အကျဥ်းစံဝိညာဥ် (စ/ဆုံး)

Unicode Version

အကျဥ်းစံဝိညာဥ် (စ/ဆုံး)
——————————
အပေါ် ထပ်ခိုးက ပစ္စည်းအဟောင်းတွေ ထားသိုတဲ့ အခန်းထဲက ဆက်တိုက် ထွက်ပေါ်လာတဲ့ ထူးဆန်းတဲ့ အသံကြောင့် ခင်မမ အိပ်ပျော်နေရာက ဆတ်ခနဲ နိုးလာသည်။ အသံက မိန်းမတစ်ယောက်ရဲ့ ငိုငြီးနေတဲ့အသံ။

” အင်း … ဟင်း … ဟင်း … ”

” အင်း … ဟင်း … ဟင်း … ”

ကျယ်ကျယ်လောင်လောင်ကြီး မဟုတ်ပါ။ ညဥ့် ၁၂နာရီသာသာလောက်ဆိုတော့ ခပ်တိုးတိုးအသံဆိုငြား ပီသစွာ ထွက်ပေါ်နေခြင်းသာ ဖြစ်ပါသည်။

အိပ်ရာနံဘေးက ၅နှစ်အရွယ် သားငယ် ထူးခန့်ကတော့ ခြေကားယားလက်ကားယားနဲ့ နှစ်ခြိုက်စွာ အိပ်နေ၏။ ခြေရင်းဘက်အခန်းမှာ အိမ်အကူ ဂျမ်းတော ရှိ၏။ သူလည်း တစ်နေကုန် အိမ်မှုကိစ္စတွေ လုပ်ရသည်ဆိုတော့ ပင်ပန်းပြီး သိုးနေလောက်ပြီ။

ခင်ပွန်းဖြစ်သူ ကိုမြတ်သူက အရောင်းအဝယ်ကိစ္စဖြင့် မြဝတီမြို့သို့ ခရီးသွားနေ၏။ မခင်မမ စဥ်းစားသည်။ဒီအိမ်မှာ သူတို့ မိသားစု နေလာခဲ့တာ နှစ်တွေ မနည်းတော့ပါ။ တစ်ခါမှလည်း ဒီလို အသံမျိုးကို ဒီလို သန်းခေါင်ယံအချိန်မတော်ကြီးမှာ မကြားဖူးခဲ့ပါချေ။ အခုကျမှဆိုတော့ အတော်လေး ထူးဆန်းနေပါ၏။

ပြီးတော့ တိရိစ္ဆာန်တစ်ကောင်၏ ငြီးတွားသံဆိုရလောက်အောင်ကလည်း အိမ်က တောထဲတောင်ထဲ ရွာငယ် ဇနပုဒ်မှာမဟုတ်။ မြို့၏ အထင်ကရ ရပ်ကွက်ကြီးတစ်ခုမှာ၊ ဘေးဘီဝဲယာမှာလည်း အိမ်ကြီးအိမ်ကောင်းတွေက အစီအရီ ရှိနေကြ၏။ မိသားစုနည်းသော သူမတို့အိမ်သည် ထပ်ခိုးပါ တစ်ထပ်တိုက်ကလေးဖြစ်သည်။

သို့ဖြင့် မခင်မမလည်း ထပ်ခိုးက အခန်းကို တက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မခင်မမသည် အိပ်ပျော်နေသော ထူးခန့်လေးကို စောင်ပါးလေးတစ်ထည် လွှမ်းခြုံပေးလိုက်ပြီး၊ အခန်းအပြင်သို့ ထွက်လာခဲ့သည်။

တစ်ယောက်တည်း တက်ကြည့်ရမှာ မဝံ့သမို့ ၊ ခြေရင်းခန်းက ဂျမ်းတောကို နှိုးရန် ဆုံးဖြတ်လိုက်ဟန်တူသည်။ ဂျမ်းတော၏ အခန်းဝမှာ ရပ်၍ …

” ဂျမ်းတော … ဂျမ်းတောမ … ဟဲ့ ဂျမ်းတော ”

တံခါးဂျက်ကို အတွင်းမှ ပိတ်ထား၍ မခင်မမက တံခါးကို အသာအယာ ပုတ်ကာ ဂျမ်းတောကို နှိုးလိုက်သည်။

အအိပ်မက်သော ဂျမ်းတောမှာ အတော်နှင့်မနိုး။ မခင်မမ စိတ်အိုက်သွား၏။ ‘ ကောင်မလေး အတော် အအိပ်မက်တာကိုး ‘ ဟု တွေးရင်း စိတ်မသက်မသာဖြင့် သက်ပြင်းချလိုက်သည်။ တံခါးကို ခပ်ကြမ်းကြမ်း ပုတ်နှိုးလျှင်လည်း သားငယ် ထူးခန့် နိုးသွားမှာ စိုးရသေးသည်။

နောက်ဆုံး ဂျမ်းတောကို နှိုးမရ၍ မခင်မမသည် သူ တစ်ယောက်တည်း အပေါ်သို့ တက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အပေါ်ထပ်ခိုး အထပ်ကို တက်သည့် လှေကားကို နင်းလိုက်သည်နှင့် မခင်မမကိုယ်သည် ထူးထူးခြားခြား ကြက်သီးထသွား၏။ စိတ်ပင် စောနေ၍လား မသိနိုင်။

ထိုထပ်ခိုးအခန်းသည် သူမ၏ ခင်ပွန်း ပစ္စည်းများ ထားသိုရာ နေရာဖြစ်သည်။ များသောအားဖြင့် မခင်မမသည် ထိုထပ်ခိုးအထပ်ပေါ်သို့ တစ်လနေ၍ တစ်ခေါက်ပင် မရောက်သည်ကများသည်။ ပြီးတော့ သူမယောက်ျား ကိုမြတ်သူက ထပ်ခိုးကအခန်းထဲကို သူကလွဲ၍ ဘယ်သူမှ ဝင်တာကြိုက်သူမဟုတ်။ ထို့ကြောင့် မခင်မမသည် ထပ်ခိုးက အခန်းထဲကို အရေးအကြောင်း မရှိလျှင် သွားလေ့မရှိချေ။

လှေကား ခြေနင်းပြားသစ်သားတွေကို နင်းရတာက ဒီညကျမှ ပိုပြီး အေးနေသယောင်ပင်။ ခြေနင်းပြားတစ်ပြားပေါ်ကို ခြေလှမ်း တစ်လှမ်း နင်းတက်လိုက်တိုင်း ခြေဖဝါးသည် စိမ့်ခနဲ အေးစက်စက်နှင့် ကြမ်းရှရှကို ထိတွေ့နေမိသည်။

လှေကားထိပ် ရောက်သည့်အခါ၊ မခင်မမသည် မီးခလုပ်ကို ဖွင့်လိုက်သည်။ လျှောက်လမ်း မီးက ဖျတ်ခနဲ လင်းသွား၏။

” အင်း … ဟင်း … ဟင်း ”

သေချာသွားပြီ။ ငြီးတွားသံက ထပ်ခိုးက စတိုခန်းလေးမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။သူမ စတိုခန်းအနီး ရောက်နေသည်မဟုတ်လား။ မခင်မမသည် ခပ်ရွံရွံဖြင့်သာ စတိုခန်းတံခါးအနီးသို့ ကပ်ခါ လှမ်းမေးလိုက်သည်။ သူမ၏ အသံက လိုသည်ထက် ပို၍ မာကြောနေသည်။ တမင် လုပ်ယူထားသော လေသံမှန်း သိသာ၏။

” ဟိတ်! အထဲက ဘယ်သူလဲ ”

ထိုအခါ ငြီးတွားသံသည် တိခနဲ ရပ်သွားလေ၏။ လုံးဝ တိတ်ဆိတ်သွားသည်။ လူသံကြား၍ တိတ်သွားသလော။မခင်မမ ပို၍ သိချင်သွားဟန်တူသည်။ ထပ်မံ မေးခွန်းထုတ်လိုက်ပြန်သည်။

” ဘယ်သူလဲ မေးနေတယ်လေ။ မဖြေရင် ငါ ရဲစခန်းကို ဖုန်းဆက်လိုက်မယ် ”

ထိုသို့ မခင်မမက လေသံမာမာဖြင့် ထပ်မံမေးလိုက်သောအခါ …

” ဂျောက် ! ”

အခန်းထဲမှ ပစ္စည်းတစ်ခုခု ကြမ်းပေါ်သို့ ပြုတ်ကျသွားသော အသံ ထွက်ပေါ်လာသည်။ မခင်မမလည်း တုန့်ဆိုင်းမနေတော့ဘဲ၊ အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။

တံခါးပွင့်သွားသည့်အခါ အခန်းတွင်းမှ အလွန်အေးမြသော လေထုက မခင်မမကိုယ်ကို ဖြတ်တိုက်သွားလေ၏။ မခင်မမ ခမျာ ကျောမတစ်လျှောက်လုံး စိမ့်အေးသွားပြီး လက်မောင်းလက်ဖျံတစ်လျှောက် ကြက်သီးဖျန်းဖျန်းထသွားလေတော့၏။

ထိုအချိန်မှာပဲ လျှောက်လမ်း မီးသီးက တိုက်တိုက်ဆိုင်ဆိုင် ဖျပ်ခနဲ ဖျပ်ခနဲ မှောင်သွားလိုက် လင်းလာလိုက်နှင့် မငြိမ်မသက် ဖြစ်သွားသည်။

မှိတ်တုတ်မှိတ်တုတ် အလင်းရောင်ကြောင့် မခင်မမသည် စတိုခန်း ပစ္စည်းများ ပုံထားရာ နေရာတစ်ခုမှာ … မိန်းမတစ်ယောက် ငုတ်တုတ်ကြီး ထိုင်နေသကဲ့သို့ မြင်လိုက်ရသောအခါ၌၊ သူမပါးစပ်က ‘အံမယ်လေး ‘ ဟုပင် အသံထွက် အော်ဟစ်လိုက်မိလေသည်။

မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော မီးသီးက ငြိမ်သက်သွားသည်။အလင်းရောင် ကောင်းစွာ ရသွားလေ၏ ။

ထိုအခါမှ လက်ကိုင်ရိုး ကျိုးနေသော ကြမ်းသုတ်အဝတ်ကို ရေပုံးမှာ ထည့်ထောင်ထားခြင်းအား မိန်းမတစ်ယောက် ကျောပေးနေသည်ဟု ထင်မှတ်မိကြောင်း မခင်မမ၏ အမြင်က ရှင်းသွားလေ၏။

သူမ ဟင်းခနဲ သက်ပြင်းချလိုက်မိပြန်၏။ ခုဏက ကြောက်စိတ်ကြောင့် ရင်တွေ တဒိန်းဒိန်း ခုန်လှုပ်သွားတာကို ပြန်စဥ်းစားပြီး မခင်မမ ရှက်စနိုးဖြစ်သွား၏။

‘ငါ့နှယ် ကြောက်တတ်ရန်ကော’ဟု ကိုယ့်ကိုယ်ကိုယ်ပင် အပြစ်တင်လိုက်မိသေး၏။

စတိုခန်းကို ပို၍ အမြင်ရှင်းအောင်

မခင်မမက အခန်းမီးကို ဖွင့်လိုက်သည်။ တစ်ခန်းလုံး လင်းထိန်သွားသည်။ အခန်းထဲတွင် သက်ရှိဟူ၍ သူမတစ်ယောက်သာ ရှိသည်။ သူမ ဇဝေဇဝါ ဖြစ်သွားဟန်တူ၏။ ငိုငြီးသံပိုင်ရှင်ကို ရှာမတွေ့ချေ။

ဤသို့ဆိုလျင် စောစောက သူမ ကြားနေရသော ငိုငြီးသံသည် မည်သူ့အသံနည်း။ တွေးရင်း မခင်မမရဲ့ ခြေလှမ်းက ပစ္စည်းပုံတစ်ခုအနား ရောက်သွား၏။ သူမ ကြမ်းပြင်ကို တစ်ချက်ကြည့်လိုက်သည်။ တစ်တောင်မျှ အရွယ်အစားရှိသော အရုပ်တစ်ခုကို တွေ့လိုက်ရသည်။

မခင်မမသည် ကြမ်းပြင်ပေါ်ရှိ သူမ၏ ခြေထောက်နားက မှောက်ခုံကြီးဖြစ်နေသော ထိုအရုပ်ကို ကောက်ယူလိုက်သည်။

အရုပ်၏မျက်နှာဖက်ကို လှည့်ကြည့်လိုက်သည်။ မခင်မမ၏ မျက်နှာသည် မသတီစရာတစ်ခုခုကို တွေ့လိုက်သည့်အလား ၊ မျက်နှာက ရှုံ့တွသွားသည်။

အရုပ်သည် ထိုင်းနိုင်ငံမှာ ပြုလုပ် ထားသော ပလပ်စတစ် ကော်ပတ်အရုပ်တစ်ရုပ်သာ။ ထူးဆန်းသည်က အရုပ်၏ မျက်နှာပေါ်၌ မျက်ခုံး၊မျက်လုံး၊နှာတံ၊ပါးစပ်တို့မပါရှိဘဲ ပြောင်ရှင်းကြီးဖြစ်နေပြီး၊ အဝတ်စ သေးသေးလေးဖြင့် ချုပ်ထားသော ထိုင်း မင်းသမီးများ၏ ရိုးရာဝတ်စုံကို အထက်အောက် ပြည့်စုံစွာ ဝတ်ဆင်ပေးထားသည်။

အဝတ်တို့မှာ ဟောင်းနွမ်းနေကြပြီ ဖြစ်သည်။ အရုပ်၌ ကျန်သောကိုယ်လက်အင်္ဂါတို့ အစုံပါရှိပြီး၊ အရုပ်၏ ဦးခေါင်းတွင် လူသား၏ ဆံသားဆံပင်နှင့် အလွန်တူသော ဆံပင်ရှည်ကို ဖါးလျား ချထား၏။ လူသားဆံပင်စစ်စစ်တော့ ဟုတ်ဟန်မတူ။

သာမန်အချိန်အားဖြင့်ဆိုလျင် မခင်မမအတွက် ဤအရုပ်သည် ယခုလောက် ရွံရှာဖွယ်ကောင်းလိမ့်မည်မဟုတ်ချေ။ ဝါကျင့်ကျင့် ဖန်မီးသီးအလင်းရောင်အောက်မှာ အရုပ်သည် ခြေလက်များ ကွေးကောက်နေပြီး၊ အရုပ်၏မျက်နှာကလည်း မျက်နှာပြောင်ကြီးနဲ့ဆိုလေတော့ မခင်မမ ထိတ်လန့်ရွံရှာမိခြင်း ဖြစ်လိမ့်မည်။ကြည့်ရသည်မှာ တစက်ကလေးမျှ ကျက်သရေ မရှိချေ။

” ကိုမြတ်သူကလဲ ဘယ်လို အရုပ်ကြီးကိုများ စတိုခန်းထဲ လာသိမ်းထားပါလိမ့်နော် … အရုပ်ကြည့်ရတာ တစ်စက်လေးမှ ကျက်သရေမရှိဘူး ”

မခင်မမက ထိုသို့ပြောရင်း ကောက်ကွေးနေသော ခြေလက်တို့ကို တစ်ချောင်းချင်း ပြန်ဆန့်ပေးလိုက်သည်။

ပထမ လက်တစ်ချောင်းကို စ၍ ဆန့်ပေးစဥ် …

” ဂျွတ် ”

ဟင်! မခင်မမ နားဖြင့် ဆတ်ဆတ်ကြားလိုက်ရခြင်းပင်။ အသံက လူတို့ လက်ဆစ်ချိုးသည့်အခါ ထွက်လာတတ်သည့် အသံမျိုးဖြစ်သည်။ မခင်မမ သူပဲ နားအကြား လွဲသလားဆိုပြီး အရုပ်၏ နောက်လက်တစ်ချောင်းကို ထပ်ဆန့်ပေးလိုက်သည်။ ခုနကလိုပင် …

“ဂျွတ် ”

အသံက ပီသလှသည်။ မခင်မမ အနောက်သို့ လှည့်ကြည့်လိုက်သည်။ ထူးခြားသည့် အရိပ်အယောင် တစက်ကယ်မျှ မတွေ့ရချေ။ သူမ အရုပ်၏ ခြေချောင်းကို ထပ်ဆန့်ပြန်သည်။ ဂျွတ်ခနဲ အရိုးကျိုးသည့်အသံ ထပ်ထွက်လာပြန်၏။ နောက်ဆုံး ခြေတစ်ဖက်ကို ဆန့်သည့်အခါလည်း ထို့နည်းတူစွာ ဂျွတ် ဟု ပီပီသသကြီး အသံထွက်လာ၏။

သို့သော် နာကျင်ငြီးတွားသည့်အသံ လုံးဝ မကြားရချေ။ သိုပေမဲ့ အရုပ်၏ ခြေများ လက်များ သူ့နဂိုအတိုင်း ပြန်ဆန့်ပေးပြီးနောက်တွင် မခင်မမ၏ အကြားအာရုံသို့ ထိုင်းစကားသံ သဲ့သဲ့လေး လာရောက် ရိုက်ခတ်သွားသည်။

” ခပ် ခူ မက် ”

အသံက လေးလေးပင်ပင်နိုင်သလို တခွန်းချင်း သဲကွဲစွာ ကြားလိုက်ရခြင်း ဖြစ်သည်။

မခင်မမသည် တအံတဩနှင့် အရုပ်ကို အသေအချာ ငေးကြည့်လိုက်မိသည်။ ပါးစပ်ပေါက်မပါသော အရုပ်က အသံထွက်ပါမည်တဲ့လား။

ထိုအခိုက် အိမ်အောက်ထပ်က …

” မေမေ … မေမေရေ ၊ မေမေ ဘယ်မှာတုန်း ” ဟူသော သားငယ် ထူးခန့်၏ အမေအော်ခေါ်သံ ကြားလိုက်ရလေ၏။

မခင်မမလည်း သားဖြစ်သူအသံကြောင့် အရုပ်ကို ပစ္စည်းပုံ၏ အပေါ်ဆုံးမှာ အလျားလိုက် တင်ပေးထားလိုက်ပြီး စတိုခန်းထဲမှ ထွက်လာခဲ့သည်။

” သားရေ … မေမေ ဒီမှာနော်။ လာပြီ သားရေ မေမေလာပြီ ”

မခင်မမ အိမ်အောက်ထပ် ရောက်လာ၏။ သားငယ်ကို ဧည့်ခန်းမှာ ရှိလေမလားဟု ရှာကြည့်လိုက်သည်။ မတွေ့ရချေ။ သို့ဖြင့် သူမ အိပ်ခန်းဆီသို့ ခပ်သွက်သွက် သွားကြည့်လိုက်သည်။

ဟင်!

