စုန်းမြွေအတိုက် (စ/ဆုံး)

Unicode Version

စုန်းမြွေအတိုက် (စ/ဆုံး)
—————————–
ရွာတောင်ဖျားက ဦးလူပေါအိမ်မှာ ညဉ့် အချိန်မတော် သန်းခေါင်ကြီး လူစည်နေပါ၏။ စည်ရတဲ့ အကြောင်းက ဦးလူပေါ သမီး အကြီးမ (မမြင့်ရီ) မြွေကိုက်ခံရလို့ အဆိပ်တက် သေဆုံးလို့ဆိုပဲ။
ဦးလူပေါအိမ်လို့ ပြောပေမယ့် ဦးလူပေါက တမြန်မနှစ်ကပဲ လူကြီးရောဂါနဲ့ ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဦးလူပေါမှာ သားတယောက် သမီးနှစ်ယောက် ရှိသည်။ အကြီးဆုံးသားက (ကိုဝင်းသောင်) ဖြစ်၏။သူက အိမ်ထောင်သည် ဖြစ်၏။ အတူနေမဟုတ်ချေ။
ဦးလူပေါအိမ်မှာက အခု မြွေကိုက်ခံရလို့ ဆုံးသွားတဲ့ အပျိုကြီးမမြင့်ရီနှင့် အပျိုကြီးမမြင့်ကြည်တို့ ညီအစ်မနှစ်ဦးသာ နေထိုင်ကြ၏။
သူတို့အစ်ကိုကြီး ကိုဝင်းသောင်က ဦးလူပေါအရင် ဆုံးပါးသွားတာ ၄နှစ်ထဲ ရောက်ပြီ။ ပြီးတော့ ကိုဝင်းသောင်က ဦးလူပေါတို့နဲ့ အတူနေတာလည်းမဟုတ်ဘူး။ အိမ်ထောင်ကျပြီးတနှစ်လောက်မှာ တအိုးတအိမ် ခွဲနေတဲ့သူ။ ခွဲနေရတဲ့ အကြောင်းက ကိုဝင်းသောင်နှမနှစ်ယောက်နဲ့ သူ့ဇနီး၊ သမီးယောင်းမတွေ မတည့်ကြလို့ပဲ။
ယောက်ခမနဲ့ ချွေးမ၊ ပြီးတော့ သမီးယောင်းမဆိုတာကလည်း ကမ္ဘာဦးကတည်းကများ မတည့်ကြလေသည်လားမသိ။
ကိုဝင်းသောင်မိန်းမ မယဉ်ထွေးနဲ့ ယောင်းမနှစ်ယောက်ဖြစ်ကြတဲ့ မမြင့်ရီ၊ မမြင့်ကြည်တို့ ညီအစ်မနှစ်ယောက်က လုံးဝမတည့်ကြချေ။
တအိမ်တည်း အတူနေကြပါပြီဆိုကတည်းက ငြိုးသူရန်ဘက်ကြီးတွေပမာ တကျက်ကျက် ရန်ဖြစ်တတ်ကြ၏။နှစ်ဖက်စလုံးက နည်းနည်းလေးမှ အမှားမခံကြချေ။
ဒီတော့ အေးအေးလူလူ နေချင်သော အသက်ကြီးပြီဖြစ်တဲ့ မုဆိုးဖို ဦးလူပေါက သားဖြစ်သူကို ထိုက်သင့်သော ငွေနှင့် လယ်မြေအချို့ကို ခွဲပေးပြီး၊ တအိုးတအိမ် ထူထောင်စေလိုက်သည်။
ဒီနောက်ပိုင်းတော့ ရန်မီးက အတန်အသင့်တော့ ငြိမ်းသွားခဲ့သည်ဟု ဆိုမည်။ ဒါပေမဲ့ တရွာတည်း အတူနေတွေဆိုတော့ မဆုံချင်လည်း ဆုံကြရ၏။ ထိုအခါမျိုးတွင် လယ်တွေ ခွဲဝေပေးလိုက်ရတဲ့ အပျိုကြီး ညီအစ်မနှစ်ယောက်က မယဉ်ထွေးကို မျက်စောင်းခဲကြသလို၊ ထွီထွမ်ဟု တံတွေးထွေးတတ်ကြ၏။
မယဉ်ထွေးကလည်း မခံ။ ကက်ကက်ပါအောင် ရန်ပြန်ထောင်တတ်၏။ ထိုအခါမျိုးတွင်တော့ ရန်ပွဲလေးတွေက ပြန်ဖြစ်တတ်လေ၏။
တချို့က အပျိုကြီးညီအစ်မ အမှားလို့ ဆိုကြ၏။ အပျိုကြီး ညီအစ်မကလည်း သူတို့က မမှားဘူးဟု ဆိုပြန်၏။ ဘာကြောင့်လဲဆိုတော့ မယဉ်ထွေးသည် သူတို့အစ်ကို လူပျိုကို ဖြားယောင်းသွေးဆောင်၍ အပိုင်ချိုင်ခဲ့သည်ဟု ဆိုလေ၏။ သူတို့အစ်ကိုက လူပျိုဆိုတော့ မယဉ်ထွေးက ဘာလဲ။
မှန်၏။ သူတို့ပြောသလိုပဲ ကိုဝင်းသောင်နဲ့ရတော့ မယဉ်ထွေးက အပျိုမဟုတ်ချေ။ တခုလပ်တလင်ကွာ ဖြစ်လေ၏။ အသားရေ ညိုစိမ့်စိမ့်ရှိပြီး ကိုယ်လုံးကိုယ်ဖန် အချိုးကျသော မယဉ်ထွေးသည် တရွာသားနှင့် အိမ်ထောင်ကျခဲ့ဖူး၏။
သို့သော် အဘယ်အကြောင်းရယ်မသိ။ ထိုယောက်ကျားသည် မယဉ်ထွေးအား ထားခဲ့ပြီး ခရီးဝေးထွက်သွားရာမှ လုံးဝ ပြန်မလာတော့ချေ။ သေသလား ရှင်သလား မသိရ။ လုံးဝ အဆက်အသွယ် ပြတ်တောက်သွားလေ၏။
မယဉ်ထွေးက ထိုယောက်ကျားနှင့် ကလေးမရသလို၊ ဒုတိယအိမ်ထောင်ဖြစ်သော ကိုဝင်းသောင်နှင့်လည်း သားသမီး မထွန်းကားချေ။
ဒါကြောင့် အပျိုကြီးညီအစ်မက ကွယ်ရာမှာ မယဉ်ထွေးကို အမြုံမဟု ကဲရဲ့ အတင်းတုပ်ကြ၏။ ကိုဝင်းသောင်နှင့် မယဉ်ထွေးတို့မှာ မည်သူက အားနည်းချက်ရှိသလဲတော့ မပြောတတ်။ အမှန်တကယ်လည်း သူတို့မှာ ညားပြီး ၃နှစ်ကျော်သည်အထိ ကလေးမရကြပေ။
ကိုဝင်းသောင်က လူအေး။ သူ့မိန်းမ ပြောသမျှ ယုံ၏။ ဒါကြောင့် သူ့မယားနဲ့ ညီမတွေ ရန်ဖြစ်တိုင်း မယားဘက်သာ ပါလေ့ရှိ၏။ အခု အပျိုကြီး မမြင့်ရီ ဆုံးသွားမှ ရွာက လူတွေက သတိတရ ဆိုကြလေ၏။
” သူတို့မောင်နှမတွေက ကံတူအကျိုးပေးတွေနော်။သူတို့အစ်ကို ကိုဝင်းသောင်ကြီးလဲ လယ်တောက အပြန် ညနေစောင်းမှာ ပိုးထိလို့ ဆုံးတာ မဟုတ်လား ”
မှန်၏။ ကိုဝင်းသောင် မြွေကိုက်ခံရတာ နေဝင်ရီတရော် အချိန် ညနေ ၅နာရီခွဲသာသာခန့်မှာ ဖြစ်၏။
” ဟုတ်ပါ့ ၊ ဝင်းသောင်လဲ မြွေကိုက်ခံရလို့ သေတာပဲလေ ”
” ဒါနဲ့ ဟိုတလောက မယဉ်ထွေးက မြင့်ရီတို့ညီအစ်မဆီ သူ့ယောက်ကျား ရရမယ့် အမွေကို လာတောင်းတယ်ဆို ”
” အေးပေါ့ ၊ တောင်းရှာမပေါ့အေ။ဦးလူပေါ ဆုံးပြီးကတည်းက မြင့်ရီနဲ့ မြင့်ကြည်က အမွေတွေ အပိုင်စီးထားကြတာ နည်းမှ မနည်းပဲ”
ဦးလူပေါလက်ထက်က လယ်ယာတွေက မနည်းချေ။ ဒါ့အပြင် ဇနီးဆုံးတော့ အကြီးမ မမြင့်ရီကို ဦးလူပေါက ရွှေထည်ပစ္စည်းများနှင့် ငွေသားတွေ အကုန်အပ်ထားခဲ့လေ၏။ သားဖြစ်သူ ဝင်းသောင်ကို အိမ်ထောင်ခွဲစဉ်က ပေးခဲ့တယ်ဆို အနည်းအကျဉ်းသာ ဖြစ်၏။ ဝေပုံကျ မဟုတ်ချေ။
ဒါကို မယဉ်ထွေးက သိထား၏။ ထို့ကြောင့် ဦးလူပေါ ဆုံးပြီး ၆လခန့်ကြာတော့ သူမယောက်ကျား ရသင့်ရထိုက်တာကို သွားတောင်းခြင်း ဖြစ်သည်။ လင့်ပစ္စည်း မယားပိုင်သည်ဟုဆိုလျင်၊ သူမယောက်ကျားသည် အမွေဝေစု တခု ရသင့်သည်ဟု မယဉ်ထွေးကဆိုလေ၏။
သူမ တောင်းသည်မှာ သဘာဝကျသည်ဟု တချို့က ပြောကြ၏။ ဘာဖြစ်လို့လဲဆိုတော့ ကိုဝင်းသောင်က လူအေး၊ လူ့ဘော်ကြော့ဆိုတော့ ၊ မယဉ်ထွေးနှင့် ပေါင်းသင်းစဉ်က ဘာမှ စီးပွားမဖြစ်ခဲ့။ဖခင်ကြီး ပေးထားတဲ့ လယ်တချို့တောင် ပေါင်နှံ သုံးစွဲရ၏။ အဲ့ဒီတော့ ကိုဝင်းသောင် ဆုံးပြီးချိန်မှာ မယဉ်ထွေးအဖို့ ဘာမှ သိပ်မကျန်ခဲ့ချေ။
ဦးလူပေါ ရှိစဉ်ကတော့ ချွေးမဖြစ်သူကို မကြာခဏ ပေးကမ်းခဲ့သည်။ ထို့ကြောင့် ဦးလူပေါ ရှိစဉ်က မယဉ်ထွေး အသာငြိမ်နေခဲ့သည်။
အခု ဦးလူပေါ မရှိတော့ဘူး။ လူမှုရေးအရ မယဉ်ထွေးက ဦးလူပေါ ဆုံးပြီး ချက်ချင်း မတောင်း။ ၆လခန့် ကြာမြင့်မှ ၊ ရသင့်သည်ထင်သော သူမယောက်ကျား၏အမွေဝေစုကို တောင်းခံခြင်း ဖြစ်၏။
မမြင့်ရီတို့ ညီအစ်မက ဘယ်ပေးမလဲ။ လယ်လေး နှစ်ဧကလောက် ခွဲပေးတုန်းကတောင် ပြသနာလုပ်ခဲ့ကြသေးတာမဟုတ်လား။ ပြီးတော့ အခုက သူတို့အစ်ကိုကြီး ကိုဝင်းသောင်လည်း မရှိတော့ဘူးလေ။
အဲ့ဒီတော့ ယောင်းမဖြစ်သူကို ဘယ်ပေးပါတော့မလဲ။ ‘မပေးနိုင်ဘူးဟေ့ ‘ လို့ ပြတ်ပြတ်သားသား ဆိုကြ၏။ ဒီမှာတင် နှစ်ဖက်စလုံးက လောဘ၊ဒေါသမီးတွေနှင့် ဆဲကြဆိုကြရုံသာမက လုံးသတ်ကြသည်အထိ ပြသနာတွေ ဖြစ်ကုန်ပါတော့၏။
ထိုလုံးထွေးသတ်ပုတ်ကြသည့် သတင်းက ကျေးရွာဥက္ကဌ ဦးသိန်းစိုးထံ ရောက်သွား၏။ ဦးသိန်းစိုး ရန်ပွဲဆီသို့ အမြန်ရောက်လာရတော့သည်။ လုံးထွေးသတ်ပုတ်နေကြသူတို့ကို အနီးနားက အမျိုးသမီးများကို ဝင်ဖြန်ဖြေပေးစေ၏။
ဥက္ကဌကိုယ်တိုင် ရောက်လာပြီဆိုတော့ ၊ သူတို့ ခေတ္တငြိမ်သက်သွားကြသည်။ရန်ပွဲကို လာကြည့်သူက အများကြီး။ ဒီတော့ ဥက္ကဌက …
” ကဲ … မြင့်ရီတို့ ညီအစ်မရော ၊ ယဉ်ထွေးပါ ငါ့အိမ်ကို လိုက်ခဲ့၊ ဟိုရောက်မှ ညီးတို့ကိစ္စ ရှင်းမယ် ”
ဥက္ကဌက ထိုသို့ သံပြတ်နဲ့ ပြောလိုက်တော့ သူတို့တတွေ ဥက္ကဌအိမ်ကို လိုက်ပါသွားကြရတော့သည်။
_____
အခန်း၂။
ပြသနာက ကျေးရွာကောင်စီဥက္ကဌ ဦးသိန်းစိုးအိမ်အထိ ရောက်သွားပြီ။ ဥက္ကဌက သူ့အိမ်မှာ ခေါ်ယူ၍ ပြဿနာကို ညှိနှိုင်းပေးပါသော်လည်း မမြင့်ရီနှင့် မမြင့်ကြည်က လုံးဝ သဘောမတူချေ။
ဥက္ကဌ ဦးသိန်းစိုး ပြောတာက သဘာဝကျ၏။ ဝေပုံကျ မဟုတ်ပဲ ၊ မယဉ်ထွေးကို ရင်းနှီးစားသောက်နိုင်အောင် အနည်းအကျဉ်း ခွဲဝေပေးရန် ဖြစ်၏။
သို့သော် အပျိုကြီးမမြင့်ရီက ပြင်းပြင်းထန်ထန် ငြင်းဆိုသည့်အပြင်
” ကျွန်မတို့ဘက်က ဒင်းကို ငါးပြားစေ့ တစေ့တောင် မပေးနိုင်ဘူး ဥက္ကဌ။ ဒင်းဘာသာ တိုင်ချင်ရာတိုင် ၊ တက်ချင်တဲ့ရုံး တက်ပလေ့စေ ”
အပျိုကြီးညီအစ်မဘက်က လုံးဝ ညှိနှိုင်းလို့ မရချေ။ နောက်ဆုံးတွင်
ဥက္ကဌ ကိုယ်တိုင်က လက်လျော့လိုက်ရလေတော့၏။
ကျေးရွာဥက္ကဌဦးသိန်းစိုးက သူတတ်နိုင်သရွေ့ ညှိနှိုင်းပေးပြီးပြီ။ ဒါပေမဲ့ မမြင့်ရီတို့ညီအစ်မဖက်က တင်းမာနေတော့ ပြသနာက သူနဲ့ မပြီးတော့ဘူး။ အဲ့ဒီတော့ မယဉ်ထွေး ကို ရှေ့နေနဲ့တိုင်ပင်ပြီး မြို့နယ်တရားရုံးမှာ တရားတဘောင်တွေ လုပ်ပေတော့လို့ပဲ ပြောလိုက်ရ၏။ ဥက္ကဌက သူညှိပေးတာကို လုံးလုံးလျားလျား ငြင်းပယ်ခဲ့တဲ့ မမြင့်ရီတို့ ညီအစ်မကို ကျေနပ်ပုံမရချေ။ ထို့ကြောင့် မယဉ်ထွေးအား တရားစွဲရန် တိုက်တွန်းလိုက်ပုံရ၏။
ဥက္ကဌက သူရဲ့ ညှိနှိုင်းမှုကို လက်မခံတဲ့ မမြင့်ရီတို့ဘက်လှည့်ကာ …
” အေး ထပ်ပြီး ရွာထဲမှာ ဆူညံပူညံ လုပ်လို့ကတော့ ၊ ငါ့အိမ်အောက်က ထိတ်တုံးက ယောက်ကျားသော မိန်းမသော ရွေးနေမှာမဟုတ်ဘူး ။
ထမင်းမကျွေး ရေမတိုက်ပဲ ချုပ်ထားခံရမယ်ဆိုတာ မြဲမြဲမှတ်ကြ”
ဥက္ကဌက အပြီးသတ် ပြောလိုက်ပြီး၊ အားလုံးကို ပြန်ခိုင်းလိုက်၏။
မယဉ်ထွေးက မမြင့်ရီတို့ညီအစ်မ အနိုင်ကျင့်တာကို ကြိတ်မနိုင်ခဲမရ မျက်လုံးတွေနဲ့ ကြည့်သည်။ မမြင့်ရီတို့က အနိုင်ရသူပမာ မျက်နှာထား ခပ်တင်းတင်းနဲ့ မျက်နှာကို မော်ထားကြလေ၏။ဒင်းက ဘယ်ကပိုက်ဆံနဲ့ တရားရုံးတက်မှာလဲဟူသော နှိမ်ချဟန်ဖြင့် ကြည့်ကြခြင်းဖြစ်၏။
ကျေးရွာဥက္ကဌအိမ်က ပြန်ကြတော့ လမ်းမှာ မယဉ်ထွေးက အပျိုကြီးညီအစ်မကို စေ့စေ့ကြည့်ပြီး၊
” နင်တို့ လောဘတက်ပြီး၊ မောင်ပိုင်စီးထားတဲ့ ပစ္စည်းတွေကို သေရာ ယူသွားနိုင်မလား ကြည့်သေးတာပေါ့ ကောင်မတွေရယ် ဟင်းဟင်း ”
