ငါ့နေရာကဖယ်ပေး ( စ – ဆုံး )

ငါ့နေရာကဖယ်ပေး ( စ – ဆုံး )
———————————–
“ဝှူး..မောလိုက်တာကွာ…”

“မင်းတို့ရွာကမရောက်သေးဘူးလားကွ…”

“ရောက်တော့မှာပါကွာ…ရှေ့နားဆိုရောက်ပါပြီ..”

အသံတွေကဆူညံဆူညံနှင့် ကြားနေရသလို တောထဲရောက်နေသည့်သူတွေကလဲ ရုပ်ရည်သန့်သန့်ပြန့်ပြန့်လူငယ်တွေချည်း…။

ဦးဆောင်လာသူက စောဒိုထန်း..။ သူက တောင်ငူမှာ တက္ကသိုလ်တက်နေသည့် တောင်ပေါ်သား ကရင်တစ်ယောက်..။ ယခုကျောင်းပိတ်ရက်တွင် တောတွင်းဗဟုသုတလိုချင်သော သူငယ်ချင်းအဖွဲ့များကိုခေါ်ကာ ပြန်လာချင်းဖြစ်သည်..။

“မင်းရှေ့နားကလဲ စိတ်တောင်ကုန်လာပြီ..ရှေ့နားဆိုရင် အနည်းဆုံးနာရီဝက်ပဲလျှောက်ရတာ..”

မကျေမနပ်ထပြောသော အောင်သူ့ စကားမှာ ပိုင်စိုးရော ဥက္ကာ ပါပွဲကျသွားကြသည်..။ ကျောက်ကြီး ကားဂိတ်ကနေ အနီးဆုံးကရင်ရွာကိုဆိုင်ကယ်ကယ်ရီနဲ့လာပြီးထဲက လမ်းလျှောက်လာတာ တစ်မနက်ဖြစ်နေပြီလေ…။

“လာပါကွာ..ဒိုထန်းက ကြိုအကြောင်းကြားမထားလို့ပါကွ…အကြောင်းကြားထားရင်သူ့ဖထီးနဲ့ အမိုးကလာကြိုမှာပေါ့ကွာ..”

ပိုင်စိုးကဖြေသိမ့်ရင်း တောင်ကုန်းလေးအတိုင်းလမ်းလျှောက်တက်လာချိန် တောင်ပေါ်ဝါးတောတွေကြားထဲမှာမြင်လိုက်ရတာက ခြေတံရှည်ဝါးတဲအိမ်လေး…။

“အမိုးရေ…အမိုး…ဖထီးရေ..ဖထီး..”

“ဝေ့..လူလေးလားဝေ့…”

ဒိုထန်းကဝမ်းသာအားရခေါ်ပြီးပြေးတက်အသွားမှာ ပြန်ထူးသံနှင့်အတူ ပေါ်လာတာက ကရင်ပုဆိုးအကွက်ညစ်ထေးထေးနှင့် ကရင်သင်တိုင်းကိုဝတ်ထားသော ကရင်ကြီးတစ်ယောက်..။

“ဝေး..ဖိုးခွား…”

“ဖထီး…”

သားအဖနှစ်ယောက်ဖက်လှဲတကင်းအလွမ်းသယ်ပြီးမှပါလာသော လူငယ်သုံးယောက်ကိုမြင်သွားပုံနှင့် ပြုံးရွှင်စွာကြိုဆိုရှာသည်..။

“ဖိုးခွားသူငယ်ချင်းတွေထင်ပ..လာကြ..လာကြ..အကြမ်းရည်သောက်လို့ရပ..”

အိမိပေါ်ရောက်သွားချိန်မှာတော့ မြင်သမျှအရာအားလုံးက ပိုင်စိုးတို့အတွက်အထူးအဆန်းတွေချည်းသာ..။

“လာကြ..ဒါက ငါ့ဖထီး..စောသာအိုက်တဲ့..အမိုးရော..ဘယ်သွားလဲ ဖထီး..”

“နင်တို့အမိုးက ဖရုံခင်းသွားတယ်ဝေ့..”

“ဖရုံခင်း..”

