သရဲမွေးသူရဲ့ နိဂုံး

“ကဲ ကဲ …ဆိုင်ရာ အစွဲရှင်က ဘာလို့
ဝင်မလာသေးတာလဲ။ ဘာကြောင့် အနှောင့်
အယှက် ပေးနေရတာလဲ ဝင်စမ်း”
အော်ငေါက်ကာ လက်ဝါးက ဖျာကို
ပုတ်လိုက် ပါးစပ်က ဖူးကနဲ မှုတ်လိုက်။
ဦးခေါင်းကို အပေါ်သို့ မော့ကာ ဂါထာ
ရွတ်သလို တတွတ်တွတ် ရွတ်လိုက်
လုပ်နေသည်။ သရဲငတင် ပူးနေပြီဖြစ်
ကြောင်း လူနာတုန်တုန်ရီရီ ဖြစ်သည်ကို
တွေ့၍ သိလိုက်သည်။
“နင် ဘယ်သူလဲဆိုတာ လောကစည်း
ဆရာ့စည်းအရ မေးမနေတော့ပါဘူး
နင် အပြစ်လုပ်ထားတဲ့ အတွက်တော့
ခွင့်လွှတ်လို့ မဖြစ်ဘူး …နင်လုပ်ထား
တာ နင်ပြန်နှုတ်မလား မနှုတ်ဘူးလား”
ခပ်တည်တည်နှင့် မေးလိုက်ပါသည်။
“ပြန်နှုတ်ပါ့မယ်”
“မုန်းလို့ပဲ လုပ်လုပ် ချစ်လို့ပဲလုပ်လုပ်
နောက်ကို ဘယ်လိုအကြောင်းကြောင့်နဲ့မှ
အနှောင့်အယှက် မပေးရတော့ဘူး”
“ဝင်ပူးကပ်နေတာကို ပြန်နှုတ်ပေးပါ့မယ်”
“ပြန်နှုတ်မယ်ဆိုရုံနဲ့ ကျေနပ်လို့မဖြစ်ဘူး
မလုပ်သင့်ပဲ လုပ်တဲ့အတွက်ရယ်။ နောက်
မလုပ်ရဲအောင် ငါ့လက်စွမ်းကိုပြရသေး
တာပေါ့ နင်နဖူးနဲ့ ကြမ်းပြင်ကိုဆောင့်
လိုက်စမ်း။ ဆောင့်လိုက်စမ်း”
ဒုန်း …ဒုန်း…ဒုန်း…
သုံးလေးကြိမ်မျှ ကြမ်းပြင်နှင့် နဖူးဆောင့်ခိုင်းပြီး ကျေနပ်လောက်မှ…
“ကဲ ဒီလောက်ဆိုရပြီ ။ ထွက်တော့ “
ထိုကဲ့သို့ ဆရာမှတ်ခိုင်းနေသည်ကို
လူမမာက လိုက်လုပ်နေသည့်အတွက်
လာရောက်ကြည့်ရှုနေသူ လူအများက
ဆရာမှတ်ကို အထင်ကြီးလေးစားစိတ်
ဝင်နေကြပါသည်။
“အတော်စွမ်းတဲ့ ဆရာမှတ်ပဲ”
ထိုကဲ့သို့ လူမမာလည်း မျက်စိအောက်မှာပင်
အကောင်းပကတိ ဖြစ်လာသည်ကို မြင်လိုက်
ရတော့ လူမမာလည်း ဆရာမှတ်တောင်းသည့်
ငွေကို ပေးသည်။ နောက်တစ်ခါလည်း ရွာရှိ
ငွေကြေးချမ်းသာသူ တစ်ဦးဦးအိမ်ကို ရွေးပြီး
အိမ်သားတစ်ဦးအား မစားမသောက်၊ စကား
မပြောဘဲ အိပ်ရာထဲ လဲနေအောင်ပြုထားရန်
သရဲငတင်အား စေခိုင်းလိုက်သည်။
သရဲငတင်လည်း ဆရာမှတ်ခိုင်းသည့်အတိုင်း
ပြုမူဆောင်ရွက်သည်။
စားသောက်ချိန်ရောက်မှ ခေတ္တ ဆရာမှတ်ထံ
ပြန်လာကာ စားပြီးသည်နှင့် ပြန်သွား၍
