ရွှေပေါက္ကံ

တာမဟုတ်လားဗျာ။

“ဒါဆိုအဲဒီအချိန်ကတည်းက ဆရာကြီးက ကျုပ်ကိုယ်ခဲ့တာပေါ့နော်”

“မင်းပဲ အထက်ဝိဇ္ဇာတွေကယ်တင်ကြပါဆိုပြီးတော့ အကူအညီတောင်းခဲ့တယ်မဟုတ်လားကွ၊ ဒါကြောင့်ငါလာရတာပေါ့”

“ကျေးဇူးကြီးပါတယ်ဆရာကြီးရာ”

“နောက်ဆုံး မင်းဆီကို ဘုရားပျံရသေ့ကြီးကို လွှတ်လိုက်တာငါပဲကွ”

“ဗျာ၊ အဲဒါတကယ်ပဲလား”

“ဝိဇ္ဇာဖျက်သံလျက်အစွမ်းကို ဖျက်နိုင်တဲ့လူက ဘုရားပျံရသေ့ကြီးပဲရှိတယ်ကွ၊ ဘုရားပျံရသေ့ကြီးက အဲဒီအချိန်တုန်းက မဟာမြိုင်တောကြီးထဲမှာရောက်နေခဲ့တာ၊ ငါက သူ့ကိုစေလွှတ်ပြီးအကူအညီတောင်းလို့သာ ပြည်မြို့ကိုဆင်းလာတာပဲကွ”

“မဟာမြိုင်တောကြီးနဲ့ ပြည်မြို့နဲ့ဆိုတာ အဝေးကြီးမဟုတ်လားဗျာ”

“ဒါကတော့ သူ့နည်းသူ့ဟန်နဲ့ရောက်အောင်လာတာပေါ့ကွာ၊ ကဲ ကဲ ပြီးတာတွေကို ပြောမနေနဲ့တော့၊ အခုမင်းဆီကိုလာရတာက မင်းကိုလမ်းညွှန်ပေးဖို့ပဲကွ”

ကျုပ်လည်း လက်အုပ်ချီလိုက်ပြီး

“လမ်းညွန်ပြသပေးတော်မူပါ ဆရာကြီး”

ဆရာကြီးအောင်က ခေါင်းညိတ်ပြီးတော့

“ဝိဇ္ဇာမဟာဂန္ဓာရီလမ်းစဉ်မှာ ဟောဒီပြည်မြို့ကပဲ ထူးခြားနေတာမဟုတ်ဘူး၊ ပြည်မြို့က ခရီးလမ်းအစပဲဖြစ်တယ်၊ ပြည်တော်ဝင်ပြီးပြီဆိုရင်တော့ ဒုတိယအဆင့်အနေနဲ့ ပြည်တော်ပေါက်ကျင့်စဉ်ကိုလိုက်ရမယ်”

“ပြည်တော်ပေါက်ကျင့်စဉ်တဲ့လား၊ အမိန့်ရှိပါအုံးဆရာကြီး”

“ပြည်တော်ပေါက်ကျင့်စဉ်ကျင့်ဖို့အတွက် မင်းက ပေါက္ကံပြည်ကိုခရီးနှင်ရမယ်”

” ပေါက္ကံပြည်ဆိုတာ ဘယ်နေရာကိုပြောတာလဲဆရာကြီး”

“ခုခေတ်လူတွေခေါ်တဲ့ ပုဂံပေါ့ကွာ၊ ဝိဇ္ဇာလမ်းစဉ်မှာ ပေါက္ကံပြည်ဆိုတာ ချန်ထားလို့မရတဲ့ အောင်မြေတစ်ခုပဲကွ၊ ပေါက္ကံရာမခေါ်တဲ့ တိုင်းပြည်က ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ကမ်းမှာ တည်ရှိတယ်၊ ဝိဇ္ဇာလောကမှာ ပေါက်ပေါက်မြောက်မြောက်ဖြစ်စေဖို့အတွက် ပေါက္ကံပြည်လို့ခေါ်ကြတယ်၊ အဲဒီနေရာမှာ ရှင်အဇ္ဇဂေါဏလို၊ ရှင်မထီးလို ဝိဇ္ဇာကြီးတွေအပြင် မရွှေမတွက်နိုင်တဲ့ ဝိဇ္ဇာတွေ အကြံအစည်ပေါက်မြောက်အောင်မြင်ခဲ့တဲ့နေရာလည်းဖြစ်ပြန်တယ်”

ကျုပ်တော့ တစ်ခါမှမကြားဖူးတဲ့အရာတွေမို့လို့ နားစိုက်ထောင်နေမိပါရောဗျာ။

“ပေါက္ကံပြည့်ရှင် အနော်ရထာမင်းကြီးဆိုတာကလည်း ထူးမြတ်တဲ့ပုဂ္ဂိုလ်တစ်ဦးပေပဲ၊ အထက်ဝိဇ္ဇာတွေရဲ့ ဆောင်မမှုနဲ့ သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေရဲ့ စောင့်ရှောက်မှုနဲ့ သာသနာပြုခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ၊ ပေါက္ကံပြည်မှာ ရှင်လေးရှင်နဲ့ ပြည့်ငါးပြည့်ဆိုတာရှိတယ်၊ အဲဒီမှာ မင်းကျင့်စဉ်တွေသွားကျင့်ရမယ်”

“ရှင်လေးရှင်ဆိုတာ ဘာကိုပြောတာပါလဲဆရာကြီး”

“ပေါက္ကံအောင်မြေကို လေးရပ်လေးနယ်ခွဲခြားတယ် ရှင်လေးရှင်ဆိုတာက တုရင်းတောင်ထိပ်က တုရင်းတောင်စေတီ၊ တန့်ကြည့်တောင်ထိပ်က တန့်ကြည့်တောင်စေတီ၊ နောက်ပြီးတော့ ရွှေစည်းခုံစေတီ၊ ဧရာဝတီမြစ်ကမ်းက လောကနန္ဒာစေတီ၊ ဒီစေတီလေးဆူထဲမှာ စွယ်တော်ရှင်တွေဌာပနာထားလို့ ရှင်လေးရှင်လို့ခေါ်တာပဲ”

“ကျုပ်သေချာမှတ်သားထားပါပြီဆရာကြီး”

“ရှင်လေးရှင်ကို လူသိများပေမယ့် ပြည့်ငါးပြည့်ကိုတော့ လူသိပ်မသိကြဘူး၊ ပြည့်ငါးပြည့်ဆိုတာကတော့ ဆုတောင်းပြည့်တဲ့ဘုရားငါးဆူကိုပြောတာဖြစ်တယ်၊ အဲဒီဘုရားဆင်းတုတော်တွေကို အနော်ရထာမင်းက ဝိဇ္ဇာတွေရဲ့အကူအညီနဲ့ ထုဆစ်လှူဒါန်းခဲ့တာပဲ၊ ဒါကြောင့် ဒီဆင်းတုတွေက သာမန်လူတွေအတွက်ဆုတောင်းပြည့်ရုံသာမက ဝိဇ္ဇာတွေအတွက်တော့ အောင်ဓါတ်ကိန်းတဲ့ဘုရားဆင်းတုတွေဖြစ်တယ်၊ မူလက ပြည့်ဘုရားကိုးဆူရှိတယ်ဆိုပေမယ့် နောက်ပိုင်းလူတွေ သီလပျက်လာကြတဲ့အခါ ဝိဇ္ဇာတွေက ဘုရားကိုးဆူလုံးကို လူတွေမမြင်တွေ့နိုင်အောင် ကွယ်ပစ်ဖို့ စီစဉ်ခဲ့ကြတယ်”

