ကွင်းလှည့်တဲ့ည

ကွင်းလှည့်တဲ့ည
________________________________________
ကျုပ်တို့
တောရွာတွေမှာ
ယခုလို မိုးအကုန်ဆောင်းအကူးဆို ပုရစ်တွေတော်ပေါသဗျ ပုရစ်တွေပေါသလို ပုရစ်တူးတဲ့လူတွေလည်းအတော်များသား
လယ်ကွင်းဘက်တွေဆီက ညဘက်ဆို ပုရစ်တွေတွန်ကြတော့ ဓာတ်မီးတစ်လုံးကိုဆွဲ ၀ါးချွန်တစ်ခုယူ ပုရစ်ထည့်မယ့် ဘူးလေးတစ်ခုပါယူပြီး ပုရစ်သွားသွားထိုးကြသည်မှာအလုပ်တစ်ခု
ဒါနဲ့ စကားမစပ် ကျုပ်နာမည်က ဖိုးပိန် ငယ်ငယ်ကတည်းက ပိုလီယိုမိလို့ ပိန်ညှောင်ညှောင်လေးနဲ့
ရွာကလူတွေအပါအ၀င် အဖေတို့အမေတို့ကပါ ဖိုးပိန်လို့သာခေါ်ကြတာ
နာမည်အရင်းက အေးချမ်းအောင် နက္ခတ်အရ အေးအေးချမ်းချမ်းနဲ့ အိမ်ထောင်ရက်သားကျကိန်းရှိတယ်ဆိုပြီး ရွာဦးဘုန်းကြီးကျောင်းဆရာတော်က မှည့်ပေးထားတာ
မကြာခင် တန်ဆောင်မုန်းလပြည့်ညရောက်တော့မှာဆိုတော ပုရစ်တွေကို အသည်းအသန်လိုက်ထိုးရတာ ဘာလို့လဲဆိုတော့ တန်ဆောင်းမုန်းလပြည့်ညရောက်တိုင်း ပုရစ်တွေနိဗ္ဗာန်စံကြလို့ဗျ တန်ဆောင်မုန်းလပြည့်ညလွန်ရင် ပုရစ်တွေက အခေါင်းထဲမှာ မရှိကြတော့ဘူး သေသွားကြတာလား ပျံသွားကြတာလား ကျုပ်လည်းသေချာမသိဘူး ပြောကြတာတော့ နိဗ္ဗာန်စံကုန်ကြတယ်လို့ပဲ
ကျန်ခဲ့တဲ့ ပုရစ်တွေက အရင်ကလိုမျိုး စားလို့မကောင်းတော့ဘူး အဆီမရှိတော့ သစ်ရွက်ခြောက်ကိုစားသလိုပဲဖြစ်ရော
ဒါကတော့ ပုရစ်အကြောင်း ကျုပ်သိသလောက်ပါဗျာ
အခုလည်း ပိုက်ဆံနည်းနည်းပါးရအောင် ရောင်းဖို့အတွက် ပုရစ်တွေထိုးလာတာ တော်ကြာပြီပေါ့
မကြာခင် လပြည့်ညရောက်တော့မှာဆိုတော့ နင်လားငါလား ထိုးရတော့မှာ
” ဟေ့ရောင် ဖိုးပိန်
ညကျရင် မင်းဘယ်ဘက်ကိုသွားမှာလဲ”
ကျုပ်၀ါးချွန်လုပ်နေတုန်း ဘယ်တုန်းကရောက်နေမှန်းမသိတဲ့ ကိုစိန်သန်းက မေးလိုက်သည်
” အော် ကိုစိန်ကြီး
ဘယ်တုန်းကရောက်နေတာလဲ ကျုပ်လဲ၀င်လာတာမမြင်လိုက်ပါလား”
” ကြာပြီ မင်းအဖေနဲ့ စကားထိုင်ပြောနေတာ
မင်းကွာ ငါ့ကို စိန်ကြီးလို့မခေါ်ပါနဲ့
မင်းရှေ့ရောက်မှ နာမည်အမြဲတမ်းပျက်ရတယ်”
” ဟဲ ဟဲ
ကျုပ်က ကိုကြီးခင်လွန်းလို့ စတာပါဗျာ
ဒီလိုပဲပေါ့ မနေ့ညက ကွမ်းချွိန်ရွာဘက်ကိုသွားထိုးတာဆိုတော့
ဒီနေ့က ခက်မကျိုးကွင်းဘက် သွားထိုးမလို့ စဥ်းစားနေတာဗျ”
” အောင်မာ မင်းမကြောက်ဘူးလား
