** တစ္ဆေတွေနေတဲ့ အဆောင် **(စ/ဆုံး)

** တစ္ဆေတွေနေတဲ့ အဆောင် **(စ/ဆုံး)
————————————–
စာရေးသူ = ညီလေးငယ်
အအေးဓါတ်တွေအလုံးအရင်းနှင့်ဝင်ရောက်လာမှ ကျွန်တော် ငိုက်မြည်းနေရာက နိုးလာခဲ့တယ်။
ကားတံခါးခန်းစည်းလေးကို လှပ်လို့ အပြင်ကို ကြည့်လိုက်တော့ စိမ်းစိုစိုသစ်ပင်ကြီးတွေကိုကျော်ဖြတ်ပြီး ကားက အရှိန်ပြင်းစွာတောင်ပေါ်သို့တက်နေတယ်ဆိုတာကို ကျွန်တော်သတိထားမိခဲ့တယ်။
“သြော်……တောင်ကြီးမြို့အတက်တောင်ရောက်နေပြီပဲ…………။’’
လက်ကနာရီကိုကြည့်လိုက်တော့ ကျွန်တော်မျက်လုံးတွေအတော်လေးကျယ်သွားတယ်………။
“ဘုရားဘုရား……….။
၆ နာရီတောင်ထိုးတော့မှာပါလား..။ဒီနေ့တော့ ဒုက္ခပါပဲ……။’’
ကျွန်တော်စိတ်ညစ်စွာနုတ်ကတီးတိုးရေရွတ်မိလိုက်သည်။ပတ်ဝန်းကျင်ကိုဝှေ့ကြည့်လိုက်တော့ ညနေစောင်းရဲ့သဏ္ဍာန်က အပီအပြင်ပုံ ဖော်လို့နေလေပြီ။
တောင်အောက်က အေးသာယာမြို့သစ်လေးကို လှမ်းကြည့်စဉ် ညနေခင်း၏မြူမှုံများနှင့်အတူ ဖွေးဖွေးလှုပ်နေ သောအိမ်သွပ်အမိုးလေးတွေကို မပီပြင်ဝိုးတဝါးမြင်တွေ့လိုက်ရပြန်ပါသည်။
တောင်ကြီးမြို့၏ထုံးစုံအတိုင်း အောက်တိုဘာလသာရှိသေးသော်လည်း အအေးဓါတ်က လွန်ကဲလို့နေလေသည်။ ကျွန်တော် အသင့်၀တ်ထား သောအနွေးထည်ကို ဇစ်ဆွဲတင်လိုက်ပြီး ကိုယ်အနေအထားကို ပြန်ပြင်ထိုင်လို့ ရှေ့ဆက်သွားရမယ့်အစီအစဉ်များကို စိတ်ကူးထဲပုံပေါ်တွေး တောနေမိပါတော့သည်။
တကယ်တော့ ကျွန်တော်နေထိုင်သော ရပ်စောက်မြို့နှင့် တောင်ကြီးမြို့က ဘယ်လောက်မျှမဝေး ။ ကားနှစ်နာရီလောက်စီးရုံဖြင့် ပင် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်တတ်၏။
သို့သော် ယနေ့အဖို့ကျွန်တော်အိမ်က ထွက်လာခဲ့သည်မှာ အတော်လေးနောက်ကျခဲ့လေသည်။ အိမ်တွင် လယ်ထဲယာထဲက လုပ်လက်စအလုပ်များအား လက်စသတ်ပြီး ညနေ၄နာရီလောက်မှ အေးအေး လူလူထွက်လာခဲ့မိခြင်းပင်ဖြစ် လေ
တစ်နှစ်တစ်နှစ်ကျောင်းလာတက်ရသည်ကလည်း လွယ်တော့မလွယ်လှပါ။ ငွေကုန်ကြေးကျသက်သာအောင် အဝေးသင် သက္ကသိုလ်လေးသာတက်ခဲ့သော်လည်း ဆင်းရဲနုံချာလှသည့် ကျွန်တော်အဖို့ စောစောပင်လာမတက်နိုင်။တစ်
ရက်စရိတ်သက်သာလည်း မနည်း
တက်လာခဲ့ဖြစ်တော့သည်။
ယခုလောက်ဆို တက္ကသိုလ်က အဆောင်တွေတောင် တစ်ဆောင်မှ အားတော့မည်မထင်။
ကြိုတင်ဘိုကင်လုပ်ထားခြင်းကလည်းမရှိသည့်ကျွန်တော်အဖို့ အရာရာနောက်ကျခဲ့လေပြီ။ဒီအတိုင်းဆို အဆောင်ရှာဖို့ပင် အချိန်ရှိ တော့မည်မထင်။ ယခင်နှစ်ကသူငယ်ချင်းတွေကလည်း
ဘယ်အဆောင်မှာနေနေကြသည်မသိ။
ကံကောင်းထောက်မ၍ အဆောင် အခန်း အားပါစေလို့သာကျွန်တော်ဆုတောင်းရမည်သာ။
“လိုက်ပို့ရမယ့် ခရီးစဉ်လေးတွေပြောပါဦးခင်ဗျာ………..။’’
ကားစပါယ်ယာ၏အသံကြားမှ ကျွန်တော် ခရီးစဉ်ကို ကမန်းကတမ်းပြောလိုက်မိသည်။
“အကို ….. ကျွန်တော့်ကို တက္ကသိုလ်ဘက်ပို့ပေးပါ…။’’
“ဘယ်အဆောင်လည်းညီလေး……….။’’
ဤသည်မှ ခက်လေပြီ။
ကျွန်တော်ဘယ်အဆောင်ကိုသွားရမည်လည်းကျွန်တော့်ကိုယ်တိုင်မသိသေး။
“ရတယ်အကို ကျောင်းကြီးစုရပ်ကွက်က အဆောင်ကြားတစ်နေရာထဲလိုက်ပို့ ရင် အဆင်ပြေတယ်။ ကျွန်တော်အဆောင်ရှာ ရဦးမှာမို့…………’’
ကျန်ခရီးသည်တွေအားလုံးက တောင်ကြီးမြို့ပေါ်ကဖြစ်၍ တစ်ယောက်ပြီး တစ်ယောက်ရပ်ကွက်အနှံ့လိုက်ပို့နေရာက မြို့ပြင်မှာရှိ တဲ့ကျွန်တော်ရဲ့ တက္ကသိုလ်မြေသို့နောက်ဆုံးမှ ရောက်ရှိခဲ့တော့သည်။ မည်သို့ပင်ဆိုစေကာမူ သွားလိုသော ခရီးစဉ်ကို အဆုံးအထိလိုက်ပို့ပေးသည့် ကားသမားကိုပင်ကျေးဇူးတင်ရပါမည်။