မခင်မမ အလွန်ပင် အံအားသင့်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ သားငယ် မောင်ထူးခန့်သည် အိပ်ရာပေါ်၌ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်လျက်သား ရှိနေသောကြောင့်ပင်။ သူမ အခန်းအပြင် မထွက်ခင်က စောင်အပါးလေး ခြုံလွှမ်းပေးထားသည့်အတိုင်း အရာမပျက် ရှိနေသည်။

မခင်မမ အခန်းတံခါးကို ဒုန်းခနဲ ပိတ်လိုက်ပြီး အတွင်းမှ ဂျက်ချလိုက်သည်။ ပိုမို စိတ်ချလုံခြုံအောင် ဂလန့်ပါ ထိုးလိုက်၏။ သူမ ယနေ့ည တွေ့ကြုံနေရသော အဖြစ်အပျက်များမှာ ပြန်ပြောပြလျှင် နားထောင်ရသူအဖို့ ယုံနိုင်စရာ ရှိပါ့မလားဟု မခင်မမ တွေးတောလိုက်မိလေတော့သည်။

___________

အခန်း၂။

တစ်ခုသော နေ့ခင်း၌၊ ဂျမ်းတောမသည် မခင်မမ ရှိရာသို့ ရောက်လာပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် စကားလာပြော၏။ ဂျမ်းတော မျက်နှာက တစ်စုံတစ်ရာကို ကြောက်ရွံနေသည့်ဟန် အထင်းသား ပေါ်လွင်လို့နေသည်။

” မမ … ကျွန် … ကျွန်မ တစ်ခုလောက် ပြောချင်လို့ ”

မခင်မမက ဂျမ်းတော၏ ထူးဆန်းသော အပြုအမူကြောင့် ဂျမ်းတော ပြောလာမည့်စကားကို စိတ်ဝင်စားသွားပြီး …

” ပြောလေ … ဂျမ်းတော၊ ဘာပြောချင်လို့လဲ ”

” ဟိုတစ်နေ့ညက မမလဲ အပေါ်ထပ် စတိုခန်းထဲက ငိုသံ ကြားခဲ့ရပြီမဟုတ်လား ”

ဂျမ်းတောက မခင်မမ မိန်းမတစ်ယောက် ငိုငြီးသံကြားခဲ့ရသည့် ညအကြောင်းကို မေးလိုက်သည့်အခါ အံအားသင့်သွား၏။ ပြီးတော့ ဒေါသလည်း ထွက်သွား၍ …

” ဟေ ! ညီး …ညီး အဲ့နေ့ညက ငါ အော်နှိုးတာ သိတယ်ပေါ့ ။ ဒါဆို ဘာလို့ မထူးတာလဲ ”

ဂျမ်းတောက မျက်လုံးလေး ကလည်ကလည်နဲ့ ခေါင်းကို ငုံချလိုက်ပြီးနောက် …

” ကျွန်မ ကြောက်လို့ပါ မမ။ အဲ့နေ့ညက ကျွန်မ မမရဲ့ ခေါ်သံကိုလည်း ကြားသလို ၊ မိန်းမငိုငြီးသံကြီးကိုလည်း ကြားရပါတယ်။ ကျွန်မ တအား ကြောက်လွန်းလို့ စောင်ကို ခေါင်းမြီးခြုံပြီး အခန်းထဲ အောင်းနေခဲ့တာပါ ၊ ကျွန်မ အခြောက်ခံရတာ သုံးလေးခါရှိပြီ။ မမကို မပြောရဲလို့ ကြိတ်ခံနေရတာ ”

မခင်မမ ဟင်းခနဲ သက်ပြင်း ချလိုက်သည်။ ဂျမ်းတောဆိုတာက မပြေလည်လို့ ကိုယ့်အိမ်မှာ အိမ်အကူ လာလုပ်တာ။ အသက်အားဖြင့်က ၁၅နှစ်/၁၆နှစ်လောက်သာ ရှိဦးမည်ဖြစ်သည်။ ကလေးသာသာဆိုတော့ သူမလည်း ကြောက်ရှာလိမ့်မည်ဟု နားလည်ပေးလိုက်သည်။ဂျမ်းတောမ မျက်နှာကို ကြည့်၍ မခင်မမ၏ စိတ်ထဲ တစ်စုံတစ်ရာကို တွေးမိသွားပြီး

” ဂျမ်းတော ငါ့ကို မှန်မှန်ပြောစမ်း။ ညည်း အဲ့နေ့ည မတိုင်ခင်ကရော ဘာတွေ ထူးဆန်းတာ တွေ့မိသေးလဲ ”

” ပြောရရင် ကြောက်စရာကြီး မမ။ ကျမ လိမ်ပြောတယ်လို့ မမ ထင်မှာလဲ စိုးတယ်။ ကျမ တွေ့ခဲ့တာ တစ်ခါ နှစ်ခါ မကတော့ဘူး ”

မခင်မမ ထိတ်ခနဲ ဖြစ်သွားပြီး၊

” ဟင်! ညည်းက ဘာကို တွေ့တာလဲ။ ငါ့ကို ရှင်းအောင် ပြောစမ်းပါ ဂျမ်းတောရယ်။ ငါ ရင်ထိတ်လိုက်တာဟယ် ”

” ပထမ တစ်ရက်က ညနေ နေဝင်ရီတရော်အချိန် ၊ မိုးလေး ဖွဲဖွဲကျတော့၊ ကျမ အိမ်အပြင်မှာ လှန်းထားတဲ့ အဝတ်တွေ သွားရုပ်တယ် မမ ”

” အေး … အဲ့ဒီတော့ ဘာဖြစ်လဲ ”

” အဝတ်တန်း လှန်းတဲ့နေရာက ကြည့်ရင် … အပေါ်ထပ်က စတိုခန်း မှန်ပြတင်းပေါက်ကို မြင်ရတယ်လေ။

ကျမ အဝတ်တွေ ရုပ်နေရင်းနဲ့ ဘာကြောင့်မှန်းမသိဘူး။ အဲ့ မှန်ပြတင်းပေါက်ကို မော့ကြည့်လိုက်တော့ …

မှန်ပြတင်းပေါက်နားမှာ ဆံပင်ရှည်ရှည်နဲ့ မိန်းမတစ်ယောက် ခပ်စောင်းစောင်း ထိုင်နေတာ တွေ့လိုက်ရတယ်။

ရုတ်တရက်ဆိုတော့ ကျွန်မလဲ ကြောင်တောင်တောင် ဖြစ်သွားတယ်။ မမများလားပေါ့ ။ မမကလဲ ဆံပင်ရှည်တယ်လေ။ နောက်မှ ကျွန်မ တွေးမိသွားတာက … အဲ့နေ့ ညနေက မမနဲ့ ဦးလေးတို့ သားသားထူးခန့်လေး နေမကောင်းလို့ဆိုပြီး မိသားစုလိုက် ဆေးခန်းသွားနေကြတယ်မဟုတ်လား။

ဒါနဲ့ အဲ့ဒီမိန်းမက ဘယ်သူလဲဟဆိုပြီး ကျွန်မက ထပ်အကြည့် သူ့မျက်နှာက ကျွန်မဘက်ကို တဖြည်းဖြည်း လှည့်လာတယ်။

အောင်မယ်လေး … မမရေ၊ ခုပြော ခုကြက်သီးတွေ ထလာပြန်ပြီ။ ကြောက်စရာကြီး သူ့မျက်နှာပေါ်မှာ ဘာမှ မရှိဘူး။ မျက်နှာက မျက်နှာပြောင်ကြီး မမရဲ့။ ပြီး ဖွေးစုပ်စုပ် ဖြူရော်ရော်ကြီး ”

ဒီတစ်ခါ အံအားသင့်ရသူက မခင်မမပင်။

” ဟင်! မျက်နှာပြောင်ကြီး ဟုတ်လား ဂျမ်းတော ”

ဂျမ်းတောက ခေါင်းငြိမ့်ပြရင်း …

” ဟုတ်တယ် မမ၊ အဲ့ဒါကြီးလဲ တွေ့ရော ကျွန်မ အိမ်ထဲ မဝင်ရဲတာနဲ့၊ မိုးရွာထဲ ခြံဝမှာပဲ မမတို့ပြန်လာတဲ့အထိ ထိုင်နေတာပေါ့ ”

မခင်မမ သတိရသွားသည်။ ထိုနေ့က သားငယ်ထူးခန့် ဖျားသဖြင့် သူတို့လင်မယားသည် အိမ်မှာ ဂျမ်းတောကို ထားခဲ့ပြီး၊ ဆေးခန်းသို့ ကားဖြင့် ထွက်သွားခဲ့သည်။

ဆေးခန်းက အပြန် အိမ်ရောက်တော့ ခြံဝမှာ မိုးရေတွေ ရွှဲနေသော ဂျမ်းတောမကို တွေ့ရ၏။ ထိုနေ့က ဖျားနေသော သားငယ်ကို အလေးပေးနေရသဖြင့် သူတို့လင်မယား ဂျမ်းတော ဘာဖြစ်သည်ကို လေးလေးနက်နက် မမေးမိကြချေ။

‘ဂျမ်းတော ညည်း ဘာလို့ ခြံဝမှာ ရပ်နေသလဲ ‘ဆိုတော့လည်း ဂျမ်းတော့က’ တစ်ယောက်တည်း အိမ်ထဲမှာ မနေရဲလို့ ၊ ကြောက်လို့ ‘ဟု ဖြေသည်မဟုတ်လား။ သားဇောနဲ့ဆိုတော့ ဂျမ်းတောကို အမှုမဲ့အမှတ်မဲ့ပင်။

ထိုစဥ်က သူတို့လင်မယားနှစ်ယောက်စလုံး ဖျားနေတဲ့ ထူးခန့်ကိုသာ ပို၍ ဂရုစိုက်နေမိခဲ့ကြသည်။ ဂျမ်းတောကို စေ့စေ့စပ်စပ် မမေးခဲ့ကြချေ။

အခုတော့ မခင်မမကိုယ်တိုင်က တွေ့ကြုံခဲ့ဖူးပြီမို့ ၊ ဂျမ်းတောရဲ့ အဖြစ်အပျက်ကို စိတ်ဝင်စားလာသည်။ မခင်မမက …

” နောက်တစ်ခါကျတော့ရော ၊ ဘယ်လို တွေ့တာလဲ ဂျမ်းတော ”

” အင်း … နောက်တစ်ခါကျ ပိုထူးဆန်းတယ် မမ။ မမ သားသားထူးခန့်ကို ကျောင်းသွားပို့ချိန် မနက် ၉နာရီလောက်မှာပေါ့ ။

ကျွန်မလဲ အဝတ်တွေ လျှော်ဖို့ ရေချိုးခန်းထဲမှာ အဝတ်တွေကို ဆပ်ပြာရေ စိမ်နေတုန်း … ရေချိုးခန်းတံခါးက ရုတ်တရက်ကြီး ဝုန်းခနဲ ပိတ်သွားတယ်။ ဘယ်လိုပြောရမလဲ လူက ဆောင့်ကန်ပိတ်လိုက်သလိုပေါ့ မမရယ်။

ကျမလဲ လန့်သွားပြီး အဝတ်တွေ စိမ်နေရာကနေ တံခါးကို တွန်းဖွင့်ပြီး အပြင်ထွက်ကြည့်လိုက်တယ်။

အဲ့ဒီမှာ ဧည့်ခန်းဘက်က ရိပ်ခနဲ ဖြတ်ပြေးသွားတာ တွေ့လိုက်ရတယ်။ သူ ပြေးတာက မြန်လွန်းတော့ လူလား တိရိစ္ဆာန်လားတောင် သဲသဲကွဲကွဲ မမြင်လိုက်ရဘူး မမ။

ကျွန်မက မမများ ပြန်ရောက်ပြီလားပေါ့။ ဒါနဲ့ အိမ်ရှေ့ကို ထွက်ကြည့်တယ်။ မမရဲ့ ကား မတွေ့ရဘူး။ မမလဲ ပြန်လာတာမဟုတ်ဘူးရယ်။

အဲ့ဒီလို ကျွန်မ အိမ်ရှေ့ ထွက်ကြည့်နေတုန်း၊ ထပ်ခိုးက စတိုခန်းထဲက ပစ္စည်းတွေ ပြုတ်ကျတဲ့အသံ ကြားရပြန်ရော။ ကျွန်မက ကြောင်တစ်ကောင် ဝင်မွှေနေပြီ ထင်တာ။

မမက အဲ့ဒီအခန်းကို မဝင်ရဘူးလို့ ပြောထား သတိပေးထားတာ ကျွန်မ မှတ်မိပါတယ်။ ဒါပေမဲ့ အဲ့ဒီအခန်းထဲက ပစ္စည်းတွေ ပြုတ်ကျသံတွေက ထပ်ကြားရတော့ ကျွန်မ မနေနိုင်ဘူး။

အဲ့ဒီ အပေါ်က စတိုခန်းကို တက်သွားလိုက်မိတယ်။ ကျွန်မ စတိုခန်းကိုသွားဖို့ တစ်ခုခုက စေ့ဆော်နေသလိုပါပဲ မမရယ်။ပြောရဦးမယ် … ကျွန်မ လှေကားက စတက်တက်ချင်း ကြက်သီးမွှေးညင်းတွေ ထသွားတယ်မမ။ ဘာဖြစ်မှန်းကို မသိတာနော်။

ကျမ အပေါ်လဲ ရောက်ရော အံဩစရာ မမရေ။ စတိုခန်းတံခါးကလေ သူ့အလိုလို တကျွီကျွီနဲ့ ပွင့်သွားတယ်။ ကျမလဲ စပ်စပ်စုစုနဲ့ အခန်းထဲကို လှမ်းကြည့်လိုက်တယ်။ ကျမ စိတ်အထင်က ကြောင်မွှေလို့ ပစ္စည်းတွေ ပြန့်ကြဲနေမှာပဲလို့ ထင်ထားပေမယ့် …

တကယ်တမ်းကျ အခန်းထဲမှာ ပစ္စည်းတွေက သူ့နေရာနဲ့သူ ၊ စီစီရီရီ နေသားတကျ ရှိနေတာကို တွေ့လိုက်ရတယ်။ ဒါဆို ခုနက အသံတွေက ဘယ်က လာတာလဲပေါ့။ ကျမရဲ့ တထွာတမိုက် ဉာဏ်လေးနဲ့ တွေးမရနိုင်ဘူး။

အဲ့ဒီလို ကျမ စိတ်ရှုပ်နေတုန်း ပစ္စည်းပုံတစ်ခုရဲ့ အပေါ်ဆုံးမှာ အရုပ်တစ်ခုကို တွေ့လိုက်ရတယ် မမ ”

မခင်မမက သိချင်လွန်း၍ ကြားဖြတ်မေးလိုက်မိသည်။

” အဲ့ဒါ တတောင်လောက် အရွယ်ရှိတဲ့ ကော်ပတ်ရုပ်မဟုတ်လား။ သူ့မျက်နှာမှာ နှာခေါင်းတို့ ပါးစပ်တို့ မပါဘူးလေ။ ပြောင်ရှင်းကြီး ”

ဂျမ်းတောက ခေါင်းကို တဆတ်ဆတ် ငြိမ့်ပြသည်။

” ဟုတ်တယ်မမ ၊ အဲ့ဒီအရုပ်ပဲ။ ထိုင်းရုပ်ရှင်ဇာတ်ကားတွေထဲက မင်းသမီးတွေလို အဝတ်အစားနဲ့လေ”

” အင်း ဟုတ်တယ်။ဒါနဲ့ ဘာဆက်ဖြစ်လဲ ပြောပါဦး ”

” ကျွန်မကို အဲ့ဒီအရုပ်က ညှို့ယူထားသလိုပဲ မမရေ ။ အရုပ်ကို ငေးကြည့်နေမိတယ်။ ကျွန်မ သေသေချာချာ ကြည့်လိုက်တော့ အရုပ်ရဲ့ လက်တစ်ဖက်ကို ပစ္စည်းပုံထဲက ရှေးခေတ်တုန်းက သုံးတဲ့ ဖန်မီးအိမ်အဟောင်းရဲ့ လက်ဆွဲချိတ်က ဖိထားသလို ဖြစ်ပြီး ပိနေတယ်။ ဒါနဲ့ ကျွန်မလဲ အဲ့ဒီ မီးအိမ်လက်ကိုင်ကိုင်းကို အရုပ်ရဲ့ လက်ပေါ်ကနေ ဖယ်ပေးလိုက်တယ်။

အဲ့ဒီအချိန် ကျွန်မ နားထဲမှာ စကား ပြောသံလိုလို အသံတစ်ခု ကြားလိုက်ရတယ်။ အသံက မိန်းမသံ မမရဲ့။ ပြီးတော့ အဲ့ဒီစကားသံက ဗမာစကားမဟုတ်ဘူး။

ဒါနဲ့ အရုပ်က စကားပြောတာလားဆိုပြီး အရုပ်ကို ကြာကြာ ငေးကြည့်နေတုန်း အောက်ထပ်ကနေ မမရဲ့ ‘ဂျမ်းတောရေ ဂျမ်းတော’ ဆိုတဲ့ အော်ခေါ်သံကို ကြားလိုက်ရတယ်လေ။ ကျွန်မ မှတ်မိတယ်မမ။ အဲ့တုန်းက အော်ခေါ်တဲ့အသံက မမမှ မမရဲ့အသံပဲ ။ ကျွန်မ နားကြားမလွဲဘူးနော်။

ဒါနဲ့ ကျွန်မ အောက်ထပ်ကို ပြေးဆင်းလာလိုက်တယ်။ ဒါပေမဲ့ မမရေ ၊ မမကို မတွေ့ရဘူး။ ကျွန်မ တအံတဩနဲ့ ကြောင်တောင်တောင် ဖြစ်နေတဲ့အချိန် အဲ့ဒီ စတိုခန်းတံခါးက ဂျိမ်းခနဲဆိုပြီး ပိတ်သွားပြန်တယ်။ နောက်တော့ မမရဲ့ကား… ခြံတံခါးဝ ရောက်လာပြီး ကားဟွန်းတီးတော့မှ ကျွန်မ လှည့်ဖြားတာ ခံလိုက်ရပြီဆိုတာ သိလိုက်ရတယ် ”

မခင်မမက နားထောင်နေရင်းမှ မှတ်ချက်ပြု၏။

” အရုပ်ကတော့ စကား မပြောနိုင်လောက်ပါဘူး ဂျမ်းတောရယ်။ နို့ … ညည်း ကြားခဲ့ရတဲ့ ထိုင်းစကားဆိုတာက ဘယ်လိုလဲ ။ ညည်း မှတ်မိသေးလား”

ဂျမ်းတောက စဥ်းစားသလို လုပ်ပြီးမှ ဖြေသည် ။

” ‘ခပ် ခူ မက် ‘ဆိုလားပဲ မမ။ ကျမလဲ သေသေချာချာ မမှတ်မိတော့ဘူး”

မခင်မမက ဂျမ်းတောရဲ့ လေသံကို နင်းပြီး တစ်လုံးချင်း လိုက်ရွတ်ကြည့်လိုက်သည်။

” ခပ် … ခူ … မက် … ”

ဂျမ်းတောက မခင်မမ ရွတ်လိုက်သည့်အခါမှ၊ ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း ‘အင်း ဟုတ်တယ် ဟုတ်တယ် မမ၊ မမ အခုပြောသလို တစ်လုံးချင်း ခပ်လေးလေးကြီး ပြောသွားတာပဲ ”

မခင်မမသည် သူ အရုပ်ကို လက်ကလေးတွေ ပြန်ဆန့်တန်းပေးစဥ်ကလည်း အရုပ်ထံမှ ထိုသို့သော ထိုင်းစကားပြောသံကို ကြားခဲ့ဖူးသည်မဟုတ်လော။ မခင်မမစိတ်ထဲမှာ

‘ အင်း စတိုခန်းထဲက ထိုင်းရိုးရာ အရုပ်မလေးက ထူးခြားတယ်။ တစ်ခုခုတော့ တစ်ခုခုပဲ ‘ လို့ မခင်မမတွေးတောလိုက်မိလေ၏။

ဘာပဲ ပြောပြော ဒီလိုမျိုး အိမ်ထဲမှာ မရိုးသားတဲ့ အဖြစ်အပျက်တွေ ဆက်တိုက် ဖြစ်ပျက်နေတာ ကိုမြတ်သူ ယူဆောင်လာခဲ့တဲ့ ထိုင်းရိုးရာ ကော်ပတ်အရုပ်လေးကြောင့်သာ ဖြစ်လိမ့်မည်။

ကိုမြတ်သူ ခရီးကနေ အိမ်ကို ပြန်လာရင်တော့ သူမတို့ အဖြေတစ်ခုခု သိရလိမ့်မည်။

တစ်ခုပဲ မခင်မမ စိုးရိမ်မိသည်။ ဒီတစ်ခေါက် ကိုမြတ်သူ ခရီးထွက်တာ ကြာသင့်သည်ထက် ရက်ပိုကြာနေသည်။ ထိုင်းရိုးရာအရုပ်မနှင့် ပတ်သက်ပြီး ကိုမြတ်သူ မရိုးဖြောင့်တာ တစ်ခုခုများ လုပ်ထားခဲ့လေသလား။

အကယ်၍ လုပ်ထားမိရင်ရော ဤ ဝိညာဥ် တွယ်ကပ်နေသော အရုပ်ကလေးက ကိုမြတ်သူကို ခွင့်လွှတ်ပေးနိုင်ပါ့မလား …

မခင်မမခမျာ အမျိုးမျိုးအဖုံဖုံ တွေးတောရင်း ခင်ပွန်းဖြစ်သူ ကိုမြတ်သူအတွက် စိုးရိမ်သောကစိတ်တွေ များလာခဲ့သည်။

ကိုမြတ်သူတစ်ယောက် အခုတစ်ခေါက် အလုပ်တွေ အဆင်ပြေလို့ အိမ်ကို ချောချောမောမော ပြန်ရောက်ပါစေလို့ တိုးဖွဖွ ဆုတောင်းရင်း သူမ သက်ပြင်းမောကို မှုတ်ထုတ်လိုက်မိသည်။

____________

အခန်း၃။

” ဂျိန်း … ဒလိမ်း ”

ည ကိုးနာရီခွဲလောက်တွင် မိုးက သည်းသည်းမည်းမည်း ရွာနေပါ၏။ မိုးသံလေသံနဲ့အတူ မိုးခြိမ်းသံ လျှပ်စီးကြောင်းကြီးတွေက ရင်ဖိုထိတ်လန့်ဖွယ်ရာ ကောင်းလှသည်။

မိုးကများ လေကပြင်းဆိုတော့ လျှပ်စစ်မီးက ပျက်သွားသည်။ သိုပေမဲ့ မခင်မမတို့အိမ်က အင်ဗာတာနဲ့ ဘက်ထရီ ရှိ၍ မီးလင်းနေသေးသည်။

မခင်မမ၊သားငယ် ထူးခန့် နှင့် အိမ်အကူ ဂျမ်းတောတို့သည် အိမ်၏ ဧည့်ခန်း ဆိုဖာဆက်တီ၌ စုရုံးထိုင်နေကြသည်။ သူတို့သည် ကိုမြတ်သူ ပြန်အလာကို စောင့်မျှော်နေကြခြင်း ဖြစ်သည်။ ကိုမြတ်သူက ဒီကနေ့ ပြန်ရောက်မည်ဟု ဖုန်းကြိုဆက်ထား၏။

ဂျိန်း !