အဲ့ဒီအပြောက ဘာရယ်မဟုတ်ပေမယ့် ၊ အပြောခံရသည့် မမြင့်ရီနဲ့မမြင့်ကြည်တို့ညီအစ်မသည် မယဉ်ထွေးရဲ့ စူးရှတဲ့အကြည့်တွေကြောင့် တကိုယ်လုံး စိမ့်ကြောက်သွားကြဟန်တူသည်။ ဘာမှ ပြန်မပြောတော့ဘဲ၊ ခပ်သုတ်သုတ် ထွက်သွားကြလေ၏။
အငယ်မ မမြင့်ကြည်က သူ့အစ်မကို အပြန်လမ်းမှာ ဒေါသသံဖြင့် ပြောလိုက်၏။
” ကောင်မ … အောက်ကလဲ နေသေး ၊ ကြောက်ပြီလားလို့ မေးနေသေးတယ်နော် မမ ၊ ငါဖြင့် ဒင်းမျက်နှာ မြင်ရတာ နေလိုမီးလို ပူလိုက်တာ ၊ ကျက်သတုန်းမ ထွီ … ”
” ဟုတ်ပါ့အေ ! အမှန်က ငါတို့အစ်ကို ကိုဝင်းသောင် မသေဘဲ၊
ဒင်းက အရင်သေရမှာ ဟွင်း ”
နောက် လှည့်မကြည့်စတမ်း လမ်းလျှောက်ရင်း ညီအစ်မနှစ်ယောက် မယဉ်ထွေးကို ပြစ်တင်ကြိမ်းဝါးသွား၏။
တချက်မျှ သူတို့ နောက်ကို လှည့်ကြည့်လျှင် သူတို့ညီအစ်မကို မုန်းတီးရွံရှာဟန်ဖြင့် ရပ်ကြည့်နေခဲ့သော မယဉ်ထွေးကို မြင်ကြရမည် ဖြစ်သည်။ မယဉ်ထွေး အမုန်းတွေက ရင်ထဲက ဖိတ်စင်လျှံကျလာသလိုပင်။ မျက်လုံးများက ရဲရဲတောက်လျက် ရှိလေ၏။
” ဒင်းတို့လဲ ဒင်းတို့အစ်ကိုနောက် လိုက်ချင်ကြတယ်ထင်ရဲ့ ။ အေးပေါ့လေ ယဉ်ထွေး ဘာကောင်မလဲဆိုတာတော့ ပြရသေးတာပေါ့ ”
နုတ်က ထွက်ကျ မလာပေမယ့်၊ မယဉ်ထွေး စိတ်ထဲကတော့ ထိုသို့ ကြိမ်းဝါးလိုက် ပါလေတော့၏။
_____________
အခန်း၃။
” ကျွန်မ တကယ်ပြောနေတာ အရီးရဲ့။ လုပ်ကြံနေတာမဟုတ်ဘူး ”
မမြင့်ရီကို ရက်လည်ပြီးပေမယ့် မမြင့်ရီဟာ တယောက်တည်း မနေရဲတာကြောင့် အရီးဒေါ်ဇာကြီးကို အိမ်မှာ ခေါ်အိပ်ခြင်း ဖြစ်သည်။
မမြင့်ကြည်က မမြင့်ရီ မြွေကိုက်ခံရမည့်ညက အဖြစ်အပျက်ကို ပြောပြနေခြင်း ဖြစ်သည်။
“ဒီကိစ္စကို ကျွန်မ ဘယ်သူ့ ပြန်ပြောရမှန်း မသိဘူး အရီး။ တော်နေကြာ ကျွန်မကို ရူးနေတယ် ထင်မှာလဲ စိုးရသေးမဟုတ်လား ”
ဒေါ်ဇာကြီးက မီးသေနေတဲ့ပြောင်းဖူးဖက်ဆေးလိပ်ကို ပါးစပ်ကနေ ဖြုတ်ယူလိုက်ပြီး …
” ညီး အမြင်မှားတာများလားအေရယ် ၊ တို့ရွာမှာ ဒါမျိုး အရင်က မကြားဖူးပါဘူး ”
” ဘုရားစူးရပါစေတော် ။ကျွန်မ အမြင် မမှားဘူး အရီး။ အဲ့ဒီညက ကျွန်မ ကိုယ်လက်တွေ ကိုက်ခဲနေလို့ အတော်နဲ့ အိပ်မပျော်ဘူး။ ပြီးတော့ အိုက်လို့ဆိုပြီး ကျွန်မ အခန်း ပြတံခါးကို ဖွင့်ထားတော့ သေသေချာချာ မြင်လိုက်ရတာ အရီးရဲ့ ”
မှန်၏။အကြီးမ မမြင့်ရီ မြွေကိုက်ခံရပြီး သေမည့်ညက အငယ်မ မမြင့်ကြည်သည် ကိုယ်လက်ကိုက်ခဲ၍ မအီမသာ ဖြစ်နေသည်။ ရာသီဥတုကလည်း ပူအိုက်လှသဖြင့် မမြင့်ကြည်ဟာ သူမအခန်းက ပြတင်းတံခါးကို ဖွင့်ထား၏။
မမြင့်ကြည် အတော်နှင့် အိပ်မပျော်ချေ။ ညဉ့် ၁၀နာရီခွဲခန့်တွင် သူတို့ ခြံဝန်းအတွင်းသို့ ပြာလဲ့လဲ့ မီးလုံးတလုံးက ကောင်းကင်ကနေ ထိုးစိုက်ကျလာတာကို အိပ်မပျော်သော မမြင့်ကြည်က ပြတင်းပေါက်ကနေ ထင်ထင်ရှားရှား တွေ့လိုက်ရလေ၏။
မမြင့်ကြည်မှာ ထိုသို့ တခါမျှ မမြင်ဖူးသောကြောင့် အံဩသွားပြီး၊ ထိုမီးလုံးကို လိုက်ကြည့်ရန် အိပ်ယာမှ ထလာခဲ့၏။
ပြတင်းပေါက်မှနေ၍ ဘယ်နေရာသို့ ကျသလဲဟု စပ်စုရန် ကြည့်လိုက်သည့်အခါ …
” အဲ့ဒီမီးလုံးက ဘယ်ပျောက်သွားသလဲကို မသိဘူး အရီးရယ်။ မျက်စိတမှိတ်စာလောက်အတွင်းကို ပျောက်သွားလိုက်တာ မြန်ချက်တော် … မြန်ချက် မြန်ချက် ”
“ညီး အဲ့ဒီတုန်းက အိမ်အောက်ဆင်းပြီး ခြံထဲ ရှာမကြည့်ဘူးလား မြင့်ကြည် ”
” အစကတော့ ကျွန်မလဲ ခြံထဲ ဆင်းရှာမလိုပဲ အရီးရ။ အဲ့ဒီအချိန် ခြံရှေ့ ရွာလမ်းမကနေ ခွေးတွေက ကျွန်မတို့ ခြံဘက်ကို လှည့်ပြီး ဆွဲဆွဲငင်ငင်ကြီး အူလိုက်ကြတာတော်၊ ကြောက်စရာကြီး ။ ကျွန်မဆို ကြက်သီး ဖျန်းဖျန်းထတယ် ။ အဖေ သေထားတာက ၆လကျော်ပဲ ရှိသေးတော့ အဖေများ မကျွတ်မလွတ်ပဲ ခြံထဲ သွားလာနေလို့ ခွေးတွေက မြင်ပြီး အူကြသလား အောက်မေ့မိတာနဲ့ ခြံထဲ ဆင်းမကြည့်ရဲတော့ဘူးလေ ”
” အင်း … နို့ပြီး ဘာဆက် ဖြစ်သေးလဲ ”
” ဘာဆက်ဖြစ်သလဲ ကျွန်မလဲ မသိတော့ဘူး ။ ကြောက်ကြောက်နဲ့ အိပ်ယာထဲ ဝင်ပြီး အတင်းအိပ်ပစ်လိုက်တယ်။
အိပ်ပျော်တော့မလို့ မှေးခနဲ ရှိသေးတယ်။ ခြံထဲကနေ မမ(မြင့်ရီ)ရဲ့ အော်သံကို ကြားလိုက်ရတာပဲ။
ဒါနဲ့ ကျွန်မ အပြေးဆင်းကြည့်တော့ အိမ်သာနဲ့ မလှမ်းမကမ်းက စံပယ်ရုံနံဘေးမှာ မမက လဲနေတာကို တွေ့ရတော့တာပါပဲ ။
ကျွန်မ မမကို ပွေ့ထူတော့ မမပါးစပ်ကနေ ‘ ငါ့ကို ဘာကောင်ကိုက်သွားလဲ မသိဘူး မြင့်ရီ ‘ လို့ ပြောတဲ့ပြီး သတိလစ်သွားတယ်။
ကျွန်မလဲ အိမ်နီးချင်းတွေကို အော်ဟစ်ပြီး အကူအညီ တောင်းရတာပေါ့ ။ ရွာထဲက ဆေးမှုး သွားပင့်တဲ့ကပင့်၊ မမကို ပြုစုတဲ့သူက ပြုစုပေါ့။ ဆေးမှုး ရောက်လာပေမယ့် မမက အသက်မရှိတော့ဘူး ။ လူငယ်တွေက တခြံလုံးကို လက်နှိပ်ဓာတ်မီးတွေနဲ့ လိုက်ရှာပေးကြတယ်။ဒါပေမဲ့ မမကို ကိုက်သွားတဲ့ မြွေကိုတော့ ရှာမတွေ့ကြဘူးတဲ့ ”
“အဲ့ဒီညက တခြားရော ဘာထူးခြားတာ တွေ့ရသေးလဲ ”
” ကျွန်မ ပြောရင် မုန်းလို့ ပြောတာလို့ အရီးက ထင်အုံးမှာ။ ကျွန်မ ကျိန်ပြောရဲတယ် ။
မမကို ပွေ့ချီပြီး အိမ်နီးချင်းတွေ အော်ခေါ်တော့ ခြံစည်းရိုးမှာ ကျွန်မတို့ကို ရပ်ကြည့်နေတဲ့ အရိပ်တခုကို မြင်လိုက်ရတယ်။
ကျွန်မက အော်လဲ အော်ရော၊ အဲ့ဒီ အရိပ်က ကျောခိုင်းပြီး ထွက်သွားတာကို ကျွန်မ မြင်လိုက်ရတယ်။ ညဘက် မှောင်နေပေမယ့် နောက်ကျောခိုင်းလိုက်တဲ့အခါ အဲ့ဒီအရိပ်က မိန်းမတယောက်ဆိုတာ ထင်ရှားတယ် အရီး ။
ပြီးတော့ ကျွန်မ စိတ်ထဲမှာ တွေးမိတာတခုက အဲ့ဒီမိန်းမ ကိုယ်သဏ္ဍာန်က မယဉ်ထွေးနဲ့ တူသလိုလိုပဲ အရီး။ ကျွန်မ အစ်မကို သတ်တာ ဒင်းများလားလို့ တွေးမိပြီး ကျွန်မ အခုထိ ဘဝင်မကျနိုင်သေးဘူး… ”
အရီးဒေါ်ဇာကြီးက ဒါကိုတော့ လက်မခံ။ ချက်ချင်းပဲ …
” ဟဲ့ အဲ့ဒါတော့ မဖြစ်နိုင်ပါဘူးအေ။ ဆေးမှုးက ခြေထောက်က အပ်ပေါက်ရာ နှစ်ခွကို ကြည့်ပြီး မြွေကိုက်တာပါလို့ အသေအချာ ပြောသွားတာပဲ ။ ဥပါဒါန်ကြောင့် ဥပါဒ် မဖြစ်စမ်းပါနဲ့အေ ”
အရီးဒေါ်ဇာကြီးက မြွေကိုက်သေတာကို ဘယ်နည်းနဲ့မှ လူသတ်မှု မဖြစ်နိုင်ဟု ငြင်းဆိုလိုက်ခြင်း ဖြစ်လေ၏။
ထိုအခါ မမြင့်ကြည်က မဝံ့မရဲ လေသံဖြင့် …
” မယဉ်ထွေးက ပညာသည်ဆိုရင်ရော အရီး ”
” ဟေ … ”
အရီးဒေါ်ဇာကြီးခမျာ အာမေဋိတ်သံ ‘ဟေ’ တလုံးသာ နုတ်မှထွက်၍ မျက်လုံးမျက်ဆံ ပြူးကျယ်စွာ သူ့ရင်ဘတ်ကို လက်ဖြင့်ဖိထားလိုက်မိလေ၏။
သူတို့ ရွာဘက်မှာ ပညာသည်တို့ စုန်းတို့ဆိုတာ ရှိသည်ဟု မကြားမိသော်လည်း၊ ၎င်းတို့မှာ အလွန်လျို့ဝှက်စွာ နေထိုင်တတ်ကြသည်မဟုတ်လား။
ဒါဆိုရင် ကျေးရွာလူကြီးကို တိုင်ပါတော့လားလို့ ပြောစရာရှိပေမယ့် ၊ ကျေးရွာဥက္ကဌက သူ ညှိနှိုင်းပေးတာကို မမြင့်ကြည်တို့ညီအစ်မက လက်မခံကတည်းက အမြင် မကြည်လင်ဘူးမဟုတ်လား။ ဒီအကြောင်းကို သွားတိုင်လည်း လီဆယ်တို့လို့ ထင်မည်မှာ အမှန်ပင်။
____________
အခန်း၄။
မယဉ်ထွေး မျက်လုံးတွေက ဂဏှမငြိမ်။ လေးဘက်ကာဖြစ်သော အိမ်ထရံများကို တောင်ကြည့်လိုက်၊ မြောက်ကြည့်လိုက် ရှိလေ၏။ အိမ်ထဲတွင် သူမ တယောက်တည်း ရှိလေ၏။ သူမရှေ့က ကြမ်းပြင်တွင် အုန်း၊ငှက်ပျောပါသော ကန်တော့ပွဲ တပွဲရှိလေ၏။ မြေနီရောင် ဆီမီးခွက်ထဲ၌ ခပ်လတ်လတ် ဖယောင်းတိုင်တတိုင် မီးထွန်းညှိထားသည်။
ပြတင်းတံခါးများက အလုံပိတ်ထားသည်ဖြစ်ရာ ထိုဖယောင်းတိုင် မီးပြပြ အလင်းရောင်သာ ရှိလေ၏။
နံရံတွင် လေးထောင့်စားပွဲ ခပ်သေးသေးတလုံး ရှိပြီး၊ ထိုအပေါ်တွင် သစ်သားရုပ်တုတခု ရှိသည်။ ရုပ်တုသည် မတ်တတ်ရပ် ရုပ်တုဖြစ်ပြီး၊ ခပ်ထန်ထန် အမျိုးသမီးကြီးတဦး၏ မျက်နှာကို ပုံဖေါ်ထား၏။
မယဉ်ထွေးသည် ပါးစပ်မှ ဆီမန်းမန်းသလို တတွတ်တွတ်နှင့် ဂါထာများကို ရေရွတ်နေသလို၊ မျက်လုံးတွေကလည်း တစုံတရာကို ရှာဖွေနေဟန်တူ၏။
မယဉ်ထွေးမျက်နှာက အခုနေ မြင်ရလျင် မှင်သက်အံဩသွားကြလိမ့်မည်။ယခင်က ညိုစိမ့်စိမ့် အသားအရေ နှင့် ကိုယ်လုံးကိုယ်ဖန် လှပသော မယဉ်ထွေးသည် ယခုအခါ ရှိရင်းစွဲထက် အိုစာနေသလို ၊ မျက်နှာကလည်း ခက်ထန်လွန်းနေ၏။ မကောင်းသော အရိပ်အငွေ့များက မယဉ်ထွေးကို အရုပ်ဆိုး အကျည်းတန်နေစေသည်။
မယဉ်ထွေးသည် မသင့်သော အယူကို ယူခဲ့လေပြီ။ မကောင်းသော အကြံအစည်တို့ကို ကြံစည်နေပြီမဟုတ်လော။ ယခင် ကိုဝင်းသောင် ရှိစဉ်က အမြဲ လန်းဆန်းခဲ့သော ဘုရားပန်းတို့မှာ ညိုးရော်နေကြလေပြီ။ ခြောက်သွေ့နေကြလေပြီ။
ဘုရားစင်(ကျောင်းဆောင်)မှာ မည်မျှ ကြာအောင် ပစ်ထားခဲ့သည်မသိ။ ဖုန်အလိမ်းလိမ်း ကပ်လျက်ရှိသည်။ မယဉ်ထွေးကား ဘုရားမေ့ တရားမေ့နှင့် လောဘမီးတို့ တောက်လောင်ကာ လူစိတ်ကင်းကွာနေလေ၏။ သူမ ရင်ထဲက အငြိုးကို ပြေပျောက်စိမ့်ငှါ လက်စားချေခြင်းဟူသော လမ်းစဉ်ကို လိုက်နေပြီ ဖြစ်၏။
မယဉ်ထွေး မျက်နှာပေါ်မှာ ကျေနပ်ဟန် အပြုံးတခုကို မြင်လိုက်ရသည်။ မယဉ်ထွေး လွန်လေပြီးသော အတိတ်ကို တွေးမိ၍ ဖြစ်၏။
အမှန်တော့ သူမယောက်ကျား ကိုဝင်းသောင် သေဆုံးရခြင်းသည်လည်း သူမ၏ လက်ချက်ပင် ဖြစ်၏။
ဒါတင်မကချေ။ ယခင် အိမ်ထောင်ဖြစ်သော တရွာသား ပျောက်ကွယ်သွားသည်မှာလည်း မယဉ်ထွေး၏ လက်ချက်ဖြစ်လေ၏။
ဘာကြောင့် မယဉ်ထွေးသည် ခင်ပွန်းယောက်ကျားများကို တယောက်ပြီး တယောက် လက်စတုန်း သတ်ဖြတ်ခဲ့သနည်း။
အဖြေမှာ ရှင်း၏။ မယဉ်ထွေးသည် အလွန်လျို့ဝှက်သော ပညာသည် စုန်းဖြစ်သောကြောင့်ပင်။ မယဉ်ထွေးသည် သူမ၏ ပညာများကို သိုသိုဝှက်ဝှက်နှင့် ကွယ်ဖျောက်ကာ သာမန်လူကဲ့သို့ လင်ယူခဲ့သည်။