“ဒါပေမယ့်လည်း နောင်လာနောက်သား ဝိဇ္ဇာအဖြစ်အားထုတ်မယ့်လူတွေ အခက်အခဲဖြစ်မှာစိုးလို့ တန်ခိုးကြီးတဲ့ဘုရားလေးဆူကို ကွယ်ပစ်ပြီးတော့ ဘုရားငါးဆူကိုချန်ထားခဲ့တယ်”

“အဲဒီဘုရားတွေက ဘယ်မှာရှိတာပါလဲ”

“ဓမ္မရာဇိက ဘုရားမှာနှစ်ဆူ၊ ရွှေဆံတော်ဘုရားမှာတစ်ဆူ၊ လောကနန္ဒာဘုရားမှာတစ်ဆူ၊ တာမဏီဘုရားမှာတစ်ဆူ စုစုပေါင်းငါးဆူရှိတယ်”

“ဒါတော့ဒါပေ့ါ ဆရာ​ကြီးရယ်၊ ဒါပေမယ့် ပုဂံမှာဘုရားဆိုတဲ့စာအတိုင်း ဘုရားဆင်းတုတွေအများကြီးရှိတယ်မဟုတ်လား၊ ဒီပြည့်ငါးပြည့်ဘုရားဆင်းတုတွေကို ကျုပ်ကဘယ်လိုလုပ်ပြီးလိုက်ရှာရမှာလဲ”

ဆရာကြီးက ခေါင်းခါပြပြီး

“ဒီဘုရားဆင်းတုတွေက သေသေချာချာကြည့်လိုက်မယ်ဆိုရင် တခြားဘုရားဆင်းတုတွေနဲ့ မတူဘူးကွ၊ သူ့ရဲ့ထူးခြားချက်တွေကို ငါပြောပြမယ်”

“အဲဒီဆုတောင်းပြည့်ဘုရားတွေအားလုံးက တင်ပျဉ်ခွေထိုင်ထားပြီးတော့ ခြေဖဝါးတွေကိုအထက်လှန်ထားကြတယ်၊ နောက်ပြီး အဲဒီဆင်းတုတော်တွေရဲ့လက်တော် ခြေတော်တွေမှာလည်း စက်လက္ခဏာတွေ၊ ဗွေတော်တွေ၊ အရေးအကြောင်းတွေ ထင်ထင်ရှားရှားပါနေတတ်တယ်”

“နောက်တစ်ခုကတော့ ဆင်းတုတော်တွေအားလုံးက ကြာပလ္လင်ခံထားတယ်၊ ခါးတော်သိမ်တယ်၊ ပြေပြစ်တဲ့သွင်ပြင်ရှိတယ်၊ မျက်ခုံးတော်တွေက နှာယောင်ကြားကနေ အပေါ်ကိုခုံးပြီးတော့တက်သွားတယ်၊ ဥဏ္ဏလုံမွေရှင်တော်ကို အထက်မှာကြာဖူးပုံစံ လုံးလုံးမောက်မောက်တပ်ထားတယ်၊ အထူးဆန်းဆုံးကတော့ ဒီဆုတောင်းပြည့်ဘုရားတွေအားလုံးက ဈာန်သမာပတ်ဝင်စားနေတဲ့ ဈာနမုဒြာဖြစ်နေကြတာပါပဲ”

ဆရာကြီးက ဆက်ပြောတယ်ဗျ။

“ဈာန်ဆိုတာ ဝိဇ္ဇာတွေအတွက်တော့ အလွန်လိုအပ်တဲ့ သိဒ္ဓိမဟိဒ္ဓိတစ်မျိုးပဲကွ၊ ဒီတော့ ဒီဘုရားဆင်းတုတော်တွေဆီသွားပြီးတော့ ဈာန်အဘိဉာဏ်အတွက် အဓိဌာန်ပြီးအားထုတ်ရမယ်”

“ဒါဆိုရင် ကျုပ်က ဘယ်နှရက်ကြာအောင် အားထုတ်ရမှာပါလဲဆရာကြီး”

“ခုနက ရှင်လေးရှင်နဲ့ ပြည့်ငါးပြည့်မှာ တစ်နေရာကိုငါးရက်ကျနဲ့ အားထုတ်ရမယ်၊ စုစုပေါင်း လေးဆယ့်ငါးရက်ပြည့်ရမယ်၊ အရင်ဆုံး ရွှေစည်းခုံကနေစရမယ်၊ နောက်ဆုံးတော့ တာမဏီဘုရားက ဆုတောင်းပြည့်ဘုရားမှာအဆုံးသတ်ရမယ်၊ ဆုတောင်းပြည့်ဘုရားငါးဆူထဲမှာ တာမဏီဘုရားကဆင်းတုက မျက်လုံးပွင့်လျှက်သားအနေအထားရှိတယ်၊ ပွင့်တယ်ဆိုတာ ကောင်းတဲ့ဓါတ်၊ အောင်မြင်တဲ့ဓါတ်၊ ပေါက်မြောက်တဲ့ဓါတ်ဖြစ်တာမို့ နောက်ဆုံးအဆုံးသတ်က တာမဏီဘုရားမှာဖြစ်ရမယ်”

“ကျုပ်နားလည်ပါပြီဆရာကြီး”

“ကောင်းပြီအောင်ရှိန်၊ မင်းရဲ့ခရီးလမ်းဖြောင့်ဖြူးပါစေလို့ ငါဆုတောင်းလိုက်ပါတယ်”

ဆရာကြီးထထွက်သွားဖို့ မတ်တပ်ရပ်လိုက်တယ်ဗျ၊ နောက်တော့ ချက်ချင်းထွက်မသွားသေးဘဲနဲ့ တွေတွေကြီးရပ်နေသေးတယ်။ ပြီးတဲ့အခါကျမှ ကျုပ်ကိုလှည့်ကြည့်ပြီး

“မင်းအတွက် လက်ဆောင်ကလေးတစ်ခုပေးလိုက်မယ်အောင်ရှိန်”

ဆရာကြီးက သူ့အင်္ကျီစအောက်ထဲကိုလက်နှိုက်တယ်ဗျ၊ နောက်တော့ လက်ကိုပြန်ထုတ်လိုက်တဲ့အခါ ရွှေပြားကလေးတစ်ပြားထွက်လာတယ်၊ ရွှေပြားကလေးပေါ်မှာတော့ လေးထောင့်ပုံစံကလေးတစ်ခုရှိပြီး အဲဒီလေးထောင့်ကလေးထဲမှာ ဝလုံးကလေးတစ်လုံးကိုရေးဆွဲထားတယ်ဗျ၊ ကျုပ်ကြည့်ရတာကတော့ အင်းကွက်တစ်ခုနဲ့ပိုပြီးဆင်တူနေပါတယ်ဗျာ။ ကျုပ်လည်း လက်နှစ်ဖက်နဲ့သေသေချာချာယူလိုက်ပြီးတော့

“ဒါက ဘာလေးများလဲဆရာကြီး”

“တစ်ပေါက်အင်းလို့ခေါ်တယ်”

