ထူးဆန်းသည့် နတ်မြွေကြီး

ထူးဆန်းသည့် နတ်မြွေကြီး
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)
(ဖြစ်ရပ်မှန်)
*********
နတ်မြွေကြီးဟု ကြားသိလိုရမည်ဆိုလျင် နတ်မိချောင်းအားလည်း ကြားဘူးကြလိမ့်မည်ထင်ပါသည်။ ဟုတ်ပါသည်။ ယခုအဖြစ်အပျက်လေးဟာဆိုလျင် ကျွန်ုပ်မိခင်၏ အစ်ကိုကြီးဖြစ်သူ ကျွန်ုပ်၏ဘကြီးတော်စပ်သူ ဦးဌေးလွင်၏အဖြစ်အပျက်ကြီးတစ်ခုပင်ဖြစ်သည်။
အချိန်ကား ၁၉၇၇-၁၉၇၈ပြည့်နှစ်ပင်ဖြစ်သည်။ ထိုအချိန်က ရဟတ်နှင့်အတူ ပွဲစျေးတန်းကြီးများဟာ ရပ်ကွက်တိုင်းလိုလို၌ ပွင့်လင်းရာသီဆီသို့ ရောက်ရှိလာသည်နှင့်မျှ စည်းကားနေလျက်ရှိပေသည်။ ထိုအချိန်က ပွဲလန်းသဘင်များသာ ခေတ်စား၏။ ပွဲစျေးတန်းကြီးတွင် လူကြီးသူမများကြားဘူးလိမ့်မည်ဖြစ်၏။ ထိုပွဲစျေးတန်းများမှာ ဆယ့်နှစ်ပွဲ၊ ခေါင်းနှစ်လုံး၊ မျက်လှည့်၊ မျောက်ပွဲ၊ မြွေပွဲ စသဖြင့် ထိုပွဲကြီးများသည်လည်း လူအတော်များများမှ စိတ်ဝင်တစားကြည့်ရှု့ခဲ့ကြသည့် ပွဲလန်းသဘင်ကြီးများပင်ဖြစ်လေသည်။
ကျွန်ုပ်၏ဘကြီးတော်စပ်သူမှာ မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီလမ်းအတွင်း၌ နေထိုင်သည့် မိဆုဟူသော အမျိုးသမီးနှင့် အိမ်ထောင်ကျခဲ့ပေသည်။ မမိဆု၏ဖခင်ဖြစ်သူမှာ ဆယ့်နှစ်ပွဲလိုက်သည့် မျက်လှည့်ဆရာကြီးတစ်ဦးပင်ဖြစ်လေပြီး၊ သူထံတွင် ရဟက်၊ ချား၊ မျောက်ပွဲပြသရန်အတွက် မျောက်များသည်လည်း သူ၏နေအိမ်အတွင်း၌ မွေးမြူးထားခဲ့သည်။
ထိုအချိန်က နွယ်သာကီ(၈)လမ်း တစ်လမ်းလုံးမှာ မိသားစုများကဲ့သို့ နေထိုင်ကြပြီး၊ ဦးကာအာ၏နေအိမ်ဆီမှ မျောက်လွတ်လာသည်နှင့် တစ်လမ်းလုံးမှာ ရုံးရင်းဆံခတ်ဖြစ်ကုန်ကြလျက်၊ အ်ိမ်ထဲမှ အိမ်အပြင်သို့ပင် မထွက်ရဲကြချေ။ အကြောင်းမှာ သံကြိုးဆီမှ လွတ်လာသည့်မျောက်မှာ ကုတ်ဖဲ့ခြောက်လန့်တတ်ခြင်းကြောင်ြ့့ဖစ်လေ၏။ လွတ်လာသည့်မျောက်သည်လည်း လွတ်လာပြီဆိုသည်နှင့် ဦးတွကြီးစျေးဆိုင်မှ ငှက်ပျောသီးနှင့်မုန့်များဟာ ထိုမျောက်လုယူစားသောက်ခဲ့သည်ကြောင့် ဦးအာကာမှာ မကြာခဏ အလျော်ဇယားနှင့်သာ ကြုံတွေ့နေခဲ့ရလေသည်။