အဲ့ဘက်က အဲ့လောက်မြေကြမ်းတာ
ငါတောင်မသွားရဲဘူး”
” ဟာ ကိုစိန်ကလဲ
ကျုပ်က ငယ်ငယ်ကတည်းက
ဘာကိုမှကြောက်တာ
ညနက်တဲ့အထိ ဟိုဘက်ရွာကနေ သချိုင်းကိုဖြတ်ပြီးပြန်လာတာတို့ တောထဲ ရှဥ့်တို့အမဲလိုက်တာတို့ ကိုစိန်လဲ အသိဆုံးပဲကို
ခုသွားမယ့် ခက်မကျိုးကွင်းဘက်လောက်ကတော့
အေးဆေးပဲ”
ကျုပ်အဲ့လိုပြောလိုက်တော့ ကိုစိန်သန်းက မျက်မှောင်ကြုတ်ကာ ခေါင်းတညိတ်ညိတ်လုပ်နေ၏
” အေးကွာ မင်းမှမကြောက်တတ်တာကိုသွားပေါ့
ငါက သတိပေးတာပဲ
ဟိုတလောကမှ အဲ့ကွင်းအောက်မှာ လှေမှောက်ပြီးသေထားတာကို”
” ဟဲ ဘာဖြစ်ပါဘူး ကိုစိန်ကလည်း
ကျုပ်က သရဲတို့ဘာတို့မကြောက်ပါဘူးဗျာ”
” အေးပါကွာ အေးပါကွာ”
ကိုစိန်သန်းကတော့ လက်လျှော့လိုက်တဲ့လေသံနဲ့
ကျုပ်ကိုဘာမှ ဆက်မပြောတော့ပေ
အရှေ့မှာချထားတဲ့ ကွမ်းအစ်ဆီက ကွမ်းတွေသာတစ်ယာပြီးတစ်ယာ၀ါးနေတော့သည်
———————
လဆန်း သုံးလေးရက်မို့လို့ လရောင်က သိပ်ပြီးမလင်းတလင်း အချိန်ကတော့ ခန့်မှန်းသလောက်
၈နာရီခွဲလောက်ပြီထင်တယ် နေ့လည်က အသင့်လုပ်ထားတဲ့ ချွန်စူးရယ် ခေါင်းစည်းဓာတ်မီးတစ်လုံးရယ် ပုရစ်တွဲတံတစ်ခုရယ် ယူပြီး ကျုပ်ရွာပြင်ကိုထွက်လာခဲ့တယ် သူများတွေလို ပုရစ်ထည့်မယ့် ဘူးတွေဘာတွေ ကျုပ်ကမယူဘူး အဲ့ဘူးကိုဖွင့်လိုက် ပိတ်လိုက်နဲ့ ကျုပ်ကသိပ်စိတ်မရှည်ဘူးဗျ
ဒီတော့ တစ်ခါတည်း ပုရစ်တွဲတံတစ်ခုကိုပဲ ယူလာခဲ့တာ
ရွာပြင်လယ်ကွင်းလမ်းအတိုင်း ကျုပ်တဖြည်းဖြည်းလျှောက်လာခဲ့တယ် ဓာတ်မီးမထွန်းဘဲ လရောင်ခပ်၀ါး၀ါးကိုသာအားပြုနေရတာမို့ ဘေးပတ်၀န်းကျင်ကသိပ်ပြီးမသဲကွဲ
ဓာတ်မီးမထွန်းရခြင်းက ခုလမ်းတစ်လျှောက် ပုရစ်တွေတွန်နေကြတာ ခက်မကျိုးကွင်းဘက်က ပြန်လာမှ ထိုးတော့မှာမို့လို့ အခုချိန်ကသာ ဓာတ်မီးထိုးပြီးသွားရင် ပုရစ်တွေအကုန်လုံးတွင်းထဲပြန်၀င်သွားကြမှာ
အဲ့တော့ ကျုပ်လည်း လရောင်ကိုအားပြုပြီးသွားနေရတာပေါ့ ခက်မကျိုးကွင်းနဲ့က ရွာနဲ့အလှမ်း​ေ၀းတယ် တောကုန်းတစ်ခု လယ်ကွင်းတစ်ခုဖြတ်ပြီးမှ ခက်မကျိုးကွင်းကိုရောက်မှာ
တော်ရုံလူတွေ ဒီဘက်ကိုညဘက်ဆို မလာရဲကြဘူး
ကျုပ်တို့အဖိုးခေတ်တုန်းက ဓားပြတွေဒီကွင်းပေါ်က တောစပ်မှာစခန်းချရင်း ပလိပ်ရောဂါဖြစ်ပြီး အသေဆိုးတွေနဲ့သေသွားကြတော့ သူတို့၀ိညာဥ်တွေက မကျွတ်မလွတ်ဘဲ ဒီကွင်းကိုစွဲပြီး အခုချိန်ထိရှိနေကြတယ်လို့ စကားစရှိတာ