“တစ်ပေါက်အင်းဆိုတာတော့ တစ်ခါမှမကြားဖူးဘူးဆရာကြီး”

“အင်းဝိဇ္ဇာမှန်ရင်သိပါလိမ့်မယ်ကွ၊ အင်းပေါင်းတစ်သောင်းဘယ်လိုစွမ်းစွမ်း တစ်ပေါက်အင်းလောက်မစွမ်းဘူးတဲ့ကွ၊ တစ်သောင်းဖြစ်ဖို့အတွက် တစ်ကအခြေခံပဲကွ၊ တစ်ကနေမှ ပွားယူပြီးတော့ လေးပေါက်အင်း၊ ရှစ်ပေါက်အင်းတွေ ဖြစ်သွားကြတယ်၊ ဘယ်အင်းတွေ ဘယ်လိုစွမ်းစွမ်း သူ့ရဲ့အခြေခံမိခင် တစ်ပေါက်အင်းလောက်တော့ မစွမ်းဘူးလို့အဆိုရှိသကွ”

ရွှေပြားကလေးကတော့ ပါးနေလိုက်တာ စာရွက်ကလေးတစ်ရွက်ကျနေတာပါပဲဗျာ၊ ပျော့ပြောင်းလိုက်တာလဲ ပိုးသားကလေးလိုပဲဗျ၊ တွန့်ကြေတာ၊ ကျိုးသွားတာမျိုးမရှိဘဲ ဘယ်လိုကိုင်ကိုင်တောင့်တောင့်ပြန့်ပြန့်ကလေးဖြစ်နေပါတယ်ဗျာ၊ ကျုပ်လည်း အင်းကွက်ကိုကြည့်ရင်း

“ဒါကို ဘယ်လိုသုံးရမလဲဆရာကြီး”

“မင်း ဉာဏ်ရှိသလို အသုံးချပေါ့ကွာ”

ဆရာကြီးကပြောပြီးတော့ တစ်ဖက်လှည့်ပြီးထွက်သွားတယ်ဗျ၊ သွားတာကတော့ သိပ်ဝေးဝေးလံလံမဟုတ်ပါဘူးဗျာ၊ ညောင်ပင်အနောက်နားက တန်ဆောင်းတစ်ခုထဲဝင်သွားတာပါ၊ ကျုပ်လည်း လွယ်အိတ်ကောက်လွယ်ပြီး မတ်တပ်ထရပ်လိုက်တယ်ဗျ၊ နောက်တော့ ဆရာကြီးအနောက်ပြေးလိုက်သွားတော့ ဆရာကြီးကိုမတွေ့ရတော့ဘူး၊ ထူးဆန်းတာတစ်ခုကတော့ အဲဒီတန်ဆောင်းထဲမှာ ဆရာကြီးနဲ့ပုံစံတူ ဆင်းတုတစ်ခုရှိနေတာပါပဲဗျာ။

ဆင်းတုကိုသေချာကြည့်တော့မှ ဆင်းတုရဲ့အခြေနားမှာ “ပထမံဘိုးဘိုးအောင်” လို့ရေးထားသဗျ။

“ပထမံဘိုးဘိုးအောင်ဆိုပါလား၊ နေပါအုံး၊ ခုနက ဆရာကြီးနာမည်ကလည်း မောင်အောင်ဆိုတော့ ဧကန္တ ခုနကဆရာကြီးက ဘိုးဘိုးအောင်ကြီးများလား”

ကျုပ်ခေါင်းထဲအတွေးတစ်ခုဝင်လာတယ်ဗျ။

“ဟုတ်ပြီ၊ ဘိုးဘိုးအောင်က အင်းဝိဇ္ဇာကြီးမဟုတ်လား၊ ငါ့ကိုလည်း အင်းကွက်ပေးသွားတာဆိုတော့ သူမှ သူအစစ်ပဲဖြစ်ရမယ်”

ကျုပ်လည်း ဆင်းတုကိုကြည့်လိုက်ပြီး

“ကဲ ဘိုးဘိုးရေ၊ ဘိုးဘိုးပြောတဲ့အတိုင်း ကျုပ်ဒီနေ့ပဲ ပေါက္ကံရာမကို လှေနဲ့ဆန်ပြီး တက်တော့တယ်ဗျာ”

ကျုပ်ပြောပြီးလှည့်ထွက်လာတော့ ရယ်သံတစ်ခုကြားလိုက်ရတယ်ဗျ၊ တစ်ခုခုကိုကျေကျေနပ်နပ်နဲ့ရယ်တဲ့အသံဗျ၊ ကျုပ်လည်း ဖြတ်ခနဲလှည့်ကြည့်လိုက်တော့ တန်ဆောင်းထဲမှာ ဆင်းတုရယ်၊ ကျုပ်ရယ်ကလွဲလို့ လူတစ်ဦးတစ်ယောက်မှ ရှိမနေပါဘူးဗျာ၊ ဒါနဲ့ ကျုပ်လည်း ဘုရားပေါ်ကနေ ခပ်မြန်မြန်ဆင်းခဲ့တယ် ဆိုပါတော့။

(၂)

ဒီလိုနဲ့ ညောင်ဦးမြို့ကိုရောက်ခဲ့ပြန်တာပေါ့ဗျာ၊ လှေဆိပ်ကဆင်းလိုက်တော့ ညအတော်မိုးချုပ်နေပြီဗျ၊ ညောင်ဦးလှေဆိပ်မှာမဆင်းဘဲ ရွှေစည်းခုံဘုရားနဲ့နီးတဲ့လှေဆိပ်မှာဆင်းလိုက်တာပါ၊ လှေဆိပ်က တက်လာတော့ ရပ်ကွက်တစ်ခုထဲကိုရောက်တယ်ဗျ၊ ညမှောင်ရီဝိုးတဝါးမှာ ရွှေရောင်ဝင်းနေတဲ့ ရွှေစည်းခုံစေတီကြီးကိုဖူးတွေ့လိုက်ရပါသေးတယ်၊ ဒါပေမယ့် အချိန်ကအတော်နောက်ကျနေပြီမို့လို့ နောက်နေ့မှသွားတော့မယ်လို့စိတ်ကူးပြီးတော့ တည်းဖို့ခိုဖို့နေရာရှာဖို့အတွက် ရပ်ကွက်ထဲကိုဖြတ်လာခဲ့လိုက်တော့တယ်။

ကျုပ်ဖြတ်လာတုန်း ရပ်ကွက်ထဲကလူတွေက စုရုံးစုရုံးနဲ့တစ်နေရာကိုပြေးတယ်ဗျ၊ တစ်ချို့အိမ်ထဲက လူတွေထွက်လာပြီးတော့လည်း ပြေးလွှားနေကြတယ်၊ ကျုပ်လည်းသိချင်သွားတာနဲ့ ပြေးနေတဲ့မိန်းကလေးတစ်ယောက်ကို လှမ်းခေါ်ပြီး

“ကလေးမ၊ လူတွေပြေးလွှားနေပါလား၊ ဘာတွေဖြစ်နေကြတာလဲ”

မိန်းကလေးက ကျုပ်ကိုသေသေချာချာကြည့်ပြီး

“မပန်းမွှေးကို ပယောဂထုတ်နေတာလေ ဦးလေးရဲ့”

“သြော်၊ ဒါကြောင့်ကိုး”