သို့သော် ထိုမျောက်မှာ သူ၏သခင်ဖြစ်သော ဦးအာကာကိုမူ အသေကြောက်၏။ ဦးအာကာမရှိသည့် အချိန်မှသာလျင် သံကြိုးဆီမှ အလွတ်ပြေးရှောင်လေ့ရှိလေသည်။ မျောက်တို့၏ထူးခြားချက်မှာ ငပိဟူသော အရာအား အင်မတန်မှကြောက်၏။ ငပိနှင့်သူ၏လက် ထိတွေ့သွားခဲ့ပါက ထိတွေ့သွားခဲ့သော လက်တစ်ချောင်းလုံးကိုပင် ပွန်းပဲ့လျက်သွေးများစွာ ထွက်လာသည့်အထိ ပွတ်တိုက်နေတော့သည်။ နာခေါင်းဖြင့်နမ်းလျက် ငပိနံ့ရှိနေသေးပါက ရဲရဲတောက်သွေးများစွာ ထွက်လာသည့်ကြားမှာ ကြမ်းပြင်နှင့်ပွတ်တိုက်နေခါ တစ်နေ့လုံးအဖို့ တစ်ကောင်တည်းအလုပ်ရှုတ်နေခဲ့ရသည်။ ငပိ၊ ထိုအရာမှာ မျောက်တို့၏အကြောက်ဆုံး အရာပင်ဖြစ်သည်။
ဘဘဦးဌေးလွင်မှာ မမိဆုနှင့်အိမ်ထောင်ကျသွားခဲ့ပြီး ယောက်ခယ်မဖြစ်သူ ဦးအာကာနှင့် မျက်နှာချင်းဆိုင်မရ၊ အမြဲတစေ ဘုနှင့်ဘောက်ဖြစ်နေတတ်ပေသည်။ ညားခါစအချိန်မှဆိုလျင် သားသမက်နှင့်ယောက်ခယ်မတို့မှာ တစ်ပူးတစ်တွဲတွဲနှင့် ရှိနေတတ်ခဲ့ပြီး၊ ဦးကာအာ၏ပွဲတိုင်းတွင်လည်း ဦးဌေးလွင်မှာ အမြဲတစေလိုက်ပ်ါနေတတ်သည်။ မျောက်ပွဲပြပြီဆိုလျင်လည်း ဦးဌေးလွင်မှာ ယောက်ခယ်မဖြစ်သူနှင့် တတ်ညီလက်ညီဝိုင်းဝန်းလုပ်ကိုင်ပေးတတ်သည်။
သို့သော် လေးငါးနှစ်ကြာမြင့်လာပြီးနောက် သားမက်နှင့်ယောက်ခယ်မတို့မှာ မျက်နှာချင်းဆိုင်မရတော့ပဲ၊ မမိဆုကိုသာ ဖခင်၏နေအိမ်မှ ခေါ်ဆောင်လျက် အိမ်ငှားလေးဖြင့် ဦးဌေးလွင်တစ်ယောက် ထားခဲ့ရပေသည်။ ယောက်ခယ်မနှင့်အဆင်မပြေတော့သည်ကြောင့် ဦးဌေးလွင်သည်လည်း အလုပ်လက်မဲ့အဖြစ်ရောက်သွားခဲ့ရသည်။ တစ်ခြားသော အလုပ်များအားလည်း ဦးဌေးလွင်မှာ မလုပ်ကိုင်ချင် ပွဲလိုက်သည့်အလုပ်သာလျင် လုပ်ကိုင်ချင်စိတ်ရှိနေသည်။
လူပ်ျိုဘဝမှလည်း အလုပ်ကိုင်မရှိခဲ့၊ အိမ်ထောင်ကျသည့် အချိန်မှသာ ယောက်ခယ်မဖြစ်သူနှင့် ပွဲများသာလိုက်နေခဲ့သည်ကြောင့် ပွဲထွက်သည့်အလုပ်မှလွဲ၍ တစ်ခြားသောအလုပ်အား သူတစ်ယောက် မလုပ်ကိုင်ချင်တော့ပေ။ မလုပ်ကိုင်တတ်တော့ပေ။ ထို့ကြောင့် နေအိမ်မှာသာလျင် အလုပ်လက်မဲ့ဖြစ် နေထိုင်လာခဲ့လေသည်။ မိန်းမဖြစ်သူသည်လည်း ဦးဌေးလွင်အား အလုပ်မရှိသည်ကြောင့် လွန်စွာငြိုငြင်နေခဲ့ပြီဖြစ်လေသည်။
တစ်နေ့ ဦးဌေးလွင်သည်လည်း အလုပ်သွားရောက်ရှာပါဦးမည်ဟု ပြောဆိုလျက် မနက်အချိန်ခါကတည်းမှ ထွက်ခွာသွားခါ၊ ညမိုးချုပ်သည့်အချိန်မှသာလျင် ပြန်လည်ရောက်ရှိလာခဲ့လေသည်။ နေအိမ်ထံသို့ပြန်လည်ရောက်ရှိလာသည်နှင့် သူ့ထံတွင်လည်း အထုတ်ကြီးတစ်ထုတ်အားလည်း သယ်ဆောင်လာခဲ့သည်အား မြင်တွေ့ခဲ့ရသည်။ အိတ်ကြီးအတွင်း၌ မည်သည့်ပစ္စည်းများစွာ ပါလာသနည်းဟု ဇနီးဖြစ်သူ မမိဆုမှာမသိရှိခဲ့သေးပေ။