သို့သော် အနေကြာလာသည့်အခါ ၊ အတူနေ ခင်ပွန်းများက မယဉ်ထွေး၏ လျို့ဝှက်ချက်များကို သိလာကြ၏။
ပထမခင်ပွန်းသည် မယဉ်ထွေးအား စုန်းမဟု သိရှိသည့်အခါ၊ မပေါင်းသင်းတော့ပဲ ထွက်ပြေးခဲ့၏။သို့သော် မယဉ်ထွေးလို စုန်းမျိုး လက်မှ လွတ်အောင် မပြေးသာခဲ့။
တောလမ်းခရီး၌ မယဉ်ထွေး၏ တိုက်မြွေ အကိုက်ခံရကာ အသက်ပင် ဆုံးပါးခဲ့ရ၏။
ထို့အတူ ဒုတိယအိမ်ထောင်ဖြစ်သော ကိုဝင်းသောင်သည် လကွယ်ညတခု၌ မယဉ်ထွေး စုန်းတောက်စားနေသည်ကို လက်တွေ့မြင်ခဲ့၍ ကြောက်ရွံသွားခဲ့သည်။ သို့သော် ဖွင့်မပြောဘဲ နေခဲ့၏။
ကိုဝင်းသောင်သည် သူ့မိန်းမ စုန်းမမှန်း သိသွားသည့်အခါ မပေါင်းသင်းလိုတော့ပေ။ ထိုအကြောင်းကို ဖခင်ဖြစ်သူ ဦးလူပေါနှင့် နှမနှစ်ယောက်အား ဖွင့်ပြောရန် ဆုံးဖြတ်ချက်ချခဲ့သည်။
သို့သော် ကိုဝင်းသောင်၏ အကြံကို မယဉ်ထွေးက ကြိုတင်သိရှိသွားသည့်အခါ ၊ ကိုဝင်းသောင် ရွာထဲ မဝင်မီ ၊ ရွာပြင် ကုက္ကိုတန်း၌ သူမ၏ တိုက်မြွေဖြင့် ကိုဝင်းသောင်အားကိုက်သတ်ပစ်လိုက်ခြင်း ဖြစ်သည်။
ယခုလည်း သူမသည် ကိုဝင်းသောင်၏ အမွေ ဝေစုကို အပျိုကြီး ညီအစ်မနှစ်ယောက်ထံ တောင်းခံရာမှ ပြသနာကြီးထွားလာ၏။ အမွေကို ခွဲမပေးလိုသော အပျိုကြီး ညီအစ်မကို အငြိုးအတေး ကြီးစွာ တိုက်မြွေဖြင့် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်လုပ်ကိုင်ခဲ့၏။ သူမ အကြံအစည် အောင်မြင်သည်ဟု ဆိုရမည်။ အကြီးမ မမြင့်ရီတယောက်ဖြင့် မြွေကိုက်ခံရ၍ သေဆုံးသွားခဲ့လေပြီ။
အငယ်မ မမြင့်ကြည် တယောက်သာ ကျန်တော့၏။ မမြင့်ကြည်ကို ဆက်လက် သတ်ဖြတ်ရန် ယခု သူမအိမ်ထဲ၌ ဆောင်ရွက်နေခြင်း ဖြစ်သည်။
မကြာမီ မယဉ်ထွေး၏ အခန်းထဲ၌ မယဉ်ထွေးကိုယ်သည် ပျောက်ကွယ်သွားပြီး ကြမ်းပေါ်၌ မယဉ်ထွေး ဝတ်သော အဝတ်တို့သာ ပုံလျက်သား တွေ့ရသည်။
မကြာပါ။ ထိုအဝတ်ပုံထဲမှာ ပြာလဲ့လဲ့ မီးလုံးတခုသည် ဟုတ်ခနဲ ထွက်ပေါ်လာ၏။ ထိုမီးလုံးသည် အခန်းထဲရှိ လေထု၌ တောင်မြောက် ပြေးကစားနေသည်။
ညသည် ညဉ့်နက်ပိုင်းသို့ တဖြည်းဖြည်း ချည်းနင်းလာခဲ့ချေပြီ။ မယဉ်ထွေး အိမ်ပြတင်းပေါက်သည် ပိတ်ထားရာမှ ဝုန်းခနဲ ပွင့်သွားသည်။ အခန်းထဲက မီးလုံးသည် ပွင့်သွားသော ထိုပြတင်းပေါက်မှတဆင့် ကောင်းကင်ဆီသို့ ထိုးတက်သွားလေ၏။
ပြာလဲ့လဲ့ အဆင်းရှိသော မီးလုံးသည် ရွာတောင်ဖျားဆီသို့ ဦးတည် ပျံသန်းသွားလေ၏။ ရွာတောင်ဖျားမှာက သူမ နောက်ဆုံး သုတ်သင်ရမည့် ရန်သူတော် မမြင့်ကြည် ရှိနေသည်မဟုတ်လား ။
______________
အခန်း၅။
” ဟဲ့ ငခင်၊ လှည်းကို မြန်မြန်မောင်းပါဟဲ့ ၊ နင့်ဟာ မှောင်တောင်လာပေါ့”
အရီးဇာကြီးသည် ကိုရင်နန္ဒိယကို တလှည့် ၊ မှောင်လာသည့် ဝန်းကျင်ကိုတလှည့်ကြည့်ရင်း လှည်းသမား ငခင်ကို အမြန်မောင်းရန် တိုက်တွန်းလောဆော်လိုက်၏။
ငခင်က လှည်းကို အိတွဲစွာ မောင်းနှင်နေ၍ လမ်းခရီး၌ အချိန်တွေ ကုန်လွန်သွားခဲ့သည်။ရွာကို ပြန် ရောက်ရမည့်အချိန် မရောက်နိုင်တော့။ ယခုပင် မှောင်စပြုလာခဲ့လေပြီ။
အရီးဇာကြီး သူ့တူမ မြကြည် မျှော်နေမှာကို သိနေ၍ လှည်းကြမ်းပြင်ပေါ်ကနေ ဖင်တကြွကြွ ဖြစ်နေသည်။ လှည်းဦးမှာ အရီးဇာကြီး ပင့်လာခဲ့တဲ့ ကိုရင်နန္ဒိယကတော့ လွယ်အိတ်တလုံးနှင့် အေးဆေးတည်ငြိမ်စွာ ထိုင်လျက် လိုက်ပါလာလေ၏။
အရီးဇာကြီးတို့ ရွာကို ရောက်တော့ ည ၇နာရီခွဲလေပြီ။ လှည်းက မမြကြည်ရဲ့ ခြံဝိုင်းရှေ့ရောက်တော့ အရီးဇာကြီး ရင် ဗြောင်းဆန်သွား၏။ မမြင့်ကြည့် ခြံထဲမှာ လူအချို့ ရောက်နေကြသလို ၊ အိမ်ထဲကလည်း အသံမျိုးစုံ ကြားနေရသည်မဟုတ်လား။
” ဘုရား ဘုရား ငါတော့ တစ္ဆေနိုင်ကိုရင်လေးကို ပင့်ဖိတ်လာခဲ့ပြီ၊ ငါ့တူမကတော့ အိမ်ထဲမှာများ မြွေကိုက်ခံရလို့သေနေပြီလား … ”
လှည်းပေါ်ကနေ အရွယ်နဲ့မလိုက်အောင် အရီးဇာကြီး လွှားခနဲ ခုန်ဆင်းကာ အိမ်ထဲ ပြေးဝင်သွားရင်း …
” ဟဲ့ ငခင် ကိုရင်လေးကို နင်ပဲ အိမ်ထဲ ပင့်ခဲ့တော့ဟေ့ ” ဟု အော်ပြောသွားခဲ့သည်။
မဇာကြီး အိမ်ထဲရောက်တော့ သူ့တူမ မြကြည်က အောက်ထပ်က ကွပ်ပြစ်ပေါ်မှာ ခြေဆင်း ထိုင်နေတာကို မြင်လိုက်ရ၏။ သို့သော် အကောင်းပကတိတော့မဟုတ်ချေ။ မြကြည်ကိုယ်၌ တစ္ဆေ ဝင်ပူးကပ်နေသည်။
မြကြည်သည် ဆံပင်တွေ ဖါးလျားချလျက် ၊ မျက်လုံးတွေက ပြူးကျယ်နေ၏ ။ ခေါင်းကို ငုံ့သည့်အခါ ငုံ့ထားပြီး ၊ တဝူးဝူး တဝါးဝါးနဲ့ ဘာတွေ ပြောနေမှန်းမသိ။ မြကြည့်ရှေ့မှာ အင်ဖက်ဖြင့် ထမင်းဟင်းတွေ ပုံထားသည်။
မြကြည်က အင်ဖက်ပေါ်က ထမင်းဟင်းတွေကို ယက်ဖြဲထားသည်။ အင်ဖက်ပေါ်သာမက ကြမ်းပြင်ပေါ်မှာ ထမင်းစ ဟင်းစတွေက ပြန့်ကြဲနေကြလေ၏။ မြကြည်ရဲ့ နုတ်ခမ်းမှာလည်း ဟင်းဆီတွေ ပေလူးနေ၏။
မြကြည်ကို ဘေးမှ မိန်းမအချို့က ထိန်းပေးနေကြသော်လည်း ထိုမိန်းမတို့ အမူအယာတွေက ကြောက်ရွံနေကြမှန်း သိသာ၏ ။
မဇာကြီး ဝင်လာတာ မြင်တော့ သူတို့ ဟန်မဆောင်နိုင်ကြချေ။ မြကြည်အနီးမှ ထလာကြလေ၏။
” အရီးဇာကြီး … တော့တူမ သရဲ ဝင်စီးနေတယ်တော့ ၊ ကြမ်းလိုက်တာမှ ပြော မပြောချင်ဘူး။ သူ့ထမိန်ကို ပဝါ စည်းပေးထားရတာပဲ ကြည့်တော့ ”
ထိုအခါမှ မဇာကြီး သတိထားမိသွားသည်။ ရေနွေးခရားအိုးလည်း မြေပေါ်မှာ ကျကွဲနေသလို ၊ လင်ဗန်းတွေ ၊ အကြမ်းပန်းကန်တွေက ဟိုနားတစ သည်နားတစ။ မြင့်ကြည် တွေ့ရာ မြင်ရာကို ကောက်ပေါက်ခွဲထားဟန်တူလေ၏။
” ဟုတ်တယ်။တော့တူမက ယောက်ကျားသံကြီးနဲ့ ငါဆာတယ် ဆာတယ်လို့ တဖွဖွ ပြောနေလို့ အင်ဖက်ပေါ် ထမင်းနဲ့ဟင်းပုံကျွေးထားရတယ်။
ပထမတော့ စားတယ်။ အငမ်းမရကို စားတာ။ တခဏနေတော့ မစားတော့ပဲ သူ့လက်နဲ့ ထမင်းတွေဟင်းတွေကို ယက်ဖြဲပစ်တော့တာပဲတော် ”
သူတို့ ရွာဓလေ့က အပမှီသူကို ဘယ်တော့မှ ပန်းကန်ပြားနဲ့ မကျွေး။ ယခုလို အင်ဖက်ပေါ်မှာ ထမင်းနဲ့ဟင်း ရော၍ ပုံကျွေးရသည်။ သဘောကတော့ ဧည့်သည်အဖြစ် လက်မခံဟု ဆိုခြင်း ဖြစ်လေ၏။ စားမြိန်ထုပ်ကိုစား၍ လိုရာကို သွားစေဟု နှင်ထုတ်ခြင်းတမျိုးပင် ဖြစ်လေ၏။
လှည်းသမား ငခင်နှင့်အတူ ကိုရင်လေး နန္ဒိယ ရောက်လာ၏။ ကိုရင်သည် သရဲပူးကပ်နေသည့် မမြင့်ကြည်ကို အကဲခတ်လိုက်ပြီး ၊ မကြောက်မရွံနှင့် မမြင့်ကြည် အနီး သွား၍ တင်ပလ္လင်ခွေ ထိုင်လိုက်သည်။
အံဩစရာက ခုမှ စ၏။ သရဲ ပူးနေသော မြင့်ကြည်သည် ဖင်တရွတ်ဆွဲလျက် ကိုရင်နှင့် ဝေးရာကို ရွေ့လေ၏။ နီးနီးကပ်ကပ်ပင် နေရဲဟန်မတူ။ ကိုရင်ကတော့ မမြင့်ကြည်ကို တချက်မျှ မကြည့်ဘဲ၊ လွယ်ထားသည့် အညိုရောင် လွယ်အိတ်ကို ချွတ်ကာ ၊ အိတ်ထဲမှ လိုအပ်မည်ထင်တာတွေ ရွေးထုတ်နေ၏။
မမြင့်ကြည်ကတော့ ကိုရင် လုပ်နေသမျှကို မမှိတ်မသုန် အကဲခတ်နေသည်ကို မြင်တွေ့ကြရသည်။
” ကဲ … ရှည်ရှည်ဝေးဝေး မေးမနေတော့ဘူး ။ ပြောစမ်း ဒကာမ မကြည်မြင့်ကိုယ်ထဲကို ဘယ်လိုပုဂ္ဂိုလ်က ဝင်ပူးနေတာလဲ။ မလိမ်မညာဘဲ အမှန်ကို ပြောပါ ”
ကိုရင်နန္ဒိယအသံက ကြည်လင်ပြတ်သား၏။ ဆိုရသော် အမိန့်ပေးသည့်အသံနှင့် ပိုတူလေ၏။
မမြင့်ကြည်ကိုယ်၌ ပူးကပ်နေသော သရဲသည် တစ္ဆေနိုင်ကိုရင်လေးအား အံတုဖက်ပြိုင်ရဲဟန်မတူ။ သီလ သမာဓိအားကောင်းသော ကိုရင်လေးသည် သူ၏ ပြိုင်ဘက်မဟုတ်မှန်း သိနေဟန်တူ၏။ သို့သော်လည်း ပရလောကသားတို့သည် အနည်းအကျဉ်းတော့ ပညာစမ်းရမှ ကျေနပ်တတ်၏။ ထို့သို့သော အကြောင်းကြောင့်လားမသိ။ ခြေဆင်းလျက်ရှိသော မကြည်မြင့်က …
” ငါ ဘယ်သူလဲ မေးရအောင် နင်က ဘာမို့လို့လဲ ။ သိချင်ရင် ကိုယ့်ဘာသာ စစ်ကြည့်ဟေ့ ”
ကိုရင်လေးသည် ယောင်ယောင်မျှ ပြုံး၏။ ပြီးသော် ထိုင်နေရာမှ ထ၍ နှာရှုဘူးမျှ ပုလင်းငယ်(ပနယ်စလင်ပုလင်းဟုလည်း ခေါ်ကြသည်)ကို လက်ထဲမှ ကိုင်လာ၏။
မမြင့်ကြည် အနီးသို့ရောက်သော် ထိုပုလင်းအဖုံးကို ဖွင့်၏။ ကိုရင်လေးက မမြင့်ကြည်ကို အနီးရှိလူတို့အား ချုပ်ထားစေလိုက်သည်။
ပြီးသော် မမြင့်ကြည် ပါးစပ်ကို ဖွင့်စေပြီး၊ ထိုပုလင်းထဲက အရည်တို့ကို လောင်းချလိုက်သည်။ ဆေးရည် ဝင်သွားသော မမြင့်ကြည်မှာ ငရဲမီး အလောင်းခံရသူကဲ့သို့ ကြမ်းပြင်ပေါ်၌ ထွန့်ထွန့်လူးနေရှာတော့သည်။
ဆေးရည်မှာ ကြက်မောက်မြစ်၊ဖရုံခါးမြစ်၊သဖန်းမြစ်တို့ကို တပဲစီ စု၍ ငရုတ်+အရက် တို့ဖြင့် သမအောင် ရောကြိတ်ထားသော ဆေးရည်ဖြစ်၏။ မည်သို့သော ပယောဂဖြစ်ပါစေ … ထိုဆေးရည်ဝင်ပါက အနှောက်အယှက်တို့သည် မနေနိုင်တော့ဘဲ တောင်းပန်လာလေ့ရှိ၏။ ယခုလည်း မမြင့်ကြည်ကိုယ်ကို ဝင်ပူးကပ်နေသော သရဲသည် ဆေးရည်အစွမ်းကို မခံနိုင်။ သဲအူပြတ်မျှ နာကျင်ခံရခက်နေရှာ၏။
ထို့ကြောင့် နုတ်မှ ထုတ်ဖေါ်၍ တောင်းပန်လာရသည်။
” အံမယ်လေး ပူလိုက်တာ နာလိုက်တာဗျာ ။ ကျွန်တော့ကို ကယ်ကြပါအုံး ။ ကျွန်တော် တခြားသူမဟုတ်ပါဘူး ။ မြင့်ကြည်တို့ မြင့်ရီတို့ရဲ့ အစ်ကို ဝင်းသောင်ပါဗျ ။ ဆာလွန်းလို့ အခုလို မြင့်ကြည်ကိုယ်မှာ ဝင်ပူးကပ်ပြီး စားသောက်မိတာပါ …
အံမယ်လေးလေး … ကယ်ကြပါအုံး၊ ပူလိုက်တာ နာလိုက်တာ ”
အမှန်တော့ ကိုရင်လေးသည် အချိန်မဆွဲ၍ အမြန်ဆုံးနည်းကို အသုံးချလိုက်ခြင်း ဖြစ်သည်။ သူ အဓိက ဒီအိမ်ကို လာရသည့်အကြောင်းက မြွေအတိုက်ကို သုံးနေသော စုန်းမအား နှိမ်နှင်းရန်သာ ဖြစ်၏။ အခု သရဲက ဝင်းသောင် ဆိုတော့ မမြင့်ကြည်၏ အစ်ကို အရင်းဖြစ်နေ၏။ ထို့ကြောင့် လွှတ်ပေးရန် ဆုံးဖြတ်လိုက်ပြီးမှ တစုံတခုကို သတိရသွားဟန်ဖြင့် …
” ဒီမှာ ကိုဝင်းသောင် … ခင်များ အစားအစာ လိုရုံလောက်နဲ့တော့ ၊ မမြင့်ကြည်ကိုယ်မှာ ကြာကြာပူးကပ်မှာမဟုတ်ဘူး ။