“မပန်းမွှေးကို ပယောဂဆရာငါးယောက်တိတိရှိပြီ၊ ပယောဂထုတ်တာမရဘူးလေ၊ အခုတစ်ယောက်ရော စွမ်းမလားဆိုတာ သွားကြည့်မလို့”

ပြောပြောဆိုဆိုနဲ့ မိန်းကလေးက ပြေးသွားတယ်ဗျ၊ ကျုပ်လည်း ဘာရယ်မဟုတ်ဘူး စိတ်ထဲသိချင်လာတာနဲ့ သူတို့အနောက်ကိုလိုက်ခဲ့ပါရောဗျာ၊ ဝါးလုံးတွေနဲ့အဖြစ်ကာထားတဲ့ ခြံစည်းရိုးယိုင်နဲ့နဲ့ကလေးထဲမှာ မြေစိုက်တဲကလေးတစ်တဲရှိတယ်၊ အဲဒီခြံထဲမှာတော့ လူတွေကိုအုံခဲနေတာပါပဲ၊ လူူတွေက တဲအရှေ့မှာရော၊ တဲခေါင်းရင်းဘက်က နေရာတွေမှာပါ အုံခဲပြီးတော့ အထဲကိုဝိုင်းကြည့်နေကြတယ်။ ကျုပ်တောင်မှ ဘာဖြစ်မှန်းမမြင်ရပါဘူးဗျာ၊ ကျုပ်ဝတ်ပုံစားပုံတွေ့တော့ ရွာသားတွေက နေရာဖယ်ပေးကြရင်း နောက်ဆုံးပြတင်းပေါက်အနားကိုရောက်သွားတော့တယ်။

မြေစိုက်တဲကလေးရဲ့ အိမ်ဦးခန်းကြမ်းပြင်မှာ မိန်းကလေးတစ်ယောက် ငုတ်တုတ်ထိုင်နေသဗျ၊ မိန်းကလေးကတော့ အသက်ခပ်ငယ်ငယ် နှစ်ဆယ်ကျော်လောက်ပဲထင်ရပါတယ်၊ ခပ်၀၀ဖိုင့်ဖိုင့်နဲ့ပါ၊ သူူက ဇက်ကျိုးပြီးတော့ ခေါင်းငုံ့ပြီးထိုင်နေတယ်။ သူ့အရှေ့မှာထိုင်နေတဲ့လူကတော့ ရှမ်းအင်္ကျီဝတ်ထားတဲ့လူတစ်ယောက်ပါ၊ ခေါင်းပေါင်းနဲ့ဘာနဲ့ဆိုတော့ ဆရာပုံစံပါပဲ၊ သူက ပန်းမွှေးလို့ခေါ်တဲ့ ကလေးမကိုလက်ညှိုးထိုးရင်း

“တယ်၊ ငါဆရာတစ်ယောက်လုံးရှေ့မှာ နင်ကမခန့်လေးစားလုပ်ချင်တယ်ပေါ့လား၊ ခေါင်းမော့စမ်း”

ပယောဂကုနေပေမယ့်် သူ့မှာအထက်လမ်းဆရာတွေလို ပစ္စည်းတွေမပါပုံထောက်တော့ အထက်လမ်းမဟုတ်တဲ့လူတစ်ယောက်လို့တော့ ကျုပ်ကသိလိုက်ပါတယ်၊ ဒီလူပြောပေမယ့် ပန်းမွှေးက ခေါင်းငုံ့ထားရင်း တဟီးဟီးနဲ့ရယ်တယ်ဗျ။ ရှမ်းဆရာကြီးက ဒေါသထွက်သွားတာပေါ့

“အောင်မယ်၊ ငါပြောနေတာတောင် ရယ်နိုင်သေးတယ်ပေါ့၊ ကဲ အစောင့်အကြပ်တွေ၊ ဒီကောင်မလေးကိုချုပ်လိုက်ကြ”

တခြားသူတွေမြင်ရလားမမြင်ရလားတော့မသိပေမယ့် ကျုပ်ကတော့ မည်းမည်းကြီးလေးကောင်က ရှမ်းဆရာရဲ့လွယ်အိတ်ထဲကနေ တိုးထွက်သွားတာကိုတွေ့လိုက်ရသဗျ၊ လူတစ်ယောက်နီးနီးရှိတဲ့အကောင်ကြီးတွေပါဗျာ၊ အစိမ်းသရဲတွေလို့တော့ ထင်တာပါပဲ။ လူပုံစံတော့ မထင်မရှားပဲဗျ၊ ပန်းမွှေးဆိုတဲ့မိန်းကလေးရဲ့ ခြေတွေလက်တွေကို သရဲတွေက အတင်းဆွဲနေတော့တာပဲဗျာ၊ ဒီအချိန် ပန်းမွှေးက ဘာမပြောညာမပြောနဲ့ သရဲတစ်ကောင်ကိုလက်နဲ့ပုတ်ထည့်လိုက်တာ အဲဒီသရဲကလွင့်ထွက်သွားသဗျ၊ ကျန်တဲ့သရဲတွေအနားကပ်လာတော့လည်း လက်သီးတွေနဲ့ထု၊ လက်ဝါးတွေနဲ့ပုတ်ပဲဗျ၊ သရဲလေးကောင်က တပ်ဆုတ်ပြီးတော့ ပြန်လှည့်သွားကြတယ်။ ပန်းမွှေးက ရယ်မောရင်း

“ဟား၊ ဟား နင့်သရဲတွေလောက်ကတော့ ငါကပျင်းတောင်ပျင်းသေးတယ်ဟဲ့၊ အောက်လမ်းကောင်ရဲ့”

ဒီလိုထပြောတော့ ရှမ်းဆရာကြီးက ရှူးရှူးရှဲရှဲနဲ့ ဒေါသထွက်သွားပါရောဗျာ၊ ဒါနဲ့ သူ့အိတ်ထဲကနေတစ်ခုခုနှိုက်လိုက်သဗျ၊ လက်သီးဆုပ်ကိုဖြေပြလိုက်တော့ လက်သီးထဲမှာ ရှည်မြောမြောဆေးတောင့်ကလေးတစ်တောင့်ပါတယ်။ လူတွေအားလုံးကတော့ စိတ်လှုပ်ရှားပြီးကြည့်နေကြပါရောဗျာ။

“ခင်ဗျားတို့လူနာကိုချုပ်ထားကြ၊ ဟောဒီ မကောင်းဆိုးဝါးနှင်တဲ့ ဆေးတောင့်ကို သူ့ပါးစပ်ထဲတိုက်ရမယ်”

အဲဒီလိုပြောတော့ အနားမှာထိုင်နေတဲ့ရွာသား သုံးလေးယောက်က ပန်းမွှေးလက်မောင်းတွေကိုဆုပ်ကိုင်ပြီးတော့ ချုပ်ထားကြတယ်၊ သူတို့ချုပ်တာငြိမ်ပြီဆိုတော့မှ ရှမ်းဆရာက ထလာပြီးတော့ လက်ဝါးထဲကဆေးလုံးကို ကိုင်ပြီး ပန်းမွှေးရဲ့ဆံပင်တွေကိုဆွဲပြီး ခေါင်းကိုထောင်မော့လိုက်တယ်၊ ဒီအခါ ပန်းမွှေးက ရှမ်းဆရာကို မျက်ထောင့်နီကြီးနဲ့ကြည့်ပြီး ရယ်ပါလေရောဗျာ၊ ကြည့်နေတဲ့အချိန်မှာပဲ ပန်းမွှေးက လက်ကိုရုန်းထည့်လိုက်တာ ရွာသားတွေချုပ်ထားတဲ့ သူ့ရဲ့လက်က လွတ်သွားသဗျ၊ အဲဒီလက်နဲ့ ရှမ်းဆရာရဲ့ နံကြားကိုပုတ်ထည့်လိုက်တယ်ဗျာ။