သို့နှင့်ဦးဌေးလွင်မှာ အိတ်ထုတ်ကြီးကိုပင် ဖြီလိုက်သည်နှင့် အိတ်ထုတ်ကြီးအတွင်း၌ ထုတ်လာခဲ့သည်က စံပါးကြီးမြွေကြီးတစ်ကောင်ပင် ဖြစ်နေလေခဲ့သည်။ ရုတ်တရက်ဖြစ်သော်ကြောင့် မမိဆုသည်လည်း လန့်သွားခဲ့လေ၏။ မြွေကြီး၏အရွယ်စားမှာ လုံးပတ်အားဖြင့် သုံးလက်မကျော်ကျော်နှင့် အရှည်အားဖြင့် ရှစ်ပေကျော်မျှရှည်လျားပြီး လွန်စွာကြီးမားလေခဲ့သည်။ ဦးဌေးလွင်ဟာ ထိုကဲ့သို့သော် မြွေမျိုးကိုမူ ကြောက်လန့်ဖို့ရာမဆိုနှင့် ရပ်ကွက်အတွင်း၌ ရေမြွေမှအစ၊ မြွေပွေးကဲ့သို့သော် မြွေဆိုးများတွေ့ရှိပါက လိုက်လံဖမ်းစည်းတတ်သည်မှာ ဦးဌေးလွင်၏ ဝါသနာကြီးတစ်ရပ်ပင်ဖြစ်လေသည်။
စံပါးကြီးဟူသော မြွေအမျိုးစားမှာ ပေါက်တတ်သည့် မြွေမျိုးစားမဟုတ်၊ ထိုမြွေမှာ သူ၏ခန္ဓာကိုယ်ဖြင့် အရွယ်အစားကြီးမားသော၊ ဥပမာအားဖြင့် ဆိတ်၊ ခွေးအစရှိသော သတ္တဝါတို့ကိုမူ ရစ်ပတ်လျက်၊ ဆွဲဆန့်လေခါ ဝါးမြိုစားသောက်တတ်သည့် မြွေအမျိုးစားပင်ဖြစ်လေသည်။ ယခုတွင်လည်း အိတ်အတွင်းမှ ထုတ်လိုက်သည့်မြွေကြီးမှာ တွန့်လိမ်ကောက်ကွေးစွာဖြင့် လွတ်ရာဆီသို့ပြေးရန် ဟန်ပြင်နေခဲ့လေသည်။
မြွေအကြောင်းနားလည်ထားသော ဦးဌေးလွင်မှာ ထိုမြွေကြီးကိုပင် ဦးခေါ်င်းမှကိုင်လျက် သူ၏အဝတ်စားများစွာ ထည့်ထားသည့် သံသေတ္တာကိုပင် အဝတ်စားများစွာထုတ်လျက်၊ သံသေတ္တာကြီးအတွင်းသို့ ထိုမြွေကြီးအား ထည့်ထားလိုက်စေသည်။ ထိုအခါ ဇနီးဖြစ်သူ မမိစုမှာလည်း လင်ယောက်ျားဖြစ်သူကိုပင် ထိုကဲ့သို့မေးမြန်းလေခဲ့၏။
“ကိုဌေးလွင်… ဒီမြွေကြီးကို ရှင်ဘာလုပ်ဖို့လဲ”
“ဘာလုပ်ရမှာတုန်းမိန်းမရ…. ငါတို့မြွေပွဲပြဖို့ ဒီကောင်ကြီးကိုဝယ်လာခဲ့တာ”
“ဟင်… ဒီလောက်ကြီးတဲ့မြွေကြီးကို ဘယ်သူဆီက ရှင်ဝယ်လာတာလဲ”
“ငါ့အသိတစ်ယောက်ဆီက…”
“ဟင်… ဘယ်သူတုန်း”
“ဒါတော့ငါ့လည်းမသိဘူးဟ… မထူးပါဘူးမိန်းမရာ၊ မင်းကိုအမှန်တိုင်းပြောပြထားတာ ပိုကောင်းလိမ့်မယ်ထင်တယ်။”
“ဟင်…”
“ဒီလိုမိန်းမရ… ပဲခူးဘက်မှာ ဒီနေ့ပွဲရှိတယ်ဆိုလို့ ငါလည်းအလုပ်လေးဘာလေးရအောင် သွားခဲ့တာ၊ ပြီးတော့ ပွဲဆရာတွေနဲ့ငါနဲ့ရင်းနှီးသွားတယ်၊ ဇာတ်ရုံးထဲမှာ သူတို့အရက်မူးပြီး အိပ်ပျော်သွားကြတုန်း၊ သူတို့သေတ္တာထဲက ဒီကောင်ကြီးကို ငါခိုးလာခဲ့တာပဲ”
“ဟင်… ဟာ…”