ကျုပ်က တဇွတ်ထိုးသမားဆိုတော့ အဲ့တာတွေကိုသိပ် အလေးမထားဘူး ဒီလောက်နှစ်တွေ ကြာပြီကို ဘယ်ကလာ အဲ့ဟာတွေရှိတော့မှာလဲ ခုလောလောဆယ်မှာလည်း ငွေကလိုနေတော့ ကြောက်တာတွေဘာတွေခေါက်ထားပြီး အလုပ်ကိုသေချာလုပ်နိုင်ဖို့ပဲလိုတယ်
ကျုပ်သီချင်းတညည်းညည်းနဲ့ လာတော့ ကွမ်းတစ်ယာညက်လောက် ကွင်းရဲ့တောစပ်နားကို
ရောက်လာခဲ့ပြီ
ကွင်းနားရောက်တော့ ကွင်းပြင်ဆီက ပုရစ်တွန်သံတွေအတိုင်းသားကြားနေရ၏ ဒီအတိုင်းဆို
ပုရစ်တွေ အတော်များများရကောင်းရနိုင်မယ်
ကျုပ် ဓာတ်မီးစတင်ထွန်းလိုက်ပြီး ပုရစ်တွင်းတွေ တစ်တွင်းပြီးတစ်တွင်း လိုက်ထိုးတော့သည်
ခနကြာတော့ ပုရစ်တွေ အကောင် သုံးဆယ်ခန့်ရလာခဲ့တာပေါ့ ကျုပ်လည်း ခါးငုံ့ပြီးထိုးရတော့ခါးနာလာလို့ ခနားတဖြုတ်ထိုင်ချလိုက်သည်
ထိုင်ချလိုက်စပဲရှိသေးတယ် ကျုပ်နားထဲ ခပ်လှမ်းလှမ်းဆီက ကလေးငိုသံသဲ့သဲ့ကို ကြားလိုက်ရတယ် ကျုပ်လည်း နားကြားမှားသလားလို့ သေချာနားထောင်ကြည့်တော့ တကယ်ကြီးဗျ ဒါ ဒါ ကလေးငိုသံပဲ ဒီလိုလူသူမရှိတဲ့ ကွင်းထဲ ကလေးငိုသံက ဘယ်လိုနည်းနဲ့မှ သွေးရိုးသားရိုးမဟုတ်နိုင်ဘူး ကျုပ် မကြားဟန်ပြုရင်း ပုရစ်ဆက်ထိုးနေတော့သည်
ခနကြာတော့ ကလေးငိုသံမကြားရတော့ပေ ကလေးငိုသံတိတ်သွားတော့ ရုတ်တရက် လေတွေတ၀ူး၀ူးတိုက်လာရော လေတွေကတိုက်တာမှ သစ်ပင်တွေယိမ်းခါနေအောင်တိုက်နေတာ
ကျုပ်အသိစိတ်ထဲ တစ်ခုခု ပုံမှန်မဟုတ်တော့ဘူးဆိုတာ သဘောပေါက်လာတယ် ဒီလိုနဲ့ မဖြစ်တော့ဘူးဟု တွေးကာ အိမ်ပြန်ဖို့ ကျုပ်ဆုံးဖြတ်လိုက်တယ်
လက်ထဲ ပုရစ်တွေလည်း အတော်ပင်ရနေပြီ ဆက်ထိုးရင် ဒီထက်ပိုဆိုးဖို့ပဲရှိတော့တာ တကယ်လည်း
ယခု ခက်မကျိုးကွင်းက မြေကြမ်းသည်
ကျုပ် ဆက်မတွေးတော့ဘဲ ၀ါးချွန်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ရွာလမ်းဘက်ဆီကို ဦးတည်လိုက်၏
ကျုပ်သွားဖို့ခြေလှမ်းပြင်လိုက်စဥ်မှာပင် ပုရစ်တွဲတံက ပုရစ်တွေက တစ်ကောင်ပြီးတစ်ကောင်ပြုတ်ထွက်ပါလေရော
သေချာကြည့်တော့ ပုရစ်တွဲတံက စက်ကွင်းက ကျိုးနေပြီ ဒါကြောင့် ပုရစ်တွေပြုတ်ထွက်တာ
ကျုပ်လည်း ပုရစ်တွေ ကိုပြန်လိုက်ဖမ်းရတော့တယ်
စိတ်ထဲကလည်း
” တောက်!