ပူးကပ်နေထိုင်သည်။ ထိုကဲ့သို့ အဖြစ်ဆိုးကြုံရ
သော လူနာရှင်လည်း ဆရာမှတ်ကို ပင့်ကာ
ကုသရပြန်သည်။
သရဲငတင်လည်း ဆရာမှတ်ခိုင်းစေသလို
ပြုမူပေးကာ ဆရာဝင်ငွေ လမ်းဖြောင့်သလို
သရဲငတင်လည်း အစားအသောက် စိုပြေ
နေသည်။ ဆရာမှတ်လည်း အစွဲကို
ကုသပေးရုံတင် မဟုတ်ဘဲ…
ရွာဘုရားပွဲများတွင် ပါလေ့ပါထ ရှိသော
ရိုးရာလက်ဝှေ့ပြိုင်ပွဲများတွင် အရှုံးအနိုင်
ဝင်လောင်းကာ မိမိနိုင်စေချင်သူကို သရဲ
ငတင်ဝင်စီးစေပြီး ထိုးသတ်စေပါသည်။
သရဲငတင်ကြောင့် လောင်းသည့်ပွဲတိုင်း
နိုင်ခဲ့ရာ ဘုရားပွဲတော်တလျှောက်လုံး
လက်ဖျားငွေသီးနေခဲ့သည်။
သီတင်းကျွတ်၊ တန်ဆောင်မုန်း လှေပြိုင်ပွဲများ
တွင်လည်း အလောင်းအစား ဝင်လုပ်သည်။
စိတ်ချရသူကို ငွေပေးပြီး လောင်းခိုင်းသည်။
သရဲငတင် ဝင်ကူပေးသဖြင့် အားလုံးနိုင်ပွဲချည်း
ဖြစ်သည်။ ရွာစဉ် လှည့်၍ နွားတိုက် ကြက်တိုက်
သရဲငတင်အားကိုးနှင့် အလောင်းအစား
လိုက်လုပ်သည်။
ထိုကဲ့သို့ ဆရာမှတ်ပါသည့် ပွဲတိုင်း
ဆရာမှတ်ဝင်လောင်းလေတိုင်း နိုင်သည်
ချည်းသာ ဖြစ်သဖြင့် ရွာက လူများ ဆရာမှတ်ကို
သင်္ကာမကင်း ဖြစ်လာသည်။ အမဲသားရောင်း
သော စျေးသည်ကြောင့်လည်း ဆရာမှတ်
သရဲမွေးမှန်း လူတွေ သိကုန်တော့သည်။
တစ်နေ့ ဆရာမှတ် အမဲသားဆိုင်မှ
အမဲသား ဝယ်ပြီးအပြန် ရွာသားတစ်ယောက်
အမဲသားဝင်ဝယ်နေစဉ် ဆရာမှတ်ကို စိတ်ဝင်
စားနေသော အမဲသားသည်က စပ်စုတော့သည်။
“ဆရာတို့ရွာက ဆရာမှတ်ကို သိလား။
စောစောက အမဲသားတွဲ ဆွဲသွားတဲ့သူလေ”
“သိတာပေါ့ ။ သူက ပယောဂကုတဲ့
နေရာမှာ ဆရာကြီး။ နာမည်သိပ်ကြီးတာပေါ့”
“သူ့မှာ တပည့်ဘယ်နှစ်ယောက်ရှိလဲ၊
အိမ်ထောင်ရောရှိလား”
“ဘာကြောင့် မေးတာလဲဗျ”
“အဲဒီဆရာ ကျုပ်ဆိုင်မှာ နေ့တိုင်း အမဲသား
ငါးဆယ်သား အနည်းဆုံး ဝယ်တယ်။ တစ်ခါ
တစ်ရံဆို တစ်ပိဿာ ဝယ်တယ်”
“အိမ်ထောင်လဲ မရှိဘူး၊ တပည့်လဲ တစ်ယောက်မှ
မရှိဘူး။ သူတစ်ယောက်ထဲနေတာ”
“ဒါဆို နေ့တိုင်း အမဲသားတွေ ဝယ်တာ
တော်တော်ထူးဆန်းနေတာပဲ၊ အမဲသားကို
သူတစ်ယောက်တည်း နေ့တိုင်းစားတာတော့