“ဟုတ်တယ်မိန်းမရ၊ မတတ်နိုင်ဘူးဟာ… ငါနဲ့ထိုက်လို့ငါရခဲ့တာ၊ ဒီကောင်ကြီးကို ငါခိုးသွားမှန်းလည်း သူတို့သိကြမှာမဟုတ်လောက်ဘူး။ ငါပြန်မလို့ ကားဂိတ်ရောက်မှ ငါ့လွယ်အိတ်မေ့ကျန်ခဲ့တာနဲ့ ဇာတ်ရုံထဲကိုပြန်ဝင်ယူတာ… ဒီလူတွေအားလုံး မူးပြီး လူမှန်းသူမှန်းမသိ အိပ်ပျော်နေကြတယ်။ အဲ့ဒါကြောင့် ငါလည်းဒီကောင်ကြီးကို လိုချင်တာနဲ့ ယူလာခဲ့တယ်ဆိုပ်ါတော့…. ပြီးတော့ ဒီလိုမြွေကြီးမျိုးတွေက နတ်ကြီးတယ်ကွ၊ သူတို့ကိုခိုးချင်တိုင်း ခိုးလာလို့ရတာမဟုတ်ဘူး၊ ပွဲနဲ့လန်းနဲ့သေချာ လုပ်ပြီးမှ ခိုးမယ်ဆိုရင် ခိုးလို့ရတာ၊ အခု ငါနဲ့ထိုက်လို့ ငါရလိုက်တယ်ပဲ သဘောထားတယ်ကွာ၊ မင်းလည်း စိတ်သန့်သန့်သာနေ.. ဟုတ်ပြီလား”
မိန်းမဖြစ်သူအား ထိုကဲ့သို့ပြောဆိုလေခဲ့ရင်း ဦးဌေးလွင်မှာမူ ထိုမြွေကြီးကိုပင် ပွဲလန်းသဘင်များအတွင်း၌ ရုံသွင်းလျက် ပြစားနေခဲ့သည်မှာ နှစ်များစွာကြာမြင့်လာခဲ့ပြီးဖြစ်သည်။ မြွေလိမ်မာကြီးဟူသော ပွဲခေါင်းစဉ်နှင့် ပွင့်လင်းရာသီသို့ရောက်ရှိလာပါက ဇာတ်ရုံများတွင် ထိုမြွေကြီးနှင့်အတူ ရောထွေးစွာနေထိုင်ပြခြင်း၊ အများတကာမှ ထိုကဲ့သို့ကြီးမားလှစွာသော မြွေကြီးကိုပင် ကြောက်လန့်နေကြသည့်ကြားမှ မိမိဟာထိုမြွေကြီးအား လိုသလိုစေခိုင်း၍ရပြီး၊ မိမိအားလည်း အန္တရယ်မမူပဲ နေနိုင်သည့်ပြကွက်များကိုပင် ဇာတ်ရုံအတွင်း၌ ပြသနေလေ့ရှိပေသည်။
ဇာတ်ရုံရှေ့တွင် မြွေကြီးနှင့်အတူတကွ နေထိုင်နိုင်ခဲ့သော ဦးဌေးလွင်၏ပုံကြီးအားလည်း ကြီးမားလှစွာပြသထားသည်ကြောင့် ထိုပိုစတာကြီးကိုပင် မြင်တွေ့လိုက်ရသည့် လူအများမှာ ရုံဝင်ကြေးပေးခါ လာရောက်ကြည့်ရှု့ကြလေသည်။ ထိုကဲ့သို့ပွင့်လင်းရာသီမျိုးများ၌ ဦးဌေးလွင်၏ စီးပွားရေးမှာလွန်စွာကောင်းလှပေသည်။
သို့သော်မိုးတွင်းကာလများ၌ ပွဲလန်းသဘင်များ ရပ်နားလေ့ရှိသည်ကြောင့် မိုးတွင်းအချိန်ခါမျိုးတွင်မူ ပွဲမထွက်ရပဲ မြွေကြီးသည်လည်း နေအိမ်တွင်သာ ရှိနေလေခဲ့သည်။ ကျွန်ုပ်တို့သည်လည်း သုံးတန်းကျောင်းသားဘဝသာလျင် ရှိသေးသည်ကြောင့် ကျောင်းပိတ်ရက်များတွင် ဘဘဦးဌေးလွင်၏နေအိမ်ရှိရာဆီသို့ အရောက်သွားလေခါ မြွေကြီးအား အစာကြွေးသည့် ပုံရိပ်များကိုပင်ကြည့်ရှု့လေ့ရှိပါသည်။
ထိုကဲ့သို့အရွယ်အစား ကြီးမားလှစွာသော မြွေကြီးမှာ သံသေတ္တာကြီးအတွင်း၌ ခွေလျက်ငြိမ်သတ်နေခဲ့ပြီး၊ ညမနက် အစာကြွေးချိန်ရောက်မှသာလျင် ဦးဌေးလွင်မှာ သံသေတ္တာအတွင်းမှ အပြင်သို့ထုတ်ပေးလျက်ရှိလေသည်။ အစာစားသည့်အခါတွင်လည်း မြွေကြီးမှာ ကိုယ်တိုင်စားသောက်ခြင်းမဟုတ်၊ ဦးဌေးလွင်မှာ မြွေကြီး၏ဦးခေါင်းအား ဆုပ်ကိုင်ထားလျက် ပါးစပ်ကိုပင်ဖြဲထားပေးရသည်။ ထို့နောက်မှ သူ၏တပည့်ဖြစ်သူ ကောင်လေးမှာ မြွေကြီး၏ပါးစပ်အတွင်းသို့ ငါးပြင်မ၊ ငါးရံ၊ အစရှိသော ငါးအသေကောင်များအား တုတ်တံကြီးဖြင့် ထိုးသွင်းပြီး ကြွေးရခြင်းဖြစ်လေသည်။