ဖြောင်းခနဲအသံအကျယ်ကြီးမြည်သွားပြီးတော့ ရှမ်းဆရာက ကုန်းကုန်းကြီးဖြစ်သွားတယ်ဗျ၊ အားကအတော်ပြင်းပုံရတယ်၊ ရှမ်းဆရာကုန်းသွားတော့ ရှမ်းဆရာရဲ့ ဇက်ပိုးကို လက်နဲ့နောက်တစ်ချက်အုပ်ထည့်လိုက်တော့ ရှမ်းဆရာမှာ မှောက်သွားပါရောဗျာ၊ သူ့ကိုချုပ်ထားတဲ့ ကာလသားတွေကိုလည်း လက်ပြန်နဲ့တစ်ချက်ရိုက်ထည့်လိုက်တာ ဟိုလူတွေလွင့်သွားပါရော၊ ပန်းမွှေးအနားကို ဘယ်သူမှ မကပ်ရဲကြဘူး၊ ဝိုင်းကြည့်နေတဲ့လူတွေတောင် အနောက်ကိုဆုတ်သွားကြတယ်ဗျ၊ ပန်းမွှေးက ဒီတော့မှရယ်မောပြီးတော့

“ငါ့များ သရဲနဲ့လာလုပ်ချင်တဲ့အောက်လမ်းဆရာ၊ သေပေတော့”

ပန်းမွှေးက ပြောပြီးတော့ ရှမ်းအပေါ်ကိုခုန်တက်တယ်ဗျ၊ ရှမ်းဆရာရဲ့လည်ပင်းကို လက်နှစ်ဖက်နဲ့အတင်းညှစ်ပါရောဗျာ၊ ကုန်းကုန်းကြီးဖြစ်နေတဲ့ ရှမ်းဆရာပေါ်တက်ခွစီးပြီး လည်ပင်းကိုညှစ်နေပါရော၊ ရှမ်းဆရာကလည်း မအော်နိုင်ဘူး တအစ်အစ်နဲ့ဗျ။ ရှမ်းဆရာတစ်ယောက် မျက်လုံးကြီးပြူးထွက်လာပြီးတော့ မျက်နှာကြီးလည်း မဲတက်လာပါရောဗျာ။

ကျုပ်လည်းမနေသာတော့တာနဲ့ ပန်းမွှေးကိုလက်ညှိုးထိုးလိုက်ပြီးတော့

“ဟေ့ကလေးမ၊ မင်းလုပ်နေတာတွေ ရပ်လိုက်စမ်း”

ပန်းမွှေးက ကျုပ်ကိုမျက်လုံးစိမ်းကြီးနဲ့လှည့်ကြည့်သလို လာကြည့်နေတဲ့သူတွေအကုန်လုံးလည်း ကျုပ်ကိုအံ့သြတကြီးနဲ့ ကြည့်လိုက်ကြတယ်။

“မလွှတ်ဘူး၊ နင်ပြောတိုင်းငါကဘာဖြစ်လို့လုပ်ရမှာလဲ”

“ကလေးမ၊ မင်းကအရင်တုန်းက ဒီလိုမဟုတ်ပါဘူး၊ မင်းက ကြင်နာတတ်တဲ့သူ၊ စာနာတတ်တဲ့သူ၊ သနားတတ်တဲ့သူပါ”

ကျုပ်ပြောတဲ့အချိန်မှာ ပန်းမွှေးမျက်နှာက နူးညံ့သိမ်မွှေ့ပြီးတော့ ငြိမ်ကျသွားသဗျ၊ နောက်တော့ တအံ့တသြနဲ့ လည်ပင်းညှစ်ထားတဲ့သူ့လက်တွေကိုဖြုတ်လိုက်တော့တာပါပဲ၊ ရှမ်းဆရာအပေါ်ကနေလည်းခုန်ဆင်းလိုက်တယ်ဗျ၊ ဒါပေမယ့် ကြမ်းပြင်ပေါ်ရောက်တယ်ဆိုရင်ပဲ သူ့ရုပ်က ပြန်ပြီးတော့ ခက်ထန်ကြမ်းတမ်းသွားတယ်။

“အောင်မာ၊ နင်ကဘာသိလို့ ဝင်ပြောနေရတာလဲ”

အိမ်ပေါ်ကလူတွေကလည်း ကျုပ်တက်ဖို့အတွက် လမ်းရှင်းပေးလိုက်ကြတယ်ဗျ၊ ကျုပ်လည်း အိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်၊ ပန်းမွှေးက ရှမ်းဆရာကြီးရဲ့ ကျောကုန်းကို လက်သီးနဲ့တဘုန်းဘုန်းထုတော့တာပဲဗျာ။

“ဟေ့ ရပ်လိုက်လို့ပြောနေတယ်နော်”

“မရပ်ဘူး၊ လုံးဝမရပ်ဘူး”

ထုမြဲထုနေတယ်ဗျ၊ လက်သီးက အားပြင်းလို့ တဘုန်းဘုန်းအသံကြီးက အကျယ်ကြီးပဲဗျာ၊ ရှမ်းဆရာဆိုရင် လှိမ့်ခံနေရတာ၊ ကျုပ်အကဲခတ်လိုက်တော့ ပန်းမွှေးဆိုတဲ့မိန်းကလေးရဲ့ကိုယ်ထဲမှာ မကောင်းဆိုးဝါးတစ်ကောင်ရှိနေတဲ့ပုံပဲဗျ၊ အဲဒီမကောင်းဆိုးဝါးက ပန်းမွှေးကိုပူးချည်ကပ်ချည်လုပ်နေပုံပါပဲဗျာ၊ ကျုပ်အကဲခတ်မိသွားတာနဲ့ ပန်းမွှေးမျက်နှာကိုကြည့်ပြီး မေတ္တာပို့ပေးနေမိတယ်။ ပါးစပ်ကလဲ

“မိန်းကလေး ပန်းမွှေး၊ မင်းလုပ်နေတာတွေကို ရပ်တန့်လိုက်ပါကွယ်”

ခုနက အတိုင်းပဲ ပန်းမွှေးက တစ်ချက်ငြိမ်ကျသွားပြီးတော့ရပ်သွားတယ်ဗျ၊ ရှမ်းဆရာကြီးလည်း ကုန်းရုန်းထပြီးတော့ ကျုပ်အနောက်မှာလာပုန်းတယ်။

“ဆရာကြီး၊ ကျုပ်ကိုကယ်ပါအုံးဗျာ”

ကျုပ်လည်းမပူဖို့လက်ကာပြလိုက်တော့ ပန်းမွှေးက ကျုပ်ကိုကြည့်ရင်း

“ကျွန်၊ ကျွန်မ ဘာတွေဖြစ်နေတာလဲ”

ဒီအချိန်မှာပဲ ပန်းမွှေးကိုယ်လုံးကို တစ်ယောက်ယောက်က အနောက်ကနေတွန်းလိုက်သလို အင့်ခနဲဖြစ်သွားပြီးတော့ ပန်းမွှေးတစ်ယောက်ပြန်ပြီးကြမ်းတမ်းသွားတော့တာပဲဗျာ၊ ကျုပ်ကိုလက်ညှိုးထိုးပြီး

