ဘုရားဖူးရောက်ရှိလာပြီးလျှင် ထမ်းပိုးဆိုင်းထမ်းများကိုချလျက် ဘုရားရှိခိုးကာ ယင်း၏ငွေရောင်ကြေးစည်ကလေးကိုထုရင်း မေတ္တာပို့လေ၏။ ထိုသို့ မေတ္တာပို့ပြီးနောက် အသံသာသော သူ၏ကြေးစည်ကလေးကို သုံးချက်တိတိတီးလိုက်ပြီးနောက် အောက်ပါဂါထာကို ဆိုလေ၏။
တောကြီးသုံးတောင်၊ တောင်ကြီးခုနှစ်လုံး ငါခေါင်းအုံး၏။ (နောင် – ဝေ – ဝေ )
ငါ့အမျိုးကား နဂါးမင်း၊ အဟံဝန္တိ ငါ့အဆိပ်ကား မြင်းမိုရ်တောင်တည်း။ (နောင် – ဝေ – ဝေ)
ကြေးစည်ထု၏။
ငါ့အဖေကား ဇော်ဂျီဖြစ်သတည်း။ (နောင် – ဝေ – ဝေ )
ကြေးစည်ထု၏။
နှင့် အတတ်ကား အတတ်မဟုတ်။ မြေတွင်မြှုပ်၏။
ငါ့ အတတ်ကား မိုးကြိုးစက်သွား ယန္တရားသို့ ခြောက်ပါးအညီကြွလေပြီ။ သစ်ကိုရွယ်လည်း သစ်ကြီးဖောင်ဖောင်ကျိုးသတည်း။
(နောင် – ဝေ – ဝေ )
ကြေးစည်ထုပြန်၏။
မြေကိုရွယ်လည်း မြေကြီးအောက်ထပ် ဘဝဂ်ပြောင်းပြန် သန္တာလန်၏။
(နောင် – ဝေ – ဝေ )
ကြေးစည်ထုပြန်၏။
ဘုရားဖူးရောက်လာသော ဖိုးသူတော်ကြီးသည် ဆိုလိုက်၊ ကြေးစည်တီးလိုက် ရှိလေ၏။ ယင်း၏ ကြေးစည်မှာလည်း ကြေးရောင်မဟုတ်ဘဲ အဖြူရောင်ဖြစ်နေသဖြင့် ငွေဖြင့် ပြုလုပ်ထားခြင်း ဖြစ်မည်ဟု ယူဆရပေသည်။ ကြေးစည်၏အသံမှာ လွန်စွာသာယာနာပျော်ဖွယ် ရှိလှပေသည်။
ကျွန်ုပ်လည်း ဖိုးသူတော်ကြီး၏ ကြေးစည်ကို စိတ်ဝင်စားသဖြင့် မေးမြန်မိလေ၏။
“ဦးသူတော်ကြီး ကြေးစည်ကို ငွေနဲ့ထုထားသလား”
“ငွေနဲ့လုပ်ထားတော့ ဟုတ်တာပေါ့ဗျာ။ ဒါပေမဲ့ ရိုးရိုးငွေတော့ မဟုတ်ဘူးဗျ၊ ငွေယားကို နာဂမောက်၊ နာဂသိန်း၊ နာဂမ၊ နာဂမှိုင်း၊ နာဂထဆိုတဲ့ ငါးမျိုးနဲ့ ငါးကြိမ်ထိုးတဲ့ငွေနဲ့ လကွယ်ကနေ လပြည့်နေ့အတွင်း ပြီးအောင် ထုထားတဲ့ နာယကဂုဏ်ကို ဖြစ်စေတဲ့ ငွေစည်ဗျ၊ ကြေးစည်မဟုတ်ဘူး” ဟု ဖိုးသူတော်ကြီးက ပြောလေ၏။
“တယ်ဆိုတဲ့စာပါလား” ဟု ကျွန်ုပ်က ပမာမခန့် ပြန်ပြောလိုက်ရာ ဖိုးသူတော်ကြီးက မျက်မှောင်ကြုတ်၍ စဉ်းစားလိုက်ပြီးနောက် …
“တယ်ဆိုတဲ့ စာပါလားတဲ့ ဟုတ်လား၊ ဒီစကားကို နိမိတ်ကောက်ရရင် ကိုယ့်လူက စာဆိုတော် ဟဲဟဲ စာရေးဆရာ တစ်ယောက်ဖြစ်ရမယ်” ဟု ပြောလိုက်ရာ ကျွန်ုပ်လည်း မျက်လုံးပြူးရလေတော့၏။