ထိုကဲ့သို့သော် အချိန်မျိုးများဆိုလျင် မြွေကြီးမှာ လိမ်ပတ်လျက် တွန့်တွန့်လူးနေခဲ့သည့် အဖြစ်များနှင့်ပင်မြင်တွေ့စေခဲ့ရသည်။ သည်လိုနှင့် ထိုမြွေကြီးမှာ ဘဘဦးဌေးလွင်တို့အား ဆယ်နှစ်ကျော်ကျော်အထိ လုပ်ကျွေးလာခဲ့ပြီး၊ တစ်ညတွင်မူ ဦးဌေးလွင်တစ်ယောက် အိပ်မက်မက်ခဲ့ရလေသည်။ အိပ်မက်ထဲတွင် အမျိုးသမီးကြီးတစ်ဦးဖြစ်ပြီး၊ အဝတ်စားများမှာ စံပါးကြီးမြွေများ၏ အကွက်ကဲ့သို့ ဇာပေါက်အကျီလေးဖြင့် ထမိန်သည်လည်း ထိုကဲ့သို့သော် အကွက်များပါရှိသည့် ထမိန်နှင့်ပင်ဖြစ်သည်။
ဆံပင်များမှာ ရှေးဆန်၍ မျက်နှာထားမှာလည်း ခပ်တင်းတင်းဖြစ်သည်။ မျက်နှာပြင်၊ လည်ပင်း၊ လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်နေရာများတွင်သာ ထိုအမျိုးသမီးကြီး၏ အသားရောင်အား မြင်တွေ့စေနိုင်ပြီး၊ တစ်ခြားသော ခန္ဓာကိုယ်နေရာအတွင်းမှ အသားများကိုပင် မမြင်တွေ့နိုင်ခဲ့ပေ၊ စံပါးကြီးကွက်အကျီနှင့် ထမိန်တို့မှာ ရှည်လျားစွာဝတ်ဆင်ထားလျက် ဘယ်လက်တစ်ဖက်မှ ခါးသို့ထောက်လေပြီး၊ ဦးဌေးလွင်အား ထိုကဲ့သို့ပြောဆိုလာခဲ့လေသည်။
“ဟဲ့…. နင်တို့ငါ့ကိုလွတ်တော့လေ၊ ငါကနတ်ဖြစ်နေပြီ၊ နင်တို့လိုလူတွေအနားမှာနေရတာ ငါအရမ်းညှီတာပဲဟယ်။ နင်တို့ပြောထားတဲ့အတိုင်း ငါ့နှစ်ပေါင်း(၃၀)လုံးလုံးနေလာခဲ့ပြီးပြီး၊ အခုငါပြန်ချင်ပြီဟာ…. ငါ့ကိုနင်တို့ပြန်လိုက်ပို့ပေးကြတော့”
အိပ်မက်လေလား၊ တကယ်တမ်းပင်လျင် ညသန်းခေါင်ယံမှ မိမိထံသို့ လာရောက်ပြောဆိုသွားခဲ့ခြင်းပင်လား ဦးဌေးလွင်တစ်ယောက် ဝေခွဲမရချေ။ ဇနီးဖြစ်သူ မမိစုအားလည်း သူ၏အိပ်မက်အကြောင်းများကိုပင် ပြောဆိုခဲ့သေးသည်။ မိန်းမဖြစ်သူသည်လည်း သာမာန်မျှသာ သဘောထားခဲ့ပေသည်။ ဦးဌေးလွင်သည်လည်း မည်သူ့ကိုမှ ချုပ်နှောင်ထားခဲ့ခြင်းမရှိသလို၊ မနေ့ညမှ လာရောက်ပြောဆိုသွားခဲ့သော အမျိုးသမီးကြီး၏ ပြောစကားများအားလည်း သူတစ်ယောက်နားမလည်နိုင်ခဲ့ပေ။ လာမည့် သီတင်းကျွတ်လတွင်လည်း ပွဲလိုက်ရန်အတွက် ပြင်ဆင်ထားခဲ့ပြီးပြီဖြစ်သည်။
ထိုအိပ်မက်များကြောင့် ဦးဌေးလွင်၏စိတ်များသည်လည်း မကြည်မသာဖြစ်ရလေသည်။ သို့သော် ထုံးစံအတိုင်း မြွေကြီးအားအစာကျွေးချိန်ရောက်သည်နှင့် တပည့်ဖြစ်သူကိုပင် ခေါ်ဆောင်လေရင်း ထုံစံအတိုင်း အစာကျွေးခဲ့လေသည်။ ထိုအခါမြွေကြီးမှာ အရင်နှစ်များနှင့်မတူ ထိုနေ့မှ လန်းဆန်းတတ်ကြွနေခဲ့သည့် ပုံဏ္ဍန်များဖြင့် ဦးဌေးလွင်တစ်ယောက် အကဲခတ်မိခဲ့လေသည်။ ပါးစပ်အတွင်းသို့ ထိုးသွင်းလိုက်သော ငါးများအားလည်း မြွေကြီးမှာ ပြန်လည်၍အန်ထုတ်ပစ်ခဲ့သည်။ မည်သည့်အခါမှ ထိုကဲ့သို့သော် အဖြစ်များနှင့် ဦးဌေးလွင်တစ်ယောက် မကြုံခဲ့ဘူးချေ။