တက္ကသိုလ်မြေသို့ရောက်သည့်အခါ အလျင်းသင့်သော တစ်နေရာတွင် ကားရပ်ခိုင်းရင်း ကျွန်တော့် အထုတ်တွေချတော့သည်။ တစ်ယောက်တည်းဆိုပေမယ့် တစ်လစာကျောင်းတက်ဖို့အတွက် အ၀တ်အစားနှင့် အိပ်ယာလိပ် တွေက ခရီးဆောင်အိတ်ကြီးနှစ်လုံး အပြည့်ပါပဲ။
အဆောင်တွေအားလုံးကျောင်းသားတွေပြည့်ကြပ်လျက်။ရုတ်တရက် လမ်းဘေးမီးတိုင်များနှင့် အဆောင်တိုင်းများ မှာ မီးတွေလင်းလက်ကုန်လေပြီ။
အချိန်ကလည်းမနည်းတော့ပါဘူး
။၆နာရီခွဲတောင်ကျော်လာခဲ့လေပြီ။အအေးဓါတ်ကတဖြည်းဖြည်း တိုးလာပြီး ပါးစပ်ထဲတွင်အာငွေ့များ တောင်ထွက်လို့နေလေပြီ။ သို့သော် မွေးကတည်းကဒီအရပ်ဒေသမှာ ကြီးပြင်းလာခဲ့တဲ့ကျွန်တော့်အဖို့ ဤမျှအအေးဒဏ်လောက်ကတော့ အဆန်းမဟုတ်တော့လေပြီ။
ခရီးဆောင်အိတ်နှစ်လုံးကို ကူလီထမ်းသမားကဲ့သို့ ပုခုံးဘယ်ညာထမ်းပြီး ကျွန်တော်အဆောင်ရှာပုံတော်ဖွင့်ခဲ့ရပါတော့သည်။
သက္ကသိုလ်ကျောင်းသားပီပီ ရှိုးထုတ်ရမည်ဆိုသောအသိကလည်းကျွန်တော့်မှာမရှိတော့။အရေးကြီးသည်က အရမ်းမမှောင်ခင် အဆောင် အမြန်ရရေးအတွက်သာ…………….။
***********************
“ဟူး………………………..။’’
သက်တစ်ချက်ကိုပြင်းပြင်းချလို့ လေတစ်ချက်ကို စိတ်ပျက်ပင်ပန်းစွာမုတ်ထုတ်လိုက်မိသည်။
များလိုက်တဲ့ကျောင်းသားတွေ ။အဆောင်က တစ်ဆောင်မှ မအားတော့ပါဘူး။တောင်းတောင်းပန်ပန်တစ်ညတာတည်းဖို့အတွက်ပင် မည်သည့်အဆောင်မူးကမှ ခွင့်မပြုချင်ကြ။
မြို့နေ လူတန်းစားများ၏ထုံးစံအတိုင်း အခန်းမအားတော့ဘူးလို့ ခန်းတင်းတင်းတာပြောပြီး ကျွန်တော်ရဲ့ ရှေ့ဆက်မယ့်စကားမျာကို ပိတ်ပစ်လိုက် သည်။
၇ နာရီထိုးတော့မည် ။
ဒီအတိုင်းဆို လမ်းဘေးမှာ အိတ်ရမယ့်ကိန်းတော့ဆိုက်လေပြီ။ဒီလိုဒုက္ခမျိုး ဒီနှစ်ပြီးရင် နောက်နှစ်ခံစား စရာတော့ မလိုတော့ ။ ဒီနှစ်က ကျွန်တော်သက္ကသိုလ်နောက်ဆုံးနှစ်ပါ။
မတတ်နိုင်ပြီ။ခရီးဆောင်အိတ်နှစ်လုံးကို ဆင့်ထမ်းပြီးဆက်လျှောက်ပြန်လေသည်။
လမ်းများသည်ကလည်း အကွေ့အကောက်များ ဖြင့် တောင်ပေါ်သို့တက်တက်သွားရသောလမ်း။တောင်ကြီးမြို့ဆိုသည်က သိသည့်အတိုင်း ။ မြေပြန်နေရာကခပ်ရှာရှားရယ်ပါ။
ကျွန်တော်တို့ တက္ကသိုလ်က ရပ်ကွက်တွေ ကတောင်ကုန်းတွေပေါ်မှာဖြစ်၏။
တချို့အဆောင်က ကျောင်းသားတွေက သာသာယာယာ ဂစ်တာလေးတီးပြီးသီချင်းတွေဆိုလို့။ကျွန်တော်မယ် အဆောင်ရဖို့အရေး လုံးပန်းရင်းဖြင့် အေးချမ်းတဲ့ရာသီအလယ် ဇောချွေးများပင် တဒီးဒီကျလို့နေပါပြီ။
သွားရင်းလာရင်းရေဆာသလိုဖြစ်လာ၍ လမ်းဘေးက အိမ်နှင့်တွဲဖွင့်ထားသည့် စတိုးဆိုလေးတစ်ဆိုင်သို့၀င်ပြီ ရေသန့်တစ်ဘူး ဝယ်သောက်လိုက်တော့သည်။ရေ၀င်သွားမှာ လူကအနည်းငယ်ပင်ပန်းဒဏ်ပျောက်သွားသလိုဖြစ်ခဲ့၏။
အထုပ်အပိုးတွေနှင့် ဒုက္ခသည်တဖွယ်ဖြစ်နေသည့် ကျွန်တော့်ကို သနားစဖွယ်ကြည့်နေသည့်က ဆိုင်ရှေ့တွင် အနွေးထည်ထူထူ ကြီး၀တ်ပြီး ထိုင်နေသည့် ကျွန်တော့်အဖိုးအရွယ် လူကြီးတစ်ယောက်…..။
“ကောင်လေး ……… အဆောင်ပြောင်းမလို့လား အထုတ်တွေအပိုးတွေနှင့် မိုးချုပ်နေပြီကွယ်………..။’’
“အဆောင်ပြောင်းမို့မဟုတ်ပါဘူးအဖိုးရယ်………။အဆောင်ကို မရသေးတာပါဗျာ….။ ခုမှ နယ်ကတက်လာတာပါ…။
အဆောင်တိုင်းလူတွေပြည့်လို့ ။ တစ်ဆောင်မှမအားကြဘူး။ သားလည်းအဆောင်ရှာရင်းမောတောင်လာပြီ။’’