“အေး၊ နင်တို့ဘာကောင်ဖြစ်ဖြစ် ငါဂရုမစိုက်ဘူး၊ နင်ပါသေရမယ် အကောင်ကြီး”

အဲဒီလိုပြောပြီးတော့ ကျုပ်ဆီကိုအပြေးဝင်ပြီး ကျုပ်လည်ပင်းကိုလက်နဲ့ညှစ်တာပါပဲဗျာ၊ ကျုပ်ကလည်း ရှောင်ချိန်မရလိုက်တော့ သူလည်ပင်းညှစ်တာခံလိုက်ရတာပေါ့ဗျာ၊ လက်က တော်တော်သန်တာဗျ၊ အားသန်တဲ့လူကြီးတစ်ယောက်ရဲ့ လက်ထက်တောင် သန်သေးသဗျာ၊ ချက်ချင်းကျုပ်အသက်ရှူတွေကြပ်လာတယ်၊ ကျုပ်ဘာလုပ်ရမှန်းမသိတော့ဘူး၊ ပန်းမွှေးကတော့ကျုပ်ကိုစူးစူးဝါးဝါးနဲ့ အံကြိတ်ပြီးလည်ပင်းညှစ်နေပါရောဗျာ။

ဒါနဲ့ကျုပ်လည်း ကျုပ်လည်ပင်းမှာဆွဲထားတဲ့ ပုတီးကိုလက်နှစ်ဖက်နဲ့ချွတ်လိုက်ပြီးတော့ ပန်းမွှေးရဲ့လက်မှာစွပ်ချလိုက်တယ်၊ အဲဒီအခါ ပန်းမွှေးက အော်ဟစ်ပြီးတော့ အနောက်ကိုချက်ချင်းခုန်ုဆုတ်သွားတယ်ဗျ၊ သူ့လက်မှာစွပ်နေတဲ့ ပုတီးကိုခါထုတ်လိုက်တယ်၊ ပုတီးကလည်း တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ လေပေါ်လွင့်ထွက်သွားပြီးတော့ ကျုပ်ဆီလွင့်လာသဗျာ၊ ကျုပ်ကလည်း အမြန်ဖမ်းထည့်လိုက်တယ်။

“လာလေ၊ မင်းငါ့လည်ပင်းကို လာညှစ်ပါအုံး”

ပန်းမွှေးက ခေါင်းတဆတ်ဆတ်ခါရင်း

“မညှစ်ဘူး၊ မညှစ်ဘူး၊ အဲဒီပုတီးက ပူတယ်”

အဲဒီလိုပြောပြီးတော့ သူ့လည်ပင်းကိုသူ လက်နှစ်ဖက်နဲ့ဖမ်းညှစ်တယ်။

“ဟာ၊ အဲဒီလိုမလုပ်နဲ့”

သူ့ကိုယ်သူအသေညှစ်သတ်နေတာဗျ၊ ကျုပ်လည်း ကြံရာမရတာနဲ့ လက်ထဲရှိတဲ့ပုတီးနဲ့လှမ်းပစ်ထည့်လိုက်တာ ပန်းမွှေးရဲ့လည်ပင်းကို ပုတီးကုံးက စွပ်သွားပြီးတော့ ပန်းမွှေးတစ်ကိုယ်လုံးတုန်တက်လာတယ်ဗျ။

“အား၊ ပူတယ်၊ ပူတယ်”

ကျုပ်က ပန်းမွှေးဆီကိုပြေးသွားလိုက်ပြီး

“ကဲ မကောင်းဆိုးဝါးကောင်၊ မင်းအခုချက်ချင်း ဒီမိန်းကလေးရဲ့ကိုယ်ထဲကနေ ထွက်ဟဲ့”

အဲဒီလိုရေရွတ်ပြီး ပန်းမွှေးနဖူးကိုလက်ဝါးနဲ့ရိုက်ထုတ်လိုက်တယ်ဆိုရင်ပဲ ပန်းမွှေးကိုယ်ထဲက အရိပ်လိုမည်းမည်းသဏ္ဍာန်ကြီးတစ်ခုက ထွက်သွားပြီးတော့ အိမ်ထောင့်မှာသွားကပ်နေပါရောဗျာ။ လူတွေအားလုံး မျက်မြင်တွေ့လိုက်ရတော့ ဟာခနဲ၊ ဟင်ခနဲဖြစ်သွားသဗျ၊ မကောင်းဆိုးဝါးကောင်ကြီးက ပန်းမွှေးကိုယ်ထဲကို ပြန်ဝင်မယ်ဆိုပြီး ပြေးကပ်ပေမယ့် ပုတီးကုံးစွပ်ထားတဲ့ ပန်းမွှေးကို ကပ်မရဘူးဖြစ်နေတယ်၊ ပန်းမွှေးကိုယ်ကိုထိတဲ့အချိန်မှာပဲ သူ့လက်တွေက ရှဲခနဲအသံမြည်ပြီးတော့ မီးတွေတောက်လောင်လာတယ်။

“ကဲ မင်းဘာလို့ ဒီကောင်မလေးကိုလုပ်ရတာလဲ”

“ကျုပ်မုန်းတယ်၊ ကျုပ်သူ့ကိုသတ်ချင်တယ်၊ သူတို့သားအမိက ကျုပ်နေတဲ့သစ်ပင်အောက်မှာ အညစ်အကြေးတွေလာလုပ်တယ်”

ကျုပ်လည်းခေါင်းညိတ်ပြီးတော့

“ကောင်းပြီ၊ ဒီကလေးမကို အဲဒီနေရာမှာပြန်သန့်စင်ခိုင်းလိုက်မယ်၊ ပြီးတော့ သူတို့သားအမိကိုလည်း တောင်းပန်ခိုင်းလိုက်မယ်”

“တောင်းပန်ရုံနဲ့မကျေနပ်ဘူး၊ ဒင်းတို့ကိုသတ်ရမှကျေနပ်မယ်”

ကောင်းကောင်းပြောလို့တော့ မရတော့ဘူးဗျ။ ဒါနဲ့ကျုပ်လည်း

“သတ်လေ၊ မင်းသူတို့ကိုသတ်၊ အရင်ဘဝက မကောင်းမှုလုပ်ခဲ့လို့ ခုဘဝမှာ  ပြိတ္တာဖြစ်နေရတဲ့မင်းလိုကောင်က မကောင်းမှုထပ်လုပ်ပြီး ဒီထက်ဆိုးတဲ့ဘဝကိုသွားချင်တယ်ဆိုရင် လုပ်ပေါ့ကွ”

မကောင်းဆိုးဝါးက ငြိမ်ကျသွားတယ်ဗျ၊ သူ့လက်တွေကိုသူပြန်ကြည့်ရင်း တဆတ်ဆတ်တုန်လာတယ်။

“မကောင်းမှု၊ မကောင်းမှုတဲ့လား အား . . . အား”

မကောင်းဆိုးဝါးက သူ့နားကိုသူ့လက်နဲ့ပိတ်ပြီး အော်ဟစ်ပါရောဗျာ၊ အော်တာကိုမှ စူးစူးဝါးဝါးနဲ့အော်တာ။