ပြန်ကာနီးမှ ဘာဖြစ်တာလဲကွာ”
တစ်ကောင်ပြီးတစ်ကောင်ပြန်ဖမ်းပြီး ပုဆိုးထဲကို ထည့်ရတော့တာပေါ့ ဒီလိုနဲ့ ပုရစ်တွေလိုက်ဖမ်းတုန်း အကုန်လုံးပြီးခါနီး ကျုပ်နောက်ကျောဘက်က
” ဘုတ် ဘုတ် “
ကျုပ်ဆီကိုလာနေတဲ့​ခြေသံကိုကြားလိုက်ရသည် ကျုပ်လည်း မကြောက်ဘူးဟု စိတ်ထဲတင်းထားပေမယ့် ယခုတစ်ခေါက်က
ဆံပင်မွှေးတွေထောင်ပြီး ခေါင်းနပမ်းကြီးသွားသလိုခံစားလိုက်ရသည်
ကျုပ်မ၀ံ့မရဲနောက်ဘက်ကိုလှည့်ကြည့်လိုက်တော့
၀ါးချွန်စိုက်ထားတာကလွဲပြီးဘာမှမရှိပေ ကျုပ်လည်း ညသန်းခေါင်အလယ်မှာ ချွေးတစ်လုံးလုံးနဲ့
ပတ်၀န်းကျင်ကိုတစ်ချက် အကဲခတ်ကြည့်လိုက်သည်
ထိုစဥ် ကျုပ်ဓာတ်မီးရောင် တည့်တည့်တွင် သစ်ပင်ပေါ်မှာ တွဲလောင်းကြီးကျနေသည့် လူသေကောင်ကြီးကို မြင်လိုက်ရတော့ ဘာပြောကောင်းမလဲ ကျုပ်အသည်းတွေ ​ပြောင်းပြန်ဖြစ်သွားသလိုမျိုးဖြစ်ပြီး ခြေထောက်တွေညွတ်ကျတော့မလို ဖြစ်တော့တာပေါ့
ကျုပ် ထိုအလောင်းကြီးကို မကြည်တော့ဘဲ ဖြစ်ချင်ရာဖြစ် ဆိုပြီးပုဆိုးကိုမကာ တစ်ခါတည်းပြေးတော့တာပေါ့
ကျုပ်​ပြေးရင်း မောသာမောလာခဲ့တယ် ရွာဘက်ကိုခုထိမရောက်သေး မျက်လုံးထဲ ရွာဆီက မီးရောင်ကိုမြင်နေရပေမယ့် ပြေးလေ​ေ၀းလေဖြစ်နေသည်
ကျုပ်တစ်ကိုယ်လုံးကြက်သီးတွေထကာ အရမ်းလည်းမောဟိုက်နေတယ်
ကျုပ်ပြေးပေမယ့် ဘာမှထူးမလာတော့ အရှေ့ကသစ်ပင်အောက်ဆီ ကျုပ်ခြေကုန်လက်ပမ်းထိုင်ချလိုက်တယ်
ဒါပေမယ့် ကျုပ်မှီထားတာ သစ်ပင်အမှတ်နဲ့မှီထားတာ သေချာထိကြည့်တော့ သစ်ပင်လိုမဟုတ်ဘဲ ပျော့အိအိနဲ့ ဖြစ်နေလို့ အပါ်ကိုမော့ကြည့်လိုက်တော့ ဘာပြောကောင်းတော့မလဲဗျာ ကျုပ်မှီထားတာ သစ်ပင်မဟုတ်ဘူး မျက်နှာသေကြီးနဲ့စိုက်ကြည့်နေတဲ့ ဧရာမလူရှည်ကြီးနှစ်ယောက် မျက်လုံးကြီးက အုန်းသီးလုံးလောက်ရှိပြီး
သွားကြဲပြီးရယ်နေကြတာ
ကျုပ်လည်း ထပြေးရကောင်းမှန်းမသိဘဲ အဲ့နေရာမှာပဲ ကြက်သေသေကာ ဆွံ့အနေတယ်