” အံမယ်လေး ! မမရေ ”

ဒီတစ်ခါ ခြိမ်းလိုက်တဲ့ မိုးခြိမ်းသံက အတော်ကျယ်လောင်၏။ပြီးတော့ မှန်ပြတင်းပေါက်မှာ လျှပ်စီးကြောင်းကြီးက လာပြီး အရိပ်ပြက်ခနဲ ထင်သွားသည်။ ထို့ကြောင့် ဂျမ်းတောမ ထိတ်လန့်တကြား အော်ဟစ်လိုက်ခြင်း ဖြစ်သည်။

မခင်မမ စိတ်ထဲမှာ …

‘ အင်း ကိုမြတ်သူ ဖုန်းဆက်တော့ သူ ည၈နာရီလောက် ပြန်ရောက်မယ် ပြောထားတာပါ။ အခု ကိုးနာရီခွဲပြီးလို့ ဆယ်နာရီတောင် ထိုးတော့မယ်။ ခုထိ မရောက်သေးပါလား။ ဖုန်းဆက်တော့လဲ စက်ပိတ်ထားပါသည်တဲ့။ ဘာတွေများ ဖြစ်နေပါလိမ့်နော် ‘ ဟု တွေးတော ပူပန်နေရှာသည်။

စောင့်မျှော်ရသူအဖို့က စက္ကန့်ပိုင်း မိနစ်ပိုင်းလေးမျှပင် ကြာတောင့်ကြာရှည်နိုင်လွန်းလှသည်။

အိမ်ရှိတံခါးများကို မိုးပက်မည်စိုး၍ အကုန်ပိတ်ထားသော်လည်းမိုးစက်တွေက တစ်ချက် တစ်ချက် ဆောင့်တိုက်လာသော လေပြင်းနဲ့အတူ ဆုပ်ကြဲပက်လိုက်သည့်အလားပင်။မိုးရေနှင့် မှန်ပြတင်း ၊ မိုးရေနှင့် ခေါင်မိုးသွပ်ပြား ထိတွေ့ရိုက်ခတ်သံတွေက တဗြောင်းဗြောင်း တဖေါင်းဖေါင်း မြည်ဟီးလျက်ရှိသည်။

တိုင်ကပ်နာရီက စက္ကန့်တံက တရွေ့ရွေ့ လည်ပတ်ရင်း သူတာဝန်ကို မှန်မှန်ကြီး ထမ်းဆောင်နေသည်။ ဧည့်ခန်းက ဆိုဖာဆက်တီပေါ်၌ သားငယ်ထူးခန့်ပင် မခင်မမရဲ့ပေါင်ပေါ် ခေါင်းတင်ပြီး အိပ်ပျော်သွားပြီဖြစ်သည်။

ညဥ့်နက်လာသည်နှင့်အမျှ မခင်မမလည်း ကျောမှီပေါ် လှဲချရင်း ငိုက်မြည်းလာသည်။ တစ်ချက် တစ်ချက် မေ့ခနဲ အိပ်ပျော်လုလု ဖြစ်နေရှာသည်။

မအိပ်ပျော်နိုင်သူက ဂျမ်းတော။ ဂျမ်းတောရဲ့ စိတ်တွေက ကြောက်ရွံစိတ်တွေ ကြီးစိုးနေလေတော့ ဘယ်လိုမှ အိပ်မပျော်ချေ။

ဆယ့်တစ်နာရီ ထိုးလုလုမှာတော့ အိမ်အပြင်ဘက် ခြံတံခါး၌ ချိတ်ဆွဲထားသော လူခေါ် ခေါင်းလောင်းသံနှင့်အတူ …

” ခင်မရေ … ခင်မ ၊ မောင်ပြန်ရောက်ပြီ ၊ ခြံတံခါး လာဖွင့်ပေးပါဦး ”

ပုပြပ်ဝပ်နေမိသော ဂျမ်းတော ချက်ချင်း ခေါင်းထောင်သွားသည်။ ဂျမ်းတောက မခင်ခင်မကို လှုပ်နှိုးလိုက်ပြီး …

” ဟော မမ ၊ ဦးလေးအသံကြားတယ်။ အိမ်ပြန်ရောက်ပြီနဲ့တူတယ်။ ကျွန်မ တံခါးသွားဖွင့်ပေးလိုက်မယ်နော် … ”

မှေးခနဲ အိပ်ပျော်သွားရာက ဂျမ်းတောမ လှုပ်နှိုးမှုကြောင့် ဆတ်ခနဲ နှိုးလာတဲ့ မခင်မမသည် သူမ ပေါင်ပေါ်က သားငယ်ရဲ့ ဦးခေါင်းကို ဆိုဖာပေါ် အသာအယာ ချပေးလိုက်ပြီး၊

” အေး … အေး သွားဖွင့်ပေးလိုက် ဂျမ်းတော၊ ညည်းဦးလေး မိုးတွေ မိလာပြီနေမှာ၊ ငါလဲ မောင့်အတွက် အဝတ်တွေ သွားယူထားလိုက်မယ် ”

ဂျမ်းတောက ခြံဝန်းတံခါးသော့နှင့် ထီးကို ယူ၍ ပြေးဆင်းသွားသည်။

မကြာမီ ကိုမြတ်သူသည် မိုးရေများ တစ်ကိုယ်လုံး ရွှဲစိုလျက် အိမ်ထဲသို့ ဝင်လာသည်။ ကိုမြတ်သူနောက်က ဂျမ်းတောက ကိုမြတ်သူရဲ့ ခရီးဆောင်အိတ်ကို မနိုင့်တနိုင် သယ်မလာ၏။

မခင်မမက အဝတ်တစ်ချို့နှင့် တစ်ဘက်ကို ယူလာပြီး ၊ ‘နောက်ကျလိုက်တာ မောင်ရယ်’ဟု ခပ်ညည်းညည်းလေး ဆိုလိုက်၏။

ကိုမြတ်သူက ဘာမှမပြောဘဲ၊ သူလွယ်ထားသော ယောက်ျားလွယ် သားရေအိတ်ကို မခင်မမထံ လှမ်းပေးသည်။

ထိုအခါမှ မခင်မမသည် ကိုမြတ်သူ၏ ညာ ဘက်လက်မှာ လက်မကလွဲပြီး ကျန်လက်လေးချောင်းနေရာမှာ တုံးတိကြီး ပတ်တီးစည်းနှောင်ထားသည်ကို တွေ့လိုက်ရလေသည်။ မခင်မမ ထိတ်ထိတ်ပြာပြာနှင့် …

” ဟင်! မောင့်လက်က ဘာဖြစ်တာလဲ ၊ ပတ်တီးတွေ စည်းထားပါလား ”

” မစိုးရိမ်ရပါဘူး၊ ကားတံခါးနဲ့ ညပ်မိတာ ၊ ဘာမှ မဖြစ်ဘူး ၊ ပြီးတော့မှ မောင် အကုန်ပြောပြမယ် ခင်မ ”

ကိုမြတ်သူက မခင်မမ ပေးသော အဝတ်ခြောက်တို့ကို အမြန်လဲလှယ်ဝတ်ဆင်လိုက်ပြီး …

” ခဏနော် ခင်မ၊ မောင် အရေးတကြီး လုပ်စရာလေးရှိသေးလို့ ”

ထိုသို့ ပြောကာ၊ ကိုမြတ်သူတစ်ယောက် သုတ်သုတ်ပြာပြာနှင့် ထပ်ခိုးက စတိုခန်းရှိရာသို့ တက်သွားလေ၏။

မခင်မမမှာ ဘာကိုမှ နားမလည်နိုင်ဘဲ၊ ကိုမြတ်သူ တက်သွားရာ ထပ်ခိုးအပေါ်ထပ်သို့ ငေးကြည့် ကျန်ခဲ့လေ၏။

စတို တံခါးဖွင့်သံ ၊ မီးခလုတ်ဖွင့်သံများ ဆက်တိုက်ကြားလိုက်ရပြီးတခဏ၌၊ကိုမြတ်သူ၏ ဒေါသဖြင့် တောက်ခေါက်လိုက်သည့်အသံ ထွက်ပေါ်လာသည်။

တခဏအကြာ ကိုမြတ်သူသည် ရှုးရှုးရှားရှားနှင့် ဒေါသတကြီး ဧည့်ခန်းသို့ ပြန်ရောက်လာ၏။

ဆင်းလာသည့် ကိုမြတ်သူ လက်တစ်ဖက်ထဲတွင် ထိုင်းကော်ပတ်ရုပ်ကလေးကို ကျစ်ကျစ်ပါအောင် ကိုင်ထားသည်ကို တွေ့ရသည်။

ဒေါသထွက်နေသော ကိုမြတ်သူက သူ့ဇနီး မခင်မမမျက်နှာကို စေ့စေ့ကြည့်၍ မေးလိုက်သည်။

” ခင်မ … မင်း အပေါ်ထပ် စတိုခန်းကို ငါခရီးထွက်နေတုန်း ဝင်သေးတယ်မို့လား ”

အနီးနားတွင် ဂျမ်းတောလဲ ရှိနေရာ၊ ကိုမြတ်သူ၏ ဒေါသမေးခွန်းကြောင့် ဇက်ကလေး ပုဝင်သွားရှာသည်။ သူမလည်း စတိုခန်းထဲကို တစ်ကြိမ် ဝင်ခဲ့မိသည်မဟုတ်လား။အခွင့်မရှိဘဲ ဝင်ခဲ့မိ၍ အပြစ်မကင်းသလို ခံစားနေရဟန်တူသည်။

မခင်မမက လေသံ ခပ်အေးအေးနဲ့ ပြန်ဖြေလိုက်သည်။

” ဟုတ်တယ်၊ မောင် ခရီးသွားနေတုန်း တစ်ညက အဲ့ဒီအခန်းထဲကနေ မိန်းမတစ်ယောက် ငိုငြီးသံကြားရလို့ ခင်မက သူစိမ်းတစ်ယောက် အိမ်ထဲ ရောက်နေလားဆိုပြီး ၊ ဝင်ခဲ့မိတယ်။ အဲ့ဒါ ဘာဖြစ်လို့လဲ မောင် ”

ကိုမြတ်သူ အံဩဟန်တူ၏။ မိန်းမ ငိုငြီးသံဟု သူ့ဇနီးက ဆိုသည်မဟုတ်လား။

” ဘာ! မိန်း … မိန်းမ ငိုငြီးသံ ဟုတ်လား ၊ အဲ့ဒါနဲ့ မင်း ဘာဆက်လုပ်လိုက်သေးလဲ ”

” ခင်မ အခန်းထဲမှာ ဘယ်သူမှ မတွေ့ဘူး မောင်။ ဒါနဲ့ ပြန်ထွက်မယ်အလုပ်မှာ ခင်မ ခြေရင်းမှာ အခု မောင်ကိုင်ထားတဲ့ ကော်ပတ်ရုပ်ကလေးကို တွေ့တာနဲ့ ကိုင်ကြည့်မိတယ် ”

ဟူးခနဲ ကိုမြတ်သူ လေပူများ မှုတ်ထုတ်လိုက်သည်။ သူ ကိုင်ထားသော ကော်ပတ်ရုပ်ကို မခင်မမ မြင်သာအောင် မြှောက်ပြရင်း …

” မင်းတွေ့တုန်းက အရုပ်က ဒီအတိုင်းပဲလား ”

တင်းမာပြတ်သားလှသော ကိုမြတ်သူ၏ စိမ်းဆတ်ဆတ် လေသံကြောင့် မခင်မမ၏ မျက်နှာမှာ ဝမ်းနည်းရိပ်သမ်းသွားရှာသည်။ တလက်စတည်း မခင်မမက မကျေမနပ်နှင့် ဆိုလိုက်၏။

” မောင် ဘာဖြစ်နေတာလဲ၊ ခင်မကို ဘာလို့ မင်းတလုံး ငါတလုံးနဲ့ ဒေါသ ထွက်နေရတာလဲ …၊ ခင်မ ဘာများ အမှားလုပ်ထားမိလို့လဲ၊မောင်ပိုင်တဲ့ ဒီအိမ်ရဲ့ အခန်းတစ်ခန်းကို မောင့်မိန်းမ ခင်မ ဝင်ခဲ့မိတာ အဲ့သလောက် အပြစ်ကြီးနေလို့လား။ ပြီးတော့ မောင်ကရော ခင်မ မသိအောင် ဘာတွေများ ဖုံးကွယ်ထားလဲ”

ထိုအခါမှ ကိုမြတ်သူလည်း ဆိုဖာ ဆက်တီပေါ် သူ့ခန္ဓာကိုယ်ကို ပစ်ခွေ ထိုင်ချလိုက်ပြီး လေသံကို ထိန်းကာ…

” Sorry ကွာ၊ မောင် တောင်းပန်ပါတယ် ။မောင် သိချင်တာက ခင်မ ဟောဒီအရုပ်ရဲ့ ကွေးနေတဲ့ ခြေလက်တွေကို ဆွဲဆန့်ပစ်ခဲ့တယ်မဟုတ်လား ”

မခင်မမက ဝမ်းနည်းနေသော သူမစိတ်ကို အားတင်းရန်အတွက် အသက်ကို ဝအောင် ရှုသွင်းလိုက်ပြီး … ။

” ဟုတ်တယ် မောင် ၊ အဲ့ဒီအရုပ်ကို ဆွဲဆန့်ပေးတုန်းက အရိုးကျိုးသံလိုလို အသံတွေတောင် ထူးထူးခြားခြား ကြားခဲ့ရသေးတယ်။ ပြီးတော့ ထိုင်းစကားနဲ့ (ခပ် ခူ မက် )လို့ ပီပီသသကြီး ကြားလိုက်ရသေးတယ်။အဲ့ဒါ မြန်မာလိုအဓိပ္ပါယ်ဆိုရင် (အများကြီး ကျေးဇူးတင်ပါတယ် )လို့ ပြောလိုက်တာမဟုတ်လား မောင်”

ကိုမြတ်သူက မြဝတီမြို့နှင့် ထိုင်းနယ်စပ်မြို့ဖြစ်သော မဲဆောက်ဖက်ကို မကြာခဏ ခရီးသွားနေသူဆိုတော့၊ ထိုင်းစကား အနည်းအကျဥ်း ပြောနိုင်ဆိုနိုင်ပြီး နားလည်သူ ဖြစ်သည်။ ခပ်ခူမက် ဆိုတာ မခင်မမ ပြောသလို အရမ်း ကျေးဇူးတင်ပါတယ်ဆိုသည့်မြန်မာစကားနဲ့ အဓိပ္ပါယ်တူ၏။

ကိုမြတ်သူက မခင်မမစကားတွေထဲက တစ်စုံတစ်ခုကို ကျေနပ်သွားဟန်တူ၏။ လေသံ ခပ်ပျော့ပျော့ဖြစ်ကာ …

” ဟုတ်တယ် … အရုပ်ကို ခင်မက ခြေလက်တွေ ပြန်တည့်ပေးလိုက်လို့ သူက ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တာပဲ ခင်မ ”

” ဟင်! ဒါဆို အရုပ်က အသက်ရှိတာလား မောင် ”

မခင်မမ၏ မေးခွန်းကြောင့် …

ကိုမြတ်သူတစ်ယောက် ထပ်ခါ ထပ်ခါသာ သက်ပြင်းမောကို ချနေမိတော့သည်။ နောက်ပြီး သူ လျှို့ဝှက်ထားသော ကိစ္စရပ်မှာ ပေါ်လွင်နေပြီမို့ ဆက်၍ မဖုံးကွယ်တော့ဘဲ အမှန်ကို ဖွင့်ပြောရန် ဆုံးဖြတ်လိုက်၏။

” အရုပ်ကတော့ သက်ရှိ မဟုတ်ဘူးပေါ့ ခင်မရယ်။ ဒါပေမဲ့ အဲ့ဒီအရုပ်မှာ မကောင်းတဲ့ လောကီပညာနဲ့ ဝိညာဥ်တစ်ခုကို ထည့်သွင်း ချုပ်နှောင်ထားတယ်လို့ မောင်လဲ အခု တစ်ခေါက် သွားတဲ့ ခရီးရောက်မှ သိခဲ့ရတယ် ”

” ရှင်! အံမယ်လေး ကြောက်စရာ ကောင်းလှပါလား မောင်။ ဘာဖြစ်လို့ မောင်က အဲ့ဒီအရုပ်ကို အိမ်အထိများ ယူလာရတာလဲ ။ အခု ဒီအရုပ်ကို ဘယ်လို လုပ်ကြမလဲ မောင် ။ သူက ခင်မတို့ မိသားစုကို အန္တရာယ်များ ပေးလာခဲ့ရင် …. အို တွေးတောင် မတွေးရဲဘူး မောင်ရယ် ”

ထိုအခါ ကိုမြတ်သူက အရုပ်ကို သူ ဝယ်ယူသည့် ကွန်တိန်နာဘောက်တစ်ခုထဲမှ ရခဲ့ကြောင်း ရှင်းပြသည်။

” မောင် ဝယ်တဲ့ ဘောက်ထဲမှာ အဲ့ဒီအရုပ် ပါလာတာ အစက မောင်လဲ တကယ်မသိဘူး။ဒီဘက် ကမ်းရောက်မှ ဘောက်ကို ဖွင့်ပြီး အထဲက ကားပစ္စည်းတွေ ထုတ်တော့ အဲ့ဒီအရုပ်ကလေးက မောင့်ရှေ့တည့်တည့် ထွက်ကျလာတာ။

အရုပ်ကို မောင် စတွေ့တော့ လိုချင်စိတ် မဖြစ်မိဘူး။ ဒါနဲ့ တစ်နေရာမှာ တင်ထားလိုက်တယ်။ ထူးဆန်းတာက အဲ့ဒီညဘက် မောင် အိပ်ပျော်တော့ အရုပ်က သူ့ကို မောင်နဲ့အတူ ခေါ်သွားပေးပါလို့ အိပ်မက် လာပေးတယ်။

အခု သူရှိနေတဲ့ နေရာနဲ့ ဝေးရာကို မောင်ကသာ ခေါ်သွားပေးရင်၊ မောင့်စီးပွားရေးတွေ ဒါ့ထက်ပိုကောင်းအောင် သူ ကူညီပေးမယ်တဲ့။ ပထမတော့ မောင်လဲ ငါ စိတ်စွဲလို့ အိပ်မက်မက်တာနေမှာပါလို့ ထင်မိတယ်။ ဒါကြောင့် အရုပ်ကို သွားမယူဖြစ်ဘူး။ အိပ်မက်က တစ်ရက်တည်း မက်တာမဟုတ်ဘူးနော် နောက်ရက်တွေလဲ အဲ့ဒီလိုပဲ ဆက်မက်တယ်။ မောင်က မယုံတော့ အရုပ်ကို လုံးဝ မယူဘူး။

ဒါပေမဲ့ အဲ့ဒီ အရုပ်ကို ယူဖြစ်ဖို့ အကြောင်းက ဖန်လာခဲ့တယ် ခင်မရေ။ အဲ့ဒါက ထိုင်းဘက်ကမ်း လှေဆိပ်က မောင်နဲ့ ခင်နေတဲ့ ဆိပ်ကမ်းစောင့် ထိုင်းအဖိုးကြီးတစ်ဦးနဲ့ တွေ့ပြီး၊ မောင်က အရုပ်အကြောင်းရယ်၊ အိပ်မက်အကြောင်းရယ်ကို ပြောပြလိုက်မိတယ်။

အဲ့ဒီမှာ ထိုင်းအဖိုးကြီးက …

‘ ဒီမှာ မောင်ရင် မင်းနဲ့ ထိုက်လို့ မင်းရတာကို ဘာလို့ မယူချင်ရတာလဲ၊ ဒါမျိုးက ရှားသကွဲ့။ တို့ထိုင်းရိုးရာနတ်တွေက အများကြီး၊ တချို့နတ်ကြီးတွေဆို အဘတောင် မသိဘူး။သူတို့က လူတွေရဲ့ စီးပွားလာဘ်လာဘ ကောင်းအောင် ဆောင်မ ပေးနိုင်တယ်။ ယူသာသွား။ မင်း အတွက် ဘာမှ အကျိုးမယုတ်ဘူး။ နောင် မင်း မလိုချင်တော့ လွှင့်ပစ်လိုက်ပေါ့ ‘ တဲ့။

အဲ့သလို မောင့်ကို ယူသွားဖို့ တိုက်တွန်းတယ်။ဒါနဲ့ မောင်လဲ အိပ်မက်က ဆက်တိုက်မက်၊ ထိုင်းအဖိုးကြီးကလဲ အရုပ်က လူကို ဘာဥပါဒ်မှ မပေးပါဘူးဆိုတော့ နတ်ရုပ်တုထင်ပြီး ယူလာခဲ့မိတယ် ”

မခင်မမက …

” သူက တကယ်ပဲ အကျိုးပေးတာလား မောင် ”

” အင်း သူ အကျိုးပေးပုံက တစ်မျိုး ဆန်းတယ် ။ မောင် မြဝတီကို ပစ္စည်းဝယ် သွားတော့မယ်ဆို သူက အိပ်မက် လာပေးလေ့ရှိတယ် ခင်မ ”

မခင်မမ အလွန်စိတ်ဝင်စားသွားသည်။ ထို့ကြောင့် သိလိုစိတ်နဲ့ မေးလိုက်၏။

” ဘယ်လိုတွေ … အိပ်မက်ပေးတာလဲ မောင် ”

” အဲ့ဒီတစ်ခေါက်မှာ မောင်ဝယ်ရမယ့်ပစ္စည်းကို သူက ရွေးပေးတယ် ။ ဒီတစ်ခေါက် ဘယ်ကားပစ္စည်း ဝယ်ရင် အမြတ်များများ ကျန်မယ်။ ဘယ်ပစ္စည်းတော့ မဝယ်နဲ့။ အဲ့ဒါက ဒီတစ်ခေါက် အရောင်းထိုင်းလိမ့်မယ်။ အဲ့သလိုတွေ အိပ်မက်ပေးတာ ”

” သူ့ အိပ်မက်ကရော မှန်လားဟင် ”

” မှန်တာပေါ့ ။ သူ ပြောတဲ့အတိုင်း ကွက်တိပဲ ခင်မရေ။ သူ ဝယ်ခိုင်းတဲ့ ပစ္စည်းအမျိုးအစားသာ ဝယ်။ အဲ့ဒီအခေါက် အချီကြီး မြတ်တာပဲ ”

” ဟင် ဒီလောက်မှန်ပြီး မောင့်ကို အကျိုးပြုနေတာတောင် မောင်က ဘာဖြစ်လို့ အရုပ်ရဲ့ ခြေလက်တွေကို ကွေးကောက်သွားအောင် လုပ်ထားရတာလဲ ”

” လောဘပေါ့ ။ အခေါက်တိုင်း မြတ်လေ မြတ်လေ မောင့်လောဘက အတောမသတ်နိုင်အောင် ကြီးလာလေ ဖြစ်လာတယ်။

တစ်ခေါက်မှာ မောင်က သူဝယ်ခိုင်းတဲ့ပစ္စည်း ဟိုဘက်ကမ်းမှာ ဝယ်လို့ မရတာနဲ့။ သူ မဝယ်ခိုင်းတဲ့ ပစ္စည်းကို မောင့်စိတ်နဲ့ မောင် ဆုံးဖြတ်ပြီး ဝယ်လာခဲ့လိုက်တယ်။မောင့်စိတ်ထဲမှာလဲ လက်ဗလာ ပြန်ရင် စရိတ်ရှုံးမှာပဲလို့ ခပ်တိမ်တိမ်တွေးလိုက်မိတာလဲ ပါတာပေါ့။

