နှင့်ပုတ်လိုက်သကဲ့သို့ အလွန်အားပြင်းကာ နာကျင်သွားလေတော့သည်။ ဖိုးအေးလည်း လက်တောက်သည့်အရှိန်ဖြင့် အနောက်သို့လွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
(၄)
“ဖလူး၊ ဖလူး”
ဖိုးအေးတစ်ယောက် ရုန်းကန်လေတော့သည်။ ပါးစပ်ထဲတွင်လည်း အကြွေစေ့တစ်စေ့ကို စမ်းမိသည်။ လက်များကိုလှုပ်ရှားသော်လည်း လှုပ်ရှား၍မရ၊ ခြေများကိုလှုပ်ရှားသော်လည်း လှုပ်ရှား၍မရပေ၊ သို့နှင့် လှိမ့်သာလှိမ့်နေတော့သည်။
သီလရွာအပြင်ဘက် သုဿန်အတွင်း ဇရပ်ကလေးတွင် ဖိုးအေးအလောင်းအား သရဏဂုံတင်နေကြသည့်လူများမှာ ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။ သရဏဂုံတင်နေရင်း ဖျာနှင့််ပတ်ထားသည့် အလောင်းကြီးမှာ လိမ့်နေသောကြောင့်ဖြစ်သည်။
“လုပ်ကြပါအုံး၊ ဖိုးအေး ဖုတ်ဝင်နေလို့”
ဖိုးအေးမှာ မှောက်ခုံဖြစ်သွားသည့်အချိန် ပါးစပ်အတွင်းမှ အကြွေစေ့အားထွေးထုတ်လိုက်ကာ
“အမေရေ၊ ကျုပ်မသေဘူး၊ ကျုပ်မသေဘူးဗျ”
အသံကုန်ဟစ်ကာအော်လေတော့သည်။ ထိုတော့မှ ရွာသားများမှာ ဖိုးအေးအားလိပ်ထားသည့် ဖျာလိပ်ကြီးကိုဖွင့်ကြည့်ကြလေသည်။ ဖိုးအေးလက်ထိပ်၊ ခြေထိပ်တွင်ချည်ထားသည့် ကြိုးများအား ဖြေပေးလိုက်သည့်အခါ ဖိုးအေးမှာ ငုတ်တုတ်ထထိုင်တော့သည်။
“ဟယ်၊ ငါ့သားလေးမသေဘူး၊ ဖိုးအေးမသေဘူးတော့”
ဒေါ်စောမှာ အော်ဟစ်လေတော့သည်။ တရှုံ့ရှုံ့ဖြင့် ငိုကြွေးနေသည့် ကြာညိုမှာလည်း ဖိုးအေးဆီသို့ပြေးသွားလိုက်ပြိး ဖိုးအေးအားပွေ့ဖက်လိုက်လေတော့သည်။
သေရွာပြန်ဖိုးအေးအဖြစ်ကား သီလရွာကလေးတွင် ဟိုးလေးတကျော်ဖြစ်သွားသည်။ ဖိုးအေးမှာ သေရွာမှပြန်လာပြီးသည့်နောက်ပိုင်းတွင် လုံးဝပြောင်းလဲသွားတော့သည်။ သူတွေ့ကြုံခဲ့သည့် အတွေ့အကြုံများကိုပြောပြသော်လည်း ယုံသူလည်းရှိ၏၊ မယုံသူလည်းရှိပေသည်။
“ကျုပ်၊ ကျုပ်ဘယ်လိုဖြစ်သွားတာလဲဗျာ”
ဖိုးအေးက ရွာလူကြီးဦးရေချမ်းအား မေးမြန်းလေသည်။
