” ကုတင်အောက်က ရယ်သံ ” (စ/ဆုံး)

” ကုတင်အောက်က ရယ်သံ ” (စ/ဆုံး)
*****************************
(ဖြစ်ရပ်မှန်)
ကျုပ်နာမည် ထွန်းဦးကို။
ကျုပ် အသက် ၃၁ နှစ်ထိ မကြုံစဖူး အကြုံထူးခဲ့ရတဲ့
” မွေတော်ကိုးဆူ” ဘုရားပွဲသွားတုန်းက
ကြုံခဲ့ရတာကိုပြောပြချင်လို့ပါ။
၂၀၀၅ လား ၂၀၀၆ လား တော့မေ့တေ့တေ့ဖြစ်နေပေမဲ့
အဲတုန်းကကြုံခဲ့ရတာကိုတော့ ပြန်တွေးတိုင်း
ကြက်သီးတွေတဖျန်းဖျန်းထတုန်းပါ။
အဲဒီတုန်းက ကျုပ်ရယ် ကျုပ်သူငယ်ချင်း ဝေလင်းမြိုင်ရယ် မိုးဆန်းနိုင်ရယ် ကျုပ်ရဲ့ တစ်ဝမ်းကွဲညီ အောင်ချမ်းရယ်
လေးယောက်သွားခဲ့ကြတာ။
ဘုရားပွဲကတော့ စည်လိုက်တာ ကျိတ်ကျိတ်တိုးလို့ဗျ။
“ပန်းတော်ဝင်” ဆိုတဲ့ဇာတ်သဘင်တောင်ပါသေးတယ်။
ပွဲကတော့ ၃ ရက်တည်းပါ။
အဲရွာမှာ ဘုန်းကြီးကျောင်းနှစ်ကျောင်းရှိပါတယ်။
တစ်ကျောင်းက ” ဇေတဝန်စံဦးကျောင်း” ဖြစ်ပြီး
နောက်တစ်ကျောင်းက
ရွာဦး သဒ္ဓိကာရုံကျောင်း ဖြစ်ပါတယ်။
************************
ကျုပ်တို့တည်းတာက ရွာဦးသဒ္ဓိကာရုံကျောင်း မှာပါ။
အဲကျောင်းက ဆရာတော်ဘုရားဟာ မိုးဆန်းနိုင် ရဲ့
ဘကြီးတော်ပါ။
ကျုပ်တို့ နေရတဲ့အဆောင်က မကြာသေးမီကမှဆောက်
လုပ်ပြီးစီးဟန်ရှိတဲ့
“အာယုပါလ” ကျောင်းသင်္ခန်းမှာပါ။
ပထမနေ့ဆိုတော့ ခရီးပန်းလာတာကြောင့်
ကျုပ်တို့လေးယောက်
နည်းနည်းပါးပါးပဲပွဲလည် ဖြစ်ပြီး စောစောစီးစီးအိပ်ရာ
ဝင်ဖို့ဆုံးဖြတ်လိုက်ကြတယ်။
အိပ်ရတာကတော့ ကုတင် နဲ့ပါ။
အဲအဆောင်မှာ ကုတင် ငါးလုံးရှိပါတယ်။
ကျုပ်တို့က လေးယောက်ဆိုတော့ တလုံးပိုနေတာပေါ့။
ကျုပ်တို့မအိပ်မီ ကိုရင်ကြီးတစ်ပါး မီးအိမ်ကလေးကိုင်ပြီး
ရောက်လာတယ်။
ပြီးတော့ “ဘုရားကို အာရုံပြုရှိခိုးပြီးမှအိပ်ကြ”ဟု
မှာကြားတော့
ကျုပ်တို့လဲ ဘုရားရှိခိုးပြီးမှ အိပ်ကြတယ်။
ကျုပ်တို့နေတဲ့အဆောင်မှာတော့ ဆောက်လုပ်လို့ပြီးခါစမို့လားမသိ