သံယောင်လိုက်ကာပြောသော အောင်သူ့ကြောင့် ဖထီးကပြုံးပြီးကြည့်သည်..။ ရိုးသားမှုပြည့်နေသော မျက်လုံးများနှင့် ကွမ်းစားထား၍ရဲရဲနီနေသောသွားများကိုပေါ်အောင်ပြောပြသော ဖထီးပုံစံက ဟန်ဆောင်မှုမရှိ..။

အောင်သူတို့လဲ အသင့်ပါလာသော ဟင်းခတ်ပစ္စည်းများ ၊ အသားဗူးများနှင့် ဆေးလိပ်များပေးတော့ အားရဝမ်းသာယူရှာသည်..။

“ကျေးဇူးတင်ပ ကောင်လေးတို့ရယ်..လာကြ…နင်တို့နားဖို့နေရာပြပေးမယ်..”

အိမ်ပေါ်ဘုရားစင်ဘေးမှ အခန်းမှာနေရာချပေးတော့မှသူတို့ ပင်ပန်းလာသမျှကျောခင်းရရှာသည်…။

သိပ်မကြာပါ..။ ဒိုထန်းအမေ နန်းဖောင်းပြန်လာတော့လဲ သူတို့ကိုနှစ်လိုကြည်ဖြူစွာဧည့်ခံရှာသည်..။

ညဘက်အိပ်ချိန်မှာတော့ မနေနိုင်သည့်အရာက မီးခိုးများ..။ အိမ်အောက်မှ အိမ်ပေါ်သို့အလုံးအရင်းတက်လာသော အခိုးများကြောင့် အသက်ရှုမဝဖြစ်ရပေမဲ့ မှက် ခြင် ဒဏ်တော့သက်သာသည်..။

တောင်ပေါ်ကရင်များကလဲထူးဆန်းသည်..။ သူတို့အတွက် အများကြီးမလို..။ ဆန်နဲ့ ငါးပိကောင်းကောင်း ၊ ဆားသာအရေးကြီးသည်..။ ဒိုထန်းတို့မိဘများဆိုလျှင် ငါးပိတောင်မလိုကြ..။

ဝါးကျည်တောက်ကြီးထဲမှာ ငရုတ်သီးနှင့်ဆားထောင်းထားတာက သူတို့အတွက် အငန်ဟင်းလျာရသည်..။ စမ်းချောင်းမှရသော ငါးပုစွန်နှင့် ဖရုံသီးချက်လျှင်ဟင်းကောင်းဖြစ်ပြီ..။

ဖထီးစောသာအိုက် တောလည်ရင် ဝက်တို့ဘာတိူ့ရသေးသည်တဲ့..။

နောက်တစ်နေ့မနက်အိပ်ယာနိုးတော့ ကောက်ညှင်းပေါင်းပူပူနှင့် ဆိတ်သားခြောက်ဖုတ်ကျွေးပြီးချိန်မှာတော့ သူတို့အဖွဲ့တောလည်ဖို့ထွက်ခဲ့ကြသည်..။

တောလည်ဆိုပေမဲ့ တောပစ်ဖို့မဟုတ်..။တောတွင်းဗဟုသုတအတွက်လာကြခြင်းဖြစ်သည်..။ တောင်ပေါ်မတက်ခင် တောင်ခြေကရင်အိမ်တစ်အိမ်မှကြက်တစ်ကောင်ဝယ်ခဲ့ကြသေးသည်..။

“ကဲ..ဒီနေရာလေး မဆိုးဘူးကွ..ပြန့်ပြန့်ပြူးပြူးလေး..တို့တွေတဲထိုးကြရအောင်..”

အသင့်ပါလာသော ရွက်ဖျင်တဲကိုထိုးပြီးတာနှင့်ဝယ်လာသော ကြက်ကိုကိုင်ဖို့လုပ်ကြတော့သည်..။ နေရာဒေသက တောတွင်းဖြစ်သည့်အပြင် နေ့ခင်းဘက်လဲရောက်နေပြီမို့ ငှက်သံတောင် သိပ်မကြားရပဲတိတ်ဆိတ်လျှက်..။

“ကဲကွာ..လာ..ငါကြက်ကိုင်မယ်..မင်းတို့ကလာကူညီပေးအုံး..”