“အင်း……..။ဖြစ်ရမယ်…။ဒီအချိန်က ကျောင်းလာတာနောက်ကျပြီလေ…။အဆောင်တွေအကုန်လုံးလူပြည့်ပြီပေါ့…။’
“ဟုတ်…….။သားလည်းအဆင်မပြေလို့ခုမှတက်လာမိတာပါအဖိုးရယ်………။’’
“အဖိုးမှာ အဆောင်ဟောင်းတစ်ဆောင်တော့ရှိတယ်ကွဲ့ …။ သားလေးနေချင်လား…………။’’
ကြားလိုက်ရသည့်စကားကြောင့် ကျွန်တော်ကိုယ့်နားကိုယ်ပင်မရုံချင်။ထိုအဖိုးကို အားရ၀မ်းသာကြည့်ပြီး ထစ်ထစ်ငေါ့ငေါ့ပြန်ပြောမိတယ်။
“အ…အဖိုး…တ ..တကယ်ပြောတာလား….။’’
“တကယ်ပေါ့ကောင်လေး ရယ်….။အဖိုးမှာလည်း သားအရွယ်မြေးလေးတွေရှိတယ် ။အဖိုးကိုယ်ချင်းစာပါတယ်။’’
“ဒါဆိုသားနေချင်တယ် အဖိုးရယ်…။ သားပင်ပန်းနေပြီ…။ဆက်လည်းမရှာချင်တော့ဘူး။ညလည်းရောက်နေပြီဆိုတော့ အေးလည်း အေးလာပြီလေ…………။’’
“အင်း…အာ့ဆို သွားမယ် ….။
အဖိုးအဆောင်လိုက်ပြမယ်။အဆောင်က ဒီလမ်းကြားလေးအတိုင်း အပေါ်ကို တော်တော်လေး တက်သွားရမယ်ကွဲ့။တခြားအဆောင်တွေနှင့်တော့ နည်းနည်းဝေးတယ်…။သားနေရဲပါ့မလား………။လျှပ်စစ်မီးတော့ရပါတယ်ကွ…။’’
“ဟာ…. အဖိုးကလည်း ဘာလို့မနေရဲရမှာလဲ….။ သားကတောသားပါဗျ..။ ဘယ်လိုနေရရဖြစ်တယ်…။’’
“ဟား…..ဟား….. စိတ်ဓါတ်တော့ကြိုက်သွားပြီကွာ…။ယောကျာင်္းဆိုတာ အဲလို့ကိုဖြစ်နေရမယ်….။’’
အဖိုးက ကျွန်တော့်စကားကြားတော့ သဘောကျကျကြီးရယ်ရှာတယ်။ကျွန်တော်တို့အပေါ်လမ်းမြောင်လေးအတိုင်း တော်တော် လေးတက်ခဲ့ရတယ်။ အဖိုးက ပေါ့ပေါ့ပါးပါးနှင့် အတော် တက်နိုင်သူပါ။
လမ်းမီးတိုင်မရှိတာမို့ တစ်လမ်းလုံးမှောင်မဲလို့ပါ။ အဖိုးတွင် ဓါတ်မီးပါလာ၍တော်ပါသေး၏။ခဏကြာလျှောက်လာချိန်မှာတော့ အဖိုးရဲ့အဆောင်ကို ရောက်ရှိခဲ့ပါတယ်။အဆောင်ကြီးက သီးခြားကြီး။ဘေးမှာ အိမ်တစ်လုံးမှမရှိပါဘူး။
အဆောင်ကို ရောက်တော့ အဖိုးက အနွေးထည်အိတ်ကပ်ထဲက သော့တွဲလေးကို ထုတ်ပြီး အဆောင်ခြံတံကားကိုဖွင့်လိုက်တယ်။
အဆောင်က နည်းနည်းဟောင်းနေပြီဆိုပေမယ့် သပ်သပ်ရပ်ရပ်ရှိပါတယ်။
တစ်ထပ်တန်းလျားအရှည်ကြီးက မျက်နှာချင်းဆိုင် လိုက် အနေထားဖြင့် နှစ်ဆောင်ပြိုင်ကြီးပါ။
အဆောင်တွေရဲ့နောက်မှာ ရေချိုးရန်အုတ်ကန်နှင့် အိမ်သာတွဲလျက်။ တစ်ခြံလုံး မီးရောင်ဆိုလို့ အဆောင် နှစ်ဆောင်ရဲ့ကြားမှာ အီကြာကွေးမီးသီးတစ်လုံးနှင့် အဆောင်နောက်ဘေး အုတ်ကန်နားလေးမှာ ဖန်ချောင်းလေးတစ်ချောင်း ဒါပဲရှိပါတယ်။
တချို့နေရာများဆိုမှောင်ပိန်းလို့။ကြောက်တတ်သူအဖို့ အေးစိမ့်စိမ့်နှင့်အသည်းငယ်ချင်စရာ ..။ သေချာတာတော့ ကျွန်တော် မကြောက်ပါဘူး။
“ကဲ…ကောင်းလေး….။အခန်းတိုင်းမှာ မီးချောင်ရှိတယ်။သော့မခတ်ထားဘူး။အဆင်ပြေတဲ့အခန်းကို ၀င်နေလိုက်နော်..။ နည်းနည်းတော့ ရှင်းရလေ့မယ်…။’’
“ဟုတ်ရပါတယ်အဖိုး ကျေးဇူးပါပဲဗျာ…။သြော်…..ဒါနဲ့ သားအဆောင်ခပေးဦးမယ်လေဗျာ…။
’’
“ပေးစရာမလိုပါဘူးသားရယ်…။ဒီအဆောင်ဖျက်တော့မှာပါ။အခုက အလုပ်သမားတွေမအားသေးလို့ နောက်သုံးလလောက်နေမှ ဖျက်ဖြစ်မှာ …။ကျောင်းချိန်ပြီးတဲ့အထိဒီမှာ အေးဆေးသာနေ။ အဆောင်ခပေးစရာမလိုဘူး ဟုတ်ပြီလား။’’
“ကျေး… ကျေးဇူးတင်ပါတယ်အဖိုးရယ်…။’’
“အေး… အေး…ကောင်းပြီ။ အေးဆေးနားချည်…။ရေချိုးရင် ဟိုကအုတ်ကန်မှာ ချိုးနော်…။
ညသိပ်ရေဆိုတော့ အရမ်းတော့ အေးမှာပဲ အကြာကြီးမချိုးနဲ့ နေမကောင်းဖြစ်လိမ့်မယ်ကောင်လေးရေ….။’’
“ဟုတ်…ဟုတ်အဖိုး…. သားအဖိုးကိုအရမ်းကျေးဇူးတင်တယ်ဗျာ…။’’