ဘုရားဆင်းတုတွေဘာတွေမရှိသေးဘူးဗျ။
အဲ၊ ဘုရားပုံတော် ကားချပ်တစ်ခုနဲ့
မှိန်ပျပျ မီးလုံးလေးတစ်လုံးပဲရှိပါတယ်။
အဆောင်က တံခါးမကြီးတော့ရှိပေမဲ့ တစ်ချို့ပြူတင်း
တွေကိုမတပ်ဆင်ရသေးဘူး၊ တစ်ချို့ကိုတော့
တပ်ဆင်ထားပြီးပါပြီ။
ကျုပ်တို့လဲ ခရီးပန်းလာတော့ ခပ်မြန်မြန်ပဲ
အိပ်ပျော်သွားခဲ့ကြတယ်။
**********************
” အဟိ ဟိဟိ ဟိ”
သန်းခေါင်ကျော်ခါနီးလောက်မှာ ရယ်သံတစ်ခုသဲသဲကွဲကွဲ ထွက်ပေါ်လာတာကြောင့်ကျုပ်လန့်နိုးသွားခဲ့တယ်။
ကျုပ်ရဲ့ ယာဘက်မှာ အိပ်နေတဲ့ မိုးဆန်းနိုင်က
ယောင်တတ်တဲ့ အကျင့် ရှိတော့ သူယောင်ယမ်းနေတာ
ထင်တာနဲ့ ၊
” မိုးဆန်းနိုင် ” မယောင်နဲ့ကွာ အိပ်ရေးပျက်တယ် ” ဆိုပြီး ပြောလိုက်မိတယ်။
ဒါပေမဲ့ ရယ်သံကတိတ်မသွားတဲ့အပြင် ပိုမိုကျယ်လောင်စွာထွက်ပေါ်လာတော့ ကျုပ်လည်း စိတ်တိုတို နဲ့ ဝုန်းကနဲထထိုင်ပြီး စိတ်တိုတိုနဲ့
ဆဲမယ်ကြံတုန်း ရယ်သံက ထပ်မံထွက်ပေါ်လာပြန်ရော။
ဒါတောင်မကသေး ကျုပ်အိပ်နေတဲ့ ကုတင်တောင်
လှုပ်ရမ်းသွားသလိုခံစားလိုက်ရတာဗျ။
ကျုပ်က သိပ်မကြောက်တတ်တဲ့လူစားမျိုးပါ။
လုံးဝ မကြောက်တာတော့မဟုတ်ဘူးပေါ့။
ကျုပ် ဟိုအကောင်တွေကို ကြည့်လိုက်တော့
သုံးယောက်လုံး
ကုလားသေ ကုလားမော အိပ်မောကျလို့။
ဒါနဲ့ ဘယ်သူရယ်နေတာပါလိမ့် ဆိုတဲ့ အတွေးနဲ့
ကုတင်အောက်ကို
ငုံ့ကြည့်ပြန်တော့လည်း ဘယ်သူမှမရှိပြန်။
ကျုပ်လည်း စိတ်ထင်တာ နေမှာပါ ဆိုတဲ့အတွေးနဲ့
ပြန်အိပ်မယ်လုပ်တော့ ကျုပ် ခေါင်းရင်းတည့်တည့်က “အဟိဟိ ဟိ ဟိ” ဆိုပြီးရယ်ပါလေရော။
ဒီမှာတင် ကျုပ် ကြက်သီးတွေတဖျန်းဖျန်းထပြီးတော့
ချက်ချင်း ဖျားချင်သလိုလို ဖြစ်သွားတာဗျို့။
ဟိုကောင်တွေကို နှိုးတော့ သူတို့စိတ်တိုတို နဲ့နိုးလာပြီး “ဘာဖြစ်တာလဲကွာ” တဲ့။
အဲဒီအချိန်မှာပဲ အစွန်ဆုံးမှာအိပ်နေတဲ့ အောင်ချမ်းက သူ့ဘေးမှာအိပ်နေတဲ့ ဝေလင်းမြိုင် ကို