ပြီးတော့လဲ မောင် မသွားခင်က အခုမောင် ဝယ်လိုက်တဲ့ပစ္စည်းက အရမ်း အဝယ်လိုက်တယ်လေ။ မောင်လဲ စီးပွားရေး လုပ်လာတာ ကြာပြီဆိုတော့ ငါ မမှားလောက်ပါဘူးဆိုတဲ့ မာနလေးနဲ့ ဝယ်ချလိုက်တယ်။ ဝယ်တာမှ ပါလာသမျှ ငွေ အကုန်ပဲ ။

အဲ့ဒီမှာ မောင့်ပစ္စည်းတွေ ဒီကို ရောက်တော့ အဝယ် လုံးဝမရှိဘူး ဖြစ်ကုန်တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အရောင်းအဝယ် တအားဖြစ်တဲ့ ပစ္စည်း။ ဈေးကွက်ထဲမှာ အဟော့ဆုံးပစ္စည်းက၊ တရုတ်ဖက် ဈေးပေါပေါနဲ့ အောက်လိုင်းကနေ လိမ့်ဝင်လာတော့ ချက်ချင်း ဈေးကွက်ပျက်သွားတယ်။ မောင့်ပစ္စည်းတွေ တစ်ခုမှ ရောင်းမထွက်တော့ဘူး။

မောင် အဲ့ဒီမှာ စိတ်ဓာတ်ကျသွားတယ်။ အရင်းအနှီးက အဲ့ဒီထဲ မြုပ်သွားပြီလေ။ မောင့်မှာ သုံးဖို့စွဲဖို့လောက်ပဲ ငွေရှိတော့တာ။ ရင်းနီးစရာ ငွေ မကျန်တော့ဘူး။

အဲ့ဒီမှာ မောင်လဲ ကြံရာမရတဲ့အဆုံး၊ အရုပ်ကို သွားပြီး အကြပ်ကိုင်တယ်။ ငါ့ ကုန်ပစ္စည်းတွေ ရောင်းထွက်အောင် လုပ်ပေး၊ မလုပ်ပေးရင် နင့်ကို တစစီ ဆွဲဖြဲပစ်မယ်။ မီးရှို့ပစ်မယ်လို့ သွားကြိမ်းတယ်။

အဲ့ဒီညမှာ အရုပ်က မောင့်ကို အိပ်မက်ပေးတယ်။ငါ လုပ်မပေးနိုင်ဘူးတဲ့။ အဲ့ဒီလောက်လဲ မစွမ်းဘူးတဲ့။ဒါမှ မကျေနပ်ရင် ကြိုက်သလိုလုပ်တဲ့။ ငါ့ကို နာကျင်အောင်လုပ်ရင် နင်လဲ ငါ့လို ထပ်တူ ခံစားရလိမ့်မယ်ဆိုတာ မမေ့နဲ့တဲ့။ အဲ့သလို ပြောပြီး ပျောက်သွားတယ်။

မောင်လဲ အဲ့ဒီအချိန်က ငါ့ကုန်ပစ္စည်းတွေ မရောင်းရရင် ငါတော့ စီးပွားပျက်ပါပြီး ဆိုပြီး ဒေါသဖြစ်ဖြစ်နဲ့ သူ့ခြေလက်တွေကို ကွေးကောက် ချိုးပစ်ရုံမကဘူး၊ လက်တစ်ဖက်ကိုလဲ ဖန်မီးအိမ် လက်ကိုင်ကိုင်းနဲ့ အတင်းဖိထားပစ်ခဲ့လိုက်တယ်။

နောက်နေ့ကျတော့ မောင့်သူငယ်ချင်း ထွန်းရွှေက ငါ့ကို မင်းက နယ်စပ်က ပစ္စည်းတွေ ဝယ်ပေးရောင်းပေးပါ သူငယ်ချင်း၊ အကျိုးအမြတ်ကို တဝက်စီခွဲယူကြမယ်ဆိုပြီး မဲဆောက်ကို ခေါ်သွားခဲ့တယ်။

ထွန်းရွှေက ဘာအလုပ်မှ မရှိဘူး။ ဒါပေမဲ့ သူက အမွေရထားတော့ ငွေထုပ်ရှိတယ်။မောင်တို့ လုပ်ငန်းကို သူက ဘာမှ နားမလည်ဘူး။အဲ့ဒီတော့ သူက ငွေစိုက်၊ မောင်က လုပ်ငန်းလုပ်ပေါ့။ မောင် လုပ်ငန်းကျွမ်းကျင်တာ သူက သိတယ်လေ။ဒါနဲ့ မောင်လဲ ထွန်းရွှေနဲ့အတူ ခရီးထွက်ခဲ့ကြတယ်။

အဲ့ဒီမှာ ပြဿနာက စတာပဲ ခင်မရေ။ ဒီမှာကြည့် … ”

ကိုမြတ်သူက သူ့လက်က ပတ်တီးကို ဖြည်ပြလိုက်သည်။

” ဟင်! မောင် … မောင် !

မောင့်မှာ လက်မကလွဲပြီး ကျန်တဲ့ လက်ချောင်း ၄ချောင်းလုံး မရှိတော့ဘူး ”

” ဟုတ်တယ် … မောင်က သူ့လက်တွေ ခြေတွေ ချိုးပစ်ခဲ့တော့ ၊မောင်တို့ အသွားခရီးမှာတင် ကားအက်ဆီးဒင့်ဖြစ်တယ်။ဖြစ်တဲ့ နေရာမှာတင် မောင့်လက်ချောင်း လေးချောင်း ပြတ်ပြီး ကြေမွသွားခဲ့တယ်။ ထွန်းရွှေကတော့ ပွန်းရုံပဲ့ရုံလောက်ပဲ ဒဏ်ရာ ရခဲ့တယ်။

ဒါကြောင့် မောင်လဲ အနာသက်သာတဲ့အထိ ဆေးရုံတက်နေရတော့ ဒီတစ်ခေါက်ကြာသင့်တာထက် ပိုကြာသွားတာ ”

မခင်မမက ဝမ်းနည်းစွာဖြင့်

” ဖြစ်ဖြစ်ချင်း ဖုန်းဆက်ရောပေါ့ မောင်ရယ်။ ခင်မ လိုက်လာခဲ့မှာပေါ့”

ကိုမြတ်သူက ပြုံးပြလိုက်ပြီး

” မောင် တမင် မဆက်တာ ။ ထွန်းရွှေက ဖုန်းဆက်ပြောမယ်လုပ်တော့၊ မောင်ပဲ မဆက်ပါနဲလို့ တားခဲ့တာပါ ”

“ဒါဆို အဲ့ဒီ မျက်နှာပြောင်ကြီးနဲ့ အရုပ်က မောင့်ကို တမင်အပြစ်ပေးလက်စားချေတာပေါ့နော် ”

ကိုမြတ်သူက မချိတင်ကဲ ပြုံးလိုက်ပြီး …

” မောင်က သူ့ကို အရင် စပြီး နာကျင်အောင် လုပ်ခဲ့မိတာကိုး။ မောင် ခုလိုဖြစ်တာ သူ လုပ်တာလဲ ဖြစ်ချင် ဖြစ်မှာပေါ့ ။ တကယ်ဆို သူက မောင့်ကို ခြေနှစ်ဖက်၊လက်နှစ်ဖက် ပြတ်သွားအောင်တောင် လုပ်သင့်တာမဟုတ်လား”

” အို … မောင်ရယ် ၊ မပြောကောင်း မဆိုကောင်းကွယ် ”

” မောင့်အထင်တော့ ခင်မက သူ့ခြေလက်တွေ သေသေချာချာ ပြန်တည့်ပေးလိုက်တော့ ၊ သူက ခင်မကို ကျေးဇူးတင်ပါတယ် ပြောသွားတယ်မဟုတ်လား။ ဒါကြောင့် ခင်မ မျက်နှာနဲ့ မောင့်ကို လက်ချောင်းလေးတွေပဲ ပြတ်အောင် လျော့ပေါ့ ဒဏ်ခတ်ခဲ့တာလားမှ မသိတာ ”

ကိုမြတ်သူ ပြောတာက လက်ခံချင်စရာ။ ကျိုးကြောင်းဆီလျော်သည်။ မခင်မမလည်း ထိုသို့ တွေးတောမိသွားသည်။ ထို့ကြောင့် ခေါင်းငြိမ့်ပြလိုက်မိသည်။

ကိုမြတ်သူက ဆက်ပြောသည်။

” ဆေးရုံတက်နေတုန်းမှာ မောင် ထိုင်းလူမျိုးတစ်ယောက်နဲ့ ခင်မင်ခဲ့တယ်။ မောင်က အဲ့ဒီ ထိုင်းအရုပ်အကြောင်းနဲ့ အခု မောင်ဖြစ်ပျက်နေတာတွေကို ပြောပြတော့ သူ မျက်လုံး ပြူးသွားတယ်။သူက အဲ့ဒီအရုပ်အကြောင်းကို သိတယ်။အဲ့ဒီလို အရုပ်မျိုးက သူတို့ တောင်ပိုင်းနယ်က လုပ်လေ့လုပ်ထရှိတာတဲ့။ သူက မောင့်ကို အရုပ်အကြောင်း ဂဃနဏ ရှင်းပြတယ်။

တကယ်တော့ အဲ့ဒီအရုပ်က နတ်ရုပ်တုမဟုတ်ဘူးတဲ့။ လောကီပညာ ကျွမ်းကျင်တဲ့ အောက်လမ်းဆရာတွေက အပြစ်မဲ့တဲ့ ဝိညာဥ်တွေကို ဖမ်းခေါ်ပြီး၊ အရုပ်တွေထဲမှာ အဲ့ဒီဝိညာဥ်တွေကို ပိတ်လှောင်ထားတတ်ကြတယ်တဲ့။ ဝိဉာဥ်ကို အကျဥ်းချပြီး သူတို့ကိုယ်ကျိုးအတွက် အသုံးချခဲ့ကြတာဆိုပဲ ခင်မရဲ့။

တကယ်တော့ သူတို့က ‘အကျဥ်းစံ ဝိညာဥ်’တွေပါတဲ့။ အဲ့သလို အကျဥ်းချခံရတဲ့ အရုပ်မှန်သမျှမှာ မျက်နှာပေါ် ဘာဆေးမှ ခြယ်သမထားဘူးတဲ့။

ဝိညာဥ်တွေဟာ နှစ်သက် အကျဥ်းခံရတာ များလေလေ သူတို့အစွမ်းက ကြီးလေပဲတဲ့။

တကယ်လို့ အဲ့ဒီဝိညာဥ်ကို အကျဥ်းချထားခံရတာကနေ လွတ်မြောက်စေချင်ရင် ၊ သူ့မျက်နှာပေါ်မှာ လိုအပ်နေတဲ့ အင်္ဂါရပ်တွေ ပြည့်စုံအောင် ခြယ်သပေးရမယ်တဲ့။

ဒါဆိုရင် ဝိညာဥ်က လူတွေလို မျက်စိပွင့် နားပွင့်ပြီး လွတ်မြောက်ခွင့် ရလိမ့်မယ်တဲ့။

တကယ်လို့ အဲ့ဒီအကျဥ်းစံဝိညာဥ်အပေါ်မှာ အပြစ်တစ်ခုခု လုပ်ထားခဲ့ရင်တော့ အရုပ်ကို အဝတ်သစ်တွေ လဲပေး၊ အမွှေးနံ့သာတွေ ပက်ဖျန်းပေးပြီး ၊ သူနေထိုင်ဖို့ သစ်သားကွန်းခိုဆောင်လေးတစ်ခုမှာ အရုပ်ကို တသီးတသန့် ထားပေးရမယ်တဲ့။

အဲ့ဒီတော့မှ သူလဲ ကျေနပ်ပြီး၊ ကြည်ဖြူခွင့်လွှတ်လိမ့်မယ်တဲ့။ ဒါကြောင့် မောင်လဲ အိမ်ကို ပြန်ရောက်ရောက်ချင်း အဲ့ဒီအရုပ်ကို တက်ကြည့်တာပဲပေါ့။

မောင် အိမ်ပြန်ရောက်တော့ ဒေါသဖြစ်တယ်ဆိုတာက ခင်မတို့ မသိနားမလည်ဘဲ အရုပ်ကို တစ်ခုခု လုပ်မိပြီး မောင့်လို အပြစ်ခံကြရမှာစိုးလို့ပါ။

အခုတော့ အရုပ်က ခင်မတို့ကို ကျေးဇူးတင်ပါတယ်တောင် ပြောသွားခဲ့တယ်ဆိုတော့ မောင် စိတ်မပူတော့ပါဘူးကွယ် … ”

အားလုံး ရှင်းသွားပြီဆိုတော့ မခင်မမ သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ သူမ စိတ်ထဲ အခုမှ ဘဝင်ကျသွားလေတော့သည်။

မခင်မမသည် ကိုမြတ်သူ လက်ထဲက အရုပ်ကို ယူလိုက်သည်။ ကိုမြတ်သူကလည်း မခင်မမ လက်ထဲ အလိုက်သင့် ထည့်ပေးလိုက်သည်။

မခင်မမသည် ငယ်စဥ်က ပန်းချီ ဆု ရဖူးသူတစ်ယောက်ဆိုတာ ကိုမြတ်သူ မသိဘဲ နေပါ့မလား။

_____________

တောအုပ်လေးတစ်ခုရဲ့ အစပ်၊ အပင်ကြီးများ အုပ်အုပ်ဆိုင်းဆိုင်း ရှိသော နေရာတစ်ခုကို ကိုမြတ်သူနဲ့ မခင်မမတို့ လင်မယား အတူ ရောက်နေကြသည်။

သူတို့လင်မယားသည် အသစ်စက်စက် တိုင်စိုက်သစ်သားနတ်ကွန်းလေးကို ကြည့်၍ ကြည်နူးစွာ ပြုံးနေကြသည်။

နတ်ကွန်းထဲတွင် အမွှေးရည်နံ့သာများပက်ဖျန်းထားသော အလွန်လှပသော ထိုင်းမင်းသမီးအရုပ်လေး ရှိသည်။ အရုပ်တွင် ရွှေချည်ထိုး ဝတ်စုံအသစ် ဆင်မြန်းပေးထားကြသည်။

ဆေးဖြင့် ရေးခြယ်ထားသော အရုပ်၏ မျက်နှာသည် မြင်ရသူတိုင်းအတွက် ချစ်ခင်နှစ်လိုဖွယ် ကောင်းလှသည်။

ယခုအခါ အရုပ်ကလေး၏ လက်နှစ်ဖက်မှာ လက်အုပ်ချီထားဟန် အနေအထားရှိပြီး၊ တင့်တယ်လှပနေပါသည်။

ကိုမြတ်သူသည် နတ်ကွန်းရှေ့က ကလပ်မှာ အမွှေးတိုင်များ မီးညှိထွန်းကာ ပူဇော်လိုက်သည်။

သစ်တောအုပ်လေးဆီသို့ နံ့သာဖြူ အမွှေးတိုင်ရနံ့က သင်းပျံ့ကြိုင်လှိုင်သွားသည်။

ကိုမြတ်သူ ပါးစပ်က …

” တမြေခြားက ဝိညာဥ်မိန်းကလေးရေ … ကျွန်တော် မှားခဲ့သမျှ အပြစ်တွေအတွက် ကျေနပ်ပေးပါလို့ အနူးအညွတ်တောင်းပန်ပါတယ်နော်။

သင်လဲ ကောင်းမွန်ရာ ဘုံဘဝကို အမြန်ဆုံး ကူးပြောင်း ရောက်ရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

နောက်ပြီး ကျွန်တော်တို့ မိသားစု ဒီကနေ့ သင့်အား ရည်းစူးပြီး လှူဒါန်းတဲ့ ဝါဆိုသင်္ကန်းနဲ့ နေ့ဆွမ်းအလှုကိုပါ သင့်အတွက် ကုသိုလ်အမျှ ပေးဝေပါတယ်။ ရလွယ် ရောက်လွယ်နိုင်ပါစေ မိန်းကလေးရေ”

လင်မယားနှစ်ယောက် ပြိုင်တူပဲ ကုသိုလ်အမျှ ပေးဝေ လိုက်ကြသည်။

” ကုသိုလ် … အမျှ … အမျှ … အမျှ … ယူတော်မူကြပါကုန်သော် ”

” သာဓု သာဓု သာဓု ”

ပြုဖွယ်ကိစ္စဟူသမျှကို သူတို့လင်မယား လုပ်ဆောင်ပြီးနောက်မှာ၊ ကားပေါ်တက်၍ ထွက်ခွာသွားကြသည်။

ကိုမြတ်သူ ထွန်းညှိခဲ့သော အမွှေးတိုင်မှ ရနံ့မီးခိုးတို့သည် ကောင်းကင်ထက်ဆီသို့ …

တလူလူနဲ့ လွင့်ပျံပြေးတက် မွှေးပျံ့နေကြလေတော့သည်။

ပြီးပါပြီ။

ပီပီ၊မန္တလေး၊

Zawgyi Version

အက်ဥ္းစံဝိညာဥ္ (စ/ဆုံး)
——————————
အေပၚ ထပ္ခိုးက ပစၥည္းအေဟာင္းေတြ ထားသိုတဲ့ အခန္းထဲက ဆက္တိုက္ ထြက္ေပၚလာတဲ့ ထူးဆန္းတဲ့ အသံေၾကာင့္ ခင္မမ အိပ္ေပ်ာ္ေနရာက ဆတ္ခနဲ ႏိုးလာသည္။ အသံက မိန္းမတစ္ေယာက္ရဲ႕ ငိုၿငီးေနတဲ့အသံ။

” အင္း … ဟင္း … ဟင္း … ”

” အင္း … ဟင္း … ဟင္း … ”

က်ယ္က်ယ္ေလာင္ေလာင္ႀကီး မဟုတ္ပါ။ ညဥ့္ ၁၂နာရီသာသာေလာက္ဆိုေတာ့ ခပ္တိုးတိုးအသံဆိုျငား ပီသစြာ ထြက္ေပၚေနျခင္းသာ ျဖစ္ပါသည္။

အိပ္ရာနံေဘးက ၅ႏွစ္အ႐ြယ္ သားငယ္ ထူးခန္႔ကေတာ့ ေျခကားယားလက္ကားယားနဲ႔ ႏွစ္ၿခိဳက္စြာ အိပ္ေန၏။ ေျခရင္းဘက္အခန္းမွာ အိမ္အကူ ဂ်မ္းေတာ ရွိ၏။ သူလည္း တစ္ေနကုန္ အိမ္မႈကိစၥေတြ လုပ္ရသည္ဆိုေတာ့ ပင္ပန္းၿပီး သိုးေနေလာက္ၿပီ။

ခင္ပြန္းျဖစ္သူ ကိုျမတ္သူက အေရာင္းအဝယ္ကိစၥျဖင့္ ျမဝတီၿမိဳ႕သို႔ ခရီးသြားေန၏။ မခင္မမ စဥ္းစားသည္။ဒီအိမ္မွာ သူတို႔ မိသားစု ေနလာခဲ့တာ ႏွစ္ေတြ မနည္းေတာ့ပါ။ တစ္ခါမွလည္း ဒီလို အသံမ်ိဳးကို ဒီလို သန္းေခါင္ယံအခ်ိန္မေတာ္ႀကီးမွာ မၾကားဖူးခဲ့ပါေခ်။ အခုက်မွဆိုေတာ့ အေတာ္ေလး ထူးဆန္းေနပါ၏။

ၿပီးေတာ့ တိရိစာၦန္တစ္ေကာင္၏ ၿငီးတြားသံဆိုရေလာက္ေအာင္ကလည္း အိမ္က ေတာထဲေတာင္ထဲ ႐ြာငယ္ ဇနပုဒ္မွာမဟုတ္။ ၿမိဳ႕၏ အထင္ကရ ရပ္ကြက္ႀကီးတစ္ခုမွာ၊ ေဘးဘီဝဲယာမွာလည္း အိမ္ႀကီးအိမ္ေကာင္းေတြက အစီအရီ ရွိေနၾက၏။ မိသားစုနည္းေသာ သူမတို႔အိမ္သည္ ထပ္ခိုးပါ တစ္ထပ္တိုက္ကေလးျဖစ္သည္။

သို႔ျဖင့္ မခင္မမလည္း ထပ္ခိုးက အခန္းကို တက္ၾကည့္ရန္ ဆုံးျဖတ္လိုက္သည္။ မခင္မမသည္ အိပ္ေပ်ာ္ေနေသာ ထူးခန္႔ေလးကို ေစာင္ပါးေလးတစ္ထည္ လႊမ္းၿခဳံေပးလိုက္ၿပီး၊ အခန္းအျပင္သို႔ ထြက္လာခဲ့သည္။

တစ္ေယာက္တည္း တက္ၾကည့္ရမွာ မဝံ့သမို႔ ၊ ေျခရင္းခန္းက ဂ်မ္းေတာကို ႏႈိးရန္ ဆုံးျဖတ္လိုက္ဟန္တူသည္။ ဂ်မ္းေတာ၏ အခန္းဝမွာ ရပ္၍ …

” ဂ်မ္းေတာ … ဂ်မ္းေတာမ … ဟဲ့ ဂ်မ္းေတာ ”

တံခါးဂ်က္ကို အတြင္းမွ ပိတ္ထား၍ မခင္မမက တံခါးကို အသာအယာ ပုတ္ကာ ဂ်မ္းေတာကို ႏႈိးလိုက္သည္။

