မြွေပြိတ္တာမတစ်ကောင်ရဲ့ကလဲ့စား (စ-ဆုံး)

Unicode Version

မြွေပြိတ္တာမတစ်ကောင်ရဲ့ကလဲ့စား (စ-ဆုံး)
—————————————————
(၁)
ထီးရိုးရွာ ၊ အချိန်က ညနေ နေဝင် ဆည်းဆာ ။ နေရာက ရွာလယ်လမ်းမကြီး အရှေ့စူးစူးက နတ်ကတော် မနှဲမိ နအိမ်၌ ဖြစ်၏။
ပုံတော်ရုပ်တုများ အတန်းလိုက်ရှိသော နတ်စင်၏ အရှေ့တွင် အုန်းပွဲ ငှက်ပျောပွဲများ ဝေဆာသစ်လွင်စွာ ရှိနေသည်။
ကန်တော့ပွဲများတွင် ဆိုင်ရာပိုင်ရာ နတ်ကိုးထားသော တစ်ထောင်တန် ၊ ငါးထောင်တန် ၊ တစ်သောင်းတန်များကို သုံးမြောင့်ကန်တော့ချွန်းထိုးထားသည်ကိုလည်း မြင်တွေ့နိုင်သည်။
နတ်ကတော်မနှဲမိသည် နတ်စင် အရှေ့က ကြမ်းပြင်တွင် ပုဆစ်တုပ်လျက် ကျုံ့ကျုံ့ပုံ့ပုံ့လေးအနေအထားဖြင့် နတ်များကို ပူဇော်နေပါသည်။
သူမ၏ ဘေးတွင် ခပ်ဝဝ အမျိုးသမီး ၂ဦး၊ သေးသေးသွယ်သွယ် မိန်းမတစ်ဦး ယပ်တောင်ခပ်ပေးနေကြသည်။
နတ်မေးသူနဲ့ အဟောနတ်ကတော် ဆုံတွေ့နေကြခြင်းသာ ဖြစ်ပါ၏။ အကျိုးလို၍ ညောင်ရေသွန်းသူအတွက် နတ်ကတော်မနှဲမိက ဆိုင်ရာပိုင်ရာ နတ်များကို ပင့်ဖိတ်ပြီးသကာလ နတ်ဝင်ပူးကာ ၎င်းတို့ သိလိုသမျှကို ဖြေကြားပေးနေ၏။
ပင့်ဖိတ်သည့်နတ် ဝင်သည်နှင့် မနှဲမိသည် ပုဆစ်တုပ်ထိုင်နေရာမှ ခြေကိုပြင်၍ တင်ပလ္လင်ခွေ ထိုင်တော့သည်။
မနှဲမိ မူရင်းအသံပျောက်သွားသည်။ ဝင်ပူးသည့်နတ်အလိုက် အသံကို အနိမ့်အမြင့်ပြောင်းက ရှေ့ဖြစ်ကို ဟောပေး၏။ နတ်မေးသူတို့သည် မနှဲမိအား တရိုတသေ လက်အုပ်ချီ၍ သိလိုသည်တို့ကို မေးမြန်းကြတော့သည်။
မကြာပါ။ နတ်မေးသူတို့ အလိုပြည့်သည်အထိ နတ်မေးပြီးသွားသည့်အခါ နတ်ကတော် မနှဲမိတစ်ယောက် မောပန်းစွာ ဟင်းချရင်း နတ်ပူးခြင်းကို ရပ်တန့်လိုက်သည်။ ပြီးလျင် သူပြောခဲ့သည်များကို မမှတ်မိတော့သယောင်ယောင်။
မနှဲမိနှင့်နတ်မေးလာသူ မိန်းမတို့သည် တခြား အာလာပသလာပ စကားတို့ကို ရောက်တတ်ရာရာ ပြောကြပြန်သည်။စကားပြောရင်း တခါတလေ ဟီးဟီးဟားဟား ရယ်မောကြ၏။
ဧည့်သည်တွေ ပြန်ကြမယ်ဆိုတော့ နတ်ကတော်မနှဲမိက …
” ဟယ် … ပြန်ကြတော့မယ်လား၊ နေဦး … နေဦး ၊ ငှက်ပျောဖီး မှည့်တာလေးတွေ ယူသွားကြဦး ”
မနှဲမိက နတ်ကတော် လာဘ်မျှော်ဆိုသည့်အတိုင်း နောင်လာလတ္တံသော လာဘ်လာဘကို မျှော်ကိုး၍ ကန်တော့ပွဲကျ ငှက်ပျောဖီးများပေးဖို့အတွက် နတ်စင်ရှေ့က ကန်တော့ပွဲများဆီသို့ လျှောက်သွား၏။
မနှဲမိ နတ်စင်အနီးသို့ ရောက်သောအခါ ငှက်ပျောဖီး ယူရန် လက်လှမ်းလိုက်သည်။ သို့ပေမယ့် မနှဲမိ၏ လှမ်းနေသော လက်တို့သည် ငှက်ပျောဖီးရှိရာသို့ မရောက်ခင် လေထဲ၌ ရပ်တန့်သွားလေ၏။ ကန်တော့ပွဲများအကြားမှ ဖြီးကနဲ အသံတစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်။
မနှဲမိထံမှ အထိတ်တလန့် အော်ဟစ်သံ ထွက်ပေါ်လာပါသည်။
” အံမယ်လေး … မြတ်စွာဘုရား ”
မနှဲမိ ကန်တော့ပွဲ နှစ်ခုကြားက နတ်စင်လျှောက်တန်းတစ်နေရာကို အကြောင်သား ငေးနေမိသည်။ လျှောက်တန်းပေါ်တွင် မနှဲမိအား အနက်ရောင် ပြောင်လက်တောက်ပနေသော မြွေဟောက်ကြီးတစ်ကောင်သည် ပါးပြင်းထောင်လျက် စူးရှစွာ ကြည့်နေ၍ ဖြစ်လေသည်။
မြွေဟောက်ကြီးသည် မနှဲမိအား ယခုပင် ပေါက်သတ်တော့မည့်အလား ပါးပြင်းထောင်၍ ရှေ့နောက် ယိမ်းထိုးလျက်ရှိသည်။
မနှဲမိ တုပ်တုပ်မျှ မလှုပ်ရဲ။ လက်ဆန့်တန်းလျက် ကြက်သေသေနေမိသည်။ မနှဲမိ၏ အော်သံကြောင့် နတ်မေးလာသူ မိန်းမ၃ယောက်တို့သည်လည်း အထိတ်တလန့် ဖြစ်သွားကြပြီး မနှဲမိ၏ ဖြစ်အင်ကိုလည်း မြင်တွေ့သွားကြသည်။သူတို့လည်း ဘာလုပ်မှန်မသိ ကြောင်အမ်းအမ်း ဖြစ်နေကြ၏။
မြွေဟောက်ကြီးသည် မနှဲမိ၏ မျက်လုံးကို ညှို့ယူနေသကဲ့သို့ စိုက်တတ်မတ်တတ်ကြီး ကြည့်နေသည်။ တစ်စုံတရာကို ဆက်သွယ် အသိပေးနေသလိုပင်။
သို့သော် ဘာမှ မကြာလိုက်သလို အချိန်တခဏအတွင်း မြွေဟောက်ကြီးသည် ပါးပြင်းကို ရုတ်၍ လျင်မြန်စွာ နတ်စင်လျှောက်လမ်းမှတဆင့် အိမ်အပြင်သို့ လျှောကနဲ ထွက်ခွာ ပျောက်ကွယ်သွားလေ၏။
ထိုအခါ မနှဲမိ တစ်ယောက်သည် ဘယ်လိုဖြစ်မှန်းမသိ။ ခန္ဓာကိုယ်မှ အားအင်များအား တစ်စုံတစ်ယောက်သောသူက စုပ်ယူဝါးမြိုသွားလိုက်သလို နှုန်းချိပျော့ခွေ လဲကျသွားလေတော့သည်။
နတ်မေးလာသူ မိန်းမတိုသည် မနှဲမိကို ကူရန် လာ၍ ထူမကြသည်။
” မနှဲမိ … မနှဲမိ … ဘာဖြစ်သွားသေးလဲ ။ ရရဲ့လား ။ ”
အံဩစရာပေ … ယပ်ခတ်ပေးသူ ၊ နှိပ်ပေးသူတို့အကြားမှ မနှဲမိသည် ရုတ်တရက်ကြီး ထထိုင်လေ၏။
မနှဲမိ၏ မျက်လုံးများသည် မူလအသွင် ပျောက်ကွယ်နေသည်။ နာကြည်းခံခက်ခြင်း၊ ဒေါသထွက်ခြင်းတို့ ရောပြွမ်းနေသည်ဟု ထင်မှတ်မိသည်။တစ်နည်းဆိုရသော် ခုနက မနှဲမိအား စူးစိုက်ကြည့်သွားသည့် မြွေဟောက်ကြီး၏ မျက်လုံးများကဲ့သို့ပင်။
မနှဲမိ ပါးစပ်က တရှုးရှုးဖြင့် လေသံထွက်လာသည်။ ပြီးလျင် တဟင်းဟင်းဖြင့် အံကိုကြိတ်လျက် ရင်ခေါင်းသံကို ထူးခြားစွာ ပြု၏။
အနီးနား ရှိနေသော နတ်မေးလာသူ မိန်းမ၃ယောက်မှာ နားမလည်နိုင်စွာ တအံတသြ ဖြစ်နေကြချိန်၌ မနှဲမိထံမှ …ကြည်လင်ပြတ်သားသော စကားသံ ထွက်ပေါ်လာပါ၏။ သို့သော် ယင်းအသံသည် မနှဲမိ၏ ပင်ကိုယ်လေသံ မဟုတ်ကြောင်း အနီးအနား ရှိသူအားလုံး သတိထားမိကြလေသည်။
” ငါ့လင်ရဲ့ အသက်ဝိဉာဉ်ကို နုတ်ယူပြီး ၊ ငါ့လင်ရဲ့ အသားကို ရက်ရက်စက်စက် လှီးဖြတ် စားသောက်ကြသူတွေကို ငါ လက်စားချေမယ်ဟေ့ ။
ငါ့မျက်စိရှေ့မှာ ငါ့လင်သားကို ရက်ရက်စက်စက် သတ်ဖြတ်သွားသူတွေ သိပါစေ။ ငါ့ရင် ပူလောင်မြိုက်ရသလို ဒင်းတို့တတွေလည်း မီးကျည်ခဲရဲရဲ ဝါးမြိုရသကဲ့သို့ ဝမ်းမီးတောက်စေရမယ်ဟေ့ ”
ထိုသို့ပြောပြီးသည်နှင့် မနှဲမိသည် သတိလွတ်ကာ လဲပြိုသွားပြန်သည်။ မိန်းမသူ ၃ယောက်တို့သည် မနှဲမိ သတိပြန်လည်လာအောင် ပြုစုကြရပြန်သည်။
ထီးရိုးရွာလေး၌ ထိုသတင်းသည် အထူးဆန်းဆုံး ညဦးပိုင်းသတင်းအဖြစ်
ခဏချင်း ပျံ့နှံ့သွားလေတော့သည်။
နတ်ကတော် မနှဲမိကတော့ ဤသို့ ဝေဘန်ကောက်ချက်ချသည်ဟု ကြားသိရလေသည်။
” မြွေဖြူရှင်သခင်မရဲ့ အစေအပါး နတ်မြွေတစ်ကောင်ရဲ့ ခင်ပွန်းကို ရွာထဲက လူငယ်တစ်ချို့ သတ်ဖြတ်မိပြီ ထင်တယ် ။ အောင်မယ်လေး ကိုယ်ကျိုးတော့ နည်းကုန်တော့မှာပဲ ။ မြွေဖြူရှင်သခင်မပိုင် ဒီအနီးအနား ရွာ ၉ရွာမှာ မြွေမသတ်ရဘူးလို့ ထုံးတမ်းအစဉ်အလာရှိပါရဲ့နဲ့ ၊ ဘယ်လို လူမိုက်ကများ လုပ်ရဲတာပါလိမ့် ။ အသေဆိုးနဲ့တော့ သေကုန်ကြတော့မယ် ထင်ပါရဲ့ ”
( ၂ )
သာဆောင် တစ်ယောက်တည်း အိမ်ရှေ့က ကွပ်ပြစ်ပေါ်မှာ မိန့်မိန့်ကြီး ထိုင်လျက် ဇရက်မင်းစည်းစိမ်ကို အပြည့်အဝ ယူလျက် ရှိနေသည်။
သာဆောင်၏အမေ ဒေါ်မြကြည် မန္တလေးမြို့က တူမဖြစ်သူထံ ညအိပ် အလည်သွားနေ၍ သူ တစ်ယောက်တည်း လွတ်လပ်စွာ မင်းမူနေချိန်လည်း ဖြစ်၏။
သာဆောင် ထိုင်နေသည့် ရှေ့တွင် ချက်အရက်ပုလင်းကို ထောင်ထားသည်။ အမြည်းတွေက စုံလင်လှသည်။ ကြက်သားကာလသားဟင်း က တစ်ခွက် ၊ ခြံအနောက် ဂွေးတောက်ပင်က ခူးဆွတ်ထားတဲ့ အညွန့်သစ်လေးတွေကို ကြက်ဥနဲ့ရောကြော်ထားသည်က ပါလိုက်သေး ။ မြေပဲဆံလုံးကြီးတွေနဲ့ ပဲကြားလှော် ရောကြောထားသည်လည်းပါ၏။သရက်ကင်းလေးတွေလည်း စိပ်ပြီး ရေဇလုံငယ်ထည့် စိမ်ထားသည်။
နောက်အမြည်းတစ်ခွက်က ဘာဟင်းလဲမသိဘူး။ ငရုတ်သီးနဲ့ အသားစိုကြော်ပဲ။ အဲ့ဒီဟင်းခွက်က သာဆောင်နဲ့ အနီးဆုံးဆိုတော့ သူ့အကြိုက်နေလိမ့်မယ်။အမြည်းတွေကို ဒေါ်မြကြည်ရဲ့ ခိုင်းဖတ် မကြာရုံ လာပြီး ချက်ပြုတ်ကြော်လှော်ပေးသွားခြင်း ဖြစ်သည်။
ဒီလို အမြည်းက စုံစုံလင်လင်နဲ့ ဖွယ်ဖွယ်ရာရာဆိုတော့ ဒီကနေ့အဖို့ သာဆောင်မှ မမူးလျင် ဘယ်သူ မူးဦးမလဲ။
အခုကြည့် … သာဆောင်၏ ရှေ့က ချက်အရက်ပုလင်းထဲ အရက်က ဖင်ကပ်ပဲ ကျန်တော့သည်။ဒါပေသိ သာဆောင် မမူးသေးပါဘူး။လူကတော့ ယစ်တစ်တစ်ပေါ့။ အမြည်းကလည်း တဝက်တောင်မကျိုးသေးဘူး။ အရက်က ကုန်တော့မည်။
သာဆောင်က ဒီကနေ့တော့ သူ့အမေ မရှိတုန်း စိတ်လွတ်လက်လွတ် အဝသောက် အမူးသောက် အမှောက်ဆော်မယ်လို့ ကြုံးဝါးထားတာ။
အံမယ် … ကွပ်ပြစ်ပေါ်မှာ ခေါင်းအုံးနဲ့ မုံရွာချည်စောင်လေးတောင် ခေါက်လျက်သား အရန်သင့်နဲ့ ။ သူ့ကြည့်ရတာ အမူး အမှောက်သောက်ပြီး ဒီနေရာမှာပဲ စက်တော်ခေါ်မယ်လို့ ကြံရွယ်ထားပုံပဲ။
ထိုအခိုက် သူ့ခြံရှေ့က ၁၃နှစ်သား အရွယ် ကလေးတစ်ယောက် ဖြတ်သွားသည်ကို သာဆောင် မြင်လိုက်ရ၍ အခါအခွင့် သင့်လိုက်လေခြင်းလို့ တွေးကာ လှမ်းအော်ခေါ်လိုက်သည်။
“ဟေ့ကောင် … သံဒိုး ဘယ်တုန်းဟ ၊ ကိုကြီးဆီ ခဏ လာစမ်းဦး ”
သံဒိုးဆိုသည့် ကလေးက သာဆောင် ခေါ်သံကြား၍ ခေါင်းတကုတ်ကုတ်နဲ့ ခြံဝိုင်းထဲ ဝင်လာသည်။ သံဒိုးကြည့်ရတာ သာဆောင်ကို ကြောက်၍သာ လာရခြင်း ဖြစ်ပုံရသည်။ လိုလိုချင်ချင် ဝင်လာခြင်းတော့မဟုတ်။သံဒိုးမျက်နှာက အီးမှန်ထားသလို မသက်မသာနဲ့။
သာဆောင်က သူ့ရှေ့ ရောက်လာပြီး ခပ်ရို့ရို့လေး ရပ်နေတဲ့ သံဒိုးကို အင်္ကျီအိတ်ကပ်ထဲက ပိုက်ဆံ ထုတ်ပေးပြီး၊လေသံမာမာဖြင့် …
” သံဒိုး … ငါ့ကို အရက်တစ်လုံးလောက် သွားဝယ်ပေးစမ်း ၊ မြန်မြန်သွား မြန်မြန်ပြန်ခဲ့နော် ၊ လမ်းမှာ ဘာကိစ္စနဲ့မှ ကြာမနေနဲ့ ကြားလား ”