” ဝေလင်း၊ဟိုကုတင်မှာ အိပ်နေတာ ဘယ်သူ
လဲ”တဲ့။
ဝေလင်းမြိုင်ကလည်း
” ငါတို့လို ဘုရားပွဲလာတဲ့သူတစ်ယောက်ပဲနေမှာပါ
ကွာ” လို့ပြောပြီး ပြန်အိပ်တယ်။
ဒီမှာတင် မိုးဆန်းနိုင်က ရုတ်တရက် ဝုန်းကနဲထပြီး
” ဟေ့ ကောင်တွေ၊ ဒီအဆောင်မှာ ငါတို့လေးယောက်ပဲရှိတာဟ၊ တံခါးမကို ငါကိုယ်တိုင် ဂျက်ထိုးထားတာ”
လို့ ပြောလိုက်တော့ သုံးယောက်လုံး ကျုပ်ကုတင်အပေါ်
တတ်ပြေးလာပါလေရော။
တစ်ခါမှ မကြောက်ဖူးတဲ့ ကျုပ်တောင်
ခေါင်းနားပမ်းတွေကြီးသွားသလို ဖြစ်သွားတာဗျ။
ဒီမှာ တစ်ခုမေးစရာ ရှိတာက
” တံခါးရွတ် မတတ်ရသေးတဲ့ ပြူတင်းပေါက်
တွေက ဝင်ရောက်လာတဲ့သူကော မဖြစ်နိုင်ဘူးလား” ဆိုတဲ့မေးခွန်းပါပဲ။
ဟုတ်ပါတယ်၊ အစကတော့ ကျုပ်လည်း အဲလိုတွေးမိပါ
တယ်။
ဒါပေမဲ့ ပြူတင်း တွေက လူတစ်ယောက် ဝင်ဆံ့လောက်တဲ့ ပမာဏမရှိဘူးဗျ။
ဟို အိပ်နေတဲ့အကောင် ကလည်း စောင်ကို ခေါင်းမြီးခြုံပြီး အိပ်နေတာ၊
ဟောက်တောင် ဟောက်နေသေးတာဗျ။
အိပ်နေတဲ့ပုံစံကတော့ ဘေးတစ်စောင်းပါ။
ကျုပ်တို့ဘက်ကို ကျောလှည့်ထားတယ်။
အောင်ချမ်း က
” ကိုထွန်း ကျုပ်တို့ ကို သရဲခြောက်နေတာလားမသိဘူး
” တဲ့။
ကျုပ်လည်း
” နေစမ်းပါကွာ၊ ဘုန်ကြီးကျောင်းထဲ ဘယ်သရဲရှိမှာလည်း၊
ငါသွားကြည့်လိုက်မယ်” လို့ပြောတော့၊
အောင်ချမ်း က ” ကိုထွန်း ဖြစ်ပါ့မလား၊ မကြည့်တာ
ကောင်းမယ်ထင်တယ်၊ တော်ကြာ သရဲဖြစ်နေရင်
ဘယ်လို လုပ်မလဲ” တဲ့။
မိုးဆန်းနိုင် နဲ့ ဝေလင်းမြိုင် တို့ကလည်း မကြည့်စေ
ချင်ဘူး။
ဒါပေမဲ့ ကျုပ်ကတော့ မရဘူး၊ သွားကြည့်ဖြစ်အောင်
ကြည့်လိုက်သေးတယ်။
ကျုပ်ချက်ချင်း နောင်တရသွားတယ်ဗျ။
ဘာလို့လဲဆိုတော့
အိပ်နေတဲ့ သူအနားသို့ ကျုပ်သွားပြီး ” ဟေ့လူ ဟေ့လူ ” လို့သွားနှိုးတော့ ဟောက်သံတော့ တိတ်သွားတယ်၊
ဒါပေမဲ့ ဘာမှမတုန့်ပြန်ဘူးဗျ။
ခဏကြာ နှိုးသည့်တိုင် ဘာမှမတုန့်ပြန်တော့ ကျုပ်လည်း