“မလိုပါဘူးကောင်လေးရယ်….. အဖိုးက သားမှမဟုတ်ဘူး ဒုက္ခရောက်သူတိုင်းကိုကူညီနေကြပါ။အဖိုးနှင့် သားရေစက်ပါလို့ တွေ့ရတယ် ။ကူညီခွင့်ရတယ်လို့ပဲသဘောထားပါတယ်။ကဲ…… ကဲ…..အဖိုးသွားပီ။’’
“ဟုတ်…ဟုတ်အဖိုး ဂရုစိုက်ပြန်နော်…. အဖိုးအိမ်ကဘယ်နားလေးမှာလဲ … မနက်သားလက်ဖက်ရည်တိုက်မယ်။အဖိုးကို လာခေါ်မယ်…။’’
“အဖိုးအိမ်ကအောက်နားလေးမှာပါ….။တိုက်တော့လည်းသောက်ရတာပေါ့ကွာ….။ကဲ…..သွားပြီဟေ့…။’’
“ဟုတ်…ဟုတ် အဖိုး………..။’’
ကျွန်တော်သဘောကောင်းလှသည့် ကျေးဇူးရှင်အဖိုးကို အချိန်အကြာကြီး ငေးကြည့်ပြီး အဖိုး၏ပုံရိပ်မြင်ကွင်းထဲက ပျောက်ကွယ်သွားသည့် အခါမှ မျက်လွှာချမိပါတော့သည်။
************************
အဖိုးလည်းပြန်သွားရော ကျွန်တော်တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ခြံမျက်နှာဝ ဘက်က အစွန်ဆုံးအခန်းကိုကျွန်တော် နေဖို့ရွေးချယ်လိုက်ပါတယ်။
အသာစေ့ထားသည့် အခန်းသွပ်တံခါးလေးကို တွန်းအဖွင့်မှာတော့ တံခါးရိုက်သံက ဒိန်းခနဲ့ အတော်လေးကျယ်သွားတယ်။သွပ် တံခါးဆိုတော့အသံ က တော်ရုံကျယ်တာမဟုတ်ဘူး ။ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ အတိုင်းအတာတစ်ခုအထိ ဟိန်းထွက်သွားတယ်။
တံခါးဖွင့်ဖွင့်ချင်းပါပဲ အောက်သိုးသိုး ဖုန်တွေသဲတွေ အနံ့က ကျွန်တော်ကို ဆီးကြိုလို့နေပါသည်။အပြင်ဘက် အဆောင်နှစ်ဆောင်အလယ်တွင်ထွန်းထားသော မီးရောင်ကို အားပြု၍ကျွန်တော်အခန်းမီးခလုတ်ကို ရှာမိတယ်။တွေ့ပါပြီ ။ မီးခလုတ်က အခန်း၀င်၀င်ချင်းအဝတွင်ပါပဲ။
မီးခလုတ်မှာ ဖုန်အတော်တင်နေဟန်ပင်။လက်အထိအတွေ့မှာ ဖုန်တွေသဲတွေတင်နေတယ်ဆိုတာအသိသာကြီးပါပဲ။မီးခလုတ် လေးကို ဆတ်ခနဲအဖွင့်မှာတော့ ဖန်ချောင်းရှည်ရဲ့လင်းအားကအခန်းတစ်ခုလုံးလင်းထိန်သွားတော့တယ်။
အခန်းထဲမှာ ခပ်တောင့်တောင့် တစ်ယောက်အိပ်ကုတင်တစ်လုံးက အခန့်သားတည်လျက်။ကုတင်ခေါင်းရင်းဘေးမှာတော့ စာကြည့်စာပွဲငယ်လေးတစ်လုံးရှိပါတယ်။
ဒီလောက်အခန်းဖွဲ့စည်းမူမျိုးဆိုပါက ကျွန်တော့်လိုကျောင်းသားတစ်ယောက်အတွက်တော့ ပြည့်စုံ ပါတယ်။
ကျွန်တော်ခရီးဆောင်အိတ်တွေကို ကွန်ကရစ်ခင်းထားတဲ့ ကြမ်းပြင်ပေါ်ပြစ်ချလိုက်တယ်။ကုတင်ပေါ်မှာလည်း ဖုန်တွေက လက်တစ်ဆစ်လုပ်တောင်တင်လို့။အတော်လေးရှင်းယူရပါမယ်။သို့သော် မတတ်နိုင်ပီ။ ဝက်ဖြစ်မှတော့ ရွှံ့ကြောက်၍မဖြစ်သလို အမြန်ဆုံးရှင်း လင်း ရပါမယ်။
အခန်းထဲအနံ့သက်ပျောက်အောင်အလို့ငှာ ကျွန်တော် ခေါင်းရင်းက ပြတင်းပေါက်လေးကို အသာဖွင့်လိုက်တယ်။ပြတင်းပေါက်က မဖွင်တာကြာလို့ထင်ရဲ့ အတော်လေးကြပ်နေလေပြီ။ပြတင်းတံခါးကိုအဖွင့်မှာတော့ အပြင်ကတဟူးဟူးတိုက်နေတဲ့လေအေးတွေ အခန်းထဲ အလုံးအရင်းနှင့်၀င်ရောက်လာခဲ့ပါတော့တယ်။လူလည်းအတော်လန်းဆန်းသွားခဲ့ရပါပြီ။
အနည်းငယ်အဝေးကိုမျှော်ကြည့်လိုက်တော့…။
ဝိုး……….လှလိုက်တဲ့မြင်ကွင်း။
ကျွန်တော်ရောက်နေတာ တက္ကသိုလ်ကျောင်းကြီး ရဲ့ အနောက်ဘက်တောင်တန်းပေါ်မှာပဲ။အောက်မှာ မီးရောင်စုံတွေနှင့်တောင်ပေါ်မြို့လေး လှလိုက်တာလွန်ပါရော…။အရှေ့ဘက်တောင် တန်းက မီးရောင်တွေက စီစီရီရီဖြင့် အရောင်အသွေးစုံလို့။
တက္ကသိုလ်အဆောင်တွေရဲ့ အပေါ်ဘက်ကုန်းလေးမှာရှိတဲ့ တောင်ကြီးမြို့ရဲ့ကျက်သရေဆောင် စူဋ္ဌာမူနိဘုရားကြီးက ဝါ ၊ စိမ်း ၊ နီ၊ပြာ ရောင်စောင်မီးတွေနှင့် သပ္ပာယ်လိုက်တာ။