သူတို့အဖွဲ့တဲထိုးထားသောတောင်ကုန်းပြေပြေလေးအတိုင်းဆင်းလျှင် တောချုံအုပ်နားမှာ ပိုင်စိုးတစ်ယောက်ကြက်ကိုင်ဖို့လုပ်တော့သည်..။

ပိုင်စိုးက ဟင်းချက်သင်တန်းတက်ဖူးတာမို့ မြန်မယထမင်းဟင်းမှန်သမျှကိုကျွမ်းကျွမ်းကျင်ကျင်ချက်တတ်သလို ယခုလဲ ကြက်ကာလသားချက်လုပ်မည်ဆိုကာ ကြက်ဝင်ဝယ်လာခြင်းဖြစ်ကြသည်..။

ကြက်ကိုလည်လိမ်ကာ ရေနွေးဖျောဖို့လုပ်စဉ်မှာပင်လည်ကျိုးကာသေနေသောကြက်က အတောင်တဖျပ်ဖျပ်ခတ်ကာ ဒယိမ်းဒယိုင်ထလာတာမို့ကြောင်ကြည့်မိသူက ပိုင်စိုး..။

ရွက်ဖျင်တဲရှေ့မှာက ဒိုထန်းတို့သုံးယောက်က ထမင်းအိုးတစ်လုံးနှင့်ဗျာများနေသည်..။ထိုစဉ်မှာပင်အေးစိမ့်နေသောလေပြင်းတစ်ချက်ကဝေ့ခနဲ..။

“ကတော်..ကတော်..ဖလူး..ဖလူး..ဖလပ်..”

ရုတ်တရက်အသံစုံမြည်ကာ ထပြေးသောကြက်ကြောင့် ကြက်သီးတဖြန်းဖြန်းထသွားရသလို တဲရှေ့မှလူများကိုလဲ အော်ခေါ်လိုက်ရသည်..။

“ဟေ့ကောင်တွေ..လာကြအုံးကွ..ကြက်ထွက်ပြေးသွားလို့..”

“ဟေ…”

ပိုင်စိုးရဲ့အမောတကောခေါ်သံကြောင့် အကုန်လုံးအပြေးအလွှားရောက်သွားကြတော့ ရေနွေးအိုးနားမှာယောင်ချာချာဖြစ်နေသော ပိုင်စိုးကိုတွေ့လိုက်ရသည်..။

“ကြက်ထွက်ပြေးသွားလို့ကွ…”

“ဟေ..ကြက်ကဘာဖြစ်လို့ထွက်ပြေးတာတုန်းကွ..”

“မသိဘူးကွ..ထူးဆန်းနေတာ..ကြက်ကသေနေပြီကွ..ငါကရေနွေးဖျောဖို့လုပ်နေတာ…အဲ့တာထွက်ပြေးသွားတာပဲ..”

“ဟေ..မင်းကလဲ မဖြစ်နိုင်တာ ပြောပြန်ပြီ..သေနေတဲ့ကြက်ကထွက်ပြေးမလားကွ..မင်းလွတ်သွားတာဖြစ်မှာပါ..”

“ဟာ..ငါတကယ်ပြောနေတာကွ… ”

“အေးပါကွာ..စားရကံမကြုံလို့ပဲဖြစ်မှာပေါ့..”

ဒိုထန်းကဝင်ပြောလိုက်မှ ကြက်ကိုင်သည့်နေရာမှခွာလာကြကာ ထမင်းအိုးနားရောက်လာကြသည်..။ ခုညတော့ ပါလာသည့် အသားဘူး ငါးစေတ္တာဘူးများနှင့်ပင်ညစာ စားရတော့မည်..။

ညဦးပိုင်းရောက်တာနှင့်တောအအေးဓာတ်ကလှမျးခွုဲကာအေးစိမ့်စိမ့်ဖြစ် လာရသည်..။မီးဖိုကိုမီးမပြတ်အောင်ထိုးပေးရင်း ဒိုထန်းအိမ်ကထည့်ပေးလိုက်သည့် ခေါင်ရည်ချိုနှင့် ဆတ်သားခြောက်ဖုတ်ကိုသောက်ကာဇိမ်ယူနေခိုက်