“ဟောလိုက်တာ ဒက်ထိပါပဲ” ဟု ကျွန်ုပ်က ပြောလိုက်ပြန်ရာ ဖိုးသူတော်ကြီးက
“ဒက်ထိဟုတ်လား။ ဒက် စနေ၊ ထိ စနေ၊ စနေနှစ်လုံးပါလား။ ဟဲ ဟဲ မဟုတ်မှလွဲရော ကိုယ့်ဆရာက အလုပ်နှစ်ခုနဲ့ပဲ၊ စာရေးဆရာအလုပ်အပြင် အခြားအလုပ်တစ်ခုရှိပါသေးလား” ဟု ပြောပြန်၏။
“ဟ.. မှန်လှချည်လား ဦးသူတော်ကြီး” ဟု ကျွန်ုပ်ကဆိုပြန်ရာ ဖိုးသူတော်ကြီးက …
“ဟ… ဆိုတဲ့ အာမေဍိတ်က ‘ဟတ္တ’ သဒ္ဒါကိုဆိုတာပဲ။ ဟတ္တဆိုတာလက်ပဲ၊ လက်သမား အလုပ်လား။ မဟုတ်နိုင်ဘူး။ ဟ နောက်မှ မှန်လှချည်လားဆိုတဲ့ စကားဆက်ပြီး လာတယ်။ လက်နဲ့မှန်ဆိုတဲ့ စကားနီးစပ်နေတယ်။ လက်ကိုမှန်လိုကြည့်တဲ့ လက္ခဏာဆရာ အလုပ်လည်း လုပ်တယ်ထင်တယ်”
“နိမိတ်ကောက်ပုံ .. တယ်ပြီး နေရာကျပါလား၊ အယူတော်မင်္ဂလာ ဦးနိုးကျနေတာပဲ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ဖိုးသူတော်ကြီးက …
“နိမိတ်ကောက်ပုံ တယ်ပြီးနေရာကျပါလား” တဲ့။ “နိမိတ်တဘောင်ဆိုတာက အထည်လို ဒြပ်မရှိတဲ့အရာကိုဖော်ပြတယ်။ ကောက်ဆိုတဲ့စကားနဲ့ တယ်ပြီးနေရာကျပါလားဆိုတဲ့ စကားဟာ နေရာကို တွေ့တဲ့သဘော။ အယူတော်မင်္ဂလာဆိုတာက ယူမယ်ဆိုတဲ့သဘော။ ဦးနိုးဆိုတာကတော့ မအိပ်တဲ့လူ၊ ဘယ်တော့မျှ မအိပ်တဲ့လူဟာ ဦးနိုးပဲ။ ဒါတွေကို စုပေါင်းပြီး စဉ်းစားလိုက်ရင် ဘယ်တော့မျှ မအိပ်တဲ့သူ၊ တစ်နည်းဆိုရရင် မသေတဲ့ အသက်ရှည်တဲ့ အထည်လို့ ဒြပ်လိုလည်းတကယ်မရှိတဲ့ ဇော်ဂျီလို ပုဂ္ဂိုလ်မျိုး ဒီနေရာမှာ ရှိတယ်ဆိုတဲ့ သတင်းရပြီး သူ့ဆီက တစ်ခုခု တောင်းယူဖို့ လာခဲ့တာနဲ့တူပါရဲ့” ဟု ပြောလိုက်ရာ ကျွန်ုပ်သည် အသက်ရှူရပ်လုခမန်း အံ့သြ၍သွားလေတော့၏။
“ဖိုးသူတော်ကြီး မှန်ပါတယ်။ လာတုန်းကလည်း အဲဒီစိတ်ကူးနဲ့ လာခဲ့တာမဟုတ်ပါဘူး။ ဒီရောက်မှ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့စာကိုသတိရလို့ ဇော်ဂျီလာစေတယ်ဆိုတဲ့ မန္တန်တော့ ရွတ်မိပါရဲ့” ဟု ကျွန်ုပ်က တောင်းပန်တိုးလျှိုးသော လေသံဖြင့် ပြောလိုက်ရာ ဖိုးသူတော်ကြီးက ..
“ဒါဖြင့် ကျုပ်ပြောတာ မှန်တယ်ပေါ့” ဟု ဆိုပြန်သည်။
“မှန်ပါတယ်၊ ကျွန်တော်စာရေးဆရာလည်း လုပ်ပါတယ်၊ လက္ခဏာဆရာလည်း လုပ်ပါတယ်” ဟု ပြောလိုက်ရာ ဖိုးသူတော်ကြီးက ..