အစာဝရင် ပြန်ထွက်မှာ သေချာတယ်။ ခင်များ ကိုရင့်ကို တခုခု ထိန်ချန်ထားသေးတယ်မဟုတ်လား ”
ထိုစကား ကြားရသောအခါ မမြင့်ကြည်သည် မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာ၏။ ဒါပေမဲ့ သူ့ခမျာ တစုံတရာကို ကြောက်ရွံနေဟန်ဖြင့် တကိုယ်လုံးတုန်ရင်နေရှာသည်။ကိုရင်လေး အမေးစကားကို ပါးစပ်ကနေ တခွန်းမျှ ဖြေမလာချေ။
ကိုရင်လေးသည် သရဲကိုဝင်းသောင် ကြောက်နေသော အရာကို ရိပ်စားမိသွားဟန်တူ၍ …
” ဒါဖြင့် ကိုရင် တိုတိုမေးမယ်၊ မှန်ရင် ခေါင်းငြိမ့်ပြ ၊ မှားရင် ခေါင်းခါပေါ့ ”
ထိုအခါ သရဲပူးကပ်နေသော မမြင့်ကြည်က ခေါင်းကို ငြိမ့်ပြရှာ၏။
” ဒကာကြီး ကိုဝင်းသောင် သေတာ ရိုးရိုး မြွေကိုက်ခံရလို့ သေတာမဟုတ်ဘူးလို့ ကိုရင့်ကို ဒကာမကြီး ဒေါ်ဇာက ပြောတယ် ၊ အဲ့ဒါ မှန်သလား ”
မမြင့်ကြည်က သွက်လက်စွာ ခေါင်းကို ငြိမ့်ပြပြန်၏။
” ဒကာကြီးကို လုပ်ကြံတာက ဒကာကြီးရဲ့ မိန်းမ မယဉ်ထွေးလို့ သူတို့က သံသယရှိနေကြတယ်။ အဲ့ဒါရော မှန်သလား ၊ ကိုရင် သုံးခါမေးမယ်နော် ။ သေသေချာချာ ပြန်ဖြေ ”
“ဒကာကြီးကို သတ်ခဲ့တာ မယဉ်ထွေးလား ”
“ဒကာကြီးကို သတ်ခဲ့တာ မယဉ်ထွေးလား ”
“ဒကာကြီးကို သတ်ခဲ့တာ မယဉ်ထွေးလား ”
ဒီတခါ သရဲပူးနေသော မမြင့်ကြည်က ဒေါ်ဇာကြီးကို လှမ်းကြည့်သည်။ ဒေါ်ဇာကြီးက ခေါင်းငြိမ့်ပြတော့မှ ကိုရင်လေးဘက်သို့ ပြန်လှည့်လာပြီး ခေါင်းကို ငြိမ့်ပြ၏။ ပြီးသော် ရှိုက်ကြီးတငင် ငိုချပြန်၏။
” အီးဟီးဟီး … ဟုတ်ပါတယ်၊ ကျုပ်ကို ယဉ်ထွေးက သူ့ပညာနဲ့ သတ်ခဲ့တာပါ ၊ ဘာကြောင့် သတ်တာလဲဆိုတော့ သူက ပညာသည်စုန်းမမှန်း ကျုပ်က သိသွားလို့ပါဗျ
ဟီးဟီး အင်းဟင်း ”
အိမ်ထဲရှိ လာပြီး စပ်စုနေကြသော ရွာသူရွာသားအချို့မှာ မြင့်ကြည်ပါးစပ်က ထိုသို့ပြောသောအခါ အံအားသင့်သွားကြသည်။
” ပြီးတော့ … ယဉ်ထွေးက သူ့အရင်ယောက်ကျားကိုလည်း သူ့အကြောင်းသိသွားတဲ့အခါ သတ်တယ်။ သူလိုတာ မပေးတဲ့ ကျုပ်နှမ မြင့်ရီကိုလည်း သတ်တယ် … ”
ဟာ
အို
အားလုံးက ထိတ်လန့်အံဩကုန်ကြ၏။ ကိုရင်လေးက …
” ဘာနဲ့ သတ်တာလဲ ”
” သူကသာ အလိုရှိလို့ ရှိရင် ပုဝါကလဲ မြွေပွေးမြွေဟောက် ဖြစ်စေနိုင်တယ်။ ယဉ်ထွေးက သိပ်အစွမ်းထက်တဲ့ စုန်းမ။ ဒါကြောင့် တိုက်မြွေနဲ့ လွှတ်ပြီး သတ်ခိုင်းတာပေါ့ ၊ သူ … အခု မြင့်ကြည်ကိုပါ ထပ်သတ်ဖို့ ကြံရွယ်နေပြီ ၊ ကျုပ် နှမထွေးကို ကာကွယ်ပေးနိုင်ရင် ကာကွယ်ပေးကြပါအုံးဗျာ … ”
“ဘုရား ဘုရား”
ကြားရသူများက ဘုရားတကြသည်။ အားလုံး မျက်နှာတွေက ထိတ်လန့်နေကြသည်။
ကိုရင်လေးသည် မယဉ်ထွေးကို စုန်းဟု သူ့ဘာသာ တဦးတည်း မရိုးစွပ်။ အများသိအောင် သက်သေထူလိုက်ခြင်း ဖြစ်သည်။
” ကဲ ဒါဆိုရင် စုန်းမ မယဉ်ထွေးကို ကိုရင်က ဆင့်ခေါ်လိုက်မယ်။ သူ ကိုရင်ခေါ်ရင် မလာဘဲ မနေနိုင်ပါဘူး ၊ ဒါပေမဲ့ ဒီအိမ်ထဲတော့ မဖြစ်ဘူး။ ဒါကြောင့် ခြံဝိုင်းထဲကို သွားကြရအောင် … ”
ထိုအခါ မြင့်ကြည်ကိုယ်၌ ဝင်ပူးကပ်နေသော သရဲ ဝင်းသောင်က …
” ကျုပ် ဆက်နေလို့ မဖြစ်ဘူး။ ဒါကြောင့် ကျုပ်ကို သွားခွင့်ပေးပါ ”
ကိုရင်လေးက သဘောပေါက်ဟန်တူ၏။ ထို့ကြောင့် မြင့်ကြည်၏ ဦးခေါင်းကို လက်ဖြင့် ၃ချက် ပုတ်၍၊
” ကိုရင် ခွင့်ပြုတယ်၊ ထွက်သွားပါ ”
မမြင့်ကြည်က ကိုရင်လေးအား ဦးသုံးကြိမ်ချ၍ ကန်တော့၏။ ပြီးသော် မမြင့်ကြည်ကိုယ်သည် တုန်ရင်သွားပြီး၊ ကြမ်းပေါ်သို့ လဲကျသွားလေ၏။
_________
အခန်း၆။
လူအချို့က ကိုရင်လေး လုပ်သမျှကို တအံတဩ ကြည့်နေကြသည်။ ကိုရင်လေးသည် ကြည့်နေသူများဘက်ကို ရေမန်းဖြင့် စည်းတားထားပေးလိုက်ပြီး ၊
” ကိုရင်နဲ့ စုန်းမ တွေ့တဲ့အခါ ဘာအကြောင်းကြောင်းကြောင့်မှ ဒီတားထားတဲ့ စည်းကို ကျော်မလာကြပါနဲ့။
စည်းကို ကျော်လာရင် စုန်းမက ပြုစားနိုင်တယ်။ စည်းရဲ့ ဟိုတဖက်မှာဆို စုန်းမက မထိဝံ့ဘူး။
စိတ်ချပါ။ ကိုရင် စုန်းမကို မသတ်ပါဘူး။ သူ့ပညာကိုပဲ အကုန်အစင် နုတ်ယူမှာပါ ”
ကိုရင်လေးသည် ညီညာသော မြေပြင်တခု၌ ပါလာသည့် အနေကထိုင်ကို ဖြန့်ခင်းက အသင့်ထိုင်နေလိုက်သည်။ ထို့နောက် ဂါထာတပုဒ်ကို ရွတ်ဆို၍ စုန်းမအား သူ့ထံ လာရောက်ရန် ဆင့်ခေါ်လိုက်သည်။
ညသည် ပိန်းပိန်းမှောင်နေသော်ငြားလည်း ဦးလူပေါအိမ်ခြံဝိုင်းထဲ၌ လူအချို့က ထွန်းညိထားသော ဖယောင်း၊ဆီမီးအချို့က လင်းလက်နေပါ၏။
ကိုရင်လေး၏ ဂါထာရွတ်ဆိုသံ အဆုံးသတ်တွင် ကောင်းကင်၌ ပြာလဲ့လဲ့ အရောင်ရှိသော မီးလုံးတလုံးသည် မြောက်မှ တောင်သို့ လျှင်မြန်စွာ ရွေ့လျားလာနေသည်ကို အားလုံးက မြင်တွေ့လိုက်ကြသည်။
ထိုမီးလုံးသည် ဦးလူပေါအိမ်၏ ကောင်းကင်၌ တရစ်ဝဲဝဲ လုပ်နေ၏။
ကိုရင်လေးသည် ဌာန်ကျမာန်ကျ ဂါထာကို ရေရွတ်လိုက်ပြန်၏။
ထိုအခါ ပြာလဲ့လဲ့ မီးလုံးသည် ကောင်းကင်၌ ဆက်၍ ရပ်တည် မနေနိုင်တော့ဘဲ၊ ဦးလူပေါ၏ ခြံဝိုင်းထဲသို့ ဒလိမ့်ခေါက်ခွေး ပြုတ်ကျလာလေတော့သည်။
မီးလုံးသည် ရွာထဲက လူများ ရပ်ကြည့်နေရာနှင့် မျက်နှာချင်းဆိုင်က စပယ်ရုံထဲသို့ ကျသွားခြင်း ဖြစ်သည်။
မကြာပါ။ စပယ်ရုံသည် ခပ်လှုပ်လှုပ် ဖြစ်လာပြီး၊ စပယ်ရုံနောက်ကျောမှ ဆံပင်ဖါးလျား ထမိန်ရင်လျားထားသော စုန်းမသည် ထွက်ပြူလာ၏။
ကြည့်နေသောသူတို့ အားလုံးသည် အံဩသွားလေ၏။ စုန်းမသည် မယဉ်ထွေး ဖြစ်နေသောကြောင့်ပင်။ယခင်က မယဉ်ထွေးကို ဘယ်သူကမှ စုန်းမမှန်း မသိကြဘူးမဟုတ်လား။
မယဉ်ထွေးသည် လူတွေကို ဂရုမစိုက်။ သူ့အား ခေါ်ယူသည့် ကိုရင်လေးအား သူ့ပညာဖြင့် ရန်ပြုတိုက်ခိုက်ရန် … ကိုရင်လေးအနီးက တုတ်ချောင်းလေးများကို ကြည့်၍ မြွေဖြစ်မန္တာန်ဖြင့် နိုးထစေလိုက်သည်။
ထွာဆိုင်သာသာလောက် တုတ်ချောင်းလေးများ၊ တံတောင်ခန့်ရှိမည့် တုတ်ချောင်းလေးများသည် စုန်းမ ယဉ်ထွေး၏ ပညာကြောင့် မြွေဆိုးများအဖြစ် ပြောင်းကုန်ကြသည်။
ယင်းမြွေဆိုးတို့သည် စုန်းမ ယဉ်ထွေးအမိန့်ကို နာခံသမှု ပြု၍ ကိုရင်လေးအား ကိုက်သတ်ကြရန် လျောခနဲ လျောခနဲ ပြေးဝင်လာကြလေ၏။
ကြည့်နေကြသူအပေါင်းမှာ ရင်တထိတ်ထိတ် ရှိလှသည်။ မြွေဆိုးများသည် ကိုရင်လေးအနီးသို့ ရောက်လာကြ၏။ ကိုရင်လေးသည် မြွေနိုင်ဂါထာကို ရွတ်ဖတ်၍ …
” ဥုံဗုဒ္ဓဝုတ် ၊ဓမ္မဝုတ်၊သံဃဝုတ်
ချုပ် ဆရာ ချုပ်၊ ပြန် ဆရာ ပြန်၊ အကုန် မူလပြန်ဟေ့ ”
ထိုသို့ဆိုလိုက်သော ကိုက်ရန် ပါးစပ်ဖြဲလာသော မြွေဆိုးတို့မှာ ကိုရင်၏ အနီး၌ မူလဖြစ်သော တုတ်ချောင်းအသွင်သို့ ပြောင်းလဲကုန်၏။
စုန်းမသည် ထိုအချင်းအရာကို မြင်သည့်အခါ ၊ နောက်တကြီမ် လစ်သည့်အခါမှ တိုက်မဟေ့ဟူသော အကြံဖြင့် ထွက်ပြေးရန် ပြင်သည်။
ဒါကို ကြိုသိသော တစ္ဆေနိုင်ကိုရင်လေးက …
“ဥုံ ဗုဒ္ဓကရဏီယံ ရှေးကဝါသနာ တတ်သည့်ပညာ မနေသာ ၊ ဟယ် ဇော်ဂနီ …ကပ်ဆရာကပ် ၊
ဥုံ ဓမ္မကရဏီယံ ရှေးကဝါသနာ တတ်သည့်ပညာမနေသာ ၊ ဟယ် ဇော်ဂနီ … ကပ်ဆရာကပ်၊
ဥုံ သံဃံကရဏီယံ ရှေးကဝါသနာ တတ်သည့်ပညာ မနေသာ
ဟယ် ဇော်ဂနီ ကပ်ဆရာကပ်၊ချည်းဆရာချည်း …”
ဟုဆိုကာ လက်ထဲက ဆန်မန်းဖြင့် စုန်းမကိုယ်ပေါ်သို့ ပစ်ပေါက်လိုက်လေ၏။
ဆန်စေ့တို့သည် စုန်းမကိုယ်နှင့် ထိတွေ့သည့်အခါ မီးပွင့်များ ထပွင့်ကုန်၏။ စုန်းမခမျာ ငရဲမီးဖြင့် အပေါက်ခံရသူကဲ့သို့ ထွန့်ထွန့်လူးကာ မြေသို့ လဲကျလေ၏။
ထိုအခါ ကိုရင်လေးက စုန်းမအား ဆိုင်ရာတို့မှ လာ၍ ချုပ်စေ၏။ စုန်းမသည် ကိုရင်လေး ပညာစွမ်းအား အာမခံဝံ့တော့ချေ။
ကိုရင်က စုန်းမထံမှ ပညာတို့ကို တစိုးတစိ မကျံရလေအောင် နုတ်ယူလေ၏။မယဉ်ထွေးသည် စုန်းအတတ်ပညာတို့ကို ကုန်စင်အောင် ထုတ်ပေးလိုက်ရသဖြင့် နွမ်းလျ မေ့မြောသွားသည်။
ထိုအခါမှ ကြည့်နေသူအပေါင်း ဟင်းချနိုင်တော့သည်။ မေ့မြောနေသော မယဉ်ထွေးကို သတိရအောင် လုပ်ကြ၏။
” သူ့ကို ဘာလုပ်ရမလဲ ကိုရင် ”
” ဘာမှ မလုပ်ကြပါနဲ့။ သူ့တရား သူစီရင်ပါလိမ့်မယ်။အခုကတော့ ရွာလူကြီးဆီသာ အပ်လိုက်ပါ၊ ကျန်တာ ရွာလူကြီးက ဆက်လက်စီမံပါလိမ့်မယ် ”
မယဉ်ထွေးကို လူငယ်များက ဖမ်းချုပ်၍ ရွာလူကြီးထံ အပ်သည်။ ရွာလူကြီးက ဒီညတော့ မိုးချုပ်နေပြီ၊ မနက်ဖြန်မှ ရဲလက်သို့ အပ်မည်ဟု ဆိုလိုက်ပြီး၊ ထိတ်တုံးဖြင့် ခတ်ထားလိုက်လေ၏။
မမြင့်ကြည်သည် သူမ၏ အသက်ကို တစ္ဆေနိုင်ကိုရင်လေးက ကယ်လိုက်သဖြင့် အသက်ဘေးမှ လွတ်သွားရှာ၏။
ကိုရင်လေးက မမြင့်ကြည်အား …
” ဒကာမကြီး အလိုကြီးက အရနည်း၏။ လောဘသည် လူကို သေစေနိုင်၏။
လူ့ဘဝ ရောက်တုန်းရောက်ခိုက်မှာ သီလ၊ကုသိုလ်၊ ဘာဝနာ ထိုသုံးတန်ကို မမေ့လျာ့သင့်။
ဒါကြောင့် ကွယ်လွန်ပြီးသော အမိအဖ၊ အစ်ကိုကြီး၊ အစ်မကြီးတို့ကို ကြည့်ပါ။
သေလွန်ပြီးနောက် ရှာဖွေထားသော စည်းစိမ်ပစ္စည်းဥစ္စာရတနာတို့သည် ချန်ထားရစ်ခဲ့ရသည်။
မည်သူကမျှ သေလွန်ရာသို့ ယူဆောင်မသွားနိုင်ပါ။ ထို့ကြောင့် သေလွန်ပြီးသူတို့အား နမူနာယူ၍ ယခုချိန်မှစ၍ ကုသိုလ်ဒါနပြုခြင်း၊ သီလစောင့်တည်ခြင်း၊ ဘာဝနာတရား ပွားများခြင်းတို့ကို ပြုလုပ်ပါ”ဟု တိုက်တွန်း တရားပြသွားလေ၏။
ကိုရင်လေးစကားကို မမြင့်ကြည်က သဘောပေါက်နားလည်သွားသည်။ ထို့ကြောင့် ကွယ်လွန်သွားကြသော သူများကို ရည်စူး၍ မိမိပိုင်ပစ္စည်းများမှ ခွဲဝေ၍ ဒါနပြုရန် သံဓိဌာန် ချလိုက်သည်။
အံဩစရာကောင်းသည်က နောက်တနေ့ နံနက်၊ ရွာလူကြီးသည် ၎င်းအိမ်အောက်၌ ထိတ်တုံးဖြင့် ချုပ်နှောင်ထားသော မယဉ်ထွေးအား စားစရာသွားပေးသည့်အခါ ၊ မယဉ်ထွေးအား မြွေကိုက်၍ သေဆုံးနေသည်ကို မြင်တွေ့လိုက်ရခြင်းပင် ဖြစ်လေတော့သတည်း။