“ကျုပ် . . . ကျုပ်မှားပါပြီ၊ ကျုပ်အရင်ဘဝတုန်းက အကြောင်းကိုလည်း ပြန်မှတ်မိသွားပါပြီ၊ ကျုပ်က အရင်ဘဝက ခိုးသားဓါးပြတစ်ယောက်ဖြစ်ခဲ့ပါတယ်၊ ညောင်ဦးကမ်းပါး လှေဆိပ်အနားမှာနေပြီးတော့ နောက်ကျမှပြန်လာတဲ့သူတွေ၊ အားနွဲ့တဲ့သူတွေကို လုယက်တိုက်ခိုက်နေတဲ့လူပါ၊ နောက်တော့ ကျုပ်လည်းရဲမက်တွေလက်ချက်နဲ့ သေခဲ့ရပါတယ်၊ အခုကျုပ်က ရေချိုးဆိပ်အစွန်နားက သစ်ပင်ကြီးမှာနေပါတယ်၊ ကျုပ်ဘဝက ဆင်းရဲပါတယ်၊ အစားအသောက်လည်း ကောင်းကောင်းမစားရပါဘူး၊ ကျုပ်အစားအသောက်တွေရပြီဆိုရင်လည်း ဘယ်ကမှန်းမသိတဲ့လူတွေက လာလာပြီးလုယူသွားပါတယ်”

“မင်းအရင်က လုပ်ခဲ့တဲ့အကုသိုလ်အကျိုးတရားတွေပေါ့ကွာ”

“ကျုပ်မှားမှန်းသိပါပြီဆရာကြီး”

“ဒါဖြင့်ရင် သူ့ကိုဒုက္ခမပေးတော့နဲ့၊ နောက်နောင်လည်း သူတစ်ပါးကို ဒုက္ခပေးဖို့မစဉ်းစားပါနဲ့တော့၊ ကဲ ကဲ သွားတော့”

ကျုပ်ပြောပြီးတာနဲ့ မကောင်းဆိုးဝါးကောင်က အိမ်ခြေရင်းပြတင်းပေါက်ကနေ ခုန်ဆင်းသွားသဗျာ၊ မြေကြီးပေါ်ရောက်တာနဲ့ မျက်စိရှေ့တင်ပျောက်သွားတော့တာပါပဲ၊ ပန်းမွှေးကတော့ တရှုံ့ရှုံ့နဲ့ငိုနေရှာတယ်။ ကျုပ်လည်း ပန်းမွှေးကိုကြည့်ပြီး

“သူပြောတာအမှန်ပဲလား”

“ဟုတ်ပါတယ်ဆရာကြီးရယ်၊ လွန်ခဲ့တဲ့သုံးရက်လောက်က ကျွန်မနဲ့သားလေးတို့ ရေဆိပ်မှာအဝတ်လျှော်ဆင်းရင်း သားလေးက အီးပါချင်တယ်ဆိုတာနဲ့ ရေချိုးဆိပ်နဲ့ခပ်လှမ်းလှမ်းက သစ်ပင်ကြီးအောက်မှာ အီးတည်ခဲ့မိပါတယ်”

“အညစ်အကြေးဆိုတာ သတိထားစရာပဲ ကလေးမ၊ ကဲ ကဲ အခုတော့ကောင်းသွားပါပြီ၊ နောက်ရက်ကျတော့ အဲဒီအပင်ကိုသွားပြီးတောင်းပန်လိုက်ပါ”

ကျုပ်လည်း ပန်းမွှေးလည်ပင်းက ပုတီးကိုပြန်ဖြုတ်ပြီးတော့ ပတ်ထားလိုက်တယ်၊ ရပ်ရွာထဲကလူတွေကတော့ ကျုပ်ကိုအထင်ကြီးလေးစားတဲ့အကြည့်နဲ့ ဝိုင်းကြည့်နေကြတယ်ဗျ။ ရှမ်းဆရာကြီးက ကျုပ်ကိုလက်အုပ်ချီပြီး

“ဆရာကြီးကိုကျေးဇူးတင်ပါတယ်၊ ဆရာကြီးသာမကယ်ရင် ကျုပ်အထုအထောင်းခံပြီး သေရမှာပါ”

“အင်းကွာ၊ မင်းရဲ့ပညာကို မစော်ကားချင်ပေမယ့် မင်းရဲ့အစိမ်းသရဲတွေထက် ပိုအဆင့်မြင့်တဲ့လူနဲ့တွေ့တော့ မင်းခံရတယ်မဟုတ်လားကွ၊ ဒါကိုသင်ခန်းစာယူပြီးတော့ နောက်ဆိုဆင်ခြင်စေချင်တယ်ကွဲ့”

“ဟုတ်ကဲ့ပါဆရာကြီး၊ ကျုပ်သဘောပေါက်ပါပြီ”

ရှမ်းဆရာကြီးက အိမ်ပေါ်ကနေဆင်းသွားတော့တယ်၊ ဒီအခါ မိန်းမကြီးတစ်ယောက်က ကလေးလေးတစ်ယောက်နဲ့အတူတူ ကျုပ်ကိုကန်တော့တယ်ဗျ။

“ကျေးဇူးတင်ပါတယ်ဆရာကြီးရယ်၊ သမီးလေးမှာ ဆရာကြီးပေးတဲ့အသက်ပဲရှိပါတော့တယ်”

ဒီမိန်းမကြီးက ပန်းမွှေးရဲ့အမေဖြစ်လောက်မယ်ဗျ၊ ဘေးနားက သုံးနှစ်လောက်ရှိမယ့်ကလေးကတော့ ပန်းမွှေးရဲ့သားလေးဖြစ်မယ်ထင်တာပါပဲ၊ မိန်းမကြီးက သူ့အင်္ကျီရင်ဘတ်ကြားက ပိုက်ဆံတွေထုတ်ပြီးကျုပ်ကိုလှမ်းပေးတယ်ဗျ။

“နည်းတယ်များတယ်တော့ မထင်ပါနဲ့ဆရာကြီးရယ်၊ ကျွန်မတို့သားအမိကဆင်းရဲလို့ ဆရာကြီးကို များများမကန်တော့နိုင်တာ ခွင့်လွှွတ်ပါ”

ကျုပ်လည်း လက်ကာပြလိုက်ပြီး

“မလိုပါဘူး၊ ကျုပ်ကူညီတယ်ဆိုတာ လူတစ်ယောက်ဒုက္ခရောက်နေတာတွေ့လို့ ကူညီပေးတာပါ၊ ငွေအတွက်မဟုတ်ပါဘူး”

မိန်းမကြီးက တော်တော်ကျေးဇူးတင်သွားတဲ့ပုံပဲ။

“ဒါနဲ့ ဆရာကြီးကို မမြင်ဖူးပါလား၊ ဆရာကြီးဘယ်ကကြွလာတာပါလဲ”

“ကျုပ် ပြည်ကနေလာခဲ့တာ၊ ပုဂံမှာ ကျင့်စဉ်တစ်ခုကျင့်ဖို့ရှိ့လာခဲ့တာပဲ”

“ဒါဆိုရင် ဆရာကြီးဘယ်မှာတည်းမှာလဲ”

“လောလောဆယ်တော့ နေရာမရှာရသေးပါဘူး၊ ဘုရားစောင်းတန်းဖြစ်ဖြစ်၊ ဇရပ်ဖြစ်ဖြစ်ရှာလိုက်ပါ့မယ်”