နည်းနည်းဒီပျက်ရှင်ဝင်လာတာနဲ့ ၊
“ဟေ့ လူ ” လို့အော်ပြီး စောင်ကိုဆွဲလိုက်
တော့ စောင်အောက်မှာ ဘယ်သူမှ ရှိမနေဘူးဗျို့။
” ဟာ၊ ဘယ် ဘယ်သူမှ မ မရှိဘူး၊ ကိုထွန်း အဲဒါ သ သ
သရဲ ” ဝေလင်းမြိုင်က စကားတောင်မပီတော့ပဲ
အထစ်ထစ် အငေါ့ငေါ့နဲ့ပြောတော့၊
ကျုပ်တို့လည်း လန့်လည်းလန့်၊ ကြက်သီးလည်းထနဲ့
အဆောင်ထဲက ထွက်ပြေးကြတာပေါ့ဗျာ။
ဒီကြားထဲ တံခါးမ က ဖွင့်မရဖြစ်နေသေးတာဗျ။
ကျုပ်တို့တံခါးမကို ဖွင့်ဖို့ကြိုးစားနေတုန်း
“အဟိ ဟိ ဟိ ဟိ” ဆိုတဲ့
အသံက ဟိန်းပြီးထွက်လာသလို ကျုပ်အိပ်ခဲ့တဲ့ကုတင်ကို
အားပါးတရလှုပ်ယမ်းနေတာဗျို့။
ကျုပ်တို့လည်း
” ကိုရင်ဘုရား၊ ဦးဇင်းဘုရား ကယ်ပါအုန်းဘုရား” နဲ့
အော်ဟစ်အကူအညီတောင်းပေမဲ့ ဘယ်သူမှ မကြားကြဘူးထင်ပါရဲ့။
အော်လည်းအော်၊ တံခါးကိုလည်း ကန်လိုကန်၊
ဆောင့်တွန်းလိုတွန်းနဲ့ တွန်းလိုက်တော့ ကံကောင်း
ထောက်မလို့ တံခါးကပွင့်သွားတယ်ဗျ၊
ကျုပ်တို့လည်း ဝမ်းသာအားရနဲ့ အဲအဆောင်နဲ့ ဝေးရာ
သို့ ပြေးမယ်လုပ်တော့မှ မိုးဆန်းနိုင် ပါမလာပဲ၊
သုံးယောက်တည်းဖြစ်နေတာကို သတိထားမိသွားတယ်၊
ပထမတုန်းက လောလော လောလောနဲ့ အကြောက်လွန်
ပြီး ထွက်ပြေးမယ်လုပ်တုန်းက မိုးဆန်းနိုင် မပါလာတာ
ကို သတိမထားမိဘူးလေ။
” ဝေလင်းမြိုင်၊ အောင်ချမ်း၊ မိုးဆန်းနိုင်ကော၊ မိုးဆန်းနိုင်
ဘယ်မှာတုန်း ” လို့မေးတော့မှ အဲနှစ်ကောင်လည်း တစ်
ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ခေါင်းခါတယ်။
ကျုပ်တို့လည်း ထွက်ပြေးရမလိုလို အဆောင်ထဲပြန်ဝင်ပြီး
ရှာရမလိုလို ဖြစ်နေတုန်း၊
” ဟေ့ကောင်တွေ၊ ငါ ဒီမှာဟ ” ဆိုပြီး မိုးဆန်းနိုင် က
ငိုမဲ့မဲ့နဲ့ပြောတာဗျ။
ကျုပ်တို့လည်း ကုတင်တွေရဲ့အနားသို့ မသွားရဲတာနဲ့
” ဟေ့ကောင်၊ မိုးဆန်နိုင်၊ ဆင်းခဲ့လေ၊ ဘာလုပ်နေတာ
လဲ ” လို့ အော်ပြောကြတော့၊ သူက
” ဟေ့ကောင်တွေ၊ ငါ ဆင်းလို့မရဘူးဟ၊ ငါ့ ခြေထောက်