“မင်းတောလယ်သွားရင်း ပြန်မလာလို့ လိုက်ရှာကြတာပဲကွ၊ မင်းက မင်းအမေကို ကျုံးတောင်ဘက်သွားမယ်ဆိုပြီး ပြောသွားတာကိုးကွ၊ ငါတို့လိုက်ရှာရင်း တောင်ချိုင့်ကြားတစ်နေရာရောက်တော့ မင်းကိုတွေ့တာပဲ၊ အဲဒီတုန်းက အသက်ငွေ့ငွေ့ရှိသေးတယ်၊ ဒါနဲ့ ငါတို့တွေ မင်းကိုရွာပြန်သယ်ခဲ့ကြတယ်၊ ရွာရောက်ပြီး နောက်နေ့မှာ မင်းအသက်မရှူတော့ဘူးကွ၊ ဒါနဲ့ မင်းကိုသဂြိုဟ်ဖို့ပြင်ဆင်ကြတာပေါ့၊ ဒီနေ့က မင်းရဲ့သုံးရက်မြောက်နေ့၊ မြေချတဲ့နေ့ပဲကွ”
“ဟာ၊ ကံကောင်းတာပေ့ါဗျာ၊ ကျုပ်ကိုမြေကြီးထဲမြှုပ်လိုက်ရင်တော့ ကျုပ်သေမှာအမှန်ပဲဗျ”
“အေး၊ မင်းပြောပုံအရဆိုရင် မင်းရောာက်ခဲ့တဲ့နေရာက ကျုံးတောင်ခြေရင်းက ဘီလူးသိုက်ဖြစ်မယ်ကွ၊ မင်းတွေ့ခဲ့တဲ့လူတွေကတော့ ဘီလူးတွေဖမ်းစားထားတဲ့လူတွေထင်ပါတယ်”
“ဟုတ်မယ်သူကြီးရာ၊ ဘီလူးတွေပြောပုံအရဆိုရင် အကုသိုလ်များတဲ့လူတွေကို သူတို့ကဖမ်းစားခွင့်ရှိတယ်လို့ဆိုတာပဲ”
“အေးလေ၊ မင်းလည်း ဒီလောက်ဆို သိသင့်ပြီဖိုးအေး၊ မင်းအခုလိုအသက်ရှင်ရတာ မင်းအမေကြောင့်ကွ၊ ဘီလူးတွေက မင်းကိုပြန်လွတ်ပေးလိုက်ရတယ်ဆိုတာကလည်း မင်းက အရက်သောက်၊ သူ့အသက်သတ်တယ်ဆိုပေမယ့် မိဘကိုချေးအစသေးအစလုပ်ကျွေးပြုစုနေလို့ပဲကွ၊ ငါဖတ်ထားခဲ့တဲ့ ကျမ်းဂန်တွေအရတော့ မိဘကိုလုပ်ကျွေးတဲ့လူကို သိကြားမင်းကတောင်မှ ရှိခိုးပူဇော်ရတယ်လို့ ကြားဖူးတယ်၊ ဒါကြောင့် ဘီလူးတွေက မင်းကိုရန်မပြုရဲဘဲ ပြန်လွှတ်ပေးခဲ့တာပေါ့ကွ”
“ကျုပ်နားလည်ပါပြီ သူကြီးရာ၊ သူတို့က ကျုပ်ကိုလည်းပြောလိုက်သေးတယ်၊ မင်းကိုခဏပြန်လွတ်ပေးတာတဲ့၊ မင်းအမေသေရင် မင်းကိုပြန်ခေါ်မယ်တဲ့ကွာ”
“ဒါက မင်းအတွက်အချိန်ပေါ့ကွာ၊ ဒီအချိန်အတွင်းမှာ မင်းပြောင်းလဲနိုင်ဖို့ ကြိုးစားရမယ် ဖိုးအေး”
ထိုအခါ အနားတွင်ထိုင်နေသည့် ကြာညိုက
“ကိုဖိုးအေးပြောင်းလဲတဲ့အခါ သမီးလည်းဘေးနားကနေပြီး ကူညီချင်ပါတယ်အဖေ”
ကြာညိုပြောလိုက်သည့်အခါ ဦးရေချမ်းက ခေါင်းညိတ်လိုက်ပြီး
“ကောင်းပြီသမီး၊ အဖေဖိုးအေးကိုစောင့်ကြည့်မယ်၊ ဘာမှသိပ်မလိုပါဘူးကွာ၊ ဖိုးအေးတစ်ယောက် အရက်သောက်တာကို လျော့နိုင်ရင်၊ ပြီးတော့ သူ့အသက်သတ်တဲ့အလုပ်တွေကို စွန့်လွှတ်နိုင်တယ်ဆိုရင်တော့ အဖေသူ့ကိုသမီးနဲ့သဘောတူပေးမယ်”
ကြာညိုက အလွန်ပျော်ရွှင်သွားကာ ဖိုးအေးလက်ကိုဆွဲလိုက်ရင်း
“ကိုဖိုးအေး၊ အကိုကြားတယ်မဟုတ်လား”