“ဒီလိုတော့မလုပ်ပါနဲ့ဆရာကြီးရယ်၊ ဆရာကြီးအဆင်ပြေမယ်ဆိုရင် ကျွန်မတို့အိမ်မှာတည်းပါလား”

“မိန်းကလေးတွေနေတဲ့အိမ်ဆိုတော့ မသင့်တော်ပါဘူး”

“ဒါဖြင့် ကျုပ်အိမ်လိုက်နေဗျာ”

ဝိုင်းကြည့်နေတဲ့အထဲက လူရွယ်တစ်ယောက်က အရှေ့တိုးလာတယ်ဗျ။

“ကျုပ်အိမ်မှာ၊ ကျုပ်ရယ်အဘရယ် နှစ်ယောက်ပဲရှိတာ၊ ဘာမှစိုးရိမ်စရာမလိုဘူးဆရာကြီး၊ ဆရာကြီးနေချင်ရင် တစ်သက်လုံးနေလို့ရပါတယ်”

“တစ်သက်လုံးတော့မဟုတ်ပါဘူးဗျာ၊ တစ်ပတ်လောက်ပါပဲ”

“ခင်ဗျားတို့အဆင်ပြေတယ်ဆိုရင် ပြီးတာပါပဲ”

အရပ်ထဲကလူတွေကလည်း အဲဒီလူရွယ်အိမ်မှာ လိုက်တည်းဖို့ပြောတာနဲ့ ကျုပ်လည်းအဲဒီလူရွယ်အနောက်ကိုလိုက်သွားမိတယ်ဗျ၊ လူရွယ်ရဲ့အိမ်က တခြားအိမ်တွေနဲ့ခပ်လှမ်းလှမ်းမှာရှိတာပါဗျာ၊ အိမ်ရဲ့အနောက်မှာတော့ တသွင်သွင်စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးကိုမြင်တွေ့ရသဗျ၊ တဲအိမ်ကလေးရဲ့ ဘေးဖက်နားမှာတော့ တင်းကုပ်တစ်ခုရှိတယ်၊ သေချာကြည့်လိုက်တော့မှ အထဲမှာ မြင်းတစ်ကောင်မွေးထားတာကိုတွေ့ရပြန်တယ်။

“ဆရာကြီး အံ့သြသွားသလားဗျာ၊ ကျုပ်က မြင်းလှည်းသမားပါ၊ ပုဂံဘုရားတွေဆီ မြင်းလှည်းမောင်းပြီးပို့ရင်း အသက်မွေးပါတယ်”

“သြော်၊ ကောင်းပါတယ် မောင်ရင်၊ ဒါနဲ့ မောင်ရင့်နာမည်က ဘယ်လိုခေါ်သလဲ”

“ကျုပ်နာမည်အရင်းကတော့ ထွန်းတင်တဲ့ဗျ၊ ဒါပေမယ့် ပေါက်ကျိုင်းဆိုရင် မသိတဲ့သူမရှိဘူးဗျ”

“ပေါက်ကျိုင်းဆိုပါလား၊ တကောင်းပြည်က သူရဲကောင်းနာမည်ပဲ၊ နာမည်ကတော့ အဆန်းပဲဟေ့”

“အဲဒါကျုပ်နာမည်မဟုတ်ဘူးဆရာကြီးရ၊ ကျုပ်သားကြီးနာမည်ဗျ”

“အလို၊ မောင်ရင်ပြောတော့ အဘကြီးတစ်ယောက်နဲ့နေတာဆိုကွ၊ ဘယ့်နှယ့်သားရှိတာတုန်း”

ထွန်းတင်က ပြုံးရင်း

“သားဆိုတာ ကျုပ်မွေးထားတဲ့မြင်းကိုပြောတာပါဗျာ၊ မြင်းနာမည်ကိုပေါက်ကျိုင်းလို့ပေးထားတာကိုးဆရာကြီးရဲ့၊ ဒီရွှေစည်းခုံတကြောမှာ ကိုပေါက်ကျိုင်းမြင်းလှည်းဆိုရင် မသိတဲ့လူမရှိသလောက်ပါပဲဗျာ”

တဲအိမ်ကလေးအပေါ်ကိုတက်သွားကြတော့ တဲအိမ်အရှေ့ခန်းဘုရားစင်အောက်မှာ အဘကြီးတစ်ယောက်က ဘုရားရှိခိုးနေသဗျ၊ အသံအကျယ်ကြီးနဲ့ဘုရားရှိခိုးနေတာပါ၊ ကျုပ်လည်း သူ့ကိုမနှောင့်ယှက်ချင်တာနဲ့ တစ်နေရာမှာ  အသာထိုင်နေလိုက်တယ်။ ဒီလူကြီးက ဘုရားရှိခိုးပြီးလို့ တစ်ဖက်ကိုလှည့်လိုက်တော့မှ ကျုပ်လည်း။

“သာဓု၊ သာဓု၊ သာဓု ဘုရားတရားကိုင်းရှိုင်းတဲ့လူနဲ့တွေ့ရတာ ဝမ်းသာစရာပါပဲ”

အဘကြီးက ကျုပ်ကိုမျက်လုံးပြူးမျက်ဆန်ပြူးနဲ့ကြည့်ရင်း

“မင်းဘယ်သူလဲ၊ မင်းငါတို့အိမ်ကိုဘာလာလုပ်တာလဲ၊ ထွက်သွား . . . မင်းထွက်သွား”

ကျုပ်ဖြင့်အံ့သြနေမိတယ်။ ကိုပေါက်ကျိုင်းက အိမ်နောက်ဖေးကနေပြေးထွက်လာရင်း

“အဘကလဲဗျာ၊ ဒီဆရာကြီးက သူတော်ကောင်းကြီးပါဗျ၊ ပုဂံကိုကျင့်စဉ်နဲ့လာတာတဲ့ဗျ၊ အိမ်မှာတစ်ပတ်လောက်တည်းမှာ”

အဘကြီးက ကိုပေါက်ကျိုင်းကိုကြည့်ရင်း

“ပေါက်ကျိုင်း၊ မင်းကတော့ ရှုပ်ရှုပ်ယှက်ယှက်တွေလုပ်လာပြန်ပြီကွာ”

“မရှုပ်ပါဘူးအဘရဲ့၊ သူရှိနေတော့ အဘတောင်အဖော်ရသေးတာပေါ့”

အဘကြီးက ကျုပ်ကိုဘာမှမပြောဘဲ မျက်စောင်းထိုးကြည့်ပြီးတော့ အိမ်ခန်းထဲကိုဝင်သွားတော့တယ်ဗျ၊ ကျုပ်လည်း ထူးထူးဆန်းဆန်းနဲ့သူ့ကိုကြည့်နေမိတော့တယ်။ ထူးတာတော့ထူးတယ်ဗျ၊ အဲဒီအဘကြီးကိုမြင်တာနဲ့ ကျုပ်စိတ်ထဲမှာတစ်မျိုးကြီးပဲဗျာ။ ဘာဖြစ်လို့ဖြစ်နေမှန်းကိုမသိတော့ဘူး။

ဆက်ရန်။

#အဂ္ဂဇော် #ဦးအောင်ရှိန် #သရဲ #စုန်း

စာရေးသူအဂ္ဂဇော်ကိုလေးစားစွာဖြင့် Credit ပေးပါတယ်