အအိပ္မက္ေသာ ဂ်မ္းေတာမွာ အေတာ္ႏွင့္မႏိုး။ မခင္မမ စိတ္အိုက္သြား၏။ ‘ ေကာင္မေလး အေတာ္ အအိပ္မက္တာကိုး ‘ ဟု ေတြးရင္း စိတ္မသက္မသာျဖင့္ သက္ျပင္းခ်လိုက္သည္။ တံခါးကို ခပ္ၾကမ္းၾကမ္း ပုတ္ႏႈိးလွ်င္လည္း သားငယ္ ထူးခန္႔ ႏိုးသြားမွာ စိုးရေသးသည္။

ေနာက္ဆုံး ဂ်မ္းေတာကို ႏႈိးမရ၍ မခင္မမသည္ သူ တစ္ေယာက္တည္း အေပၚသို႔ တက္ၾကည့္ရန္ ဆုံးျဖတ္လိုက္သည္။

အေပၚထပ္ခိုး အထပ္ကို တက္သည့္ ေလွကားကို နင္းလိုက္သည္ႏွင့္ မခင္မမကိုယ္သည္ ထူးထူးျခားျခား ၾကက္သီးထသြား၏။ စိတ္ပင္ ေစာေန၍လား မသိႏိုင္။

ထိုထပ္ခိုးအခန္းသည္ သူမ၏ ခင္ပြန္း ပစၥည္းမ်ား ထားသိုရာ ေနရာျဖစ္သည္။ မ်ားေသာအားျဖင့္ မခင္မမသည္ ထိုထပ္ခိုးအထပ္ေပၚသို႔ တစ္လေန၍ တစ္ေခါက္ပင္ မေရာက္သည္ကမ်ားသည္။ ၿပီးေတာ့ သူမေယာက္်ား ကိုျမတ္သူက ထပ္ခိုးကအခန္းထဲကို သူကလြဲ၍ ဘယ္သူမွ ဝင္တာႀကိဳက္သူမဟုတ္။ ထို႔ေၾကာင့္ မခင္မမသည္ ထပ္ခိုးက အခန္းထဲကို အေရးအေၾကာင္း မရွိလွ်င္ သြားေလ့မရွိေခ်။

ေလွကား ေျခနင္းျပားသစ္သားေတြကို နင္းရတာက ဒီညက်မွ ပိုၿပီး ေအးေနသေယာင္ပင္။ ေျခနင္းျပားတစ္ျပားေပၚကို ေျခလွမ္း တစ္လွမ္း နင္းတက္လိုက္တိုင္း ေျခဖဝါးသည္ စိမ့္ခနဲ ေအးစက္စက္ႏွင့္ ၾကမ္းရွရွကို ထိေတြ႕ေနမိသည္။

ေလွကားထိပ္ ေရာက္သည့္အခါ၊ မခင္မမသည္ မီးခလုပ္ကို ဖြင့္လိုက္သည္။ ေလွ်ာက္လမ္း မီးက ဖ်တ္ခနဲ လင္းသြား၏။

” အင္း … ဟင္း … ဟင္း ”

ေသခ်ာသြားၿပီ။ ၿငီးတြားသံက ထပ္ခိုးက စတိုခန္းေလးမွ ထြက္ေပၚေနျခင္း ျဖစ္သည္။သူမ စတိုခန္းအနီး ေရာက္ေနသည္မဟုတ္လား။ မခင္မမသည္ ခပ္႐ြံ႐ြံျဖင့္သာ စတိုခန္းတံခါးအနီးသို႔ ကပ္ခါ လွမ္းေမးလိုက္သည္။ သူမ၏ အသံက လိုသည္ထက္ ပို၍ မာေၾကာေနသည္။ တမင္ လုပ္ယူထားေသာ ေလသံမွန္း သိသာ၏။

” ဟိတ္! အထဲက ဘယ္သူလဲ ”

ထိုအခါ ၿငီးတြားသံသည္ တိခနဲ ရပ္သြားေလ၏။ လုံးဝ တိတ္ဆိတ္သြားသည္။ လူသံၾကား၍ တိတ္သြားသေလာ။မခင္မမ ပို၍ သိခ်င္သြားဟန္တူသည္။ ထပ္မံ ေမးခြန္းထုတ္လိုက္ျပန္သည္။

” ဘယ္သူလဲ ေမးေနတယ္ေလ။ မေျဖရင္ ငါ ရဲစခန္းကို ဖုန္းဆက္လိုက္မယ္ ”

ထိုသို႔ မခင္မမက ေလသံမာမာျဖင့္ ထပ္မံေမးလိုက္ေသာအခါ …

” ေဂ်ာက္ ! ”

အခန္းထဲမွ ပစၥည္းတစ္ခုခု ၾကမ္းေပၚသို႔ ျပဳတ္က်သြားေသာ အသံ ထြက္ေပၚလာသည္။ မခင္မမလည္း တုန္႔ဆိုင္းမေနေတာ့ဘဲ၊ အခန္းတံခါးကို တြန္းဖြင့္လိုက္သည္။

တံခါးပြင့္သြားသည့္အခါ အခန္းတြင္းမွ အလြန္ေအးျမေသာ ေလထုက မခင္မမကိုယ္ကို ျဖတ္တိုက္သြားေလ၏။ မခင္မမ ခမ်ာ ေက်ာမတစ္ေလွ်ာက္လုံး စိမ့္ေအးသြားၿပီး လက္ေမာင္းလက္ဖ်ံတစ္ေလွ်ာက္ ၾကက္သီးဖ်န္းဖ်န္းထသြားေလေတာ့၏။

ထိုအခ်ိန္မွာပဲ ေလွ်ာက္လမ္း မီးသီးက တိုက္တိုက္ဆိုင္ဆိုင္ ဖ်ပ္ခနဲ ဖ်ပ္ခနဲ ေမွာင္သြားလိုက္ လင္းလာလိုက္ႏွင့္ မၿငိမ္မသက္ ျဖစ္သြားသည္။

မွိတ္တုတ္မွိတ္တုတ္ အလင္းေရာင္ေၾကာင့္ မခင္မမသည္ စတိုခန္း ပစၥည္းမ်ား ပုံထားရာ ေနရာတစ္ခုမွာ … မိန္းမတစ္ေယာက္ ငုတ္တုတ္ႀကီး ထိုင္ေနသကဲ့သို႔ ျမင္လိုက္ရေသာအခါ၌၊ သူမပါးစပ္က ‘အံမယ္ေလး ‘ ဟုပင္ အသံထြက္ ေအာ္ဟစ္လိုက္မိေလသည္။

မွိတ္တုတ္မွိတ္တုတ္ျဖစ္ေနေသာ မီးသီးက ၿငိမ္သက္သြားသည္။အလင္းေရာင္ ေကာင္းစြာ ရသြားေလ၏ ။

ထိုအခါမွ လက္ကိုင္႐ိုး က်ိဳးေနေသာ ၾကမ္းသုတ္အဝတ္ကို ေရပုံးမွာ ထည့္ေထာင္ထားျခင္းအား မိန္းမတစ္ေယာက္ ေက်ာေပးေနသည္ဟု ထင္မွတ္မိေၾကာင္း မခင္မမ၏ အျမင္က ရွင္းသြားေလ၏။

သူမ ဟင္းခနဲ သက္ျပင္းခ်လိုက္မိျပန္၏။ ခုဏက ေၾကာက္စိတ္ေၾကာင့္ ရင္ေတြ တဒိန္းဒိန္း ခုန္လႈပ္သြားတာကို ျပန္စဥ္းစားၿပီး မခင္မမ ရွက္စႏိုးျဖစ္သြား၏။

‘ငါ့ႏွယ္ ေၾကာက္တတ္ရန္ေကာ’ဟု ကိုယ့္ကိုယ္ကိုယ္ပင္ အျပစ္တင္လိုက္မိေသး၏။

စတိုခန္းကို ပို၍ အျမင္ရွင္းေအာင္

မခင္မမက အခန္းမီးကို ဖြင့္လိုက္သည္။ တစ္ခန္းလုံး လင္းထိန္သြားသည္။ အခန္းထဲတြင္ သက္ရွိဟူ၍ သူမတစ္ေယာက္သာ ရွိသည္။ သူမ ဇေဝဇဝါ ျဖစ္သြားဟန္တူ၏။ ငိုၿငီးသံပိုင္ရွင္ကို ရွာမေတြ႕ေခ်။

ဤသို႔ဆိုလ်င္ ေစာေစာက သူမ ၾကားေနရေသာ ငိုၿငီးသံသည္ မည္သူ႔အသံနည္း။ ေတြးရင္း မခင္မမရဲ႕ ေျခလွမ္းက ပစၥည္းပုံတစ္ခုအနား ေရာက္သြား၏။ သူမ ၾကမ္းျပင္ကို တစ္ခ်က္ၾကည့္လိုက္သည္။ တစ္ေတာင္မွ် အ႐ြယ္အစားရွိေသာ အ႐ုပ္တစ္ခုကို ေတြ႕လိုက္ရသည္။

မခင္မမသည္ ၾကမ္းျပင္ေပၚရွိ သူမ၏ ေျခေထာက္နားက ေမွာက္ခုံႀကီးျဖစ္ေနေသာ ထိုအ႐ုပ္ကို ေကာက္ယူလိုက္သည္။

အ႐ုပ္၏မ်က္ႏွာဖက္ကို လွည့္ၾကည့္လိုက္သည္။ မခင္မမ၏ မ်က္ႏွာသည္ မသတီစရာတစ္ခုခုကို ေတြ႕လိုက္သည့္အလား ၊ မ်က္ႏွာက ရႈံ႕တြသြားသည္။

အ႐ုပ္သည္ ထိုင္းႏိုင္ငံမွာ ျပဳလုပ္ ထားေသာ ပလပ္စတစ္ ေကာ္ပတ္အ႐ုပ္တစ္႐ုပ္သာ။ ထူးဆန္းသည္က အ႐ုပ္၏ မ်က္ႏွာေပၚ၌ မ်က္ခုံး၊မ်က္လုံး၊ႏွာတံ၊ပါးစပ္တို႔မပါရွိဘဲ ေျပာင္ရွင္းႀကီးျဖစ္ေနၿပီး၊ အဝတ္စ ေသးေသးေလးျဖင့္ ခ်ဳပ္ထားေသာ ထိုင္း မင္းသမီးမ်ား၏ ႐ိုးရာဝတ္စုံကို အထက္ေအာက္ ျပည့္စုံစြာ ဝတ္ဆင္ေပးထားသည္။

အဝတ္တို႔မွာ ေဟာင္းႏြမ္းေနၾကၿပီ ျဖစ္သည္။ အ႐ုပ္၌ က်န္ေသာကိုယ္လက္အဂၤါတို႔ အစုံပါရွိၿပီး၊ အ႐ုပ္၏ ဦးေခါင္းတြင္ လူသား၏ ဆံသားဆံပင္ႏွင့္ အလြန္တူေသာ ဆံပင္ရွည္ကို ဖါးလ်ား ခ်ထား၏။ လူသားဆံပင္စစ္စစ္ေတာ့ ဟုတ္ဟန္မတူ။

သာမန္အခ်ိန္အားျဖင့္ဆိုလ်င္ မခင္မမအတြက္ ဤအ႐ုပ္သည္ ယခုေလာက္ ႐ြံရွာဖြယ္ေကာင္းလိမ့္မည္မဟုတ္ေခ်။ ဝါက်င့္က်င့္ ဖန္မီးသီးအလင္းေရာင္ေအာက္မွာ အ႐ုပ္သည္ ေျခလက္မ်ား ေကြးေကာက္ေနၿပီး၊ အ႐ုပ္၏မ်က္ႏွာကလည္း မ်က္ႏွာေျပာင္ႀကီးနဲ႔ဆိုေလေတာ့ မခင္မမ ထိတ္လန္႔႐ြံရွာမိျခင္း ျဖစ္လိမ့္မည္။ၾကည့္ရသည္မွာ တစက္ကေလးမွ် က်က္သေရ မရွိေခ်။

” ကိုျမတ္သူကလဲ ဘယ္လို အ႐ုပ္ႀကီးကိုမ်ား စတိုခန္းထဲ လာသိမ္းထားပါလိမ့္ေနာ္ … အ႐ုပ္ၾကည့္ရတာ တစ္စက္ေလးမွ က်က္သေရမရွိဘူး ”

မခင္မမက ထိုသို႔ေျပာရင္း ေကာက္ေကြးေနေသာ ေျခလက္တို႔ကို တစ္ေခ်ာင္းခ်င္း ျပန္ဆန္႔ေပးလိုက္သည္။

ပထမ လက္တစ္ေခ်ာင္းကို စ၍ ဆန္႔ေပးစဥ္ …

” ဂြၽတ္ ”

ဟင္! မခင္မမ နားျဖင့္ ဆတ္ဆတ္ၾကားလိုက္ရျခင္းပင္။ အသံက လူတို႔ လက္ဆစ္ခ်ိဳးသည့္အခါ ထြက္လာတတ္သည့္ အသံမ်ိဳးျဖစ္သည္။ မခင္မမ သူပဲ နားအၾကား လြဲသလားဆိုၿပီး အ႐ုပ္၏ ေနာက္လက္တစ္ေခ်ာင္းကို ထပ္ဆန္႔ေပးလိုက္သည္။ ခုနကလိုပင္ …

“ဂြၽတ္ ”

အသံက ပီသလွသည္။ မခင္မမ အေနာက္သို႔ လွည့္ၾကည့္လိုက္သည္။ ထူးျခားသည့္ အရိပ္အေယာင္ တစက္ကယ္မွ် မေတြ႕ရေခ်။ သူမ အ႐ုပ္၏ ေျခေခ်ာင္းကို ထပ္ဆန္႔ျပန္သည္။ ဂြၽတ္ခနဲ အ႐ိုးက်ိဳးသည့္အသံ ထပ္ထြက္လာျပန္၏။ ေနာက္ဆုံး ေျခတစ္ဖက္ကို ဆန္႔သည့္အခါလည္း ထို႔နည္းတူစြာ ဂြၽတ္ ဟု ပီပီသသႀကီး အသံထြက္လာ၏။

သို႔ေသာ္ နာက်င္ၿငီးတြားသည့္အသံ လုံးဝ မၾကားရေခ်။ သိုေပမဲ့ အ႐ုပ္၏ ေျခမ်ား လက္မ်ား သူ႔နဂိုအတိုင္း ျပန္ဆန္႔ေပးၿပီးေနာက္တြင္ မခင္မမ၏ အၾကားအာ႐ုံသို႔ ထိုင္းစကားသံ သဲ့သဲ့ေလး လာေရာက္ ႐ိုက္ခတ္သြားသည္။

” ခပ္ ခူ မက္ ”

အသံက ေလးေလးပင္ပင္ႏိုင္သလို တခြန္းခ်င္း သဲကြဲစြာ ၾကားလိုက္ရျခင္း ျဖစ္သည္။

မခင္မမသည္ တအံတဩႏွင့္ အ႐ုပ္ကို အေသအခ်ာ ေငးၾကည့္လိုက္မိသည္။ ပါးစပ္ေပါက္မပါေသာ အ႐ုပ္က အသံထြက္ပါမည္တဲ့လား။

ထိုအခိုက္ အိမ္ေအာက္ထပ္က …

” ေမေမ … ေမေမေရ ၊ ေမေမ ဘယ္မွာတုန္း ” ဟူေသာ သားငယ္ ထူးခန္႔၏ အေမေအာ္ေခၚသံ ၾကားလိုက္ရေလ၏။

မခင္မမလည္း သားျဖစ္သူအသံေၾကာင့္ အ႐ုပ္ကို ပစၥည္းပုံ၏ အေပၚဆုံးမွာ အလ်ားလိုက္ တင္ေပးထားလိုက္ၿပီး စတိုခန္းထဲမွ ထြက္လာခဲ့သည္။

” သားေရ … ေမေမ ဒီမွာေနာ္။ လာၿပီ သားေရ ေမေမလာၿပီ ”

မခင္မမ အိမ္ေအာက္ထပ္ ေရာက္လာ၏။ သားငယ္ကို ဧည့္ခန္းမွာ ရွိေလမလားဟု ရွာၾကည့္လိုက္သည္။ မေတြ႕ရေခ်။ သို႔ျဖင့္ သူမ အိပ္ခန္းဆီသို႔ ခပ္သြက္သြက္ သြားၾကည့္လိုက္သည္။

ဟင္!

မခင္မမ အလြန္ပင္ အံအားသင့္သြားသည္။ အဘယ္ေၾကာင့္ဆိုေသာ္ သူမ၏ သားငယ္ ေမာင္ထူးခန္႔သည္ အိပ္ရာေပၚ၌ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ႀကီး အိပ္ေပ်ာ္လ်က္သား ရွိေနေသာေၾကာင့္ပင္။ သူမ အခန္းအျပင္ မထြက္ခင္က ေစာင္အပါးေလး ၿခဳံလႊမ္းေပးထားသည့္အတိုင္း အရာမပ်က္ ရွိေနသည္။

မခင္မမ အခန္းတံခါးကို ဒုန္းခနဲ ပိတ္လိုက္ၿပီး အတြင္းမွ ဂ်က္ခ်လိုက္သည္။ ပိုမို စိတ္ခ်လုံၿခဳံေအာင္ ဂလန္႔ပါ ထိုးလိုက္၏။ သူမ ယေန႔ည ေတြ႕ႀကဳံေနရေသာ အျဖစ္အပ်က္မ်ားမွာ ျပန္ေျပာျပလွ်င္ နားေထာင္ရသူအဖို႔ ယုံႏိုင္စရာ ရွိပါ့မလားဟု မခင္မမ ေတြးေတာလိုက္မိေလေတာ့သည္။

___________

အခန္း၂။

တစ္ခုေသာ ေန႔ခင္း၌၊ ဂ်မ္းေတာမသည္ မခင္မမ ရွိရာသို႔ ေရာက္လာၿပီး ထစ္ထစ္ေငါ့ေငါ့ျဖင့္ စကားလာေျပာ၏။ ဂ်မ္းေတာ မ်က္ႏွာက တစ္စုံတစ္ရာကို ေၾကာက္႐ြံေနသည့္ဟန္ အထင္းသား ေပၚလြင္လို႔ေနသည္။

” မမ … ကြၽန္ … ကြၽန္မ တစ္ခုေလာက္ ေျပာခ်င္လို႔ ”

မခင္မမက ဂ်မ္းေတာ၏ ထူးဆန္းေသာ အျပဳအမူေၾကာင့္ ဂ်မ္းေတာ ေျပာလာမည့္စကားကို စိတ္ဝင္စားသြားၿပီး …

” ေျပာေလ … ဂ်မ္းေတာ၊ ဘာေျပာခ်င္လို႔လဲ ”

” ဟိုတစ္ေန႔ညက မမလဲ အေပၚထပ္ စတိုခန္းထဲက ငိုသံ ၾကားခဲ့ရၿပီမဟုတ္လား ”

ဂ်မ္းေတာက မခင္မမ မိန္းမတစ္ေယာက္ ငိုၿငီးသံၾကားခဲ့ရသည့္ ညအေၾကာင္းကို ေမးလိုက္သည့္အခါ အံအားသင့္သြား၏။ ၿပီးေတာ့ ေဒါသလည္း ထြက္သြား၍ …

” ေဟ ! ညီး …ညီး အဲ့ေန႔ညက ငါ ေအာ္ႏႈိးတာ သိတယ္ေပါ့ ။ ဒါဆို ဘာလို႔ မထူးတာလဲ ”

ဂ်မ္းေတာက မ်က္လုံးေလး ကလည္ကလည္နဲ႔ ေခါင္းကို ငုံခ်လိုက္ၿပီးေနာက္ …

” ကြၽန္မ ေၾကာက္လို႔ပါ မမ။ အဲ့ေန႔ညက ကြၽန္မ မမရဲ႕ ေခၚသံကိုလည္း ၾကားသလို ၊ မိန္းမငိုၿငီးသံႀကီးကိုလည္း ၾကားရပါတယ္။ ကြၽန္မ တအား ေၾကာက္လြန္းလို႔ ေစာင္ကို ေခါင္းၿမီးၿခဳံၿပီး အခန္းထဲ ေအာင္းေနခဲ့တာပါ ၊ ကြၽန္မ အေျခာက္ခံရတာ သုံးေလးခါရွိၿပီ။ မမကို မေျပာရဲလို႔ ႀကိတ္ခံေနရတာ ”

မခင္မမ ဟင္းခနဲ သက္ျပင္း ခ်လိုက္သည္။ ဂ်မ္းေတာဆိုတာက မေျပလည္လို႔ ကိုယ့္အိမ္မွာ အိမ္အကူ လာလုပ္တာ။ အသက္အားျဖင့္က ၁၅ႏွစ္/၁၆ႏွစ္ေလာက္သာ ရွိဦးမည္ျဖစ္သည္။ ကေလးသာသာဆိုေတာ့ သူမလည္း ေၾကာက္ရွာလိမ့္မည္ဟု နားလည္ေပးလိုက္သည္။ဂ်မ္းေတာမ မ်က္ႏွာကို ၾကည့္၍ မခင္မမ၏ စိတ္ထဲ တစ္စုံတစ္ရာကို ေတြးမိသြားၿပီး

” ဂ်မ္းေတာ ငါ့ကို မွန္မွန္ေျပာစမ္း။ ညည္း အဲ့ေန႔ည မတိုင္ခင္ကေရာ ဘာေတြ ထူးဆန္းတာ ေတြ႕မိေသးလဲ ”

” ေျပာရရင္ ေၾကာက္စရာႀကီး မမ။ က်မ လိမ္ေျပာတယ္လို႔ မမ ထင္မွာလဲ စိုးတယ္။ က်မ ေတြ႕ခဲ့တာ တစ္ခါ ႏွစ္ခါ မကေတာ့ဘူး ”