မဖြစ်နိုင်ဘူး”
“ဒါဆို သရဲမွေးထားတာများလား”
“ကျုပ်ကတော့ အမဲသားရောင်းနေတာ၊
သူဘာအကောင်ကိုပဲ ကျွေး…ကျွေး၊
အကြောင်းမဟုတ်ဘူး။ရောင်းရဖို့ အဓိကပဲ”
“ကျုပ်ကတော့ နည်းနည်းစိတ်ဝင်စားသွားပြီဗျို့”
ထိုရွာသား ပါးစပ်ဖွာမှုကြောင့် ရွာအတွင်း ဆရာမှတ်
သရဲမွေးပြီး လုပ်စားနေသည်ဟု ယုံကြည်သွား
ကြသည်။ ရွာတွင်းမှာ ပယောဂဆရာမှတ်
အကြောင်း သိသွားပြီမို့ မည်သူမျှ ဆေးကုရန်
မပင့်ကြတော့။
ဆရာမှတ်လည်း လူနာများကို မကုရသည်မှာ
ကြာလာတော့ ရွာသားများ ရိပ်မိသွားရသည်ဟု
တွေးမိလာသည်။ ထို့ကြောင့် သရဲငတင်အား
ရွာသူရွာသားများကို ဝင်ပူးရန် မခိုင်းတော့။
သို့ဖြင့် တခြားရွာသို့ပြောင်း၍ နည်းဟောင်းများ
ကို ပြန်သုံးသည်။ အလောင်းအစား လုပ်ခွင့်
ကြုံသည့်အခါ ကိုယ်တိုင်ဝင်မလောင်းဘဲ
လူယုံတစ်ယောက်ထား၍ အလောင်းအစား
လုပ်စေသည်။
ဆရာမှတ်နှင့် သရဲငတင်တို့ တစ်နှစ်ကျော်ကျော်
ခန့် ဝင်ငွေလမ်း ဖြောင့်ခဲ့ပါသည်။
တစ်နေ့ ဆရာမှတ် အပူရှပ်ပြီး အဖျားဝင်ကာ
အိပ်ရာထဲ လဲတော့သည်။ နေ့စဉ် ကျွေးမွေး
နေကြ အမဲသားဟင်းကို သရဲငတင်အတွက်
မစီစဉ်နိုင်တော့။
မိမိအတွက်ပင် ချက်ပြုတ်ရေး မလုပ်နိုင်။
အတော်ကလေး မကျန်းမမာ ဖြစ်လိုက်သည်။
ထိုအခါ ဆရာမှတ်လည်း သရဲငတင်ကို
တောင်းပန်ရတော့သည်။
“ငတင်ရေ ငါနေမကောင်းဘူးကွာ။
မင်း အမြင်ပဲ။ ငါနေကောင်းတဲ့အချိန်
အထိ မင်းသည်းခံပြီး ကိုယ့်ဝမ်းစာ
ကိုယ်တိုင်ရှာစားအုံးကွာ။ ငါ နေပြန်
ကောင်းတော့မှ မင်းကို စားဖို့ သောက်ဖို့
စီစဉ်ပေးမယ်”
သရဲငတင်လည်း သဘောပေါက်သွားပုံရသည်။
ဆရာမှတ် အိပ်ရာထဲ လဲနေစဉ် အနီးမှ ရှိမနေကြောင်း
ဆရာမှတ် သိရပါသည်။ သရဲငတင် ရှိနေလျှင်
အိမ်ရှိပစ္စည်းများ လူမမြင်ရသော်လည်း
ဟိုသည် ရွေ့နေတတ်သည်။
ယခု မည်သည့်ပစ္စည်းမှ ရွေ့လျားလှုပ်ရှားမှု မတွေ့ရ။
နေမကောင်းသည့် ရက်က ငါးရက်
ခန့် ကြာသွားသည်။
မကြာခင် ထူထူထောင်ထောင် ပြန်ဖြစ်လာသည်။
ဆရာမှတ် နေပြန်ကောင်းလာခဲ့ပြီ။
ဆရာမှတ် တစ်ခု စဉ်းစားသည်။