“လက္ခဏာဆရာဆိုရင် ကျုပ်ရဲ့လက်ကို ကြည့်ပြီး ဟောစမ်း” ဟုဆိုကာ သူ၏ လက်ဝါးကြီးကို ကျွန်ုပ်အား ဖြန့်၍ ပြလေ၏။ ကျွန်ုပ်လည်း ဖိုးသူတော်ကြီး၏ လက်ဝါးကိုဖြန် ကြည့်လိုက်ပြီးနောက် ..
“ဖိုးသူတော်ကြီးရဲ့ ဉာဏ်လမ်းကြောင်းက ရှည်တော့ ဉာဏ်ကောင်းမယ်၊ ကံလမ်းကြောင်းက ရှည်တော့ ကံလည်းကောင်းတယ်။ အသက်လမ်းကြောင်းက ရှည်တော့ အသက်လည်း ရှည်မယ်” ဟု ကျွန်ုပ်က ပြောလိုက်ရာ ဖိုးသူတော်ကြီးက ..
“အသုံးမကျတဲ့ လက္ခဏာဆရာပဲ၊ ဉာဏ်လမ်းကြောင်းက ရှည်တော့ ဉာဏ်ကောင်းမယ်၊ ဒါတော့ ကလေးတောင်သိတယ်။ ကံလမ်းကြောင်းရှည်တော့ ကံကောင်းမယ်တဲ့၊ ဒါတော့ ကိုယ့်လူပြောမှလား၊ ဒါပဲတတ်သလား” ဟု ကျွန်ုပ်အား နှိမ့်ချ၍ ပြောလေ၏။
“လက္ခဏာကျမ်းတွေမှာ ဒီလိုပဲပါတာပဲ” ဟု ကျွန်ုပ်က ပြောရာ ဖိုးသူတော်ကြီးက ..
“ကိုယ့်လူ ဘယ်လို လက္ခဏာကျမ်းတွေ ဖတ်သလဲ” ဟု ပြန်မေးခွန်းထုတ်လေ၏။
“ကိုင်ရိုကို အများဆုံးဖတ်ပါတယ်”
“ကိုင်ရိုဆိုတာ ဘယ်သူလဲ” ဟု ဖိုးသူတော်ကြီးက ပြန်၍ မေးလိုက်လေ၏။
“ကိုင်ရိုဆိုတာ ကမ္ဘာကျော် လက္ခဏာဆရာကြီးပေါ့” ဟု ကျွန်ုပ်က ဖြေလိုက်ရာ ဖိုးသူတော်ကြီးက ..
“သူ့ ရဲ့ကျမ်းက ဒီလိုပဲရေးထားသလား” ဟုမေးလေ၏
“ဟုတ်ပါတယ်၊ ဒီလိုပဲရေးထားပါတယ်” ဟု ကျွန်ုပ်က ပြောလျှင် ယင်းဖိုးသူတော်ကြီးက လေးနက်စွာ စဉ်းစားပြီးနောက် …
“ဒီလိုဖြစ်လိမ့်မယ်၊ ကိုင်ရိုဟာ လက္ခဏာပညာအပြင် တခြားပညာရပ်တွေ ဥပမာ လောကီပညာလို ဟာမျိုးတွေကိုပါ လေ့ကျင့်တတ်မြောက်ထားလိမ့်မယ်။ ဟောပြောတာဖြစ်နိုင်တယ်။ ဒါကြောင့် ကမ္ဘာကျော်တာ ဖြစ်မှာပါပဲ။ အဲဒီပညာရဲ့အကူအညီနဲ့ သူ့လိုလေ့ကျင့်မထားပဲ သူ့ရဲ့ကျမ်းစာအုပ်ကလေး ကြည့်ပြီးဟောရုံနဲ့တော့ တယ်ပြီးနေရာကျမှာ မဟုတ်ပါဘူး” ဟုပြောလေ၏။
ထိုအခါ၌ ကျွန်ုပ်သည် လွယ်အိတ်အတွင်း အဆင်သင့်ပါလားသော လက်ဝါးပုံစံတစ်ခုကို ထုတ်၍ ဖိုးသူတော်ကြီးရှေ့သို့ချကာ …
“ဟောဒီ လက်ပုံစံကိုကြည့်ပြီး ဟောစမ်းပါဦး” ဟုပြောလိုက်လေ၏။
ဖိုးသူတော်ကြီးသည် လက်မအရင်း သောကြာဂြိုလ်ခုံ အထက်နားဆီသို့ လက်ဖြင့်ထောက်ကာ ..