ဖိုးအေးက ကျေကျေနပ်နပ်ကြီးပြုံးလိုက်ကာ ခေါင်းညိတ်လိုက်တော့သည်။
ထိုနောက်ပိုင်းမှစ၍ ဖိုးအေးတစ်ယောက် အပြောင်းလဲကြီး ပြောင်းလဲသွားလေသည်။ အရက်လုံးဝမသောက်သည်မဟုတ်သော်လည်း ရွာတွင်သာရေးနာရေး၊ ပျော်ပွဲရွှင်ပွဲရှိသည့်အခါလောက်မှသာ အရက်သောက်တတ်သည်။ သူ့အသက်သတ်သည့် မုဆိုးအလုပ်ကိုတော့ ရာသက်ပန်ရှောင်ကြဉ်လိုက်နိုင်သည်။ ဖိုးအေးမှာ တောထဲတောင်ထဲ သစ်ခုတ်၊ ဝါးခုတ်ခြင်း လုပ်ငန်းကိုသာ ပြောင်းလဲလုပ်ကိုင်တော့သည်။
နောက်ပိုင်းတွင် ရွာလူကြီးဦးရေချမ်းက ဖိုးအေးအား ယာခင်းများကို သူရင်းငှားလုပ်ကိုင်စိုက်ပျိုးစေသည်။ ယာကွက်အသစ်များဖော်ဆောင်သည့်အခါတွင်လည်း ဖိုးအေးအား ခွဲပေးခဲ့သည်။ တောင်သူလယ်လုပ်သည့်လုပ်ငန်းမှာ ပင်ပန်းလှသည်ဆိုသော်လည်း ဖိုးအေးတို့သားအမိနှစ်ယောက်အတွက်တော့ မပူမပင်နေနိုင်လေသည်။
ထိုမျှမကသေး ရွာတွင် လမ်းပြင်၊ တံတားဖောက်လုပ်ငန်းများတွင် ဖိုးအေးက ထိပ်ဆုံးက ပါဝင်ဆောင်ရွက်တတ်သည်။ သာရေးနာရေးများဆိုလျှင် ဖိုးအေးမပါလျှင် မပြီးသည့်နှယ်၊ မိခင်ကြီးအား ကျေးဇူးဆပ်သည်ဟုဆိုကာ ဖိုးအေး ရဟန်းဝတ်ခဲ့သည်မှာပင် တစ်လခန့်ကြာမြင့်လေသည်။ နောက်ပိုင်း မိခင်ကြီးကျန်းမာရေးကြောင့်သာ ဖိုးအေး လူပြန်ထွက်လိုက်ရသည်။ တစ်နှစ်ခန့်ကြာသည့်အခါ ဖိုးအေးနှင့်ကြာညိုတို့မှာ ရွာတွင်မင်္ဂလာပွဲကျင်းပကြတော့သည်။ ရွာလူကြီးဦးရေချမ်းက ဖိုးအေးအတွက် လယ်ယာမြေများကိုလက်ဖွဲ့ပေးခဲ့သေးသည်။ ဖိုးအေးနှင့် ကြာညိုတို့မှာ ဒေါ်စောနှင့်အတူ နေထိုင်ကြလေသည်။
အိမ်ထောင်သက် တစ်နှစ်ခန့်ရသည့်အခါ ဖိုးအေးမိခင် ဒေါ်စောတစ်ယောက် လူကြီးရောဂါဖြင့် သေဆုံးသွားလေတော့သည်။ ဖိုးအေးမှာ မိခင်ကြီးသေဆုံးပြီးသည့်အခါ ရတက်မအေးနိုင်အောင်ဖြစ်ရသည်။ အဘယ့်ကြောင့်ဆိုသော် ဘီလူးများက သူ့အမေဒေါ်စောသေလျှင် လာခေါ်မည်ဟုပြောထားသောကြောင့်ဖြစ်သည်။ ကြာညိုထံတွင်လည်း ဖိုးအေးနှင့်ရသည့်ကိုယ်ဝန်က အရင့်အမာကြီးဖြစ်နေချေပြီ။
“လာခေါ်ရင်တော့ လိုက်သွားရုံသာရှိတာပေါ့ ကြာညိုရယ်၊ သိပ်စိတ်မကောင်းမဖြစ်ပါနဲ့၊ အကိုက တစ်သက်လုံး အကုသိုလ်အလုပ်တွေကို လုပ်ခဲ့တဲ့သူပဲမဟုတ်လား”