သို့သော်လည်း ငါးများကိုသာ ထပ်မံထိုးသွင်မြိုခိုင်း၏။ ထိုအခါ မြွေကြီးမှာလည်း မြိုမချ၊ ပြန်လည်၍သာ အန်ထုတ်လေခဲ့ပြန်သည်။ ဦးဌေးလွင်နှင့်တပည့်ဖြစ်သူတို့မှာလည်း ပုံမှန်အစားကြွေးချိန် ဆယ့်ငါးမိနစ်ခန့်မှ ယခုအခါ တစ်နာရီကျော်တိတိ ကျွေးမွေးခဲ့ပါသည်။ သို့သော် မြွေကြီးမှာ မစားတော့ပဲ၊ သူ၏ခွန်အားများကိုပင် ထုတ်သုံးလေသလား၊ ပေကပ်ကပ်လုပ်၍ သေတ္တာအတွင်းသို့ပင် ပြန်လည်မဝင်၊ ဆရာတပည့်နှစ်ဦးသား ဝိုင်းဝန်းမတင်ကြသော်လည်း မြွေကြီးမှာ ပုံမှန်နှင့်မတူ လေးနစ်နေခဲ့သည်။
ဦးဌေးလွင်သည်လည်း အနည်းငယ်မျှစိတ်ဆိုးလာမိပြီး၊ သူ၏နှုတ်မှလည်း မြွေကြီးကိုပင်တမ်းတလျက် “သောက်…မြွေကတစ်မျိုးကွာ”ဟူသော အသုံးနှုန်းကိုပင် စိတ်ပျက်မှု့များဖြင့် သုံးမိလိုက်စေသည်။ သူ၏အမြင်များ၌လည်း ထိုမြွေကြီးအား စူးစိုက်ကြည့်နေမ်ိချိန်၌ မနေ့ညမှ စပါးကြီးအကွက် အကျီဝမ်းဆက်ဝတ်ဆင်လာခဲ့သည့် အမျိုးသမီးကြီးကိုပင် ပြန်လည်မြင်ယောင်လာမိလေသည်။
စိတ်အတွင်း၌လည်း အနည်းငယ်မျှ မသင်္ကာဖြစ်မိ၏။ မနေ့ညမှ အမျိုးသမီးကြီးနှင့် ထိုမြွေကြီးဟာ မည်သို့ပင်ဆက်စပ်နေကြသနည်း။ သို့နှင့်..
“မင်းဘာဖြစ်ချင်နေတာလဲ။ ငါမင်းဖြစ်ချင်တဲ့အတိုင်း လုပ်ပေးမယ်။ မင်းနဲ့ညက အမျိုးသမီးနဲ့ဘယ်လိုပတ်သတ်နေလဲဆိုတာ.. ငါ့ကိုထပ်ပြောပြ။ မင်းဖြစ်ချင်တဲ့အတိုင်း ဖြစ်စေရပါ့မယ်”
ထိုကဲ့သို့ပင်ပြောဆိုလိုက်သည်နှင့် မြွေကြီးမှာ သူ၏နေရာဖြစ်သော သံသေတ္တာအနီးသို့ ဦးခေါင်းကြီး ဦးတည်လိုက်သည်အား ထူးဆန်းစွာမြင်တွေ့လိုက်ရလေသည်။ ထို့ကြောင့် ဦးဌေးလွင်သည်လည်း မြွေကြီးနှင့်အမျိုးသမီးဟာ ပတ်သတ်ဆက်နွယ်နေကြခြင်းမှာ သေချာသွားခဲ့လေကြောင်း ကောင်းစွာသဘောပေါက်ခဲ့လေတော့သည်။
ထိုညတွင်လည်း အိပ်မက်ထပ်ပေး၏။ အိပ်မက်ထဲတွင်… အမျိုးသမီးကြီးမှာ မနေ့ညကအတိုင်း ထပ်မံရောက်ရှိလာခဲ့ပြီး၊ စိတ်ဆိုးစွာနှင့် ထိုကဲ့သို့ပင်ပြောဆိုလေခဲ့သည်။