“တနင်္ဂနွေဂြိုလ်ကြီးကလည်း တယ်ကောင်းပါလား” ဟု ဆိုလေ၏။
“သောကြာဂြိုလ်ခုံ မဟုတ်လား ဦးသူတော်ကြီးရဲ့” ဟု ကျွန်ုပ်က ပြောလိုက်ရာ ယင်းက ..
“ဘယ်ကသာ သောကြာရမှာလဲ၊ သောကြာက အောက်ဘက်ကိုပြောတာ ၊ အပေါ်ဘက်က တနင်္ဂနွေ” ဟုဆိုလေ၏။ ထို့နောက် လက်ညိုးနေရာကို သေချာကြည့်ပြန်၏။
“အလွန်ကောင်းတာပဲ” ဟုဆိုကာ ခေါင်းတဆတ်ဆတ်ညိတ်၍ ဉာဏ်လမ်းကြောင်းနှစ်ခွ ဖြစ်နေပုံ၊ ယင်းအနီး၌ ကံလမ်းကြောင်း တက်နေပုံ၊ ထိုလမ်းကြောင်း၌ ငါးရုပ်သဏ္ဌာန်ဖြစ်နေပုံ တို့ကို ကြည့်ရှုပြီးလျှင် “သူက ဘာလဲ ၊ ပြဇာတ်အလုပ် လုပ်သလား။ လူသိများတဲ့ လူထဲမှာပါတာပဲ။ စစ်ဘက်မှာလည်း လုပ်တဲ့လူနဲ့တူတယ်။ (အင်္ဂါဂြိုလ်ခုံကို လက်ညှိုးဖြင့်ထောက်၍) ခရီးလည်း မကြာခဏ သွားတဲ့လူပဲ” ဟု ပြောလေသည်။
ဖိုးသူတော်ကြီး၏ တွေးဆချက်များသည် မှန်ပေသည်။ ထိုလက္ခဏာရှင်ကား ပြဇာတ်လည်းလုပ်၏။ ခရီးလည်းသွား၏။ စစ်ဘက်၌လည်း အမှုထမ်း၏။ ထို့နောက် လက်ချောင်းကလေးများကို ပြန်ကြည့်ကာ…
“မိဘတွေ မရှိရှာတော့ဘူး” ဟု ပြောပြန်၏။
ကျွန်ုပ်က…
“ဘာကိုကြည့်နေတာလဲ” ဟုမေးရာ ဖိုးသူတော်ကြီးက…
“ဒီလိုကြားဖြတ်မေးလို့ ကိုယ့်လူအတွက် ဘယ်အကျိုးရှိမလဲ။ ကိုယ့်လူ နားလည်ထားတာနဲ့ ကျုပ်နားလည်ထားတာ မတူဘူး။ ဂြိုလ်တွေနေပုံကို မတူဘူး။ ကျုပ်တစ်ခုပြောမယ်၊ သူ့လက်ကြီးကိုကြည့်စမ်း၊ ရှည်သွယ်တဲ့ အမျိုးအစားရော၊ လေးထောင့်ကျတဲ့ အမျိုးအစားရော။ ရောထွေးမနေဘူးလား။ ရောထွေးနေတာမှ လမ်းကြောင်းပုံစံတွေကလည်း ခပ်ရောရောပဲ။ တိကျတဲ့ သဘောတွေလည်းပါတယ်။ စိတ်ကူးယဉ်ဆန်တဲ့ သဘောတွေလည်းပါတယ်။ တစ်နည်းပြောရရင် ဘုန်းကြီးကျောင်းတွေမှာ မကြာခဏ စားရလေ့ရှိတဲ့ ဟင်းလေးအိုးကြီးနဲ့ တူတယ်။ ခပ်လွယ်လွယ်ပြောရရင် ဟင်းလေးအိုးကြီးလက်ပဲ” ဟု ပြောလေ၏။
“မဟုတ်နိုင်တာပဲ ဦးသူတော်ရယ်၊ ဟင်းလေးအိုးလက်ပုံစံဆိုတာ ကျွန်တော်ဖြင့် မကြားဖူးပေါင်ဗျာ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ဖိုးသူတော်ကြီးက သဘောကျစွာ ရယ်မောလျက်..