ပြီးပါပြီ။
ပီပီ၊မန္တလေး၊

Zawgyi Version

စုန္းေႁမြအတိုက္ (စ/ဆုံး)
—————————–
႐ြာေတာင္ဖ်ားက ဦးလူေပါအိမ္မွာ ညဥ့္ အခ်ိန္မေတာ္ သန္းေခါင္ႀကီး လူစည္ေနပါ၏။ စည္ရတဲ့ အေၾကာင္းက ဦးလူေပါ သမီး အႀကီးမ (မျမင့္ရီ) ေႁမြကိုက္ခံရလို႔ အဆိပ္တက္ ေသဆုံးလို႔ဆိုပဲ။
ဦးလူေပါအိမ္လို႔ ေျပာေပမယ့္ ဦးလူေပါက တျမန္မႏွစ္ကပဲ လူႀကီးေရာဂါနဲ႔ ဆုံးသြားခဲ့ၿပီ ျဖစ္သည္။ ဦးလူေပါမွာ သားတေယာက္ သမီးႏွစ္ေယာက္ ရွိသည္။ အႀကီးဆုံးသားက (ကိုဝင္းေသာင္) ျဖစ္၏။သူက အိမ္ေထာင္သည္ ျဖစ္၏။ အတူေနမဟုတ္ေခ်။
ဦးလူေပါအိမ္မွာက အခု ေႁမြကိုက္ခံရလို႔ ဆုံးသြားတဲ့ အပ်ိဳႀကီးမျမင့္ရီႏွင့္ အပ်ိဳႀကီးမျမင့္ၾကည္တို႔ ညီအစ္မႏွစ္ဦးသာ ေနထိုင္ၾက၏။
သူတို႔အစ္ကိုႀကီး ကိုဝင္းေသာင္က ဦးလူေပါအရင္ ဆုံးပါးသြားတာ ၄ႏွစ္ထဲ ေရာက္ၿပီ။ ၿပီးေတာ့ ကိုဝင္းေသာင္က ဦးလူေပါတို႔နဲ႔ အတူေနတာလည္းမဟုတ္ဘူး။ အိမ္ေထာင္က်ၿပီးတႏွစ္ေလာက္မွာ တအိုးတအိမ္ ခြဲေနတဲ့သူ။ ခြဲေနရတဲ့ အေၾကာင္းက ကိုဝင္းေသာင္ႏွမႏွစ္ေယာက္နဲ႔ သူ႔ဇနီး၊ သမီးေယာင္းမေတြ မတည့္ၾကလို႔ပဲ။
ေယာက္ခမနဲ႔ ေခြၽးမ၊ ၿပီးေတာ့ သမီးေယာင္းမဆိုတာကလည္း ကမာၻဦးကတည္းကမ်ား မတည့္ၾကေလသည္လားမသိ။
ကိုဝင္းေသာင္မိန္းမ မယဥ္ေထြးနဲ႔ ေယာင္းမႏွစ္ေယာက္ျဖစ္ၾကတဲ့ မျမင့္ရီ၊ မျမင့္ၾကည္တို႔ ညီအစ္မႏွစ္ေယာက္က လုံးဝမတည့္ၾကေခ်။
တအိမ္တည္း အတူေနၾကပါၿပီဆိုကတည္းက ၿငိဳးသူရန္ဘက္ႀကီးေတြပမာ တက်က္က်က္ ရန္ျဖစ္တတ္ၾက၏။ႏွစ္ဖက္စလုံးက နည္းနည္းေလးမွ အမွားမခံၾကေခ်။
ဒီေတာ့ ေအးေအးလူလူ ေနခ်င္ေသာ အသက္ႀကီးၿပီျဖစ္တဲ့ မုဆိုးဖို ဦးလူေပါက သားျဖစ္သူကို ထိုက္သင့္ေသာ ေငြႏွင့္ လယ္ေျမအခ်ိဳ႕ကို ခြဲေပးၿပီး၊ တအိုးတအိမ္ ထူေထာင္ေစလိုက္သည္။
ဒီေနာက္ပိုင္းေတာ့ ရန္မီးက အတန္အသင့္ေတာ့ ၿငိမ္းသြားခဲ့သည္ဟု ဆိုမည္။ ဒါေပမဲ့ တ႐ြာတည္း အတူေနေတြဆိုေတာ့ မဆုံခ်င္လည္း ဆုံၾကရ၏။ ထိုအခါမ်ိဳးတြင္ လယ္ေတြ ခြဲေဝေပးလိုက္ရတဲ့ အပ်ိဳႀကီး ညီအစ္မႏွစ္ေယာက္က မယဥ္ေထြးကို မ်က္ေစာင္းခဲၾကသလို၊ ထြီထြမ္ဟု တံေတြးေထြးတတ္ၾက၏။
မယဥ္ေထြးကလည္း မခံ။ ကက္ကက္ပါေအာင္ ရန္ျပန္ေထာင္တတ္၏။ ထိုအခါမ်ိဳးတြင္ေတာ့ ရန္ပြဲေလးေတြက ျပန္ျဖစ္တတ္ေလ၏။
တခ်ိဳ႕က အပ်ိဳႀကီးညီအစ္မ အမွားလို႔ ဆိုၾက၏။ အပ်ိဳႀကီး ညီအစ္မကလည္း သူတို႔က မမွားဘူးဟု ဆိုျပန္၏။ ဘာေၾကာင့္လဲဆိုေတာ့ မယဥ္ေထြးသည္ သူတို႔အစ္ကို လူပ်ိဳကို ျဖားေယာင္းေသြးေဆာင္၍ အပိုင္ခ်ိဳင္ခဲ့သည္ဟု ဆိုေလ၏။ သူတို႔အစ္ကိုက လူပ်ိဳဆိုေတာ့ မယဥ္ေထြးက ဘာလဲ။
မွန္၏။ သူတို႔ေျပာသလိုပဲ ကိုဝင္းေသာင္နဲ႔ရေတာ့ မယဥ္ေထြးက အပ်ိဳမဟုတ္ေခ်။ တခုလပ္တလင္ကြာ ျဖစ္ေလ၏။ အသားေရ ညိဳစိမ့္စိမ့္ရွိၿပီး ကိုယ္လုံးကိုယ္ဖန္ အခ်ိဳးက်ေသာ မယဥ္ေထြးသည္ တ႐ြာသားႏွင့္ အိမ္ေထာင္က်ခဲ့ဖူး၏။
သို႔ေသာ္ အဘယ္အေၾကာင္းရယ္မသိ။ ထိုေယာက္က်ားသည္ မယဥ္ေထြးအား ထားခဲ့ၿပီး ခရီးေဝးထြက္သြားရာမွ လုံးဝ ျပန္မလာေတာ့ေခ်။ ေသသလား ရွင္သလား မသိရ။ လုံးဝ အဆက္အသြယ္ ျပတ္ေတာက္သြားေလ၏။
မယဥ္ေထြးက ထိုေယာက္က်ားႏွင့္ ကေလးမရသလို၊ ဒုတိယအိမ္ေထာင္ျဖစ္ေသာ ကိုဝင္းေသာင္ႏွင့္လည္း သားသမီး မထြန္းကားေခ်။
ဒါေၾကာင့္ အပ်ိဳႀကီးညီအစ္မက ကြယ္ရာမွာ မယဥ္ေထြးကို အၿမဳံမဟု ကဲရဲ႕ အတင္းတုပ္ၾက၏။ ကိုဝင္းေသာင္ႏွင့္ မယဥ္ေထြးတို႔မွာ မည္သူက အားနည္းခ်က္ရွိသလဲေတာ့ မေျပာတတ္။ အမွန္တကယ္လည္း သူတို႔မွာ ညားၿပီး ၃ႏွစ္ေက်ာ္သည္အထိ ကေလးမရၾကေပ။
ကိုဝင္းေသာင္က လူေအး။ သူ႔မိန္းမ ေျပာသမွ် ယုံ၏။ ဒါေၾကာင့္ သူ႔မယားနဲ႔ ညီမေတြ ရန္ျဖစ္တိုင္း မယားဘက္သာ ပါေလ့ရွိ၏။ အခု အပ်ိဳႀကီး မျမင့္ရီ ဆုံးသြားမွ ႐ြာက လူေတြက သတိတရ ဆိုၾကေလ၏။
” သူတို႔ေမာင္ႏွမေတြက ကံတူအက်ိဳးေပးေတြေနာ္။သူတို႔အစ္ကို ကိုဝင္းေသာင္ႀကီးလဲ လယ္ေတာက အျပန္ ညေနေစာင္းမွာ ပိုးထိလို႔ ဆုံးတာ မဟုတ္လား ”
မွန္၏။ ကိုဝင္းေသာင္ ေႁမြကိုက္ခံရတာ ေနဝင္ရီတေရာ္ အခ်ိန္ ညေန ၅နာရီခြဲသာသာခန႔္မွာ ျဖစ္၏။
” ဟုတ္ပါ့ ၊ ဝင္းေသာင္လဲ ေႁမြကိုက္ခံရလို႔ ေသတာပဲေလ ”
” ဒါနဲ႔ ဟိုတေလာက မယဥ္ေထြးက ျမင့္ရီတို႔ညီအစ္မဆီ သူ႔ေယာက္က်ား ရရမယ့္ အေမြကို လာေတာင္းတယ္ဆို ”
” ေအးေပါ့ ၊ ေတာင္းရွာမေပါ့ေအ။ဦးလူေပါ ဆုံးၿပီးကတည္းက ျမင့္ရီနဲ႔ ျမင့္ၾကည္က အေမြေတြ အပိုင္စီးထားၾကတာ နည္းမွ မနည္းပဲ”
ဦးလူေပါလက္ထက္က လယ္ယာေတြက မနည္းေခ်။ ဒါ့အျပင္ ဇနီးဆုံးေတာ့ အႀကီးမ မျမင့္ရီကို ဦးလူေပါက ေ႐ႊထည္ပစၥည္းမ်ားႏွင့္ ေငြသားေတြ အကုန္အပ္ထားခဲ့ေလ၏။ သားျဖစ္သူ ဝင္းေသာင္ကို အိမ္ေထာင္ခြဲစဥ္က ေပးခဲ့တယ္ဆို အနည္းအက်ဥ္းသာ ျဖစ္၏။ ေဝပုံက် မဟုတ္ေခ်။
ဒါကို မယဥ္ေထြးက သိထား၏။ ထို႔ေၾကာင့္ ဦးလူေပါ ဆုံးၿပီး ၆လခန႔္ၾကာေတာ့ သူမေယာက္က်ား ရသင့္ရထိုက္တာကို သြားေတာင္းျခင္း ျဖစ္သည္။ လင့္ပစၥည္း မယားပိုင္သည္ဟုဆိုလ်င္၊ သူမေယာက္က်ားသည္ အေမြေဝစု တခု ရသင့္သည္ဟု မယဥ္ေထြးကဆိုေလ၏။
သူမ ေတာင္းသည္မွာ သဘာဝက်သည္ဟု တခ်ိဳ႕က ေျပာၾက၏။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုဝင္းေသာင္က လူေအး၊ လူ႔ေဘာ္ေၾကာ့ဆိုေတာ့ ၊ မယဥ္ေထြးႏွင့္ ေပါင္းသင္းစဥ္က ဘာမွ စီးပြားမျဖစ္ခဲ့။ဖခင္ႀကီး ေပးထားတဲ့ လယ္တခ်ိဳ႕ေတာင္ ေပါင္ႏွံ သုံးစြဲရ၏။ အဲ့ဒီေတာ့ ကိုဝင္းေသာင္ ဆုံးၿပီးခ်ိန္မွာ မယဥ္ေထြးအဖို႔ ဘာမွ သိပ္မက်န္ခဲ့ေခ်။
ဦးလူေပါ ရွိစဥ္ကေတာ့ ေခြၽးမျဖစ္သူကို မၾကာခဏ ေပးကမ္းခဲ့သည္။ ထို႔ေၾကာင့္ ဦးလူေပါ ရွိစဥ္က မယဥ္ေထြး အသာၿငိမ္ေနခဲ့သည္။
အခု ဦးလူေပါ မရွိေတာ့ဘူး။ လူမႈေရးအရ မယဥ္ေထြးက ဦးလူေပါ ဆုံးၿပီး ခ်က္ခ်င္း မေတာင္း။ ၆လခန႔္ ၾကာျမင့္မွ ၊ ရသင့္သည္ထင္ေသာ သူမေယာက္က်ား၏အေမြေဝစုကို ေတာင္းခံျခင္း ျဖစ္၏။
မျမင့္ရီတို႔ ညီအစ္မက ဘယ္ေပးမလဲ။ လယ္ေလး ႏွစ္ဧကေလာက္ ခြဲေပးတုန္းကေတာင္ ျပသနာလုပ္ခဲ့ၾကေသးတာမဟုတ္လား။ ၿပီးေတာ့ အခုက သူတို႔အစ္ကိုႀကီး ကိုဝင္းေသာင္လည္း မရွိေတာ့ဘူးေလ။
အဲ့ဒီေတာ့ ေယာင္းမျဖစ္သူကို ဘယ္ေပးပါေတာ့မလဲ။ ‘မေပးႏိုင္ဘူးေဟ့ ‘ လို႔ ျပတ္ျပတ္သားသား ဆိုၾက၏။ ဒီမွာတင္ ႏွစ္ဖက္စလုံးက ေလာဘ၊ေဒါသမီးေတြႏွင့္ ဆဲၾကဆိုၾက႐ုံသာမက လုံးသတ္ၾကသည္အထိ ျပသနာေတြ ျဖစ္ကုန္ပါေတာ့၏။
ထိုလုံးေထြးသတ္ပုတ္ၾကသည့္ သတင္းက ေက်း႐ြာဥကၠဌ ဦးသိန္းစိုးထံ ေရာက္သြား၏။ ဦးသိန္းစိုး ရန္ပြဲဆီသို႔ အျမန္ေရာက္လာရေတာ့သည္။ လုံးေထြးသတ္ပုတ္ေနၾကသူတို႔ကို အနီးနားက အမ်ိဳးသမီးမ်ားကို ဝင္ျဖန္ေျဖေပးေစ၏။
ဥကၠဌကိုယ္တိုင္ ေရာက္လာၿပီဆိုေတာ့ ၊ သူတို႔ ေခတၱၿငိမ္သက္သြားၾကသည္။ရန္ပြဲကို လာၾကည့္သူက အမ်ားႀကီး။ ဒီေတာ့ ဥကၠဌက …
” ကဲ … ျမင့္ရီတို႔ ညီအစ္မေရာ ၊ ယဥ္ေထြးပါ ငါ့အိမ္ကို လိုက္ခဲ့၊ ဟိုေရာက္မွ ညီးတို႔ကိစၥ ရွင္းမယ္ ”
ဥကၠဌက ထိုသို႔ သံျပတ္နဲ႔ ေျပာလိုက္ေတာ့ သူတို႔တေတြ ဥကၠဌအိမ္ကို လိုက္ပါသြားၾကရေတာ့သည္။
_____
အခန္း၂။
ျပသနာက ေက်း႐ြာေကာင္စီဥကၠဌ ဦးသိန္းစိုးအိမ္အထိ ေရာက္သြားၿပီ။ ဥကၠဌက သူ႔အိမ္မွာ ေခၚယူ၍ ျပႆနာကို ညႇိႏႈိင္းေပးပါေသာ္လည္း မျမင့္ရီႏွင့္ မျမင့္ၾကည္က လုံးဝ သေဘာမတူေခ်။
ဥကၠဌ ဦးသိန္းစိုး ေျပာတာက သဘာဝက်၏။ ေဝပုံက် မဟုတ္ပဲ ၊ မယဥ္ေထြးကို ရင္းႏွီးစားေသာက္ႏိုင္ေအာင္ အနည္းအက်ဥ္း ခြဲေဝေပးရန္ ျဖစ္၏။
သို႔ေသာ္ အပ်ိဳႀကီးမျမင့္ရီက ျပင္းျပင္းထန္ထန္ ျငင္းဆိုသည့္အျပင္
” ကြၽန္မတို႔ဘက္က ဒင္းကို ငါးျပားေစ့ တေစ့ေတာင္ မေပးႏိုင္ဘူး ဥကၠဌ။ ဒင္းဘာသာ တိုင္ခ်င္ရာတိုင္ ၊ တက္ခ်င္တဲ့႐ုံး တက္ပေလ့ေစ ”
အပ်ိဳႀကီးညီအစ္မဘက္က လုံးဝ ညႇိႏႈိင္းလို႔ မရေခ်။ ေနာက္ဆုံးတြင္
ဥကၠဌ ကိုယ္တိုင္က လက္ေလ်ာ့လိုက္ရေလေတာ့၏။
ေက်း႐ြာဥကၠဌဦးသိန္းစိုးက သူတတ္ႏိုင္သေ႐ြ႕ ညႇိႏႈိင္းေပးၿပီးၿပီ။ ဒါေပမဲ့ မျမင့္ရီတို႔ညီအစ္မဖက္က တင္းမာေနေတာ့ ျပသနာက သူနဲ႔ မၿပီးေတာ့ဘူး။ အဲ့ဒီေတာ့ မယဥ္ေထြး ကို ေရွ႕ေနနဲ႔တိုင္ပင္ၿပီး ၿမိဳ႕နယ္တရား႐ုံးမွာ တရားတေဘာင္ေတြ လုပ္ေပေတာ့လို႔ပဲ ေျပာလိုက္ရ၏။ ဥကၠဌက သူညႇိေပးတာကို လုံးလုံးလ်ားလ်ား ျငင္းပယ္ခဲ့တဲ့ မျမင့္ရီတို႔ ညီအစ္မကို ေက်နပ္ပုံမရေခ်။ ထို႔ေၾကာင့္ မယဥ္ေထြးအား တရားစြဲရန္ တိုက္တြန္းလိုက္ပုံရ၏။
ဥကၠဌက သူရဲ႕ ညႇိႏႈိင္းမႈကို လက္မခံတဲ့ မျမင့္ရီတို႔ဘက္လွည့္ကာ …
” ေအး ထပ္ၿပီး ႐ြာထဲမွာ ဆူညံပူညံ လုပ္လို႔ကေတာ့ ၊ ငါ့အိမ္ေအာက္က ထိတ္တုံးက ေယာက္က်ားေသာ မိန္းမေသာ ေ႐ြးေနမွာမဟုတ္ဘူး ။
ထမင္းမေကြၽး ေရမတိုက္ပဲ ခ်ဳပ္ထားခံရမယ္ဆိုတာ ၿမဲၿမဲမွတ္ၾက”
ဥကၠဌက အၿပီးသတ္ ေျပာလိုက္ၿပီး၊ အားလုံးကို ျပန္ခိုင္းလိုက္၏။
မယဥ္ေထြးက မျမင့္ရီတို႔ညီအစ္မ အႏိုင္က်င့္တာကို ႀကိတ္မႏိုင္ခဲမရ မ်က္လုံးေတြနဲ႔ ၾကည့္သည္။ မျမင့္ရီတို႔က အႏိုင္ရသူပမာ မ်က္ႏွာထား ခပ္တင္းတင္းနဲ႔ မ်က္ႏွာကို ေမာ္ထားၾကေလ၏။ဒင္းက ဘယ္ကပိုက္ဆံနဲ႔ တရား႐ုံးတက္မွာလဲဟူေသာ ႏွိမ္ခ်ဟန္ျဖင့္ ၾကည့္ၾကျခင္းျဖစ္၏။
ေက်း႐ြာဥကၠဌအိမ္က ျပန္ၾကေတာ့ လမ္းမွာ မယဥ္ေထြးက အပ်ိဳႀကီးညီအစ္မကို ေစ့ေစ့ၾကည့္ၿပီး၊
” နင္တို႔ ေလာဘတက္ၿပီး၊ ေမာင္ပိုင္စီးထားတဲ့ ပစၥည္းေတြကို ေသရာ ယူသြားႏိုင္မလား ၾကည့္ေသးတာေပါ့ ေကာင္မေတြရယ္ ဟင္းဟင္း ”