“ဒါတော့ ဒါပေါ့ကိုဖိုးအေးရယ်၊ ကိုဖိုးအေးမရှိရင် ကြာညိုဘယ်လိုလုပ်ရမလဲ”
“ကြာညိုရဲ့အဖေအမေတွေလည်းရှိပါသေးတယ် ကြာညိုရာ၊ မိဘမောင်ဖွားတွေလည်း အများကြီးပဲဟာ၊ အကို့သားလေးကို မွေးပြီးရင် သူ့ကိုတခြားအလုပ်တွေမလုပ်ခိုင်းပဲ သင်္ကန်းပဲစီးပေးလိုက်ပါ၊ သူ့ကိုဘုန်းကြီးစာဝါလိုက်ခိုင်းပြီး ဘုန်းကြီးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးပါ ကြာညိုရာ၊ ဒါအကို့ရဲ့ နောက်ဆုံးဆန္ဒပါ”
“စိတ်ချပါ ကိုဖိုးအေး၊ ကြာညို ကိုဖိုးအေးဆန္ဒကိုဖြည့်ဆည်းပေးမှာပါ”
မိခင်ကြီးသေဆုံးပြီး ရက်လည်ပြီးဆုံးခဲ့လေသည်။ မနက်ပိုင်းရက်လည်ဆွမ်းသွပ်တရားနာအပြီး ညနေပိုင်းတွင်တော့ မိုးတိမ်တောင်များ အုံ့မှိုင်းတက်လာကာ မိုးရိပ်ဆင်နေလေသည်။
“ကိုဖိုးအေး၊ ကိုဖိုးအေး ရှိပါသလားရှင်”
ထိုစဉ် ခြံရှေ့သို့ မိန်းကလေးနှစ်ဦးရောက်လာလေသည်။ ကြာညိုမှာ ထိုမိန်းကလေးနှစ်ဦးအားပြေးကြည့်သည်။ ကိုဖိုးအေးလည်း ထိုမိန်းကလေးများကို ကြည့်လိုက်ရာ ကျုံးတောင်တောအုပ်အတွင်း တွေ့ဖူးသည့် မိန်းကလေးနှစ်ဦးဖြစ်နေသည်ကိုတွေ့ရသည်။
“ကြာညို၊ အဲဒါသူတို့ပဲ၊ သူတို့ အကို့ကိုလာခေါ်တာပဲ”
ကြာညို၏ မျက်ဝန်းတွင် မျက်ရည်များစီးကျလာကာ ငိုယိုနေတော့သည်။
“မငိုပါနဲ့ကြာညိုရယ်၊ အကို့ရဲ့ဆန္ဒကိုသာ အကောင်အထည်ဖော်ပေးပါ၊ အကိုသူတို့နဲ့လိုက်သွားတော့မယ်”
ဖိုးအေးတစ်ယောက် အိမ်ထဲမှထွက်လာကာ ထိုမိန်းကလေးနှစ်ယောက်အနောက်သို့လိုက်ခဲ့သည်။ ထိုမိန်းကလေးများမှာ ဖိုးအေးအရှေ့မှ ဦးဆောင်သွားကာ မကြာခင်အချိန်မှာပင် ကျုံးတောင်ခြေသို့ရောက်လာခဲ့ကြသည်။ ကြီးမားသည့် ကျောက်တုံးကြီးနားအရောက်တွင် မိန်းကလေးနှစ်ယောက်က ရပ်တန့်လိုက်ကာ ဖိုးအေးဘက်သို့လှည့်လိုက်သည်။ ဖိုးအေးက သက်ပြင်းတစ်ချက်ချလိုက်ပြီး
“ကျုပ်ကိုခေါ်သွားကြပါတော့ဗျာ၊ ကျုပ်အဆင်သင့်ဖြစ်ပါပြီ၊ ကျုပ်တစ်သက်လုံးပြုလုပ်ခဲ့တဲ့ အကုသိုလ်ကြွေးတွေအတွက် ပေးဆပ်ဖို့အသင့်ဖြစ်နေပါပြီ”
ထိုမိန်းကလေးနှစ်ယောက်က ဖိုးအေးကိုကြည့်ကာ ရယ်မောကြလေသည်။ ထိုကျောက်တုံးကြီးအနောက်မှ ဘီလူးမကြီးထွက်ပေါ်လာသည်။
“မင်းကို ငါတို့ခေါ်လိုက်တာ ပေးစရာရှိလို့ပါ”