“ဟဲ့… နင့်ငါ့ကိုဆဲတာ ငါမကျေနပ်ဘူး။ ငါကိုမဆဲနဲ့ ငါကဆဲတာမကြိုက်ဘူး။ နင့်ကိုငါပြောပြီးပြီး၊ ငါကမနေ့ကစပြီးတော့ င့ါသက်တမ်းကြီးလာတာနဲ့အမျှ နတ်ဖြစ်သွားခဲ့တာ…. အဲ့ဒါကြောင့် ငါအသားမစားဘူးတော့။ ငါ့ကိုငါးတွေ အတင်းမကျွေးနဲ့၊ ဒါကြောင့် နေ့ခင်းက ငါအန်ထုတ်ခဲ့တာ။ ငါ့ကိုနင်တို့ တောထဲလိုက်ပို့ပေးကြ။ လိုက်မပို့ပေးဘူးဆိုရင် ငါဖာသာငါထွက်သွားတော့မယ်”
သေချာသွားလေပြီဖြစ်သည်။ မြွေကြီးနှင့်အမျိုးသမီးမှာ တစ်ဦးတည်းသာဖြစ်ပြီး၊ ထိုမြွေကြီးမှာ အရင်လူများလက်ထဲတွင် နှစ်ပေါင်းမည်မျှကြာနေခဲ့သနည်းမသိ။ မိမိလက်ထဲတွင်မူ ဆယ့်ငါးနှစ်ကျော်ကျော်မျှ ရှိလာခဲ့ပြီဖြစ်သည်။ သို့နှင့်မနက်လင်းသည့်အချိန်ခါတွင်မူ ယောက်ခယ်မထံသို့ သွားရောက်၍ သူ၏အိပ်မက်အကြောင်းများကိုပင် ပြန်လည်ပြောဆိုလေခါ တိုင်ပင်ခဲ့ကြလေသည်။
ယောက်ခယ်မဖြစ်သူ ဦးအာကာကြီးသည်လည်း ရှေ့မှီနောက်မှီလူကြီးတစ်ဦးဖြစ်သည့်အလား စံပါးကြီးမြွေတို့၏ အကြောင်းများအားလည်း သိရှိနေခဲ့လေသည်။ ထို့ကြောင့် ဦးဌေးလွင်၏နေအိမ်ဆီသို့ လိုက်ပါလာခဲ့ရင်း မြွေကြီးကိုပင် အကဲခတ်လေခဲ့၏။ သက်တမ်းရင့်မာနေလျက်၊ စံပါးကြီးမြွေတို့၏သက်တမ်းနှင့် အရွယ်အစားအရ လူယောင်ဖန်ဆင်းနိုင်သော နတ်မြွေအဖြစ်သို့ပင်ပြောင်းလဲလာခဲ့ပြီဟု ဦးအာကာတစ်ယောက် ကောင်းစွာသဘောပေါက်သွားခဲ့လေတော့သည်။ သို့နှင့်..
“ဟုတ်တယ်ဌေးလွင်… မင်းကောင်ကြီးက လူယောင်ဖန်ဆင်နိုင်နေပြီ။”
“ဘာဖြစ်လို့လဲအဖေ”
“ဘာဖြစ်ရမှာတုန်းကွ.. လုံးပတ်(၈)လက်မ၊ အရှည်ပေဆယ့်သုံး၊ အမှီးတုတ်ပြီး၊ ဦးခေါင်း လက်ဝါးတစ်ပြားခွဲဆိုတာနဲ့ ရှေးလူကြီးတွေရဲ့ အပြောဆိုအရဆိုရင်၊ မင်းကောင်ကြီးက နတ်မြွေဖြစ်နေပြီး၊ သက်တမ်းအရဆိုရင် ဒီကောင်ကြီးနှစ်ပေါင်း(၂၀၀)ကျော်လောက် ရှိနေလောက်ပြီကွ။”
“ဗျာ…”
“ဟုတ်တယ်… သူတောင်းဆိုတဲ့အတိုင်း မင်းတို့တွေ အုန်းပွဲ၊ငှက်ပျောပွဲတွေလုပ်ပြီး၊ သူ့ကိုလွတ်ရလိမ့်မယ်”
“ဟင်… ဒုက္ခပါပဲဗျာ။ ရှေ့လထဲမှာ ပွဲတွေလိုက်ဖို့စီစဉ်ထားပြီးပြီးဗျ”
“သြော်… ဒါဆိုမင်းက မလွတ်နိုင်ဘူးဆိုတဲ့ သဘောလား”
“မဟုတ်ပါဘူးအဖေရာ… ပွဲလိုက်ဖို့အတွက် စရံငွေတွေလည်းယူပြီး သုံးထားပြီးပြီး၊ ပြီးတော့ ပြန်အမ်းစရာ ငွေလည်းကျွန်တော့်မှာ တပြားမှမရှိတော့ဘူး”
“သြော်ကွာ… ဒါကလွယ်ပါတယ်။ မင်းမြွေကြီးကိုပြောပေါ့ကွ…. မင်းစရံငွေတွေ ပြန်အမ်းချင်တဲ့အကြောင်း။ ဒါဆိုရင်တော့ မင်းအတွက်တစ်ခုခုတော့ သူလည်းပြန်ကူညီပေးမှာပေါ့”