အဲ့ဒီအေျပာက ဘာရယ္မဟုတ္ေပမယ့္ ၊ အေျပာခံရသည့္ မျမင့္ရီနဲ႔မျမင့္ၾကည္တို႔ညီအစ္မသည္ မယဥ္ေထြးရဲ႕ စူးရွတဲ့အၾကည့္ေတြေၾကာင့္ တကိုယ္လုံး စိမ့္ေၾကာက္သြားၾကဟန္တူသည္။ ဘာမွ ျပန္မေျပာေတာ့ဘဲ၊ ခပ္သုတ္သုတ္ ထြက္သြားၾကေလ၏။
အငယ္မ မျမင့္ၾကည္က သူ႔အစ္မကို အျပန္လမ္းမွာ ေဒါသသံျဖင့္ ေျပာလိုက္၏။
” ေကာင္မ … ေအာက္ကလဲ ေနေသး ၊ ေၾကာက္ၿပီလားလို႔ ေမးေနေသးတယ္ေနာ္ မမ ၊ ငါျဖင့္ ဒင္းမ်က္ႏွာ ျမင္ရတာ ေနလိုမီးလို ပူလိုက္တာ ၊ က်က္သတုန္းမ ထြီ … ”
” ဟုတ္ပါ့ေအ ! အမွန္က ငါတို႔အစ္ကို ကိုဝင္းေသာင္ မေသဘဲ၊
ဒင္းက အရင္ေသရမွာ ဟြင္း ”
ေနာက္ လွည့္မၾကည့္စတမ္း လမ္းေလွ်ာက္ရင္း ညီအစ္မႏွစ္ေယာက္ မယဥ္ေထြးကို ျပစ္တင္ႀကိမ္းဝါးသြား၏။
တခ်က္မွ် သူတို႔ ေနာက္ကို လွည့္ၾကည့္လွ်င္ သူတို႔ညီအစ္မကို မုန္းတီး႐ြံရွာဟန္ျဖင့္ ရပ္ၾကည့္ေနခဲ့ေသာ မယဥ္ေထြးကို ျမင္ၾကရမည္ ျဖစ္သည္။ မယဥ္ေထြး အမုန္းေတြက ရင္ထဲက ဖိတ္စင္လွ်ံက်လာသလိုပင္။ မ်က္လုံးမ်ားက ရဲရဲေတာက္လ်က္ ရွိေလ၏။
” ဒင္းတို႔လဲ ဒင္းတို႔အစ္ကိုေနာက္ လိုက္ခ်င္ၾကတယ္ထင္ရဲ႕ ။ ေအးေပါ့ေလ ယဥ္ေထြး ဘာေကာင္မလဲဆိုတာေတာ့ ျပရေသးတာေပါ့ ”
ႏုတ္က ထြက္က် မလာေပမယ့္၊ မယဥ္ေထြး စိတ္ထဲကေတာ့ ထိုသို႔ ႀကိမ္းဝါးလိုက္ ပါေလေတာ့၏။
_____________
အခန္း၃။
” ကြၽန္မ တကယ္ေျပာေနတာ အရီးရဲ႕။ လုပ္ႀကံေနတာမဟုတ္ဘူး ”
မျမင့္ရီကို ရက္လည္ၿပီးေပမယ့္ မျမင့္ရီဟာ တေယာက္တည္း မေနရဲတာေၾကာင့္ အရီးေဒၚဇာႀကီးကို အိမ္မွာ ေခၚအိပ္ျခင္း ျဖစ္သည္။
မျမင့္ၾကည္က မျမင့္ရီ ေႁမြကိုက္ခံရမည့္ညက အျဖစ္အပ်က္ကို ေျပာျပေနျခင္း ျဖစ္သည္။
“ဒီကိစၥကို ကြၽန္မ ဘယ္သူ႔ ျပန္ေျပာရမွန္း မသိဘူး အရီး။ ေတာ္ေနၾကာ ကြၽန္မကို ႐ူးေနတယ္ ထင္မွာလဲ စိုးရေသးမဟုတ္လား ”
ေဒၚဇာႀကီးက မီးေသေနတဲ့ေျပာင္းဖူးဖက္ေဆးလိပ္ကို ပါးစပ္ကေန ျဖဳတ္ယူလိုက္ၿပီး …
” ညီး အျမင္မွားတာမ်ားလားေအရယ္ ၊ တို႔႐ြာမွာ ဒါမ်ိဳး အရင္က မၾကားဖူးပါဘူး ”
” ဘုရားစူးရပါေစေတာ္ ။ကြၽန္မ အျမင္ မမွားဘူး အရီး။ အဲ့ဒီညက ကြၽန္မ ကိုယ္လက္ေတြ ကိုက္ခဲေနလို႔ အေတာ္နဲ႔ အိပ္မေပ်ာ္ဘူး။ ၿပီးေတာ့ အိုက္လို႔ဆိုၿပီး ကြၽန္မ အခန္း ျပတံခါးကို ဖြင့္ထားေတာ့ ေသေသခ်ာခ်ာ ျမင္လိုက္ရတာ အရီးရဲ႕ ”
မွန္၏။အႀကီးမ မျမင့္ရီ ေႁမြကိုက္ခံရၿပီး ေသမည့္ညက အငယ္မ မျမင့္ၾကည္သည္ ကိုယ္လက္ကိုက္ခဲ၍ မအီမသာ ျဖစ္ေနသည္။ ရာသီဥတုကလည္း ပူအိုက္လွသျဖင့္ မျမင့္ၾကည္ဟာ သူမအခန္းက ျပတင္းတံခါးကို ဖြင့္ထား၏။
မျမင့္ၾကည္ အေတာ္ႏွင့္ အိပ္မေပ်ာ္ေခ်။ ညဥ့္ ၁၀နာရီခြဲခန႔္တြင္ သူတို႔ ၿခံဝန္းအတြင္းသို႔ ျပာလဲ့လဲ့ မီးလုံးတလုံးက ေကာင္းကင္ကေန ထိုးစိုက္က်လာတာကို အိပ္မေပ်ာ္ေသာ မျမင့္ၾကည္က ျပတင္းေပါက္ကေန ထင္ထင္ရွားရွား ေတြ႕လိုက္ရေလ၏။
မျမင့္ၾကည္မွာ ထိုသို႔ တခါမွ် မျမင္ဖူးေသာေၾကာင့္ အံဩသြားၿပီး၊ ထိုမီးလုံးကို လိုက္ၾကည့္ရန္ အိပ္ယာမွ ထလာခဲ့၏။
ျပတင္းေပါက္မွေန၍ ဘယ္ေနရာသို႔ က်သလဲဟု စပ္စုရန္ ၾကည့္လိုက္သည့္အခါ …
” အဲ့ဒီမီးလုံးက ဘယ္ေပ်ာက္သြားသလဲကို မသိဘူး အရီးရယ္။ မ်က္စိတမွိတ္စာေလာက္အတြင္းကို ေပ်ာက္သြားလိုက္တာ ျမန္ခ်က္ေတာ္ … ျမန္ခ်က္ ျမန္ခ်က္ ”
“ညီး အဲ့ဒီတုန္းက အိမ္ေအာက္ဆင္းၿပီး ၿခံထဲ ရွာမၾကည့္ဘူးလား ျမင့္ၾကည္ ”
” အစကေတာ့ ကြၽန္မလဲ ၿခံထဲ ဆင္းရွာမလိုပဲ အရီးရ။ အဲ့ဒီအခ်ိန္ ၿခံေရွ႕ ႐ြာလမ္းမကေန ေခြးေတြက ကြၽန္မတို႔ ၿခံဘက္ကို လွည့္ၿပီး ဆြဲဆြဲငင္ငင္ႀကီး အူလိုက္ၾကတာေတာ္၊ ေၾကာက္စရာႀကီး ။ ကြၽန္မဆို ၾကက္သီး ဖ်န္းဖ်န္းထတယ္ ။ အေဖ ေသထားတာက ၆လေက်ာ္ပဲ ရွိေသးေတာ့ အေဖမ်ား မကြၽတ္မလြတ္ပဲ ၿခံထဲ သြားလာေနလို႔ ေခြးေတြက ျမင္ၿပီး အူၾကသလား ေအာက္ေမ့မိတာနဲ႔ ၿခံထဲ ဆင္းမၾကည့္ရဲေတာ့ဘူးေလ ”
” အင္း … ႏို႔ၿပီး ဘာဆက္ ျဖစ္ေသးလဲ ”
” ဘာဆက္ျဖစ္သလဲ ကြၽန္မလဲ မသိေတာ့ဘူး ။ ေၾကာက္ေၾကာက္နဲ႔ အိပ္ယာထဲ ဝင္ၿပီး အတင္းအိပ္ပစ္လိုက္တယ္။
အိပ္ေပ်ာ္ေတာ့မလို႔ ေမွးခနဲ ရွိေသးတယ္။ ၿခံထဲကေန မမ(ျမင့္ရီ)ရဲ႕ ေအာ္သံကို ၾကားလိုက္ရတာပဲ။
ဒါနဲ႔ ကြၽန္မ အေျပးဆင္းၾကည့္ေတာ့ အိမ္သာနဲ႔ မလွမ္းမကမ္းက စံပယ္႐ုံနံေဘးမွာ မမက လဲေနတာကို ေတြ႕ရေတာ့တာပါပဲ ။
ကြၽန္မ မမကို ေပြ႕ထူေတာ့ မမပါးစပ္ကေန ‘ ငါ့ကို ဘာေကာင္ကိုက္သြားလဲ မသိဘူး ျမင့္ရီ ‘ လို႔ ေျပာတဲ့ၿပီး သတိလစ္သြားတယ္။
ကြၽန္မလဲ အိမ္နီးခ်င္းေတြကို ေအာ္ဟစ္ၿပီး အကူအညီ ေတာင္းရတာေပါ့ ။ ႐ြာထဲက ေဆးမႈး သြားပင့္တဲ့ကပင့္၊ မမကို ျပဳစုတဲ့သူက ျပဳစုေပါ့။ ေဆးမႈး ေရာက္လာေပမယ့္ မမက အသက္မရွိေတာ့ဘူး ။ လူငယ္ေတြက တၿခံလုံးကို လက္ႏွိပ္ဓာတ္မီးေတြနဲ႔ လိုက္ရွာေပးၾကတယ္။ဒါေပမဲ့ မမကို ကိုက္သြားတဲ့ ေႁမြကိုေတာ့ ရွာမေတြ႕ၾကဘူးတဲ့ ”
“အဲ့ဒီညက တျခားေရာ ဘာထူးျခားတာ ေတြ႕ရေသးလဲ ”
” ကြၽန္မ ေျပာရင္ မုန္းလို႔ ေျပာတာလို႔ အရီးက ထင္အုံးမွာ။ ကြၽန္မ က်ိန္ေျပာရဲတယ္ ။
မမကို ေပြ႕ခ်ီၿပီး အိမ္နီးခ်င္းေတြ ေအာ္ေခၚေတာ့ ၿခံစည္း႐ိုးမွာ ကြၽန္မတို႔ကို ရပ္ၾကည့္ေနတဲ့ အရိပ္တခုကို ျမင္လိုက္ရတယ္။
ကြၽန္မက ေအာ္လဲ ေအာ္ေရာ၊ အဲ့ဒီ အရိပ္က ေက်ာခိုင္းၿပီး ထြက္သြားတာကို ကြၽန္မ ျမင္လိုက္ရတယ္။ ညဘက္ ေမွာင္ေနေပမယ့္ ေနာက္ေက်ာခိုင္းလိုက္တဲ့အခါ အဲ့ဒီအရိပ္က မိန္းမတေယာက္ဆိုတာ ထင္ရွားတယ္ အရီး ။
ၿပီးေတာ့ ကြၽန္မ စိတ္ထဲမွာ ေတြးမိတာတခုက အဲ့ဒီမိန္းမ ကိုယ္သ႑ာန္က မယဥ္ေထြးနဲ႔ တူသလိုလိုပဲ အရီး။ ကြၽန္မ အစ္မကို သတ္တာ ဒင္းမ်ားလားလို႔ ေတြးမိၿပီး ကြၽန္မ အခုထိ ဘဝင္မက်ႏိုင္ေသးဘူး… ”
အရီးေဒၚဇာႀကီးက ဒါကိုေတာ့ လက္မခံ။ ခ်က္ခ်င္းပဲ …
” ဟဲ့ အဲ့ဒါေတာ့ မျဖစ္ႏိုင္ပါဘူးေအ။ ေဆးမႈးက ေျခေထာက္က အပ္ေပါက္ရာ ႏွစ္ခြကို ၾကည့္ၿပီး ေႁမြကိုက္တာပါလို႔ အေသအခ်ာ ေျပာသြားတာပဲ ။ ဥပါဒါန္ေၾကာင့္ ဥပါဒ္ မျဖစ္စမ္းပါနဲ႔ေအ ”
အရီးေဒၚဇာႀကီးက ေႁမြကိုက္ေသတာကို ဘယ္နည္းနဲ႔မွ လူသတ္မႈ မျဖစ္ႏိုင္ဟု ျငင္းဆိုလိုက္ျခင္း ျဖစ္ေလ၏။
ထိုအခါ မျမင့္ၾကည္က မဝံ့မရဲ ေလသံျဖင့္ …
” မယဥ္ေထြးက ပညာသည္ဆိုရင္ေရာ အရီး ”
” ေဟ … ”
အရီးေဒၚဇာႀကီးခမ်ာ အာေမဋိတ္သံ ‘ေဟ’ တလုံးသာ ႏုတ္မွထြက္၍ မ်က္လုံးမ်က္ဆံ ျပဴးက်ယ္စြာ သူ႔ရင္ဘတ္ကို လက္ျဖင့္ဖိထားလိုက္မိေလ၏။
သူတို႔ ႐ြာဘက္မွာ ပညာသည္တို႔ စုန္းတို႔ဆိုတာ ရွိသည္ဟု မၾကားမိေသာ္လည္း၊ ၎တို႔မွာ အလြန္လ်ိဳ႕ဝွက္စြာ ေနထိုင္တတ္ၾကသည္မဟုတ္လား။
ဒါဆိုရင္ ေက်း႐ြာလူႀကီးကို တိုင္ပါေတာ့လားလို႔ ေျပာစရာရွိေပမယ့္ ၊ ေက်း႐ြာဥကၠဌက သူ ညႇိႏႈိင္းေပးတာကို မျမင့္ၾကည္တို႔ညီအစ္မက လက္မခံကတည္းက အျမင္ မၾကည္လင္ဘူးမဟုတ္လား။ ဒီအေၾကာင္းကို သြားတိုင္လည္း လီဆယ္တို႔လို႔ ထင္မည္မွာ အမွန္ပင္။
____________
အခန္း၄။
မယဥ္ေထြး မ်က္လုံးေတြက ဂဏွမၿငိမ္။ ေလးဘက္ကာျဖစ္ေသာ အိမ္ထရံမ်ားကို ေတာင္ၾကည့္လိုက္၊ ေျမာက္ၾကည့္လိုက္ ရွိေလ၏။ အိမ္ထဲတြင္ သူမ တေယာက္တည္း ရွိေလ၏။ သူမေရွ႕က ၾကမ္းျပင္တြင္ အုန္း၊ငွက္ေပ်ာပါေသာ ကန္ေတာ့ပြဲ တပြဲရွိေလ၏။ ေျမနီေရာင္ ဆီမီးခြက္ထဲ၌ ခပ္လတ္လတ္ ဖေယာင္းတိုင္တတိုင္ မီးထြန္းညႇိထားသည္။
ျပတင္းတံခါးမ်ားက အလုံပိတ္ထားသည္ျဖစ္ရာ ထိုဖေယာင္းတိုင္ မီးျပျပ အလင္းေရာင္သာ ရွိေလ၏။
နံရံတြင္ ေလးေထာင့္စားပြဲ ခပ္ေသးေသးတလုံး ရွိၿပီး၊ ထိုအေပၚတြင္ သစ္သား႐ုပ္တုတခု ရွိသည္။ ႐ုပ္တုသည္ မတ္တတ္ရပ္ ႐ုပ္တုျဖစ္ၿပီး၊ ခပ္ထန္ထန္ အမ်ိဳးသမီးႀကီးတဦး၏ မ်က္ႏွာကို ပုံေဖၚထား၏။
မယဥ္ေထြးသည္ ပါးစပ္မွ ဆီမန္းမန္းသလို တတြတ္တြတ္ႏွင့္ ဂါထာမ်ားကို ေရ႐ြတ္ေနသလို၊ မ်က္လုံးေတြကလည္း တစုံတရာကို ရွာေဖြေနဟန္တူ၏။
မယဥ္ေထြးမ်က္ႏွာက အခုေန ျမင္ရလ်င္ မွင္သက္အံဩသြားၾကလိမ့္မည္။ယခင္က ညိဳစိမ့္စိမ့္ အသားအေရ ႏွင့္ ကိုယ္လုံးကိုယ္ဖန္ လွပေသာ မယဥ္ေထြးသည္ ယခုအခါ ရွိရင္းစြဲထက္ အိုစာေနသလို ၊ မ်က္ႏွာကလည္း ခက္ထန္လြန္းေန၏။ မေကာင္းေသာ အရိပ္အေငြ႕မ်ားက မယဥ္ေထြးကို အ႐ုပ္ဆိုး အက်ည္းတန္ေနေစသည္။
မယဥ္ေထြးသည္ မသင့္ေသာ အယူကို ယူခဲ့ေလၿပီ။ မေကာင္းေသာ အႀကံအစည္တို႔ကို ႀကံစည္ေနၿပီမဟုတ္ေလာ။ ယခင္ ကိုဝင္းေသာင္ ရွိစဥ္က အၿမဲ လန္းဆန္းခဲ့ေသာ ဘုရားပန္းတို႔မွာ ညိဳးေရာ္ေနၾကေလၿပီ။ ေျခာက္ေသြ႕ေနၾကေလၿပီ။
ဘုရားစင္(ေက်ာင္းေဆာင္)မွာ မည္မွ် ၾကာေအာင္ ပစ္ထားခဲ့သည္မသိ။ ဖုန္အလိမ္းလိမ္း ကပ္လ်က္ရွိသည္။ မယဥ္ေထြးကား ဘုရားေမ့ တရားေမ့ႏွင့္ ေလာဘမီးတို႔ ေတာက္ေလာင္ကာ လူစိတ္ကင္းကြာေနေလ၏။ သူမ ရင္ထဲက အၿငိဳးကို ေျပေပ်ာက္စိမ့္ငွါ လက္စားေခ်ျခင္းဟူေသာ လမ္းစဥ္ကို လိုက္ေနၿပီ ျဖစ္၏။
မယဥ္ေထြး မ်က္ႏွာေပၚမွာ ေက်နပ္ဟန္ အၿပဳံးတခုကို ျမင္လိုက္ရသည္။ မယဥ္ေထြး လြန္ေလၿပီးေသာ အတိတ္ကို ေတြးမိ၍ ျဖစ္၏။
အမွန္ေတာ့ သူမေယာက္က်ား ကိုဝင္းေသာင္ ေသဆုံးရျခင္းသည္လည္း သူမ၏ လက္ခ်က္ပင္ ျဖစ္၏။
ဒါတင္မကေခ်။ ယခင္ အိမ္ေထာင္ျဖစ္ေသာ တ႐ြာသား ေပ်ာက္ကြယ္သြားသည္မွာလည္း မယဥ္ေထြး၏ လက္ခ်က္ျဖစ္ေလ၏။
ဘာေၾကာင့္ မယဥ္ေထြးသည္ ခင္ပြန္းေယာက္က်ားမ်ားကို တေယာက္ၿပီး တေယာက္ လက္စတုန္း သတ္ျဖတ္ခဲ့သနည္း။
အေျဖမွာ ရွင္း၏။ မယဥ္ေထြးသည္ အလြန္လ်ိဳ႕ဝွက္ေသာ ပညာသည္ စုန္းျဖစ္ေသာေၾကာင့္ပင္။ မယဥ္ေထြးသည္ သူမ၏ ပညာမ်ားကို သိုသိုဝွက္ဝွက္ႏွင့္ ကြယ္ေဖ်ာက္ကာ သာမန္လူကဲ့သို႔ လင္ယူခဲ့သည္။