ကျွန်တော်အဝေးကနေဘုရားကို လက်ဆယ်ဖျာမိုးဦးခိုက်လိုက်သေးလေရဲ့။ အရမ်းသာယာ တဲ့ရှုခင်းကိုမြင်လိုက်ရသည့်အတွက်ကျွန်တော်ကျေနပ်မိပါတယ်။
ကျွန်တော် ဤသို့အပြင်ကိုငေးကြည့်နေစဉ် ရုတ်တရက် အုတ်ကန်ဘေးလေးက အရိပ်မဲကြီးတစ်ခုကိုကျွန်တော်မြင်လိုက်ရတယ်။ လူတစ်ယောက်ရဲ့အရိပ်ပါ။
အရိပ်က ဘေးအခန်းက လာဟန်တူပါတယ်။
အဖိုးပြောတော့ အဆောင်မှာတစ်ယောက်မှ မရှိဘူးဆို။ဘယ်လို လုပ်လူရှိနေပါလိမ့်။
အဖိုးကကျွန်တော်ကြောက်တတ်သည်အထင်ဖြင့်သွေးတိုးစမ်းပြီးတစ်ယောက်မှမရှိဟုပြောချင်းဖြစ်ပါလိမ့်မည်။
ကျွန်တော်ပြတင်း ပေါက်ကတစ်ဆင်ဘေးအခန်းကို လှမ်းကြည့်လိုက်တယ်။ကျွန်တော်နှင့် တစ်ခန်းကျော်ကအခန်းမှာ မီးလင်းနေတယ်။ယခုမှအပြင်ကပြန်လာ ခြင်းတော့မဖြစ်နိုင်။မည်သို့ဆိုသော် ကျွန်တော်က ခြံတံခါးနှင့် မျက်နှာချင်းဆိုင်အခန်းကဆိုတော့ ထိုအခန်းကသူ ပြန်လာဦးတော့ ကျွန်တော် နှင့် အရင်တွေ့ရပါလိမ့်မည်။
သေချာသည်။
အိပ်ပျော်နေပြီး ယခုမှနိုးခြင်းဖြစ်ဟန်တူ၏။ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ဒီအဆောင်ကြီးမှာတစ်ယောက်တည်း မဟုတ်ပဲအဖော်ရှိတော့ကောင်းတာပေါ့လေ။
***************************
ကျွန်တော်အခန်းရှင်းဖို့ ပြင်လိုက်စဉ်မှာ ကျွန်တော်အခန်းရှေ့ကို လူတစ်ယောက်လာရပ်သောကြောင့် ကျွန်တော် နောက်ကို ဆတ်ခနဲလှည့်ကြည့်လိုက်တယ်
ပြုံးချိုချိုမျက်နှာက ကျွန်တော်ကို နှစ်လိုဖွယ်ဆီးကြိုလေရဲ့။ထိုသူရဲ့ ပုံက ခေတ်နှင့်အညီ၀တ်စားထားသောအ၀တ်စားများကြောင့် တက္ကသိုလ်ကျောင်းသာပဲဖြစ်မယ်ဆိုတာသိသာပါသည်။အသားဖြူဖြူအရပ်မြင့်မြင့်နှင့် ယောကျာင်္းပီသတဲ့မျက်နှာလေး ကိုပိုင်ဆိုင်ထားသူပါ။ မရိတ်တာ ကြာလို့ရှည်နေတဲ့ နုတ်ခမ်းမွေးတွေက နိုင်ငံခြားမင်းသားလို မျက်နှာပေါက်မျိုးဖြစ်နေပါတယ်။ကျွန်တော်ကိုပြုံးပြစဉ်ပေါ်နေသော သွားများက ဖွေးပြီးညီလို့ပါ။
အတော်လေးရုပ်ဆင်း၏ကောင်းခြင်းနှင့် ပြည့်စုံတဲ့အကိုတစ်ယောက်ပါပဲ။
“ညီလေး………ဒီအဆောင်ကိုပြောင်းလာတာလား………။’’
သူစကားသံက ဝဲသဲသဲလေးပါ။ဓနုတိုင်းရင်းသားဆိုတာကို ကျွန်တော်တို့လူမျိုးတူခြင်းကြောင့် ရိပ်စားမိပါတယ်။
“ဟုတ်တယ်အကို……..။အဆောင်မရဘူးဖြစ်နေတာ အဖိုးတစ်ယောက်ကကျွန်တော့်ကိုတွေ့ပြီး လိုက်ပို့ပေးလို့ တော်ပါသေးရဲ့ဗျာ……….။’’
“သြော်……….. အသားဖြူဖြူ အရုပ်ပုပု နှင့်မလား …….။ဘကြီးမွှေးပဲဖြစ်လေ့မယ်………..။’’
“နာမည်တောင်မမေးလိုက်ရပါဘူးအကိုရယ်……။လောလော လောလော နှင့်ဆိုတော့……….။ဒါနဲ့ အကို့အသံ နားထောင်ရတာ ဓနုတိုင်းရင်းသားထင်တယ်……..။’’
“သိပ်မှန်တာပေါ့ကွာ…….။အကိုက ကလောကပါ။ ကိုယ့်နာမည်က နေယံ…….။’’
“ကျွန်တော်လည်း ဓနုတိုင်းရင်းသားပဲအကို ……….။တွေ့ရသာ၀မ်းသာပါတယ်။ ကျွန်တော်ကညီညီပါ..။ ရပ်စောက်မြို့ကပါ..။’’
“ဒါနဲ့ အခန်းကူရှင်းပေးရမလား…။ တံမြက်စည်းမရှိရင် အကို့အခန်းဆီလာယူလေ…..။’’
“အခန်းတော့ ကူမရှင်းပါနဲ့အကိုရယ်….။ရပါတယ်ဗျာ…။ကျွန်တော့်ကို တံမြက်စည်းပဲငှားပေးပါ…….။’’
“အေး…. အေး…. လိုက်ယူလှည့်………။’’
ဒီလိုနှင့် ကျွန်တော်သည်လည်း ထိုအကို အခန်းထဲသို့လိုက်ခဲ့ပါတော့သည်။အခန်းထဲရောက်သည့်အခါ အခန်းက နှစ်ရှည်လများနေထား သည့်ပုံစံတောင်ဖြစ်နေပါပြီ။ဒီအကိုကြည့်ရသည်မှာ အဝေးသင်ကျောင်းသားမဟုတ်ပဲ ဒေးကျောင်းသားဖြစ်ဟန်တူပါသည်။ ဒေးကျောင်းတွေ ပိတ်တာ တစ်လလောက်ရှိပြီကိုမပြန်သေးပဲနေနေဟန်တူ၏။
အင်းလေ…….