“ဝေါ….ဖလပ်…”

ရုဆ်တရက်လေဆောင့်တိုးသံနှင့်အတူ ညနေစောင်းကခြုံထဲဝင်ပြေးသော ကြက်ကခြုံထဲကပြေးထွက်လာကာ မီးဖိုဘေးရောက်လာသည်..။

“ဟာ…”

“ဟိုကြက်…”

ကြက်က လည်ပင်းကြီးလိမ်လျက်သားနှင့်အသက်ပျောက်နေသော ကြက်..။အကုန်လုံးအံ့သြကုန်ကြသလို ကြက်ဆီမှရလာသော ဆိုးရွားလွန်းသော အပုပ်နံ့ကြီး..။

“ဟာ..ကြက်ကပုပ်စော်နံလိုက်တာ..”

“ဟာ..သေနေလဲညနေကမှသေတာပါကွ..”

“အေးကွာ..နံတယ်ကွ..တော်တော်နံတယ်…”

ကြက်သေ ကိုယူကာအမှောင်ထဲကိုရမ်းပြီးလွှင့်ပစ်လိုက်သည်..။ ကြက်သေမရှိကာမှ အနံ့ဆိုးကလဲပျောက်သွားကာနေရထိုင်ရအဆင်ပြေသွားတော့သည်..။

သူတို့မမြင်လိုက်မိသည်က အမှောင်ထဲမှသူတို့ကိုကြည့်နေသော ရဲရဲနီနေသည့်မျက်လုံးများ..။

ညဉ့်နက်မှအိပ်ယာဝင်ကြကာ ခေါင်ရည်ရှိန်နှင့်တချိုးထဲအိပ်ပျော်သွားကြတော့သည်..။ထိုအချိန်..သူတို့ရွက်ဖျင်တဲနေရာနားကိုကပ်လာသော မဲမဲအရိပ်များ..။

“တောက်…”

“အင်း…ဟင်း…”

“ဒေါသထွက်တယ်..သူတို့ကကျုပ်တို့နေရာမှာအခန့်သားဝင်နေကြတယ်..”

“အေး…ငါလဲမကျေနပ်ဘူး..”

“ဖယ်ပေး…ငါ့နေရာကဖယ်ပေး…”

“ဖယ်ပေး..ငါ့နေရာကဖယ်ပေး..”

လေးယောက်သားအိပ်ပျော်ခိုက်အေးစက်ခြောက်ကပ်သောအသံကြီးများနှင့်အတူတစ်ကိုယ်လုံးအနှံ့တရွရွတက်လာသော ခံစားမှုများ..။

နားထဲမှာကလဲ လေတိုက်သံတဝှီးဝှီးနှင့်အတူ ဘာမှန်းမသိသော ရောဝါးဝါးစကားသံများ..။ကြောက်လန့်တကြားထထိုင်လိုက်မိတော့ လေးယောက်သားတစ်ပြိုင်နက်ထဲ..။

“တောက်…”

“အင်း…ဟင်း…ဟင်း…”

ထိုအချိန်ကြားလိုက်ရတာက ကျယ်လောင်သောတောက်ခေါက်သံကြီးနှင့်အတူ ထိတ်လန့်ဖွယ်ကောင်းသော ညီးငြူသံကြီး..။

“ဖယ်..ပေး…ငါတို့…နေရာက…ဖယ်ပေး..”

“ဖယ်ပေး…ဖယ်…ပေး…”

“ဖယ်ပေး…ငါတို့…နေရာက…ဖယ်ပေး….”