ဝယ်ပေးနေကျ ဖြစ်ဟန်တူတဲ့ သံဒိုးက သာဆောင်ကို အထွန့်မတက်ရဲဘူး။ ကြောက်ရွံပုံနဲ့ …
“ဟုတ်ကဲ့ ကိုကြီးသာဆောင် ၊ မလှဝိုင်းဆိုင်ကပဲ မဟုတ်လား ”
သာဆောင်က ဖင်ကပ်ကျန်တော့တဲ့ အရက်ပုလင်းထဲက အရက်ကို ဖန်ခွက်ထဲ သွန်ချရင်း …
” အေး … ပိုတဲ့ပိုက်ဆံ မင်း ယူလိုက်၊ ငါ့ဆီ အရက်တော့ အမြန်လာပို့ ၊ ဒီမှာ မြင်လား ၊ အရက်က ကုန်တော့မှာကွ၊ ငါ အရက်ကုန်လို့မှ မင်း ပြန်မရောက်လာရင်တော့ … ”
သံဒိုးခမျာ ကွပ်ပြစ်ပေါ်က တုံးလုံးလှဲလျက်ရှိသော သာဆောင်၏ ဆောင်ဓားရှည်နဲ့လောက်လေးဂွကို ကြည့်ကာ ခပ်ရွံ့ရွံ့ဖြင့် ခေါင်းငြိမ့်ပြပြီး အပြေးထွက်သွားလေသည်။
” ဟား ဟား ဟား ”
ကြောက်ရွံစွာ ဒုန်းစိုင်း ပြေးသွားသော သံဒိုး၏ နောက်ကျောပြင်ကို ကြည့်၍ သာဆောင်က သဘောကျစွာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။
လူမိုက်ဆိုတဲ့သဘောက သူတို့အား ကြောက်ရွံကြသည်ကို သဘောခွေ့ နှစ်ခြိုက်ကြသည်ပဲမဟုတ်လား။
သာဆောင်ဆိုတာ အသက်၂၂ ကျော် ၊ တစ်ကိုယ်ရေ တစ်ကာယ လူပျိုလူလွတ်။သူထိုင်နေသော ကွပ်ပြစ်အနောက်က နှစ်ထပ် ပျဉ်ထောင်အိမ်မည်းကြီးနဲ့ ခြံဝန်းကျယ်ကြီးထဲမှာ သားအမိ ၂ယောက်တည်း နေထိုင်ကြ၏။
သာဆောင်ဆိုတာက ရွာရဲ့ အော်ကြော်လန် လူမိုက်။ အလုပ်မရှိ အကိုင်မရှိ ၊ အရက်လေးတမြမြ ဂျိုလေးတကြွကြွနဲ့ ။ချမ်းသာကြွယ်ဝတဲ့ မိခင်ကြီးရဲ့ အရှိန်အဝါနဲ့ ရမ်းကားနေတဲ့သူ။
ခပ်ဆိုးဆိုး ခပ်ပေပေ သာဆောင် ဘာမှမလုပ်လည်း ချမ်းသာတဲ့ သူ့အမေ ဒေါ်မြကြည်က ကျွေးနိုင်ဆင်နိုင်နေတာပါပဲ။ တစ်ဦးတည်းသော သားဆိုတော့ ၊ ထုံးစံအတိုင်း သာဆောင်က ရွာထဲမှာ ခပ်ဆိုးဆိုးပေါ့။
အမေဖြစ်သူက သူ့သား ဆိုးသမျှ၊ မိုက်သမျှကို အပြုံးမပျက် ငွေထုပ်ပိုက် လိုက်ရှင်းပေးတတ်သူ။ ငွေကြေးတတ်နိုင်သူတွေ မဟုတ်လား။
အသက် ၆၀အရွယ် ဒေါ်မြကြည်ဆိုတာက လယ်ပိုင်ရှင်ကြီးကိုး၊ ဆုံးပါးသွားတဲ့ သူ့ယောက်ကျားကလည်း မြွေပုံကန် သူကြီးဟောင်းတစ်ယောက်။အဲ့ဒီတော့ ကြွင်းကျန်နေတဲ့ အာဏာပါဝါကလည်း ရှိသေး။
သူမ ပိုင်ဆိုင်သော လယ်တွေယာတွေက တနှစ် တစ်နှစ် လယ်ထောက်ခ ၊ သီးစားခ ရတာတွေက နည်းမှ မနည်းပဲ ။ ဟောဒီ မြွေပုံကန်ရွာနီးတစ်ဝိုက်မှာ ရှိတဲ့ စိုက်ပျိုးမြေတွေ တော်တော်များများက လက်ညှိုးထိုးမလွဲ ဒေါ်မြကြည်တို့ ဘိုးစဉ်ဘောင်ဆက် ပိုင်ခဲ့ကြတာမဟုတ်လား။
ဒေါ်မြကြည်က အရွယ်ဟိုင်းမှ အိမ်ထောင်ကျတာ။ သာဆောင်ကို မွေးတော့ အသက်ဖြင့် ၄၀နားကပ်နေပြီ။သာဆောင်က သားဦးသားနှောင်းပဲ။ တစ်ဦးတည်းသောသား ။ နေတက်ရေတက်မှာ မွေးတာဆိုလား ။ ငယ်တုန်းက ဗေဒင်ဆရာဟောတာက ရာဇဖွားတဲ့။ ကြီးလာရင် လျှမ်းလျှမ်းတောက် အောင်မြင်လိမ့်မယ်တဲ့ ။ အခြွေအရံ ပေါမြားမယ်တဲ့။ အုပ်ချုပ်သူ အကြီးအကဲ ဖြစ်လိမ့်မယ်တဲ့။
အဲ့ဒီတော့ ဒေါ်မြကြည်တစ်ယောက် သာဆောင်ကို ငယ်လေးကတည်းက ဖူးဖူးမှုတ် အလိုလိုက်ထားသည်ပေါ့။ ဒေါ်မြကြည် အလိုလိုက်လွန်းလို့ သာဆောင် ပေတာမိုက်တာလည်း ဖြစ်နိုင်၏။ ပုဗ္ဗစရိယ မိနဲ့ဖလို့ ဆိုသကိုး ။
မိနဲ့ဖဆိုလို့ သာဆောင်အဖေအကြောင်း အနည်းအကျဉ်း ညှပ် ပြောရဦးမယ်။
ဦးချစ်ဆောင်တဲ့။ သာဆောင်အဖေနာမည်က ဦးချစ်ဆောင်။ ထီးရိုးရွာ သူကြီးမျိုး ။ မျိုးနဲ့ရိုးနဲ့ သူကြီးလုပ်လာခဲ့ကြတာ။ ဦးချစ်ဆောင် သေတော့ သာဆောင်က ၁၃နှစ်သား။ သာဆောင်က ငယ်သေးတော့ သူ့အဖေရဲ့ ရာထူးကို ဆက်ခံလို့ မရဘူး။ အဲ့ဒီမှာ သူကြီးမျိုးရိုးက ပြတ်သွားရော။
ဦးချစ်ဆောင် ကွယ်လွန်တော့ သူကြီးရာထူးကို ဦးချစ်ဆောင်ရဲ့ ညီဝမ်းကွဲ ဦးခင်ထွန်းဆိုသူက ဆက်ခံပြီး ရွာကို အုပ်ချုပ်၏။
ဒါတောင် ဒေါ်မြကြည်က သူ့သားကို သူကြီးရာထူး ဆက်ပေးမလုပ်ရကောင်းလားလို့ ဒေါသူပုန်ထပြီး လက်ရှိသူကြီးရဲ့မိသားစုကို အော်ဟစ်နေသေးတယ်ဆိုပဲ။
” အေး … ငါ့သား အခု ငယ်သေးလို့ သူကြီး လုပ်ခွင့်မပြုရင် အရွယ်ရောက်လာတဲ့တစ်နေ့ ငါ့သား သာဆောင် ဟောဒီထီးရိုးရွာရဲ့ သူကြီး ဖြစ်ကို ဖြစ်စေရမယ်ဟေ့ ”
ဒေါ်မြကြည်က မကျေမနပ်နဲ့ အဲ့သလို ကြုံးဝါးခဲ့သတဲ့။ ဟိုဘက်ကတော့ ဘာမှ မတုန့်ပြန်ပါဘူး။ ဒေါ်မြကြည်ရဲ့ ဥစ္စာဓနနဲ့ နောက်ခံအင်အား တောင့်တင်းတာကိုလည်း လက်ခံရမယ်မဟုတ်လား။
တစ်ရွာလုံးက ဒေါ်မြကြည်နဲ့ ကင်းကြတာမဟုတ်ဘူး။ လယ်ယာ သီးနှံ အထွက်မကောင်းတဲ့နှစ်ဆို ဒေါ်မြကြည်ဆီမှာပဲ ချေးကြငှားကြရတာမဟုတ်လား။
နောက်တစ်ခုက ဒေါ်မြကြည်ရဲ့ အမျိုးတွေက မြို့ပေါ်မှာ နေကြတာ။ မင်းပေါက်စိုးပေါက်တွေ။ကျေးရွာအုပ်ချုပ်ရေးဆိုတာက မြို့နယ်လက်အောက်မှာလေ။ ဒေါ်မြကြည်ရဲ့ တူမတစ်ယောက်က ခရိုင်အုပ်ချုပ်ရေးမှုးရဲ့ ချွေးမဆိုလားပဲ ။ ကဲ..ဒီတော့ အဲ့ဒီတုန်းက ဒေါ်မြကြည် ကြုံးဝါးတာ အကြောင်းရှိလိမ့်မယ်ပေါ့။
ဒေါ်မြကြည်တို့က မပိုင်ဝက်မွေး ဘယ်တော့မှာ လုပ်မည်မဟုတ်။ ချည်ပြီးတုတ်ပြီး ပိုင်မှ ခိုင်မှ ပြောတတ်တာ။
အခုလည်း ဒေါ်မြကြည် မြို့တက်သွားတာ အဲ့ဒီကိစ္စပဲ ဖြစ်မယ်လို့ ရွာထဲက ထင်ကြေးပေးနေကြ၏။
သာဆောင်က အခု အသက်၂၀ကျော်ပြီလေ။ရွာသူရွာသားတွေခမျာ သာဆောင်သာ သူကြီးဖြစ်ရင်ဆိုတဲ့ အတွေးက သူတို့ တစ်ရွာလုံးအတွက် အခက်ပဲလို့ စိတ်ပူပန်နေကြရှာ၏။
သူကြီးအာဏာသာ သာဆောင်လက်ထဲရောက်လို့ကတော့ ဗွေဆိုး မြင်းရိုင်းတစ်ကောင်ကို ဦးဂျိုတပ်ပေးတာထက်တောင် ပိုဆိုးရွာလိမ့်မည်။
____________
( ၃ )
သံဒိုး အရက်ပုလင်းကို ဝယ်ပြီး ပြန်ရောက်လာတော့ ၊ ရာသီဥတုက ချက်ချင်း ပြောင်းလဲ သွား၏။ ကောင်းကင်မှာ လျပ်စီးအချို့ ပြက်၏။ မိုးရနံ့ပါသော လေပြေ ဝေ့ဝဲလာသည်။ မိုးစက်တော့ မကျသေးချေ။
ဒါပေသိ ဒါက မကြာခင် မိုးရွာမည့် လက္ခဏာဆိုလေတော့ သာဆောင်သည် သံဒိုး အကူအညီဖြင့် အရက်ဝိုင်းကို အိမ်ပေါ် ဝါးရံတာ စမျှင်ကို ပြောင်းရသည်။ မတော် မိုးက ဝုန်းကနဲ ဒိုင်းကနဲ ရွာချလျင် သူ ဇရက်မင်းစည်းစိမ်ပျက်မည်မဟုတ်လား။
သံဒိုး ပြန်သွားပြီး မကြာပါဘူး။ မိုးက တကယ် ရွာချတော့သည်။ မိုးကြည့်သက်သက်မို့ တော်တော့သည်။ လေမပါတော့ မိုးက သူထိုင်နေရာ စမျှင်ကို သိပ်မပက်ချေ။ မိုးမှုန်လေး အချို့သာ သူ့မျက်နှာထံ လွင့်ပါးထိတွေ့နေ၏။
အရက်ခွက်ကို ဂလုခနဲ တရှိန်ထိုး မော့လိုက်ပြီး ရှေ့က အသားတုံးကြော်တစ်ခုကို သာဆောင် မြိန်ယှက်စွာ ဝါးလိုက်သည်။
အသားသည် နူးညံလွန်း၏။ကြာကြာဝါးစရာမလို လျှာပေါ်မှာပဲ အရသာစွဲထင်ကာ ပျောက်သွား၏။ထို ထုပ်ထုပ်တစ်တစ်နဲ့ လေးလေးပင်ပင် ချိုနှစ်နေသော အရသာကို သူ အရမ်းကြိုက်၏။ ပန်းကန်ထဲက အသားစိုကြော်ကို ကြည့်၍ ဌေးအောင်နဲ့ဝင်းမော်ကိုတောင် သတိရသွားသည်။
ဒီကောင်တွေလည်း ခုချိန်ဆို သူ့လိုပဲ အမြည်းလေးစားလိုက် အရက်လေးမော့လိုက်နဲ့ မိုးအေးအေးမှာ စည်းစိမ်ယစ်နေကြလိမ့်မည်ဟု သူ တွေးလိုက်မိသည်။
သာဆောင် မြည်းနေသော ငရုတ်သီးနဲ့အသားစိုကြော်မှာ တခြားမဟုတ်။ သူတို့ ၃ဦးသား တောလည်ရာမှ ရလာသော မြွေသားဟင်းလျာပင် ဖြစ်သည်။
တောထဲ၌ ဘာအမဲကောင်မှ မထွက်သည်မို့ သူတို့ ၃ဦးသား စိတ်ပျက်လက်ပျက် ဝါးအိုက်တောလေး အနီး ခြေပစ်လက်ပစ် ထိုင်နေကြစဉ် ၊ ဝင်းမော်ဆိုသည့်အကောင်က မိတ်လိုက်နေသော တောကြီးမြွေဟောက် စုံတွဲကို မြင်တွေ့သွားခြင်းဖြစ်သည်။
ဝင်းမော် အချက်ပြမှုကြောင့် အရင်ဆုံး စလှုပ်ရှားသူက သာဆောင်ပင်။ သာဆောင်က အသင့်ပါလာသော လောက်လေးဂွ ဖြင့် တစ်ကောင်နဲ့တစ်ကောင်က ရစ်ပတ်၍ မိတ်လိုက်နေသော မြွေစုံတွဲ၏ ခေါင်းကို ချိန်ရွယ် ပစ်ခတ်လိုက်တော့သည်။
မြွေဖိုနဲ့မြွေမှာ အချစ်ဆိပ်တက်နေကြသဖြင့် ရန်သူကို သတိမမူ ဂူမမြင် ဖြစ်သွားကြသည်။
သာဆောင်၏ လောက်လေးဂွမှ ကျောက်စရစ်ခဲသည် မြွေဖို၏ ခေါင်းကို တည့်မတ်စွာ ထိမှန်သွားသည်။ ဘတ်ကြိုး နှစ်ထပ်ဂွမို့ အရှိန်က ပြင်းသည်။ မြွေဖိုရော မြွေမပါ လွင့်စင်သွား၏။ ဌေးအောင်ထံမှလည်း နောက်တစ်ချက် ထပ်ပစ်သံ ထွက်ပေါ်လာသည်။
ခုနက ခေါင်းကို ထိမှန်ထားသည့် မြွေဖိုကိုပဲ အပိုင်ထပ်မံ ပစ်ခွင်းလိုက်ခြင်း ဖြစ်သည်။ မြွေဖို၏ ခေါင်းသည် နောက်တစ်ကြိမ် လာရောက် ထိမှန်သော ကျောက်စရစ်ခဲကြောင့် စုပ်ဖွာသွားသည်။
မြွေမသည် အန္တရာယ် ကျရောက်နေမှန်း သိသော်လည်း မပြေးရှာပေ။ သူမ၏ လင်သားဖြစ်သော မြွေဖို၏ ကြေကွဲဖွယ်ရာ အနိဠာရုံကို ငေးမောနေရှာသည်။ မပြေးပဲ ရပ်တန့်နေသော မြွေမကို လောဘကြီးသော ဌေးအောင်က ထပ်ပစ်ပြန်သည်။ သို့သော် စိတ်လောကြီးနေဟန်တူ၏ ။ ဒီတစ်ခါ သူ့ပစ်ချက်က မြွေမကို မထိမှန်ပဲ အနောက်က ဝါးပင်ကိုထိမှန်ကာ ကျောက်စရစ်ခဲစများ ဖွာထွက်သွားသည်။ခဲစမှုန်အချို့ မြွေမကို ထိမှန်သွားသည်။ ထိုအခါမှ မြွေမသည် သူမ၏ အသက်ဘေးကို သတိပြုမိသွားဟန်တူသည်။
မြွေမသည် သူမ၏ ခင်ပွန်းလင်အား ရက်ရက်စက်စက် သတ်ဖြတ်နေသူများကို တခဏမျှ မှတ်မှတ်ထင်ထင် ကြည့်လိုက်သည်။
မြွေမ၏ ပြဒါးရောင် မျက်လုံးများသည် ကြောက်မက်ဖွယ်ရာ အလွန်ကောင်းလေ၏။ ပါးပြင်းထောင်ထားသည်မှာ ရန်သူကို ချက်ချင်းပင် ပေါက်သတ်လိုဟန် တူ၏။ မြွေမသည် အသက်ကင်းမဲ့သွားသော မြွေဖို၏ မျက်လုံးများကို တစ်ချက်မျှ စူးစူးစိုက်စိုက် ကြည်လိုက်သေး၏။