မခင္မမ ထိတ္ခနဲ ျဖစ္သြားၿပီး၊

” ဟင္! ညည္းက ဘာကို ေတြ႕တာလဲ။ ငါ့ကို ရွင္းေအာင္ ေျပာစမ္းပါ ဂ်မ္းေတာရယ္။ ငါ ရင္ထိတ္လိုက္တာဟယ္ ”

” ပထမ တစ္ရက္က ညေန ေနဝင္ရီတေရာ္အခ်ိန္ ၊ မိုးေလး ဖြဲဖြဲက်ေတာ့၊ က်မ အိမ္အျပင္မွာ လွန္းထားတဲ့ အဝတ္ေတြ သြား႐ုပ္တယ္ မမ ”

” ေအး … အဲ့ဒီေတာ့ ဘာျဖစ္လဲ ”

” အဝတ္တန္း လွန္းတဲ့ေနရာက ၾကည့္ရင္ … အေပၚထပ္က စတိုခန္း မွန္ျပတင္းေပါက္ကို ျမင္ရတယ္ေလ။

က်မ အဝတ္ေတြ ႐ုပ္ေနရင္းနဲ႔ ဘာေၾကာင့္မွန္းမသိဘူး။ အဲ့ မွန္ျပတင္းေပါက္ကို ေမာ့ၾကည့္လိုက္ေတာ့ …

မွန္ျပတင္းေပါက္နားမွာ ဆံပင္ရွည္ရွည္နဲ႔ မိန္းမတစ္ေယာက္ ခပ္ေစာင္းေစာင္း ထိုင္ေနတာ ေတြ႕လိုက္ရတယ္။

႐ုတ္တရက္ဆိုေတာ့ ကြၽန္မလဲ ေၾကာင္ေတာင္ေတာင္ ျဖစ္သြားတယ္။ မမမ်ားလားေပါ့ ။ မမကလဲ ဆံပင္ရွည္တယ္ေလ။ ေနာက္မွ ကြၽန္မ ေတြးမိသြားတာက … အဲ့ေန႔ ညေနက မမနဲ႔ ဦးေလးတို႔ သားသားထူးခန္႔ေလး ေနမေကာင္းလို႔ဆိုၿပီး မိသားစုလိုက္ ေဆးခန္းသြားေနၾကတယ္မဟုတ္လား။

ဒါနဲ႔ အဲ့ဒီမိန္းမက ဘယ္သူလဲဟဆိုၿပီး ကြၽန္မက ထပ္အၾကည့္ သူ႔မ်က္ႏွာက ကြၽန္မဘက္ကို တျဖည္းျဖည္း လွည့္လာတယ္။

ေအာင္မယ္ေလး … မမေရ၊ ခုေျပာ ခုၾကက္သီးေတြ ထလာျပန္ၿပီ။ ေၾကာက္စရာႀကီး သူ႔မ်က္ႏွာေပၚမွာ ဘာမွ မရွိဘူး။ မ်က္ႏွာက မ်က္ႏွာေျပာင္ႀကီး မမရဲ႕။ ၿပီး ေဖြးစုပ္စုပ္ ျဖဴေရာ္ေရာ္ႀကီး ”

ဒီတစ္ခါ အံအားသင့္ရသူက မခင္မမပင္။

” ဟင္! မ်က္ႏွာေျပာင္ႀကီး ဟုတ္လား ဂ်မ္းေတာ ”

ဂ်မ္းေတာက ေခါင္းၿငိမ့္ျပရင္း …

” ဟုတ္တယ္ မမ၊ အဲ့ဒါႀကီးလဲ ေတြ႕ေရာ ကြၽန္မ အိမ္ထဲ မဝင္ရဲတာနဲ႔၊ မိုး႐ြာထဲ ၿခံဝမွာပဲ မမတို႔ျပန္လာတဲ့အထိ ထိုင္ေနတာေပါ့ ”

မခင္မမ သတိရသြားသည္။ ထိုေန႔က သားငယ္ထူးခန္႔ ဖ်ားသျဖင့္ သူတို႔လင္မယားသည္ အိမ္မွာ ဂ်မ္းေတာကို ထားခဲ့ၿပီး၊ ေဆးခန္းသို႔ ကားျဖင့္ ထြက္သြားခဲ့သည္။

ေဆးခန္းက အျပန္ အိမ္ေရာက္ေတာ့ ၿခံဝမွာ မိုးေရေတြ ႐ႊဲေနေသာ ဂ်မ္းေတာမကို ေတြ႕ရ၏။ ထိုေန႔က ဖ်ားေနေသာ သားငယ္ကို အေလးေပးေနရသျဖင့္ သူတို႔လင္မယား ဂ်မ္းေတာ ဘာျဖစ္သည္ကို ေလးေလးနက္နက္ မေမးမိၾကေခ်။

‘ဂ်မ္းေတာ ညည္း ဘာလို႔ ၿခံဝမွာ ရပ္ေနသလဲ ‘ဆိုေတာ့လည္း ဂ်မ္းေတာ့က’ တစ္ေယာက္တည္း အိမ္ထဲမွာ မေနရဲလို႔ ၊ ေၾကာက္လို႔ ‘ဟု ေျဖသည္မဟုတ္လား။ သားေဇာနဲ႔ဆိုေတာ့ ဂ်မ္းေတာကို အမႈမဲ့အမွတ္မဲ့ပင္။

ထိုစဥ္က သူတို႔လင္မယားႏွစ္ေယာက္စလုံး ဖ်ားေနတဲ့ ထူးခန႔္ကိုသာ ပို၍ ဂ႐ုစိုက္ေနမိခဲ့ၾကသည္။ ဂ်မ္းေတာကို ေစ့ေစ့စပ္စပ္ မေမးခဲ့ၾကေခ်။

အခုေတာ့ မခင္မမကိုယ္တိုင္က ေတြ႕ႀကဳံခဲ့ဖူးၿပီမို႔ ၊ ဂ်မ္းေတာရဲ႕ အျဖစ္အပ်က္ကို စိတ္ဝင္စားလာသည္။ မခင္မမက …

” ေနာက္တစ္ခါက်ေတာ့ေရာ ၊ ဘယ္လို ေတြ႕တာလဲ ဂ်မ္းေတာ ”

” အင္း … ေနာက္တစ္ခါက် ပိုထူးဆန္းတယ္ မမ။ မမ သားသားထူးခန္႔ကို ေက်ာင္းသြားပို႔ခ်ိန္ မနက္ ၉နာရီေလာက္မွာေပါ့ ။

ကြၽန္မလဲ အဝတ္ေတြ ေလွ်ာ္ဖို႔ ေရခ်ိဳးခန္းထဲမွာ အဝတ္ေတြကို ဆပ္ျပာေရ စိမ္ေနတုန္း … ေရခ်ိဳးခန္းတံခါးက ႐ုတ္တရက္ႀကီး ဝုန္းခနဲ ပိတ္သြားတယ္။ ဘယ္လိုေျပာရမလဲ လူက ေဆာင့္ကန္ပိတ္လိုက္သလိုေပါ့ မမရယ္။

က်မလဲ လန္႔သြားၿပီး အဝတ္ေတြ စိမ္ေနရာကေန တံခါးကို တြန္းဖြင့္ၿပီး အျပင္ထြက္ၾကည့္လိုက္တယ္။

အဲ့ဒီမွာ ဧည့္ခန္းဘက္က ရိပ္ခနဲ ျဖတ္ေျပးသြားတာ ေတြ႕လိုက္ရတယ္။ သူ ေျပးတာက ျမန္လြန္းေတာ့ လူလား တိရိစာၦန္လားေတာင္ သဲသဲကြဲကြဲ မျမင္လိုက္ရဘူး မမ။

ကြၽန္မက မမမ်ား ျပန္ေရာက္ၿပီလားေပါ့။ ဒါနဲ႔ အိမ္ေရွ႕ကို ထြက္ၾကည့္တယ္။ မမရဲ႕ ကား မေတြ႕ရဘူး။ မမလဲ ျပန္လာတာမဟုတ္ဘူးရယ္။

အဲ့ဒီလို ကြၽန္မ အိမ္ေရွ႕ ထြက္ၾကည့္ေနတုန္း၊ ထပ္ခိုးက စတိုခန္းထဲက ပစၥည္းေတြ ျပဳတ္က်တဲ့အသံ ၾကားရျပန္ေရာ။ ကြၽန္မက ေၾကာင္တစ္ေကာင္ ဝင္ေမႊေနၿပီ ထင္တာ။

မမက အဲ့ဒီအခန္းကို မဝင္ရဘူးလို႔ ေျပာထား သတိေပးထားတာ ကြၽန္မ မွတ္မိပါတယ္။ ဒါေပမဲ့ အဲ့ဒီအခန္းထဲက ပစၥည္းေတြ ျပဳတ္က်သံေတြက ထပ္ၾကားရေတာ့ ကြၽန္မ မေနႏိုင္ဘူး။

အဲ့ဒီ အေပၚက စတိုခန္းကို တက္သြားလိုက္မိတယ္။ ကြၽန္မ စတိုခန္းကိုသြားဖို႔ တစ္ခုခုက ေစ့ေဆာ္ေနသလိုပါပဲ မမရယ္။ေျပာရဦးမယ္ … ကြၽန္မ ေလွကားက စတက္တက္ခ်င္း ၾကက္သီးေမႊးညင္းေတြ ထသြားတယ္မမ။ ဘာျဖစ္မွန္းကို မသိတာေနာ္။

က်မ အေပၚလဲ ေရာက္ေရာ အံဩစရာ မမေရ။ စတိုခန္းတံခါးကေလ သူ႔အလိုလို တကြၽီကြၽီနဲ႔ ပြင့္သြားတယ္။ က်မလဲ စပ္စပ္စုစုနဲ႔ အခန္းထဲကို လွမ္းၾကည့္လိုက္တယ္။ က်မ စိတ္အထင္က ေၾကာင္ေမႊလို႔ ပစၥည္းေတြ ျပန္႔ႀကဲေနမွာပဲလို႔ ထင္ထားေပမယ့္ …

တကယ္တမ္းက် အခန္းထဲမွာ ပစၥည္းေတြက သူ႔ေနရာနဲ႔သူ ၊ စီစီရီရီ ေနသားတက် ရွိေနတာကို ေတြ႕လိုက္ရတယ္။ ဒါဆို ခုနက အသံေတြက ဘယ္က လာတာလဲေပါ့။ က်မရဲ႕ တထြာတမိုက္ ဉာဏ္ေလးနဲ႔ ေတြးမရႏိုင္ဘူး။

အဲ့ဒီလို က်မ စိတ္ရႈပ္ေနတုန္း ပစၥည္းပုံတစ္ခုရဲ႕ အေပၚဆုံးမွာ အ႐ုပ္တစ္ခုကို ေတြ႕လိုက္ရတယ္ မမ ”

မခင္မမက သိခ်င္လြန္း၍ ၾကားျဖတ္ေမးလိုက္မိသည္။

” အဲ့ဒါ တေတာင္ေလာက္ အ႐ြယ္ရွိတဲ့ ေကာ္ပတ္႐ုပ္မဟုတ္လား။ သူ႔မ်က္ႏွာမွာ ႏွာေခါင္းတို႔ ပါးစပ္တို႔ မပါဘူးေလ။ ေျပာင္ရွင္းႀကီး ”

ဂ်မ္းေတာက ေခါင္းကို တဆတ္ဆတ္ ၿငိမ့္ျပသည္။

” ဟုတ္တယ္မမ ၊ အဲ့ဒီအ႐ုပ္ပဲ။ ထိုင္း႐ုပ္ရွင္ဇာတ္ကားေတြထဲက မင္းသမီးေတြလို အဝတ္အစားနဲ႔ေလ”

” အင္း ဟုတ္တယ္။ဒါနဲ႔ ဘာဆက္ျဖစ္လဲ ေျပာပါဦး ”

” ကြၽန္မကို အဲ့ဒီအ႐ုပ္က ညႇိဳ႕ယူထားသလိုပဲ မမေရ ။ အ႐ုပ္ကို ေငးၾကည့္ေနမိတယ္။ ကြၽန္မ ေသေသခ်ာခ်ာ ၾကည့္လိုက္ေတာ့ အ႐ုပ္ရဲ႕ လက္တစ္ဖက္ကို ပစၥည္းပုံထဲက ေရွးေခတ္တုန္းက သုံးတဲ့ ဖန္မီးအိမ္အေဟာင္းရဲ႕ လက္ဆြဲခ်ိတ္က ဖိထားသလို ျဖစ္ၿပီး ပိေနတယ္။ ဒါနဲ႔ ကြၽန္မလဲ အဲ့ဒီ မီးအိမ္လက္ကိုင္ကိုင္းကို အ႐ုပ္ရဲ႕ လက္ေပၚကေန ဖယ္ေပးလိုက္တယ္။

အဲ့ဒီအခ်ိန္ ကြၽန္မ နားထဲမွာ စကား ေျပာသံလိုလို အသံတစ္ခု ၾကားလိုက္ရတယ္။ အသံက မိန္းမသံ မမရဲ႕။ ၿပီးေတာ့ အဲ့ဒီစကားသံက ဗမာစကားမဟုတ္ဘူး။

ဒါနဲ႔ အ႐ုပ္က စကားေျပာတာလားဆိုၿပီး အ႐ုပ္ကို ၾကာၾကာ ေငးၾကည့္ေနတုန္း ေအာက္ထပ္ကေန မမရဲ႕ ‘ဂ်မ္းေတာေရ ဂ်မ္းေတာ’ ဆိုတဲ့ ေအာ္ေခၚသံကို ၾကားလိုက္ရတယ္ေလ။ ကြၽန္မ မွတ္မိတယ္မမ။ အဲ့တုန္းက ေအာ္ေခၚတဲ့အသံက မမမွ မမရဲ႕အသံပဲ ။ ကြၽန္မ နားၾကားမလြဲဘူးေနာ္။

ဒါနဲ႔ ကြၽန္မ ေအာက္ထပ္ကို ေျပးဆင္းလာလိုက္တယ္။ ဒါေပမဲ့ မမေရ ၊ မမကို မေတြ႕ရဘူး။ ကြၽန္မ တအံတဩနဲ႔ ေၾကာင္ေတာင္ေတာင္ ျဖစ္ေနတဲ့အခ်ိန္ အဲ့ဒီ စတိုခန္းတံခါးက ဂ်ိမ္းခနဲဆိုၿပီး ပိတ္သြားျပန္တယ္။ ေနာက္ေတာ့ မမရဲ႕ကား… ၿခံတံခါးဝ ေရာက္လာၿပီး ကားဟြန္းတီးေတာ့မွ ကြၽန္မ လွည့္ျဖားတာ ခံလိုက္ရၿပီဆိုတာ သိလိုက္ရတယ္ ”

မခင္မမက နားေထာင္ေနရင္းမွ မွတ္ခ်က္ျပဳ၏။

” အ႐ုပ္ကေတာ့ စကား မေျပာႏိုင္ေလာက္ပါဘူး ဂ်မ္းေတာရယ္။ ႏို႔ … ညည္း ၾကားခဲ့ရတဲ့ ထိုင္းစကားဆိုတာက ဘယ္လိုလဲ ။ ညည္း မွတ္မိေသးလား”

ဂ်မ္းေတာက စဥ္းစားသလို လုပ္ၿပီးမွ ေျဖသည္ ။

” ‘ခပ္ ခူ မက္ ‘ဆိုလားပဲ မမ။ က်မလဲ ေသေသခ်ာခ်ာ မမွတ္မိေတာ့ဘူး”

မခင္မမက ဂ်မ္းေတာရဲ႕ ေလသံကို နင္းၿပီး တစ္လုံးခ်င္း လိုက္႐ြတ္ၾကည့္လိုက္သည္။

” ခပ္ … ခူ … မက္ … ”

ဂ်မ္းေတာက မခင္မမ ႐ြတ္လိုက္သည့္အခါမွ၊ ေခါင္းတၿငိမ့္ၿငိမ့္လုပ္ရင္း ‘အင္း ဟုတ္တယ္ ဟုတ္တယ္ မမ၊ မမ အခုေျပာသလို တစ္လုံးခ်င္း ခပ္ေလးေလးႀကီး ေျပာသြားတာပဲ ”

မခင္မမသည္ သူ အ႐ုပ္ကို လက္ကေလးေတြ ျပန္ဆန္႔တန္းေပးစဥ္ကလည္း အ႐ုပ္ထံမွ ထိုသို႔ေသာ ထိုင္းစကားေျပာသံကို ၾကားခဲ့ဖူးသည္မဟုတ္ေလာ။ မခင္မမစိတ္ထဲမွာ

‘ အင္း စတိုခန္းထဲက ထိုင္း႐ိုးရာ အ႐ုပ္မေလးက ထူးျခားတယ္။ တစ္ခုခုေတာ့ တစ္ခုခုပဲ ‘ လို႔ မခင္မမေတြးေတာလိုက္မိေလ၏။

ဘာပဲ ေျပာေျပာ ဒီလိုမ်ိဳး အိမ္ထဲမွာ မ႐ိုးသားတဲ့ အျဖစ္အပ်က္ေတြ ဆက္တိုက္ ျဖစ္ပ်က္ေနတာ ကိုျမတ္သူ ယူေဆာင္လာခဲ့တဲ့ ထိုင္း႐ိုးရာ ေကာ္ပတ္အ႐ုပ္ေလးေၾကာင့္သာ ျဖစ္လိမ့္မည္။

ကိုျမတ္သူ ခရီးကေန အိမ္ကို ျပန္လာရင္ေတာ့ သူမတို႔ အေျဖတစ္ခုခု သိရလိမ့္မည္။

တစ္ခုပဲ မခင္မမ စိုးရိမ္မိသည္။ ဒီတစ္ေခါက္ ကိုျမတ္သူ ခရီးထြက္တာ ၾကာသင့္သည္ထက္ ရက္ပိုၾကာေနသည္။ ထိုင္း႐ိုးရာအ႐ုပ္မႏွင့္ ပတ္သက္ၿပီး ကိုျမတ္သူ မ႐ိုးေျဖာင့္တာ တစ္ခုခုမ်ား လုပ္ထားခဲ့ေလသလား။

အကယ္၍ လုပ္ထားမိရင္ေရာ ဤ ဝိညာဥ္ တြယ္ကပ္ေနေသာ အ႐ုပ္ကေလးက ကိုျမတ္သူကို ခြင့္လႊတ္ေပးႏိုင္ပါ့မလား …

မခင္မမခမ်ာ အမ်ိဳးမ်ိဳးအဖုံဖုံ ေတြးေတာရင္း ခင္ပြန္းျဖစ္သူ ကိုျမတ္သူအတြက္ စိုးရိမ္ေသာကစိတ္ေတြ မ်ားလာခဲ့သည္။

ကိုျမတ္သူတစ္ေယာက္ အခုတစ္ေခါက္ အလုပ္ေတြ အဆင္ေျပလို႔ အိမ္ကို ေခ်ာေခ်ာေမာေမာ ျပန္ေရာက္ပါေစလို႔ တိုးဖြဖြ ဆုေတာင္းရင္း သူမ သက္ျပင္းေမာကို မႈတ္ထုတ္လိုက္မိသည္။

____________

အခန္း၃။

” ဂ်ိန္း … ဒလိမ္း ”

ည ကိုးနာရီခြဲေလာက္တြင္ မိုးက သည္းသည္းမည္းမည္း ႐ြာေနပါ၏။ မိုးသံေလသံနဲ႔အတူ မိုးၿခိမ္းသံ လွ်ပ္စီးေၾကာင္းႀကီးေတြက ရင္ဖိုထိတ္လန္႔ဖြယ္ရာ ေကာင္းလွသည္။

မိုးကမ်ား ေလကျပင္းဆိုေတာ့ လွ်ပ္စစ္မီးက ပ်က္သြားသည္။ သိုေပမဲ့ မခင္မမတို႔အိမ္က အင္ဗာတာနဲ႔ ဘက္ထရီ ရွိ၍ မီးလင္းေနေသးသည္။

မခင္မမ၊သားငယ္ ထူးခန္႔ ႏွင့္ အိမ္အကူ ဂ်မ္းေတာတို႔သည္ အိမ္၏ ဧည့္ခန္း ဆိုဖာဆက္တီ၌ စု႐ုံးထိုင္ေနၾကသည္။ သူတို႔သည္ ကိုျမတ္သူ ျပန္အလာကို ေစာင့္ေမွ်ာ္ေနၾကျခင္း ျဖစ္သည္။ ကိုျမတ္သူက ဒီကေန႔ ျပန္ေရာက္မည္ဟု ဖုန္းႀကိဳဆက္ထား၏။

ဂ်ိန္း !