ကြောက်ရွံ့မှုနှင့်အတူကြက်သီးတဖြန်းဖြန်းထလာကာ တစ်ကိုယ်လုံးအနှံ့လဲ ယားတက်လာရသလို ထိန်းမနိုင်သည့်စိတ်က ကုတ်ချင်စိတ်ပေါ်လာရသည်..။

ချက်ချင်းပင်ကုတ်လိုက်ဖဲ့လိုက်နှင့် ဘုတွေဘိန့်တွေထွက်လာကာ တစ်ကိုယ်လုံးနီရဲလာကြသည်..။ တဲအပြင်မှာကြားနေရသည်က ငြီးငြူသံကြီးနှင့်အတူ မသဲကွဲသောစကားသံများ..။

“လူလေးတို့…”

ရုတ်တရက်ကြားလိုက်ရသည်က အေးဆေးကြည်သာသော အသံတစ်ခု..။ အားကိုးရားမဲ့နေသည့်စိတ်များဖြစ်နေရာမှ ချက်ချင်းကြည်လင်သွားကာ ကြားနေရသော အသံများလဲတစ်ခုမှမကြားတော့..။

အပြင်ထွက်လိုက်ချိန်မြင်လိုက်ရသည်က ဝတ်ဖြူစင်ကြယ်ဝတ်ထားသောအဘိုးအိုတသ်ယောက်..။

“လူလေးတို့ကြောက်နေကြလား…”

“ကြောက်တယ်..အဘိုး..ကျွန်တော်တို့ဘာဖြစ်နေတာလဲ..”

တုန်ရီနေသောအသံများနှင့်မေးလိုက်မိတော့ အဘိုးအိုက ကြည်လင်စွာပြုံးသည်…။

“လူလေးတို့ပစ္စည်းတွေသိမ်းလိုက်ပါ..”

“ဟုတ်ကဲ့…အဘိုး…”

ချက်ချင်းပင် ရွက်ဖျင်တဲကိုဖျက်ကာပစ္စည်းတွေသိမ်းလိုက်ကြသည်..။ ပစ္စည်းတွေသိမ်းပြီးတာနှင့်တစ်ပြိုင်နက် အဘိုးအိုက လက်ထဲမှ ဇီးသီးအရွယ် အသီးလေးတစ်လုံးစီကျွေးတော့ လေးယောက်သားမငြင်းနိုင်ပဲစားလိုက်ကြသည်..။

အသီးတွေစားလိုက်ပြီးချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံးမှာဖြစ်နေသော ဘုတွေပိန့်တွေကချက်ချင်းဆိုသလိုပျောက်သွားကာ အချိန်ကလဲ လင်းအားကြီးလာချေပြီ..။

“လူလေးတို့ပြန်လို့ရပြီ..နောက်ဆို ကိုယ်မကျွမ်းကျင်တဲ့ဒေသတွေကိုဒေသခံမပါပဲမလာမိစေနဲ့.. ..ခုလူလေးတို့တဲထိုးလိုက်တဲ့နေရာဟာ ကျတ်ကုန်းမြေပဲ…တောပိုင်တောင်ပိုင်တွေကိုလဲခွင့်မပန်ပဲနေချင်သလိုနေလို့မရဘူး…နောက်ကိုဆင်ခြင်နိုင်ကြပါစေကွယ်…”

“ကျေးဇူးကြီးလှပါတယ်..အဘိုး…”

အဘိုးအိုကို လေးယောက်သားကန်တော့လိုက်ကြကာခေါင်းပြန်ထောင်လိုက်ချိန်မှာတော့ မြင်ကွင်းရှေ့မှာ အဘိုးအိုမရှိတော့..။

သူတို့အဖွဲ့လဲ တစ်ချိုးထဲပြေးလာကြတော့သည်..။မနက်လင်းစအချိန်တွင် ဖထီးတို့တဲပြန်ရောက်လာကြသည်..။

ချက်ချင်းဆိုသလိုပြန်ရောက်လာသောကြောင့် ဖထီးတို့အံ့သြနေကြသလို နောက်သောအခါတွင်တော့ ဘယ်သောအခါမှတောလည်မည်ဟုမဆုံးဖြတ်ကြတော့ဟု စိတ်ပိုင်းခြားလိုက်သည်က အောင်သူ ၊ ပိုင်စိုး နှင့် ဥက္ကာ တို့ဖြစ်ကြပေသည်..။

================

စာဖတ်သူအားလုံးကိုလေးစားချစ်ခင်လျှက်😍