မြွေဖို၏ မျက်လုံးများကလည်း မြွေမကို ပြေးပါတော့ဟု တောင်းပန်နေသလားမသိ။
မြွေမသည် အားမတန် မာန်လျော့လိုက်သည့်အလား ဝါးအိုက်တောထဲမှ လျောကနဲ ထွက်ပြေးသွားရှာ၏။
ကျန်ရစ်ခဲ့သော မြွေဖိုသည် သူ့မြင်ကွင်းမှ မြွေမ ပျောက်ကွယ်သွားလေမှ စိတ်ချသွားဟန်တူသည်။၊စောနက တွန့်လိမ်နေသေးသော မြွေဖို၏ ခန္ဓာကိုယ်သည် ငြိမ်သက်သွားတော့လေ၏။
မြွေအသေကို ကောက်ယူပြီး ချိန်ဆကြည့်သော ဝင်းမော်က အားရဝမ်းသာ အော်ဟစ်လိုက်သည်။
” မြိန်ပြီဟေ့ … အနည်းဆုံး ၅ပိသာခွဲလောက်တော့ ရှိမယ်ဟ ၊ ဟေးဟေး ”
ဌေးအောင်က မြွေမ ထွက်သွားရာဘက်ကို ကြည့်ရင်း …
” တောက်! လွတ်သွားတဲ့ အကောင်ပါဆို အချိန်တစ်ဆယ်တော့ ခပ်အေးအေးပဲ ။ နှမျောလိုက်တာကွာ ”
သာဆောင်ကတော့ ဝင်းမော်လက်ထဲက မြွေဖိုကြီးကိုကြည့်၍ … ၊
” မြွေသား မစားရတာ ဘယ်လောက်ကြာပြီလဲ ၊ ဟီးဟီး ဒီတစ်ခါတော့ တဝကြီး စားရပြီဟေ့ ၊ ငရုတ်သီးနဲ့ ခပ်စပ်စပ်လေးကြော် အရက်နဲ့များ မြည်းလိုက်ရလို့တော့ကွာ ဘာပြောကောင်းမလဲ ဟားဟားဟား … ”
သာဆောင် နေ့ခင်းက အဖြစ်အပျက်ကို ပြန်ပြောင်းတွေးကာ သဘောကျနေခြင်း ဖြစ်၏။
သူတို့ နေ့ခင်းက ရလာသည့် မြွေသားကို ၃ယောက်သား အညီအမျှ ခွဲယူပြီး စိတ်ကြိုက် ကြော်လှော် စားနေကြခြင်း ဖြစ်သည်။ ဝင်းမော်နဲ့ဌေးအောင် ၂ယောက်စလုံးက အိမ်ထောင်သည်များဖြစ်ကြ၏။ ထို့ကြောင့် ယနေ့ ညနေပိုင်း သူတို့မယားများနဲ့ ချက်ပြုတ်စားသောက်နေလောက်ကြပြီ။
သာဆောင် ဝယ်ပေးလိုက်တဲ့ အရက်များကို သောက်ပြီး မူးနေလောက်ကြပြီ။
” ဂျိမ်း ! ဒလိမ်း ”
မိုးက ပိုသည်းလာသည်။ တခါတခါ မိုးနဲ့အတူ ပါလာသည့် လေကြောင့် သာဆောင် ထိုင်နေရာ စမျှင်ကြမ်းပြင်တစ်ခုလုံး မိုးရေများ စိုရွှဲကုန်သည်။
အရက်လည်း ကုန်လုပြီ။ သာဆောင် ထိုင်နေရာမှ ထလိုက်သည်။ မြွေသားဟင်းမှာ တက်တက်ပြောင်သွားပြီ ဖြစ်သည်။ ကျန်သည့် အမြည်းအချို့တော့ တော်တော်များများ ကျန်နေသေး၏။
ထိုအခိုက် အိမ်ရှေ့ ခြံဝင်းတံခါး လှုပ်သံနဲ့အတူ …
“သာဆောင်ရေ … ဟေး! သာဆောင်”
လေတွေ မိုးတွေ ကောင်းနေပါမှ ခြံဝင်းတံခါးအရှေ့မှာ ဘယ်သူမှန်း မသိ။ လေရော မိုးပါဆိုတော့ သည်းသည်းကွဲကွဲ မမြင်ရဘူး။ ဒါကြောင့် ပြန်ထူးလိုက်သည်။
” ဟေ့ … ဘယ်သူလဲ ။ ငါ အိမ်ပေါ်မှာ ရှိတယ် ။ ဘာကိစ္စတုန်းကွ ”
” ငါပါဟ … ဝင်းမော်ပါ ၊ အရေးကြီးလို့ လာတွေ့တာ …”
” အေး … ဝင်ခဲ့လေကွာ ၊ ခြံတံခါး မင်း မဖွင့်ဖူးတာကျလို့ ။ လက်နှိုက်ပြီး မင်းတုန်းကို ဆွဲလိုက် သူငယ်ချင်း ”
ဒီအချိန်ကြီးမှ လာတွေ့တယ်ဆိုတော့ အဆန်းသား။ ဒီကောင် ဝင်းမော် သူ့မိန်းမနဲ့ ရန်သတ်လာပြီ ထင်တယ် လို့ သာဆောင် တွေးလိုက်မိသည်။
သောက်ထားတဲ့ အရက် နှစ်လုံးနီးပါး အရှိန်နဲ့ ယိုင်ထိုး ယိုင်ထိုးခန္ဓာကိုယ်ကို ထိန်းမတ်စွာ သာဆောင် လှေကားက ဆင်းပြီး အောက်ထပ် တံခါးကို သွားဖွင့်ပေးလိုက်သည်။
ပထမဆုံး မြင်လိုက်ရတာက ဝင်းမော်ရဲ့ မချိုမချဉ် မျက်နှာကြီး ။ မျက်နှာပေးကတော့ မုတ်ဆိတ်ပျားစွဲလာသလိုပဲ။
စပ်ဖြဲဖြဲ လုပ်နေ၏။
တံခါးဝမှာ သာဆောင်က ပိတ်ရပ်နေသလို ဖြစ်နေလေတော့ ၊ ဝင်းမော်က ဖြီးတီးတီးနဲ့ …
” ဟ လမ်းလေး ဖယ်ပါဦး သာဆောင်ရ၊ ဒီမှာ ဧည့်သည် ပါလာတယ်ကွ ”
ပြောရင်းနဲ့ ဝင်းမော် ကိုယ်ကို ရို့လိုက်တော့မှ သူ့နောက်မှာ လူတစ်ယောက်ပါလာမှန်း သာဆောင် သိသွားတော့၏။ သာဆောင် ထိုဧည့်သည်ကို ငေးမောရင်း အမူးပင် ပြေသွားသလား အောက်မေ့ရသည်။
ဝင်းမော် နောက်တွင် ရပ်နေသူက ကိုယ်လုံးကိုယ်ထည် ပြေပြစ်တောင့်တင်းလှပသော မိန်းမပျိုလေး ဖြစ်နေသည်။ သူမ တစ်ကိုယ်လုံးမှာ မိုးရေများ စိုရွှဲနေသဖြင့် လှပကျော့ရှင်းသော သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်း အမို့အဟိုက် အဖုအဖောင်းတွေက ပကတိအရှိအတိုင်း လှပထင်ရှားစွာပေါ်လွင်နေပါ၏။
” ဟေ့ကောင် … ဧည့်သည်ကို အိမ်ထဲ ခေါ်ဦးလေကွာ ”
ဝင်းမော် သတိပေးလေမှ သာဆောင် တစ်ယောက် အသိဝင်လာပြီး မိန်းကလေးကို အထဲဝင်ရန် ဖိတ်ခေါ်လေ၏။
” အော် … လာပါ ၊ အိမ်ထဲကို ဝင်ထိုင်ပါအုံး ”
သာဆောင်က ကောင်မလေးကို တန်းလျားခုံ ရှိရာသို့ ခေါ်သွားပြီး ထိုင်စေ၏။
ဝင်းမော်က သူ့ ခါးကို လက်ဖြင့် အသာတို့လိုက်ပြီး …၊
” သာဆောင် … မသူဇာဖို့ စားစရာလေး တစ်ခုခု လုပ်ပေးရအောင် ၊ လာ နောက်ဖေးကို လိုက်ခဲ့ ”
မသူဇာဆိုသည်က နေပါစေဟု ငြင်းသော်လည်း ဝင်းမော်က အချမ်းပြေ သောက်ရန် ရေနွေး သွားတည်လိုက်မည်ဟု ပြောကာ သာဆောင်၏ လက်ကို ဆွဲခေါ်သွားသည်။
နောက်ဖေး မီးဖိုချောင် ရောက်သည့်အခါ ဝင်းမော်အား သာဆောင်က သိလိုသည်များကို အငမ်းမရ မေးလေ၏။
” ဟေ့ကောင် ဝင်းမော် ၊ ကောင်မလေးက ဘယ်ကလဲ ၊ လှလိုက်တာကွာ ၊ မျက်နှာလေးရော ကိုယ်လုံးကိုယ်ပေါက်ရော ဘာမှကို အပြစ်ပြောစရာ မရှိဘူး ။ မင်း ဘယ်က ဘယ်လို ငါ့အိမ်ကို ခေါ်ချလာတာလဲ …”
” ဟေ့အေး … ငါ တမင်သက်သက် မင်းဆီရယ်လို့ ခေါ်လာတာ မဟုတ်ဘူးကွ၊ ငါ အရက်သောက်ရင်း အရက်ကုန်သွားတော့ မင်းကို သတိရပြီး ထွက်လာတာ။ လမ်းမှာ မိုးတွေကလည်း ရွာလို့ ။ အဲ့ဒီအချိန် ကောင်မလေးကို ရွာလယ် လမ်းမကြီးမှာ ဗြုန်းကနဲဆို တွေ့လိုက်ရတာပဲ ။
သူက သူ့ယောက်ကျားကို လိုက်ရှာနေတာတဲ့။ယောက်ကျား ပျောက် ရှာပုံတော် ဖွင့်တယ်နဲ့တူပါရဲ့။ကောင်မလေးကြည့်ရတာ ဒို့အရပ်ကတော့ ဟုတ်မယ်မထင်ဘူး။ ဒို့ဘက်နယ်က မိန်းမတွေနဲ့မတူဘူးဟ။ ကောင်မလေးရဲ့ အသားလေးက ဝါဝင်း အိစက်နေတာပဲ။ တခြား တမြို့က လာပုံပဲ။ သူ့ယောက်ကျား ငါတို့ ထီးရိုးရွာဘက်ကို လာတယ်လို့ သတင်းရလို့ လိုက်လာတာနဲ့ တူပါတယ်။
မိုးကရွာ ၊ လေက ကျနဲ့ဆိုတော့၊ သူ့ကို ဘယ်သူ့မှ မြင်တွေ့ပုံမရဘူး။ တစ်ယောက်တည်း ဆိုတော့ ငါလည်း အသာဝင်ရောပြီး သူ့ယောက်ကျားကို ကူရှာပေးမယ်ဆိုပြီး မင်းဆီကို မ..လာတာပဲ ငါ့လူရေ ။ ကျန်တာတော့ အခြေအနေပေါ် မူတည်ပြီး မီးစင်ကြည့်ကကြတာပေါ့ ဟီးဟီး ”
သာဆောင်က ကောင်မလေး ထိုင်နေရာ ခုံတန်းကို လှမ်းကြည့်ရင်း …၊
” တောက် ! ဒီလို ဆူဆူဖြိုးဖြိုး အလှပဂေးလေးက ယောက်ကျားရှိသတဲ့လား ၊ နာတယ်ကွာ ၊ ဒါမျိုးလေးများ ရရင်တော့ ငါဖြင့် တည်တည်တံ့တံ့ အိမ်ထောင်ပြုချင်သား ”
” ဟေ့ကောင် သာဆောင် တစ်ယောက်တည်း မောင်ပိုင်စီးဖို့တော့ စိတ်မကူးနဲ့နော် ။ ငါ ခေါ်လာတာ ငါ့လည်း ဝေစားမျှစားလေးတော့ ပေးဦး ”
” အောင်မယ် … ဝင်းမော်ရာ ၊ မင်းမိန်မ အိမွန် သိသွားရင် ဘယ့်နှယ်လုပ်မတုန်း။ အိမွန်က ဇံဇံကြဲနော် ”
” အို … ဒါတော့ကွာ ၊ ရောက်ရားပေါ့ ။ နောက်ဖြစ်မယ့်ဟာကို စဉ်းစားမနေနိုင်ပါဘူး။ သူဇာလေးနဲ့သာ အတူအိပ်ရမယ်ဆိုရင် သေပျော်ပါပြီကွာ ”
” ဒါဆိုရင် မင်း ငါ ပြောသလိုလုပ် ၊ ငါ ရှေ့က ကြောင်းပေးမယ် ။ မင်းက နောက်ကနေ မီးစင် ကြည့်ကပေါ့ ”
အဲ့သည်နောက် သူတို့နှစ်ယောက် သူဇာဆိုသည့် မိန်းကလေး ရှိရာသို့ ပြန်လာကြသည်။ သူတို့နှစ်ယောက် သူဇာနှင့် မျက်နှာချင်းဆိုင်က ခုံတန်းရှည်မှာ ဝင်လိုက်လိုက်ကြပြီး ၊ သာဆောင်ကပင် ဦးဆောင်၍ စကားစ၏။
” မိုးနဲ့လေနဲ့ဆိုတော့ ခဏတဖြုတ် ကျုပ်အိမ်မှာပဲ နားပါအုံး မသူဇာ ။ မိုးလေငြိမ်တာနဲ့ ကျုပ်တို့ မသူဇာယောက်ကျားကို ချက်ချင်း ကူရှာပေးပါ့မယ် ၊ ရွာက ခပ်ကျဉ်းကျဉ်းလေးပဲဟာ ၊ ဒီရွာမှာ မသူဇာ ယောက်ကျား ရှိတာသေချာရင် တွေ့ရမှာပါ ”
မသူဇာဆိုသော မိန်းမချောလေးသည် သာဆောင်စကားကို ငြိမ်သက်စွာ နားထောင်နေပေမယ့် အင်းးအဲ မလုပ်ပေ။ မျက်လုံးများက တောင်ရွေ့ မြောက်ရွေ့ဖြင့် တစ်အိမ်လုံး၏ အခြေအနေကို အကဲခတ်နေပုံပင်။
သာဆောင်က ရေစိုအလှနဲ့ မသူဇာကို စားမတတ်ဝါးမတတ်ကြည့်နေသော ဝင်းမော်အား ပထုတ်ရန် အကြံဖြင့် …၊
” ဧည့်သည်ကို ဧည့်ခံဖို့ရာ အိမ်မှာက ဘာမှ အရန်သင့် မရှိဘူးဖြစ်နေတယ် ၊ ဟေ့ကောင် ဝင်းမော် မင်းက ရေစိုလက်စနဲ့ဆိုတော့ ဒေါ်သိန်း ကုန်စုံဆိုင်သွားပြီး စားစရာနဲ့ သောက်စရာ အချိုရည်လေး ဝယ်ချေကွာ ၊ ရော့ ငါဆီက ပိုက်ဆံယူသွား ”
ပြောရင်း သာဆောင်က ဝင်းမော်၏ပေါင်ကို အသာ လက်ကုတ်လိုက်သည်။ အလယ်တွင် စားပွဲခုံ ရှိနေသဖြင့် သာဆောင်နှင့်ဝင်းမော်တို့၏ အချက်ပေးမှုကို မသူဇာ မမြင်နိုင်ပေ။
ဝင်းမော် သဘောပေါက်ပြီ။ ဒေါ်သိန်း ကုန်စုံဆိုင်တွင် အရက်လည်း ရသည်။ သာဆောင်က အချိုရည်ထဲ အရက်ရောလာခဲ့ခိုင်းတာကို သဘောပေါက်ခြင်းပင်။ မသူဇာအား အချိုရည်တိုက်ပြီး မူးသည့်အခါ၌ သူတို့ စိတ်တိုင်းကျ ပြုနိုင်မည်ဖြစ်သည်။ ယုတ်မာကောက်ကျစ်သော အောက်တန်းကျသော သာဆောင်နှင့်ဝင်းမော်တို့၏ အကြံကို မသူဇာကတော့ဖြင့် မသိနိုင်ပေ။
သို့ဖြင့် ဝင်းမော်သည် စဉ်းလဲသော အကြံဖြင့် ဒေါ်သိန်း ကုန်စုံဆိုင် ရှိရာသို့ မိုးထဲလေထဲ ထွက်သွားလေ၏။
ထိုအခါ အိမ်ကြီးထဲ၌ လှပ ပျိုမြစ်သော မိန်းမချောလေးနဲ့ လူယုတ်မာ သာဆောင်တို့သာ ကျန်ရစ်ခဲ့တော့သည်။
သာဆောင်သည် စားနေကျ ကြောင်ဖားကြီးမို့ မိန်းမချောလေး မသူဇာအား ဘယ်ပုံဘယ်နည်းဖြင့် သိမ်းသွင်း အရယူရမလဲဆိုတာ သိပ်ပြီးတွေးတောနေစရာမလို ။ အနုနည်းဖြင့် မရလျင် အကြမ်းနည်းဖြင့် ရအောင်ယူမည်မှာ ဧကန်မုချ မလွဲမသွေ ဖြစ်လေ၏။