ကြွတတ်နေတယ် လှုပ်လို့မရတော့ဘူး၊ ပြီးတော့
ကုတင်ကို မြှောက်ထားတာကို မင်းတို့မတွေ့ဘူးလား၊
ငါက ဘယ်လိုလုပ်ဆင်းလို့ရမှာလဲ ” ဆိုပြီး အော်ပြော
တော့တာပါပဲ။
သူ့ခြေ ကြွတတ်လား မတတ်လား ကျုပ်မသိပေမဲ့၊
သူ့ကုတင်ကတော့ ဘာမှမဖြစ်ပဲ ဒီအတိုင်းလေးပဲ ရှိနေတာ
ကိုမြင်နေရတယ်။
သူကတော့ လေပေါ်မှာ မြောက်နေတယ်တဲ့၊
သရဲက သူ့ကိုပဲခြောက်နေတာလားဘာလားတော့မသိ
ဘူးလေ။
” ကျုပ်တို့ကလည်း ရှေ့မတိုးရဲ၊ မိုးဆန်းနိုင်ကလည်း
အကြောက်အကန်အော်နဲ့ ” ပွတ်လောရိုက်နေတုန်း
ကိုရင်ကြီးတွေ မီးအိမ်ကိုယ်စီကိုင်ပြီး ရောက်လာကြတော့
မှ မိုးဆန်းနိုင်ကို ကုတင်ပေါ်က ချီပြီးချရတာဗျ၊
ကိုရင်ကြီးတွေရောက်လည်းရောက်ရော ဘာမှ မဖြစ်ခဲ့တဲ့
အတိုင်းပဲ အကုန်လုံးငြိမ်သက်နေရောဗျ။
ကိုရင်ကြီးတွေ ရောက်လာလို့ တော်သေးတာပေါ့ဗျာ။
နို့ မဟုတ်ရင် မတွေးရဲစရာပါ။
ပြီးတော့ အဲဒီနေ့ က ဆရာတော်ဘုရားလည်းမရှိဘူးဗျ။
ကျုပ်တို့လေးယောက်လဲ ဘယ်သူမှပြန်မအိပ်ရဲတော့ပဲ
ငုတ်တုတ်ကြီးထိုင်ပြီးမိုးလင်သွားတယ်ဗျ။
ကျုပ်တို့သရဲ အခြောက်ခံရတာကို ကိုရင်ကြီးနဲ့
ဘုန်းကြီးကျောင်းသားတွေကို ပြောပြတော့ ဘယ်သူမှ
သိပ်မအံ့သြကြဘူးဗျ။
ဘာလို့လဲဆိုတော့ အဲအဆောင်မှာ သရဲခဏခဏ
ခြောက်လို့တဲ့ဗျ။
အဲအဆောင်က ကုတင် တွေဟာ
ရပ်ထဲရွာထဲက လူတစ်ယောက်ယောက်သေရင်
သေသွားသူ အိပ်ခဲ့တဲ့ကုတင်ကို မိသားစုဝင်တွေက
အသုံးမပြုတော့ပဲ ဘုန်းကြီးကျောင်းမှာလာလှူကြပါသတဲ့ဗျ။
အဆိုးဆုံးကတော့ ကျုပ်အိပ်ခဲ့တဲ့ကုတင်ပါ။
အဲကုတင်က တချို့ ကုတင်မရှိတဲ့လူတွေ၊ သေတဲ့အခါ
ဒါမှမဟုတ်ကုတင်တို့ အလောင်းစင်တို့ လုပ်ဖို့
အချိန်မမှီတော့တာဖြစ်ဖြစ်၊ ဆင်းရဲနွမ်းပါးလို့ မတတ်နိုင်
တဲ့ အဖြစ်မျိုးတွေနဲ့ ကြုံရတဲ့အခါ ( အရှင်းဆုံးကတော့ )
အလောင်းတင်စရာကုတင် မရှိရင် အဲကုတင် ( ကျုပ်အိပ်ခဲ့တဲ့ကုတင်)ကိုလာငှားလေ့ရှိကြပါသတဲ့။