သို႔ေသာ္ အေနၾကာလာသည့္အခါ ၊ အတူေန ခင္ပြန္းမ်ားက မယဥ္ေထြး၏ လ်ိဳ႕ဝွက္ခ်က္မ်ားကို သိလာၾက၏။
ပထမခင္ပြန္းသည္ မယဥ္ေထြးအား စုန္းမဟု သိရွိသည့္အခါ၊ မေပါင္းသင္းေတာ့ပဲ ထြက္ေျပးခဲ့၏။သို႔ေသာ္ မယဥ္ေထြးလို စုန္းမ်ိဳး လက္မွ လြတ္ေအာင္ မေျပးသာခဲ့။
ေတာလမ္းခရီး၌ မယဥ္ေထြး၏ တိုက္ေႁမြ အကိုက္ခံရကာ အသက္ပင္ ဆုံးပါးခဲ့ရ၏။
ထို႔အတူ ဒုတိယအိမ္ေထာင္ျဖစ္ေသာ ကိုဝင္းေသာင္သည္ လကြယ္ညတခု၌ မယဥ္ေထြး စုန္းေတာက္စားေနသည္ကို လက္ေတြ႕ျမင္ခဲ့၍ ေၾကာက္႐ြံသြားခဲ့သည္။ သို႔ေသာ္ ဖြင့္မေျပာဘဲ ေနခဲ့၏။
ကိုဝင္းေသာင္သည္ သူ႔မိန္းမ စုန္းမမွန္း သိသြားသည့္အခါ မေပါင္းသင္းလိုေတာ့ေပ။ ထိုအေၾကာင္းကို ဖခင္ျဖစ္သူ ဦးလူေပါႏွင့္ ႏွမႏွစ္ေယာက္အား ဖြင့္ေျပာရန္ ဆုံးျဖတ္ခ်က္ခ်ခဲ့သည္။
သို႔ေသာ္ ကိုဝင္းေသာင္၏ အႀကံကို မယဥ္ေထြးက ႀကိဳတင္သိရွိသြားသည့္အခါ ၊ ကိုဝင္းေသာင္ ႐ြာထဲ မဝင္မီ ၊ ႐ြာျပင္ ကုကၠိဳတန္း၌ သူမ၏ တိုက္ေႁမြျဖင့္ ကိုဝင္းေသာင္အားကိုက္သတ္ပစ္လိုက္ျခင္း ျဖစ္သည္။
ယခုလည္း သူမသည္ ကိုဝင္းေသာင္၏ အေမြ ေဝစုကို အပ်ိဳႀကီး ညီအစ္မႏွစ္ေယာက္ထံ ေတာင္းခံရာမွ ျပသနာႀကီးထြားလာ၏။ အေမြကို ခြဲမေပးလိုေသာ အပ်ိဳႀကီး ညီအစ္မကို အၿငိဳးအေတး ႀကီးစြာ တိုက္ေႁမြျဖင့္ လုပ္ႀကံသတ္ျဖတ္ရန္ ႀကံစည္လုပ္ကိုင္ခဲ့၏။ သူမ အႀကံအစည္ ေအာင္ျမင္သည္ဟု ဆိုရမည္။ အႀကီးမ မျမင့္ရီတေယာက္ျဖင့္ ေႁမြကိုက္ခံရ၍ ေသဆုံးသြားခဲ့ေလၿပီ။
အငယ္မ မျမင့္ၾကည္ တေယာက္သာ က်န္ေတာ့၏။ မျမင့္ၾကည္ကို ဆက္လက္ သတ္ျဖတ္ရန္ ယခု သူမအိမ္ထဲ၌ ေဆာင္႐ြက္ေနျခင္း ျဖစ္သည္။
မၾကာမီ မယဥ္ေထြး၏ အခန္းထဲ၌ မယဥ္ေထြးကိုယ္သည္ ေပ်ာက္ကြယ္သြားၿပီး ၾကမ္းေပၚ၌ မယဥ္ေထြး ဝတ္ေသာ အဝတ္တို႔သာ ပုံလ်က္သား ေတြ႕ရသည္။
မၾကာပါ။ ထိုအဝတ္ပုံထဲမွာ ျပာလဲ့လဲ့ မီးလုံးတခုသည္ ဟုတ္ခနဲ ထြက္ေပၚလာ၏။ ထိုမီးလုံးသည္ အခန္းထဲရွိ ေလထု၌ ေတာင္ေျမာက္ ေျပးကစားေနသည္။
ညသည္ ညဥ့္နက္ပိုင္းသို႔ တျဖည္းျဖည္း ခ်ည္းနင္းလာခဲ့ေခ်ၿပီ။ မယဥ္ေထြး အိမ္ျပတင္းေပါက္သည္ ပိတ္ထားရာမွ ဝုန္းခနဲ ပြင့္သြားသည္။ အခန္းထဲက မီးလုံးသည္ ပြင့္သြားေသာ ထိုျပတင္းေပါက္မွတဆင့္ ေကာင္းကင္ဆီသို႔ ထိုးတက္သြားေလ၏။
ျပာလဲ့လဲ့ အဆင္းရွိေသာ မီးလုံးသည္ ႐ြာေတာင္ဖ်ားဆီသို႔ ဦးတည္ ပ်ံသန္းသြားေလ၏။ ႐ြာေတာင္ဖ်ားမွာက သူမ ေနာက္ဆုံး သုတ္သင္ရမည့္ ရန္သူေတာ္ မျမင့္ၾကည္ ရွိေနသည္မဟုတ္လား ။
______________
အခန္း၅။
” ဟဲ့ ငခင္၊ လွည္းကို ျမန္ျမန္ေမာင္းပါဟဲ့ ၊ နင့္ဟာ ေမွာင္ေတာင္လာေပါ့”
အရီးဇာႀကီးသည္ ကိုရင္နႏၵိယကို တလွည့္ ၊ ေမွာင္လာသည့္ ဝန္းက်င္ကိုတလွည့္ၾကည့္ရင္း လွည္းသမား ငခင္ကို အျမန္ေမာင္းရန္ တိုက္တြန္းေလာေဆာ္လိုက္၏။
ငခင္က လွည္းကို အိတြဲစြာ ေမာင္းႏွင္ေန၍ လမ္းခရီး၌ အခ်ိန္ေတြ ကုန္လြန္သြားခဲ့သည္။႐ြာကို ျပန္ ေရာက္ရမည့္အခ်ိန္ မေရာက္ႏိုင္ေတာ့။ ယခုပင္ ေမွာင္စျပဳလာခဲ့ေလၿပီ။
အရီးဇာႀကီး သူ႔တူမ ျမၾကည္ ေမွ်ာ္ေနမွာကို သိေန၍ လွည္းၾကမ္းျပင္ေပၚကေန ဖင္တႂကြႂကြ ျဖစ္ေနသည္။ လွည္းဦးမွာ အရီးဇာႀကီး ပင့္လာခဲ့တဲ့ ကိုရင္နႏၵိယကေတာ့ လြယ္အိတ္တလုံးႏွင့္ ေအးေဆးတည္ၿငိမ္စြာ ထိုင္လ်က္ လိုက္ပါလာေလ၏။
အရီးဇာႀကီးတို႔ ႐ြာကို ေရာက္ေတာ့ ည ၇နာရီခြဲေလၿပီ။ လွည္းက မျမၾကည္ရဲ႕ ၿခံဝိုင္းေရွ႕ေရာက္ေတာ့ အရီးဇာႀကီး ရင္ ေျဗာင္းဆန္သြား၏။ မျမင့္ၾကည့္ ၿခံထဲမွာ လူအခ်ိဳ႕ ေရာက္ေနၾကသလို ၊ အိမ္ထဲကလည္း အသံမ်ိဳးစုံ ၾကားေနရသည္မဟုတ္လား။
” ဘုရား ဘုရား ငါေတာ့ တေစၦႏိုင္ကိုရင္ေလးကို ပင့္ဖိတ္လာခဲ့ၿပီ၊ ငါ့တူမကေတာ့ အိမ္ထဲမွာမ်ား ေႁမြကိုက္ခံရလို႔ေသေနၿပီလား … ”
လွည္းေပၚကေန အ႐ြယ္နဲ႔မလိုက္ေအာင္ အရီးဇာႀကီး လႊားခနဲ ခုန္ဆင္းကာ အိမ္ထဲ ေျပးဝင္သြားရင္း …
” ဟဲ့ ငခင္ ကိုရင္ေလးကို နင္ပဲ အိမ္ထဲ ပင့္ခဲ့ေတာ့ေဟ့ ” ဟု ေအာ္ေျပာသြားခဲ့သည္။
မဇာႀကီး အိမ္ထဲေရာက္ေတာ့ သူ႔တူမ ျမၾကည္က ေအာက္ထပ္က ကြပ္ျပစ္ေပၚမွာ ေျခဆင္း ထိုင္ေနတာကို ျမင္လိုက္ရ၏။ သို႔ေသာ္ အေကာင္းပကတိေတာ့မဟုတ္ေခ်။ ျမၾကည္ကိုယ္၌ တေစၦ ဝင္ပူးကပ္ေနသည္။
ျမၾကည္သည္ ဆံပင္ေတြ ဖါးလ်ားခ်လ်က္ ၊ မ်က္လုံးေတြက ျပဴးက်ယ္ေန၏ ။ ေခါင္းကို ငုံ႔သည့္အခါ ငုံ႔ထားၿပီး ၊ တဝူးဝူး တဝါးဝါးနဲ႔ ဘာေတြ ေျပာေနမွန္းမသိ။ ျမၾကည့္ေရွ႕မွာ အင္ဖက္ျဖင့္ ထမင္းဟင္းေတြ ပုံထားသည္။
ျမၾကည္က အင္ဖက္ေပၚက ထမင္းဟင္းေတြကို ယက္ၿဖဲထားသည္။ အင္ဖက္ေပၚသာမက ၾကမ္းျပင္ေပၚမွာ ထမင္းစ ဟင္းစေတြက ျပန႔္ႀကဲေနၾကေလ၏။ ျမၾကည္ရဲ႕ ႏုတ္ခမ္းမွာလည္း ဟင္းဆီေတြ ေပလူးေန၏။
ျမၾကည္ကို ေဘးမွ မိန္းမအခ်ိဳ႕က ထိန္းေပးေနၾကေသာ္လည္း ထိုမိန္းမတို႔ အမူအယာေတြက ေၾကာက္႐ြံေနၾကမွန္း သိသာ၏ ။
မဇာႀကီး ဝင္လာတာ ျမင္ေတာ့ သူတို႔ ဟန္မေဆာင္ႏိုင္ၾကေခ်။ ျမၾကည္အနီးမွ ထလာၾကေလ၏။
” အရီးဇာႀကီး … ေတာ့တူမ သရဲ ဝင္စီးေနတယ္ေတာ့ ၊ ၾကမ္းလိုက္တာမွ ေျပာ မေျပာခ်င္ဘူး။ သူ႔ထမိန္ကို ပဝါ စည္းေပးထားရတာပဲ ၾကည့္ေတာ့ ”
ထိုအခါမွ မဇာႀကီး သတိထားမိသြားသည္။ ေရေႏြးခရားအိုးလည္း ေျမေပၚမွာ က်ကြဲေနသလို ၊ လင္ဗန္းေတြ ၊ အၾကမ္းပန္းကန္ေတြက ဟိုနားတစ သည္နားတစ။ ျမင့္ၾကည္ ေတြ႕ရာ ျမင္ရာကို ေကာက္ေပါက္ခြဲထားဟန္တူေလ၏။
” ဟုတ္တယ္။ေတာ့တူမက ေယာက္က်ားသံႀကီးနဲ႔ ငါဆာတယ္ ဆာတယ္လို႔ တဖြဖြ ေျပာေနလို႔ အင္ဖက္ေပၚ ထမင္းနဲ႔ဟင္းပုံေကြၽးထားရတယ္။
ပထမေတာ့ စားတယ္။ အငမ္းမရကို စားတာ။ တခဏေနေတာ့ မစားေတာ့ပဲ သူ႔လက္နဲ႔ ထမင္းေတြဟင္းေတြကို ယက္ၿဖဲပစ္ေတာ့တာပဲေတာ္ ”
သူတို႔ ႐ြာဓေလ့က အပမွီသူကို ဘယ္ေတာ့မွ ပန္းကန္ျပားနဲ႔ မေကြၽး။ ယခုလို အင္ဖက္ေပၚမွာ ထမင္းနဲ႔ဟင္း ေရာ၍ ပုံေကြၽးရသည္။ သေဘာကေတာ့ ဧည့္သည္အျဖစ္ လက္မခံဟု ဆိုျခင္း ျဖစ္ေလ၏။ စားၿမိန္ထုပ္ကိုစား၍ လိုရာကို သြားေစဟု ႏွင္ထုတ္ျခင္းတမ်ိဳးပင္ ျဖစ္ေလ၏။
လွည္းသမား ငခင္ႏွင့္အတူ ကိုရင္ေလး နႏၵိယ ေရာက္လာ၏။ ကိုရင္သည္ သရဲပူးကပ္ေနသည့္ မျမင့္ၾကည္ကို အကဲခတ္လိုက္ၿပီး ၊ မေၾကာက္မ႐ြံႏွင့္ မျမင့္ၾကည္ အနီး သြား၍ တင္ပလႅင္ေခြ ထိုင္လိုက္သည္။
အံဩစရာက ခုမွ စ၏။ သရဲ ပူးေနေသာ ျမင့္ၾကည္သည္ ဖင္တ႐ြတ္ဆြဲလ်က္ ကိုရင္ႏွင့္ ေဝးရာကို ေ႐ြ႕ေလ၏။ နီးနီးကပ္ကပ္ပင္ ေနရဲဟန္မတူ။ ကိုရင္ကေတာ့ မျမင့္ၾကည္ကို တခ်က္မွ် မၾကည့္ဘဲ၊ လြယ္ထားသည့္ အညိဳေရာင္ လြယ္အိတ္ကို ခြၽတ္ကာ ၊ အိတ္ထဲမွ လိုအပ္မည္ထင္တာေတြ ေ႐ြးထုတ္ေန၏။
မျမင့္ၾကည္ကေတာ့ ကိုရင္ လုပ္ေနသမွ်ကို မမွိတ္မသုန္ အကဲခတ္ေနသည္ကို ျမင္ေတြ႕ၾကရသည္။
” ကဲ … ရွည္ရွည္ေဝးေဝး ေမးမေနေတာ့ဘူး ။ ေျပာစမ္း ဒကာမ မၾကည္ျမင့္ကိုယ္ထဲကို ဘယ္လိုပုဂၢိဳလ္က ဝင္ပူးေနတာလဲ။ မလိမ္မညာဘဲ အမွန္ကို ေျပာပါ ”
ကိုရင္နႏၵိယအသံက ၾကည္လင္ျပတ္သား၏။ ဆိုရေသာ္ အမိန႔္ေပးသည့္အသံႏွင့္ ပိုတူေလ၏။
မျမင့္ၾကည္ကိုယ္၌ ပူးကပ္ေနေသာ သရဲသည္ တေစၦႏိုင္ကိုရင္ေလးအား အံတုဖက္ၿပိဳင္ရဲဟန္မတူ။ သီလ သမာဓိအားေကာင္းေသာ ကိုရင္ေလးသည္ သူ၏ ၿပိဳင္ဘက္မဟုတ္မွန္း သိေနဟန္တူ၏။ သို႔ေသာ္လည္း ပရေလာကသားတို႔သည္ အနည္းအက်ဥ္းေတာ့ ပညာစမ္းရမွ ေက်နပ္တတ္၏။ ထို႔သို႔ေသာ အေၾကာင္းေၾကာင့္လားမသိ။ ေျခဆင္းလ်က္ရွိေသာ မၾကည္ျမင့္က …
” ငါ ဘယ္သူလဲ ေမးရေအာင္ နင္က ဘာမို႔လို႔လဲ ။ သိခ်င္ရင္ ကိုယ့္ဘာသာ စစ္ၾကည့္ေဟ့ ”
ကိုရင္ေလးသည္ ေယာင္ေယာင္မွ် ၿပဳံး၏။ ၿပီးေသာ္ ထိုင္ေနရာမွ ထ၍ ႏွာရႈဘူးမွ် ပုလင္းငယ္(ပနယ္စလင္ပုလင္းဟုလည္း ေခၚၾကသည္)ကို လက္ထဲမွ ကိုင္လာ၏။
မျမင့္ၾကည္ အနီးသို႔ေရာက္ေသာ္ ထိုပုလင္းအဖုံးကို ဖြင့္၏။ ကိုရင္ေလးက မျမင့္ၾကည္ကို အနီးရွိလူတို႔အား ခ်ဳပ္ထားေစလိုက္သည္။
ၿပီးေသာ္ မျမင့္ၾကည္ ပါးစပ္ကို ဖြင့္ေစၿပီး၊ ထိုပုလင္းထဲက အရည္တို႔ကို ေလာင္းခ်လိုက္သည္။ ေဆးရည္ ဝင္သြားေသာ မျမင့္ၾကည္မွာ ငရဲမီး အေလာင္းခံရသူကဲ့သို႔ ၾကမ္းျပင္ေပၚ၌ ထြန႔္ထြန႔္လူးေနရွာေတာ့သည္။
ေဆးရည္မွာ ၾကက္ေမာက္ျမစ္၊ဖ႐ုံခါးျမစ္၊သဖန္းျမစ္တို႔ကို တပဲစီ စု၍ င႐ုတ္+အရက္ တို႔ျဖင့္ သမေအာင္ ေရာႀကိတ္ထားေသာ ေဆးရည္ျဖစ္၏။ မည္သို႔ေသာ ပေယာဂျဖစ္ပါေစ … ထိုေဆးရည္ဝင္ပါက အေႏွာက္အယွက္တို႔သည္ မေနႏိုင္ေတာ့ဘဲ ေတာင္းပန္လာေလ့ရွိ၏။ ယခုလည္း မျမင့္ၾကည္ကိုယ္ကို ဝင္ပူးကပ္ေနေသာ သရဲသည္ ေဆးရည္အစြမ္းကို မခံႏိုင္။ သဲအူျပတ္မွ် နာက်င္ခံရခက္ေနရွာ၏။
ထို႔ေၾကာင့္ ႏုတ္မွ ထုတ္ေဖၚ၍ ေတာင္းပန္လာရသည္။
” အံမယ္ေလး ပူလိုက္တာ နာလိုက္တာဗ်ာ ။ ကြၽန္ေတာ့ကို ကယ္ၾကပါအုံး ။ ကြၽန္ေတာ္ တျခားသူမဟုတ္ပါဘူး ။ ျမင့္ၾကည္တို႔ ျမင့္ရီတို႔ရဲ႕ အစ္ကို ဝင္းေသာင္ပါဗ် ။ ဆာလြန္းလို႔ အခုလို ျမင့္ၾကည္ကိုယ္မွာ ဝင္ပူးကပ္ၿပီး စားေသာက္မိတာပါ …
အံမယ္ေလးေလး … ကယ္ၾကပါအုံး၊ ပူလိုက္တာ နာလိုက္တာ ”
အမွန္ေတာ့ ကိုရင္ေလးသည္ အခ်ိန္မဆြဲ၍ အျမန္ဆုံးနည္းကို အသုံးခ်လိုက္ျခင္း ျဖစ္သည္။ သူ အဓိက ဒီအိမ္ကို လာရသည့္အေၾကာင္းက ေႁမြအတိုက္ကို သုံးေနေသာ စုန္းမအား ႏွိမ္ႏွင္းရန္သာ ျဖစ္၏။ အခု သရဲက ဝင္းေသာင္ ဆိုေတာ့ မျမင့္ၾကည္၏ အစ္ကို အရင္းျဖစ္ေန၏။ ထို႔ေၾကာင့္ လႊတ္ေပးရန္ ဆုံးျဖတ္လိုက္ၿပီးမွ တစုံတခုကို သတိရသြားဟန္ျဖင့္ …
” ဒီမွာ ကိုဝင္းေသာင္ … ခင္မ်ား အစားအစာ လို႐ုံေလာက္နဲ႔ေတာ့ ၊ မျမင့္ၾကည္ကိုယ္မွာ ၾကာၾကာပူးကပ္မွာမဟုတ္ဘူး ။