________________
( ၄ )
ဝင်းမော် ဒေါ်သိန်း ကုန်စုံဆိုင်ကနေ ပြန်လာတော့ မိုးတိတ်သွားပြီ ဖြစ်၏။ ဝင်းမော် အချိုရည်ဘူးထဲကို အရက်ရောထည့်လာပြီး ဖြစ်သည်။ ထိုအချိုရည်ဘူးကို ကိုင်ပြီး ဝင်းမော် ပြုံးလိုက်မသည်။
” သာဆောင်က လူပါး ၊ ဒီကောင် ငါ့ကို ပ,ထုတ်လိုက်တာပဲ ၊ အခုချိန်ဆို ဒီကောင် ကောင်မလေးကို ကြံစည်ပြီးလောက်ပြီ ။ ဟင်းဟင်း သာဆောင်အကြောင်း ငါ နောကြေနေပါပြီလေ။
ဒါကြောင့်လည်း ငါက ဒေါ်သိန်းဆိုင်မှာ အရက်တစ်ခါတည်း မော့ရင်း အချိန်ဆွဲနောက်ကျပေးနေတာ ။
ခုလောက်ဆို ငါ့ကောင်ကြီးတော့ နတ်ဘုံနတ်နန်း ရောက်နေပြီနေမှာ ။ ဟီးဟီး ဒင်းပြီးရင်တော့ ငါ့အလှည့်ပေါ့။ အော် မသူဇာ မသူဇာ လှရက်ပါပေ့ကွယ် ။ အသားလေးများဆို ဝင်းဝါပြီး အိစိုလို့ ၊ ကိုယ်လုံးလေးကလည်း ငါးရံ့ကိုယ်လုံးလေး ၊ လှမှလှ ။ ထိရက်စရာ ကိုင်ရက်စရာတောင် မရှိပါဘူး။ ဟားဟားဟား ”
ဝင်းမော်တစ်ယောက် ဝမ်းထဲက ကြိတ်ပြီး အူမြူးကာ သာဆောင်အိမ်ကို ခပ်သုတ်သုတ် ပြန်လာခဲ့၏။သာဆောင်အိမ်ကို ရောက်တော့ အပေါ်ထပ်မှာ မီးလင်းနေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအခါ သူထင်သည့်အတိုင်း သာဆောင်တစ်ယောက် မသူဇာကို အပေါ်ထပ်ရှိ အခန်းထဲသို့ ခေါ်ဆာင်သွားပြီဟု သိလိုက်ပြီ။
အောက်ထပ်တံခါးကို အသံမြည်အောင် သေချာ ဆောင့်ဖွင့်လိုက်ပြီး ဝင်းမော် အသံပေးလိုက်သည်။
” အဟမ်း … အဟမ်း ငါ ပြန်ရောက်ပြီနော် သာဆောင် ၊ မင်းမှာလိုက်တဲ့ စားစရာ သောက်စရာတွေ ဝယ်လာခဲ့တယ် ”
ဝင်းမော်က အသံပြဲကြီးနဲ့ အော်ပြောလိုက်ပေမယ့် အပေါ်ထပ်က သာဆောင်ထံမှ ဖြေသံ ထူးသံ မကြားရ။မိန်းမတစ်ယောက်၏ ငိုရှိုက်သံ သဲ့သဲ့လေးသာ ကြားလိုက်ရ၏ ။
ဝင်းမော် ပြုံးလိုက်သည်။ မသူဇာရဲ့ ငိုရှိုက်သံသည် သာဆောင်၏ အောင်ပွဲပဲ မဟုတ်လား။
” ဟား သာဆောင်တို့ကတော့ ပိုင်ပါ့ကွာ ၊ လက်သွက်ချက် ဟိဟိ ”
ဝင်းမော် စားစရာတွေကို စားပွဲပေါ်တင်ထားပြီး အပေါ်ထပ်သို့ ခြေဖွ တက်လာခဲ့သည်။ အပေါ်ထပ်ရောက်သည့်အခါ သာဆောင်၏ အခန်းတံခါးမှာ တိုးလျိုးပေါက် ပွင့်လျက်သား မြင်တွေ့လိုက်ရသည်။ သာဆောင်ကား အောင်သေအောင်သားစားပြီး၍ အဆီရစ်ကာနေသလား မပြောတတ်။ မှောက်လျက်သားကြီး အိပ်နေပြီး ၊ သူ့ဘေးနားမှာတော့ မသူဇာသည် ပုံ့ပုံ့လေးထိုင်လျက် ကျောပေးကာ ငိုရှိုက်နေရှာသည်။ ဝင်းမော် ခြေလှမ်းကြဲကြီးဖြင့် အခန်းထဲသို့ တန်းဝင်သွားသည်။
” ဟင် … ဘာဖြစ်ကြတာလဲ ၊ မသူဇာ ဘယ်လို ဖြစ်တာလဲ ”
ဝင်းမော်က ဘာမှ မသိသလို မေးလိုက်ပြီး မသူဇာ ထိုင်နေသည့် အနောက်ဘက်မှာ ဝင်ထိုင်လိုက်သည်။
” မသူဇာကို ဒီကောင် စော်ကားလိုက်တာလား …ဟာဗျာ ”
မသူဇာထံမှ ငိုရှိုက်သံ ပျောက်ကွယ်သွားသည်။ သို့သော် မျက်နှာကို ငုံ့လျိုး ဖုံးကွယ်ထားဆဲ။ ဝင်းမော်သည် မသူဇာအား ဖေးမကူညီသည့်သဘောအလား ၊ သူ၏ လက်တစ်ဖက်က မသူဇာ၏ ပခုန်းသားဝင်းဝင်းထံသို့ ရောက်သွားသည်။
” ဟာ … ဘာတွေလဲ ၊ ကျိချွဲချွဲကြီး”
ထမိန်ရင်လျားနဲ့ ထိုင်နေသော မသူဇာ၏ ပခုန်းကို ထိတွေ့မိသည် လက်သည် ကျိချွဲချွဲ ပျစ်တစ်တစ် အရည်တချို့နှင့် ကပ်စေးစေးဖြစ်သွားသည်။ ပြီးတော့ …
” အား … ပူလိုက္တာ ”
ဝင်းမော် ချက်ချင်း လက်ကို ရုတ်ပြီး နောက်ကို ဆုတ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် မသူဇာ၏ အသားသည် ရှားသားမီးခဲတမျှ ပူလောင်နေသောကြောင့်ပင်။ ထိုသို့ အလန့်တကြား နောက်ကို ဆုတ်လိုက်မှပဲ သူ့တင်ပါးနဲ့ သာဆောင်၏ ကိုယ်လုံး ထိတိုက်မိပြီး
သာဆောင်၏ ကိုယ်လုံးကြီးက ပက်လက်လှန်သွားတော့သည်။ဝင်းမော် သာဆောင်၏ မျက်နှာကို လှမ်းကြည့်လိုက်သည်။
” ဟာ … သာဆောင် … သာဆောင် ဘာဖြစ်တာလဲ ”
သာဆောင်၏ မျက်နှာနှင့်လည်ပင်းမှာ ပြာနှမ်းနေပြီး၊ ပါးစောင်က အမြုပ်တွေ တစီစီ ထွက်ကျနေပါသည်။ သာဆောင်၏ မျက်လုံးကြီးမှာ ကျွတ်ကျလုမတတ် ပြူးထွက်နေပါ။
ဝင်းမော် ချက်ချင်း မတ်တတ် ထရပ်လိုက်ပြီး …
” မင်း မင်း သာဆောင်ကို ဘာလုပ်လိုက်တာလဲ ”
မသူဇာထံမှ ခနဲ့တဲ့တဲ့ ရယ်သံလိုလို ထွက်ပေါ်လာသည်။သို့ပေမယ့် ခေါင်းကိုတော့ ဆံပင်ဖားလျားဖြင့် ငုံ့ထားဆဲပင်။
“ဟင်းဟင်းဟင်း … ဘာလဲ ၊ နင်ရော သိပ်ကြောက်နေပြီလား ”
ဝင်းမော် အခန်းအပြင်သို့ ပြေးထွက်လိုက်သည်။ ထိုအခါ မသူဇာသည် တဖြေးဖြေး မတ်တတ်ထရပ်လာ၏။ ပြီးနောက် မသူဇာသည် ဝင်းမော် ရှိရာဘက်သို့ မျက်နှာချင်းဆိုင် အနေအထား လှည့်လာသည်။
” ဟာ! မင်း မင်း …”
ဝင်းမော် စကားတွေ ထစ်ငေါ့ကုန်သည်။ သေးပါမတတ် ကြောက်လန့်သွားသည်။ မကြောက်ပဲလားလေ။ မသူဇာမျက်နှာက မြွေတစ်ကောင်ကဲ့သို့ အကြေးအညှိများနှင့် လွန်စွာ ကြောက်မက်ဖွယ်ရာကောင်းနေသည်မဟုတ်လား။ မသူဇာသည် ဝင်းမော်ရှိရာသို့ လက်ညှိုး ဆန့်တန်း ထိုးလိုက်သည်။
မသူဇာ၏ လက်မှာလည်း မည်းပြောင်ချောကြီး ဖြစ်နေ၏။ မြွေတစ်ကောင်၏ ကိုယ်လုံးသဏ္ဍာန်အလား တူနေပါသည်။ ဝင်းမော် ထိတ်လန့်တကြား အောက်ထပ်သို့ ဆင်းပြေးလေ၏။
အောက်ထပ်သို့ ရောက်သည့်အခါ တံခါးဝသို့ အလျင်အမြန် ပြေးပြန်၏။ သို့သော် သူ တံခါးဝ မရောက်မှီ တံခါးသည် သူ့အလိုလို ဝုန်းကနဲ ဆောင့်ပိတ်သွားသည်။ ဝင်းမော် တံခါးကို အတင်းဆွဲဖွင့်သည်။ ခြေဖြင့် ဆောင့်ကန် ဖွင့်သည်။ ဝင်းမော် သွေးရူးသွေးတမ်း ဖြစ်နေရှာပြီ။ တံခါးသည် မြဲမြံလွန်းစွာ ပွင့်လာခြင်း မရှိပေ။
လှေခါးမှ လျောတိုက် ဆင်းလာသံ ကြားရ၍ ဝင်းမော် နောက်ပြန် လှည့်ကြည့်လိုက်သည်။ သို့သော် လှေကားရင်း အနီးတစ်ဝိုက်တွင် မြွေတစ်ကောင်မျှ မတွေ့သလို၊ မသူဇာကိုလည်း မမြင်ရချေ။ မကြာမီ အောက်ထပ် တစ်ခုလုံးသည် ဖြူဖြူ အငွေ့များ ဟိုနေရာမှ သည်နေရာမှဖြင့် နေရာအနှံ့မှ ထွက်ပေါ်လာကြသည်။
ဝင်းမော် ဘာကိုမှ မမြင်ရတော့ချေ။ ဝင်းမော် သူ့ရှေ့က ဖြူဖြူ အငွေ့တွေကို လက်ဖြင့် ဝှေ့ယမ်း ဖယ်ရှားလိုက်သည်။ ထိုအခါ သူ့ခြေထောက်ပေါ်သို့ လှုပ်ရွရွဖြင့် အကောင်တစ်ကောင် တက်လာသလို ခံစားလိုက်ရသည်။
မကြာပါ … သူ့ ခြေဖမိုး ပူကနဲ ဖြစ်သွားသည်။ အကောင်တစ်ကောင် ကိုက်လိုက်သကဲ့သို့ပင်။ ဝင်းမော် မျက်လုံးများက ချက်ချင်း ပြာဝေလာသည်။ ရင်ဘတ်ထဲက အောင့်တက်လာ၏ဝမ်းဗိုက်ထဲမှာ မီးကျီခဲကို မြိုချထားမိသလို ပူလောင်မြိုက်လာသည်။ အသက်ရှုရခက်ခဲလာ၏။
ဝင်းမော် ရှေ့က ဖြူဖြူ အငွေ့များ တဖြေးဖြေး လွင့်ပြယ်သွားသည်။ ဝင်းမော် နောက်ဆုံး မြင်တွေ့လိုက်ရသည်ကတော့ သူ့ရှေ့တည့်တည့် မနီးမဝေးမှာ အလွန်လှပသော မိန်းမပျိုလေး မသူဇာသည် သူ့အား လှောင်ပြုံး ပြုံးပြနေခြင်းသာ ဖြစ်တော့သည်။
မကြာမီ ဝင်းမော်လည်း သာဆောင်ကဲ့သို့ပင် တစ်ကိုယ်လုံး ပြာနှမ်းကာ ပါးစပ်က အမြုပ်တစီစီဖြင့် အသက်ထွက်သွားလေတော့သည်။
______________
( ၅ )
နောက်တစ်နေ့မှာတော့ ဒေါ်မြကြည်သည် မန္တလေးမြို့မှ ဝမ်းသာအားရ ပြန်လာပြီး အိမ်တံခါးကို ဖွင့်ကြည့်လိုက်သည့်အခါ ၊ အရင်ဦးစွာ သားဖြစ်သူ သာဆောင်၏ သူငယ်ချင်း ဝင်းမော်၏ အလောင်းကို မြင်တွေ့လိုက်ရ၍ ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။
အော်ဟစ်သံကြောင့် အိမ်နီးနားချင်းတွေ အပြေးအလွှား ရောက်လာကြသည်။ ဒေါ်မြကြည် သားဖြစ်သူ၏ အခန်းရှိရာ အပေါ်ထပ်သို့ အပြေးအလွှား တက်ကြည့်လိုက်သည်။
ပိုးစိုးပက်စက် သေနေသည့် ပြာနှမ်းနှမ်း သာဆောင်၏ အလောင်းကြီးကို တွေ့လိုက်သောအခါ ဒေါ်မြကြည်တစ်ယောက် ချက်ချင်း သတိလစ် လဲကျသွားပါတော့သည်။
ကျေးရွာလူကြီး နှင့် တာဝန်ရှိသူများ သတင်း ကြားလျင်ကြားချင်း ဒေါ်မြကြည်အိမ်က အလောင်များထံ ရောက်လာကြသည်။
ကျေးရွာ သူကြီး နှင့် တာဝန်ရှိသူတို့ အံဩသွားကြသည်။ ကြည့်ရသည်မှာ ၎င်းတို့သည် အလွန်အမင်း အံအားသင့်နေပုံရသည်။
ရွာလူကြီး ပါးစပ်က မနေနိုင်မထိုင်နိုင် ပြောထွက်လိုက်မှ အားလုံးသော ရွာသားတို့မှာ ပိုမို အံအားသင့်ကုန်ကြရသည်။
” ဟာ … ကျုပ်တို့ရွာ ဘယ်လိုဖြစ်တာလဲ ၊ တစ်ရက်တည်း လူငယ်၃ယောက်တောင်မှ ပိုးစိုးပက်စက် သေကုန်ကြတယ်။ သေကြတာကလည်း ဘယ်လောက်တောင် ထူးခြားတိုက်ဆိုင်လဲ၊ တစ်ပုံစံတည်းဗျ ။ဒီမနက်အစောကြီးက ရွာတောင်ပိုင်းက ဌေးအောင်လည်း သာဆောင်တို့ ဝင်းမော်တို့ သေသလိုပဲ တစ်ကိုယ်လုံး ပြာနှမ်းပြီး သေတာ ။ကြည့်ရတာတော့ မြွေကိုက်ခံတယ်နဲ့တူပါရဲ့ ”
ထိုအဖြစ်အပျက်ကို လာကြည့်သူ နတ်ကတော် မနှဲမိသည် သူကြီးစကားကို ကြားရသည်နဲ့ မျက်စိမျက်နှာ ပျက်ယွင်းသွားသည်။ ပြီးလျင် ထိုနေရာမှ ခပ်သုတ်သုတ် ထွက်ခွာသွား၏။
မနှဲမိ အိမ်အပြန်လမ်းတွင် သူတို့ ထီးရိုးရွာ၏ အနောက်ဘက်စူးစူးက တောင်တက်လမ်းကို အမှတ်မထင် လှမ်းမျှော်ကြည့်လိုက်မိသည်။
ထိုတောင်ပေါ်တွင် မြွေနတ်ရှင်သခင်မ နတ်နန်း ရှိ၏။ တောင်တက်လမ်း မှုံပြပြမှာ အဖြူရောင်ထိုင်မသိမ်း အဝတ်အစားနှင့် မိန်းမပျိုတစ်ဦးသည် မြွေနနတ်ရှင်သခင်မ နတ်ကွန်းရှိရာသို့ တရွေ့ရွေ့ လှမ်းသွားနေသည်ကို မြင်ယောင်ရင်း ….။