“စုပေါင်း စပ်ပေါင်းဖြစ်နေတဲ့ သဘောကိုပြောတာ ကိုယ့်လူ အင်္ဂလိပ်လိုပြောမှ သဘောပေါက်မယ့် လူမျိုးလား” ဟု ကျွန်ုပ်အား ခပ်ငေါ့ငေါ့ပြောလေ၏။
ထိုသို့ပြောပြီးနောက် လက်ပုံစံရှင်၏ မွေးသက္ကရာဇ်ကိုမေးသဖြင့် ကျွန်ုပ်က ပြောပြရလေ၏။
“ဒီလိုဆိုရင် ဒီလက်ပုံစံဟာ မကြာသေးခင်က အောင်မြင်မှုတစ်ခုရရှိခဲ့ပြီပဲ” ဟု ဖိုးသူတော်ကြီးက ဟောကိန်းထုတ်လေ၏။
“ဘာမျှ မအောင်မြင်သေးပါဘူး ဖိုးသူတော်ကြီး” ဟု ကျွန်ုပ်က ငြင်းရာ ဖိုးသူတော်ကြီးက..
“မဖြစ်နိုင်ပါဘူး တစ်ခုခု အောင်မြင်ရမယ်” ဟု ဟောပြန်လေ။ ထိုအချိန်မှစ၍ ကျွန်ုပ်က “မအောင်မြင်ပါဘူး ဖိုးသူတော်ကြီးရယ်” “အောင်မြင်ပါတယ်” နှင့် ငြင်းခုံရာမှအစပြု၍ စကားအပေါက်အလမ်း မတည့်ဖြစ်ကာ ကျွန်ုပ်လည်း ပြန်ခဲ့လေတော့၏။
ကျွန်ုပ် ရန်ကုန်သို့ ပြန်ရောက်သည့်အခါ၌ ဖိုးသူတော်ကြီးကို ပြခဲ့သော လက္ခဏာရှင်နှင့် ပက်ပင်းတွေ့ဆုံခဲ့လေ၏။ ကျွန်ုပ်က ဖိုးသူတော်ကြီး ဟောပြောခဲ့ပုံကို အသေးစိတ် ပြန်လည်ပြောပြရာ လက္ခဏာရှင်က…
“ဖိုးသူတော်ကြီး ဟောတာ အမှန်ပဲ” ဟု ပြောလေ၏။
“ခင်ဗျားက ဘာတွေအောင်မြင်လို့လဲ” ဟု မေးရာ ယင်းလက္ခဏာရှင်က…
“ဆယ်တန်းအောင်တယ်လေဗျာ” ဟုပြောလေ၏။
“ခင်ဗျား ကျောင်းတက်တာလည်း မတွေ့ရဘဲ ဘယ်လိုအောင်တာလဲ” ဟု ကျွန်ုပ်ကမေးရာ ယင်းက…
“စာမေးပွဲ အောင်တာလည်း ခင်ဗျားကျေးဇူးပါပဲ။ ခင်ဗျားအိမ်လာတုန်းက စာမွေးပွဲမှတ်စု ရောင်းတဲ့လူတစ်ယောက်က မှတ်စုစာအုပ်ကို ခင်ဗျားရဲ့ကန်တော့ပွဲမှာ လှူသွားတယ်လေဗျာ။ ကျုပ်အဲဒီစာအုပ်ကိုယူပြီး နည်းနည်းပါးပါး ပြန်ရွေးပြီးဖြေခဲ့တာ အောင်သွားတယ်ဗျ။ အခု စာပေးစာယူ တက်နေပြီ။ ပြီးတော့ တပ်ကလည်းဆုငွေတွေ ထုတ်ပေးတယ်လေဗျာ။ အဲဒါကြောင့် ကလေးကိုတောင် သွားပြီး ရှင်ပြုပေးလိုက်သေးတယ်။ ဖိုးသူတော်ကြီးပြောတာ မှန်တာပေါ့ဗျာ” ဟု ရယ်ကာ မောကာနှင့် ပြောဆိုလေ၏။
“ခင်ဗျားနှယ်ဗျာ၊ ဒီလောက်အလုပ်များတဲ့ အထဲက ကျောင်းတက်နိုင်သေးတာ အံ့ပါရဲ့” ဟု ကျွန်ုပ်က ချီးကျူးလိုက်မိလေ၏။
ထို့နောက်တွင်ကား ကျွန်ုပ်သည် လက္ခဏာပညာ၌ ထက်မြက်လှသော ဖိုးသူတော်ကြီးကို ရှာဖွေရန် သန်လျင်သို့ တစ်ခေါက်ပြန်ခဲ့လေတော့သတည်း။
မှတ်ချက်။ ။ လက္ခဏာရှင်မှာ စာရေးဆရာ ပျဉ်းမနားမြင့်လှိုင်ဆိုသူ ဖြစ်လေသတည်း။
🙏 သဗေ သတာ ကမသကာ 🙏
✍ မင်းသိင်္ခ
📒 မင်းနန်သူနှင့် ဂမ္ဘီရလောကဝတ္ထုတိုများ
Leave a Reply