ငွကြေးပြည့်စုံသူတွေအတွက်တော့ သက္ကသိုလ်ဘဝ က သာသာယာယာပဲကိုး……….။
“ကဲ….ရော့ညီလေး တံမြက်စည်းကတော့ သိပ်မကောင်းတော့ ဘူး ။လှဲလို့တော့ရသေးပါတယ်ကွ….ဟား…ဟား…။’’
“ရပါတယ်အကို ကဲ…. ကျေးဇူးပဲဗျာ ကျွန်တော်သွားရှင်းလိုက်ဦးမယ်….။ အခုလိုကူညီတာ တကယ်ကျေးဇူးတင်ပါတယ်ဗျာ…။ နို့မို့ ဘာနှင့်လှဲရမလဲတောင်မသိဘူး.။’
“ရပါတယ် ညီလေးရာ…….. ရေစက်ရှိလို့ဆုံရတာပဲ… ဟုတ်ဝူးလားပဲ့နော့……….။’’
စကားအဆုံးမှာ ကျွန်တော့်ကို ဓနုစကားနှင့် နောက်ပြောင်လိုက်သေး၏။ဟုတ်တယ်မလားသူငယ်ချင်း ကို ဓနုလို ပြောလိုက်ခြင်းဖြစ်ပါ သည်။
ဟုတ်ပါသည်။ဒီအကိုရော ၊ စောစော ကအဖိုးပြောသလိုရော…… ကျွန်တော်တို့တွေဟာရေစက်ရှိလို့ဆုံကြရသူတွေပါ။
ကျွန်တော်အခန်းရှင်းပြီး တော့ တံမြက်စည်းသွားပြန်ပေးမည်အပြုမှာ ကိုနေယံ အခန်းမီးရောင်မရှိတော့ပါဘူး။အိပ်နေပြီထင်ပါ၏။
မနက်မှပဲပေးတော့မည် ဟူသောအတွေးဖြင့် ကျွန်တော်သည်လည်း ခရီးပန်းလာသည်ဖြစ်သောကြောင့် ရေချိုးပြီး အသင့်ပါလာသော မုန့်ကို စား၍ အိပ်စက်လိုက်ပါတော့သည်။
************************
တောင်ကြီးမြို့ရဲ့ ရာသီဥတုကထုံစံအတိုင်းနေမြင့်လာလေအေးလေဖြစ်နေ၏။အပြင်က မြူခိုးများက အခန်းပြင်းတင်းပေါက် အကျိုကကြားကနေ တိုး၀င်လို့လာခဲ့လေသည်။အိမ်မှာကတည်းက ပေါ့ပေ့ါပါးပါးသယ်ခဲ့သော စောင်နှစ်ထည်က လည်း အအေးဒဏ်ကို တားဆီးပေးနေခြင်းမရှိတော့ပါချေ။
အဆောင်ဖော် ကိုနေယံကတော့နိုးပြီလားမသိ။ကိုနေယံကိုခေါ်ပြီး အဖိုးမွှေးဆီသွားလို့ လက်ဖက်ရည်သောက်ရမယ်လို့စိတ်ကူး ပြီး ကျွန်တော်ခေါင်မှီးတင်းနေအောင်ခြုံထားသော စောင်ကို ခွဲချလိုက်လေတော့သည်။ထို့နောက် အိမ်ရေး၀သလိုဖြစ်ပြီးလန်းဆန်း နေတာ ကြောင့် ကုတင်ပေါ် ထထိုင်ကာ
စောင်ကိုစတင်ခေါက်ခဲ့ပါတော့သည်။
အိုး………..။ကျွန်တော်ကုတင်ပေါ်မှာ ဖုန်တွေအများကြီးပဲ။စောင်တွေ ကျွန်တော့်အ၀တ်တွေလည်းအတော်ပေကျံကုန်လေပြီ။ ကျွန်တော်မနေ့ညက သေချာလှဲထားသည်ကို ဘယ်ကနေလဘယ်လိုလာကုန်ကျသည်မသိ။ဖုန်တောထဲမှာ ခင်းအိပ်ခဲ့သလိုဖြစ်တာမို့ ကျွန်တော့် တကိုယ်လုံးလည်း ယားယံလာပါသည်။
ကျွန်တော်စိတ်ပျက်သလို စုတ်တချက်ကို သပ်လိုက်ပြီး အခန်းကို ထပ်မံလှဲကျင်းဖို့ တံမြက်စည်းကိုအယူမှာတော့ …။
“ဟင်……….။ဘယ်လိုလုပ်လို့မနေ့ညက ထားထားတဲ့တံ့မြက်စည်းက ရှုးဖိနပ်စုတ်ကြီးဖြစ်နေတာပါလိမ့်……..။’’
ကိုနေယံ မနေ့ညက ကျွန်တော့်ကို ငှားပေးတာတံမြက်စည်းအစစ်ပါ။သိပ်မကောင်းတော့ဘူးဆိုလို့တောင် ကျွန်တော်သေချာကြည့်လိုက် သေးတယ်။
တံမြက်စည်းက ရိုးတံတိုပေမယ့် အမှီးရှည်တာကြောင့် ကောင်းစွာလှဲကျင်းလို့ ရပါသေးတယ်။ပြီးတော့ ဒီဖိနပ်စုတ်က မနေ့ညက မရှိပါဘူး။ဘယ်လိုကဘယ်လို ခြေထောက်ပေါက်ပြီး ဒီဖိနပ်စုတ်က ဒီနေရာရောက်နေပါလေ့။ ကျွန်တော်စိတ်တိုတိုနှင့် ဖိနပ်စုတ်ကို ခြေထောက်နှင့် ကန်ထုတ်ပစ်လိုက်တယ်
အဲဒီနောက်တော့ ကိုနေယံကိုသွားနိုးမည် အကြံနှင့် ကိုနေယံ အခန်းဘက်ကျွန်တော်ထွက်ခဲ့လိုက်တယ်။
ကိုနေယံအခန်းတံခါးကလည်း ပင့်ကူမျှဉ်တွေတောင်စွဲလို့။ရုပ်လေးချောသလောက် တော်တော်ညစ်ပတ်တဲ့ ကိုနေယံပါပဲ။
တံခါးကိုခပ်ကြမ်းကြမ်းခေါက်လိုက်လိုက်ချိန်မှာတော့ အသာစေ့ထားတဲ့တံခါးက ဝုန်းခနဲ့ ပွင့်သွားတယ်။အထဲရောက်တော့ ကျွန်တော့် မျက်လုံးတွေမယုံနိုင်အောင်ပါပဲ။