သူမ နားထဲတွင်တော့ နတ်မြွေမ တစ်ကောင်၏ ကျိန်းဝါးသံကို ပြန်လည် ကြားယောင်နေမိသည်။
“ငါ့လင်ရဲ့ အသားကို စားသော် … ”
ပြီးပါပြီ
ပီပီ(မန္တလေး)

Zawgyi Version

ေျမြျပိတၱာမတစ္ေကာင္ရဲ႕ကလဲ့စား (စ-ဆံုး)
—————————————————
(၁)
ထီး႐ိုး႐ြာ ၊ အခ်ိန္က ညေန ေနဝင္ ဆည္းဆာ ။ ေနရာက ႐ြာလယ္လမ္းမႀကီး အေရွ႕စူးစူးက နတ္ကေတာ္ မႏွဲမိ နအိမ္၌ ျဖစ္၏။
ပုံေတာ္႐ုပ္တုမ်ား အတန္းလိုက္ရွိေသာ နတ္စင္၏ အေရွ႕တြင္ အုန္းပြဲ ငွက္ေပ်ာပြဲမ်ား ေဝဆာသစ္လြင္စြာ ရွိေနသည္။
ကန္ေတာ့ပြဲမ်ားတြင္ ဆိုင္ရာပိုင္ရာ နတ္ကိုးထားေသာ တစ္ေထာင္တန္ ၊ ငါးေထာင္တန္ ၊ တစ္ေသာင္းတန္မ်ားကို သုံးေျမာင့္ကန္ေတာ့ခြၽန္းထိုးထားသည္ကိုလည္း ျမင္ေတြ႕ႏိုင္သည္။
နတ္ကေတာ္မႏွဲမိသည္ နတ္စင္ အေရွ႕က ၾကမ္းျပင္တြင္ ပုဆစ္တုပ္လ်က္ က်ဳံ႕က်ဳံ႕ပုံ႔ပုံ႔ေလးအေနအထားျဖင့္ နတ္မ်ားကို ပူေဇာ္ေနပါသည္။
သူမ၏ ေဘးတြင္ ခပ္ဝဝ အမ်ိဳးသမီး ၂ဦး၊ ေသးေသးသြယ္သြယ္ မိန္းမတစ္ဦး ယပ္ေတာင္ခပ္ေပးေနၾကသည္။
နတ္ေမးသူနဲ႔ အေဟာနတ္ကေတာ္ ဆုံေတြ႕ေနၾကျခင္းသာ ျဖစ္ပါ၏။ အက်ိဳးလို၍ ေညာင္ေရသြန္းသူအတြက္ နတ္ကေတာ္မႏွဲမိက ဆိုင္ရာပိုင္ရာ နတ္မ်ားကို ပင့္ဖိတ္ၿပီးသကာလ နတ္ဝင္ပူးကာ ၎တို႔ သိလိုသမွ်ကို ေျဖၾကားေပးေန၏။
ပင့္ဖိတ္သည့္နတ္ ဝင္သည္ႏွင့္ မႏွဲမိသည္ ပုဆစ္တုပ္ထိုင္ေနရာမွ ေျခကိုျပင္၍ တင္ပလႅင္ေခြ ထိုင္ေတာ့သည္။
မႏွဲမိ မူရင္းအသံေပ်ာက္သြားသည္။ ဝင္ပူးသည့္နတ္အလိုက္ အသံကို အနိမ့္အျမင့္ေျပာင္းက ေရွ႕ျဖစ္ကို ေဟာေပး၏။ နတ္ေမးသူတို႔သည္ မႏွဲမိအား တ႐ိုတေသ လက္အုပ္ခ်ီ၍ သိလိုသည္တို႔ကို ေမးျမန္းၾကေတာ့သည္။
မၾကာပါ။ နတ္ေမးသူတို႔ အလိုျပည့္သည္အထိ နတ္ေမးၿပီးသြားသည့္အခါ နတ္ကေတာ္ မႏွဲမိတစ္ေယာက္ ေမာပန္းစြာ ဟင္းခ်ရင္း နတ္ပူးျခင္းကို ရပ္တန႔္လိုက္သည္။ ၿပီးလ်င္ သူေျပာခဲ့သည္မ်ားကို မမွတ္မိေတာ့သေယာင္ေယာင္။
မႏွဲမိႏွင့္နတ္ေမးလာသူ မိန္းမတို႔သည္ တျခား အာလာပသလာပ စကားတို႔ကို ေရာက္တတ္ရာရာ ေျပာၾကျပန္သည္။စကားေျပာရင္း တခါတေလ ဟီးဟီးဟားဟား ရယ္ေမာၾက၏။
ဧည့္သည္ေတြ ျပန္ၾကမယ္ဆိုေတာ့ နတ္ကေတာ္မႏွဲမိက …
” ဟယ္ … ျပန္ၾကေတာ့မယ္လား၊ ေနဦး … ေနဦး ၊ ငွက္ေပ်ာဖီး မွည့္တာေလးေတြ ယူသြားၾကဦး ”
မႏွဲမိက နတ္ကေတာ္ လာဘ္ေမွ်ာ္ဆိုသည့္အတိုင္း ေနာင္လာလတၱံေသာ လာဘ္လာဘကို ေမွ်ာ္ကိုး၍ ကန္ေတာ့ပြဲက် ငွက္ေပ်ာဖီးမ်ားေပးဖို႔အတြက္ နတ္စင္ေရွ႕က ကန္ေတာ့ပြဲမ်ားဆီသို႔ ေလွ်ာက္သြား၏။
မႏွဲမိ နတ္စင္အနီးသို႔ ေရာက္ေသာအခါ ငွက္ေပ်ာဖီး ယူရန္ လက္လွမ္းလိုက္သည္။ သို႔ေပမယ့္ မႏွဲမိ၏ လွမ္းေနေသာ လက္တို႔သည္ ငွက္ေပ်ာဖီးရွိရာသို႔ မေရာက္ခင္ ေလထဲ၌ ရပ္တန႔္သြားေလ၏။ ကန္ေတာ့ပြဲမ်ားအၾကားမွ ၿဖီးကနဲ အသံတစ္ခု ႐ုတ္ခ်ည္း ထြက္ေပၚလာသည္။
မႏွဲမိထံမွ အထိတ္တလန႔္ ေအာ္ဟစ္သံ ထြက္ေပၚလာပါသည္။
” အံမယ္ေလး … ျမတ္စြာဘုရား ”
မႏွဲမိ ကန္ေတာ့ပြဲ ႏွစ္ခုၾကားက နတ္စင္ေလွ်ာက္တန္းတစ္ေနရာကို အေၾကာင္သား ေငးေနမိသည္။ ေလွ်ာက္တန္းေပၚတြင္ မႏွဲမိအား အနက္ေရာင္ ေျပာင္လက္ေတာက္ပေနေသာ ေႁမြေဟာက္ႀကီးတစ္ေကာင္သည္ ပါးျပင္းေထာင္လ်က္ စူးရွစြာ ၾကည့္ေန၍ ျဖစ္ေလသည္။
ေႁမြေဟာက္ႀကီးသည္ မႏွဲမိအား ယခုပင္ ေပါက္သတ္ေတာ့မည့္အလား ပါးျပင္းေထာင္၍ ေရွ႕ေနာက္ ယိမ္းထိုးလ်က္ရွိသည္။
မႏွဲမိ တုပ္တုပ္မွ် မလႈပ္ရဲ။ လက္ဆန႔္တန္းလ်က္ ၾကက္ေသေသေနမိသည္။ မႏွဲမိ၏ ေအာ္သံေၾကာင့္ နတ္ေမးလာသူ မိန္းမ၃ေယာက္တို႔သည္လည္း အထိတ္တလန႔္ ျဖစ္သြားၾကၿပီး မႏွဲမိ၏ ျဖစ္အင္ကိုလည္း ျမင္ေတြ႕သြားၾကသည္။သူတို႔လည္း ဘာလုပ္မွန္မသိ ေၾကာင္အမ္းအမ္း ျဖစ္ေနၾက၏။
ေႁမြေဟာက္ႀကီးသည္ မႏွဲမိ၏ မ်က္လုံးကို ညႇိဳ႕ယူေနသကဲ့သို႔ စိုက္တတ္မတ္တတ္ႀကီး ၾကည့္ေနသည္။ တစ္စုံတရာကို ဆက္သြယ္ အသိေပးေနသလိုပင္။
သို႔ေသာ္ ဘာမွ မၾကာလိုက္သလို အခ်ိန္တခဏအတြင္း ေႁမြေဟာက္ႀကီးသည္ ပါးျပင္းကို ႐ုတ္၍ လ်င္ျမန္စြာ နတ္စင္ေလွ်ာက္လမ္းမွတဆင့္ အိမ္အျပင္သို႔ ေလွ်ာကနဲ ထြက္ခြာ ေပ်ာက္ကြယ္သြားေလ၏။
ထိုအခါ မႏွဲမိ တစ္ေယာက္သည္ ဘယ္လိုျဖစ္မွန္းမသိ။ ခႏၶာကိုယ္မွ အားအင္မ်ားအား တစ္စုံတစ္ေယာက္ေသာသူက စုပ္ယူဝါးၿမိဳသြားလိုက္သလို ႏႈန္းခ်ိေပ်ာ့ေခြ လဲက်သြားေလေတာ့သည္။
နတ္ေမးလာသူ မိန္းမတိုသည္ မႏွဲမိကို ကူရန္ လာ၍ ထူမၾကသည္။
” မႏွဲမိ … မႏွဲမိ … ဘာျဖစ္သြားေသးလဲ ။ ရရဲ႕လား ။ ”
အံဩစရာေပ … ယပ္ခတ္ေပးသူ ၊ ႏွိပ္ေပးသူတို႔အၾကားမွ မႏွဲမိသည္ ႐ုတ္တရက္ႀကီး ထထိုင္ေလ၏။
မႏွဲမိ၏ မ်က္လုံးမ်ားသည္ မူလအသြင္ ေပ်ာက္ကြယ္ေနသည္။ နာၾကည္းခံခက္ျခင္း၊ ေဒါသထြက္ျခင္းတို႔ ေရာႁပြမ္းေနသည္ဟု ထင္မွတ္မိသည္။တစ္နည္းဆိုရေသာ္ ခုနက မႏွဲမိအား စူးစိုက္ၾကည့္သြားသည့္ ေႁမြေဟာက္ႀကီး၏ မ်က္လုံးမ်ားကဲ့သို႔ပင္။
မႏွဲမိ ပါးစပ္က တရႈးရႈးျဖင့္ ေလသံထြက္လာသည္။ ၿပီးလ်င္ တဟင္းဟင္းျဖင့္ အံကိုႀကိတ္လ်က္ ရင္ေခါင္းသံကို ထူးျခားစြာ ျပဳ၏။
အနီးနား ရွိေနေသာ နတ္ေမးလာသူ မိန္းမ၃ေယာက္မွာ နားမလည္ႏိုင္စြာ တအံတၾသ ျဖစ္ေနၾကခ်ိန္၌ မႏွဲမိထံမွ …ၾကည္လင္ျပတ္သားေသာ စကားသံ ထြက္ေပၚလာပါ၏။ သို႔ေသာ္ ယင္းအသံသည္ မႏွဲမိ၏ ပင္ကိုယ္ေလသံ မဟုတ္ေၾကာင္း အနီးအနား ရွိသူအားလုံး သတိထားမိၾကေလသည္။
” ငါ့လင္ရဲ႕ အသက္ဝိဉာဥ္ကို ႏုတ္ယူၿပီး ၊ ငါ့လင္ရဲ႕ အသားကို ရက္ရက္စက္စက္ လွီးျဖတ္ စားေသာက္ၾကသူေတြကို ငါ လက္စားေခ်မယ္ေဟ့ ။
ငါ့မ်က္စိေရွ႕မွာ ငါ့လင္သားကို ရက္ရက္စက္စက္ သတ္ျဖတ္သြားသူေတြ သိပါေစ။ ငါ့ရင္ ပူေလာင္ၿမိဳက္ရသလို ဒင္းတို႔တေတြလည္း မီးက်ည္ခဲရဲရဲ ဝါးၿမိဳရသကဲ့သို႔ ဝမ္းမီးေတာက္ေစရမယ္ေဟ့ ”
ထိုသို႔ေျပာၿပီးသည္ႏွင့္ မႏွဲမိသည္ သတိလြတ္ကာ လဲၿပိဳသြားျပန္သည္။ မိန္းမသူ ၃ေယာက္တို႔သည္ မႏွဲမိ သတိျပန္လည္လာေအာင္ ျပဳစုၾကရျပန္သည္။
ထီး႐ိုး႐ြာေလး၌ ထိုသတင္းသည္ အထူးဆန္းဆုံး ညဦးပိုင္းသတင္းအျဖစ္
ခဏခ်င္း ပ်ံ႕ႏွံ႔သြားေလေတာ့သည္။
နတ္ကေတာ္ မႏွဲမိကေတာ့ ဤသို႔ ေဝဘန္ေကာက္ခ်က္ခ်သည္ဟု ၾကားသိရေလသည္။
” ေႁမြျဖဴရွင္သခင္မရဲ႕ အေစအပါး နတ္ေႁမြတစ္ေကာင္ရဲ႕ ခင္ပြန္းကို ႐ြာထဲက လူငယ္တစ္ခ်ိဳ႕ သတ္ျဖတ္မိၿပီ ထင္တယ္ ။ ေအာင္မယ္ေလး ကိုယ္က်ိဳးေတာ့ နည္းကုန္ေတာ့မွာပဲ ။ ေႁမြျဖဴရွင္သခင္မပိုင္ ဒီအနီးအနား ႐ြာ ၉႐ြာမွာ ေႁမြမသတ္ရဘူးလို႔ ထုံးတမ္းအစဥ္အလာရွိပါရဲ႕နဲ႔ ၊ ဘယ္လို လူမိုက္ကမ်ား လုပ္ရဲတာပါလိမ့္ ။ အေသဆိုးနဲ႔ေတာ့ ေသကုန္ၾကေတာ့မယ္ ထင္ပါရဲ႕ ”
( ၂ )
သာေဆာင္ တစ္ေယာက္တည္း အိမ္ေရွ႕က ကြပ္ျပစ္ေပၚမွာ မိန႔္မိန႔္ႀကီး ထိုင္လ်က္ ဇရက္မင္းစည္းစိမ္ကို အျပည့္အဝ ယူလ်က္ ရွိေနသည္။
သာေဆာင္၏အေမ ေဒၚျမၾကည္ မႏၲေလးၿမိဳ႕က တူမျဖစ္သူထံ ညအိပ္ အလည္သြားေန၍ သူ တစ္ေယာက္တည္း လြတ္လပ္စြာ မင္းမူေနခ်ိန္လည္း ျဖစ္၏။
သာေဆာင္ ထိုင္ေနသည့္ ေရွ႕တြင္ ခ်က္အရက္ပုလင္းကို ေထာင္ထားသည္။ အျမည္းေတြက စုံလင္လွသည္။ ၾကက္သားကာလသားဟင္း က တစ္ခြက္ ၊ ၿခံအေနာက္ ေဂြးေတာက္ပင္က ခူးဆြတ္ထားတဲ့ အၫြန႔္သစ္ေလးေတြကို ၾကက္ဥနဲ႔ေရာေၾကာ္ထားသည္က ပါလိုက္ေသး ။ ေျမပဲဆံလုံးႀကီးေတြနဲ႔ ပဲၾကားေလွာ္ ေရာေၾကာထားသည္လည္းပါ၏။သရက္ကင္းေလးေတြလည္း စိပ္ၿပီး ေရဇလုံငယ္ထည့္ စိမ္ထားသည္။
ေနာက္အျမည္းတစ္ခြက္က ဘာဟင္းလဲမသိဘူး။ င႐ုတ္သီးနဲ႔ အသားစိုေၾကာ္ပဲ။ အဲ့ဒီဟင္းခြက္က သာေဆာင္နဲ႔ အနီးဆုံးဆိုေတာ့ သူ႔အႀကိဳက္ေနလိမ့္မယ္။အျမည္းေတြကို ေဒၚျမၾကည္ရဲ႕ ခိုင္းဖတ္ မၾကာ႐ုံ လာၿပီး ခ်က္ျပဳတ္ေၾကာ္ေလွာ္ေပးသြားျခင္း ျဖစ္သည္။
ဒီလို အျမည္းက စုံစုံလင္လင္နဲ႔ ဖြယ္ဖြယ္ရာရာဆိုေတာ့ ဒီကေန႔အဖို႔ သာေဆာင္မွ မမူးလ်င္ ဘယ္သူ မူးဦးမလဲ။
အခုၾကည့္ … သာေဆာင္၏ ေရွ႕က ခ်က္အရက္ပုလင္းထဲ အရက္က ဖင္ကပ္ပဲ က်န္ေတာ့သည္။ဒါေပသိ သာေဆာင္ မမူးေသးပါဘူး။လူကေတာ့ ယစ္တစ္တစ္ေပါ့။ အျမည္းကလည္း တဝက္ေတာင္မက်ိဳးေသးဘူး။ အရက္က ကုန္ေတာ့မည္။
သာေဆာင္က ဒီကေန႔ေတာ့ သူ႔အေမ မရွိတုန္း စိတ္လြတ္လက္လြတ္ အဝေသာက္ အမူးေသာက္ အေမွာက္ေဆာ္မယ္လို႔ ႀကဳံးဝါးထားတာ။
အံမယ္ … ကြပ္ျပစ္ေပၚမွာ ေခါင္းအုံးနဲ႔ မုံ႐ြာခ်ည္ေစာင္ေလးေတာင္ ေခါက္လ်က္သား အရန္သင့္နဲ႔ ။ သူ႔ၾကည့္ရတာ အမူး အေမွာက္ေသာက္ၿပီး ဒီေနရာမွာပဲ စက္ေတာ္ေခၚမယ္လို႔ ႀကံ႐ြယ္ထားပုံပဲ။
ထိုအခိုက္ သူ႔ၿခံေရွ႕က ၁၃ႏွစ္သား အ႐ြယ္ ကေလးတစ္ေယာက္ ျဖတ္သြားသည္ကို သာေဆာင္ ျမင္လိုက္ရ၍ အခါအခြင့္ သင့္လိုက္ေလျခင္းလို႔ ေတြးကာ လွမ္းေအာ္ေခၚလိုက္သည္။
“ေဟ့ေကာင္ … သံဒိုး ဘယ္တုန္းဟ ၊ ကိုႀကီးဆီ ခဏ လာစမ္းဦး ”
သံဒိုးဆိုသည့္ ကေလးက သာေဆာင္ ေခၚသံၾကား၍ ေခါင္းတကုတ္ကုတ္နဲ႔ ၿခံဝိုင္းထဲ ဝင္လာသည္။ သံဒိုးၾကည့္ရတာ သာေဆာင္ကို ေၾကာက္၍သာ လာရျခင္း ျဖစ္ပုံရသည္။ လိုလိုခ်င္ခ်င္ ဝင္လာျခင္းေတာ့မဟုတ္။သံဒိုးမ်က္ႏွာက အီးမွန္ထားသလို မသက္မသာနဲ႔။
သာေဆာင္က သူ႔ေရွ႕ ေရာက္လာၿပီး ခပ္႐ို႕႐ို႕ေလး ရပ္ေနတဲ့ သံဒိုးကို အက်ႌအိတ္ကပ္ထဲက ပိုက္ဆံ ထုတ္ေပးၿပီး၊ေလသံမာမာျဖင့္ …