ကုတင်အကြောင်းကို သိလည်းသိရော ထိုင်ငိုချင်စိတ်
တောင်ပေါက်သွားတာဗျ။
ကျုပ်တို့ကို ခြောက်တဲ့သရဲကတော့ ဘယ်ကုတင်ကပါလာတာမသိဘူးတဲ့။
အမြဲတမ်း တရားသံတွေ အမျှဝေသံတွေ ကို ကြားနေရပေမဲ့ ခုထိမကျွတ်လွတ်နိုင်သေးတာ သူ့မှာလည်း
မပြီးပြတ်နိုင်သေးတာတခုခုရှိလို့ နေမှာပေါ့ဗျာ။
ဒါမှမဟုတ် သူ့အကုသိုလ်တွေမကုန်သေးလို့နေမှာပေါ့။
ကျုပ်တို့လဲ ဒုတိယ ည မရောက်မီမှာပဲ ဌာနီကို ပြန်ခဲ့ကြ
တယ်။
နောက်ထပ်သရဲ အခြောက်မခံချင်တော့ဘူးလေဗျာ နော။
**************************
( ဖြည့်စွက် )
( ၁ – ၃ – ၂၀၂၀ ) နေ့မှာ စိတ်မကောင်းစွာနဲ့
ရွာဦးသိဒ္ဓိကာရုံကျောင်း ဆရာတော်ဘုရား ပျံလွန်တော်
မူတယ်လို့ ကြားသိရတာကြောင့်၊ ကျုပ် ဆရာတော့်ရဲ့
စျာပနသို့ မိုးဆန်းနိုင်နဲ့အတူ သွားခဲ့ပါသေးတယ်၊
အောင်ချမ်း နဲ့ ဝေလင်းမြိုင်ကတော့ အဝေးရောက်နေ
ကြတာမို့ အတူပါမလာခဲ့။
အဲရောက်တော့ အယုပါလ အဆောင်ကြီးလည်း ပြီးစီး
ရုံမကလို့၊ မြင်တာနဲ့ စိတ်ချမ်းသာစရာကို ကောင်းနေရော၊
ပြီးတော့ ကျုပ်တို့အိပ်ခဲ့တဲ့ ကုတင်တွေလည်း မရှိတော့ဘူး
ဗ်။
ကျုပ်တို့နဲ့ သိခဲ့တဲ့ ကိုရင်ကြီးတွေလည်း ဦးဇင်းတွေ
ဖြစ်လို့၊ အရာရာပြောင်းလဲ ကုန်တယ်ပေါ့ဗျာ။
ဦးဇင်းကို
” အာယုပါလ ” အဆောင်က သရဲခြောက်သေးလား
ဘုရား၊ ကုတင်တွေက ဘယ်ရောက်သွားတာလဲ ဘုရား”
လို့ မေးလျှောက်တော့၊
ဦးဇင်းက
” ဘုရားပွဲပြီးတာနဲ့ အဆောင်ဆောက်လုပ်ရေးပြန်စတော့
လက်သမားဆရာ၊ ပန်းရံဆရာတွေကို နေ့ခင်းဘက်ရော
ညဘက်တွေပါ အမျိုးမျိုးခြောက်လှန့်နေတာကြောင့်
ဆရာတော်ဘုရားက ကျောင်းဝင်းထဲမှာပဲ
အဆောင်ကလေး သီးသန့်ဆောက်ပြီးထားချင်ပေမဲ့
ရွာသားတွေက
မလိုလားတဲ့ အန္တရာယ်တွေဖြစ်မှာစိုးလို့
ဖျတ်ဆီးပြီး မီးရှို့လိုက်ကြသတဲ့လေ။
အဲကတည်းက ခြောက်လှန့်တာတွေမရှိတော့ဘူးတဲ့။
တကယ်တော့လေ လူတွေက သက်ရှိထင်ရှားရှိနေတုန်း