” အံမယ္ေလး ! မမေရ ”

ဒီတစ္ခါ ၿခိမ္းလိုက္တဲ့ မိုးၿခိမ္းသံက အေတာ္က်ယ္ေလာင္၏။ၿပီးေတာ့ မွန္ျပတင္းေပါက္မွာ လွ်ပ္စီးေၾကာင္းႀကီးက လာၿပီး အရိပ္ျပက္ခနဲ ထင္သြားသည္။ ထို႔ေၾကာင့္ ဂ်မ္းေတာမ ထိတ္လန္႔တၾကား ေအာ္ဟစ္လိုက္ျခင္း ျဖစ္သည္။

မခင္မမ စိတ္ထဲမွာ …

‘ အင္း ကိုျမတ္သူ ဖုန္းဆက္ေတာ့ သူ ည၈နာရီေလာက္ ျပန္ေရာက္မယ္ ေျပာထားတာပါ။ အခု ကိုးနာရီခြဲၿပီးလို႔ ဆယ္နာရီေတာင္ ထိုးေတာ့မယ္။ ခုထိ မေရာက္ေသးပါလား။ ဖုန္းဆက္ေတာ့လဲ စက္ပိတ္ထားပါသည္တဲ့။ ဘာေတြမ်ား ျဖစ္ေနပါလိမ့္ေနာ္ ‘ ဟု ေတြးေတာ ပူပန္ေနရွာသည္။

ေစာင့္ေမွ်ာ္ရသူအဖို႔က စကၠန္႔ပိုင္း မိနစ္ပိုင္းေလးမွ်ပင္ ၾကာေတာင့္ၾကာရွည္ႏိုင္လြန္းလွသည္။

အိမ္ရွိတံခါးမ်ားကို မိုးပက္မည္စိုး၍ အကုန္ပိတ္ထားေသာ္လည္းမိုးစက္ေတြက တစ္ခ်က္ တစ္ခ်က္ ေဆာင့္တိုက္လာေသာ ေလျပင္းနဲ႔အတူ ဆုပ္ႀကဲပက္လိုက္သည့္အလားပင္။မိုးေရႏွင့္ မွန္ျပတင္း ၊ မိုးေရႏွင့္ ေခါင္မိုးသြပ္ျပား ထိေတြ႕႐ိုက္ခတ္သံေတြက တေျဗာင္းေျဗာင္း တေဖါင္းေဖါင္း ျမည္ဟီးလ်က္ရွိသည္။

တိုင္ကပ္နာရီက စကၠန္႔တံက တေ႐ြ႕ေ႐ြ႕ လည္ပတ္ရင္း သူတာဝန္ကို မွန္မွန္ႀကီး ထမ္းေဆာင္ေနသည္။ ဧည့္ခန္းက ဆိုဖာဆက္တီေပၚ၌ သားငယ္ထူးခန္႔ပင္ မခင္မမရဲ႕ေပါင္ေပၚ ေခါင္းတင္ၿပီး အိပ္ေပ်ာ္သြားၿပီျဖစ္သည္။

ညဥ့္နက္လာသည္ႏွင့္အမွ် မခင္မမလည္း ေက်ာမွီေပၚ လွဲခ်ရင္း ငိုက္ျမည္းလာသည္။ တစ္ခ်က္ တစ္ခ်က္ ေမ့ခနဲ အိပ္ေပ်ာ္လုလု ျဖစ္ေနရွာသည္။

မအိပ္ေပ်ာ္ႏိုင္သူက ဂ်မ္းေတာ။ ဂ်မ္းေတာရဲ႕ စိတ္ေတြက ေၾကာက္႐ြံစိတ္ေတြ ႀကီးစိုးေနေလေတာ့ ဘယ္လိုမွ အိပ္မေပ်ာ္ေခ်။

ဆယ့္တစ္နာရီ ထိုးလုလုမွာေတာ့ အိမ္အျပင္ဘက္ ၿခံတံခါး၌ ခ်ိတ္ဆြဲထားေသာ လူေခၚ ေခါင္းေလာင္းသံႏွင့္အတူ …

” ခင္မေရ … ခင္မ ၊ ေမာင္ျပန္ေရာက္ၿပီ ၊ ၿခံတံခါး လာဖြင့္ေပးပါဦး ”

ပုျပပ္ဝပ္ေနမိေသာ ဂ်မ္းေတာ ခ်က္ခ်င္း ေခါင္းေထာင္သြားသည္။ ဂ်မ္းေတာက မခင္ခင္မကို လႈပ္ႏႈိးလိုက္ၿပီး …

” ေဟာ မမ ၊ ဦးေလးအသံၾကားတယ္။ အိမ္ျပန္ေရာက္ၿပီနဲ႔တူတယ္။ ကြၽန္မ တံခါးသြားဖြင့္ေပးလိုက္မယ္ေနာ္ … ”

ေမွးခနဲ အိပ္ေပ်ာ္သြားရာက ဂ်မ္းေတာမ လႈပ္ႏႈိးမႈေၾကာင့္ ဆတ္ခနဲ ႏႈိးလာတဲ့ မခင္မမသည္ သူမ ေပါင္ေပၚက သားငယ္ရဲ႕ ဦးေခါင္းကို ဆိုဖာေပၚ အသာအယာ ခ်ေပးလိုက္ၿပီး၊

” ေအး … ေအး သြားဖြင့္ေပးလိုက္ ဂ်မ္းေတာ၊ ညည္းဦးေလး မိုးေတြ မိလာၿပီေနမွာ၊ ငါလဲ ေမာင့္အတြက္ အဝတ္ေတြ သြားယူထားလိုက္မယ္ ”

ဂ်မ္းေတာက ၿခံဝန္းတံခါးေသာ့ႏွင့္ ထီးကို ယူ၍ ေျပးဆင္းသြားသည္။

မၾကာမီ ကိုျမတ္သူသည္ မိုးေရမ်ား တစ္ကိုယ္လုံး ႐ႊဲစိုလ်က္ အိမ္ထဲသို႔ ဝင္လာသည္။ ကိုျမတ္သူေနာက္က ဂ်မ္းေတာက ကိုျမတ္သူရဲ႕ ခရီးေဆာင္အိတ္ကို မႏိုင့္တႏိုင္ သယ္မလာ၏။

မခင္မမက အဝတ္တစ္ခ်ိဳ႕ႏွင့္ တစ္ဘက္ကို ယူလာၿပီး ၊ ‘ေနာက္က်လိုက္တာ ေမာင္ရယ္’ဟု ခပ္ညည္းညည္းေလး ဆိုလိုက္၏။

ကိုျမတ္သူက ဘာမွမေျပာဘဲ၊ သူလြယ္ထားေသာ ေယာက္်ားလြယ္ သားေရအိတ္ကို မခင္မမထံ လွမ္းေပးသည္။

ထိုအခါမွ မခင္မမသည္ ကိုျမတ္သူ၏ ညာ ဘက္လက္မွာ လက္မကလြဲၿပီး က်န္လက္ေလးေခ်ာင္းေနရာမွာ တုံးတိႀကီး ပတ္တီးစည္းေႏွာင္ထားသည္ကို ေတြ႕လိုက္ရေလသည္။ မခင္မမ ထိတ္ထိတ္ျပာျပာႏွင့္ …

” ဟင္! ေမာင့္လက္က ဘာျဖစ္တာလဲ ၊ ပတ္တီးေတြ စည္းထားပါလား ”

” မစိုးရိမ္ရပါဘူး၊ ကားတံခါးနဲ႔ ညပ္မိတာ ၊ ဘာမွ မျဖစ္ဘူး ၊ ၿပီးေတာ့မွ ေမာင္ အကုန္ေျပာျပမယ္ ခင္မ ”

ကိုျမတ္သူက မခင္မမ ေပးေသာ အဝတ္ေျခာက္တို႔ကို အျမန္လဲလွယ္ဝတ္ဆင္လိုက္ၿပီး …

” ခဏေနာ္ ခင္မ၊ ေမာင္ အေရးတႀကီး လုပ္စရာေလးရွိေသးလို႔ ”

ထိုသို႔ ေျပာကာ၊ ကိုျမတ္သူတစ္ေယာက္ သုတ္သုတ္ျပာျပာႏွင့္ ထပ္ခိုးက စတိုခန္းရွိရာသို႔ တက္သြားေလ၏။

မခင္မမမွာ ဘာကိုမွ နားမလည္ႏိုင္ဘဲ၊ ကိုျမတ္သူ တက္သြားရာ ထပ္ခိုးအေပၚထပ္သို႔ ေငးၾကည့္ က်န္ခဲ့ေလ၏။

စတို တံခါးဖြင့္သံ ၊ မီးခလုတ္ဖြင့္သံမ်ား ဆက္တိုက္ၾကားလိုက္ရၿပီးတခဏ၌၊ကိုျမတ္သူ၏ ေဒါသျဖင့္ ေတာက္ေခါက္လိုက္သည့္အသံ ထြက္ေပၚလာသည္။

တခဏအၾကာ ကိုျမတ္သူသည္ ရႈးရႈးရွားရွားႏွင့္ ေဒါသတႀကီး ဧည့္ခန္းသို႔ ျပန္ေရာက္လာ၏။

ဆင္းလာသည့္ ကိုျမတ္သူ လက္တစ္ဖက္ထဲတြင္ ထိုင္းေကာ္ပတ္႐ုပ္ကေလးကို က်စ္က်စ္ပါေအာင္ ကိုင္ထားသည္ကို ေတြ႕ရသည္။

ေဒါသထြက္ေနေသာ ကိုျမတ္သူက သူ႔ဇနီး မခင္မမမ်က္ႏွာကို ေစ့ေစ့ၾကည့္၍ ေမးလိုက္သည္။

” ခင္မ … မင္း အေပၚထပ္ စတိုခန္းကို ငါခရီးထြက္ေနတုန္း ဝင္ေသးတယ္မို႔လား ”

အနီးနားတြင္ ဂ်မ္းေတာလဲ ရွိေနရာ၊ ကိုျမတ္သူ၏ ေဒါသေမးခြန္းေၾကာင့္ ဇက္ကေလး ပုဝင္သြားရွာသည္။ သူမလည္း စတိုခန္းထဲကို တစ္ႀကိမ္ ဝင္ခဲ့မိသည္မဟုတ္လား။အခြင့္မရွိဘဲ ဝင္ခဲ့မိ၍ အျပစ္မကင္းသလို ခံစားေနရဟန္တူသည္။

မခင္မမက ေလသံ ခပ္ေအးေအးနဲ႔ ျပန္ေျဖလိုက္သည္။

” ဟုတ္တယ္၊ ေမာင္ ခရီးသြားေနတုန္း တစ္ညက အဲ့ဒီအခန္းထဲကေန မိန္းမတစ္ေယာက္ ငိုၿငီးသံၾကားရလို႔ ခင္မက သူစိမ္းတစ္ေယာက္ အိမ္ထဲ ေရာက္ေနလားဆိုၿပီး ၊ ဝင္ခဲ့မိတယ္။ အဲ့ဒါ ဘာျဖစ္လို႔လဲ ေမာင္ ”

ကိုျမတ္သူ အံဩဟန္တူ၏။ မိန္းမ ငိုၿငီးသံဟု သူ႔ဇနီးက ဆိုသည္မဟုတ္လား။

” ဘာ! မိန္း … မိန္းမ ငိုၿငီးသံ ဟုတ္လား ၊ အဲ့ဒါနဲ႔ မင္း ဘာဆက္လုပ္လိုက္ေသးလဲ ”

” ခင္မ အခန္းထဲမွာ ဘယ္သူမွ မေတြ႕ဘူး ေမာင္။ ဒါနဲ႔ ျပန္ထြက္မယ္အလုပ္မွာ ခင္မ ေျခရင္းမွာ အခု ေမာင္ကိုင္ထားတဲ့ ေကာ္ပတ္႐ုပ္ကေလးကို ေတြ႕တာနဲ႔ ကိုင္ၾကည့္မိတယ္ ”

ဟူးခနဲ ကိုျမတ္သူ ေလပူမ်ား မႈတ္ထုတ္လိုက္သည္။ သူ ကိုင္ထားေသာ ေကာ္ပတ္႐ုပ္ကို မခင္မမ ျမင္သာေအာင္ ေျမႇာက္ျပရင္း …

” မင္းေတြ႕တုန္းက အ႐ုပ္က ဒီအတိုင္းပဲလား ”

တင္းမာျပတ္သားလွေသာ ကိုျမတ္သူ၏ စိမ္းဆတ္ဆတ္ ေလသံေၾကာင့္ မခင္မမ၏ မ်က္ႏွာမွာ ဝမ္းနည္းရိပ္သမ္းသြားရွာသည္။ တလက္စတည္း မခင္မမက မေက်မနပ္ႏွင့္ ဆိုလိုက္၏။

” ေမာင္ ဘာျဖစ္ေနတာလဲ၊ ခင္မကို ဘာလို႔ မင္းတလုံး ငါတလုံးနဲ႔ ေဒါသ ထြက္ေနရတာလဲ …၊ ခင္မ ဘာမ်ား အမွားလုပ္ထားမိလို႔လဲ၊ေမာင္ပိုင္တဲ့ ဒီအိမ္ရဲ႕ အခန္းတစ္ခန္းကို ေမာင့္မိန္းမ ခင္မ ဝင္ခဲ့မိတာ အဲ့သေလာက္ အျပစ္ႀကီးေနလို႔လား။ ၿပီးေတာ့ ေမာင္ကေရာ ခင္မ မသိေအာင္ ဘာေတြမ်ား ဖုံးကြယ္ထားလဲ”

ထိုအခါမွ ကိုျမတ္သူလည္း ဆိုဖာ ဆက္တီေပၚ သူ႔ခႏၶာကိုယ္ကို ပစ္ေခြ ထိုင္ခ်လိုက္ၿပီး ေလသံကို ထိန္းကာ…

” Sorry ကြာ၊ ေမာင္ ေတာင္းပန္ပါတယ္ ။ေမာင္ သိခ်င္တာက ခင္မ ေဟာဒီအ႐ုပ္ရဲ႕ ေကြးေနတဲ့ ေျခလက္ေတြကို ဆြဲဆန္႔ပစ္ခဲ့တယ္မဟုတ္လား ”

မခင္မမက ဝမ္းနည္းေနေသာ သူမစိတ္ကို အားတင္းရန္အတြက္ အသက္ကို ဝေအာင္ ရႈသြင္းလိုက္ၿပီး … ။

” ဟုတ္တယ္ ေမာင္ ၊ အဲ့ဒီအ႐ုပ္ကို ဆြဲဆန္႔ေပးတုန္းက အ႐ိုးက်ိဳးသံလိုလို အသံေတြေတာင္ ထူးထူးျခားျခား ၾကားခဲ့ရေသးတယ္။ ၿပီးေတာ့ ထိုင္းစကားနဲ႔ (ခပ္ ခူ မက္ )လို႔ ပီပီသသႀကီး ၾကားလိုက္ရေသးတယ္။အဲ့ဒါ ျမန္မာလိုအဓိပၸါယ္ဆိုရင္ (အမ်ားႀကီး ေက်းဇူးတင္ပါတယ္ )လို႔ ေျပာလိုက္တာမဟုတ္လား ေမာင္”

ကိုျမတ္သူက ျမဝတီၿမိဳ႕ႏွင့္ ထိုင္းနယ္စပ္ၿမိဳ႕ျဖစ္ေသာ မဲေဆာက္ဖက္ကို မၾကာခဏ ခရီးသြားေနသူဆိုေတာ့၊ ထိုင္းစကား အနည္းအက်ဥ္း ေျပာႏိုင္ဆိုႏိုင္ၿပီး နားလည္သူ ျဖစ္သည္။ ခပ္ခူမက္ ဆိုတာ မခင္မမ ေျပာသလို အရမ္း ေက်းဇူးတင္ပါတယ္ဆိုသည့္ျမန္မာစကားနဲ႔ အဓိပၸါယ္တူ၏။

ကိုျမတ္သူက မခင္မမစကားေတြထဲက တစ္စုံတစ္ခုကို ေက်နပ္သြားဟန္တူ၏။ ေလသံ ခပ္ေပ်ာ့ေပ်ာ့ျဖစ္ကာ …

” ဟုတ္တယ္ … အ႐ုပ္ကို ခင္မက ေျခလက္ေတြ ျပန္တည့္ေပးလိုက္လို႔ သူက ေက်းဇူးတင္ပါတယ္လို႔ ေျပာလိုက္တာပဲ ခင္မ ”

” ဟင္! ဒါဆို အ႐ုပ္က အသက္ရွိတာလား ေမာင္ ”

မခင္မမ၏ ေမးခြန္းေၾကာင့္ …

ကိုျမတ္သူတစ္ေယာက္ ထပ္ခါ ထပ္ခါသာ သက္ျပင္းေမာကို ခ်ေနမိေတာ့သည္။ ေနာက္ၿပီး သူ လွ်ိဳ႕ဝွက္ထားေသာ ကိစၥရပ္မွာ ေပၚလြင္ေနၿပီမို႔ ဆက္၍ မဖုံးကြယ္ေတာ့ဘဲ အမွန္ကို ဖြင့္ေျပာရန္ ဆုံးျဖတ္လိုက္၏။

” အ႐ုပ္ကေတာ့ သက္ရွိ မဟုတ္ဘူးေပါ့ ခင္မရယ္။ ဒါေပမဲ့ အဲ့ဒီအ႐ုပ္မွာ မေကာင္းတဲ့ ေလာကီပညာနဲ႔ ဝိညာဥ္တစ္ခုကို ထည့္သြင္း ခ်ဳပ္ေႏွာင္ထားတယ္လို႔ ေမာင္လဲ အခု တစ္ေခါက္ သြားတဲ့ ခရီးေရာက္မွ သိခဲ့ရတယ္ ”

” ရွင္! အံမယ္ေလး ေၾကာက္စရာ ေကာင္းလွပါလား ေမာင္။ ဘာျဖစ္လို႔ ေမာင္က အဲ့ဒီအ႐ုပ္ကို အိမ္အထိမ်ား ယူလာရတာလဲ ။ အခု ဒီအ႐ုပ္ကို ဘယ္လို လုပ္ၾကမလဲ ေမာင္ ။ သူက ခင္မတို႔ မိသားစုကို အႏၲရာယ္မ်ား ေပးလာခဲ့ရင္ …. အို ေတြးေတာင္ မေတြးရဲဘူး ေမာင္ရယ္ ”

ထိုအခါ ကိုျမတ္သူက အ႐ုပ္ကို သူ ဝယ္ယူသည့္ ကြန္တိန္နာေဘာက္တစ္ခုထဲမွ ရခဲ့ေၾကာင္း ရွင္းျပသည္။

” ေမာင္ ဝယ္တဲ့ ေဘာက္ထဲမွာ အဲ့ဒီအ႐ုပ္ ပါလာတာ အစက ေမာင္လဲ တကယ္မသိဘူး။ဒီဘက္ ကမ္းေရာက္မွ ေဘာက္ကို ဖြင့္ၿပီး အထဲက ကားပစၥည္းေတြ ထုတ္ေတာ့ အဲ့ဒီအ႐ုပ္ကေလးက ေမာင့္ေရွ႕တည့္တည့္ ထြက္က်လာတာ။

အ႐ုပ္ကို ေမာင္ စေတြ႕ေတာ့ လိုခ်င္စိတ္ မျဖစ္မိဘူး။ ဒါနဲ႔ တစ္ေနရာမွာ တင္ထားလိုက္တယ္။ ထူးဆန္းတာက အဲ့ဒီညဘက္ ေမာင္ အိပ္ေပ်ာ္ေတာ့ အ႐ုပ္က သူ႔ကို ေမာင္နဲ႔အတူ ေခၚသြားေပးပါလို႔ အိပ္မက္ လာေပးတယ္။

အခု သူရွိေနတဲ့ ေနရာနဲ႔ ေဝးရာကို ေမာင္ကသာ ေခၚသြားေပးရင္၊ ေမာင့္စီးပြားေရးေတြ ဒါ့ထက္ပိုေကာင္းေအာင္ သူ ကူညီေပးမယ္တဲ့။ ပထမေတာ့ ေမာင္လဲ ငါ စိတ္စြဲလို႔ အိပ္မက္မက္တာေနမွာပါလို႔ ထင္မိတယ္။ ဒါေၾကာင့္ အ႐ုပ္ကို သြားမယူျဖစ္ဘူး။ အိပ္မက္က တစ္ရက္တည္း မက္တာမဟုတ္ဘူးေနာ္ ေနာက္ရက္ေတြလဲ အဲ့ဒီလိုပဲ ဆက္မက္တယ္။ ေမာင္က မယုံေတာ့ အ႐ုပ္ကို လုံးဝ မယူဘူး။

ဒါေပမဲ့ အဲ့ဒီ အ႐ုပ္ကို ယူျဖစ္ဖို႔ အေၾကာင္းက ဖန္လာခဲ့တယ္ ခင္မေရ။ အဲ့ဒါက ထိုင္းဘက္ကမ္း ေလွဆိပ္က ေမာင္နဲ႔ ခင္ေနတဲ့ ဆိပ္ကမ္းေစာင့္ ထိုင္းအဖိုးႀကီးတစ္ဦးနဲ႔ ေတြ႕ၿပီး၊ ေမာင္က အ႐ုပ္အေၾကာင္းရယ္၊ အိပ္မက္အေၾကာင္းရယ္ကို ေျပာျပလိုက္မိတယ္။

အဲ့ဒီမွာ ထိုင္းအဖိုးႀကီးက …

‘ ဒီမွာ ေမာင္ရင္ မင္းနဲ႔ ထိုက္လို႔ မင္းရတာကို ဘာလို႔ မယူခ်င္ရတာလဲ၊ ဒါမ်ိဳးက ရွားသကြဲ႕။ တို႔ထိုင္း႐ိုးရာနတ္ေတြက အမ်ားႀကီး၊ တခ်ိဳ႕နတ္ႀကီးေတြဆို အဘေတာင္ မသိဘူး။သူတို႔က လူေတြရဲ႕ စီးပြားလာဘ္လာဘ ေကာင္းေအာင္ ေဆာင္မ ေပးႏိုင္တယ္။ ယူသာသြား။ မင္း အတြက္ ဘာမွ အက်ိဳးမယုတ္ဘူး။ ေနာင္ မင္း မလိုခ်င္ေတာ့ လႊင့္ပစ္လိုက္ေပါ့ ‘ တဲ့။

အဲ့သလို ေမာင့္ကို ယူသြားဖို႔ တိုက္တြန္းတယ္။ဒါနဲ႔ ေမာင္လဲ အိပ္မက္က ဆက္တိုက္မက္၊ ထိုင္းအဖိုးႀကီးကလဲ အ႐ုပ္က လူကို ဘာဥပါဒ္မွ မေပးပါဘူးဆိုေတာ့ နတ္႐ုပ္တုထင္ၿပီး ယူလာခဲ့မိတယ္ ”

မခင္မမက …

” သူက တကယ္ပဲ အက်ိဳးေပးတာလား ေမာင္ ”