” သံဒိုး … ငါ့ကို အရက္တစ္လုံးေလာက္ သြားဝယ္ေပးစမ္း ၊ ျမန္ျမန္သြား ျမန္ျမန္ျပန္ခဲ့ေနာ္ ၊ လမ္းမွာ ဘာကိစၥနဲ႔မွ ၾကာမေနနဲ႔ ၾကားလား ”
ဝယ္ေပးေနက် ျဖစ္ဟန္တူတဲ့ သံဒိုးက သာေဆာင္ကို အထြန႔္မတက္ရဲဘူး။ ေၾကာက္႐ြံပုံနဲ႔ …
“ဟုတ္ကဲ့ ကိုႀကီးသာေဆာင္ ၊ မလွဝိုင္းဆိုင္ကပဲ မဟုတ္လား ”
သာေဆာင္က ဖင္ကပ္က်န္ေတာ့တဲ့ အရက္ပုလင္းထဲက အရက္ကို ဖန္ခြက္ထဲ သြန္ခ်ရင္း …
” ေအး … ပိုတဲ့ပိုက္ဆံ မင္း ယူလိုက္၊ ငါ့ဆီ အရက္ေတာ့ အျမန္လာပို႔ ၊ ဒီမွာ ျမင္လား ၊ အရက္က ကုန္ေတာ့မွာကြ၊ ငါ အရက္ကုန္လို႔မွ မင္း ျပန္မေရာက္လာရင္ေတာ့ … ”
သံဒိုးခမ်ာ ကြပ္ျပစ္ေပၚက တုံးလုံးလွဲလ်က္ရွိေသာ သာေဆာင္၏ ေဆာင္ဓားရွည္နဲ႔ေလာက္ေလးဂြကို ၾကည့္ကာ ခပ္႐ြံ႕႐ြံ႕ျဖင့္ ေခါင္းၿငိမ့္ျပၿပီး အေျပးထြက္သြားေလသည္။
” ဟား ဟား ဟား ”
ေၾကာက္႐ြံစြာ ဒုန္းစိုင္း ေျပးသြားေသာ သံဒိုး၏ ေနာက္ေက်ာျပင္ကို ၾကည့္၍ သာေဆာင္က သေဘာက်စြာ ဟက္ဟက္ပက္ပက္ ရယ္ေမာလိုက္၏။
လူမိုက္ဆိုတဲ့သေဘာက သူတို႔အား ေၾကာက္႐ြံၾကသည္ကို သေဘာေခြ႕ ႏွစ္ၿခိဳက္ၾကသည္ပဲမဟုတ္လား။
သာေဆာင္ဆိုတာ အသက္၂၂ ေက်ာ္ ၊ တစ္ကိုယ္ေရ တစ္ကာယ လူပ်ိဳလူလြတ္။သူထိုင္ေနေသာ ကြပ္ျပစ္အေနာက္က ႏွစ္ထပ္ ပ်ဥ္ေထာင္အိမ္မည္းႀကီးနဲ႔ ၿခံဝန္းက်ယ္ႀကီးထဲမွာ သားအမိ ၂ေယာက္တည္း ေနထိုင္ၾက၏။
သာေဆာင္ဆိုတာက ႐ြာရဲ႕ ေအာ္ေၾကာ္လန္ လူမိုက္။ အလုပ္မရွိ အကိုင္မရွိ ၊ အရက္ေလးတျမျမ ဂ်ိဳေလးတႂကြႂကြနဲ႔ ။ခ်မ္းသာႂကြယ္ဝတဲ့ မိခင္ႀကီးရဲ႕ အရွိန္အဝါနဲ႔ ရမ္းကားေနတဲ့သူ။
ခပ္ဆိုးဆိုး ခပ္ေပေပ သာေဆာင္ ဘာမွမလုပ္လည္း ခ်မ္းသာတဲ့ သူ႔အေမ ေဒၚျမၾကည္က ေကြၽးႏိုင္ဆင္ႏိုင္ေနတာပါပဲ။ တစ္ဦးတည္းေသာ သားဆိုေတာ့ ၊ ထုံးစံအတိုင္း သာေဆာင္က ႐ြာထဲမွာ ခပ္ဆိုးဆိုးေပါ့။
အေမျဖစ္သူက သူ႔သား ဆိုးသမွ်၊ မိုက္သမွ်ကို အၿပဳံးမပ်က္ ေငြထုပ္ပိုက္ လိုက္ရွင္းေပးတတ္သူ။ ေငြေၾကးတတ္ႏိုင္သူေတြ မဟုတ္လား။
အသက္ ၆၀အ႐ြယ္ ေဒၚျမၾကည္ဆိုတာက လယ္ပိုင္ရွင္ႀကီးကိုး၊ ဆုံးပါးသြားတဲ့ သူ႔ေယာက္က်ားကလည္း ေႁမြပုံကန္ သူႀကီးေဟာင္းတစ္ေယာက္။အဲ့ဒီေတာ့ ႂကြင္းက်န္ေနတဲ့ အာဏာပါဝါကလည္း ရွိေသး။
သူမ ပိုင္ဆိုင္ေသာ လယ္ေတြယာေတြက တႏွစ္ တစ္ႏွစ္ လယ္ေထာက္ခ ၊ သီးစားခ ရတာေတြက နည္းမွ မနည္းပဲ ။ ေဟာဒီ ေႁမြပုံကန္႐ြာနီးတစ္ဝိုက္မွာ ရွိတဲ့ စိုက္ပ်ိဳးေျမေတြ ေတာ္ေတာ္မ်ားမ်ားက လက္ညႇိဳးထိုးမလြဲ ေဒၚျမၾကည္တို႔ ဘိုးစဥ္ေဘာင္ဆက္ ပိုင္ခဲ့ၾကတာမဟုတ္လား။
ေဒၚျမၾကည္က အ႐ြယ္ဟိုင္းမွ အိမ္ေထာင္က်တာ။ သာေဆာင္ကို ေမြးေတာ့ အသက္ျဖင့္ ၄၀နားကပ္ေနၿပီ။သာေဆာင္က သားဦးသားေႏွာင္းပဲ။ တစ္ဦးတည္းေသာသား ။ ေနတက္ေရတက္မွာ ေမြးတာဆိုလား ။ ငယ္တုန္းက ေဗဒင္ဆရာေဟာတာက ရာဇဖြားတဲ့။ ႀကီးလာရင္ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္လိမ့္မယ္တဲ့ ။ အေႁခြအရံ ေပါျမားမယ္တဲ့။ အုပ္ခ်ဳပ္သူ အႀကီးအကဲ ျဖစ္လိမ့္မယ္တဲ့။
အဲ့ဒီေတာ့ ေဒၚျမၾကည္တစ္ေယာက္ သာေဆာင္ကို ငယ္ေလးကတည္းက ဖူးဖူးမႈတ္ အလိုလိုက္ထားသည္ေပါ့။ ေဒၚျမၾကည္ အလိုလိုက္လြန္းလို႔ သာေဆာင္ ေပတာမိုက္တာလည္း ျဖစ္ႏိုင္၏။ ပုဗၺစရိယ မိနဲ႔ဖလို႔ ဆိုသကိုး ။
မိနဲ႔ဖဆိုလို႔ သာေဆာင္အေဖအေၾကာင္း အနည္းအက်ဥ္း ညႇပ္ ေျပာရဦးမယ္။
ဦးခ်စ္ေဆာင္တဲ့။ သာေဆာင္အေဖနာမည္က ဦးခ်စ္ေဆာင္။ ထီး႐ိုး႐ြာ သူႀကီးမ်ိဳး ။ မ်ိဳးနဲ႔႐ိုးနဲ႔ သူႀကီးလုပ္လာခဲ့ၾကတာ။ ဦးခ်စ္ေဆာင္ ေသေတာ့ သာေဆာင္က ၁၃ႏွစ္သား။ သာေဆာင္က ငယ္ေသးေတာ့ သူ႔အေဖရဲ႕ ရာထူးကို ဆက္ခံလို႔ မရဘူး။ အဲ့ဒီမွာ သူႀကီးမ်ိဳး႐ိုးက ျပတ္သြားေရာ။
ဦးခ်စ္ေဆာင္ ကြယ္လြန္ေတာ့ သူႀကီးရာထူးကို ဦးခ်စ္ေဆာင္ရဲ႕ ညီဝမ္းကြဲ ဦးခင္ထြန္းဆိုသူက ဆက္ခံၿပီး ႐ြာကို အုပ္ခ်ဳပ္၏။
ဒါေတာင္ ေဒၚျမၾကည္က သူ႔သားကို သူႀကီးရာထူး ဆက္ေပးမလုပ္ရေကာင္းလားလို႔ ေဒါသူပုန္ထၿပီး လက္ရွိသူႀကီးရဲ႕မိသားစုကို ေအာ္ဟစ္ေနေသးတယ္ဆိုပဲ။
” ေအး … ငါ့သား အခု ငယ္ေသးလို႔ သူႀကီး လုပ္ခြင့္မျပဳရင္ အ႐ြယ္ေရာက္လာတဲ့တစ္ေန႔ ငါ့သား သာေဆာင္ ေဟာဒီထီး႐ိုး႐ြာရဲ႕ သူႀကီး ျဖစ္ကို ျဖစ္ေစရမယ္ေဟ့ ”
ေဒၚျမၾကည္က မေက်မနပ္နဲ႔ အဲ့သလို ႀကဳံးဝါးခဲ့သတဲ့။ ဟိုဘက္ကေတာ့ ဘာမွ မတုန႔္ျပန္ပါဘူး။ ေဒၚျမၾကည္ရဲ႕ ဥစၥာဓနနဲ႔ ေနာက္ခံအင္အား ေတာင့္တင္းတာကိုလည္း လက္ခံရမယ္မဟုတ္လား။
တစ္႐ြာလုံးက ေဒၚျမၾကည္နဲ႔ ကင္းၾကတာမဟုတ္ဘူး။ လယ္ယာ သီးႏွံ အထြက္မေကာင္းတဲ့ႏွစ္ဆို ေဒၚျမၾကည္ဆီမွာပဲ ေခ်းၾကငွားၾကရတာမဟုတ္လား။
ေနာက္တစ္ခုက ေဒၚျမၾကည္ရဲ႕ အမ်ိဳးေတြက ၿမိဳ႕ေပၚမွာ ေနၾကတာ။ မင္းေပါက္စိုးေပါက္ေတြ။ေက်း႐ြာအုပ္ခ်ဳပ္ေရးဆိုတာက ၿမိဳ႕နယ္လက္ေအာက္မွာေလ။ ေဒၚျမၾကည္ရဲ႕ တူမတစ္ေယာက္က ခ႐ိုင္အုပ္ခ်ဳပ္ေရးမႈးရဲ႕ ေခြၽးမဆိုလားပဲ ။ ကဲ..ဒီေတာ့ အဲ့ဒီတုန္းက ေဒၚျမၾကည္ ႀကဳံးဝါးတာ အေၾကာင္းရွိလိမ့္မယ္ေပါ့။
ေဒၚျမၾကည္တို႔က မပိုင္ဝက္ေမြး ဘယ္ေတာ့မွာ လုပ္မည္မဟုတ္။ ခ်ည္ၿပီးတုတ္ၿပီး ပိုင္မွ ခိုင္မွ ေျပာတတ္တာ။
အခုလည္း ေဒၚျမၾကည္ ၿမိဳ႕တက္သြားတာ အဲ့ဒီကိစၥပဲ ျဖစ္မယ္လို႔ ႐ြာထဲက ထင္ေၾကးေပးေနၾက၏။
သာေဆာင္က အခု အသက္၂၀ေက်ာ္ၿပီေလ။႐ြာသူ႐ြာသားေတြခမ်ာ သာေဆာင္သာ သူႀကီးျဖစ္ရင္ဆိုတဲ့ အေတြးက သူတို႔ တစ္႐ြာလုံးအတြက္ အခက္ပဲလို႔ စိတ္ပူပန္ေနၾကရွာ၏။
သူႀကီးအာဏာသာ သာေဆာင္လက္ထဲေရာက္လို႔ကေတာ့ ေဗြဆိုး ျမင္း႐ိုင္းတစ္ေကာင္ကို ဦးဂ်ိဳတပ္ေပးတာထက္ေတာင္ ပိုဆိုး႐ြာလိမ့္မည္။
____________
( ၃ )
သံဒိုး အရက္ပုလင္းကို ဝယ္ၿပီး ျပန္ေရာက္လာေတာ့ ၊ ရာသီဥတုက ခ်က္ခ်င္း ေျပာင္းလဲ သြား၏။ ေကာင္းကင္မွာ လ်ပ္စီးအခ်ိဳ႕ ျပက္၏။ မိုးရနံ႔ပါေသာ ေလေျပ ေဝ့ဝဲလာသည္။ မိုးစက္ေတာ့ မက်ေသးေခ်။
ဒါေပသိ ဒါက မၾကာခင္ မိုး႐ြာမည့္ လကၡဏာဆိုေလေတာ့ သာေဆာင္သည္ သံဒိုး အကူအညီျဖင့္ အရက္ဝိုင္းကို အိမ္ေပၚ ဝါးရံတာ စမွ်င္ကို ေျပာင္းရသည္။ မေတာ္ မိုးက ဝုန္းကနဲ ဒိုင္းကနဲ ႐ြာခ်လ်င္ သူ ဇရက္မင္းစည္းစိမ္ပ်က္မည္မဟုတ္လား။
သံဒိုး ျပန္သြားၿပီး မၾကာပါဘူး။ မိုးက တကယ္ ႐ြာခ်ေတာ့သည္။ မိုးၾကည့္သက္သက္မို႔ ေတာ္ေတာ့သည္။ ေလမပါေတာ့ မိုးက သူထိုင္ေနရာ စမွ်င္ကို သိပ္မပက္ေခ်။ မိုးမႈန္ေလး အခ်ိဳ႕သာ သူ႔မ်က္ႏွာထံ လြင့္ပါးထိေတြ႕ေန၏။
အရက္ခြက္ကို ဂလုခနဲ တရွိန္ထိုး ေမာ့လိုက္ၿပီး ေရွ႕က အသားတုံးေၾကာ္တစ္ခုကို သာေဆာင္ ၿမိန္ယွက္စြာ ဝါးလိုက္သည္။
အသားသည္ ႏူးညံလြန္း၏။ၾကာၾကာဝါးစရာမလို လွ်ာေပၚမွာပဲ အရသာစြဲထင္ကာ ေပ်ာက္သြား၏။ထို ထုပ္ထုပ္တစ္တစ္နဲ႔ ေလးေလးပင္ပင္ ခ်ိဳႏွစ္ေနေသာ အရသာကို သူ အရမ္းႀကိဳက္၏။ ပန္းကန္ထဲက အသားစိုေၾကာ္ကို ၾကည့္၍ ေဌးေအာင္နဲ႔ဝင္းေမာ္ကိုေတာင္ သတိရသြားသည္။
ဒီေကာင္ေတြလည္း ခုခ်ိန္ဆို သူ႔လိုပဲ အျမည္းေလးစားလိုက္ အရက္ေလးေမာ့လိုက္နဲ႔ မိုးေအးေအးမွာ စည္းစိမ္ယစ္ေနၾကလိမ့္မည္ဟု သူ ေတြးလိုက္မိသည္။
သာေဆာင္ ျမည္းေနေသာ င႐ုတ္သီးနဲ႔အသားစိုေၾကာ္မွာ တျခားမဟုတ္။ သူတို႔ ၃ဦးသား ေတာလည္ရာမွ ရလာေသာ ေႁမြသားဟင္းလ်ာပင္ ျဖစ္သည္။
ေတာထဲ၌ ဘာအမဲေကာင္မွ မထြက္သည္မို႔ သူတို႔ ၃ဦးသား စိတ္ပ်က္လက္ပ်က္ ဝါးအိုက္ေတာေလး အနီး ေျခပစ္လက္ပစ္ ထိုင္ေနၾကစဥ္ ၊ ဝင္းေမာ္ဆိုသည့္အေကာင္က မိတ္လိုက္ေနေသာ ေတာႀကီးေႁမြေဟာက္ စုံတြဲကို ျမင္ေတြ႕သြားျခင္းျဖစ္သည္။
ဝင္းေမာ္ အခ်က္ျပမႈေၾကာင့္ အရင္ဆုံး စလႈပ္ရွားသူက သာေဆာင္ပင္။ သာေဆာင္က အသင့္ပါလာေသာ ေလာက္ေလးဂြ ျဖင့္ တစ္ေကာင္နဲ႔တစ္ေကာင္က ရစ္ပတ္၍ မိတ္လိုက္ေနေသာ ေႁမြစုံတြဲ၏ ေခါင္းကို ခ်ိန္႐ြယ္ ပစ္ခတ္လိုက္ေတာ့သည္။
ေႁမြဖိုနဲ႔ေႁမြမွာ အခ်စ္ဆိပ္တက္ေနၾကသျဖင့္ ရန္သူကို သတိမမူ ဂူမျမင္ ျဖစ္သြားၾကသည္။
သာေဆာင္၏ ေလာက္ေလးဂြမွ ေက်ာက္စရစ္ခဲသည္ ေႁမြဖို၏ ေခါင္းကို တည့္မတ္စြာ ထိမွန္သြားသည္။ ဘတ္ႀကိဳး ႏွစ္ထပ္ဂြမို႔ အရွိန္က ျပင္းသည္။ ေႁမြဖိုေရာ ေႁမြမပါ လြင့္စင္သြား၏။ ေဌးေအာင္ထံမွလည္း ေနာက္တစ္ခ်က္ ထပ္ပစ္သံ ထြက္ေပၚလာသည္။
ခုနက ေခါင္းကို ထိမွန္ထားသည့္ ေႁမြဖိုကိုပဲ အပိုင္ထပ္မံ ပစ္ခြင္းလိုက္ျခင္း ျဖစ္သည္။ ေႁမြဖို၏ ေခါင္းသည္ ေနာက္တစ္ႀကိမ္ လာေရာက္ ထိမွန္ေသာ ေက်ာက္စရစ္ခဲေၾကာင့္ စုပ္ဖြာသြားသည္။
ေႁမြမသည္ အႏၲရာယ္ က်ေရာက္ေနမွန္း သိေသာ္လည္း မေျပးရွာေပ။ သူမ၏ လင္သားျဖစ္ေသာ ေႁမြဖို၏ ေၾကကြဲဖြယ္ရာ အနိဠာ႐ုံကို ေငးေမာေနရွာသည္။ မေျပးပဲ ရပ္တန႔္ေနေသာ ေႁမြမကို ေလာဘႀကီးေသာ ေဌးေအာင္က ထပ္ပစ္ျပန္သည္။ သို႔ေသာ္ စိတ္ေလာႀကီးေနဟန္တူ၏ ။ ဒီတစ္ခါ သူ႔ပစ္ခ်က္က ေႁမြမကို မထိမွန္ပဲ အေနာက္က ဝါးပင္ကိုထိမွန္ကာ ေက်ာက္စရစ္ခဲစမ်ား ဖြာထြက္သြားသည္။ခဲစမႈန္အခ်ိဳ႕ ေႁမြမကို ထိမွန္သြားသည္။ ထိုအခါမွ ေႁမြမသည္ သူမ၏ အသက္ေဘးကို သတိျပဳမိသြားဟန္တူသည္။
ေႁမြမသည္ သူမ၏ ခင္ပြန္းလင္အား ရက္ရက္စက္စက္ သတ္ျဖတ္ေနသူမ်ားကို တခဏမွ် မွတ္မွတ္ထင္ထင္ ၾကည့္လိုက္သည္။
ေႁမြမ၏ ျပဒါးေရာင္ မ်က္လုံးမ်ားသည္ ေၾကာက္မက္ဖြယ္ရာ အလြန္ေကာင္းေလ၏။ ပါးျပင္းေထာင္ထားသည္မွာ ရန္သူကို ခ်က္ခ်င္းပင္ ေပါက္သတ္လိုဟန္ တူ၏။ ေႁမြမသည္ အသက္ကင္းမဲ့သြားေသာ ေႁမြဖို၏ မ်က္လုံးမ်ားကို တစ္ခ်က္မွ် စူးစူးစိုက္စိုက္ ၾကည္လိုက္ေသး၏။