သူ အိပ်ရာထဲ လဲနေစဉ် သရဲငတင်
သူ့ဝမ်း သူ့ဟာသူ ရှာဖွေစားသောက်
နေနိုင်သည်ပဲ။
သူနေပြန်ကောင်းလာသော်လည်း
သရဲငတင်ကို ကျွေးမွေးရန် တာဝန်က
အတော်ကြီးနေပြီ။ သို့ ကြောင့် သရဲငတင်
ရောက်လာလျှင် သူ့ဝမ်းစာ သူကိုယ်တိုင်
ရှာစားစေတော့သည်။
တပည့်အဖြစ်ကလည်း လွတ်စေတော့သည်။
ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တော့သည်။
သရဲငတင်လာလျှင် သူကြံစည်ထားသည့်
အတိုင်း ပြောဆိုရန် ဆုံးဖြတ်ထားသည်။
မကြာခင် ရက်မှာပင် သရဲငတင် ပြန်ရောက်
လာကြောင်း ဆရာမှတ် သိလိုက်ရသည်။
ရေခတ်သောက်တာ တွေ့ရသလို ပစ္စည်းများ
ဟိုသည် ရွေ့သည်ကိုလည်း တွေ့ရသည်။
“ကဲ…ငတင် မင်းလည်း ပြန်ရောက်လာပြီဆိုတော့
ငါတို့ချင်း ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်
မင်းလည်း ရှာဖွေစားသောက်နေနိုင်တာပဲ
ငါ့ကိုချည်း အားကိုးမနေနဲ့။ အရင်တုန်းကလို
ငါတို့ ပြန်လုပ်စားဖို့လည်း မလွယ်တော့ဘူး
ဆိုတာ မင်းလည်း သိမှာပါ။ မင်းအတွက်
အမဲသား ငါးဆယ်သားက ဝင်ငွေနည်းနေတဲ့
ငါ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေပြီ…
မင်းကို ငါ့ရဲ့ တပည့်အဖြစ်က လွတ်ကင်း
ခွင့် ပြုလိုက်ပြီ။ မင်းသွားလိုရာ သွားပေတော့”
ဆရာမှတ်က မိမိဆန္ဒကိုသာ ရှေ့တန်းတင်ပြီး
ပြောသွားသည်။ သူပြောလျှင် သရဲငတင်
နာခံမည်ဟု အထင်ရှိပုံရသည်။
သို့ပေမယ့် ဆရာမှတ်ရဲ့ အထင်အမြင် တလွဲစီ
ဖြစ်မှန်း သရဲငတင်ရဲ့ အပြုအမူကြောင့် သိလိုက်
ရသည်။
အမဲသားဟင်းကို အမြဲစားလာခဲ့သော
သရဲငတင်လည်း အမဲသား မစားရတော့ဟု
သိကတည်းက ဆရာမှတ် စကားများကို
နားမဝင်တော့ပေ။
ဆရာမှတ်စကား ဆုံးသည်နှင့် …ဆရာမှတ်၏
လည်မျိုကို လက်နှစ်ဘက်နှင့် အားပါးတရ
ညှစ်ပြီး…
“တပည့်ကို ဆရာမှတ် ဘာမှ မကျွေးတော့ဘူး
ဆိုတော့လည်း နောက်ဆုံးအနေနဲ့ ဆရာမှတ်
ကိုပဲ စားပါရစေတော့ “
ဆရာမှတ်နားမှ တစ်ခါမှ မကြားခဲ့ရသော
သရဲငတင်၏ အသံကို ပထမဆုံးနှင့် နောက်ဆုံး
ကြားလိုက်ခြင်း ဖြစ်ပါတော့သည်။
မူရင်းရေးသူ ဆရာ ဧကန်မင်း