” အင္း သူ အက်ိဳးေပးပုံက တစ္မ်ိဳး ဆန္းတယ္ ။ ေမာင္ ျမဝတီကို ပစၥည္းဝယ္ သြားေတာ့မယ္ဆို သူက အိပ္မက္ လာေပးေလ့ရွိတယ္ ခင္မ ”

မခင္မမ အလြန္စိတ္ဝင္စားသြားသည္။ ထို႔ေၾကာင့္ သိလိုစိတ္နဲ႔ ေမးလိုက္၏။

” ဘယ္လိုေတြ … အိပ္မက္ေပးတာလဲ ေမာင္ ”

” အဲ့ဒီတစ္ေခါက္မွာ ေမာင္ဝယ္ရမယ့္ပစၥည္းကို သူက ေ႐ြးေပးတယ္ ။ ဒီတစ္ေခါက္ ဘယ္ကားပစၥည္း ဝယ္ရင္ အျမတ္မ်ားမ်ား က်န္မယ္။ ဘယ္ပစၥည္းေတာ့ မဝယ္နဲ႔။ အဲ့ဒါက ဒီတစ္ေခါက္ အေရာင္းထိုင္းလိမ့္မယ္။ အဲ့သလိုေတြ အိပ္မက္ေပးတာ ”

” သူ႔ အိပ္မက္ကေရာ မွန္လားဟင္ ”

” မွန္တာေပါ့ ။ သူ ေျပာတဲ့အတိုင္း ကြက္တိပဲ ခင္မေရ။ သူ ဝယ္ခိုင္းတဲ့ ပစၥည္းအမ်ိဳးအစားသာ ဝယ္။ အဲ့ဒီအေခါက္ အခ်ီႀကီး ျမတ္တာပဲ ”

” ဟင္ ဒီေလာက္မွန္ၿပီး ေမာင့္ကို အက်ိဳးျပဳေနတာေတာင္ ေမာင္က ဘာျဖစ္လို႔ အ႐ုပ္ရဲ႕ ေျခလက္ေတြကို ေကြးေကာက္သြားေအာင္ လုပ္ထားရတာလဲ ”

” ေလာဘေပါ့ ။ အေခါက္တိုင္း ျမတ္ေလ ျမတ္ေလ ေမာင့္ေလာဘက အေတာမသတ္ႏိုင္ေအာင္ ႀကီးလာေလ ျဖစ္လာတယ္။

တစ္ေခါက္မွာ ေမာင္က သူဝယ္ခိုင္းတဲ့ပစၥည္း ဟိုဘက္ကမ္းမွာ ဝယ္လို႔ မရတာနဲ႔။ သူ မဝယ္ခိုင္းတဲ့ ပစၥည္းကို ေမာင့္စိတ္နဲ႔ ေမာင္ ဆုံးျဖတ္ၿပီး ဝယ္လာခဲ့လိုက္တယ္။ေမာင့္စိတ္ထဲမွာလဲ လက္ဗလာ ျပန္ရင္ စရိတ္ရႈံးမွာပဲလို႔ ခပ္တိမ္တိမ္ေတြးလိုက္မိတာလဲ ပါတာေပါ့။

ၿပီးေတာ့လဲ ေမာင္ မသြားခင္က အခုေမာင္ ဝယ္လိုက္တဲ့ပစၥည္းက အရမ္း အဝယ္လိုက္တယ္ေလ။ ေမာင္လဲ စီးပြားေရး လုပ္လာတာ ၾကာၿပီဆိုေတာ့ ငါ မမွားေလာက္ပါဘူးဆိုတဲ့ မာနေလးနဲ႔ ဝယ္ခ်လိုက္တယ္။ ဝယ္တာမွ ပါလာသမွ် ေငြ အကုန္ပဲ ။

အဲ့ဒီမွာ ေမာင့္ပစၥည္းေတြ ဒီကို ေရာက္ေတာ့ အဝယ္ လုံးဝမရွိဘူး ျဖစ္ကုန္တယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ အေရာင္းအဝယ္ တအားျဖစ္တဲ့ ပစၥည္း။ ေဈးကြက္ထဲမွာ အေဟာ့ဆုံးပစၥည္းက၊ တ႐ုတ္ဖက္ ေဈးေပါေပါနဲ႔ ေအာက္လိုင္းကေန လိမ့္ဝင္လာေတာ့ ခ်က္ခ်င္း ေဈးကြက္ပ်က္သြားတယ္။ ေမာင့္ပစၥည္းေတြ တစ္ခုမွ ေရာင္းမထြက္ေတာ့ဘူး။

ေမာင္ အဲ့ဒီမွာ စိတ္ဓာတ္က်သြားတယ္။ အရင္းအႏွီးက အဲ့ဒီထဲ ျမဳပ္သြားၿပီေလ။ ေမာင့္မွာ သုံးဖို႔စြဲဖို႔ေလာက္ပဲ ေငြရွိေတာ့တာ။ ရင္းနီးစရာ ေငြ မက်န္ေတာ့ဘူး။

အဲ့ဒီမွာ ေမာင္လဲ ႀကံရာမရတဲ့အဆုံး၊ အ႐ုပ္ကို သြားၿပီး အၾကပ္ကိုင္တယ္။ ငါ့ ကုန္ပစၥည္းေတြ ေရာင္းထြက္ေအာင္ လုပ္ေပး၊ မလုပ္ေပးရင္ နင့္ကို တစစီ ဆြဲၿဖဲပစ္မယ္။ မီးရႈိ႕ပစ္မယ္လို႔ သြားႀကိမ္းတယ္။

အဲ့ဒီညမွာ အ႐ုပ္က ေမာင့္ကို အိပ္မက္ေပးတယ္။ငါ လုပ္မေပးႏိုင္ဘူးတဲ့။ အဲ့ဒီေလာက္လဲ မစြမ္းဘူးတဲ့။ဒါမွ မေက်နပ္ရင္ ႀကိဳက္သလိုလုပ္တဲ့။ ငါ့ကို နာက်င္ေအာင္လုပ္ရင္ နင္လဲ ငါ့လို ထပ္တူ ခံစားရလိမ့္မယ္ဆိုတာ မေမ့နဲ႔တဲ့။ အဲ့သလို ေျပာၿပီး ေပ်ာက္သြားတယ္။

ေမာင္လဲ အဲ့ဒီအခ်ိန္က ငါ့ကုန္ပစၥည္းေတြ မေရာင္းရရင္ ငါေတာ့ စီးပြားပ်က္ပါၿပီး ဆိုၿပီး ေဒါသျဖစ္ျဖစ္နဲ႔ သူ႔ေျခလက္ေတြကို ေကြးေကာက္ ခ်ိဳးပစ္႐ုံမကဘူး၊ လက္တစ္ဖက္ကိုလဲ ဖန္မီးအိမ္ လက္ကိုင္ကိုင္းနဲ႔ အတင္းဖိထားပစ္ခဲ့လိုက္တယ္။

ေနာက္ေန႔က်ေတာ့ ေမာင့္သူငယ္ခ်င္း ထြန္းေ႐ႊက ငါ့ကို မင္းက နယ္စပ္က ပစၥည္းေတြ ဝယ္ေပးေရာင္းေပးပါ သူငယ္ခ်င္း၊ အက်ိဳးအျမတ္ကို တဝက္စီခြဲယူၾကမယ္ဆိုၿပီး မဲေဆာက္ကို ေခၚသြားခဲ့တယ္။

ထြန္းေ႐ႊက ဘာအလုပ္မွ မရွိဘူး။ ဒါေပမဲ့ သူက အေမြရထားေတာ့ ေငြထုပ္ရွိတယ္။ေမာင္တို႔ လုပ္ငန္းကို သူက ဘာမွ နားမလည္ဘူး။အဲ့ဒီေတာ့ သူက ေငြစိုက္၊ ေမာင္က လုပ္ငန္းလုပ္ေပါ့။ ေမာင္ လုပ္ငန္းကြၽမ္းက်င္တာ သူက သိတယ္ေလ။ဒါနဲ႔ ေမာင္လဲ ထြန္းေ႐ႊနဲ႔အတူ ခရီးထြက္ခဲ့ၾကတယ္။

အဲ့ဒီမွာ ျပႆနာက စတာပဲ ခင္မေရ။ ဒီမွာၾကည့္ … ”

ကိုျမတ္သူက သူ႔လက္က ပတ္တီးကို ျဖည္ျပလိုက္သည္။

” ဟင္! ေမာင္ … ေမာင္ !

ေမာင့္မွာ လက္မကလြဲၿပီး က်န္တဲ့ လက္ေခ်ာင္း ၄ေခ်ာင္းလုံး မရွိေတာ့ဘူး ”

” ဟုတ္တယ္ … ေမာင္က သူ႔လက္ေတြ ေျခေတြ ခ်ိဳးပစ္ခဲ့ေတာ့ ၊ေမာင္တို႔ အသြားခရီးမွာတင္ ကားအက္ဆီးဒင့္ျဖစ္တယ္။ျဖစ္တဲ့ ေနရာမွာတင္ ေမာင့္လက္ေခ်ာင္း ေလးေခ်ာင္း ျပတ္ၿပီး ေၾကမြသြားခဲ့တယ္။ ထြန္းေ႐ႊကေတာ့ ပြန္း႐ုံပဲ့႐ုံေလာက္ပဲ ဒဏ္ရာ ရခဲ့တယ္။

ဒါေၾကာင့္ ေမာင္လဲ အနာသက္သာတဲ့အထိ ေဆး႐ုံတက္ေနရေတာ့ ဒီတစ္ေခါက္ၾကာသင့္တာထက္ ပိုၾကာသြားတာ ”

မခင္မမက ဝမ္းနည္းစြာျဖင့္

” ျဖစ္ျဖစ္ခ်င္း ဖုန္းဆက္ေရာေပါ့ ေမာင္ရယ္။ ခင္မ လိုက္လာခဲ့မွာေပါ့”

ကိုျမတ္သူက ၿပဳံးျပလိုက္ၿပီး

” ေမာင္ တမင္ မဆက္တာ ။ ထြန္းေ႐ႊက ဖုန္းဆက္ေျပာမယ္လုပ္ေတာ့၊ ေမာင္ပဲ မဆက္ပါနဲလို႔ တားခဲ့တာပါ ”

“ဒါဆို အဲ့ဒီ မ်က္ႏွာေျပာင္ႀကီးနဲ႔ အ႐ုပ္က ေမာင့္ကို တမင္အျပစ္ေပးလက္စားေခ်တာေပါ့ေနာ္ ”

ကိုျမတ္သူက မခ်ိတင္ကဲ ၿပဳံးလိုက္ၿပီး …

” ေမာင္က သူ႔ကို အရင္ စၿပီး နာက်င္ေအာင္ လုပ္ခဲ့မိတာကိုး။ ေမာင္ ခုလိုျဖစ္တာ သူ လုပ္တာလဲ ျဖစ္ခ်င္ ျဖစ္မွာေပါ့ ။ တကယ္ဆို သူက ေမာင့္ကို ေျခႏွစ္ဖက္၊လက္ႏွစ္ဖက္ ျပတ္သြားေအာင္ေတာင္ လုပ္သင့္တာမဟုတ္လား”

” အို … ေမာင္ရယ္ ၊ မေျပာေကာင္း မဆိုေကာင္းကြယ္ ”

” ေမာင့္အထင္ေတာ့ ခင္မက သူ႔ေျခလက္ေတြ ေသေသခ်ာခ်ာ ျပန္တည့္ေပးလိုက္ေတာ့ ၊ သူက ခင္မကို ေက်းဇူးတင္ပါတယ္ ေျပာသြားတယ္မဟုတ္လား။ ဒါေၾကာင့္ ခင္မ မ်က္ႏွာနဲ႔ ေမာင့္ကို လက္ေခ်ာင္းေလးေတြပဲ ျပတ္ေအာင္ ေလ်ာ့ေပါ့ ဒဏ္ခတ္ခဲ့တာလားမွ မသိတာ ”

ကိုျမတ္သူ ေျပာတာက လက္ခံခ်င္စရာ။ က်ိဳးေၾကာင္းဆီေလ်ာ္သည္။ မခင္မမလည္း ထိုသို႔ ေတြးေတာမိသြားသည္။ ထို႔ေၾကာင့္ ေခါင္းၿငိမ့္ျပလိုက္မိသည္။

ကိုျမတ္သူက ဆက္ေျပာသည္။

” ေဆး႐ုံတက္ေနတုန္းမွာ ေမာင္ ထိုင္းလူမ်ိဳးတစ္ေယာက္နဲ႔ ခင္မင္ခဲ့တယ္။ ေမာင္က အဲ့ဒီ ထိုင္းအ႐ုပ္အေၾကာင္းနဲ႔ အခု ေမာင္ျဖစ္ပ်က္ေနတာေတြကို ေျပာျပေတာ့ သူ မ်က္လုံး ျပဴးသြားတယ္။သူက အဲ့ဒီအ႐ုပ္အေၾကာင္းကို သိတယ္။အဲ့ဒီလို အ႐ုပ္မ်ိဳးက သူတို႔ ေတာင္ပိုင္းနယ္က လုပ္ေလ့လုပ္ထရွိတာတဲ့။ သူက ေမာင့္ကို အ႐ုပ္အေၾကာင္း ဂဃနဏ ရွင္းျပတယ္။

တကယ္ေတာ့ အဲ့ဒီအ႐ုပ္က နတ္႐ုပ္တုမဟုတ္ဘူးတဲ့။ ေလာကီပညာ ကြၽမ္းက်င္တဲ့ ေအာက္လမ္းဆရာေတြက အျပစ္မဲ့တဲ့ ဝိညာဥ္ေတြကို ဖမ္းေခၚၿပီး၊ အ႐ုပ္ေတြထဲမွာ အဲ့ဒီဝိညာဥ္ေတြကို ပိတ္ေလွာင္ထားတတ္ၾကတယ္တဲ့။ ဝိဉာဥ္ကို အက်ဥ္းခ်ၿပီး သူတို႔ကိုယ္က်ိဳးအတြက္ အသုံးခ်ခဲ့ၾကတာဆိုပဲ ခင္မရဲ႕။

တကယ္ေတာ့ သူတို႔က ‘အက်ဥ္းစံ ဝိညာဥ္’ေတြပါတဲ့။ အဲ့သလို အက်ဥ္းခ်ခံရတဲ့ အ႐ုပ္မွန္သမွ်မွာ မ်က္ႏွာေပၚ ဘာေဆးမွ ျခယ္သမထားဘူးတဲ့။

ဝိညာဥ္ေတြဟာ ႏွစ္သက္ အက်ဥ္းခံရတာ မ်ားေလေလ သူတို႔အစြမ္းက ႀကီးေလပဲတဲ့။

တကယ္လို႔ အဲ့ဒီဝိညာဥ္ကို အက်ဥ္းခ်ထားခံရတာကေန လြတ္ေျမာက္ေစခ်င္ရင္ ၊ သူ႔မ်က္ႏွာေပၚမွာ လိုအပ္ေနတဲ့ အဂၤါရပ္ေတြ ျပည့္စုံေအာင္ ျခယ္သေပးရမယ္တဲ့။

ဒါဆိုရင္ ဝိညာဥ္က လူေတြလို မ်က္စိပြင့္ နားပြင့္ၿပီး လြတ္ေျမာက္ခြင့္ ရလိမ့္မယ္တဲ့။

တကယ္လို႔ အဲ့ဒီအက်ဥ္းစံဝိညာဥ္အေပၚမွာ အျပစ္တစ္ခုခု လုပ္ထားခဲ့ရင္ေတာ့ အ႐ုပ္ကို အဝတ္သစ္ေတြ လဲေပး၊ အေမႊးနံ႔သာေတြ ပက္ဖ်န္းေပးၿပီး ၊ သူေနထိုင္ဖို႔ သစ္သားကြန္းခိုေဆာင္ေလးတစ္ခုမွာ အ႐ုပ္ကို တသီးတသန္႔ ထားေပးရမယ္တဲ့။

အဲ့ဒီေတာ့မွ သူလဲ ေက်နပ္ၿပီး၊ ၾကည္ျဖဴခြင့္လႊတ္လိမ့္မယ္တဲ့။ ဒါေၾကာင့္ ေမာင္လဲ အိမ္ကို ျပန္ေရာက္ေရာက္ခ်င္း အဲ့ဒီအ႐ုပ္ကို တက္ၾကည့္တာပဲေပါ့။

ေမာင္ အိမ္ျပန္ေရာက္ေတာ့ ေဒါသျဖစ္တယ္ဆိုတာက ခင္မတို႔ မသိနားမလည္ဘဲ အ႐ုပ္ကို တစ္ခုခု လုပ္မိၿပီး ေမာင့္လို အျပစ္ခံၾကရမွာစိုးလို႔ပါ။

အခုေတာ့ အ႐ုပ္က ခင္မတို႔ကို ေက်းဇူးတင္ပါတယ္ေတာင္ ေျပာသြားခဲ့တယ္ဆိုေတာ့ ေမာင္ စိတ္မပူေတာ့ပါဘူးကြယ္ … ”

အားလုံး ရွင္းသြားၿပီဆိုေတာ့ မခင္မမ သက္ျပင္းရွည္ႀကီး ခ်လိုက္မိသည္။ သူမ စိတ္ထဲ အခုမွ ဘဝင္က်သြားေလေတာ့သည္။

မခင္မမသည္ ကိုျမတ္သူ လက္ထဲက အ႐ုပ္ကို ယူလိုက္သည္။ ကိုျမတ္သူကလည္း မခင္မမ လက္ထဲ အလိုက္သင့္ ထည့္ေပးလိုက္သည္။

မခင္မမသည္ ငယ္စဥ္က ပန္းခ်ီ ဆု ရဖူးသူတစ္ေယာက္ဆိုတာ ကိုျမတ္သူ မသိဘဲ ေနပါ့မလား။

_____________

ေတာအုပ္ေလးတစ္ခုရဲ႕ အစပ္၊ အပင္ႀကီးမ်ား အုပ္အုပ္ဆိုင္းဆိုင္း ရွိေသာ ေနရာတစ္ခုကို ကိုျမတ္သူနဲ႔ မခင္မမတို႔ လင္မယား အတူ ေရာက္ေနၾကသည္။

သူတို႔လင္မယားသည္ အသစ္စက္စက္ တိုင္စိုက္သစ္သားနတ္ကြန္းေလးကို ၾကည့္၍ ၾကည္ႏူးစြာ ၿပဳံးေနၾကသည္။

နတ္ကြန္းထဲတြင္ အေမႊးရည္နံ႔သာမ်ားပက္ဖ်န္းထားေသာ အလြန္လွပေသာ ထိုင္းမင္းသမီးအ႐ုပ္ေလး ရွိသည္။ အ႐ုပ္တြင္ ေ႐ႊခ်ည္ထိုး ဝတ္စုံအသစ္ ဆင္ျမန္းေပးထားၾကသည္။

ေဆးျဖင့္ ေရးျခယ္ထားေသာ အ႐ုပ္၏ မ်က္ႏွာသည္ ျမင္ရသူတိုင္းအတြက္ ခ်စ္ခင္ႏွစ္လိုဖြယ္ ေကာင္းလွသည္။

ယခုအခါ အ႐ုပ္ကေလး၏ လက္ႏွစ္ဖက္မွာ လက္အုပ္ခ်ီထားဟန္ အေနအထားရွိၿပီး၊ တင့္တယ္လွပေနပါသည္။

ကိုျမတ္သူသည္ နတ္ကြန္းေရွ႕က ကလပ္မွာ အေမႊးတိုင္မ်ား မီးညႇိထြန္းကာ ပူေဇာ္လိုက္သည္။

သစ္ေတာအုပ္ေလးဆီသို႔ နံ႔သာျဖဴ အေမႊးတိုင္ရနံ႔က သင္းပ်ံ႕ႀကိဳင္လႈိင္သြားသည္။

ကိုျမတ္သူ ပါးစပ္က …

” တေျမျခားက ဝိညာဥ္မိန္းကေလးေရ … ကြၽန္ေတာ္ မွားခဲ့သမွ် အျပစ္ေတြအတြက္ ေက်နပ္ေပးပါလို႔ အႏူးအၫြတ္ေတာင္းပန္ပါတယ္ေနာ္။

သင္လဲ ေကာင္းမြန္ရာ ဘုံဘဝကို အျမန္ဆုံး ကူးေျပာင္း ေရာက္ရွိႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

ေနာက္ၿပီး ကြၽန္ေတာ္တို႔ မိသားစု ဒီကေန႔ သင့္အား ရည္းစူးၿပီး လႉဒါန္းတဲ့ ဝါဆိုသကၤန္းနဲ႔ ေန႔ဆြမ္းအလႈကိုပါ သင့္အတြက္ ကုသိုလ္အမွ် ေပးေဝပါတယ္။ ရလြယ္ ေရာက္လြယ္ႏိုင္ပါေစ မိန္းကေလးေရ”

လင္မယားႏွစ္ေယာက္ ၿပိဳင္တူပဲ ကုသိုလ္အမွ် ေပးေဝ လိုက္ၾကသည္။

” ကုသိုလ္ … အမွ် … အမွ် … အမွ် … ယူေတာ္မူၾကပါကုန္ေသာ္ ”

” သာဓု သာဓု သာဓု ”

ျပဳဖြယ္ကိစၥဟူသမွ်ကို သူတို႔လင္မယား လုပ္ေဆာင္ၿပီးေနာက္မွာ၊ ကားေပၚတက္၍ ထြက္ခြာသြားၾကသည္။

ကိုျမတ္သူ ထြန္းညႇိခဲ့ေသာ အေမႊးတိုင္မွ ရနံ႔မီးခိုးတို႔သည္ ေကာင္းကင္ထက္ဆီသို႔ …

တလူလူနဲ႔ လြင့္ပ်ံေျပးတက္ ေမႊးပ်ံ႕ေနၾကေလေတာ့သည္။

ၿပီးပါၿပီ။

ပီပီ၊မႏၲေလး၊