“ဟင်၊ ဒါ၊ ဒါဆိုကျုပ်ကိုသတ်မလို့မဟုတ်ဘူးပေါ့”
ဘီလူးမကြီးက ခေါင်းခါလိုက်ကာ
“မင်းမိန်းမရဲ့ဗိုက်ထဲမှာ ငါ့သားကြီးရောက်နေသကွဲ့”
“ဗျာ၊ သားကြီးဆိုတော့ ဟိုဘီလူးကြီးလား”
“အမှန်ပဲ ဖိုးအေး၊ ငါ့သားဟာ ဘီလူးဘဝကလာတာဆိုတော့ နည်းနည်းကြမ်းတမ်းနေလိမ့်မယ်၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မင်းက သူ့ကိုသင်္ကန်းစီးပေးရမယ်၊ သူ့ကိုသာသနဘောင်မှ မွေ့လျော်အောင်လို့ လုပ်ပေးရမယ်၊ မင်းကို အဲဒါပြောဖို့ခေါ်လိုက်တာပဲ”
“ဟုတ်၊ ဟုတ်ကဲ့”
“ငါ့သားကလေးကြီးလာရင် ဒီတောင်ကြီးတစ်ဝိုက်မှာ ဗုဒ္ဓသာသနာပြန့်ပွားဖို့ ကြိုးစားမှာဖြစ်တယ်၊ ဒီအခါ ငါတို့တွေလည်း သားလေးရဲ့ကုသိုလ်ကောင်းမှုတွေကို ရရှိပြီးတော့ ပိုမိုမြင့်မြတ်တဲ့ ဘုံဘဝကို ကူးပြောင်းကြရမှာဖြစ်တယ်၊ ဒါကြောင့် မင်းကိုခေါ်ပြီး အလေးအနက်ပြောရတာပဲ ဖိုးအေး”
“စိတ်ချပါဗျာ၊ ကျုပ် ဘီလူးမကြီးပြောတဲ့အတိုင်း လုပ်ပေးပါ့မယ်”
ဘီလူးမကြီးက ဖိုးအေးလက်ကိုဆွဲယူလိုက်ပြီးနောက် ဖိုးအေးလက်ဝါးကိုဖြန့်လိုက်ကာ သူ့လက်ချောင်းများအတွင်းမှ ငုံးဥအရွယ်အစားခန့်ရှိ ရွှေဥလုံးများကို ထုတ်သွန်ချပေးလိုက်သည်။ စုစုပေါင်း ရွှေဥ ခုနစ်လုံးဖြစ်သည်။ ရွှေဥတစ်လုံးလျှင် သုံးကျပ်သား၊ လေးကျပ်သားခန့်ရှိမည်ထင်ရသည်။
“ဒါတွေနဲ့ ငါတို့အတွက် ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီး ငါတို့ကိုအမျှဝေပေးပါ”
ဖိုးအေးခေါင်းညိတ်လိုက်သည့်အခါ ဘီလူးများမှာ ရုတ်ခြည်းပျောက်ကွယ်သွားတော့သည်။ ဖိုးအေးလည်း မိုးသည်းသည်းထဲတွင် ရွှေဥများလက်တစ်ဆုပ်စာကိုင်လျှက် အိမ်သို့ပြန်လာခဲ့လေသည်။ ကြာညိုမှာ အိမ်တွင်ငိုနေလေသည်။ ထို့နောက် ငေးငေးငိုင်ငိုင်ဖြင့် အိမ်ထဲဝင်လာသည့် ဖိုးအေးကိုမြင်လိုက်သည့်အခါမှ ဖိုးအေးကိုပြေးဖက်လိုက်လေတော့သည်။
ယခုဆိုလျှင် နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သည်။ ကျုံးတောင်အနီးတစ်ဝိုက်တွင်လည်း ဘုရားစေတီပုထိုးများ၊ သာသနိက အဆောက်အအုံများဖြင့် စည်ကားနေကာ တရားဓမ္မအသံများဖြင့် ဝေေ၀ဆာလျှက် ရှိနေပါတော့သည်။
ပြီးပါပြီ။
Leave a Reply