ဖုန်အလိမ်လိမ်တက်နေသော ကုတင်တစ်လုံးမှလွဲ၍အထဲမှာ ဘာမှမရှိပါဘူး။မနေ့ညက ကိုနေရာအခန်းက ဒီအခန်းဟုတ်ပါတယ်။ ကျွန်တော်နှင့်် ဘေးတိုက် တစ်ခန်းကျော်က ကိုနေယံအခန်းပါ။
ကျွန်တော်မယုံနိုင်စရာအဖြစ်အပျက်တွေကြောင့် ကြောက်သလိုဖြစ်လာခဲ့ပြီုး အဆောင်မှာရှိတဲ့ အခန်းတံကားစေ့ကို ခြေထောက် နှင့်လိုက်ကန်ပြီးဖွင့်လိုက်တယ်။လူမနေတာကြာသော အခန်းပျက်များမှတပါး အခြားမတွေ့ပါ။ စောစောစီးစီး ကျွန်တော့် နှဖူးကချွေးစတွေ ကျလာပါပြီ။
ကျွန်တော်မကြောက်တတ်ပေမယ့် ဂယောင်ခြောက်ခြားဖြစ်လာခဲ့ပါတော့သည်။
စိတ်လှုပ်ရှားစွာဖြင့် ကျွန်တော့်အခန်းဆီပြန်အလာ မှာတော့ ဖုန်တွေအလိပ်လိပ်တက်နေသော ကုတင်ပေါ်က ကျွန်တော့် အခင်းစောင်များက မြင်မကောင်းစရာ…။
ကျွန်တော်အလွန်တရာကြောက်လန့်သွားခဲ့ပါတော့သည်။ထိုကြောင့် ခြံတံခါးဆီအပြေးသွားပြီးထွက်ပြေးမယ်လုပ်တော့ ခြံတံခါးကြီးက ဧရာမ အာမခံသော့ကြီးခတ်လျက်…..။
“ကယ်ကြပါဦးဗျာ…….။ ကျွန်တော့်ကို ကယ်ကြပါဦး………။’’
ရွာတွင်လယ်ထဲမှာ ငှက်ခြောက်နေကျ ကျွန်တော်အသံ ဘယ်လောက် အောင်သည်မသိ။တောင်အောက်ကလူနှစ်ယောက် ကျွန်တော့်ထံကိုပြေး တက်လာကြတယ်။အဲဒီလူတွေကို ရောက်လာတော့ ကျွန်တော် သံတံခါးကြားအားကိုတကြီး သူတို့လက်ကိုလှမ်းဆွဲအကိုညီတောင်းလိုက် တယ်။
“ကယ်ကြပါဦး အကိုတို့ရယ်….။ကျွန်တော့်ကို ဒီအထဲက ထုတ်ပေးပါဦးလားဗျာ………။’’
“မင်းဘယ်လိုလုပ်လို့ ဒီအဆောင်ပျက်ထဲရောက်နေတာလဲ။’’
“ကျွန်တော့်ကို အဖိုးကြီးတစ်ယောက်ခေါ်လာတာ ။ အထဲမှလည်းမနေ့ညက အကိုတစ်ယောက်ကို တွေ့တယ်။ ဒီမနက်တော့ သူလည်းမရှိဘူး……….။’’
“သြော်……မင်းဘကြီးမွှေးတို့နှင့်ကြုံခဲ့ပြန်ပြီကိုး…………။ကဲ…….ဘာမှကြောက်မနေနဲ့ သူတို့က လူကောင်းတွေပါ။ လူကိုတွေကို ကူညီတာ အန္တရာယ်မပေးဘူး။မကြောက်နဲ့။’’
“တံခါးသော့က ငါတို့မှာလည်း မရှိဘူး အုတ်တံတိုင်းကို ကျော်တက်ပြီးလာခဲ့မယ် အဲမှာပဲနေ ဟုတ်ပြီလား။’’
“ဟုတ်… ဟုတ်ကဲ့ပါဗျာ…..’
ဤသို့လျှင် အုတ်တံတိုင်းက ကျော်ထွက်ကာ ကျွန်တော့်အထုပ်တွေပြန်သယ်ပြီး ကျွန်တော်လည်းအဲဒီအဆောင်နှင့် လမ်းခွဲခဲ့ပါတော့သည်။
************************************
“တကယ်တော့ မနေ့ညက ညီလေးတွေ့ခဲ့တဲ့သူတွေဟာ မကျွတ်မလွှတ်ကြသေးတဲ့ ပရလောကသားတွေပါ။ မင်းကို လိုက်ပို့တဲ့ အဖိုးက ဘကြီးမွှေးလို့ခေါ်တယ်။အဲဒီအဆောင်ကလည်းသူ့အဆောင်ပဲ။
ဘကြီးမွှေးက အရမ်းစိတ်နှလုံးကောင်းရှိတာ ။ပိုက်ဆံလည်းချမ်းသာတော့အဲ့ဒီအဆောင်ကို ဆောက်ပြီးကျောင်းလာတက်သူတွေ ကိုစျေးပေါပေါနှင့် ငှားပေးရှာတယ်။ ညီလေးလိုပဲ အဆောင်ရှာရခက်နေတဲ့ကျောင်းသားတွေကို သူသက်ရှိထင်ရှားရှိနေကတည်းက ကူညီနေကျပဲ။ သူ့အဆောင်ကို အမြဲတမ်းခေါ်ခေါ်သွားတတ်တယ်
အဆင်ပြေလို့အဆောင်ခပေးရင်တော့ယူတယ်။မပေးလည်း ဘကြီးမွှေးက ဘာမှမဖြစ်ဘူး။စိတ်ထားကောင်းပေမယ့် သေတဲ့အခါ အဲဒီသူ့အဆောင်ကြီးနှင့် ကျောင်းသားလေးတွေအတွက် ကုသိုလ်လုပ်မယ်ဆိုတဲ့အစွဲအလန်းစိတ်ကြောင့်မကျွတ်မလွတ်ပဲ ဖြစ်နေရတာ သနားစရာတော့ကောင်းပါတယ်။အခုထိ ဝိညာဉ်ဘဝနှင့်လည်း ညီလေးလိုပဲ ဒုက္ခရောက်နေတဲ့ သူတွေကို သူ့အဆောင်ခေါ်သွားနေကြပဲ။