အရှေ့ဘက်ကြည့်လိုက်တော့ ကျုပ်ဆီကိုတဖြည်းဖြည်းလာနေတဲ့ ပုံစံမျိုးစုံနဲ့ နာနာဘ၀တွေ
ကျုပ်လည်း ဘာမှမလှုပ်နိုင်တော့ အံကြိတ်မတင်းနိုင်ဘဲ အသိစိတ်ကိုလွှတ်ချလိုက်တော့တယ်
————————–
ကျုပ်နားထဲ ပရိတ်ရွတ်သံလိုလိုကြားနေရသည်
” ဖိုးပိန် ဖိုးပိန်”
ကျုပ်နာမည်ကိုခေါ်နေတဲ့အသံကိုပါကြားနေရသည်
မျက်လုံးကိုအားယူပြီးဖွင့်လိုက်ချင်ပေမယ့် တစ်စုံတစ်ယောက်က ဖိအားပေးထားသလိုဖြစ်နေတာမို့ အားမရှိပေ
ခနကြာတော့ ကျုပ်အမြင်အာရုံထဲ အမှောင်ထုတွေတဖြည်းဖြည်းကြီးစိုးလာတယ် ထိုအမှောင်ထဲက
ဆံပင်ဖားယားချထားတဲ့ မိန်းမကြီးတစ်ယောက်က
ကျုပ်ကိုကြည့်ပြီး မသတီစရာအပြုံးကြီးနဲ့ ပြုံးပြနေတာ အားကုန်ရုန်းပေမယ့် ခန္ဓာကိုယ်တစ်ခုလုံးကို
အောက်ဖက်မှ တစ်စုံတစ်ရာကဆွဲထားတာမို့ ကျုပ်ရုန်းအားမရှိတော့ဘူး
ကျုပ်မျက်လုံးအိမ်က မျက်ရည်တွေစီးကျလာတယ်
ရင်ဘက်ထဲက နာကျင်မှုတွေက ထိုးတတ်လာကာ
တဖြည်းဖြည်း အမှောင်ဘက်ဆီကို ကျုပ်ရောက်သွားခဲ့တော့တယ်
” ကိုယ်တော်စိတ်မကောင်းပါဘူး ဒကာကြီးရယ်
ဖိုးပိန်က မသွားသင့်တဲ့အရပ်ကိုမှ သွားခဲ့တာကိုး
အခုတော့ ဖိုးပိန် ဒီလောကကြီးနဲ့ အဆက်ဖြတ်သွားခဲ့ပြီ
အနိစ္စ ဒုက္ခ အနတ္တ
သြော် ဘုရား ဘုရား “
ရွာဦးဆရာတော်ဘုရားမှ ထိုသို့ပြောလိုက်သဖြင့်
ဦးအေးသာတို့လင်မယားနှစ်ယောက်မှာ ဖိုးပိန်အလောင်းအားကြည့်ကာ ယူကြုံးမရငိုကြွေးကြတော့သည်
” ကွင်းဆိုတာ စည်းကြီးတယ် အခုဖိုးပိန်သွားခဲ့တဲ့ ခက်မကျိုးကွင်းက တော်ရုံလူအဖို့ အင်မတန်ကြမ်းတဲ့မြေကြမ်းပဲ ဒါကို မသိတာလဲမဟုတ် သြော်
လူတွေ လူတွေ ကိုယ့်အတွက် သူများအသက်ကိုယူရာကနေ အခုကိုယ်ကိုယ်တိုင်ပါ အသက်ဆုံးရူံးရတော့ပါလား”
__________________________________
စာဖတ်သူတစ်ယောက်ချင်းစီတိုင်း ကျန်းမာချမ်းသာကြပါစေ