ယောက်ခယ်မကြီးပြောဆိုသည့်အတိုင်း ဦးဌေးလွင်သည်လည်း နတ်မြွေကြီးကိုပင် လွတ်လပ်ခွင့်ပေးရန်အတွက် အုန်းပွဲ၊ငှက်ပျောပွဲများဖြင့် နေ့ချင်းသာလျင်စီစဉ်ရတော့သည်။ ထို့နောက် ဦးအာကာနှင့်အတူ သမီးနှင့်သမက်၊ ထိုအချိန်က တောသာသာ,သာရှ့ိသေးသော ရွှေပေါက်ကံမြို့သစ်ဆီမှ ဆရာတော်ဦးဇနဝနှင့်အတူ ပဲခူးရိုးမတောကြီးအတွင်းသို့ ကားငှား၍တိတ်တဆိတ်ထွက်ခွာသွားခဲ့ရပေသည်။ ပတ်ဝန်းကျင်အားလည်း အသိမပေးရဲဘူးဟုပြောဆိုကြသည်။ မိမိတို့မှာ မြွေကြီး၏အကြောင်းများကိုပင် သိရှိလိုက်ရသည်ကြောင့် ဘေးမဲ့လွတ်ရမည်ဖြစ်သော်လည်း၊ ပတ်ဝန်းကျင်မှ ထိုကဲ့သို့ကြီးမားလှစွာသော မြွေကြီးကိုပင် တောကြီးအတွင်းသို့ လာရောက်လွတ်ပါက တရားစွဲဆိုကြမည်မှာ အသေချာပင်ဖြစ်သည်။
သို့သော်ဆရာတော်သည်လည်း မြွေကြီးများမှာတောဝင်လျက် နတ်မြွေအဖြစ်သို့ ရောက်ရှိလေ့ရှိကြသော မြွေများ၏အကြောင်းများကိုပင် သိရှိထားခဲ့သည်ကြောင့် သူသည်လည်း ရဲရဲဝံ့ဝံ့သွားရောက် စေလွတ်ပေးမည့် ကိစ္စများကိုပင် မေတ္တာတရားဖြင့်ကူညီခဲ့ခြင်းဖြစ်လေ၏။ ပဲခူးရိုးမတောစပ်ဆီသို့အရောက် လူနေရွာများနှင့် အလွန်ပင်ဝေးကွာလှသော နေရာဆီသို့ သေတ္တာကြီးကိုပင် ထမ်းရွက်လာကြရင်း၊ သေတ္တာအဖုန်းအား ဖွင့်လစ်ပေးလိုက်သည်။ ဆရာတော်သည်လည်း ထိုမြွေကြီးကိုပင် ရဲဝင့်စွာကိုင်တွယ်လျက် မေတ္တာတရားများစွာဖြင့် မေတ္တာပို့ပေးနေခဲ့သည်။ ဆရာတော်၏မေတ္တာစကားများအဆုံးတွင်မူ မြွေကြီးမှာ လျင်မြန်စွာဖြင့်တောကြီးအတွင်းသို့ ဝင်ရောက်ရန်ဦးတည်လေတော့သည်။
ဦးဌေးလွင်သည်လည်း မိမိ၏ငွေရေးကြေးရေး အခက်ခဲများအားတစ်ဖက်တစ်လမ်းမှနေ၍ ပြန်လည်အကူညီပေးပါရန် တောင်းဆိုခဲ့ရပြီး၊ (၂၀၀၀)ခုနှစ်တွင် ထိုမြွေကြီးအား တောနက်ကြီးအတွင်းသို့ ဘေးမဲ့လွတ်လိုက်ရလေတော့သည်။ ထို့နောက်ပိုင်းရက်များတွင် ဦးဌေးလွင်မှာ သုံးလုံးထီးပေါက်သွားခဲ့ရင်း စရံငွေများအားလည်း ပြန်လည်အမ်းပေးနိုင်ခဲ့လေသည်။ မိမိတို့ဘေးမဲ့လွတ်လိုက်သော တောနက်ကြီးအနီးနေရာများတွင်လည်း မကြာခဏ နာစွင့်ထားခဲ့သည်။ မြွေကြီးဆိုးသွမ်းသည့် အကြောင်းများကိုပင် ကြားသိရမည်လားဟူသော ရည်ရွယ်ချက်နှင့်ပင်ဖြစ်၏။ သို့သော် မည်သည့်အကြောင်းတစ်စုံတစ်ရာမှ ယနေ့ယခုအချိန်ထိ မကြားရသေးသည်မှာ (၁၇)နှစ်တိုင်တိုင်ရှိသွားခဲ့ပြီး ဖြစ်လေတော့သတည်း။ ။
ပြီး
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)
(ကာယကံရှင်ဖြစ်သော ဦးဌေးလွင်သည်လည်း ယခုအချိန်ထိ မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီမှတ်တိုင်အနီးတွင် နေထိုင်လျက်ရှိပါကြောင်း)