ေႁမြဖို၏ မ်က္လုံးမ်ားကလည္း ေႁမြမကို ေျပးပါေတာ့ဟု ေတာင္းပန္ေနသလားမသိ။
ေႁမြမသည္ အားမတန္ မာန္ေလ်ာ့လိုက္သည့္အလား ဝါးအိုက္ေတာထဲမွ ေလ်ာကနဲ ထြက္ေျပးသြားရွာ၏။
က်န္ရစ္ခဲ့ေသာ ေႁမြဖိုသည္ သူ႔ျမင္ကြင္းမွ ေႁမြမ ေပ်ာက္ကြယ္သြားေလမွ စိတ္ခ်သြားဟန္တူသည္။၊ေစာနက တြန႔္လိမ္ေနေသးေသာ ေႁမြဖို၏ ခႏၶာကိုယ္သည္ ၿငိမ္သက္သြားေတာ့ေလ၏။
ေႁမြအေသကို ေကာက္ယူၿပီး ခ်ိန္ဆၾကည့္ေသာ ဝင္းေမာ္က အားရဝမ္းသာ ေအာ္ဟစ္လိုက္သည္။
” ၿမိန္ၿပီေဟ့ … အနည္းဆုံး ၅ပိသာခြဲေလာက္ေတာ့ ရွိမယ္ဟ ၊ ေဟးေဟး ”
ေဌးေအာင္က ေႁမြမ ထြက္သြားရာဘက္ကို ၾကည့္ရင္း …
” ေတာက္! လြတ္သြားတဲ့ အေကာင္ပါဆို အခ်ိန္တစ္ဆယ္ေတာ့ ခပ္ေအးေအးပဲ ။ ႏွေမ်ာလိုက္တာကြာ ”
သာေဆာင္ကေတာ့ ဝင္းေမာ္လက္ထဲက ေႁမြဖိုႀကီးကိုၾကည့္၍ … ၊
” ေႁမြသား မစားရတာ ဘယ္ေလာက္ၾကာၿပီလဲ ၊ ဟီးဟီး ဒီတစ္ခါေတာ့ တဝႀကီး စားရၿပီေဟ့ ၊ င႐ုတ္သီးနဲ႔ ခပ္စပ္စပ္ေလးေၾကာ္ အရက္နဲ႔မ်ား ျမည္းလိုက္ရလို႔ေတာ့ကြာ ဘာေျပာေကာင္းမလဲ ဟားဟားဟား … ”
သာေဆာင္ ေန႔ခင္းက အျဖစ္အပ်က္ကို ျပန္ေျပာင္းေတြးကာ သေဘာက်ေနျခင္း ျဖစ္၏။
သူတို႔ ေန႔ခင္းက ရလာသည့္ ေႁမြသားကို ၃ေယာက္သား အညီအမွ် ခြဲယူၿပီး စိတ္ႀကိဳက္ ေၾကာ္ေလွာ္ စားေနၾကျခင္း ျဖစ္သည္။ ဝင္းေမာ္နဲ႔ေဌးေအာင္ ၂ေယာက္စလုံးက အိမ္ေထာင္သည္မ်ားျဖစ္ၾက၏။ ထို႔ေၾကာင့္ ယေန႔ ညေနပိုင္း သူတို႔မယားမ်ားနဲ႔ ခ်က္ျပဳတ္စားေသာက္ေနေလာက္ၾကၿပီ။
သာေဆာင္ ဝယ္ေပးလိုက္တဲ့ အရက္မ်ားကို ေသာက္ၿပီး မူးေနေလာက္ၾကၿပီ။
” ဂ်ိမ္း ! ဒလိမ္း ”
မိုးက ပိုသည္းလာသည္။ တခါတခါ မိုးနဲ႔အတူ ပါလာသည့္ ေလေၾကာင့္ သာေဆာင္ ထိုင္ေနရာ စမွ်င္ၾကမ္းျပင္တစ္ခုလုံး မိုးေရမ်ား စို႐ႊဲကုန္သည္။
အရက္လည္း ကုန္လုၿပီ။ သာေဆာင္ ထိုင္ေနရာမွ ထလိုက္သည္။ ေႁမြသားဟင္းမွာ တက္တက္ေျပာင္သြားၿပီ ျဖစ္သည္။ က်န္သည့္ အျမည္းအခ်ိဳ႕ေတာ့ ေတာ္ေတာ္မ်ားမ်ား က်န္ေနေသး၏။
ထိုအခိုက္ အိမ္ေရွ႕ ၿခံဝင္းတံခါး လႈပ္သံနဲ႔အတူ …
“သာေဆာင္ေရ … ေဟး! သာေဆာင္”
ေလေတြ မိုးေတြ ေကာင္းေနပါမွ ၿခံဝင္းတံခါးအေရွ႕မွာ ဘယ္သူမွန္း မသိ။ ေလေရာ မိုးပါဆိုေတာ့ သည္းသည္းကြဲကြဲ မျမင္ရဘူး။ ဒါေၾကာင့္ ျပန္ထူးလိုက္သည္။
” ေဟ့ … ဘယ္သူလဲ ။ ငါ အိမ္ေပၚမွာ ရွိတယ္ ။ ဘာကိစၥတုန္းကြ ”
” ငါပါဟ … ဝင္းေမာ္ပါ ၊ အေရးႀကီးလို႔ လာေတြ႕တာ …”
” ေအး … ဝင္ခဲ့ေလကြာ ၊ ၿခံတံခါး မင္း မဖြင့္ဖူးတာက်လို႔ ။ လက္ႏႈိက္ၿပီး မင္းတုန္းကို ဆြဲလိုက္ သူငယ္ခ်င္း ”
ဒီအခ်ိန္ႀကီးမွ လာေတြ႕တယ္ဆိုေတာ့ အဆန္းသား။ ဒီေကာင္ ဝင္းေမာ္ သူ႔မိန္းမနဲ႔ ရန္သတ္လာၿပီ ထင္တယ္ လို႔ သာေဆာင္ ေတြးလိုက္မိသည္။
ေသာက္ထားတဲ့ အရက္ ႏွစ္လုံးနီးပါး အရွိန္နဲ႔ ယိုင္ထိုး ယိုင္ထိုးခႏၶာကိုယ္ကို ထိန္းမတ္စြာ သာေဆာင္ ေလွကားက ဆင္းၿပီး ေအာက္ထပ္ တံခါးကို သြားဖြင့္ေပးလိုက္သည္။
ပထမဆုံး ျမင္လိုက္ရတာက ဝင္းေမာ္ရဲ႕ မခ်ိဳမခ်ဥ္ မ်က္ႏွာႀကီး ။ မ်က္ႏွာေပးကေတာ့ မုတ္ဆိတ္ပ်ားစြဲလာသလိုပဲ။
စပ္ၿဖဲၿဖဲ လုပ္ေန၏။
တံခါးဝမွာ သာေဆာင္က ပိတ္ရပ္ေနသလို ျဖစ္ေနေလေတာ့ ၊ ဝင္းေမာ္က ၿဖီးတီးတီးနဲ႔ …
” ဟ လမ္းေလး ဖယ္ပါဦး သာေဆာင္ရ၊ ဒီမွာ ဧည့္သည္ ပါလာတယ္ကြ ”
ေျပာရင္းနဲ႔ ဝင္းေမာ္ ကိုယ္ကို ႐ို႕လိုက္ေတာ့မွ သူ႔ေနာက္မွာ လူတစ္ေယာက္ပါလာမွန္း သာေဆာင္ သိသြားေတာ့၏။ သာေဆာင္ ထိုဧည့္သည္ကို ေငးေမာရင္း အမူးပင္ ေျပသြားသလား ေအာက္ေမ့ရသည္။
ဝင္းေမာ္ ေနာက္တြင္ ရပ္ေနသူက ကိုယ္လုံးကိုယ္ထည္ ေျပျပစ္ေတာင့္တင္းလွပေသာ မိန္းမပ်ိဳေလး ျဖစ္ေနသည္။ သူမ တစ္ကိုယ္လုံးမွာ မိုးေရမ်ား စို႐ႊဲေနသျဖင့္ လွပေက်ာ့ရွင္းေသာ သူမ၏ ခႏၶာကိုယ္ ေကာက္ေၾကာင္း အမို႔အဟိုက္ အဖုအေဖာင္းေတြက ပကတိအရွိအတိုင္း လွပထင္ရွားစြာေပၚလြင္ေနပါ၏။
” ေဟ့ေကာင္ … ဧည့္သည္ကို အိမ္ထဲ ေခၚဦးေလကြာ ”
ဝင္းေမာ္ သတိေပးေလမွ သာေဆာင္ တစ္ေယာက္ အသိဝင္လာၿပီး မိန္းကေလးကို အထဲဝင္ရန္ ဖိတ္ေခၚေလ၏။
” ေအာ္ … လာပါ ၊ အိမ္ထဲကို ဝင္ထိုင္ပါအုံး ”
သာေဆာင္က ေကာင္မေလးကို တန္းလ်ားခုံ ရွိရာသို႔ ေခၚသြားၿပီး ထိုင္ေစ၏။
ဝင္းေမာ္က သူ႔ ခါးကို လက္ျဖင့္ အသာတို႔လိုက္ၿပီး …၊
” သာေဆာင္ … မသူဇာဖို႔ စားစရာေလး တစ္ခုခု လုပ္ေပးရေအာင္ ၊ လာ ေနာက္ေဖးကို လိုက္ခဲ့ ”
မသူဇာဆိုသည္က ေနပါေစဟု ျငင္းေသာ္လည္း ဝင္းေမာ္က အခ်မ္းေျပ ေသာက္ရန္ ေရေႏြး သြားတည္လိုက္မည္ဟု ေျပာကာ သာေဆာင္၏ လက္ကို ဆြဲေခၚသြားသည္။
ေနာက္ေဖး မီးဖိုေခ်ာင္ ေရာက္သည့္အခါ ဝင္းေမာ္အား သာေဆာင္က သိလိုသည္မ်ားကို အငမ္းမရ ေမးေလ၏။
” ေဟ့ေကာင္ ဝင္းေမာ္ ၊ ေကာင္မေလးက ဘယ္ကလဲ ၊ လွလိုက္တာကြာ ၊ မ်က္ႏွာေလးေရာ ကိုယ္လုံးကိုယ္ေပါက္ေရာ ဘာမွကို အျပစ္ေျပာစရာ မရွိဘူး ။ မင္း ဘယ္က ဘယ္လို ငါ့အိမ္ကို ေခၚခ်လာတာလဲ …”
” ေဟ့ေအး … ငါ တမင္သက္သက္ မင္းဆီရယ္လို႔ ေခၚလာတာ မဟုတ္ဘူးကြ၊ ငါ အရက္ေသာက္ရင္း အရက္ကုန္သြားေတာ့ မင္းကို သတိရၿပီး ထြက္လာတာ။ လမ္းမွာ မိုးေတြကလည္း ႐ြာလို႔ ။ အဲ့ဒီအခ်ိန္ ေကာင္မေလးကို ႐ြာလယ္ လမ္းမႀကီးမွာ ျဗဳန္းကနဲဆို ေတြ႕လိုက္ရတာပဲ ။
သူက သူ႔ေယာက္က်ားကို လိုက္ရွာေနတာတဲ့။ေယာက္က်ား ေပ်ာက္ ရွာပုံေတာ္ ဖြင့္တယ္နဲ႔တူပါရဲ႕။ေကာင္မေလးၾကည့္ရတာ ဒို႔အရပ္ကေတာ့ ဟုတ္မယ္မထင္ဘူး။ ဒို႔ဘက္နယ္က မိန္းမေတြနဲ႔မတူဘူးဟ။ ေကာင္မေလးရဲ႕ အသားေလးက ဝါဝင္း အိစက္ေနတာပဲ။ တျခား တၿမိဳ႕က လာပုံပဲ။ သူ႔ေယာက္က်ား ငါတို႔ ထီး႐ိုး႐ြာဘက္ကို လာတယ္လို႔ သတင္းရလို႔ လိုက္လာတာနဲ႔ တူပါတယ္။
မိုးက႐ြာ ၊ ေလက က်နဲ႔ဆိုေတာ့၊ သူ႔ကို ဘယ္သူ႔မွ ျမင္ေတြ႕ပုံမရဘူး။ တစ္ေယာက္တည္း ဆိုေတာ့ ငါလည္း အသာဝင္ေရာၿပီး သူ႔ေယာက္က်ားကို ကူရွာေပးမယ္ဆိုၿပီး မင္းဆီကို မ..လာတာပဲ ငါ့လူေရ ။ က်န္တာေတာ့ အေျခအေနေပၚ မူတည္ၿပီး မီးစင္ၾကည့္ကၾကတာေပါ့ ဟီးဟီး ”
သာေဆာင္က ေကာင္မေလး ထိုင္ေနရာ ခုံတန္းကို လွမ္းၾကည့္ရင္း …၊
” ေတာက္ ! ဒီလို ဆူဆူၿဖိဳးၿဖိဳး အလွပေဂးေလးက ေယာက္က်ားရွိသတဲ့လား ၊ နာတယ္ကြာ ၊ ဒါမ်ိဳးေလးမ်ား ရရင္ေတာ့ ငါျဖင့္ တည္တည္တံ့တံ့ အိမ္ေထာင္ျပဳခ်င္သား ”
” ေဟ့ေကာင္ သာေဆာင္ တစ္ေယာက္တည္း ေမာင္ပိုင္စီးဖို႔ေတာ့ စိတ္မကူးနဲ႔ေနာ္ ။ ငါ ေခၚလာတာ ငါ့လည္း ေဝစားမွ်စားေလးေတာ့ ေပးဦး ”
” ေအာင္မယ္ … ဝင္းေမာ္ရာ ၊ မင္းမိန္မ အိမြန္ သိသြားရင္ ဘယ့္ႏွယ္လုပ္မတုန္း။ အိမြန္က ဇံဇံႀကဲေနာ္ ”
” အို … ဒါေတာ့ကြာ ၊ ေရာက္ရားေပါ့ ။ ေနာက္ျဖစ္မယ့္ဟာကို စဥ္းစားမေနႏိုင္ပါဘူး။ သူဇာေလးနဲ႔သာ အတူအိပ္ရမယ္ဆိုရင္ ေသေပ်ာ္ပါၿပီကြာ ”
” ဒါဆိုရင္ မင္း ငါ ေျပာသလိုလုပ္ ၊ ငါ ေရွ႕က ေၾကာင္းေပးမယ္ ။ မင္းက ေနာက္ကေန မီးစင္ ၾကည့္ကေပါ့ ”
အဲ့သည္ေနာက္ သူတို႔ႏွစ္ေယာက္ သူဇာဆိုသည့္ မိန္းကေလး ရွိရာသို႔ ျပန္လာၾကသည္။ သူတို႔ႏွစ္ေယာက္ သူဇာႏွင့္ မ်က္ႏွာခ်င္းဆိုင္က ခုံတန္းရွည္မွာ ဝင္လိုက္လိုက္ၾကၿပီး ၊ သာေဆာင္ကပင္ ဦးေဆာင္၍ စကားစ၏။
” မိုးနဲ႔ေလနဲ႔ဆိုေတာ့ ခဏတျဖဳတ္ က်ဳပ္အိမ္မွာပဲ နားပါအုံး မသူဇာ ။ မိုးေလၿငိမ္တာနဲ႔ က်ဳပ္တို႔ မသူဇာေယာက္က်ားကို ခ်က္ခ်င္း ကူရွာေပးပါ့မယ္ ၊ ႐ြာက ခပ္က်ဥ္းက်ဥ္းေလးပဲဟာ ၊ ဒီ႐ြာမွာ မသူဇာ ေယာက္က်ား ရွိတာေသခ်ာရင္ ေတြ႕ရမွာပါ ”
မသူဇာဆိုေသာ မိန္းမေခ်ာေလးသည္ သာေဆာင္စကားကို ၿငိမ္သက္စြာ နားေထာင္ေနေပမယ့္ အင္းးအဲ မလုပ္ေပ။ မ်က္လုံးမ်ားက ေတာင္ေ႐ြ႕ ေျမာက္ေ႐ြ႕ျဖင့္ တစ္အိမ္လုံး၏ အေျခအေနကို အကဲခတ္ေနပုံပင္။
သာေဆာင္က ေရစိုအလွနဲ႔ မသူဇာကို စားမတတ္ဝါးမတတ္ၾကည့္ေနေသာ ဝင္းေမာ္အား ပထုတ္ရန္ အႀကံျဖင့္ …၊
” ဧည့္သည္ကို ဧည့္ခံဖို႔ရာ အိမ္မွာက ဘာမွ အရန္သင့္ မရွိဘူးျဖစ္ေနတယ္ ၊ ေဟ့ေကာင္ ဝင္းေမာ္ မင္းက ေရစိုလက္စနဲ႔ဆိုေတာ့ ေဒၚသိန္း ကုန္စုံဆိုင္သြားၿပီး စားစရာနဲ႔ ေသာက္စရာ အခ်ိဳရည္ေလး ဝယ္ေခ်ကြာ ၊ ေရာ့ ငါဆီက ပိုက္ဆံယူသြား ”
ေျပာရင္း သာေဆာင္က ဝင္းေမာ္၏ေပါင္ကို အသာ လက္ကုတ္လိုက္သည္။ အလယ္တြင္ စားပြဲခုံ ရွိေနသျဖင့္ သာေဆာင္ႏွင့္ဝင္းေမာ္တို႔၏ အခ်က္ေပးမႈကို မသူဇာ မျမင္ႏိုင္ေပ။
ဝင္းေမာ္ သေဘာေပါက္ၿပီ။ ေဒၚသိန္း ကုန္စုံဆိုင္တြင္ အရက္လည္း ရသည္။ သာေဆာင္က အခ်ိဳရည္ထဲ အရက္ေရာလာခဲ့ခိုင္းတာကို သေဘာေပါက္ျခင္းပင္။ မသူဇာအား အခ်ိဳရည္တိုက္ၿပီး မူးသည့္အခါ၌ သူတို႔ စိတ္တိုင္းက် ျပဳႏိုင္မည္ျဖစ္သည္။ ယုတ္မာေကာက္က်စ္ေသာ ေအာက္တန္းက်ေသာ သာေဆာင္ႏွင့္ဝင္းေမာ္တို႔၏ အႀကံကို မသူဇာကေတာ့ျဖင့္ မသိႏိုင္ေပ။
သို႔ျဖင့္ ဝင္းေမာ္သည္ စဥ္းလဲေသာ အႀကံျဖင့္ ေဒၚသိန္း ကုန္စုံဆိုင္ ရွိရာသို႔ မိုးထဲေလထဲ ထြက္သြားေလ၏။
ထိုအခါ အိမ္ႀကီးထဲ၌ လွပ ပ်ိဳျမစ္ေသာ မိန္းမေခ်ာေလးနဲ႔ လူယုတ္မာ သာေဆာင္တို႔သာ က်န္ရစ္ခဲ့ေတာ့သည္။
သာေဆာင္သည္ စားေနက် ေၾကာင္ဖားႀကီးမို႔ မိန္းမေခ်ာေလး မသူဇာအား ဘယ္ပုံဘယ္နည္းျဖင့္ သိမ္းသြင္း အရယူရမလဲဆိုတာ သိပ္ၿပီးေတြးေတာေနစရာမလို ။ အႏုနည္းျဖင့္ မရလ်င္ အၾကမ္းနည္းျဖင့္ ရေအာင္ယူမည္မွာ ဧကန္မုခ် မလြဲမေသြ ျဖစ္ေလ၏။