သာ ” ချစ်လှပါတယ်၊ ကြိုက်လှပါတယ် ” နဲ့ လျှာရိုးမရှိ
တိုင်းပြောနေကြတာဗျ။
တကယ်တမ်း အဲဒါတွေအကုန်လုံးက အလိမ်အညာတွေ
ချည်းပါပဲ။
ကျုပ် ဒီလိုပြောလို့ ကျုပ်ကို
“ဘာလို့ဒီလိုပြောရတာလည်း ခင်ဗျားကော မချစ်တတ်ဘူး
လား ” မေးကြပါလိမ့်မယ်။
ဟုတ်ပါတယ်၊ ကျုပ်လည်း အဲဒီလူတွေထဲက
လူတစ်ယောက်ပါပဲ။
ကျုပ်လည်း အာသဝေါ ကုန်ခန်းနေတာမှမဟုတ်တာ။
ဒါနဲ့များ ဘာလို့ ဒီလိုပြောရတုန်းဆိုတော့ ၊
ခင်ဗျားတို့ပဲ စဉ်းစားကြည့်ဗျာ။
သက်ရှိထင်ရှားရှိနေတုန်းက ဘယ်လောက်ပဲ ချစ်တယ်
ပြောပြော ဟော သေသွားရင်တော့ ဘယ်သူမှ
သေသူရဲ့ အလောင်းကို ” ဒါ ငါချစ်တဲ့လူ ၊ သူ့ကို မခွဲနိုင်
ဘူးဆိုပြီး သိမ်းမထားကြဘူးလေနော၊
အလောင်းကိုထားအုန်း၊
လူတစ်ယောက် သေသွားကြည့်၊ သေသူရဲ့
အသုံးအဆောင် အဝတ်အစားတွေကိုတောင် မထားရဲကြ၊
ဘယ်မှာလဲ ချစ်တယ်ဆိုတာ၊
ခုကြည့် သေသူအိပ်ခဲ့တဲ့ ကုတင်မို့ ကျောင်းကိုလာလှူ
သတဲ့လေ၊
ပြီးတော့ ရှိသေး တစ်ချို့ဆို သေသူရဲ့ အဝတ်အစား
တွေကို အိမ်မှာထားရင် ခိုက်တတ်တယ်ဆိုပြီး ကန့်လန့်ကာ
အဖြစ်ချုပ် ဘုန်းကြီးကျောင်းကို လာလှူပစ်ရော။
ခင်ဗျားတို့တော့မသိ၊ ကျုပ်တော့ အဲလိုလုပ်တာတွေကို
နည်းနည်းလေးမှ သဘောမတွေ့ဘူး။
ဒါပေမဲ့ ကျုပ်က ဘာတတ်နိုင်မှာတဲ့လဲ။
ဝါးဖောင်ကြီးတစ်ခုကို ဝါးလုံးလေးတစ်လုံးနဲ့ကန်ရင်
ပန်ပင်းရုံသာပေါ့။
ဒီလိုပါပဲ၊ ကျုပ်က ဒါမကောင်းဘူး မလုပ်ကြနဲ့လို့
သွားပြောကြည့်ပါလား၊ ပါးတောင် အချခံရအုန်းမယ်။
ထားပါလေ။
ဘာပဲဖြစ်ဖြစ်၊ ရွာဦးသဒ္ဓိကာရုံကျောင်းမှာ အဲဒီကုတင်တွေ
မရှိတော့တာကိုတော့ ကျုပ် တကယ်ပဲ ဝမ်းသာမိပါတယ်။
( စကားချပ် ။ ။ မိတ်ဆွေတို့လည်း ကုတင်နဲ့အိပ်ရင် သတိ
ထားကြအုန်း၊ တော်ကြာ ကုတင်အောက်က
ရယ်သံတွေကြားနေရမှာစိုးလို့ 😁😁)
***** ***** ***** ****** ******
ပြီးပါပြီ။
* * * * * * * * * * * * * * * * * * * * *