အဆောင်ရဲ့အောက်ဘက်လမ်းကြားလေးအတိုင်း ဆင်းသွားရင် သူ့အိမ်ကြီးရှိတယ်။အိမ်ရှေ့မှာ စတိုးဆိုင်ကြီးနှင့်လေ။ ခုတော့သူ့ သမီးတွေနေတယ်အဲဒီအိမ်ကြီးမှာ…….။’’
“ဟုတ်တယ်အကို မနေ့ညကလည်းကျွန်တော် ဘကြီးမွှေးကို အဲဒီဆိုင်ရှေ့မှာတွေ့တာ။ကျတော်အဲဒီဆိုင်မှာရေဝယ်သောက် ရင်း တွေ့တာပဲ။ကျွန်တော်က အကျိုးအကြောင်းပြောပြတော့ သူကိုယ်တိုင်ပဲကျွန်တော့်ကိုလိုလိုချင်ချင်နှင့် အဲဒီအဆောင်ကိုလိုက်ပို့တာပဲ။’’
“အင်း….။သူကအဲလိုပဲကူညီနေကျ။အဲဒီအဆောင်ကိုရောက်သွားတဲ့သူတိုင်းကလည်း ညီလေးမနေ့ညကကြုံတွေ့ခဲ့ရသလိုမျိုး ကြုံတွေ့ ရတာပဲ။’’
ကျွန်တော်ကိုကူညီပြီးအဆောင်ထဲကထုတ်ပေးခဲ့သောအစ်ကိုနှစ်ယောက်ကိုကျွန်တော်လက်ဖက်ရည်တိုက်ရင်းညက ကြုံတွေ့ ခဲ့ရသည့်အကြောင်းကို မေးမြန်းခဲ့ခြင်းပဲဖြစ်ပါသည်။
ထိုအစ်ကိုနှစ်ယောက်၏အကူအညီဖြင့် ကျွန်တော်အဆောင်တစ်ဆောင်မှာ အခန်းရခဲ့ပါသည်။
“ဒါနဲ့……….ကျွန်တော်မနေ့ညက တွေ့ခဲ့တဲ့ ကိုနေယံကော………။သူလည်း ပရလောကသားပဲပေါ့………..။’’
“သြော်…..ဟုတ်သားပဲ
နေယံအကြောင်းပြောဖို့ကျန်ခဲ့တယ်။သူက ဒေးကျောင်းသား…။ကလောမြို့ကနေကျောင်းလာတက်တာ။ သူက တက္ကသိုလ်မှာ ကင်းလေ။ အရမ်းချောတော့ ကောင်မလေးတွေဆို ဝိုင်းနေတာပဲ။
သူကလည်းချောသလို ကောင်မလေးတွေနှင့် ရှုပ်တာ အားကြီးပဲ။ရည်စားတွေဆို အယောက်ပေါင်းမရေနိုင်အောင်ထား တာ။ လူပျိုသဘာဝပွေတာ ရှုပ်တာဆိုပေမယ့် နေယံက စိတ်ကောင်းတော့ရှိပါတယ်ကွာ……..
တနေ့တော့ အစာအဆိပ်သင့်သလိုလို …….။
ရောဂါဖြစ်သလိုလိုဖြစ်ပြီး အဲဒီအဆောင်က သူ့အခန်းလေးထဲမှာပဲဆုံးရှာတယ်။ သူလည်းအခုထိမကျွတ်လွတ်သေးဘူး။
ဘကြီးမွှေးဆုံးတဲ့နှစ်မှာပဲ သူလည်းဆုံးတာလေ……..။အဲဒီအဆောင်က သူ့အခန်းမှာတခြားသူတွေနေလို့မရဘူး။နေယံက ခြောက်တာပေါ့ကွာ………။အစက ဘကြီးမွှေးသေပြီးအဲဒီအဆောင်ကို ဆက်ငှားသေးတယ်။နောက် နေယံလည်းသေပြီးရော နေယံခြောက် လို့ဆိုပြီး ဘယ်သူမှ အဲဒီအဆောင်ကိုလာငှားမနေတော့တာ။အဲဒီအဆောင်လည်း ခုလိုသော့ကြီးခတ်ပြီးအိုသွားတာပေါ့ကွာ…။
နေယံကတော့ အဲမှာပဲအမြဲရှိနေဆဲပါ။ညညဆို သူနေတဲ့အခန်းက မီးလင်းလင်းနေတာကို ဒီရပ်ကွက်ကလူတိုင်းသိတယ်။
အဆောင်ကလည်း ရပ်ကွက်အစွန်မှာ သီးခြားဆိုတော့ ဘယ်သူမှဒီအဆောင်ဘက်မလာကြပါဘူး။အခုလို သော့ကြီးခတ်ပြီး ချိတ်ပိတ်ထား ရတာပေါ့။ ’’
ဇတ်လမ်းကိုအလုံးစုံသိလိုက်ရမှ ကျွန်တော်လည်း သူတို့နှစ်ယောက်လုံးနှင့်ဆုံခဲ့တာကို တွေးကြည့်ပြီး ဘကြီးမွှေး ရဲ့ သဘောကောင်းမနှောကောင်းမျက်နှာလေးနှင့် ကိုနေယံ ရဲ့ ခပ်ချောချာ မျက်နှာလေးကို မျက်စိထဲပြန်လည်မြင်ယောင်လာမိခဲ့တယ်။
မည်သို့ပင်ဆိုစေကာမူ ဘကြီးမွှေးရော ၊ ကိုနေယံရော ကျွန်တော့်ရဲ့ကျေးဇူးရှင်တွေပါပဲ။ဘကြီးမွှေးနှင့် ကိုနေယံတို့ရဲ့ အကူအညီကြောင့်သာ ကျွန်တော်မနေ့ညက ကောင်းစွာအိပ်စက်ခဲ့ရတာပါ။
သူတို့မျက်နှာနှင့် သူတို့ပြောတဲ့စကားသံတွေကလည်းကျွန်တော်နားထဲမထွက်ပါဘူး။
ဘကြီးမွှေး နှင့် ကိုနေယံ တို့ပြောသလိုပဲ ကျွန်တော်ဟာသူတို့နှင့် ရေစက်ရှိလို့ကြုံခဲ့ရတာပါ။
တစ္ဆေဆောင်မှာ တစ်ညတာနေခဲ့တဲ့အချိန်တွေကို ကျွန်တော်မေ့နိုင်တော့မှာမဟုတ်ပါဘူး။
ညီလေးငယ်
#မူရင်းတင်ထားသူအားလည်းcredit