________________
( ၄ )
ဝင္းေမာ္ ေဒၚသိန္း ကုန္စုံဆိုင္ကေန ျပန္လာေတာ့ မိုးတိတ္သြားၿပီ ျဖစ္၏။ ဝင္းေမာ္ အခ်ိဳရည္ဘူးထဲကို အရက္ေရာထည့္လာၿပီး ျဖစ္သည္။ ထိုအခ်ိဳရည္ဘူးကို ကိုင္ၿပီး ဝင္းေမာ္ ၿပဳံးလိုက္မသည္။
” သာေဆာင္က လူပါး ၊ ဒီေကာင္ ငါ့ကို ပ,ထုတ္လိုက္တာပဲ ၊ အခုခ်ိန္ဆို ဒီေကာင္ ေကာင္မေလးကို ႀကံစည္ၿပီးေလာက္ၿပီ ။ ဟင္းဟင္း သာေဆာင္အေၾကာင္း ငါ ေနာေၾကေနပါၿပီေလ။
ဒါေၾကာင့္လည္း ငါက ေဒၚသိန္းဆိုင္မွာ အရက္တစ္ခါတည္း ေမာ့ရင္း အခ်ိန္ဆြဲေနာက္က်ေပးေနတာ ။
ခုေလာက္ဆို ငါ့ေကာင္ႀကီးေတာ့ နတ္ဘုံနတ္နန္း ေရာက္ေနၿပီေနမွာ ။ ဟီးဟီး ဒင္းၿပီးရင္ေတာ့ ငါ့အလွည့္ေပါ့။ ေအာ္ မသူဇာ မသူဇာ လွရက္ပါေပ့ကြယ္ ။ အသားေလးမ်ားဆို ဝင္းဝါၿပီး အိစိုလို႔ ၊ ကိုယ္လုံးေလးကလည္း ငါးရံ႕ကိုယ္လုံးေလး ၊ လွမွလွ ။ ထိရက္စရာ ကိုင္ရက္စရာေတာင္ မရွိပါဘူး။ ဟားဟားဟား ”
ဝင္းေမာ္တစ္ေယာက္ ဝမ္းထဲက ႀကိတ္ၿပီး အူျမဴးကာ သာေဆာင္အိမ္ကို ခပ္သုတ္သုတ္ ျပန္လာခဲ့၏။သာေဆာင္အိမ္ကို ေရာက္ေတာ့ အေပၚထပ္မွာ မီးလင္းေနသည္ကို ျမင္ေတြ႕လိုက္ရသည္။ ထိုအခါ သူထင္သည့္အတိုင္း သာေဆာင္တစ္ေယာက္ မသူဇာကို အေပၚထပ္ရွိ အခန္းထဲသို႔ ေခၚဆာင္သြားၿပီဟု သိလိုက္ၿပီ။
ေအာက္ထပ္တံခါးကို အသံျမည္ေအာင္ ေသခ်ာ ေဆာင့္ဖြင့္လိုက္ၿပီး ဝင္းေမာ္ အသံေပးလိုက္သည္။
” အဟမ္း … အဟမ္း ငါ ျပန္ေရာက္ၿပီေနာ္ သာေဆာင္ ၊ မင္းမွာလိုက္တဲ့ စားစရာ ေသာက္စရာေတြ ဝယ္လာခဲ့တယ္ ”
ဝင္းေမာ္က အသံၿပဲႀကီးနဲ႔ ေအာ္ေျပာလိုက္ေပမယ့္ အေပၚထပ္က သာေဆာင္ထံမွ ေျဖသံ ထူးသံ မၾကားရ။မိန္းမတစ္ေယာက္၏ ငိုရႈိက္သံ သဲ့သဲ့ေလးသာ ၾကားလိုက္ရ၏ ။
ဝင္းေမာ္ ၿပဳံးလိုက္သည္။ မသူဇာရဲ႕ ငိုရႈိက္သံသည္ သာေဆာင္၏ ေအာင္ပြဲပဲ မဟုတ္လား။
” ဟား သာေဆာင္တို႔ကေတာ့ ပိုင္ပါ့ကြာ ၊ လက္သြက္ခ်က္ ဟိဟိ ”
ဝင္းေမာ္ စားစရာေတြကို စားပြဲေပၚတင္ထားၿပီး အေပၚထပ္သို႔ ေျခဖြ တက္လာခဲ့သည္။ အေပၚထပ္ေရာက္သည့္အခါ သာေဆာင္၏ အခန္းတံခါးမွာ တိုးလ်ိဳးေပါက္ ပြင့္လ်က္သား ျမင္ေတြ႕လိုက္ရသည္။ သာေဆာင္ကား ေအာင္ေသေအာင္သားစားၿပီး၍ အဆီရစ္ကာေနသလား မေျပာတတ္။ ေမွာက္လ်က္သားႀကီး အိပ္ေနၿပီး ၊ သူ႔ေဘးနားမွာေတာ့ မသူဇာသည္ ပုံ႔ပုံ႔ေလးထိုင္လ်က္ ေက်ာေပးကာ ငိုရႈိက္ေနရွာသည္။ ဝင္းေမာ္ ေျခလွမ္းႀကဲႀကီးျဖင့္ အခန္းထဲသို႔ တန္းဝင္သြားသည္။
” ဟင္ … ဘာျဖစ္ၾကတာလဲ ၊ မသူဇာ ဘယ္လို ျဖစ္တာလဲ ”
ဝင္းေမာ္က ဘာမွ မသိသလို ေမးလိုက္ၿပီး မသူဇာ ထိုင္ေနသည့္ အေနာက္ဘက္မွာ ဝင္ထိုင္လိုက္သည္။
” မသူဇာကို ဒီေကာင္ ေစာ္ကားလိုက္တာလား …ဟာဗ်ာ ”
မသူဇာထံမွ ငိုရႈိက္သံ ေပ်ာက္ကြယ္သြားသည္။ သို႔ေသာ္ မ်က္ႏွာကို ငုံ႔လ်ိဳး ဖုံးကြယ္ထားဆဲ။ ဝင္းေမာ္သည္ မသူဇာအား ေဖးမကူညီသည့္သေဘာအလား ၊ သူ၏ လက္တစ္ဖက္က မသူဇာ၏ ပခုန္းသားဝင္းဝင္းထံသို႔ ေရာက္သြားသည္။
” ဟာ … ဘာေတြလဲ ၊ က်ိခြၽဲခြၽဲႀကီး”
ထမိန္ရင္လ်ားနဲ႔ ထိုင္ေနေသာ မသူဇာ၏ ပခုန္းကို ထိေတြ႕မိသည္ လက္သည္ က်ိခြၽဲခြၽဲ ပ်စ္တစ္တစ္ အရည္တခ်ိဳ႕ႏွင့္ ကပ္ေစးေစးျဖစ္သြားသည္။ ၿပီးေတာ့ …
” အား … ပူလိုကၱာ ”
ဝင္းေမာ္ ခ်က္ခ်င္း လက္ကို ႐ုတ္ၿပီး ေနာက္ကို ဆုတ္လိုက္မိသည္။ အဘယ္ေၾကာင့္ဆိုေသာ္ မသူဇာ၏ အသားသည္ ရွားသားမီးခဲတမွ် ပူေလာင္ေနေသာေၾကာင့္ပင္။ ထိုသို႔ အလန႔္တၾကား ေနာက္ကို ဆုတ္လိုက္မွပဲ သူ႔တင္ပါးနဲ႔ သာေဆာင္၏ ကိုယ္လုံး ထိတိုက္မိၿပီး
သာေဆာင္၏ ကိုယ္လုံးႀကီးက ပက္လက္လွန္သြားေတာ့သည္။ဝင္းေမာ္ သာေဆာင္၏ မ်က္ႏွာကို လွမ္းၾကည့္လိုက္သည္။
” ဟာ … သာေဆာင္ … သာေဆာင္ ဘာျဖစ္တာလဲ ”
သာေဆာင္၏ မ်က္ႏွာႏွင့္လည္ပင္းမွာ ျပာႏွမ္းေနၿပီး၊ ပါးေစာင္က အျမဳပ္ေတြ တစီစီ ထြက္က်ေနပါသည္။ သာေဆာင္၏ မ်က္လုံးႀကီးမွာ ကြၽတ္က်လုမတတ္ ျပဴးထြက္ေနပါ။
ဝင္းေမာ္ ခ်က္ခ်င္း မတ္တတ္ ထရပ္လိုက္ၿပီး …
” မင္း မင္း သာေဆာင္ကို ဘာလုပ္လိုက္တာလဲ ”
မသူဇာထံမွ ခနဲ႔တဲ့တဲ့ ရယ္သံလိုလို ထြက္ေပၚလာသည္။သို႔ေပမယ့္ ေခါင္းကိုေတာ့ ဆံပင္ဖားလ်ားျဖင့္ ငုံ႔ထားဆဲပင္။
“ဟင္းဟင္းဟင္း … ဘာလဲ ၊ နင္ေရာ သိပ္ေၾကာက္ေနၿပီလား ”
ဝင္းေမာ္ အခန္းအျပင္သို႔ ေျပးထြက္လိုက္သည္။ ထိုအခါ မသူဇာသည္ တေျဖးေျဖး မတ္တတ္ထရပ္လာ၏။ ၿပီးေနာက္ မသူဇာသည္ ဝင္းေမာ္ ရွိရာဘက္သို႔ မ်က္ႏွာခ်င္းဆိုင္ အေနအထား လွည့္လာသည္။
” ဟာ! မင္း မင္း …”
ဝင္းေမာ္ စကားေတြ ထစ္ေငါ့ကုန္သည္။ ေသးပါမတတ္ ေၾကာက္လန႔္သြားသည္။ မေၾကာက္ပဲလားေလ။ မသူဇာမ်က္ႏွာက ေႁမြတစ္ေကာင္ကဲ့သို႔ အေၾကးအညႇိမ်ားႏွင့္ လြန္စြာ ေၾကာက္မက္ဖြယ္ရာေကာင္းေနသည္မဟုတ္လား။ မသူဇာသည္ ဝင္းေမာ္ရွိရာသို႔ လက္ညႇိဳး ဆန႔္တန္း ထိုးလိုက္သည္။
မသူဇာ၏ လက္မွာလည္း မည္းေျပာင္ေခ်ာႀကီး ျဖစ္ေန၏။ ေႁမြတစ္ေကာင္၏ ကိုယ္လုံးသ႑ာန္အလား တူေနပါသည္။ ဝင္းေမာ္ ထိတ္လန႔္တၾကား ေအာက္ထပ္သို႔ ဆင္းေျပးေလ၏။
ေအာက္ထပ္သို႔ ေရာက္သည့္အခါ တံခါးဝသို႔ အလ်င္အျမန္ ေျပးျပန္၏။ သို႔ေသာ္ သူ တံခါးဝ မေရာက္မွီ တံခါးသည္ သူ႔အလိုလို ဝုန္းကနဲ ေဆာင့္ပိတ္သြားသည္။ ဝင္းေမာ္ တံခါးကို အတင္းဆြဲဖြင့္သည္။ ေျချဖင့္ ေဆာင့္ကန္ ဖြင့္သည္။ ဝင္းေမာ္ ေသြး႐ူးေသြးတမ္း ျဖစ္ေနရွာၿပီ။ တံခါးသည္ ၿမဲၿမံလြန္းစြာ ပြင့္လာျခင္း မရွိေပ။
ေလွခါးမွ ေလ်ာတိုက္ ဆင္းလာသံ ၾကားရ၍ ဝင္းေမာ္ ေနာက္ျပန္ လွည့္ၾကည့္လိုက္သည္။ သို႔ေသာ္ ေလွကားရင္း အနီးတစ္ဝိုက္တြင္ ေႁမြတစ္ေကာင္မွ် မေတြ႕သလို၊ မသူဇာကိုလည္း မျမင္ရေခ်။ မၾကာမီ ေအာက္ထပ္ တစ္ခုလုံးသည္ ျဖဴျဖဴ အေငြ႕မ်ား ဟိုေနရာမွ သည္ေနရာမွျဖင့္ ေနရာအႏွံ႔မွ ထြက္ေပၚလာၾကသည္။
ဝင္းေမာ္ ဘာကိုမွ မျမင္ရေတာ့ေခ်။ ဝင္းေမာ္ သူ႔ေရွ႕က ျဖဴျဖဴ အေငြ႕ေတြကို လက္ျဖင့္ ေဝွ႔ယမ္း ဖယ္ရွားလိုက္သည္။ ထိုအခါ သူ႔ေျခေထာက္ေပၚသို႔ လႈပ္႐ြ႐ြျဖင့္ အေကာင္တစ္ေကာင္ တက္လာသလို ခံစားလိုက္ရသည္။
မၾကာပါ … သူ႔ ေျခဖမိုး ပူကနဲ ျဖစ္သြားသည္။ အေကာင္တစ္ေကာင္ ကိုက္လိုက္သကဲ့သို႔ပင္။ ဝင္းေမာ္ မ်က္လုံးမ်ားက ခ်က္ခ်င္း ျပာေဝလာသည္။ ရင္ဘတ္ထဲက ေအာင့္တက္လာ၏ဝမ္းဗိုက္ထဲမွာ မီးက်ီခဲကို ၿမိဳခ်ထားမိသလို ပူေလာင္ၿမိဳက္လာသည္။ အသက္ရႈရခက္ခဲလာ၏။
ဝင္းေမာ္ ေရွ႕က ျဖဴျဖဴ အေငြ႕မ်ား တေျဖးေျဖး လြင့္ျပယ္သြားသည္။ ဝင္းေမာ္ ေနာက္ဆုံး ျမင္ေတြ႕လိုက္ရသည္ကေတာ့ သူ႔ေရွ႕တည့္တည့္ မနီးမေဝးမွာ အလြန္လွပေသာ မိန္းမပ်ိဳေလး မသူဇာသည္ သူ႔အား ေလွာင္ၿပဳံး ၿပဳံးျပေနျခင္းသာ ျဖစ္ေတာ့သည္။
မၾကာမီ ဝင္းေမာ္လည္း သာေဆာင္ကဲ့သို႔ပင္ တစ္ကိုယ္လုံး ျပာႏွမ္းကာ ပါးစပ္က အျမဳပ္တစီစီျဖင့္ အသက္ထြက္သြားေလေတာ့သည္။
______________
( ၅ )
ေနာက္တစ္ေန႔မွာေတာ့ ေဒၚျမၾကည္သည္ မႏၲေလးၿမိဳ႕မွ ဝမ္းသာအားရ ျပန္လာၿပီး အိမ္တံခါးကို ဖြင့္ၾကည့္လိုက္သည့္အခါ ၊ အရင္ဦးစြာ သားျဖစ္သူ သာေဆာင္၏ သူငယ္ခ်င္း ဝင္းေမာ္၏ အေလာင္းကို ျမင္ေတြ႕လိုက္ရ၍ ထိတ္လန႔္တၾကား ေအာ္ဟစ္လိုက္မိသည္။
ေအာ္ဟစ္သံေၾကာင့္ အိမ္နီးနားခ်င္းေတြ အေျပးအလႊား ေရာက္လာၾကသည္။ ေဒၚျမၾကည္ သားျဖစ္သူ၏ အခန္းရွိရာ အေပၚထပ္သို႔ အေျပးအလႊား တက္ၾကည့္လိုက္သည္။
ပိုးစိုးပက္စက္ ေသေနသည့္ ျပာႏွမ္းႏွမ္း သာေဆာင္၏ အေလာင္းႀကီးကို ေတြ႕လိုက္ေသာအခါ ေဒၚျမၾကည္တစ္ေယာက္ ခ်က္ခ်င္း သတိလစ္ လဲက်သြားပါေတာ့သည္။
ေက်း႐ြာလူႀကီး ႏွင့္ တာဝန္ရွိသူမ်ား သတင္း ၾကားလ်င္ၾကားခ်င္း ေဒၚျမၾကည္အိမ္က အေလာင္မ်ားထံ ေရာက္လာၾကသည္။
ေက်း႐ြာ သူႀကီး ႏွင့္ တာဝန္ရွိသူတို႔ အံဩသြားၾကသည္။ ၾကည့္ရသည္မွာ ၎တို႔သည္ အလြန္အမင္း အံအားသင့္ေနပုံရသည္။
႐ြာလူႀကီး ပါးစပ္က မေနႏိုင္မထိုင္ႏိုင္ ေျပာထြက္လိုက္မွ အားလုံးေသာ ႐ြာသားတို႔မွာ ပိုမို အံအားသင့္ကုန္ၾကရသည္။
” ဟာ … က်ဳပ္တို႔႐ြာ ဘယ္လိုျဖစ္တာလဲ ၊ တစ္ရက္တည္း လူငယ္၃ေယာက္ေတာင္မွ ပိုးစိုးပက္စက္ ေသကုန္ၾကတယ္။ ေသၾကတာကလည္း ဘယ္ေလာက္ေတာင္ ထူးျခားတိုက္ဆိုင္လဲ၊ တစ္ပုံစံတည္းဗ် ။ဒီမနက္အေစာႀကီးက ႐ြာေတာင္ပိုင္းက ေဌးေအာင္လည္း သာေဆာင္တို႔ ဝင္းေမာ္တို႔ ေသသလိုပဲ တစ္ကိုယ္လုံး ျပာႏွမ္းၿပီး ေသတာ ။ၾကည့္ရတာေတာ့ ေႁမြကိုက္ခံတယ္နဲ႔တူပါရဲ႕ ”
ထိုအျဖစ္အပ်က္ကို လာၾကည့္သူ နတ္ကေတာ္ မႏွဲမိသည္ သူႀကီးစကားကို ၾကားရသည္နဲ႔ မ်က္စိမ်က္ႏွာ ပ်က္ယြင္းသြားသည္။ ၿပီးလ်င္ ထိုေနရာမွ ခပ္သုတ္သုတ္ ထြက္ခြာသြား၏။
မႏွဲမိ အိမ္အျပန္လမ္းတြင္ သူတို႔ ထီး႐ိုး႐ြာ၏ အေနာက္ဘက္စူးစူးက ေတာင္တက္လမ္းကို အမွတ္မထင္ လွမ္းေမွ်ာ္ၾကည့္လိုက္မိသည္။
ထိုေတာင္ေပၚတြင္ ေႁမြနတ္ရွင္သခင္မ နတ္နန္း ရွိ၏။ ေတာင္တက္လမ္း မႈံျပျပမွာ အျဖဴေရာင္ထိုင္မသိမ္း အဝတ္အစားႏွင့္ မိန္းမပ်ိဳတစ္ဦးသည္ ေႁမြနနတ္ရွင္သခင္မ နတ္ကြန္းရွိရာသို႔ တေ႐ြ႕ေ႐ြ႕ လွမ္းသြားေနသည္ကို ျမင္ေယာင္ရင္း ….။
သူမ နားထဲတြင္ေတာ့ နတ္ေႁမြမ တစ္ေကာင္၏ က်ိန္းဝါးသံကို ျပန္လည္ ၾကားေယာင္ေနမိသည္။
“ငါ့လင္ရဲ႕ အသားကို စားေသာ္ … ”
ၿပီးပါၿပီ
ပီပီ(မႏၲေလး)