အစာဝရင္ ျပန္ထြက္မွာ ေသခ်ာတယ္။ ခင္မ်ား ကိုရင့္ကို တခုခု ထိန္ခ်န္ထားေသးတယ္မဟုတ္လား ”
ထိုစကား ၾကားရေသာအခါ မျမင့္ၾကည္သည္ မ်က္ရည္မ်ား ပိုးပိုးေပါက္ေပါက္က်လာ၏။ ဒါေပမဲ့ သူ႔ခမ်ာ တစုံတရာကို ေၾကာက္႐ြံေနဟန္ျဖင့္ တကိုယ္လုံးတုန္ရင္ေနရွာသည္။ကိုရင္ေလး အေမးစကားကို ပါးစပ္ကေန တခြန္းမွ် ေျဖမလာေခ်။
ကိုရင္ေလးသည္ သရဲကိုဝင္းေသာင္ ေၾကာက္ေနေသာ အရာကို ရိပ္စားမိသြားဟန္တူ၍ …
” ဒါျဖင့္ ကိုရင္ တိုတိုေမးမယ္၊ မွန္ရင္ ေခါင္းၿငိမ့္ျပ ၊ မွားရင္ ေခါင္းခါေပါ့ ”
ထိုအခါ သရဲပူးကပ္ေနေသာ မျမင့္ၾကည္က ေခါင္းကို ၿငိမ့္ျပရွာ၏။
” ဒကာႀကီး ကိုဝင္းေသာင္ ေသတာ ႐ိုး႐ိုး ေႁမြကိုက္ခံရလို႔ ေသတာမဟုတ္ဘူးလို႔ ကိုရင့္ကို ဒကာမႀကီး ေဒၚဇာက ေျပာတယ္ ၊ အဲ့ဒါ မွန္သလား ”
မျမင့္ၾကည္က သြက္လက္စြာ ေခါင္းကို ၿငိမ့္ျပျပန္၏။
” ဒကာႀကီးကို လုပ္ႀကံတာက ဒကာႀကီးရဲ႕ မိန္းမ မယဥ္ေထြးလို႔ သူတို႔က သံသယရွိေနၾကတယ္။ အဲ့ဒါေရာ မွန္သလား ၊ ကိုရင္ သုံးခါေမးမယ္ေနာ္ ။ ေသေသခ်ာခ်ာ ျပန္ေျဖ ”
“ဒကာႀကီးကို သတ္ခဲ့တာ မယဥ္ေထြးလား ”
“ဒကာႀကီးကို သတ္ခဲ့တာ မယဥ္ေထြးလား ”
“ဒကာႀကီးကို သတ္ခဲ့တာ မယဥ္ေထြးလား ”
ဒီတခါ သရဲပူးေနေသာ မျမင့္ၾကည္က ေဒၚဇာႀကီးကို လွမ္းၾကည့္သည္။ ေဒၚဇာႀကီးက ေခါင္းၿငိမ့္ျပေတာ့မွ ကိုရင္ေလးဘက္သို႔ ျပန္လွည့္လာၿပီး ေခါင္းကို ၿငိမ့္ျပ၏။ ၿပီးေသာ္ ရႈိက္ႀကီးတငင္ ငိုခ်ျပန္၏။
” အီးဟီးဟီး … ဟုတ္ပါတယ္၊ က်ဳပ္ကို ယဥ္ေထြးက သူ႔ပညာနဲ႔ သတ္ခဲ့တာပါ ၊ ဘာေၾကာင့္ သတ္တာလဲဆိုေတာ့ သူက ပညာသည္စုန္းမမွန္း က်ဳပ္က သိသြားလို႔ပါဗ်
ဟီးဟီး အင္းဟင္း ”
အိမ္ထဲရွိ လာၿပီး စပ္စုေနၾကေသာ ႐ြာသူ႐ြာသားအခ်ိဳ႕မွာ ျမင့္ၾကည္ပါးစပ္က ထိုသို႔ေျပာေသာအခါ အံအားသင့္သြားၾကသည္။
” ၿပီးေတာ့ … ယဥ္ေထြးက သူ႔အရင္ေယာက္က်ားကိုလည္း သူ႔အေၾကာင္းသိသြားတဲ့အခါ သတ္တယ္။ သူလိုတာ မေပးတဲ့ က်ဳပ္ႏွမ ျမင့္ရီကိုလည္း သတ္တယ္ … ”
ဟာ
အို
အားလုံးက ထိတ္လန႔္အံဩကုန္ၾက၏။ ကိုရင္ေလးက …
” ဘာနဲ႔ သတ္တာလဲ ”
” သူကသာ အလိုရွိလို႔ ရွိရင္ ပုဝါကလဲ ေႁမြေပြးေႁမြေဟာက္ ျဖစ္ေစႏိုင္တယ္။ ယဥ္ေထြးက သိပ္အစြမ္းထက္တဲ့ စုန္းမ။ ဒါေၾကာင့္ တိုက္ေႁမြနဲ႔ လႊတ္ၿပီး သတ္ခိုင္းတာေပါ့ ၊ သူ … အခု ျမင့္ၾကည္ကိုပါ ထပ္သတ္ဖို႔ ႀကံ႐ြယ္ေနၿပီ ၊ က်ဳပ္ ႏွမေထြးကို ကာကြယ္ေပးႏိုင္ရင္ ကာကြယ္ေပးၾကပါအုံးဗ်ာ … ”
“ဘုရား ဘုရား”
ၾကားရသူမ်ားက ဘုရားတၾကသည္။ အားလုံး မ်က္ႏွာေတြက ထိတ္လန႔္ေနၾကသည္။
ကိုရင္ေလးသည္ မယဥ္ေထြးကို စုန္းဟု သူ႔ဘာသာ တဦးတည္း မ႐ိုးစြပ္။ အမ်ားသိေအာင္ သက္ေသထူလိုက္ျခင္း ျဖစ္သည္။
” ကဲ ဒါဆိုရင္ စုန္းမ မယဥ္ေထြးကို ကိုရင္က ဆင့္ေခၚလိုက္မယ္။ သူ ကိုရင္ေခၚရင္ မလာဘဲ မေနႏိုင္ပါဘူး ၊ ဒါေပမဲ့ ဒီအိမ္ထဲေတာ့ မျဖစ္ဘူး။ ဒါေၾကာင့္ ၿခံဝိုင္းထဲကို သြားၾကရေအာင္ … ”
ထိုအခါ ျမင့္ၾကည္ကိုယ္၌ ဝင္ပူးကပ္ေနေသာ သရဲ ဝင္းေသာင္က …
” က်ဳပ္ ဆက္ေနလို႔ မျဖစ္ဘူး။ ဒါေၾကာင့္ က်ဳပ္ကို သြားခြင့္ေပးပါ ”
ကိုရင္ေလးက သေဘာေပါက္ဟန္တူ၏။ ထို႔ေၾကာင့္ ျမင့္ၾကည္၏ ဦးေခါင္းကို လက္ျဖင့္ ၃ခ်က္ ပုတ္၍၊
” ကိုရင္ ခြင့္ျပဳတယ္၊ ထြက္သြားပါ ”
မျမင့္ၾကည္က ကိုရင္ေလးအား ဦးသုံးႀကိမ္ခ်၍ ကန္ေတာ့၏။ ၿပီးေသာ္ မျမင့္ၾကည္ကိုယ္သည္ တုန္ရင္သြားၿပီး၊ ၾကမ္းေပၚသို႔ လဲက်သြားေလ၏။
_________
အခန္း၆။
လူအခ်ိဳ႕က ကိုရင္ေလး လုပ္သမွ်ကို တအံတဩ ၾကည့္ေနၾကသည္။ ကိုရင္ေလးသည္ ၾကည့္ေနသူမ်ားဘက္ကို ေရမန္းျဖင့္ စည္းတားထားေပးလိုက္ၿပီး ၊
” ကိုရင္နဲ႔ စုန္းမ ေတြ႕တဲ့အခါ ဘာအေၾကာင္းေၾကာင္းေၾကာင့္မွ ဒီတားထားတဲ့ စည္းကို ေက်ာ္မလာၾကပါနဲ႔။
စည္းကို ေက်ာ္လာရင္ စုန္းမက ျပဳစားႏိုင္တယ္။ စည္းရဲ႕ ဟိုတဖက္မွာဆို စုန္းမက မထိဝံ့ဘူး။
စိတ္ခ်ပါ။ ကိုရင္ စုန္းမကို မသတ္ပါဘူး။ သူ႔ပညာကိုပဲ အကုန္အစင္ ႏုတ္ယူမွာပါ ”
ကိုရင္ေလးသည္ ညီညာေသာ ေျမျပင္တခု၌ ပါလာသည့္ အေနကထိုင္ကို ျဖန႔္ခင္းက အသင့္ထိုင္ေနလိုက္သည္။ ထို႔ေနာက္ ဂါထာတပုဒ္ကို ႐ြတ္ဆို၍ စုန္းမအား သူ႔ထံ လာေရာက္ရန္ ဆင့္ေခၚလိုက္သည္။
ညသည္ ပိန္းပိန္းေမွာင္ေနေသာ္ျငားလည္း ဦးလူေပါအိမ္ၿခံဝိုင္းထဲ၌ လူအခ်ိဳ႕က ထြန္းညိထားေသာ ဖေယာင္း၊ဆီမီးအခ်ိဳ႕က လင္းလက္ေနပါ၏။
ကိုရင္ေလး၏ ဂါထာ႐ြတ္ဆိုသံ အဆုံးသတ္တြင္ ေကာင္းကင္၌ ျပာလဲ့လဲ့ အေရာင္ရွိေသာ မီးလုံးတလုံးသည္ ေျမာက္မွ ေတာင္သို႔ လွ်င္ျမန္စြာ ေ႐ြ႕လ်ားလာေနသည္ကို အားလုံးက ျမင္ေတြ႕လိုက္ၾကသည္။
ထိုမီးလုံးသည္ ဦးလူေပါအိမ္၏ ေကာင္းကင္၌ တရစ္ဝဲဝဲ လုပ္ေန၏။
ကိုရင္ေလးသည္ ဌာန္က်မာန္က် ဂါထာကို ေရ႐ြတ္လိုက္ျပန္၏။
ထိုအခါ ျပာလဲ့လဲ့ မီးလုံးသည္ ေကာင္းကင္၌ ဆက္၍ ရပ္တည္ မေနႏိုင္ေတာ့ဘဲ၊ ဦးလူေပါ၏ ၿခံဝိုင္းထဲသို႔ ဒလိမ့္ေခါက္ေခြး ျပဳတ္က်လာေလေတာ့သည္။
မီးလုံးသည္ ႐ြာထဲက လူမ်ား ရပ္ၾကည့္ေနရာႏွင့္ မ်က္ႏွာခ်င္းဆိုင္က စပယ္႐ုံထဲသို႔ က်သြားျခင္း ျဖစ္သည္။
မၾကာပါ။ စပယ္႐ုံသည္ ခပ္လႈပ္လႈပ္ ျဖစ္လာၿပီး၊ စပယ္႐ုံေနာက္ေက်ာမွ ဆံပင္ဖါးလ်ား ထမိန္ရင္လ်ားထားေသာ စုန္းမသည္ ထြက္ျပဴလာ၏။
ၾကည့္ေနေသာသူတို႔ အားလုံးသည္ အံဩသြားေလ၏။ စုန္းမသည္ မယဥ္ေထြး ျဖစ္ေနေသာေၾကာင့္ပင္။ယခင္က မယဥ္ေထြးကို ဘယ္သူကမွ စုန္းမမွန္း မသိၾကဘူးမဟုတ္လား။
မယဥ္ေထြးသည္ လူေတြကို ဂ႐ုမစိုက္။ သူ႔အား ေခၚယူသည့္ ကိုရင္ေလးအား သူ႔ပညာျဖင့္ ရန္ျပဳတိုက္ခိုက္ရန္ … ကိုရင္ေလးအနီးက တုတ္ေခ်ာင္းေလးမ်ားကို ၾကည့္၍ ေႁမြျဖစ္မႏၲာန္ျဖင့္ ႏိုးထေစလိုက္သည္။
ထြာဆိုင္သာသာေလာက္ တုတ္ေခ်ာင္းေလးမ်ား၊ တံေတာင္ခန႔္ရွိမည့္ တုတ္ေခ်ာင္းေလးမ်ားသည္ စုန္းမ ယဥ္ေထြး၏ ပညာေၾကာင့္ ေႁမြဆိုးမ်ားအျဖစ္ ေျပာင္းကုန္ၾကသည္။
ယင္းေႁမြဆိုးတို႔သည္ စုန္းမ ယဥ္ေထြးအမိန႔္ကို နာခံသမႈ ျပဳ၍ ကိုရင္ေလးအား ကိုက္သတ္ၾကရန္ ေလ်ာခနဲ ေလ်ာခနဲ ေျပးဝင္လာၾကေလ၏။
ၾကည့္ေနၾကသူအေပါင္းမွာ ရင္တထိတ္ထိတ္ ရွိလွသည္။ ေႁမြဆိုးမ်ားသည္ ကိုရင္ေလးအနီးသို႔ ေရာက္လာၾက၏။ ကိုရင္ေလးသည္ ေႁမြႏိုင္ဂါထာကို ႐ြတ္ဖတ္၍ …
” ဥဳံဗုဒၶဝုတ္ ၊ဓမၼဝုတ္၊သံဃဝုတ္
ခ်ဳပ္ ဆရာ ခ်ဳပ္၊ ျပန္ ဆရာ ျပန္၊ အကုန္ မူလျပန္ေဟ့ ”
ထိုသို႔ဆိုလိုက္ေသာ ကိုက္ရန္ ပါးစပ္ၿဖဲလာေသာ ေႁမြဆိုးတို႔မွာ ကိုရင္၏ အနီး၌ မူလျဖစ္ေသာ တုတ္ေခ်ာင္းအသြင္သို႔ ေျပာင္းလဲကုန္၏။
စုန္းမသည္ ထိုအခ်င္းအရာကို ျမင္သည့္အခါ ၊ ေနာက္တႀကီမ္ လစ္သည့္အခါမွ တိုက္မေဟ့ဟူေသာ အႀကံျဖင့္ ထြက္ေျပးရန္ ျပင္သည္။
ဒါကို ႀကိဳသိေသာ တေစၦႏိုင္ကိုရင္ေလးက …
“ဥဳံ ဗုဒၶကရဏီယံ ေရွးကဝါသနာ တတ္သည့္ပညာ မေနသာ ၊ ဟယ္ ေဇာ္ဂနီ …ကပ္ဆရာကပ္ ၊
ဥဳံ ဓမၼကရဏီယံ ေရွးကဝါသနာ တတ္သည့္ပညာမေနသာ ၊ ဟယ္ ေဇာ္ဂနီ … ကပ္ဆရာကပ္၊
ဥဳံ သံဃံကရဏီယံ ေရွးကဝါသနာ တတ္သည့္ပညာ မေနသာ
ဟယ္ ေဇာ္ဂနီ ကပ္ဆရာကပ္၊ခ်ည္းဆရာခ်ည္း …”
ဟုဆိုကာ လက္ထဲက ဆန္မန္းျဖင့္ စုန္းမကိုယ္ေပၚသို႔ ပစ္ေပါက္လိုက္ေလ၏။
ဆန္ေစ့တို႔သည္ စုန္းမကိုယ္ႏွင့္ ထိေတြ႕သည့္အခါ မီးပြင့္မ်ား ထပြင့္ကုန္၏။ စုန္းမခမ်ာ ငရဲမီးျဖင့္ အေပါက္ခံရသူကဲ့သို႔ ထြန႔္ထြန႔္လူးကာ ေျမသို႔ လဲက်ေလ၏။
ထိုအခါ ကိုရင္ေလးက စုန္းမအား ဆိုင္ရာတို႔မွ လာ၍ ခ်ဳပ္ေစ၏။ စုန္းမသည္ ကိုရင္ေလး ပညာစြမ္းအား အာမခံဝံ့ေတာ့ေခ်။
ကိုရင္က စုန္းမထံမွ ပညာတို႔ကို တစိုးတစိ မက်ံရေလေအာင္ ႏုတ္ယူေလ၏။မယဥ္ေထြးသည္ စုန္းအတတ္ပညာတို႔ကို ကုန္စင္ေအာင္ ထုတ္ေပးလိုက္ရသျဖင့္ ႏြမ္းလ် ေမ့ေျမာသြားသည္။
ထိုအခါမွ ၾကည့္ေနသူအေပါင္း ဟင္းခ်ႏိုင္ေတာ့သည္။ ေမ့ေျမာေနေသာ မယဥ္ေထြးကို သတိရေအာင္ လုပ္ၾက၏။
” သူ႔ကို ဘာလုပ္ရမလဲ ကိုရင္ ”
” ဘာမွ မလုပ္ၾကပါနဲ႔။ သူ႔တရား သူစီရင္ပါလိမ့္မယ္။အခုကေတာ့ ႐ြာလူႀကီးဆီသာ အပ္လိုက္ပါ၊ က်န္တာ ႐ြာလူႀကီးက ဆက္လက္စီမံပါလိမ့္မယ္ ”
မယဥ္ေထြးကို လူငယ္မ်ားက ဖမ္းခ်ဳပ္၍ ႐ြာလူႀကီးထံ အပ္သည္။ ႐ြာလူႀကီးက ဒီညေတာ့ မိုးခ်ဳပ္ေနၿပီ၊ မနက္ျဖန္မွ ရဲလက္သို႔ အပ္မည္ဟု ဆိုလိုက္ၿပီး၊ ထိတ္တုံးျဖင့္ ခတ္ထားလိုက္ေလ၏။
မျမင့္ၾကည္သည္ သူမ၏ အသက္ကို တေစၦႏိုင္ကိုရင္ေလးက ကယ္လိုက္သျဖင့္ အသက္ေဘးမွ လြတ္သြားရွာ၏။
ကိုရင္ေလးက မျမင့္ၾကည္အား …
” ဒကာမႀကီး အလိုႀကီးက အရနည္း၏။ ေလာဘသည္ လူကို ေသေစႏိုင္၏။
လူ႔ဘဝ ေရာက္တုန္းေရာက္ခိုက္မွာ သီလ၊ကုသိုလ္၊ ဘာဝနာ ထိုသုံးတန္ကို မေမ့လ်ာ့သင့္။
ဒါေၾကာင့္ ကြယ္လြန္ၿပီးေသာ အမိအဖ၊ အစ္ကိုႀကီး၊ အစ္မႀကီးတို႔ကို ၾကည့္ပါ။
ေသလြန္ၿပီးေနာက္ ရွာေဖြထားေသာ စည္းစိမ္ပစၥည္းဥစၥာရတနာတို႔သည္ ခ်န္ထားရစ္ခဲ့ရသည္။
မည္သူကမွ် ေသလြန္ရာသို႔ ယူေဆာင္မသြားႏိုင္ပါ။ ထို႔ေၾကာင့္ ေသလြန္ၿပီးသူတို႔အား နမူနာယူ၍ ယခုခ်ိန္မွစ၍ ကုသိုလ္ဒါနျပဳျခင္း၊ သီလေစာင့္တည္ျခင္း၊ ဘာဝနာတရား ပြားမ်ားျခင္းတို႔ကို ျပဳလုပ္ပါ”ဟု တိုက္တြန္း တရားျပသြားေလ၏။
ကိုရင္ေလးစကားကို မျမင့္ၾကည္က သေဘာေပါက္နားလည္သြားသည္။ ထို႔ေၾကာင့္ ကြယ္လြန္သြားၾကေသာ သူမ်ားကို ရည္စူး၍ မိမိပိုင္ပစၥည္းမ်ားမွ ခြဲေဝ၍ ဒါနျပဳရန္ သံဓိဌာန္ ခ်လိုက္သည္။
အံဩစရာေကာင္းသည္က ေနာက္တေန႔ နံနက္၊ ႐ြာလူႀကီးသည္ ၎အိမ္ေအာက္၌ ထိတ္တုံးျဖင့္ ခ်ဳပ္ေႏွာင္ထားေသာ မယဥ္ေထြးအား စားစရာသြားေပးသည့္အခါ ၊ မယဥ္ေထြးအား ေႁမြကိုက္၍ ေသဆုံးေနသည္ကို ျမင္ေတြ႕လိုက္ရျခင္းပင္ ျဖစ္ေလေတာ့သတည္း။
ၿပီးပါၿပီ။
ပီပီ၊မႏၲေလး၊